← Chapters

ကောင်းကင်တံဆိပ်ပြား

Vol. 28 Ch. 388

ကောင်းကင်တံဆိပ်ပြား

Vol. 28 Ch. 388

“လက်လှမ်းမမီနိုင်ဘူး  ...  ”

ရွှမ်အဘိုးအို၏ စကားကြောင့် ဇူယွမ်မှာ ချွေးစေးများပင် ထွက်လာကာ နောက်သို့ ခြေနှစ်လှမ်းမျှ ဆုတ်လိုက်မိသည်။ ထို့နောက် ရွှမ်အဘိုးအိုအား မျက်နှာချိုသွေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်ရင်း အားယူ၍ပြုံးကာ မေးလိုက်၏။

“ရွှမ်အဘိုးအို ကျွန်တော်ယူလာခဲ့တဲ့ ပစ္စည်းကို ပြန်သွားထားဖို့ ပြောနေတာတော့ မဟုတ်ဘူး မဟုတ်လား”

ဇူယွမ်မှာ ထိုက်ရိသစ်စိမ်းပင် အမှတ်အသားအား အလွန်သဘောကျနေပြီ ဖြစ်သဖြင့် အမှန်တကယ်ပင် စိတ်ညစ်နေမိသည်။ ယခုအချိန်၌ ထိုကျင့်စဥ်အား လက်လျှော့ လိုက်ရမည်ဆိုလျှင် ဇူယွမ်မှာ အသွေးအသားများကို ဖြတ်ထုတ် ပေးရသကဲ့သို့ပင် ခံစားရပေလိမ့်မည်။

ဇူယွမ်မှာ မျက်စိမျက်နှာ ပျက်နေသော်လည်း ရွှမ်အဘိုးအို၏  အမူအရာမှာ တည်ငြိမ်နေလျက်ပင် ရှိကာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသော အသံဖြင့် စကားဆိုလိုက်၏။

“စည်းမျဥ်းစည်းကမ်းတွေ အရတော့ မင်းမှာ ယူဆောင်ခွင့် မရှိဘူး”

ရွှမ်အဘိုးအိုမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စကားဆက်လိုက် လေသည်။

“ဒါပေမဲ့ ခုနက မင်းရဲ့စကားတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဒီတစ်ကြိမ်တော့ ခြွင်းချက်အဖြစ် ထားပေးမယ်”

ထွက်ပြေးရန် ကြံစည်နေသော ဇူယွမ်၏ ခြေလှမ်းများမှာ ရပ်တန့်သွားခဲ့ပြီး ရွှမ်အဘိုးအိုအား ငေးကြည့်လိုက်၏။ ဇူယွမ်မှာ အံကိုတင်းတင်း ကြိတ်လိုက်မိသော်လည်း ရွှမ်အဘိုးအို၏ စကားအား တစ်စုံတစ်ရာမျှပင် မတုံ့ပြန်ရဲချေ။

“ကျေးဇူးတင်ပါတယ် အဘိုး”

ရွှမ်အဘိုးအိုမှ တည်ငြိမ်စွာဖြင့်ပင် ပြန်၍ပြောလိုက်သည်။

“ပျော်မနေနဲ့ဦး … မင်းယူသွားလို့ရတယ်ဆိုပေမဲ့ အခြေအနေ တစ်ခုပေါ် မူတည်တယ်”

ဇူယွမ်မှာ စိတ်အလိုမကျ ဖြစ်သွားဟန်ဖြင့် မေးမြန်းလိုက်၏။

“ဘာအခြေအနေလဲ အဘိုး”

ရွှမ်အဘိုးအိုမှ မြေပြင်အား တံမြက်စည်း လှည်းနေရင်းဖြင့် ပြောလိုက်သည်။ “ဆရာသခင်ရဲ့ ပစ္စည်းတွေက အလွယ်တကူ ရယူလို့ရတာမျိုး မဟုတ်ဘူး။ အဲဒါကြောင့် မင်းလိုချင်တယ်ဆိုရင် ကောင်းကင် တံဆိပ်ပြားနဲ့ လဲလှယ်မှရမယ်”

“ကောင်းကင်တံဆိပ်ပြား ... ”

ဇူယွမ်မှာ ရွှမ်အဘိုးအို၏ စကားအား ကြားလိုက်ရသောအခါ အလွန်ပင် အံ့အားသင့်သွားမိ၏။

“အဘိုးရဲ့ တောင်းဆိုချက်က များလွန်းတယ်လို့ မထင်ဘူးလား။ ကျွန်တော်က အခုမှ ခရမ်းရောင်ခါးစည်း တပည့်ဖြစ်ခါစပဲ ရှိသေးတာ။ ကျွန်တော့ဆီမှာ ဘယ်လိုလို့ ကောင်းကင် တံဆိပ်ပြား ရှိမှာလဲ”

ကန်ရွှမ်းကလန်၌ တပည့်များကို လုပ်ငန်းတာဝန်များ ခွဲဝေပေးအပ်လေ့ရှိပြီး ကောင်းကင်၊ မြေကြီးနှင့် လူသားဟူ၍ အမျိုးအစားသုံးခု ခွဲခြားထားလေသည်။ ထိုတာဝန် သုံးမျိုးထဲတွင် ကောင်းကင်အဆင့်မှာ အခက်ခဲဆုံးဖြစ်ကာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါက ကောင်းကင် တံဆိပ်ပြားကို ရရှိမည်ဖြစ်၏။

ကောင်းကင်တံဆိပ်ပြားမှာ ကန်ရွှန်းကလန်ထဲ၌ အလွန်တန်ဖိုးကြီးလှပြီး ကောင်းကင်ဘုံကျင့်စဥ်၊ ကောင်းကင်အဆင့် မူလလက်နက်နှင့် စွမ်းအားပြည့်ဝသော ချီစွမ်းအင် ကျင့်စဥ်ကဲ့သို့သော ရတနာများစွာနှင့် လဲလှယ်နိုင်ပေသည်။ ထို့ကြောင့် ကောင်းကင်တံဆိပ်ပြားမှာ ကန်ရွှန်းကလန်ထဲရှိ တပည့်တိုင်း လိုချင်တပ်မက်သော အရာတစ်ခု ဖြစ်၏။

သို့သော်လည်း ကောင်းကင်အဆင့် လုပ်ငန်းတာဝန်များမှာ အကန့်အသတ်ရှိရုံသာမက တာဝန်ပေါ်လာသော အချိန်တိုင်း ရွေးချယ်ခံ ဆယ်ယောက်ထဲကသာ ရယူသွားလေ့ရှိသဖြင့် ပုံမှန်တပည့်တစ်ဦးအဖို့ ရယူနိုင်ရန် မလွယ်ကူလှပေ။

.ကောင်းကင်တံဆိပ်ပြားမှာ ရရှိနိုင်ရန် အလွန်ခက်ခဲလှသဖြင့် ကောင်းကင်တာဝန်တစ်ခု ပေါ်ပေါက်လာသည့် အချိန်တိုင်း ကလန်ထဲတွင်ရှိသော ခရမ်းရောင်ခါးစည်း တပည့်များမှာ သိုးငယ်လေးအား ဝံပုလွေများမှ ဝိုင်း၍အမဲဖြတ်နေသကဲ့သို့ အလုအယက် ရယူကြရ၏။

ဇူယွမ်မှာ ယခုမှ ခရမ်းရောင်ခါးစည်း တပည့်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သောကြောင့် ကောင်းကင်တံဆိပ်ပြားကို မဆိုထားနှင့် လုပ်ငန်းတာဝန် တစ်ခုမှပင် မဆောင်ရွက်ရသေးချေ။ ထို့ကြောင့် ရွှမ်အဘိုးအိုမှ ကောင်းကင်တံဆိပ်ပြား တောင်းဆိုလာခြင်းကို အတော်ပင် စိတ်ကသိကအောက် ဖြစ်ရလေသည်။

သို့သော် ရွှမ်အဘိုးအိုမှာ ဇူယွမ်အား အလေးပင်ထားပုံမရဘဲ စကားဆက်လိုက်၏။

“မင်းယူလာတာ ဘယ်လောက်အဖိုးတန်တဲ့ ပစ္စည်းမှန်း မသိပေမဲ့ ကောင်းကင် တံဆိပ်ပြားနဲ့ လဲလှယ်ခွင့်ရတာကိုက မင်းကံကောင်းနေပြီနော်”

ဇူယွမ်မှာ ရွှမ်အဘိုးအို၏ စကားအား လျင်မြန်စွာပင် တုံ့ပြန်လိုက်သည်။

“ဒါပေမဲ့ ကျွန်တော့်မှာ ကောင်းကင်တံဆိပ်ပြားမှ မရှိတာ”

“အဲဒါဆို မင်းငါ့ဆီမှာ အကြွေးတင်သွားပြီပေါ့”

“အကြွေး ... ” ဇူယွမ်မှာ အလွန်ပင် အံ့အားသင့်သွားရ၏။ အဲဒီလိုအကြွေးထားလို့ ရတယ်ပေါ့ ...

“ငါမင်းကို အချိန်သုံးလပေးမယ်။ သုံးလပြီးတာနဲ့ ငါ့ဆီကို ကောင်းကင်တံဆိပ်ပြားတစ်ခု ယူလာပေးရမယ်။ အဲဒီအချိန်အတွင်းမှာ ပစ္စည်းကိုလည်း မင်းယူထားလို့ရတယ်” ရွှမ်အဘိုးအိုမှ စိတ်မရှည်ဟန်ဖြင့် ရှင်းပြလိုက်လေသည်။

ဇူယွမ်မှာ သံသယဖြစ်စွာဖြင့် ရွှမ်အဘိုးအိုအား ကြည့်လိုက်၏။ ဘာလို့ ဒီအဘိုးက ငါ့အပေါ် ကောင်းပေးနေရတာလဲ ...

ဇူယွမ်၏ မျက်ဝန်းများမှာ အတွေးများကြောင့် ယောက်ယက်ခတ် နေရလေသည်။ ဤသုံးလအတွင်း၌သာ ထိုက်ရိသစ်စိမ်းပင် အမှတ်အသားကို ပြီးပြည့်စုံအောင် တတ်မြောက်နိုင်ခဲ့မည် ဆိုပါက ရွှမ်အဘိုးအိုနှင့် အပေးအယူအား ဂရုစိုက်ရန် လိုအပ်တော့မည် မဟုတ်ပေ။

“လူငယ်လေး ဒီအဘိုးကြီးက သင်္ချိုင်းကုန်းကို ခြေတစ်ဖက် လှမ်းနေပြီဆိုပေမဲ့ ကလန်ခေါင်းဆောင် ချင်းယန်တောင်မှ ငါ့ကို မငြင်းပယ်ရဲဘူး”

ရွှမ်အဘိုးအိုမှာ ဇူယွမ်၏ အတွေးများကို သိနေသည့်အလား မဆိုင်းမတွ ဆက်၍ပြောလိုက်၏။

“မင်းက အပေးအယူကို ဂရုမစိုက်ဘဲ လိမ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင်  မင်းယူသွားတဲ့ ကျင့်စဥ်ကို ပြည့်စုံအောင် တတ်မြောက်သွားမယ် ဆိုရင်တောင် မင်းဆီက အရာအားလုံးပြန်ယူဖို့ ငါ့မှာနည်းလမ်း ရှိတယ်ဆိုတာ သိထားလိုက်”

ဇူယွမ်မှာ ထိတ်လန့်သွားသဖြင့် တစ်ကိုယ်လုံး ချွေးစေးများပင် ထွက်လာရလေသည်။ ကြည့်ရသည်မှာ ရွှမ်အဘိုးအိုသည်လည်း အညှာအတာ ကင်းမဲ့သော သူတစ်ဦး ဖြစ်ဟန်ရှိ၏။

ရွှမ်အဘိုးအိုမှာ အနည်းငယ် ပြုံးယောင်သမ်းသွားကာ ကြင်နာသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်၍ မေးမြန်းလိုက်သည်။

“ဒီလိုဆိုရင်ရော”

“ငါနဲ့ အပေးအယူ မလုပ်ချင်ဘူးဆိုရင် အခု မင်းယူလာတဲ့ ပစ္စည်းကို ပြန်ထားခဲ့လိုက်လေ။ အဲဒီအစား တခြားပစ္စည်းတစ်ခုကို ယူဖို့ ငါခွင့်ပြုပေးမယ်”

ဇူယွမ်မှာ ထိုသို့ လဲလှယ်လိုသော ဆန္ဒအနည်းငယ်မျှ မရှိချေ။ ထိုက်ရိသစ်စိမ်းပင် အမှတ်အသားမှာ မည်မျှအဆင့်ရှိသည်ကို မသိရှိသေး ပါသော်လည်း မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းကိုယ်တိုင် ထွင်းထုထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အလွန်စွမ်းအားကြီးသော ကျင့်စဥ်တစ်ခု ဖြစ်သည်မှာ ထင်ရှား၏။

ဇူယွမ်မှာ အတွေးများကြား နစ်မြုပ်နေခဲ့ပြီးနောက် အံကိုတင်းတင်းကြိတ်ကာ စကားဆိုလိုက်သည်။

“သဘောတူတယ် … သုံးလအကြာမှာ ကောင်းကင်တံဆိပ်ပြားတစ်ခု အဘိုးဆီ ကျွန်တော်ယူလာပေးမယ်” ကောင်းကင်တံဆိပ်ပြား ရရှိရန်မှာ အလွန်ခက်ခဲသော ကိစ္စတစ်ခု ဖြစ်သော်လည်း ထိုက်ရိသစ်စိမ်းပင် အမှတ်အသားအား ရရှိနိုင်ရန်အတွက် လုပ်ဆောင်ရပေလိမ့်မည်။

ရွှမ်အဘိုးအိုမှာ ဇူယွမ်၏ ကတိစကားအား ကြားလိုက်ရသော အခါတွင် ကျေနပ်အားရစွာဖြင့်ပြုံးကာ ခေါင်းတညိတ်ညိတ်ဖြင့် တုံ့ပြန်လိုက်၏။

“ကောင်းတယ် မင်းကသတ္တိရှိတဲ့ လူငယ်လေးပဲ။ ဆရာသခင်ရဲ့ ပစ္စည်းတွေကလည်း ပုံမှန်လူတစ်ယောက်ရဲ့ လက်ထဲမှာရှိဖို့ မသင့်တော်ဘူး”

ဇူယွမ်မှာ စိတ်ကသိကအောက် ဖြစ်စွာဖြင့် ပြုံးလိုက်ရသည်။ ကြက်မတစ်ကောင် ဥမချမီ အကောင်အရေမတွက်အား ကြိုတင်တွက်ဆခြင်း မပြုလုပ်သင့်ပေ။ အစောပိုင်း၌ ဇူယွမ်မှာ ထိုက်ရိသစ်စိမ်းပင် အမှတ်အသားအား ရရှိခဲ့၍ အလွန်အမင်း ပျော်ရွှင်နေခဲ့ ရပါသော်လည်း မျက်စိတစ်မှိတ်စာမျှ အချိန်လေးအတွင်းမှာပင် ထိုကျင့်စဥ်အား သိမ်းဆည်းထားနိုင်ရန် အပေးအယူ ပြုလုပ်နေရပြီ ဖြစ်၏။

ဇူယွမ်မှာ စိတ်အလိုမကျသော မျက်ဝန်းများဖြင့် ရွှမ်အဘိုးအိုအား ကြည့်ကာ မေးမြန်းလိုက်သည်။

“ကျွန်တော် အခု ထွက်သွားလို့ ရပြီလား”

ရွှမ်အဘိုးအိုမှာ ဇူယွမ်၏ အပြုအမူအား စိတ်ထဲထားပုံမရဘဲ လက်အား ဝေ့ယမ်းပြကာ ထွက်ခွာလို့ရပြီ ဖြစ်ကြောင်းပြ၍ မြေပြင်အား တံမြက်စည်း ဆက်လှည်းနေခဲ့၏။ ဇူယွမ်မှာ ရွှမ်အဘိုးအိုအား အရိုအသေ ပြုပြီးနောက် ထွက်ခွာ လာခဲ့လေတော့သည်။

ဇူယွမ်မှာ သုံးလအတွင်း ကောင်းကင်တံဆိပ်ပြားအား မည်သို့ ရရှိနိုင်မည်ကို ပူပန်နေလျက် ရှိ၏။ ထို့အပြင် ကောင်းကင်အဆင့် တာဝန်အား လုပ်ဆောင်နိုင်ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

“အာ ထားလိုက်တော့။ အဲ့ကိစ္စကို ခဏမေ့ထားပြီး ထိုက်ရိသစ်စိမ်းပင် အမှတ်အသားကိုပဲ အရင်ကျင့်ဖို့ လုပ်တော့မယ်”

ဇူယွမ်မှာ အံကို ကြိတ်လိုက်ပြီးနောက် အမြန်နှုန်းကို မြှင့်လိုက်ကာ မြင်ကွင်းထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။ ဇူယွမ် ထွက်ခွာသွားပြီးနောက် ရွှမ်အဘိုးအိုမှာ တံမြက်စည်းအား ဆုပ်ကိုင်ကာ ရေရွတ်လိုက်၏။

“ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ကနေ ရင်းနှီးတဲ့ အနံ့တစ်ခု ရနေတယ်”

“အဲဒါ ဆရာသခင်နဲ့များ ပက်သက်နေတာလား။ ဆရာ့ရဲ့ ကျင့်ကြံရေး အခန်းထဲကိုရော သူဘယ်လို ဝင်သွားခဲ့တာလဲ”

“ကံမကောင်းစွာနဲ့ ဒီကောင်လေးက အရမ်း အားနည်းနေသေးတယ်”

“ဒါပေမယ့် ဒီကောင်လေးက အရည်အချင်းတော့ တော်တော်ရှိတဲ့ပုံပဲ။ အဲဒါကြောင့် ကျွန်တော်က နည်းနည်းတွန်းအား ပေးလိုက်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံရေး လောကမှာ အကြောက်အလန့် မရှိဘဲ အခက်အခဲတွေကို ရင်ဆိုင်ရဲတဲ့သူကပဲ အမြင့်ကို တက်လှမ်းနိုင်မှာ မဟုတ်လား”

“အဲဒီ ကောင်လေးက ကျွန်တော့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ”

All Chapters