← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 9 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 9 Ch. 129-130

အခန်း ၁၂၉ ။ ဇွန်ဘီအုပ်စုကြီး

ဤသုံးလတာ ကာလအတွင်း၊ ကျန်းလီသည် လော့ယင်အား အချိန်တိုအတွင်း ဇွန်ဘီဝေလငါးများကို အနိုင်ယူနိုင်ရန်အတွက် ထူးဆန်းသော နည်းလမ်းများစွာကို စဉ်းစားခဲ့ဖူးသည်။

ဥပမာအားဖြင့် အလောင်းထိန်းကျောင်းခြင်း အတတ်ကို သင်ယူပြီး ဇွန်ဘီများကို ထိန်းချုပ်ခိုင်းမည်။ ထိုအခါ လော့ယင်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် သန်းနှင့်ချီသော ဇွန်ဘီစစ်တပ်ကြီး ထွက်ပေါ်လာပြီး စစ်ရေးအစီအရင်များ ဖွဲ့ကာ၊ ဝေလငါးဇွန်ဘီဖြစ်စေ၊ ငါးမန်းဇွန်ဘီဖြစ်စေ အားလုံးကို အမြစ်ပြတ် ချေမှုန်းနိုင်မည်ဟု တွေးခဲ့သည်။

သို့သော် ဝမ်းနည်းစရာမှာ လော့ယင်သည် ချီသန့်စင်ခြင်း အဆင့် ၉ သာရှိသော ကျင့်ကြံသူလေး တစ်ဦးသာ ဖြစ်နေခြင်းပင်။ သန်းနှင့်ချီသော ဇွန်ဘီများကို ထိန်းချုပ်ရန် ဆိုသည်မှာ ထားလိုက်ပါတော့၊ အလောင်း အခု ၁၀၀ ခန့်ကို ထိန်းချုပ်နိုင်လျှင်ပင် သူ့အတွက် အတော်လေး လွန်ကျူးနေပြီ ဖြစ်သည်။

သို့မဟုတ် ဟင်းလင်းပြင် ဆင့်ခေါ်ခြင်း အတတ်ကို သင်ပေးပြီး ကျိုကျိုးမှ မိစ္ဆာသားရဲများကို ဆင့်ခေါ်ခိုင်းမည်လော။ ခန္ဓာပေါင်းစည်းခြင်းအဆင့် မိစ္ဆာသားရဲ တစ်ကောင်ခန့် ရောက်လာလျှင်ပင် ပြဿနာ အားလုံး ရှင်းလင်းသွားမည်ဖြစ်သည်။

သို့သော် ချက်ချင်းပင် ထိုအကြံကို ကျန်းလီ ပယ်ဖျက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဆင့်ခေါ်ခံရသော မိစ္ဆာသားရဲများသည်လည်း ဤကမ္ဘာသို့ ဝင်ရောက် စွက်ဖက်ခွင့် ရမည်မဟုတ်သောကြောင့်ပင်။

သို့မဟုတ် နိုင်ငံတစ်ခု တည်ထောင်ပြီး လော့ယင်ကို ဘုရင်တင်မြှောက်ကာ နိုင်ငံတော် ကံကြမ္မာစွမ်းအားကို ရယူခိုင်းမှာလား။ ၎င်းမှာလည်း မဖြစ်နိုင်ပေ။ နိုင်ငံတော် ကံကြမ္မာစွမ်းအား ဆိုသည်မှာ ကြိုတင်သတ်မှတ်ချက်များ ရှိသည်။ ထိုနိုင်ငံမှ ပြည်သူ ၉၀ ရာခိုင်နှုန်းအထက်က ကျင့်ကြံသူများ ဖြစ်နေမှသာလျှင်၊ ဘုရင်၏ ကျင့်ကြံမှုများ တိုးတက်လာအောင် ကံကြမ္မာစွမ်းအားက ကူညီပေးနိုင်မည် ဖြစ်သည်။

နောက်ဆုံးတွင်မူ ကျန်းလီ နည်းလမ်းတစ်ခု စဉ်းစားမိသွားသည် — အစီအရင် ခင်းကျင်းခြင်းပင် ဖြစ်သည်။

နောက်ရက်အနည်းငယ် အကြာတွင် လော့ယင်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားသောအခါ၊ မောင်နှမ နှစ်ယောက် ပူးပေါင်း၍ သေမင်းတမန် ဆက်တိုက်သတ် အစီရင်ကို ခင်းကျင်းခိုင်းမည်။ သေချာစွာ ပြင်ဆင်ထားမည်ဆိုလျှင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ သတ်ဖြတ်ရေး အစီအရင်က ဝိညာဉ်သန္ဓေအဆင့်များကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။ ဝိညာဉ်သန္ဓေအဆင့်ပင် မပြည့်မီသော အဆင့် ၄ ဇွန်ဘီများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

အစီအရင် ခင်းကျင်းခြင်းနှင့် အဆိပ်ခတ်ခြင်းဆိုသည်မှာ ကျိုကျိုးတွင် အားနည်းသူက အားကြီးသူကို အနိုင်ယူရန် အသုံးအများဆုံးသော နည်းလမ်းများ ဖြစ်သည်။

ကျန်းလီ၏ တွက်ချက်မှုအရ၊ ဤအစီအရင်ကြီး ခင်းကျင်းရန်အတွက် အနည်းဆုံး အဆင့် ၁ ဦးနှောက်အမြုတေ ၁ သိန်းနှင့် အဆင့် ၂ ဦးနှောက်အမြုတေ ၅၀၀ လိုအပ်သည်။ ဦးနှောက်အမြုတေများ ပိုများလေလေ အောင်မြင်နိုင်ခြေ ပိုများလေလေ ဖြစ်သည်။

လက်ရှိတွင် မောင်နှမနှစ်ယောက် စုဆောင်းထားသော ဦးနှောက်အမြုတေ အရေအတွက်မှာ ထိုပမာဏကို မီရန် အများကြီး လိုအပ်နေသေးသည်။

သတ်ဖြတ်ရေး အစီအရင် ခင်းကျင်းရာတွင် နောက်ထပ် အခက်အခဲ တစ်ခုမှာ... ဇွန်ဘီဝေလငါးများ အားလုံး တစ်နေရာတည်းတွင် စုဝေးနေမည်ဟု အာမမခံနိုင်ခြင်းပင်။ သို့သော် လော့ယင်၏ အမှတ်ရမှုအရဆိုလျှင် နောက်တစ်လခန့် အကြာတွင် ဇွန်ဘီဝေလငါးများ ပြန်ပေါ်လာမည်ဖြစ်ပြီး၊ လူသားများ၏ ရှင်သန်ရေးဇုန်များကို တိုက်ခိုက်ကာ လူအများအပြား သေဆုံးစေခဲ့သည်ဟု ဆိုသည်။

ဤတစ်ကြိမ်တွင် ဇွန်ဘီဝေလငါးများသည် အုပ်စုလိုက် ပေါ်လာမည်ဖြစ်ရာ၊ တစ်ခါတည်း အမြစ်ပြတ် ချေမှုန်းရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

ကျန်းလီသည် ဗြဟ္မာမျှော်စင် လတ်တလောတွင် စိတ်အိုက်နေသည်ကို မြင်သဖြင့် မေးလိုက်သည် - "ဘာဖြစ်လို့လဲ၊ ကျိုကျိုးကို ပြန်ချင်လို့လား။"

ဗြဟ္မာမျှော်စင်က မျှော်စင်ကိုယ်ထည်ကို ခါယမ်းလိုက်သည် - "မဟုတ်ပါဘူး။ ငါ့ရဲ့ ဗုဒ္ဓနိုင်ငံတော်က အဖွဲ့ဝင်တွေကို ပြန်သွားကြည့်ချင်လို့ပါ။"

ကျန်းလီ စိတ်ဝင်စားသွားသည် - "မင်းက အဲ့ဒီ အဆင့် ၆ ဇွန်ဘီတွေကို တရားဟောပြီး ဒီကို လာခိုင်းလို့ မရဘူးလား။"

ဗြဟ္မာမျှော်စင်က ဤနည်းလမ်းကို ငြင်းပယ်လိုက်သည် - "တရားဟောဖို့ကတော့ မခက်ပါဘူး။ အသံလေး ကြားရုံနဲ့ ရပါတယ်။ ဒါပေမဲ့ ဒီအနီးအနားမှာ အဆင့် ၆ ဇွန်ဘီတွေမှ မရှိတာ။ တကယ်လို့ ရှိနေခဲ့မယ်ဆိုရင် လော့ယင်ရဲ့ ၁၀ နှစ်တာ ကမ္ဘာပျက်ခရီးစဉ်မှာ လူသားတွေက ဇွန်ဘီတွေကို ဘယ်လိုလုပ် ခုခံနိုင်တော့မှာလဲ။ အဆင့် ၆ ဇွန်ဘီက ဒီဂြိုဟ်ကို အစောကြီးကတည်းက ဖျက်ဆီးပစ်ပြီးလောက်ပြီပေါ့။"

"ပြီးတော့... ငါက ဟင်းလင်းပြင်တာအိုကို သုံးပြီး အဆင့် ၆ ဇွန်ဘီတွေကို ဒီဆီ ပို့ပေးလို့လည်း မရဘူးလေ။"

ကောင်းသော နည်းလမ်းတစ်ခု ပျက်သွားသဖြင့် ကျန်းလီက စိတ်မကောင်းစွာဖြင့် ခေါင်းခါလိုက်သည် - "မင်း သွားကြည့်ချင်တယ်ဆိုရင်လည်း သွားလေ။"

"လူသားဧကရာဇ်ကျန်းရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။" ဗြဟ္မာမျှော်စင်က ပြောလိုက်သည်။

လူသားဧကရာဇ်ကျန်း... လူသားဧကရာဇ်... လူသားဧကရာဇ်...

ကျန်းလီသည် တစ်ခုခုကို သတိရသွားပုံဖြင့်၊ မတုန်မလှုပ် မင်ဝမ် မန္တန်ကို လေ့ကျင့်နေသော လော့ယင်ကို တစ်ချက်ကြည့်လိုက်ပြီး၊ ဗြဟ္မာမျှော်စင်ကို စကားအနည်းငယ် လှမ်းပြောလိုက်သည်။ ထို့နောက် ဗြဟ္မာမျှော်စင်သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အလင်းနှစ် ထောင်ပေါင်းများစွာ ကွာဝေးသော ဂြိုဟ်များဆီသို့ ထွက်ခွာသွားလေတော့သည်။

"ဇွန်ဘီအုပ်စုကြီးရောက်လာဖို့ ၂ ရက်ပဲ လိုတော့တယ်။" ကျန်းလီက သူ့ဘာသာ ရေရွတ်လိုက်သည်။

ဇွန်ဘီ အများဆုံး စုဝေးမည့်အချိန်မှာ ဇွန်ဘီအုပ်စုကြီး လာမည့်အချိန်ပင် ဖြစ်သည်။ ကျန်းလီသည် ဇွန်ဘီအုပ်စုကြီး ဖြတ်သန်းသွားမည့် လမ်းကြောင်းပေါ်တွင် ဦးနှောက်အမြုတေ အနည်းငယ်ကို အသုံးပြုကာ သတ်ဖြတ်ရေး အစီအရင်ငယ်လေးတစ်ခု ခင်းကျင်းထားပြီး၊ ဇွန်ဘီအုပ်စုကြီး တစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းကာ ဦးနှောက်အမြုတေ အမြောက်အမြားကို စုဆောင်းရန် ရည်ရွယ်ထားသည်။

လော့ယင်၏ မှတ်ဉာဏ်အရဆိုလျှင်၊ နောက် ၂ ရက်နေပါက ဇွန်ဘီအုပ်စုကြီး ပေါ်လာမည်ဖြစ်ပြီး ချီယွိမြို့ကို ဖြတ်သန်းကာ 'ဖူလင်ဇုန်' ကို တိုက်ခိုက်ပြီး ကမ္ဘာကြီးကို တုန်လှုပ်သွားစေမည်ဖြစ်သည်။

ယခင်က ဇွန်ဘီအုပ်စုကြီး ဆိုသည်မှာ တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသဖြင့်၊ ရှင်သန်ရေးဇုန်များအားလုံး ကြိုတင် ပြင်ဆင်ထားခြင်း မရှိခဲ့ကြပေ။ ဇွန်ဘီဝေလငါးတွေသာ မလာဘူးဆိုရင်၊ လူသားတွေက ဇွန်ဘီတွေကို အမြဲတမ်း နိုင်နေမှာပဲလို့ သူတို့က ထင်မှတ်ထားခဲ့ကြသည်လေ။

ဇွန်ဘီအုပ်စုကြီးဆိုတာ ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ သူတို့ ဘယ်လိုလုပ် သိကြမည်နည်း။ ရှင်သန်ရေးဇုန်တွေရဲ့ မြို့ရိုးတွေက ဇွန်ဘီ တစ်ကောင်စ နှစ်ကောင်စကိုသာ တားနိုင်တာဖြစ်သည်။ ဇွန်ဘီတွေက သူတို့ရဲ့ ခန္ဓာကိုယ်တွေနဲ့ လူလှေကားတွေ တည်ဆောက်ပြီး တက်လာတာကိုတော့ ဘယ်လိုမှ မတားနိုင်ပေ!

သို့သော် ဤဘဝတွင်မူ လော့ယင်က ရှင်သန်ရေးဇုန်အားလုံးကို ဇွန်ဘီအုပ်စုကြီးများ အကြောင်း အစောကြီးကတည်းက သတိပေးထားပြီး၊ ဇုန်များကို တည်ဆောက်ရာတွင် ကာကွယ်ရေးများကို ပိုမို ဂရုစိုက်ကြရန် ပြောထားခဲ့သည်။

လူသားများသည် ဇွန်ဘီအုပ်စုကြီးများကို ရင်ဆိုင်ရန် နည်းလမ်းများ ရှိကြသည်။ သူတို့၏ ခေတ်မီ လက်နက်များသည် အဆင့် ၄ ဇွန်ဘီများအပေါ်တွင်သာ အသုံးမဝင်သော်လည်း၊ သာမန် ဇွန်ဘီများ၊ အဆင့် ၁နှင့် အဆင့် ၂ ဇွန်ဘီများဖြင့် ဖွဲ့စည်းထားသော ဇွန်ဘီအုပ်စုကြီးများ အပေါ်တွင်တော့ သိသာထင်ရှားသော အကျိုးသက်ရောက်မှု ရှိပါသည်။

သူ၏ သတိပေးစကားကို ချဲ့ကားပြောနေသည်ဟု ထင်ပြီး မယုံကြည်ကြသူများကိုတော့ လော့ယင်လည်း ဘာမှ မတတ်နိုင်ပေ။

မကယ်နိုင်တော့ဘူးဆိုရင် သေဖို့ပဲ စောင့်နေကြတော့။

သတ်ဖြတ်ရေး အစီအရင်ကို 'ဖူလင်ဇုန်' ၏ အနီးအနားတွင် ခင်းကျင်း၍ မရပေ။ အကယ်၍ ခင်းကျင်းလိုက်ပါက၊ အစီအရင် စတင်အလုပ်လုပ်ပြီး ဇွန်ဘီများ သေဆုံးသွားချိန်တွင် ပင်လယ်ပြင်ကြီးအလား များပြားလှသော ဦးနှောက်အမြုတေများကို ချန်ထားရစ်ခဲ့မည် ဖြစ်သည်။ လော့ယင်တို့က သတ်လိုက်သည်ဟု ဆိုလျှင်တောင်မှ၊ 'ဖူလင်ဇုန်' မှ စွမ်းရည်မြှင့်လူသားများက ပျားပန်းခပ်မျှ အုံလာပြီး ဦးနှောက်အမြုတေများကို လုယက်ကြမည်မှာ သေချာသည်။

လော့ယင်က သေချာပေါက် ပြောနိုင်သည်မှာ ထိုကဲ့သို့သော ကိစ္စမျိုး သေချာပေါက် ဖြစ်လာမည် ဖြစ်သည်။ သူသည် ထိုလူများ၏ စိတ်နေသဘောထားကို အလွန် ကောင်းစွာ နားလည်ထားပြီး၊ သူတို့ကို ကိုယ်ကျင့်တရား စောင့်ထိန်းလိမ့်မည်ဟု မျှော်လင့်ခြင်းမှာ ယုံတမ်းစကား တစ်ခုသာဖြစ်သည်။

ထို့ကြောင့် ကျန်းလီက ချီယွိမြို့တွင် အစီအရင် ခင်းကျင်းရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။

...

"ဆရာကျန်း... ဒီနေရာမှာ ထားလိုက်ရင် ရပြီလား။"

"ဘယ်ဘက်ကို တစ်လှမ်းတိုး၊ ခါးကိုင်းပြီး ဦးနှောက်အမြုတေကို ချလိုက်။"

"ဒီဦးနှောက်အမြုတေက မရဘူး။ စွမ်းအင်တွေ အရမ်းများလွန်းတော့ အစီအရင်ရဲ့ ညီညွတ်မှုကို ပျက်စီးစေလိမ့်မယ်။ မင်း ကျောပိုးအိတ် အောက်ဆုံးမှာ ရှိတဲ့ ဦးနှောက်အမြုတေနဲ့ လဲလိုက်။"

"မြေကြီးပေါ်မှာ မထားနဲ့၊ အပေါ်ထပ်တက်ပြီး ခေါင်မိုးပေါ်မှာ ထားလိုက်။"

"ခွန်းနေရာမှာ ထားလိုက်။ ဘာလဲ... ခွန်း နေရာကို မသိဘူးလား။ နောက်ကို သုံးလှမ်းဆုတ်ပြီး မြေကြီးထဲကို ၁ စင်တီမီတာလောက် မြှုပ်လိုက်။"

"အဆင့် ၂ ဦးနှောက်အမြုတေကို သွားမထားနဲ့လေ။ အဆင့် ၂က ဘယ်လောက် ရှားပါးလဲ။"

"ဘာ... အဆင့် ၂ ဦးနှောက်အမြုတေ မသုံးရင် အစီအရင်ရဲ့ ဗဟိုချက်ကို ဘာနဲ့ လုပ်ရမလဲ ဟုတ်လား။ သေချာတာပေါ့... မင်းကို ဗဟိုချက်အနေနဲ့ သုံးရမှာပေါ့။"

ကျန်းလီ၏ ညွှန်ကြားမှုအောက်တွင် လော့ယင်နှင့် လော့ကျူတို့သည် နေ့တစ်ဝက်ခန့် အချိန်ယူပြီးမှသာ အသင့်အတင့် ကြည့်ကောင်းသော သတ်ဖြတ်ရေး အစီအရင်တစ်ခုကို ခင်းကျင်းနိုင်ခဲ့ကြသည်။

"ပြီးပြီ!"

...

"ကိုကြွက်... ချီယွိမြို့က တကယ်ပဲ လုံခြုံရဲ့လား။"

လူငယ်တစ်ဦးသည် ချီယွိမြို့သို့ ခြေချလိုက်သည်နှင့် ကြက်သီးမွေးညင်းများ ထသွားသည်။ ဤနေရာနှင့် ပတ်သက်သည့် ကြောက်မက်ဖွယ် ကောလာဟလများကို ပြန်တွေးမိပြီး... အဆင့် ၂ ဇွန်ဘီတွေ... တစ်ကောင်နဲ့ တွေ့လိုက်ရင်တောင် သူတို့ တစ်ဖွဲ့လုံး သေသွားနိုင်တယ် မဟုတ်လား။

"သေချာပေါက် လုံခြုံတာပေါ့! ချီယွိမြို့မှာ အဆင့် ၂ ဇွန်ဘီ ၇ ကောင် ရှိခဲ့တာ၊ အားလုံးကို လော့ယင်နဲ့ လော့ကျူ လူကြီးမင်း နှစ်ယောက်က ရှင်းပစ်လိုက်ပြီလေ။ ဒါကို ငါ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာ။ အခု ချီယွိမြို့မှာ အဆင့် ၁ ဇွန်ဘီတွေလောက်ပဲ ကျန်တော့တာ!" ကိုကြွက်ဟုခေါ်သော ကြွက်မွှေး နှုတ်ခမ်းမွှေးနှင့် လူက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

"ဒါ... ဒါပေမဲ့ ခင်ဗျား အရက်ဆိုင်မှာ ပြောတုန်းက လူကြီးမင်း နှစ်ယောက်က အဆင့် ၂ ဇွန်ဘီ ၂ ကောင်ကိုပဲ သတ်ခဲ့တယ်ဆို..." လူငယ်လေးမှာ မျက်လုံးပြူးသွားသည်။ အဆင့် ၂ ဇွန်ဘီ ၇ ကောင်လုံး အသတ်ခံလိုက်ရတယ်ဆိုတော့... ဒီလူကြီးမင်း နှစ်ယောက်ရဲ့ နာမည်ဂုဏ်သတင်းက တကယ်ကို ကြွားလုံးထုတ်ထားတာ မဟုတ်ဘူးပဲ။

"သူတို့ကို လိမ်ပြောထားတာပေါ့! ချီယွိမြို့မှာ ပစ္စည်းကောင်းတွေ ဘယ်လောက်တောင် များလိုက်လဲ။ အကယ်လို့ သူတို့သာ ချီယွိမြို့မှာ အဆင့် ၂ ဇွန်ဘီတွေ မရှိတော့ဘူးဆိုတာ သိသွားရင်၊ ဝိုင်းအုံပြီး လာကြမှာပေါ့။"

ကိုကြွက်သည်လည်း နောင်တရနေမိသည်။ အရက်အတုတွေက ဒုက္ခပေးတာပဲ။ အဲ့ဒီတုန်းက သူက အရက်မူးပြီး လူကြီးမင်း နှစ်ယောက်ကို တွေ့ခဲ့ရတဲ့အကြောင်း ကြွားချင်နေတာလေ။ ဒါပေမဲ့ ဇာတ်လမ်းအကြောင်း ပြောပြတဲ့အခါ လူကြီးမင်း နှစ်ယောက် အဆင့် ၂ ဇွန်ဘီတွေကို သတ်ခဲ့တဲ့ အကြောင်းက မပါလို့ မရဘူးလေ။

ကံကောင်းစွာနဲ့ပဲ သူက ချက်ချင်း သတိဝင်သွားပြီး အလိမ် ၉ ပုံ၊ အမှန် ၁ ပုံ ရောပြောလိုက်တယ်။ အရေးကြီးဆုံးဖြစ်တဲ့ ဇွန်ဘီ အရေအတွက်ကိုပဲ လိမ်ပြောလိုက်တာ။ မဟုတ်ရင် ဒီနေ့ ဒီကို လာတဲ့သူက သူတို့ နှစ်ယောက်တည်းဖြစ်မှာ မဟုတ်ဘူး။

"ကိုကြွက်... ဟိုမှာ ပစ္စည်းကောင်းတွေ ရှိတယ်! ကြည့်ပါဦး၊ အစားအသောက်တွေ... အများကြီးပဲ။ သက်တမ်းလည်း မကုန်သေးဘူး။ ဒါဆိုရင် ပံ့ပိုးမှုအမှတ်တွေ အများကြီး ရမှာပဲ!"

"ဒီမှာ နေရောင်ခြည်စွမ်းအင်သုံး အားသွင်းစက်တစ်ခုလည်း ရှိသေးတယ်။"

"ကျွန်တော်တို့ ကံတော်တော် ကောင်းတာပဲ၊ ဇွန်ဘီတစ်ကောင်မှ မတွေ့ရသေးဘူး။" လူငယ်လေးက ပျော်ရွှင်စွာ ပြောရင်း ကျောပိုးအိတ်ကို ပုတ်လိုက်သည်။ ဒီတစ်ခေါက် ခရီးစဉ်က တကယ်ကို ကြီးမားတဲ့ အမြတ်အစွန်းတွေ ရလိုက်တာပဲ။ တန်သွားပြီ။

"ဟုတ်တယ်၊ ကံတော်တော်..."

ကိုကြွက်က စကားထောက်လိုက်သော်လည်း၊ စကားတစ်ဝက်မှာတင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။ သူလည်း ဝမ်းသာလွန်းသဖြင့် ပြဿနာကို သတိမထားမိခဲ့ခြင်း ဖြစ်သည်။

ဒီနေရာက ဇွန်ဘီတွေ ထိန်းချုပ်ထားတဲ့ နေရာလေ၊ ဇွန်ဘီတစ်ကောင်မှမရှိတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!

လူကြီးမင်း နှစ်ယောက်က ဘယ်လောက်ပဲ မြန်မြန်ဆန်ဆန် ရှင်းလင်းခဲ့ပါစေ၊ သူတို့က အဆင့် ၁ ဇွန်ဘီတွေကိုပဲ ရှင်းလင်းခဲ့တာလေ။ သူတို့က သာမန် ဇွန်ဘီတွေကို ရှင်းလင်းတယ်လို့ တစ်ခါမှ မကြားဖူးဘူး!

သူသည် အဝေးမှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ခေါင်းပြုကြည့်လိုက်ရာ၊ မျက်နှာတစ်ခုလုံး ဖြူလျော့သွားတော့သည်။

အလောင်းတောင်၊ အလောင်းပင်လယ်ပင် ဖြစ်လေသည်။

***

မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့

Mahayana 130

အခန်း ၁၃၀ ။ အစီအရင်ဖြင့် ဇွန်ဘီများကို ချေမှုန်းခြင်း

ကိုကြွက် မြင်တွေ့လိုက်ရသည်မှာ၊ ဤကမ္ဘာပေါ်ရှိ လူသားများ တစ်ခါမျှ မမြင်တွေ့ဖူးသေးသော မြင်ကွင်းမျိုးဖြစ်သည်။

ကျယ်ဝန်းသော လမ်းမကြီးများပေါ်တွင် ဇွန်ဘီများဖြင့် ပြည့်နှက်နေပြီး၊ အရပ်မျက်နှာ အသီးသီးမှနေ၍ မြို့ထဲသို့ ဝင်ရောက်လာကြသည်။ သူတို့၏မျက်လုံးများမှာ နီရဲနေပြီး၊ ပါးစပ်မှ တံတွေးများ ကျဆင်းကာ အထက်အောက် မေးရိုးများကို အဆက်မပြတ် ရိုက်ခတ်နေသဖြင့် မြင်ရသူတိုင်း ကျောချမ်းသွားရသည်။

အချို့သော ဇွန်ဘီများမှာ အလွန် ခွန်အားကြီးမားပြီး၊ ခြေလက်လေးဖက်စလုံးကို နံရံထဲသို့ ထိုးစိုက်ကာ အထပ်မြင့် အဆောက်အအုံများပေါ်တွင် တွယ်တက်နေကြသည်။ အချို့မှာ ဖားတစ်ကောင်အလား အဆောက်အအုံများ၏ ခေါင်မိုးများပေါ်တွင် ခုန်ပေါက် သွားလာနေကြသည်။

ဇွန်ဘီများသည် အမိန့်တစ်ခုခုကို ရရှိထားသည့်အလား၊ သတ်မှတ်ထားသော ပစ်မှတ်တစ်ခုဆီသို့ အုပ်စုလိုက် သွားနေကြခြင်းဖြစ်ပြီး၊ ချီယွိမြို့မှာ လမ်းကြုံ ဖြတ်သန်းရမည့် နေရာတစ်ခုသာဖြစ်သည်။

ထောက်လှမ်းရေးစက်မှာ "တီ... တီ... တီ..." ဟု အဆက်မပြတ် မြည်နေပြီး၊ အဆင့် ၁ ဇွန်ဘီ၊ အဆင့် ၁ ဇွန်ဘီ၊ အဆင့် ၁ ဇွန်ဘီ ဟူ၍သာ ပြသနေသည်။ ကိုကြွက်၏ ရင်ထဲတွင် တုန်ရီနေပြီး လက်များပင် မည်သို့ ထားရမည်ကို မသိတော့ပေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထောက်လှမ်းရေးစက်က အဆင့် ၁ ဇွန်ဘီ ဆယ်ဂဏန်းခန့်ကို ရှာဖွေတွေ့ရှိနေပြီဖြစ်သည်။

ပို၍ ကြောက်စရာကောင်းသည်မှာ... ဤဇွန်ဘီအုပ်စုကြီးထဲတွင် အဆင့် ၂ ဇွန်ဘီများလည်း ပါဝင်နေပြီး၊ အရေအတွက်လည်း မနည်းလှပေ။

"ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! အဆင့် ၂ ဇွန်ဘီတွေဆိုတာ အမြဲတမ်း ဘုရင်တွေလို နေခဲ့တာလေ။ ဘယ်လိုလုပ်ပြီး သာမန် ဇွန်ဘီတွေ၊ အဆင့် ၁ ဇွန်ဘီတွေနဲ့ အတူတူ သွားနေရတာလဲ!"

"ကိုကြွက်... ထောက်လှမ်းရေးစက် ပျက်နေပြီလား မသိဘူး။" လူငယ်လေးက တောင့်တင်းသော လေသံဖြင့် ပြောလိုက်သည်။ သူက ပြုံးပြချင်သော်လည်း လုံးဝ ပြုံး၍ မရနိုင်တော့ပေ - "ထောက်လှမ်းရေးစက်မှာ... အဆင့် ၃ ဇွန်ဘီပါ ရှိနေတယ်လို့ ပြနေတယ်။"

ခပ်လှမ်းလှမ်းတွင် ကိုယ်လုံးကိုယ်ပေါက် ကြီးမားလှသော ဆင်ဖြူကြီးတစ်ကောင် ရှိနေပြီး၊ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးပင် တုန်ခါသွားကာ ကားတစ်စီးကို သံပြားတစ်ချပ်အဖြစ် အလွယ်တကူ နင်းခြေပစ်လိုက်သည်။

အခြား ဇွန်ဘီများမှာ ဆင်ဖြူကြီးကို ကြောက်ရွံ့ကြသဖြင့် အနားသို့ မကပ်ဝံ့ကြသော်လည်း၊ မတတ်သာဘဲ နောက်မှ လိုက်ပါနေကြရသည်။

ဇွန်ဘီများ၏ အဆင့်အတန်း စည်းကမ်းမှာ အလွန်တင်းကျပ်လှသည်။ အဆင့်မြင့် ဇွန်ဘီများက အဆင့်နိမ့် ဇွန်ဘီများကို အမိန့်ပေးနိုင်ပြီး၊ အဆင့်နိမ့် ဇွန်ဘီများမှာ နာခံရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။ ယခုအခါ အဆင့်မြင့် ဇွန်ဘီများသည် အဆင့်နိမ့် ဇွန်ဘီများကို စုစည်းကာ လူသားများ၏ ရှင်သန်ရေးဇုန်များကို ထိုးဖောက်ရန် ကြိုးစားနေကြသည်။ ၎င်းမှာ ဇွန်ဘီအုပ်စုကြီးများ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။

"မင်းတို့ အခု ထွက်ပြေးရင် အချိန်မီသေးတယ်။" ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေကြီးတစ်ကောင်က ကိုကြွက်နှင့် လူငယ်လေး၏နောက်တွင် ရုတ်တရက် ပေါ်လာသည်။

ကိုကြွက် အလန့်တကြား ခုန်ထွက်သွားသော်လည်း လာသူ၏ ရုပ်ရည်ကို သေချာ မြင်လိုက်ရသောအခါ သက်ပြင်းချလိုက်နိုင်သည် - "လူကြီးမင်းလော့ကျူနဲ့ လော့မိသားစုရဲ့ ဘိုးဘေးကြီး ပါလား!"

ကျန်းလီ၏မျက်နှာပေါ်တွင် အမည်းရောင် မျဉ်းကြောင်းများ ပေါ်လာသည်။ ဘာတွေများ လော့မိသားစုရဲ့ ဘိုးဘေးကြီးလဲ... ဘာတွေ လျှောက်ခေါ်နေတာလဲ။

"ဇွန်ဘီတွေ ဒီကို မရောက်လာခင်၊ ဒီလမ်းကြောင်းအတိုင်း ပြေးရင် ရှင်သန်ရေးဇုန်ကို ပြန်ရောက်နိုင်တယ်။" ကျန်းလီက သူတို့ကို အသက်ရှင်မည့် လမ်းကြောင်းတစ်ခု ညွှန်ပြပေးလိုက်သည်။

"အဲ့ဒါက ဇွန်ဘီအုပ်စုကြီးလား။" လော့ယင် ယခင်က ပြောခဲ့ဖူးသော စကားများကို သတိရသွားပြီး၊ ဤဇွန်ဘီစစ်တပ်ကြီး၏အဓိပ္ပာယ်ကို ကိုကြွက် သဘောပေါက်သွားသည်။

လော့မိသားစု၏ ဘိုးဘေးကြီးက ခေါင်းညိတ်ပြသည်ကို မြင်သောအခါ၊ ကိုကြွက်သည် တံတွေးကို အားယူ၍ မျိုချလိုက်ပြီး ကြောင်အမ်းနေသော လူငယ်လေးကို ဆွဲကာ ရှင်သန်ရေးဇုန်သို့ အသည်းအသန် ထွက်ပြေးသွားတော့သည်။ ဤသတင်းကို အမြန်ဆုံး အစီရင်ခံရမည် ဖြစ်သည်။

ကိုကြွက်တို့ ထွက်သွားပြီးနောက် ကျန်းလီက ပြောလိုက်သည် - "သူတို့ သွားပြီ၊ ထွက်လာခဲ့တော့။"

လော့ယင်သည် အခြားအခန်းတစ်ခုထဲမှ ထွက်လာပြီး၊ ကိုကြွက်၏ကျောပြင်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ယခင်ဘဝက ကိုကြွက်သည် သူ၏ သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ခဲ့သည်။ ကိုကြွက်က မျက်နှာပေါက် ကြမ်းသော်လည်း အမှန်တကယ်တွင်မူ သစ္စာရှိသော လူကောင်းတစ်ယောက်ဖြစ်ပြီး လော့ယင်ကိုပင် ကယ်တင်ခဲ့ဖူးသည်။

ယခင်ဘဝက ချီယွိမြို့သို့ သူတို့နှစ်ယောက် အတူတူ လာရောက် စူးစမ်းခဲ့စဉ်က၊ အဆင့် ၂ ဇွန်ဘီများ၏ တွေ့ရှိခြင်းကို ခံခဲ့ရသည်။ ကိုကြွက်က လော့ယင်ကို သူကိုယ်တိုင် ခေါ်လာခဲ့ခြင်းဖြစ်သဖြင့် သူ့မှာ တာဝန်ရှိသည်ဟု ယူဆကာ၊ သူ့အသက်ကို စတေးပြီး လော့ယင် ထွက်ပြေးနိုင်ရန် အခွင့်အရေး ဖန်တီးပေးခဲ့သည်။

တစ်နည်းအားဖြင့် မူလ အချိန်မျဉ်းအတိုင်းဆိုလျှင်၊ ကိုကြွက်သည် လွန်ခဲ့သော ၃ ရက်က ချီယွိမြို့သို့ ရောက်လာစဉ်ကတည်းက အဆင့် ၂ ဇွန်ဘီများ၏ လက်ချက်ဖြင့် သေဆုံးနေရမည်ဖြစ်သည်။ သို့သော် လော့ယင်က ကြိုတင်ရောက်ရှိလာပြီး အဆင့် ၂ ဇွန်ဘီအားလုံးကို ရှင်းလင်းပေးခဲ့သဖြင့် ကိုကြွက် အသက်ရှင်ခဲ့ခြင်းဖြစ်သည်။

လော့ယင် မထင်ထားခဲ့သည်မှာ ဇွန်ဘီအုပ်စုကြီး မရောက်လာမီအချိန်လေးမှာပင် ကိုကြွက်က ဒီနေရာကို ထပ်ရောက်လာခြင်းပင်။

ဒီကောင်က တော်တော် သေချင်နေတာပဲ။

လော့ယင်သည် ကိုကြွက်နှင့် မျက်နှာချင်းမဆိုင်လိုပေ။ ယခင်က သူတို့သည် သူငယ်ချင်းကောင်းများ ဖြစ်ခဲ့သော်လည်း ၎င်းမှာ လော့ယင် တစ်ယောက်တည်း၏ မှတ်ဉာဏ်သာ ဖြစ်သည်။ ယခုဘဝတွင် ကိုကြွက်သည် သူ့ကို အကွာအဝေးတစ်ခုထားကာ ကိုးကွယ်လေးစားသည့် အနေအထားဖြင့်သာ ဆက်ဆံနေသဖြင့် လော့ယင်မှာ အလွန် နေရခက်နေသည်။ ထို့ကြောင့် သူက ညီမဖြစ်သူနှင့် ဆရာကျန်းတို့ကိုသာ ကိုကြွက်ကို သွားရောက် မောင်းထုတ်ခိုင်းခဲ့ခြင်းဖြစ်သည်။

ကျန်းလီသည် နတ်ဘုရားအာရုံဖြင့် မြို့တစ်မြို့လုံးကို လွှမ်းခြုံထားလိုက်ရာ၊ ဇွန်ဘီ သန်းချီသည် အစီအရင် နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

"အစီအရင်ကို စတင်လိုက်တော့။"

လော့ယင်နှင့် လော့ကျူတို့သည် အစီအရင်၏ ဗဟိုချက်များတွင် နေရာယူကာ ဝိညာဉ်စွမ်းအားများကို စတင် ထည့်သွင်းလိုက်ကြသည်။ ရေနှင့် မီး ဝိညာဉ်အမြစ်များမှ စွမ်းအင်များနှင့် ရေခဲ ဝိညာဉ်အမြစ်မှ စွမ်းအင်များသည် ဒန်ထျန်းအတွင်းမှ ထွက်ပေါ်လာပြီး၊ ခန္ဓာကိုယ်အတွင်း ကျိုးထျန် တစ်ပတ် လည်ပတ်ကာ လက်ဖဝါးများမှတစ်ဆင့် အပြင်သို့ စီးဆင်းသွားသည်။ ဧရာမ သတ်ဖြတ်ရေး အစီအရင်ကြီးသည် အသံတိတ် စတင်အလုပ်လုပ်လာခဲ့သည်။

နေရာအနှံ့တွင် မြှုပ်နှံထားသော ဦးနှောက်အမြုတေများကို မမြင်ရသော ကြိုးတစ်ချောင်းက ဖောက်ထွင်း ဆက်သွယ်သွားသည့်အလား အမြုတေများ အစီအရီ လင်းလက်လာကြသည်။ မမြင်ရသော ကြိုးများက အမြုတေများထဲမှ စွမ်းအင်များကို ချိတ်ဆက်ကာ အပြန်အလှန်ယှက်နွယ်ပြီး ဧရာမ ပိုက်ကွန်ကြီး တစ်ခုအဖြစ် ဖန်တီးလိုက်သည်။ သန်းချီသော ဇွန်ဘီစစ်တပ်ကြီးသည် ဤပိုက်ကွန်ကြီး ပေါ်လာသည့် အခိုက်အတန့်တွင် အမဲလိုက်ခံရမည့် သားကောင်များအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်!

အကယ်၍ တစ်စုံတစ်ယောက်က လေထဲမှနေ၍ မြို့တစ်မြို့လုံးကို ငုံ့ကြည့်မည်ဆိုပါက၊ မြို့၏ နေရာအနှံ့အပြားတွင် အလင်းရောင်များ လင်းလက်လာပြီး ထိုအလင်းရောင်များကို ဆက်စပ်လိုက်ပါက လှပပြီး အစွမ်းထက်သော ဂျီဩမေတြီ ပုံစံများ ဖြစ်ပေါ်လာမည်ကို တွေ့ရမည် ဖြစ်သည်။ ပိုနေသော အလင်းတန်း တစ်ခုမှမရှိဘဲ၊ ၎င်းမှာ ရှေးယခင် ပညာရှင်များ၏ ဉာဏ်ပညာများကို စုစည်းထားသော လက်ရာတစ်ခုဖြစ်သည်။

ကျိုကျိုးတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို အားမပေးသော်လည်း၊ ၎င်းတို့တွင် အလွန် ကျယ်ပြန့်သော သတ်ဖြတ်ရေး အစီအရင်များ မရှိဟု မဆိုလိုပေ။ တကယ်တမ်းတွင် ကျိုကျိုး၌ သတ်ဖြတ်ရေး အစီအရင်များမှာ အလွန် ပေါများလှသည်။

နတ်ဘုရားဘုံလှေကား မပျောက်ကွယ်မီက၊ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသည် အလွန် သောင်းကျန်းခဲ့ပြီး ဥပဒေမဲ့ လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည်။ ပါရမီထူးချွန်သူများလည်း အများအပြား ရှိခဲ့ပြီး၊ သွေးပူဇော်ပွဲများကို မကြာခဏ ပြုလုပ်ခဲ့ကြသည်။ ဖြောင့်မတ်သော နတ်ဘုရားများက ကျိုကျိုးတွင် လူအများအပြား သေဆုံးမည်ကို မလိုလား၍သာ တားဆီးခဲ့ကြသဖြင့် တော်တော့သည်။ မဟုတ်လျှင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသည် ကျိုကျိုး တစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် ဧရာမ သတ်ဖြတ်ရေး အစီအရင်ကြီးကိုပင် ခင်းကျင်းရဲကြသည်။

သတ်ဖြတ်ရေး အစီအရင်များမှာ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများ ချန်ထားရစ်ခဲ့သော အဖိုးတန် အမွေအနှစ်များပင် ဖြစ်သည်။

မမြင်ရသော ဓားစွမ်းအင်များ စုစည်းလာပြီး အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ လော့ယင်နှင့် လော့ကျူတို့သည် ကြီးငယ်မဟူသော အစီအရင် ဗဟိုချက်များတွင် အသီးသီး နေရာယူထားကြသည်။ လော့ယင်က စွမ်းအား အနည်းငယ် နိမ့်သဖြင့် အသေးစား ဗဟိုချက်တွင် နေရာယူပြီး၊ လော့ကျူမှာမူ အခြေခံတည်ဆောက်ခြင်းအဆင့် ရှိနေပြီဖြစ်ရာ အကြီးစား ဗဟိုချက်တွင် နေရာယူထားသည်။ ဤ 'ဆန်လော့မိစ္ဆာ အစီအရင်ကြီး' မှာ လော့ကျူကို အဓိက ဦးဆောင်သူအဖြစ် ထားရှိခြင်း ဖြစ်သည်။

ဓားစွမ်းအင်များ ပျံသန်းသွားပြီး၊ ဓားတစ်ချက်ခုတ်တိုင်း ခေါင်းတစ်လုံး ပြတ်ကျသွားသည်။ မြေကြီးများ တုန်ခါပြီး အဆောက်အအုံများပင် ပြိုကျကုန်သည်!

အေးစက်သော ဓားစွမ်းအင်တိုင်းသည် ဇွန်ဘီများ၏ လည်ပင်းကို တိကျစွာ ခုတ်ပိုင်းပစ်လိုက်ရာ၊ ဇွန်ဘီခေါင်းများမှာ ဖန်ဂေါ်လီလုံးများ မြေကြီးပေါ်သို့ ကျသွားသည့်အလား တဒေါက်ဒေါက် မြည်ကာ ပြုတ်ကျကုန်ကြသည်။

ဓားစွမ်းအင်များက အလွန် မြန်ဆန်ပြီး အလွန် ပြင်းထန်လှသဖြင့်၊ ဇွန်ဘီများက ဘာဖြစ်သွားမှန်း မသိလိုက်ခင်မှာပင် ခေါင်းနှင့် ကိုယ် အိုးစားကွဲသွားကြတော့သည်။

အစီအရင်ကြီး လည်ပတ်နေပြီး၊ ဦးနှောက်အမြုတေများထဲရှိ ဝိညာဉ်စွမ်းအား တစ်စက်ချင်းစီတိုင်းကို ဓားစွမ်းအင်များအဖြစ် အသုံးပြုနေသည်။

ထို့ပြင် ကျန်းလီသည် မောင်နှမ နှစ်ယောက်အား မြို့အောက်တွင် ဝိညာဉ်စုဆောင်းရေး အစီအရင်ကိုပါ ခင်းကျင်းထားစေခဲ့သည်။ ယခုအခါ မြို့၏ ဝိညာဉ်စွမ်းအား သိပ်သည်းဆမှာ အခြားနေရာများထက် အများကြီး ပိုများနေပြီဖြစ်ပြီး၊ ရက်အတော်ကြာ စုဆောင်းထားသော ဝိညာဉ်စွမ်းအားများကိုပါ အသုံးပြုလိုက်သည်။

အစီအရင်ကြီးသည် မီးတောက်တစ်ခုနှင့် တူပြီး၊ ဝိညာဉ်စုဆောင်းရေး အစီအရင်က စုဆောင်းပေးထားသော ဝိညာဉ်စွမ်းအားများမှာ ဆီပူနှင့် ထင်းခြောက်များကဲ့သို့ ဖြစ်နေသည်။ မီးတောက်ထဲသို့ ပစ်ထည့်လိုက်သောအခါ ဖြစ်ပေါ်လာမည့် အစွမ်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

သာမန် ဇွန်ဘီဖြစ်စေ၊ အဆင့် ၁ သို့မဟုတ် အဆင့် ၂ ဇွန်ဘီဖြစ်စေ၊ မည်သူကမျှ ဤကြိုတင် ပြင်ဆင်ထားသော ဓားချက်ကို မခုခံနိုင်ကြပေ!

အကယ်၍ ဤအဖြစ်အပျက်သာ ကျိုကျိုးတွင် ဖြစ်ပွားခဲ့မည်ဆိုလျှင်၊ ချီသန့်စင်ခြင်းအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် ဤအခြေအနေမျိုး ကြုံတွေ့ရပါက မှော်အဆောင်များ၊ ရတနာများစသည့် ကာကွယ်ရေး နည်းလမ်းများဖြင့် ခုခံကြမည်ဖြစ်ရာ အစီအရင်၏ အစွမ်းမှာ အများကြီး လျော့ကျသွားမည် ဖြစ်သည်။ သို့သော် ဤအသိဉာဏ်မဲ့ ဇွန်ဘီများကမူ ထိုကဲ့သို့သော နည်းလမ်းများကို မသုံးတတ်ကြသဖြင့်၊ ကျိုကျိုးမှ မိစ္ဆာလမ်းစဉ် လူကြီးမင်းများ ချန်ထားခဲ့သော အစီအရင် ရှေ့တွင် လည်ပင်းစင်းပေးရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ!

မိနစ်အနည်းငယ် ကြာပြီးနောက်၊ ဇွန်ဘီများအားလုံး မြေကြီးပေါ်သို့ လဲကျသွားကြပြီး၊ မြို့တစ်ခုလုံးတွင် အန်ချင်စရာကောင်းသော သွေးညှီနံ့များ ဖုံးလွှမ်းသွားတော့သည်။

သန်းချီသော ဦးနှောက်အမြုတေများသည် ဇွန်ဘီများ၏ ခေါင်းထဲတွင် ရှိနေပြီး၊ သူတို့၏ သခင်က အောင်ပွဲရလဒ်များကို လာရောက် သိမ်းယူမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။ သို့သော် လော့ယင်နှင့် လော့ကျူတို့သည် ထိုအသီးအပွင့်များကို သွားမကောက်ကြသေးဘဲ၊ ဤနေရာတွင် တစ်ကောင်တည်းသာ ကျန်ရစ်တော့သော ဇွန်ဘီကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။

ဆင်ဖြူ ဇွန်ဘီ၊ အဆင့် ၃!

၎င်းမှာ သူတို့ ကြိုတင် မျှော်လင့်ထားသည့် ပြိုင်ဘက်ဖြစ်သည်။ ကျန်းလီက ဤအစီအရင်ကို ခင်းကျင်းကတည်းက အဆင့် ၃ ဇွန်ဘီကိုပါ ထည့်သွင်း တွက်ချက်ထားခြင်းမရှိပေ။ သူသည် အဆင့် ၂ အောက်ရှိ ဇွန်ဘီများကိုသာ တစ်ခါတည်း ရှင်းလင်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ဤအဆင့် ၃ ဇွန်ဘီမှာ မောင်နှမ နှစ်ယောက်အတွက် အကောင်းဆုံး လေ့ကျင့်ရေးပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။

"သတ်။" လော့ကျူက တိုးညှင်းစွာ ပြောလိုက်သည်။ သူမ၏အသံတွင် မည်သည့် လှုပ်ရှားမှုမျှ မပါဝင်ဘဲ၊ တိုက်ပွဲဝင်မည့် အခြေအနေသို့ အပြည့်အဝ ရောက်ရှိနေပြီဖြစ်သည်။

"သတ်!" လော့ယင်က အသံကုန် အော်ဟစ်လိုက်ပြီး၊ ဒေါသထွက်နေသော ဆင်ဖြူဇွန်ဘီထံသို့ ပြေးဝင်သွားတော့သည်။

***

All Chapters