← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅) ဖျက်ဆီးပစ်... အမည်းရောင် ကျောက်တိုင်

မွန်ရိုးဂျီနာ၏ ရထား ဝင်တိုက်ဖောက်ထွင်းထားသော အပေါက်မှတစ်ဆင့် ဗဟိုဓာတ်လှေကားအတွင်းသို့

ရဲချီယန်နှင့် ကျူရှင်းထူတို့က ဒုတိယအလွှာသို့ ဝင်ရောက်လာခဲ့ကြသည်။ အထက်တွင် ဖြစ်ပွားနေသော ပြင်းထန်သည့် တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက ဤဒုတိယအလွှာက အတော်လေး ပိုမို တိတ်ဆိတ်နေလေ၏။

ဂရေ့စ်အတွက်မူ သူတို့၏ အဆင့်အတန်းကို စွန့်လွှတ်ထားပြီးဖြစ်သော သို့မဟုတ် နှိုင်းယှဉ်ရလျှင် အားနည်းသော ရထားမောင်းနှင်သူများက အဓိက ပစ်မှတ်မဟုတ်ကြောင်း ထင်ရှားနေပေသည်။

သို့သော် ထာဝရ ညဉ့်ယံ မြို့တော်နှင့် ဆော်လမွန် မြို့တော်တို့ကြားရှိ စစ်ပွဲက ဤနေရာတွင် ဆက်လက် ဖြစ်ပွားနေဆဲပင်။ သူတို့က ဘာတွေဖြစ်နေမှန်း မသိကြဘဲ အချင်းချင်း ရန်လိုကာ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေကြခြင်းသာ ဖြစ်၏။

ရဲချီယန်က အမဲလိုက် စက်ယန္တရားနဂါးကို စီးနင်းကာ အောက်သို့ ဆက်လက် ဆင်းသက်သွားလေသည်။

ထိုမီးခိုးရောင် မှိုင်းညို့နေသော ကမ္ဘာကြီးက ပထမအလွှာနှင့် ဒုတိယအလွှာကြားရှိ ကြားခံအလွှာတွင် တည်ရှိနေပေသည်။ ဗဟိုဓာတ်လှေကားလမ်းကြောင်းကို ဖြတ်သန်းသွားပြီးနောက် ယခင်က သူရောက်ရှိခဲ့သော နေရာသို့ ရောက်ရှိလာခဲ့၏။

[အမှန်နှင့် အမှားကို သက်သေခံခြင်း]

သူ မြင်လိုက်ရပြီ။ ကြားခံအလွှာအတွင်းမှ အကြည့်ကို ဤတစ်ကြိမ်တွင်မူ သူက ၎င်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့လေပြီ။

"ဒီနေရာပဲ ဖြစ်ရမယ်"

အကြည့်များကို လွှဲလိုက်ရာ တံမြက်စည်းတစ်ချောင်းပေါ်တွင် ထိုင်နေသော ကျူရှင်းထူက သူမခေါင်းပေါ်ရှိ ဧရာမ ဦးထုပ်ကြီးကို ပုတ်လိုက်လေသည်။

"ကောင်းပြီ... မောင်လေးရဲ ရှာတွေ့နိုင်မယ်ဆိုတာ ကျွန်မ သိပြီးသားပါ"

သူမက ကလေးတစ်ယောက်၏ လက်မောင်းခန့် တုတ်ခိုင်ပြီး ကျောက်မျက်ရတနာများ မြှုပ်နှံထားသော သော့တစ်ချောင်းကို ထုတ်ယူလိုက်၏။

"အဟမ်း... တံခါးပွင့်စမ်း"

သော့က လေထဲတွင် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်ရာ အရှေ့ဘက်တွင် လူနှစ်ယောက် ဝင်ဆံ့လောက်သည့် နေရာလွတ် တံခါးတစ်ခုက ချက်ချင်း ပေါ်လာခဲ့လေသည်။ တံခါး၏ အခြားတစ်ဖက်တွင်မူ လုံးဝ မီးခိုးရောင်သန်းကာ မှိုင်းညို့နေ၏။

"ဟီးဟီး... ကျွန်မ အရင် ဝင်သွားမယ်နော်..."

သူမက သူမ၏ တံမြက်စည်းဖြင့် ထိုကမ္ဘာကြီးထဲသို့ ပျံသန်းဝင်ရောက်ရန် ကြိုးစားလိုက်သော်လည်း သူမ၏ လက်တစ်ဖက်က အထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက်...

ထိုနေရာလွတ်အတွင်းမှ မကောင်းဆိုးဝါး အငွေ့အသက်တစ်ခုက သူမထံသို့ တိုက်ရိုက် ဦးတည်လာခဲ့လေသည်။

"ကြည့်ရတာ တကယ်ပဲ လူရောက်လာတာကိုး"

ကင်မလင်း ဂါလို။ ကျိန်စာ ကတ်ပြား အစီအစဉ်များကို စုဆောင်းသူ။

သူက ခန္ဓာကိုယ်ကို ကိုင်းညွတ်ထားကာ သူ၏ မျက်နှာပေါ်ရှိ အသက်ရှူမျက်နှာဖုံးမှ အမည်းရောင် အငွေ့များကို အဆက်မပြတ် မှုတ်ထုတ်နေလေသည်။ လက်သည်းခွံပုံစံ သံချပ်ကာ ဖုံးအုပ်ထားသော သူ၏ လက်ဝါးကို ဆန့်ထုတ်ကာ ရှေ့သို့ ညွှန်ပြလျက် အေးစက်စွာ ပြောလိုက်၏။

"ကျိုးပဲ့လွယ်ခြင်း၊ နှေးကွေးခြင်း၊ တိတ်ဆိတ်ခြင်း၊ ဖိနှိပ်ခြင်း... ပေါင်းစပ် ကျိန်စာ"

ဤသည်မှာ ကျိန်စာကတ်ပြား၏ စွမ်းအား မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် သူက အခြေခံအားဖြင့် ကျိန်စာများကို အထူးပြုလေ့လာထားသော မှော်ဆရာတစ်ဦး ဖြစ်နေသောကြောင့်ပင်။

ကျူရှင်းထူက စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ ပြန်ဆုတ်လာခဲ့သည်။ သူမက စကားပြောရန် ပါးစပ်ဟဖို့ ကြိုးစားလိုက်သော်လည်း သူမ၏ ပါးစပ်က ချုပ်ထားခံရသည့်အလား လှုပ်ရှား၍မရတော့ချေ။

သူမက အလွန် ဒေါသထွက်သွားပုံရ၏။ သယ်ဆောင်ရလွယ်ကူသော နေရာလွတ်ထဲမှ ကြယ်ရောင်များ တောက်ပနေသော ဆေးရည်ပုလင်း တစ်ပုလင်းကို ထုတ်ယူကာ သူမ၏ နှာခေါင်းထဲသို့ လောင်းထည့်လိုက်လေသည်။

"ဟား... ဒီလိုကောင်မျိုးရဲ့ ချုံခိုတိုက်ခိုက်တာကို ခံလိုက်ရတယ်လို့... ပြီးတော့... ငါ့ကို စကားတောင် ပေးမပြောဘူး။ ငါက တိတ်ဆိတ်နေရတာကို အမုန်းဆုံးပဲ။ မောင်လေးရဲ... ဒီကောင့်ကို ကျွန်မဆီ လွှဲထားလိုက်"

သူမက ထပ်မံ၍ အထဲသို့ ပြေးဝင်သွားလေသည်။ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားပြီးဖြစ်ရာ ကျိန်စာ၏ တိုက်ခိုက်မှုကို ချက်ချင်း ခံရမည်မဟုတ်တော့ချေ။ သူမ၏ တံမြက်စည်းကို ဝှေ့ယမ်းလိုက်ရာ မီးခိုးရောင်၊ မှိုင်းညို့နေသော ကမ္ဘာကြီးထဲတွင် ကောင်းကင်ယံမှ ကြယ်ရောင်များ အဆက်မပြတ် ကျဆင်းလာကာ ကင်မလင်း ဂါလိုကို တိုက်ခိုက်လေတော့သည်။

အမဲလိုက် စက်ယန္တရားနဂါးက မီးခိုးရောင် ကမ္ဘာကြီးထဲသို့ ဝင်ရောက်လာခဲ့၏။ ကင်မလင်း ဂါလိုက သူ့ကို တားဆီးချင်သော်လည်း ကျူရှင်းထူ၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ပြန်လည် တိုက်ခိုက်ရန် အတင်းအကျပ် ဖိအားပေးခံလိုက်ရလေသည်။

ဤသည်က ရဲချီယန်အတွက် အခွင့်အရေးတစ်ခု ဖြစ်လာစေခဲ့၏။

ဤမီးခိုးရောင်၊ မှိုင်းညို့နေသော ကမ္ဘာကြီးထဲသို့ အမှန်တကယ် ရောက်ရှိလာပြီးနောက် နေရာအနှံ့အပြားတွင် ဧရာမ ဘဝဲလက်တံကြီးများ၏ အကောင်ပေါက်လေးများကို မြင်တွေ့ရလေသည်။ အထက်တွင်ရှိသော ဧရာမ ဘဝဲလက်တံကြီး တစ်ခုခု ဖျက်ဆီးခံရသည့် အချိန်တိုင်းတွင် အကောင်ပေါက်လေး တစ်ကောင်က မှော်အစီအရင်၏ စွမ်းအားဖြင့် ကြီးမားသော အရွယ်ရောက်ပြီး အခြေအနေသို့ ကြီးထွားလာကာ တတိယအလွှာရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှတစ်ဆင့် တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားခြင်း ဖြစ်ပေသည်။

အရေအတွက်က များပြားလွန်းလှသဖြင့် လုံးဝ ရေတွက်၍မရနိုင်ချေ။

"ဖျက်ဆီးမယ်... ဖျက်ဆီးရမယ့် နေရာက ဘယ်မှာလဲ"

ရဲချီယန်၏ အကြည့်များက ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ် စူးစမ်းလေ့လာနေလေသည်။

"ဟိုနေရာလား"

မီးခိုးရောင်၊ မှိုင်းညို့နေသော ကမ္ဘာကြီး၏ ဗဟိုအမှတ်တွင် အပြင်သို့ ထိုးထွက်နေသော နေရာတစ်ခုရှိပြီး ဘဝဲမကောင်းဆိုးဝါး အမြောက်အမြားက ၎င်းတို့၏ အသားနှင့် သွေးများကို အသုံးပြုကာ အကာအကွယ် အလွှာတစ်ခုအဖြစ် ဖန်တီးထားသည့်အလား ထိုနေရာတွင် စုပုံနေကြလေသည်။

"ဒီနေရာပဲလား"

ရဲချီယန်၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွား၏။

"ငါ စိတ်ကူးထားတာထက် ရှာရတာ ပိုလွယ်တာပဲ။ ဒါပေမဲ့ ကြည့်ရတာ ငါ အရှာခံလိုက်ရပြီ ထင်တယ်"

မှော်အစီအရင် ဒါဇင်ကျော်ခန့်က ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။ တတိယအလွှာတွင် ရှိနေသင့်သော ဘဝဲလက်တံကြီးများက ထိုမှော်အစီအရင်များထဲမှ ထွက်ပေါ်လာကြလေ၏။

တတိယအလွှာတွင်မူ တိုက်ခိုက်မှုများကို အဆက်မပြတ် ရှောင်တိမ်းနေဆဲဖြစ်သော ဂရေ့စ်က မီးခိုးရောင် ကြားခံအလွှာမှ ပေးပို့လာသော အချက်အလက်များကို ရုတ်တရက် ခံစားလိုက်ရလေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒီနေရာကို ဘယ်သူကများ ရှာတွေ့နိုင်မှာလဲ။ မဖြစ်ဘူး... အထဲမှာရှိနေတဲ့ ကောင်ကို ငါ အရင်ဆုံး ရှင်းပစ်မှ ရမယ်"

မှော်တောင်ဝှေးကို ဝှေ့ယမ်းလိုက်ရာ ဆော်လမွန်၏ မဏ္ဍိုင် နတ်ဆိုးဘုရား ဆယ့်သုံးပါးကို နောက်ပြန် ဆင့်ခေါ်လိုက်လေသည်။

ကြားခံအလွှာအတွင်း၌မူ ရဲချီယန်က ရုတ်တရက် ပေါ်လာသော ဤမကောင်းဆိုးဝါးများ၏ ဝိုင်းရံမှုကို ခံလိုက်ရ၏။ သို့သော် သူ၏ မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့မှုကိုမျှ မမြင်တွေ့ရချေ။

"သူတို့က အချိန်ကိုက် ရောက်လာတာပဲ။ ဒါပေမဲ့ မြို့ကို ကာကွယ်တာက အသုံးဝင်တယ်ဆိုရင် ဌာနချုပ်ထဲကို ဘာလို့ ခိုးဝင်နေစရာ လိုတော့မှာလဲ"

သူက ဖျက်ဆီးပစ်တော့မည် ဖြစ်ရာ တစ်ချက်တည်းဖြင့် အပြီးသတ် လုပ်ဆောင်မည်သာ ဖြစ်၏။ အခြား မည်သည့်အရာအတွက်မျှ နေရာချန်ထားမည် မဟုတ်ချေ။

မိုးရွာကျလာလေပြီ။

ဤမီးခိုးရောင်၊ မှိုင်းညို့နေသော ကမ္ဘာကြီးထဲတွင် သွေးကဲ့သို့ ရဲရဲနီသော မိုးရေများက ဖြည်းညင်းစွာ ကျဆင်းလာခဲ့၏။ မိုးရေများနှင့် ထိတွေ့မိသော မကောင်းဆိုးဝါးများ အားလုံး၏ ခန္ဓာကိုယ်များက ပိုမို ကျိုးပဲ့လွယ်လာကြလေသည်။

မျက်ရည်နီနှင့် ကျီးကန်းတို့က သူ၏ ဘေးနားတွင် တစ်ကောင်ပြီးတစ်ကောင် ပေါ်လာကာ သူ့ကို ကာကွယ်ပေးထားကြ၏။ သူ၏ ခြေအောက်တွင်မူ အမဲလိုက် စက်ယန္တရားနဂါး လည်ပတ်နေသော အသံက ပဲ့တင်ထပ်လာခဲ့သည်။

"မော်ဂျူး လည်ပတ်သွားပြီ"

"သုံးစွဲမှု အကြီးအကျယ် လျှော့ချခြင်း"

ဤမော်ဂျူးက ရထားဒင်္ဂါး သုံးစွဲမှုကို လျှော့ချရန်အတွက် သက်သက် မဟုတ်ချေ။ လေထဲမှ မှောင်မိုက်သော ရွှေရောင် အလင်းမှုန်များကို တစ်စစ်စစ်ဖြင့် စုပ်ယူလိုက်ရာ မူလက မီးခိုးရောင်၊ မှိုင်းညို့နေသော ကမ္ဘာကြီးက ပို၍ပင် အရောင်ဖျော့သွားလေတော့သည်။

စုပ်ယူစမ်း။ ပေါင်းစည်းလိုက်စမ်း။

လိုအပ်သော ရထားဒင်္ဂါး ရှစ်ဆယ်ပြား သုံးစွဲမှုက အပြည့်အဝ လျှော့ချခံလိုက်ရပြီ ဖြစ်သည်။ မကောင်းဆိုးဝါးများ၏ ခန္ဓာကိုယ်များဖြင့် ပိတ်ဆို့ထားသော အပြင်သို့ ထိုးထွက်နေသည့် အရာကလည်း ပေါ်ထွက်လာခဲ့၏။

ယင်းက ကျောက်တိုင်တစ်ခု ဖြစ်လေသည်၊ အမည်းရောင် ကျောက်တိုင်တစ်ခု။ ၎င်းက မီးခိုးရောင် ကြားခံကမ္ဘာ၏ အဓိက အမြုတေလည်း ဖြစ်ပေသည်။

"လုံးဝ လျှော့ချသွားပြီပဲ၊ မဆိုးဘူး"

"အကန့်အသတ်ကျော်လွန် မုဒ်"

အလင်းမှုန်များ အားလုံးက အမဲလိုက် စက်ယန္တရားနဂါးအတွင်းသို့ ဝင်ရောက်သွားကြလေသည်။ စက်ယန္တရား လည်ပတ်နေသော အသံက ဤကမ္ဘာကြီးထဲတွင် ပဲ့တင်ထပ်သွား၏။

မှောင်မိုက်သော ရွှေရောင် အလင်းမှုန်များကို အမဲလိုက် စက်ယန္တရားနဂါးက ဝါးမျိုပစ်လိုက်ပြီး ယခင်ကထက် ပိုမို ကြီးမားခမ်းနားလာသော စက်ယန္တရား နဂါးကြီးက မကျေမနပ်ဖြစ်နေသည့်အလား ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်လေတော့သည်။ နောက်ပြန် ဆင့်ခေါ်ခံရသော မကောင်းဆိုးဝါးများကလည်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်းကို သိရှိသွားပုံရ၏။ သူတို့က ရဲချီယန်ကို ရူးသွပ်စွာ တိုက်ခိုက်ချင်နေကြသည်။

ဖြစ်ပေါ်လာတော့မည့် အရာကို သူတို့က တားဆီးချင်နေကြ၏။ သို့သော် ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

"အကန့်အသတ်ကျော်လွန်သော လွန်ပူထိပ်ဖူး"

စက်ယန္တရားနဂါးကြီးက ပါးစပ်ကို ဟလိုက်ရာ လွန်ပူထိပ်ဖူးက အပြင်သို့ ထွက်လာခဲ့လေသည်။

"အမှန်တရားနှင့် အတုအယောင် စာအုပ်"

စိတ်စွမ်းအားကို စားသုံးတော့မည်ဖြစ်ရာ သဘာဝကျကျပင် မည်သို့ မျှဝေရမည်ကို သိရှိထားရပေမည်။

"ဒါဆိုရင်... ဒီနေ့အတွက် ဒုတိယအကြိမ်ပေါ့"

ရဲချီယန်က မျက်လုံးများကို ပင့်လိုက်ကာ စက်ယန္တရားနဂါးကြီး၏ အပေါ်တွင် ရပ်လျက် အလင်းမျက်နှာပြင်ကို ပုတ်လိုက်လေသည်။

"ပစ်လွှတ်လိုက်စမ်း"

မီးခိုးရောင်၊ မှိုင်းညို့နေသော ကမ္ဘာကြီးက အနက်နှင့် အဖြူရောင် အလင်းတန်းများဖြင့် ပြည့်နှက်သွားလေသည်။

အနက်နှင့် အဖြူ၏ အဆုံးစွန် ပေါက်ကွဲမှုက ကျောက်တိုင်၏ အထက်တည့်တည့်တွင် ပေါ်ထွက်လာခဲ့၏။

တွင်းနက်ကြီးတစ်ခု ယင်းက ပေါ်လာခဲ့ပြီ ဖြစ်သည်။

တစ်စက္ကန့်မျှ အချိန်အတွင်းမှာပင် ပြည့်စုံသော စက်ဝိုင်းပုံစံ လေဟာနယ်ကြီးတစ်ခုက ဤနေရာတွင် ပေါ်ထွက်လာခဲ့လေသည်။ ၎င်းနှင့် တစ်ပြိုင်နက်တည်း ပေါ်ထွက်လာသည်မှာ အမှန်တရားနှင့် အတုအယောင် စာအုပ်၏ စိတ်စွမ်းအား တစ်ပြိုင်နက်တည်း လျှော့ချပေးသော အငွေ့အသက်ပင် ဖြစ်လေသည်။

တွင်းနက်ကြီး၏ တိုက်ခိုက်မှု အတိုင်းအတာအတွင်း မရှိသော မကောင်းဆိုးဝါးများက ထိုအငွေ့အသက်၏ လွှမ်းခြုံမှုကို ခံလိုက်ကြရ၏။ အမည်းရောင် ကျောက်တိုင်ကြီးမှာမူ တစ်စစီ ပေါက်ကွဲထွက်သွားခဲ့ပြီဖြစ်ပြီး သေဆုံးသွားသော ဧရာမ ဘဝဲမကောင်းဆိုးဝါးများ အားလုံးက ခန္ဓာကိုယ် ပြောင်းလဲခြင်းဖြင့် အဆက်မပြတ် အဆုံးမဲ့ ရှင်သန်ခြင်းကို ဆက်လက် မထိန်းသိမ်းနိုင်ကြတော့ချေ။

မကောင်းဆိုးဝါးများက ဒေါသတကြီး ဖြစ်နေကြလေသည်။

မီးခိုးရောင်၊ မှိုင်းညို့နေသော ကမ္ဘာကြီး တစ်ခုလုံးက စတင် တုန်ခါလာတော့၏။ ပြင်ပကမ္ဘာသို့ ထွက်ပေါက်က အတင်းအကျပ် ပိတ်ဆို့ခံလိုက်ရလေသည်။

တတိယအလွှာရှိ အလွန်ဝေးကွာသော နေရာများမှ ဧရာမ ဘဝဲလက်တံကြီးများပင်လျှင် ထိုအချိန်၌ပင် အော်ဟစ်ငိုကြွေးသံများ ထုတ်လွှတ်လာကြ၏။ သူတို့က ဂရေ့စ်၏ ထိန်းချုပ်မှုကို လျစ်လျူရှုလိုက်ကာ တိုက်ခိုက်မှုများ အားလုံးကို စွန့်လွှတ်ပြီး ဤမီးခိုးရောင်၊ မှိုင်းညို့နေသော ကမ္ဘာကြီးထဲသို့ ပြန်လာကြကာ ရဲချီယန်ကို စတင် တိုက်ခိုက်ကြလေတော့သည်။

မကောင်းဆိုးဝါးများက အရွယ်ရောက်ပြီးသည်ဖြစ်စေ၊ အကောင်ပေါက်လေးများဖြစ်စေ ဂရေ့စ်ကမူ သူမ ဖုံးကွယ်ထားသော ဤကြားခံကမ္ဘာကို တစ်စုံတစ်ယောက်က အမှန်တကယ် ရှာတွေ့သွားလိမ့်မည်ဟု အစအဆုံး မည်သည့်အခါမျှ မထင်မှတ်ထားခဲ့ချေ။

ဂရေ့စ်၏ မျက်နှာအမူအရာက အနည်းငယ် ရုပ်ဆိုးသွားလေသည်။

"အပြောင်းအလဲတစ်ခုလား..."

"ဘာလို့လဲ"

"ဒါပေမဲ့ ဒါလည်း ကောင်းပါတယ်။ ဒီလိုအရာမျိုးကို လုပ်နိုင်တဲ့ ရထားမောင်းနှင်သူ ဆိုတာ အဖျက်ဆီးခံရဖို့ အထိုက်တန်ဆုံးပဲလေ..."

မကောင်းဆိုးဝါးများက အချင်းချင်း ဆက်သွယ်လိုက်ကြ၏။ သူတို့က အချင်းချင်း ပေါင်းစပ်သွားကြပြီး တဖြည်းဖြည်းနှင့် စူပါ ဧရာမ မကောင်းဆိုးဝါးကြီး တစ်ကောင်အဖြစ်သို့ စုပုံသွားကြလေသည်။

အကန့်အသတ်ကျော်လွန် မုဒ်ရှိ အမဲလိုက် စက်ယန္တရားနဂါးကမူ မည်သည့် ကြောက်ရွံ့မှုကိုမျှ မပြသဘဲ တိုက်ခိုက်ရန် စိတ်အားထက်သန်နေလေ၏။ ယင်းက ပါးစပ်ကို ဟကာ ဟိန်းဟောက်လိုက်ပြီး မိုးကြိုးများကို ဆင့်ခေါ်လိုက်သည်။ ဧရာမ ပေါင်းစပ် မကောင်းဆိုးဝါးကြီးက ဤကမ္ဘာကြီးပေါ်တွင် ရပ်တည်နေပြီး ဧရာမ အမဲလိုက် စက်ယန္တရားနဂါးကလည်း သခင်ဖြစ်သူ၏ အမိန့်အရ ၎င်းကို ချေမှုန်းရန် ရှေ့သို့ တက်လာခဲ့လေတော့သည်။

တတိယအလွှာ။

ကျောက်ရှီး၏ အရှိန်က တဖြည်းဖြည်း နှေးကွေးလာနေ၏။ ဂရေ့စ်၏ အကြည့်များက ရှေ့ရှိ ကျောက်ရှီးအပေါ်သို့ ကျရောက်သွားကာ သူမ၏ မူလက မှိုင်းညို့နေသော မျက်နှာအမူအရာက တဖြည်းဖြည်း သက်သောင့်သက်သာ ဖြစ်လာလေသည်။

"... ကျောက်ရှီး၊ အချိန်တိုအတွင်း စွမ်းအားတွေ ရဖို့အတွက် မင်းရဲ့ ကန့်သတ်ချက်ကို လဲလှယ်လိုက်တာ... အဲဒီအချိန်က နောက်ဆုံးတော့ ကုန်ဆုံးသွားပြီလား"

အခန်း (၁၉၆) စွဲထင်နေသောမျက်ရည် ဓား၊ စစ်မြေပြင်ကို ဖော်ပြခြင်း

အကန့်အသတ်ကျော်လွန် မုဒ်ရှိ အမဲလိုက် စက်ယန္တရားနဂါးက ပေါင်းစပ် ဧရာမ ဘဝဲမကောင်းဆိုးဝါးကြီးနှင့် ရင်ဆိုင်တိုက်ခိုက်နေလေသည်။

နှစ်ဖက်စလုံးက အကြိတ်အနယ် တိုက်ခိုက်နေကြ၏။

ဤဧရာမ ပေါင်းစပ် မကောင်းဆိုးဝါးကြီး၏ စွမ်းအားက စတုတ္ထအလွှာမှ စစ်ယန္တရားကြီးထက် အများကြီး ပိုမို သာလွန်နေကြောင်း ထင်ရှားပေသည်။

"အဆင့် ၁၃ လား။ အံ့ဩစရာတော့ မဟုတ်ပါဘူးလေ"

ထိုအဘွားကြီးက ပထမဆုံး အဆင့် ၁၃ ပစ္စည်းက လွန်ခဲ့သော ခြောက်ဆယ့်ခြောက်နှစ်က ပေါ်လာခဲ့သည်ဟု ပြောနိုင်မှတော့ သူမက ဤရထား ကမ္ဘာထဲတွင် အလွန် ကြာမြင့်စွာ တည်ရှိနေခဲ့ပြီဖြစ်ကြောင်း ထင်ရှားနေပေသည်။ သူမ၏ လက်ဝယ်တွင် အနည်းဆုံး အဆင့် ၁၃ ပစ္စည်းတစ်ခု သို့မဟုတ် ထို့ထက်ပို၍ မရှိဘူးဆိုလျှင်သာ ရဲချီယန် အနေဖြင့် ယုံကြည်ရန် ခက်ခဲလိမ့်မည် ဖြစ်၏။

ဒီမကောင်းဆိုးဝါးကလည်း အဲဒီထဲက တစ်ခု ဖြစ်လောက်တယ်။

"ဟေ့... မောင်လေးရဲ၊ ငါတို့ သွားရမယ်၊ ဒီနေရာက ပြိုကျတော့မယ်"

ကျူရှင်းထူက သူမ၏ တံမြက်စည်းပေါ်မှ ပျံသန်းလာခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ကို အမည်းရောင် အလွှာတစ်ခုက ဖုံးအုပ်ထားကာ မကောင်းဆိုးဝါး အငွေ့အသက်များ၊ ကံဆိုးခြင်းများနှင့် ပို၍များပြားသော ကျိန်စာများက သူမ၏ အပေါ်တွင် ပေါ်ထွက်နေလေ၏။

"ရပ်... ခင်ဗျား အနားကို ထပ်မကပ်လာတာ ပိုကောင်းမယ်"

ရဲချီယန်က ရွံရှာစွာဖြင့် နောက်သို့ ဆုတ်လိုက်လေသည်။

မူလက ကံဆိုးခြင်းတွေကြောင့်တင် ရဲချီယန်က ဒီလူနဲ့ မပတ်သက်ချင်နေတာကို။ အခုတော့ သူမ သယ်ဆောင်လာတာက ကံဆိုးခြင်းတွေထက်တောင် ပိုနေသေးတယ်။

"ဟီးဟီး... အဲဒီ အထင်ကြီးစရာကောင်းတဲ့ နဂါးကို ပြန်ခေါ်လိုက်ပါတော့။ ငါတို့ တကယ်ကို ထွက်သွားရတော့မယ်။ မသွားရင် ဒီနေရာက ပြိုကျတော့မှာ"

ကျူရှင်းထူက ရဲချီယန်၏ ရွံရှာမှုကို လုံးဝ ဂရုမစိုက်ချေ။ သူမက ပျံသန်းနေခြင်းကို ရပ်တန့်လိုက်ကာ ပြုံးရွှင်နေပြီး စိတ်အခြေအနေ အလွန်ကောင်းမွန်နေပုံရလေသည်။

"အဲဒီလူကော"

"သေချာပေါက် ကျွန်မက သူ့ကို အနိုင်ယူလိုက်ပြီပေါ့။ ဒါပေမဲ့ နောက်ဆုံး တိုက်ခိုက်မှုက နည်းနည်း လွဲသွားလို့ သူ ထွက်ပြေးသွားနိုင်ခဲ့တယ်"

"နှမြောစရာ တစ်ခုပဲ ရှိတာက... သူ့ဆီက ကျိန်စာကတ်ပြားကို လုမယူနိုင်ခဲ့တာပဲ။ အရမ်း စိတ်တိုစရာကောင်းတယ်၊ နည်းနည်းလေးပဲ လိုတော့တာ။ ကျွန်မသာ သိပ်ပြီး ကံမဆိုးဘူးဆိုရင် အဲဒါကို ရပြီပဲ"

သူမ၏ မျက်နှာပေါ်တွင် နောင်တရနေသော အရိပ်အယောင် လုံးဝ မရှိချေ။ ရဲချီယန်က ဤမိန်းမ၏ အဓိပ္ပာယ်မရှိသော စကားများကို တစ်ခွန်းမှ မယုံကြည်ပေ။

မရလိုက်ဘူး ဟုတ်လား။ ဒါမှမဟုတ် ရပြီးတော့ မပြောချင်တာလား။

မွန်ရိုးဂျီနာ ပြောခဲ့သော စကားများက သူ၏ မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်၏။

[ကျူရှင်းထူ ရဲ့ လုပ်ရပ်တိုင်းက ကတ်ပြား အစီအစဉ် အတွက်ပါပဲ။ ကတ်ပြား အစီအစဉ် ကို ရယူဖို့ ဒါမှမဟုတ် ကတ်ပြား အစီအစဉ် ပိုင်ဆိုင်ထားတဲ့သူကို အဖွဲ့အစည်းထဲ ဝင်လာအောင် လုပ်ဖို့ပဲ]

နောက်ဆုံးတစ်ခုကတော့ မဖြစ်နိုင်ဘူး။ အဲဒီ ကျိန်စာသုံးတဲ့သူက အင်ပါယာအမိန့်တော် အဖွဲ့အစည်းကို သေတဲ့အထိ မုန်းတီးနေလောက်တယ်။

ဒါဆို ပထမတစ်ခုကတော့...

သူက ကျူရှင်းထူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသော ကံဆိုးခြင်း အငွေ့အသက်များကို တိတ်ဆိတ်စွာ ကြည့်ရှုလိုက်ကာ... ရယ်မောလိုက်မိလေသည်။

"ဟက်"

အမှန်တကယ်ပင် ထွက်သွားရမည့် အချိန်ရောက်နေပြီ ဖြစ်၏။

သို့သော် ဒီအတိုင်း ထွက်သွားရမည်မှာ အနည်းငယ် နှမြောစရာကောင်းလေသည်။ ရဲချီယန်၏ အကြည့်များက တွင်းနက်ကြီး၏ ဖျက်ဆီးမှုကို ခံလိုက်ရပြီးနောက် ကျန်ရစ်နေသော အမည်းရောင် ကျောက်တိုင် အပျက်အစီးများပေါ်သို့ ကျရောက်သွား၏။ ပြီးတော့... အဲဒီ မကောင်းဆိုးဝါး...

"အကန့်အသတ်ကျော်လွန် မုဒ်ရှိတဲ့ အမဲလိုက် စက်ယန္တရားနဂါးကိုတောင် ဒီလောက်အထိ တိုက်ခိုက်နိုင်တယ်ဆိုတော့..."

သူက စိတ်ထဲတွင် တိတ်ဆိတ်စွာ တွေးတောနေလိုက်သည်။

ကျူရှင်းထူက အဲဒီ ရွှေရောင် သော့ကို သုံးပြီး တံခါးတစ်ခုကို ဖွင့်ထားပြီးပြီ။

"သုံးမိနစ်လောက်တော့ ခံနိုင်သေးတယ်... အင်း... ဟုတ်ပြီ၊ ကျွန်မ အရင် သွားတော့မယ်"

သူမက တံခါးပေါက်မှတစ်ဆင့် ထွက်သွားလေသည်။ မီးခိုးရောင် ကမ္ဘာကြီးထဲတွင် ဧရာမ သားရဲကြီး နှစ်ကောင်က အချင်းချင်း အပြင်းအထန် တိုက်ခိုက်နေကြ၏။

အကယ်၍များ အဆင့်တူ ပြင်ပအင်အားတစ်ခုက ဝင်ရောက်စွက်ဖက်မယ်ဆိုရင်...

"မျက်ရည်နီ"

နတ်ဆိုးမလေးက တိတ်ဆိတ်စွာ ရောက်လာခဲ့သည်။

"ဓားကို ဆွဲထုတ်လိုက်စမ်း"

စွဲထင်နေသောမျက်ရည် ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်လေသည်။

ပုံမှန်အားဖြင့် ဤဓား၏ အကြီးမားဆုံး အသုံးပြုမှုမှာ ဓားစွမ်းအင်များ ထုတ်လွှတ်ကာ အဆက်မပြတ် ခုတ်ပိုင်းရန်သာ ဖြစ်ပေသည်။

စံသတ်မှတ်ချက်ပြည့်မီသော အဆင့် ၁၃ ပစ္စည်းတစ်ခုအနေဖြင့် ၎င်းလုပ်ဆောင်နိုင်စွမ်းများက ထိုအရာထက် ပိုမိုများပြားသည်မှာ သဘာဝပင် ဖြစ်၏။

မိုးက ပိုမို သည်းထန်စွာ ရွာသွန်းလာခဲ့သည်။ ဤလေဟာနယ်ကြီးထဲတွင် မိုးမရွာသင့်ပေ။

[စွဲထင်နေသောမျက်ရည် ဓား]

[ရှေးဟောင်း စစ်မြေပြင်မှ တိုက်ခိုက်မှုများ အားလုံးကို ဖော်ပြပေးမည်]

မိုးကြိုးများ ကျယ်လောင်စွာ ချိန်းနေလေ၏။

ရဲချီယန်က သူ၏ စိတ်စွမ်းအား ဘားတန်းကို ကြည့်လိုက်သည်။

"၂၂ မှတ်ပဲ ကျန်တော့တယ်၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး"

ဖောက်...

သူက ဖော့ဆို့ကို ဆွဲဖွင့်လိုက်ကာ။ စိတ်စွမ်းအား ပြန်လည်ဖြည့်တင်းရေး ဆေးရည်ကို ပါးစပ်ထဲသို့ လောင်းချလိုက်လေသည်။

"အရသာ တော်တော် ဆိုးတာပဲ... ချိုမယ်လို့ ထင်ထားတာ..."

တစ်ပုလင်း... နှစ်ပုလင်း... သုံးပုလင်း... သူ၏ စိတ်စွမ်းအားများက ၁၀၂ အမှတ်အထိ ပြန်လည် ပြည့်ဖြိုးသွားသည့် အချိန်အထိပင်။

မျက်ရည်နီ နတ်ဆိုးက တိတ်ဆိတ်စွာ လျှောက်လာပြီး ဓားကိုင်မထားသော သူမ၏ လက်တစ်ဖက်ဖြင့် ရဲချီယန်၏ လက်ကို ကိုင်လိုက်လေသည်။

သူမက သူ၏ ရှေ့တွင် ရပ်ကာ မော့ကြည့်လိုက်ရာ ဦးထုပ်အောက်တွင် ဖုံးကွယ်နေသော သူမ၏ အကြည့်များက အနည်းငယ် တောက်ပလာခဲ့၏။ သူမ၏ ရဲရဲနီသော မျက်လုံးများမှ မျက်ရည်တစ်ပေါက်က ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။

ဒါပေမဲ့... သူမက... ပြုံးနေတာလား။

"မျက်ရည်နီ"

တုံ့ပြန်မှု မရှိခဲ့ချေ။

သူမက ကြိုးဆွဲရုပ်လေး တစ်ရုပ်ကဲ့သို့ ဖြစ်နေဆဲဖြစ်သော နတ်ဆိုးမလေး တစ်ဦးသာ ဖြစ်ပေသည်။ ဒါပေမဲ့ အရာတစ်ခုခုက ထပ်မံ ပေါင်းထည့်ခံလိုက်ရသည့်အလားပင်။

စိတ်စွမ်းအားကို စားသုံးနေ၏။

စစ်မြေပြင်ကို ဖော်ပြနေပြီ ဖြစ်သည်။ မီးခိုးရောင် ကမ္ဘာကြီးက ပို၍ပင် မီးခိုးရောင်သန်းသော ကမ္ဘာကြီးတစ်ခုအဖြစ် အစားထိုး ဝင်ရောက်လာခဲ့လေသည်။

ရှေးဟောင်း စစ်မြေပြင်...

မျက်နှာများကို ရှင်းလင်းစွာ မမြင်ရသော မရေမတွက်နိုင်သည့် အစွမ်းထက်သူများက ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေ၏။ သူတို့ထဲတွင် ရထားမောင်းနှင်သူများ၊ မကောင်းဆိုးဝါးများနှင့် အမျိုးမျိုးသော အရာများ ပါဝင်လေသည်။

ဖျတ်ခနဲ ပေါ်လာလိုက်... ရွေးချယ်လိုက်။

မျက်ရည်နီ၏ ရှေ့တွင် ပုံရိပ်တစ်ခုပြီးတစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာကြသည်။ သူမက စွဲထင်နေသောမျက်ရည် ဓားကို ညင်သာစွာ ဆန့်ထုတ်လိုက်ရာ ဓားဖျားက ရှေ့သို့ ညွှန်ပြနေ၏။ မျက်နှာမဲ့ ပုံရိပ်တစ်ခုက စွဲထင်နေသောမျက်ရည် ဓားထဲသို့ စုပ်ယူခံလိုက်ရလေသည်။

ကောင်းကင်ကြီးက ငိုကြွေးနေ၏။

မြေကြီးက သွေးထွက်နေသည်။

ဆော်လမွန် မြို့တော်ကလည်း ဤသည်းထန်သော မျက်ရည်နီ မိုးရေများကို တွေ့ကြုံခံစားနေရလေသည်။ လူများက ဝမ်းနည်းမှုနှင့် နာကျင်မှုများကို ခံစားနေကြရ၏။ သူတို့က စစ်ပွဲဟုခေါ်သော ကြောက်မက်ဖွယ်ရာ အရာကို ခံစားနေကြရပေသည်။

တိုက်ခိုက်ရေးသမားများက အချင်းချင်း တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြသည်။ အချင်းချင်း သတ်ဖြတ်နေသူများကလည်း သူတို့၏ လက်နက်များကို ရပ်တန့်လိုက်ကြ၏။

မိန်းကလေး၏ ငိုကြွေးသံက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေလေသည်။

"အာ..."

စစ်မြေပြင်ကို ဖော်ပြလိုက်ပြီ ဖြစ်သည်။ မျက်ရည်နီ နတ်ဆိုးက သူမ၏ ဓားကိုင်ထားသော လက်ကို ရဲချီယန်၏ လက်နှင့်အတူ ယှက်ထားလိုက်၏။ သူမက သခင်ဖြစ်သူကို သူမနှင့်အတူ ဓားကို ဝှေ့ယမ်းစေချင်နေလေသည်။

"အတူတူ လုပ်ချင်လို့လား"

"ကောင်းပြီလေ... ဒါဆိုရင်..."

"စမ်းကြည့်ကြတာပေါ့"

ဓားကို မြှောက်လိုက်သည်။

ဝှေ့ယမ်းလိုက်၏...

ဝှစ်... မမြင်နိုင်သော လှိုင်းဂယက်တစ်ခုက မြည်ဟည်းသံနှင့်အတူ ဧရာမ ပေါင်းစပ် မကောင်းဆိုးဝါးကြီးကို ခုတ်ပိုင်းသွားလေသည်။

ချက်ချင်းပင်...

"ဝေါင်း"

မကောင်းဆိုးဝါးကြီး၏ ခန္ဓာကိုယ်က နှစ်ပိုင်း၊ လေးပိုင်း၊ ရှစ်ပိုင်း အဖြစ်သို့ ပြောင်းလဲသွား၏။ ထို့ထက်ပင် ပိုသေးသေး။

ခုတ်ပိုင်းမှု။ အတိုင်းအတာတစ်ခုအထိ ခုတ်ပိုင်းခြင်း။

ဓားတစ်ချက်တည်းသာ ဖြစ်သော်လည်း မကောင်းဆိုးဝါးကြီးကို သပ်ရပ်သော တို့ဟူးတုံးလေးများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့လေသည်။

"ဒီတိုက်ခိုက်မှုက... ဒါက တကယ်ပဲ အပို ကိုယ်ခံစွမ်းအား တွေကို စားသုံးတာလား"

ရဲချီယန်၏ ခန္ဓာကိုယ်က အနည်းငယ် ပင်ပန်းနွမ်းနယ်နေသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် သူ၏ စိတ်စွမ်းအားများကမူ တောက်ပနေဆဲ ဖြစ်၏။ ကျီးကန်းနတ်ဆိုးကို ဆင့်ခေါ်လိုက်ကာ ရှေ့သို့ ပျံသန်းစေပြီး သတ်ဖြတ်ခံလိုက်ရသော မကောင်းဆိုးဝါးကြီးထံမှ မျက်လုံးပုံစံ ပစ္စည်းတစ်ခုကို ယူဆောင်လာစေခဲ့သည်။ အမည်းရောင် ကျောက်တိုင်ကြီးမှ ကျန်ရစ်ခဲ့သော အပျက်အစီး အစအနများနှင့်အတူ ယင်းက အရာအားလုံးကို သခင်ဖြစ်သူထံသို့ ယူဆောင်လာခဲ့လေသည်။

"ဟူး..."

"ဒါနဲ့ဆို ပြီးသွားပြီလို့ သတ်မှတ်လို့ ရမလား"

ကျူရှင်းထူ ဖွင့်ထားသော တံခါးက သူ၏ ဘေးနားတွင် ရှိနေလေသည်။ သူက ၎င်းမှတစ်ဆင့် ဖြတ်သန်းသွားလိုက်၏။

ဤလူလိမ်မက ထွက်မသွားသေးချေ။ သူမက တံမြက်စည်းပေါ်တွင် တိတ်ဆိတ်စွာ ထိုင်လျက် ငြိမ်သက်စွာ စောင့်ဆိုင်းနေလေသည်။ လက်နှစ်ဖက်ကို ယှက်ထားကာ မျက်လုံးများထဲတွင် ကြယ်စုတန်းများ စီးဆင်းနေ၏။

"အင်း... မောင်လေးရဲ... ထွက်လာပြီပဲ... ဟီးဟီး"

"တစ်ယောက်ယောက်ကများ ခင်ဗျားကို အဲဒီလို ပြောဖူးလား"

"ဟင်... ဘာကိုလဲ"

"ခင်ဗျားသာ ဆွံ့အသူ တစ်ယောက်ဆိုရင် တော်တော်လေး လူကြိုက်များလိမ့်မယ်လို့"

ထိုစကားတစ်ခွန်းကို ချန်ရစ်ထားခဲ့ပြီးနောက် ရဲချီယန်က အမဲလိုက် စက်ယန္တရားနဂါးကို စီးနင်းကာ တတိယအလွှာဆီသို့ ဦးတည်သွားလိုက်လေသည်။

အချိန်ပြည့်လုနီးပြီ ဖြစ်၏။ ယနေ့က အထူးသဖြင့် ရှည်လျားလွန်းသည်ဟု ခံစားရလေသည်။ ဤဆော်လမွန် မြို့တော်တွင် လုပ်ဆောင်ခဲ့သမျှ အရာများ။ အကယ်၍သာ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ရေးသားပြီး သူနှင့် တစ်သုတ်တည်းဖြစ်သော ရထားမောင်းနှင်သူများကို ပြသမည်ဆိုလျှင်...

ဘယ်သူကမှ ယုံမှာ မဟုတ်ဘူး။

ကျူရှင်းထူက နေရာမှာတင် ရပ်နေဆဲ ဖြစ်၏။ ရဲချီယန် ယခုလေးတင် ပြောသွားသော စကားကို သူမက အလေးအနက် စဉ်းစားနေပုံရလေသည်။ အချိန်အတော်ကြာပြီးနောက် သူမက လက်ကို ညင်သာစွာ ခုပ်လိုက်သည်။

"တစ်ယောက်ယောက်က ကံကြမ္မာအကြောင်း မပြောနိုင်ဘူးဆိုရင်... တခြားသူတွေက သူတို့ရဲ့ ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်လိုက်တာလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတွေကို ဘယ်လိုလုပ်ပြီး မြင်နိုင်တော့မှာလဲ"

တတိယအလွှာ။

ကျောက်ရှီးနှင့် ဂရေ့စ်တို့ကြားက တိုက်ပွဲက အဆုံးသတ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ဤစစ်ကြောရေးမှူးချုပ် ပုပုလေး၏ တိုက်ခိုက်ရေး စွမ်းအားက အစွမ်းထက်သည်မှာ သဘာဝပင် ဖြစ်၏။

သို့သော် ဂရေ့စ်က သူမ၏ အားနည်းချက်ကို ကောင်းစွာ သိရှိထားပေသည်။ ဤလွင်တီးခေါင်ပြင် ကမ္ဘာထဲတွင် သူမက လေးနက်ပြီး လူကောင်းတစ်ယောက် ဖြစ်လေသည်။ လူကောင်းတစ်ယောက်က အခြားသူများကို နာကျင်အောင် မလုပ်ချေ။ ပြီးတော့ သူမ၏ အစွမ်းထက်သော တိုက်ခိုက်မှုများက အပြစ်ကင်းစင်သော လူများစွာကို သေချာပေါက် သေဆုံးသွားစေလိမ့်မည် ဖြစ်၏။

ဂရေ့စ်က တမင်သက်သက် ဤတတိယအလွှာကို စစ်မြေပြင်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။

ဒေါက်... ဒေါက်... ဒေါက်...

မှော်တောင်ဝှေးကို အားပြုလျက် ဂရေ့စ်က လေထဲတွင် ပွင့်လင်းမြင်သာသော ပလက်ဖောင်းများကို ဖန်တီးကာ အမောတကော ဖြစ်နေသော ကျောက်ရှီးထံသို့ တည့်တည့် လျှောက်သွားလိုက်လေသည်။

"ကျောက်ရှီး... မင်း ရှုံးသွားပြီ"

All Chapters