← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 9 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 9 Ch. 133-134

မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့

Mahayana 133

အခန်း ၁၃၃ ။ အချမ်းသာဆုံးသူ လော့ယင်

"ကိုကြွက်... ဘာဖြစ်လို့လဲ။" ကိုကြွက်တစ်ယောက် ငေးငိုင်နေသည်ကို မြင်သောအခါ အဖွဲ့သား လူငယ်လေးက မေးလိုက်သည်။

ကိုကြွက်သည် ဖူလင်ဇုန်သို့ ပြန်ရောက်ရောက်ချင်း၊ ဇွန်ဘီအုပ်စုကြီး၏ အခြေအနေကို အမြန်ဆုံး အစီရင်ခံခဲ့သည်။ အထက်လူကြီးများကလည်း ဤကိစ္စကို အလွန် အလေးထားကြသည်။ ကိုကြွက်က လော့ယင်နှင့် လော့ကျူတို့ ချီယွိမြို့တွင် ရှိနေကြောင်း ပြောခဲ့သော်လည်း၊ ထိုစွမ်းရည်မြှင့်လူသား နှစ်ယောက်တည်းဖြင့် ဇွန်ဘီအုပ်စုကြီးကို ဖြေရှင်းနိုင်လိမ့်မည်ဟု အထက်လူကြီးများက မယုံကြည်ကြပေ။ ဇွန်ဘီအုပ်စုကြီးထဲတွင် အဆင့် ၃ ဇွန်ဘီ ပါဝင်နေကြောင်းကိုလည်း ကိုကြွက် ကိုယ်တိုင် အစီရင်ခံခဲ့သည် မဟုတ်လား။

ကိုကြွက်သည် ဤကိစ္စကို အသိဆုံးသူဖြစ်သဖြင့်၊ အထက်လူကြီးများက ပံ့ပိုးမှုအမှတ် အမြောက်အမြားပေး၍ ကိုကြွက်အား ချီယွိမြို့သို့ ပြန်သွားကာ အခြေအနေအသေးစိတ်ကို စုံစမ်းရန် တာဝန်ပေးခဲ့သည်။ ကိုကြွက်မှာ စွမ်းရည်မြှင့်လူသားများထဲတွင် သိပ်ပြီး ထူးချွန်သူ မဟုတ်သဖြင့်၊ အထက်လူကြီးများ၏အမိန့်ကို ငြင်းဆန်ပါက နောင်တွင် ရှင်သန်ရေးဇုန်၌ နေထိုင်ရန် အခက်အခဲရှိလာမည်ကို သိထားရာ မတတ်သာဘဲ သဘောတူခဲ့ရသည်။

အထက်လူကြီးများကလည်း ကိုကြွက်ကို အသေခံခိုင်းရန် ရည်ရွယ်ထားခြင်း မဟုတ်သဖြင့်၊ သူ့ကို ကူညီရန် စွမ်းရည်မြှင့်လူသား အချို့ကိုပါ ထည့်ပေးလိုက်သည်။ ကိုကြွက်၏အဖွဲ့သည် လက်နက်အပြည့်အစုံ တပ်ဆင်ကာ ချီယွိမြို့ဆီသို့ ကားဖြင့် ထွက်ခွာလာခဲ့ကြသည်။ လမ်းတွင် လူရိပ်နှစ်ခု ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရပြီး လော့ယင်နှင့် လော့ကျူတို့နှင့် တူသည်ဟု ကိုကြွက် ထင်လိုက်မိသော်လည်း၊ သေချာ မျက်စိပွတ်ပြီး ကြည့်လိုက်သောအခါ မည်သူ့ကိုမျှ မတွေ့ရသဖြင့် မျက်စိမှားသည်ဟုသာ ယူဆလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။"

...

ချီယွိမြို့သို့ ရောက်ရှိလာသောအခါ၊ သေရေးရှင်ရေး တိုက်ပွဲဝင်ရန် ပြင်ဆင်လာခဲ့ကြသော အဖွဲ့သားများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး အတော်ကြာအောင် ပြန်မပိတ်နိုင်တော့ပေ။ အိပ်မက်,မက်နေသည်ဟုပင် ထင်မှတ်သွားကြသည်။

ဇွန်ဘီများသည် တစ်ဖက်သတ် အသတ်ခံထားရသည့်အလား၊ ခေါင်းပြတ်နေသော ဇွန်ဘီပေါင်း သန်းနှင့်ချီ၍ လမ်းမများပေါ်တွင် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ ဤမြင်ကွင်းမှာ အလွန်ကြီးမားသော တုန်လှုပ်မှုကို ဖြစ်စေသည်။ အထူးခြားဆုံးမှာ လမ်းထောင့်တွင် တောင်ငယ်တစ်လုံးအလား လဲကျနေသော ဆင်ဖြူကြီး၏ အလောင်းပင် ဖြစ်သည်။

မြို့ကြီး တစ်ခုလုံးမှာ သေမင်းတမန် မြို့တော်အလား တိတ်ဆိတ် ငြိမ်သက်နေသည်။

"နတ်ဘုရားတွေပဲ..." ကိုကြွက်က တိုးတိုးလေး ရေရွတ်လိုက်ရာ၊ အဖွဲ့သားများ အားလုံးကလည်း အလိုအလျောက် ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

ဒါဟာ လူသားတွေရဲ့နည်းလမ်းနဲ့ လုပ်နိုင်တဲ့ ကိစ္စမျိုး လုံးဝ မဟုတ်ဘူး။

"ကွပ်ကဲမှုစင်တာ... ဒါက ယာယီ ကင်းထောက်အဖွဲ့ပါ။" ကိုကြွက်သည် ဆက်သွယ်ရေးစက်ကို အလျင်အမြန် ကောက်ကိုင်ကာ အထက်လူကြီးများထံ အခြေအနေကို အစီရင်ခံလိုက်သည်။ သူ၏ မျက်နှာတွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

ဒါက အန္တရာယ် တစ်စက်လေးမှမရှိဘဲ ပံ့ပိုးမှုအမှတ်တွေကို အလကား ကောက်ရတာပဲ!

"ပြောပါ။" ဆက်သွယ်ရေးစက် တစ်ဖက်မှ အသံထွက်လာသည်။

"ကျွန်တော်တို့ ချီယွိမြို့မှာ သန်းနဲ့ချီတဲ့ ဇွန်ဘီတွေကို တွေ့ရပါတယ်..."

ဆက်သွယ်ရေးစက် တစ်ဖက်မှ အလျင်အမြန် မေးလာသည် - "သူတို့ရဲ့ ရွေ့လျားမယ့် လမ်းကြောင်းက ဘယ်လိုလဲ။ အဆင့် ၁ ဇွန်ဘီ ဘယ်လောက်၊ အဆင့် ၂ ဇွန်ဘီ ဘယ်လောက်ပါလဲ။ အဆင့် ၃ ဇွန်ဘီရဲ့ အခြေအနေက ဘယ်လိုရှိလဲ။ သူတို့ရဲ့ စည်းကမ်းပိုင်းကကော။"

"သူတို့က နေရာခွဲပြီး လှုပ်ရှားနေကြတယ်... မြေကြီးပေါ်မှာ လဲနေကြတာဆိုတော့၊ ရွေ့လျားမယ့် လမ်းကြောင်းကို ခန့်မှန်းဖို့ ခက်လိမ့်မယ် ထင်တယ်။" စည်းကမ်းပိုင်းနဲ့ ပတ်သက်ရင်တော့ ပြောစရာ မလိုအောင် ကောင်းမွန်လွန်းနေတယ်၊ မလှုပ်နဲ့လို့ပြောရင် လုံးဝကို မလှုပ်ကြတော့ဘူးဟု ကိုကြွက်က စိတ်ထဲမှ တွေးလိုက်သည်။

"ဘာအဓိပ္ပာယ်လဲ။" အထက်လူကြီး မျက်မှောင်ကြုတ်သွားသည်။ ဇွန်ဘီတွေက အိပ်တတ်တယ်လို့ သူ တစ်ခါမှ မကြားဖူးပေ။ ပြီးတော့ နေရာခွဲပြီး လှုပ်ရှားနေကြတယ် (ခေါင်းနဲ့ကိုယ် ခွဲခြားပြီး လှုပ်ရှားသည်ဟုလည်း အဓိပ္ပာယ်ရသည်) ဆိုတာက ဘာသဘောလဲ။ ဇွန်ဘီတွေမှာ စစ်ဗျူဟာတွေတောင် ရှိနေပြီလား။ ဒါဆိုရင်တော့ ပြဿနာ အကြီးကြီးပဲ။ လက်ရှိ ကာကွယ်ရေး ဗျူဟာတွေကို ပြောင်းလဲဖို့ လိုအပ်လာပြီ။

ကိုကြွက်သည် စကားလုံးများကို သေချာ ရွေးချယ်ကာ၊ အထက်လူကြီး ယုံကြည်လာစေရန် အခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျ တင်ပြရန် ကြိုးစားလိုက်သည် - "ချီယွိမြို့မှာ သန်းနဲ့ချီတဲ့ ဇွန်ဘီတွေ သေဆုံးနေပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းက ခေါင်းနဲ့ ကိုယ် ကင်းကွာသွားလို့ပါ။ လော့ယင်နဲ့ လော့ကျူတို့ လုပ်သွားတာဖြစ်ဖို့ များပါတယ်။"

ကိုကြွက်က 'လော့မိသားစုရဲ့ ဘိုးဘေး တစ္ဆေ' ဆိုတာကိုတော့ စိတ်ထဲကနေပဲ ဖြည့်တွေးလိုက်သည်။

"..."

အထက်လူကြီးက ထိုကဲ့သို့သော အလိမ်အညာစကားမျိုးကို သေချာပေါက် မယုံကြည်ပေ။ သို့သော် အဖွဲ့ထဲတွင် သူ့လူယုံတစ်ယောက် ပါဝင်နေပြီး၊ ထိုလူယုံ၏ အစီရင်ခံချက်မှာ ကိုကြွက်၏ စကားနှင့် ထပ်တူကျနေရုံသာမက ပို၍ပင် ချဲ့ကား ပြောဆိုနေသေးသည်။

အထက်လူကြီးသည် အချိန်အတော်ကြာမှသာ ဤအမှန်တရားကို လက်ခံနိုင်တော့ပြီး၊ လော့ယင်နှင့် လော့ကျူတို့ကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည် -

"-ီးပဲ!"

ကိုကြွက်သည် ဤဇွန်ဘီများကို ကြည့်ရင်း မျက်လုံးများ အရောင်လက်လာသည်။ ဇွန်ဘီ အန္တရာယ် မရှိတော့သဖြင့်၊ ချီယွိမြို့ကြီးမှာ အလွန် ကြီးမားသော ရတနာသိုက်ကြီးတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အပျက်အစီးများကြားတွင် အသုံးဝင်မည့် ပစ္စည်းများ မည်မျှ ဖုံးကွယ်နေမည်ကို မသိနိုင်ပေ။ ဤနေရာတွင် စူပါကွန်ပျူတာတစ်လုံးရှိသည်ဟု သူ ကြားဖူးခဲ့သော်လည်း၊ သူ တစ်ယောက်တည်း သယ်မသွားနိုင်ခဲ့ပေ။ ယခု အဖွဲ့လိုက် ရောက်နေပြီဖြစ်သော်လည်း... သယ်နိုင်ဖို့ မသေချာသေးပေ။

ဒါတွေက အသေးအဖွဲ ပြဿနာလေးတွေပါ။

ထို့ပြင် အခြားပစ္စည်းများကို မပြောနှင့်ဦး၊ ထို ဆင်ဖြူကြီး၏ အလောင်းတစ်ခုတည်းကပင် ပံ့ပိုးမှုအမှတ် အမြောက်အမြား ရရှိနိုင်မည် ဖြစ်သည်။ ဤသည်မှာ အဆင့် ၃ ဇွန်ဘီဖြစ်ရာ၊ အရေခွံ၊ အသား၊ အရိုး အားလုံးမှာ သိပ္ပံသုတေသန အတွက်ဖြစ်စေ၊ လက်နက် ပြုလုပ်ရန်အတွက်ဖြစ်စေ အလွန် တန်ဖိုးကြီးမားလှသည်။ လူကြီးမင်း နှစ်ယောက်က ဤအလောင်းကို ဂရုမစိုက်သော်လည်း သူတို့ကတော့ ဂရုစိုက်သည်။

ကိုကြွက်က စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ လူကြီးမင်းများ၏ နောက်သို့ လိုက်ရသည်မှာ အသားဟင်းရည် သောက်ရရုံသာမက၊ အသားပါ စားရသည် မဟုတ်လား။

...

ဖူလင်ဇုန်၊ ပံ့ပိုးမှုအမှတ် လဲလှယ်ရေး စင်တာ။

"မင်းရဲ့ တာဝန်တွေကို ရွေးမနေပါနဲ့တော့၊ ဘယ်လိုပဲဖြစ်ဖြစ် ပြီးမြောက်အောင် လုပ်နိုင်မှာမှ မဟုတ်တာ။ ဟိုမှာ ကြည့်လိုက်စမ်း... ဘယ်သူ လာလဲလို့!" လူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် သူ၏ သူငယ်ချင်းကို လှမ်းခေါ်လိုက်သည်။

လဲလှယ်ရေးစင်တာသည် တာဝန်အမျိုးမျိုးကို ထုတ်ပြန်ပေးလေ့ရှိသည်။ ဥပမာ - ဆွေမျိုးများကို ရှာဖွေပေးခြင်း၊ ချီယွိမြို့မှ အဆင့် ၂ ဇွန်ဘီများကို ရှင်းလင်းခြင်း စသည်ဖြင့် ဖြစ်သည်။ တာဝန် ပြီးမြောက်ပါက ပံ့ပိုးမှုအမှတ်များ ရရှိမည် ဖြစ်သည်။ ဤတာဝန်များမှာ ယေဘုယျအားဖြင့် အလွန် ခက်ခဲပြီး သေချာ ရွေးချယ်ရန် လိုအပ်သည်။ မဟုတ်လျှင် အသက်ပါ ဆုံးရှုံးသွားနိုင်သည်။

သူငယ်ချင်းဖြစ်သူက အတွေးအနှောင့်အယှက် ခံလိုက်ရသဖြင့် မကျေမနပ် ဖြစ်သွားသည် - "ဘာလို့ ပြီးမြောက်အောင် မလုပ်နိုင်ရမှာလဲ၊ ငါ ဘယ်လောက် ကြိုးစားနေလဲဆိုတာ မင်း သိလား။ ငါက ညံ့လို့မှ မဟုတ်တာ၊ တာဝန်တွေက အရမ်း ခက်နေလို့ပါ။ ဘယ်သူလာလို့လဲ... လော့ယင်ကြီး လာတာများလား... လခွမ်း... တကယ်ကြီးပဲ!"

အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး လဲလှယ်ရေး စင်တာအတွင်းသို့ ဝင်ရောက်လာသည်နှင့်၊ ဆူညံနေသော လူအုပ်ကြီးမှာ အလိုအလျောက် တိတ်ဆိတ်သွားကြပြီး၊ ခေါင်းများက ထိုမောင်နှမ နှစ်ယောက်၏ ခြေလှမ်းများနှင့်အတူ လိုက်ပါ ရွေ့လျားနေကြသည်။

"အဲ့ဒါ လော့ကျူ လား... အရမ်း ချစ်စရာကောင်းတာပဲ။ သူ့အစ်ကိုနဲ့ နည်းနည်းမှ မတူဘူး။"

လော့ယင်၏ ပရိသတ်များက မကျေမနပ်ဖြင့် ပြန်ပြောကြသည် - "လော့ယင်ကကော ဘာဖြစ်နေလို့လဲ... ရုပ်ပဲ ကြည့်နေကြတာလား၊ သူ့ရဲ့ ယောကျ်ားပီသတဲ့ အရှိန်အဝါကို မမြင်ကြဘူးလား။"

"အဲ့ဒါ ကောလာဟလတွေထဲက လော့မိသားစုရဲ့ ဘိုးဘေးကြီးလား။ အရမ်း ငယ်သေးတယ်နော်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတာ အရမ်းသနားစရာကောင်းတယ်။"

လူအုပ်ကြီးက တိုးတိုးလေး ဆွေးနွေးနေကြသည်။

"မင်္ဂလာပါ... လူကြီးမင်းတို့... နှစ်ယော... သုံးယောက်က ပစ္စည်း ရောင်းချင်လို့လား၊ ဝယ်ချင်လို့လား၊ ဒါမှမဟုတ် တာဝန် လာအပ်တာလား။" လဲလှယ်ရေးစင်တာ၏ ဧည့်ကြို ကောင်တာမှ ဝန်ထမ်းကောင်မလေးမှာ ပါးပြင်များ နီရဲနေပြီး၊ မိမိ၏ အိုင်ဒေါများကို ကြည့်ရင်း စိတ်လှုပ်ရှားမှုကို အစွမ်းကုန် ထိန်းချုပ်နေရသည်။

သူမက 'နှစ်ယောက်' ဟု ပြောရန် ပြင်လိုက်သော်လည်း၊ ကျန်းလီကို မြင်လိုက်ရသဖြင့် 'သုံးယောက်' ဟု အလိုအလျောက် ပြင်ပြောလိုက်မိသည်။

"ကျွန်တော့်ဆီမှာ ပံ့ပိုးမှုအမှတ် ဘယ်လောက် ရှိလဲဆိုတာလေး ကြည့်ပေးပါ။" လော့ယင်က ပြောလိုက်သည်။

"ဟုတ်ကဲ့... ခဏလေး စောင့်ပေးပါ... လူကြီးမင်း လော့ယင်... လူကြီးမင်းဆီမှာ ပံ့ပိုးမှုအမှတ် စုစုပေါင်း ခြောက်သန်း ငါးသိန်း ခြောက်သောင်း ရှစ်ထောင် ရှိပါတယ်။"

လူအုပ်ကြီးမှာ ထိုကြောက်မက်ဖွယ်ကောင်းသော ပံ့ပိုးမှုအမှတ် ပမာဏကို ကြားလိုက်ရသဖြင့် အလန့်တကြား အသက်ရှူမှားသွားကြသည်။

"ကျွန်တော် မှတ်မိသလိုဆို အဆင့် ၁ ဦးနှောက်အမြုတေတစ်ခုကို ပံ့ပိုးမှုအမှတ် ၅၀ နော်။ ဟုတ်လား။"

လော့ယင်သည် သူ၏ ပံ့ပိုးမှုအမှတ် ပမာဏကို အံ့ဩခြင်း မရှိပေ။ ပံ့ပိုးမှုအမှတ် ဆိုသည်မှာ နာမည်အတိုင်းပင် ဇုန်အပေါ် ပံ့ပိုးမှုအပေါ် မူတည်၍ ရရှိခြင်း ဖြစ်ပြီး၊ ဇွန်ဘီကပ်ဘေးမတိုင်မီက ငွေကြေးများနှင့် တန်ဖိုးတူညီခြင်း မရှိပေ။ ယခုအခါ စက္ကူပိုက်ဆံများမှာ အမှိုက်များကဲ့သို့ ဖြစ်နေပြီး၊ လမ်းပေါ်တွင် ပြုတ်ကျနေလျှင်ပင် မည်သူကမျှ ကောက်ယူမည် မဟုတ်ပေ။

လော့ယင်၏ ပံ့ပိုးမှုများမှာ အဆုံးအစမရှိ များပြားလှသည်။ စွမ်းရည်မြှင့်လူသားစနစ်ကို တီထွင်ခဲ့ခြင်း၊ ဇွန်ဘီများနှင့် ပတ်သက်သော အချက်အလက်များကို ဖြန့်ဝေခဲ့ခြင်း၊ ဘေးအန္တရာယ်များကို ကြိုတင် ခန့်မှန်းပေးခဲ့ခြင်း၊ နိုင်ငံများကို ပြန်လည်တည်ဆောက်မည့်အစား ရှင်သန်ရေးဇုန်များ တည်ဆောက်ရန် အကြံပြုခဲ့ခြင်း စသည်တို့အပြင်၊ မကြာသေးမီက ဇွန်ဘီအုပ်စုကြီးကို တားဆီးပေးခဲ့ခြင်း စသည့် လုပ်ရပ်များကြောင့် သူ၏ ပံ့ပိုးမှုအမှတ်များမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော ပမာဏသို့ ရောက်ရှိနေခြင်းဖြစ်သည်။

လော့ယင်သည် လက်ရှိတွင် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လောက်သည်။

"ဟုတ်ပါတယ်။ လူကြီးမင်းက..."

"အဆင့် ၁ ဦးနှောက်အမြုတေ အကုန်လုံးကို ဝယ်မယ်။"

ဧည့်ကြို ဝန်ထမ်းကောင်မလေးမှာ ခေတ္တကြောင်အမ်းသွားပြီး၊ မိမိ နားကြားမလွဲကြောင်း သေချာသွားသောအခါ လော့ယင်ကို ပရော်ဖက်ရှင်နယ် အပြုံးတစ်ခု ပြုံးပြကာ နောက်ဖေးသို့ အပြေးအလွှား သွားရောက်ပြီး စူပါဗိုက်ဇာကို ခေါ်လာခဲ့သည်။ စူပါဗိုက်ဇာမှာလည်း ခေါင်းကိုက်သွားပြီး မန်နေဂျာကို ဆက်ခေါ်ရသည်။ မန်နေဂျာမှာလည်း ခေါင်းကုတ်နေရသည်။ သူက ဒီနေရာမှာ အကြီးဆုံးဖြစ်ပြီး ထပ်ခေါ်စရာ လူမရှိတော့ပေ။

ဦးနှောက်အမြုတေ အားလုံးကို ဝယ်ယူရန် လော့ယင်၏ ပံ့ပိုးမှုအမှတ်များက လုံလောက်သော်လည်း၊ ပြဿနာမှာ သူတို့ လဲလှယ်ရေး စင်တာအနေဖြင့် ဤမျှ ကြီးမားသော အရောင်းအဝယ်ကို ပြုလုပ်ခွင့် မရှိခြင်းပင် ဖြစ်သည်။

မန်နေဂျာမှာ အရောင်းအဝယ်ကို မည်သို့ လုပ်ဆောင်ရမည်ကို စဉ်းစားနေစဉ်၊ တစ်စုံတစ်ယောက်က သူ၏ ပခုံးကို လာပုတ်သဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ချက်ချင်း နေရာဖယ်ပေးလိုက်သည်။

"လူကြီးမင်း လော့ယင်? လူကြီးမင်းမ လော့ကျူ? ပြီးတော့ ဒီဘက်က လူကြီးမင်းကကော..." ပညာတတ်ပုံပေါက်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မန်နေဂျာနေရာတွင် ဝင်ရပ်လိုက်သည်။

"ကျန်းလီ ပါ။"

‘လော့မိသားစုရဲ့ ဘိုးဘေးကြီးက ဘာလို့ ကျန်း လို့ နာမည်ရတာလဲ?’

လူလတ်ပိုင်း အမျိုးသားသည် ထိုအသေးအဖွဲ ကိစ္စကို ဂရုမစိုက်တော့ပေ - "ကျွန်တော့် မျိုးရိုးနာမည်က ဝမ် ပါ။ ဖူလင်ဇုန်ရဲ့ အကြီးအကဲ အရာရှိပါ။ လူသားတွေရဲ့ သူရဲကောင်းတွေနဲ့ တွေ့ရတာ အရမ်း ဝမ်းသာပါတယ်။ ဖူလင်ဇုန်ကနေ လူကြီးမင်းတို့ သုံးဦးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။"

ယခင်ဘဝက လော့ယင် ဖူလင်ဇုန်တွင် နေထိုင်ခဲ့စဉ်က ဤ အရာရှိဝမ်ကို သိခဲ့သည်။ သို့သော် ထိုအချိန်က သူသည် အလွန် အားနည်းသေးသဖြင့် အရာရှိဝမ်နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။ ဤဘဝတွင်မူ အရာရှိဝမ် ကိုယ်တိုင်က သူတို့ကို လာရောက် ဧည့်ခံနေခြင်း ဖြစ်သည်။

"ဒီနေရာက ပတ်ဝန်းကျင် သိပ်မကောင်းလို့... ကျွန်တော့် ရုံးခန်းထဲကို သွားပြီး စကားပြောကြမလား ။"

လော့ယင်နှင့် လော့ကျူတို့သည် ကျန်းလီကို လှမ်းကြည့်လိုက်ကြသည်။ ကျန်းလီက ခေါင်းညိတ်ပြလိုက်သည် - "ရပါတယ်။"

‘ဒီ ကျန်းလီ ဆိုတဲ့သူကမှ အဓိက ခေါင်းဆောင် ဖြစ်ပုံရတယ်။’ အရာရှိဝမ်သည် စိတ်ထဲတွင် ကျန်းလီ၏ အဆင့်အတန်းကို တစ်ဆင့် ထပ်မံ မြှင့်တင်လိုက်သည်။

***

မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့

Mahayana 134

အခန်း ၁၃၄ ။ လူသားတို့ သမိုင်းတွင် အကြီးမားဆုံး အမဲလိုက်ပွဲ

"ဦးနှောက်အမြုတေ အားလုံးကို ဝယ်မယ်ဆိုတာကတော့ နည်းနည်း..."

ရုံးခန်းထဲတွင် အရာရှိဝမ်က အားနာဟန်ဖြင့် ပြုံးပြလိုက်သည် - "လူကြီးမင်း လော့ယင်ရဲ့ ချမ်းသာကြွယ်ဝမှုကို ကျွန်တော် မသင်္ကာတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူကြီးမင်းတို့လည်း သိတဲ့အတိုင်း ဦးနှောက်အမြုတေဆိုတာက မဟာဗျူဟာမြောက် ပစ္စည်းတွေပါ။ အကုန်လုံးကို လူကြီးမင်းတို့ကို ရောင်းလိုက်ရင်၊ ဖူလင်ဇုန်က စွမ်းရည်မြှင့်လူသားတွေက မကျေမနပ် ဖြစ်ကြလိမ့်မယ်။"

အရာရှိဝမ်သည် ကိုကြွက်ထံမှ ဤသုံးဦး၏ အံ့ဩဖွယ် စွမ်းဆောင်ချက်များကို ကြားသိထားပြီးဖြစ်ရာ၊ ၎င်းတို့မှာ သိပ္ပံပညာဖြင့် ရှင်းပြ၍ မရနိုင်သော အရာများဖြစ်သဖြင့်၊ သူ၏ ဆက်ဆံရေးမှာ အလွန် သတိထားနေရသည်။ အကယ်၍ စကားတစ်ခွန်း မှားပြောမိပြီး သူတို့ကို စိတ်ဆိုးစေမိပါက အခြေအနေ မကောင်းနိုင်ကြောင်း သူ သိထားသည်။

"တစ်ဝက်လောက် ရောင်းပေးမယ်။" လော့ယင်က ဈေးဆစ်လိုက်သည်။

"တစ်ဝက်ဆိုတာလည်း များလွန်းနေပါသေးတယ်။ ဒီဦးနှောက်အမြုတေတွေကို ဘာအတွက် သုံးမလဲဆိုတာ လူကြီးမင်းတို့ ပြောပြနိုင်မှသာ... ဥပမာ - ရှင်သန်ရေးဇုန်အသစ်တစ်ခု တည်ဆောက်ဖို့ ဆိုရင်တော့၊ ဖူလင်ဇုန်က တခြားအကူအညီတွေပါ ထပ်ပေးနိုင်ပါတယ်။" ဟု အရာရှိဝမ်က သွယ်ဝိုက်၍ မေးမြန်းလိုက်သည်။

လော့ယင်က ခေါင်းခါပြလိုက်သည်။

"ခင်ဗျားလည်း ချီယွိမြို့က ကိစ္စကို သိမှာပါ။ ဇွန်ဘီအုပ်စုကြီး ရှင်းလင်းသွားတာက ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ဇုန်ကို အခုလေးတင် ကယ်တင်လိုက်တာပဲ။" ကျန်းလီက ပြောလိုက်သည်။ ကိုကြွက်၏ လှုပ်ရှားမှုများကို သူ နတ်ဘုရားအာရုံဖြင့် မြင်တွေ့ခဲ့ရသည်။

အရာရှိဝမ် အံ့ဩသွားသည်။ ကျန်းလီက သူ သိနေကြောင်းကို ဘယ်လိုလုပ် သိသွားတာလဲ။

ကျန်းလီက ဆက်ပြောသည် - "ပြီးတော့ ဇွန်ဘီတွေကို အနိုင်ယူချင်ရင် ဦးနှောက်အမြုတေ အများကြီး မဖြစ်မနေ လိုအပ်တယ်။"

အရာရှိဝမ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်၊ အတန်ကြာမှသာ ပြန်ပြောလိုက်သည် - "လူကြီးမင်းတို့က လူသားတွေရဲ့ သူရဲကောင်းတွေဆိုတာ လိမ်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော် လူကြီးမင်းတို့ကို ယုံကြည်ပါတယ်။ ဖူလင်ဇုန်မှာ အဆင့် ၁ ဦးနှောက်အမြုတေ ၆,၀၀၀ ရှိပါတယ်။ အဲ့ဒီထဲက ၃ ပုံ ၂ ပုံကို လူကြီးမင်းတို့ကို ရောင်းပေးပါ့မယ်။"

အရာရှိဝမ်သည် ထိုစကားကို ပြောပြီးနောက် ရင်ထဲမှ ကျောက်တုံးကြီးတစ်ခု ကျသွားသကဲ့သို့ စိတ်သက်သာရာ ရသွားသည်။

"နောက် တစ်လနေရင်... ဒီနေ့ ဆုံးဖြတ်ချက်ရဲ့ရလဒ်ကို ခင်ဗျား မြင်ရလိမ့်မယ်။" ကျန်းလီက ပြုံးလျက် ပြောလိုက်သည်။

ဦးနှောက်အမြုတေ ၄,၀၀၀ ရရှိခဲ့သဖြင့် အလုပ်အများကြီး သက်သာသွားခဲ့သည်။

လော့ယင်နှင့် လော့ကျူတို့ ထွက်သွားပြီး အတော်ကြာမှသာ၊ အရာရှိဝမ်သည် မိမိ၏ နဖူးကို ရိုက်ကာ နောင်တတရားဖြင့် ပြောလိုက်သည် - "အဲ့ဒီ ကျန်းလီ ဆိုတဲ့သူက ဘယ်ကလာသလဲဆိုတာ မေးဖို့ မေ့သွားတယ်။ ငါတို့ ဝမ်မိသားစုရဲ့ ဘိုးဘေးကြီးကော ကိုယ်ထင်ပြနိုင်ခြေရှိမလားလို့ မေးရမှာကို။"

...

ဒီတစ်လအတွင်းမှာ လော့ယင်နှင့် လော့ကျူတို့သည် ဇွန်ဘီများကို လိုက်လံ နှောင့်ယှက်နေခဲ့သည်။ အဆင့် ၃ သို့ ရောက်ရှိပြီး ဇွန်ဘီအုပ်စုကြီးကို ဖန်တီးကာ ရှင်သန်ရေးဇုန်များကို တိုက်ခိုက်မည့် ဇွန်ဘီများ ပေါ်လာတိုင်း၊ သူတို့သည် ဇုန်သို့ မရောက်မီမှာပင် ကြိုတင်၍ သတ်ဖြတ်ရေး အစီအရင်ဖြင့် ရှင်းလင်းပစ်ခဲ့သည်။ အဆင့် ၁နှင့် အဆင့် ၂ ဇွန်ဘီများ အားလုံး သေဆုံးသွားပြီးနောက်၊ တစ်ကောင်တည်း ကျန်နေသော အဆင့် ၃ ဇွန်ဘီကိုသာ မောင်နှမ နှစ်ယောက်က ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြသည်။

ယခင်က လော့ယင်သည် ဇွန်ဘီအုပ်စုကြီးများ၏ အန္တရာယ်ကို ရှင်သန်ရေးဇုန်များသို့ သတိပေးခဲ့ဖူးသော်လည်း၊ သူပြောသော အချိန်ရောက်လာသည့်တိုင် ဇွန်ဘီတစ်ကောင်မျှ မပေါ်လာသဖြင့်၊ လူများက လော့ယင်သည် ခြောက်လှန့်နေခြင်းသာဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် သန်းချီသော ခေါင်းပြတ်ဇွန်ဘီများ၏ ထိတ်လန့်ဖွယ်မြင်ကွင်းကို မျက်မြင်တွေ့ရှိခဲ့ရသော ရှင်သန်ရေးဇုန်များမှာမူ၊ လော့ယင်၏ သတိပေးချက်ကို ခြောက်လှန့်ခြင်းဟု မည်သူကမျှ ထပ်မံ မသံသယဝင်ရဲတော့ပေ။

မောင်နှမ နှစ်ယောက်သည် အခြား ရှင်သန်ရေးဇုန်များသို့လည်း သွားရောက်ကာ ဦးနှောက်အမြုတေများကို ဝယ်ယူခဲ့ကြသည်။ သို့သော် ဇုန်တိုင်း၏ အကြီးအကဲများက အရာရှိဝမ်ကဲ့သို့ မောင်နှမ နှစ်ယောက်ကို မယုံကြည်ကြပေ။ အချို့သော ဇုန်များက ဦးနှောက်အမြုတေ ၁,၀၀၀ သာ ရောင်းချပေးပြီး၊ အချို့ဇုန်များကမူ သူတို့ကိုပင် ဦးနှောက်အမြုတေ ပြန်ရောင်းနိုင်မလားဟု ပြန်လည် မေးမြန်းခဲ့ကြသည်။

နောက်ဆုံးတွင်မူ ဝယ်ယူ၍ ရရှိသော ဦးနှောက်အမြုတေများထက်၊ ဇွန်ဘီအုပ်စုကြီးများကို ရှင်းလင်း၍ ရရှိလာသော ဦးနှောက်အမြုတေများက ပိုမို များပြားနေခဲ့သည်။

...

တိတ်ဆိတ်ငြိမ်သက်နေသော ပင်လယ်ပြင်ကြီးမှာ သေနေသော ရေကန်ကြီးတစ်ခုအလား လှိုင်းဂယက် အနည်းငယ်မျှပင် မရှိပေ။ သို့သော် သမုဒ္ဒရာထဲတွင် အကြောက်စရာအကောင်းဆုံး ဇွန်ဘီများ ပုန်းအောင်းနေကြောင်း လူတိုင်း သိရှိထားကြသည်။

ပင်လယ်ကမ်းစပ်တွင် စခန်းချထားသော ကင်းထောက်အဖွဲ့သည် ပင်လယ်ပြင်ကို ကြည့်ရင်း အချင်းချင်း စကားပြောနေကြသည် - "မင်းတို့ အထင်... ဇွန်ဘီဝေလငါးတွေက တကယ်ပဲ ဘယ်အဆင့် ရှိလောက်မလဲ။"

ကမ္ဘာပျက်ခေတ် နှောင်းပိုင်းကာလများနှင့် မတူဘဲ၊ ယခုအချိန်ရှိ ရှင်သန်ရေးဇုန်များသည် သမုဒ္ဒရာ၏ အန္တရာယ်ကို ပေါ်ပေါ်ထင်ထင်ပင် အလေးထားကြပြီး၊ ပင်လယ်ကမ်းစပ်တွင် ကင်းထောက်အဖွဲ့များကို အမြဲတမ်း စေလွှတ်၍ အခြေအနေကို စောင့်ကြည့် အစီရင်ခံစေခဲ့သည်။

တစ်စုံတစ်ယောက်က ဤမေးခွန်းမှာ ပျင်းစရာကောင်းသည်ဟု ယူဆကာ ပြန်ပြောသည် - "လော့ယင် ကြီးက ပြောပြီးပြီလေ... အဆင့် ၄ လို့။ ဒါ ဘာတွေ ထပ်ပြောနေစရာရှိလို့လဲ။"

"မင်းတို့က လော့ယင်ကို အရမ်း အထင်ကြီးလွန်းနေတယ်လို့ ငါတော့ ထင်တယ်။ သူက ကံကောင်းပြီး အသက်စွန့်ရဲလို့ ပထမဆုံး ဦးနှောက်အမြုတေကို စုပ်ယူရဲခဲ့တာပဲ။ ငါသာ အဲ့ဒီတုန်းက သတ္တိနည်းနည်းလေး ပိုရှိပြီး ဦးနှောက်အမြုတေကို စုပ်ယူခဲ့ရင်... အခုချိန်ဆို ငါက လူကြီးမင်း ဖြစ်နေလောက်ပြီ။"

"မင်းပြောတာလည်း ယုတ္တိရှိတယ်။ လော့ယင်ရဲ့စကားကို အကုန် ယုံလို့မရဘူး။ အဲ့ဒီတုန်းက သူက အဆင့် ၁ စွမ်းရည်မြှင့်လူသားပဲ ရှိသေးတာ၊ ထောက်လှမ်းရေးစက်လည်း မရှိဘဲနဲ့ ဝေလငါးတွေက အဆင့် ၄ ပါလို့ ဘယ်လိုလုပ် အတည်ပြုနိုင်မှာလဲ။ သူ့မျက်လုံးက စက်တွေထက်တောင် ပိုကောင်းနေလို့လား။"

"အခုချိန်မှာ အားလုံးက အဆင့် ၁ စွမ်းရည်မြှင့်လူသားတွေချည်းပဲ ဖြစ်နေတာ၊ ဝေလငါးတွေရဲ့ အဆင့်ကို မျက်စိနဲ့ ဘယ်သူက ခန့်မှန်းနိုင်မှာလဲ။"

"သူက ကံကောင်းလို့ပါ... ဘာတတ်နိုင်မှာလဲ။ ပြီးတော့ မျက်စိပသာဒ ဖြစ်စေမယ့် ချစ်စရာ ညီမလေး တစ်ယောက်လည်း ရှိသေးတယ်လေ။"

"ဟေ့... အားလုံးပဲ မြန်မြန် ကြည့်ကြ! ပင်လယ်ပြင်မှာ လှုပ်ရှားမှုရှိနေပြီ!"

ထိုစကားကို ကြားလိုက်သည်နှင့် အဖွဲ့သားများအားလုံး၏ နှလုံးသားများမှာ လည်ချောင်းဝသို့ ရောက်သွားကြပြီး၊ မည်သူကမျှ ဆက်လက် မငြင်းခုံနိုင်တော့ဘဲ ပင်လယ်ပြင်ဆီသို့သာ အာရုံစိုက် ကြည့်ရှုလိုက်ကြသည်။

ပင်လယ်ပြင်သည် တစ်စုံတစ်ခု၏ အာရုံခံမှုကို ရရှိလိုက်သည့်အလား ရုတ်တရက် လှိုင်းတံပိုးများ အလွန်အမင်း ထန်လာပြီး၊ လေပြင်းများ တိုက်ခတ်ကာ ရေဝဲကြီးများ ဖြစ်ပေါ်လာသည်။

လူသားများ၏ ရင်ထဲတွင် အကြောက်ရွံ့ဆုံးဖြစ်သော ဇွန်ဘီများသည် ရေဝဲကြီးများထဲမှ လေထဲသို့ ပျံတက်လာကြပြီး၊ လူသားမျိုးနွယ် မျိုးတုန်းတော့မည်ကို သတိပေးနေသည့် ခေါင်းလောင်းသံအလား ကျောချမ်းဖွယ် "ဝူး... ဝူး..." မြည်သံများကို ထုတ်လွှတ်နေကြသည်။

"ယုံကုဇုန်... ဒီမှာ သမုဒ္ဒရာကင်းထောက်အဖွဲ့ပါ။ ဇွန်ဘီဝေလငါးတွေကို တွေ့ရှိရပါတယ်! ထပ်ပြောပါမယ်... ဇွန်ဘီဝေလငါးတွေကို တွေ့ရှိရပါတယ်!" အဖွဲ့ခေါင်းဆောင်သည် ဆက်သွယ်ရေးစက်ကို ကောက်ကိုင်ကာ အသံကုန် အော်ဟစ်လိုက်သည်။

"ယုံကုဇုန်က ကြားပါပြီ။ အရေအတွက် ပြောပါ။"

"ထောက်လှမ်းရေးစက်က ပြနေတာကတော့... သူတို့က အဆင့် ၄ ဇွန်ဘီတွေပါ! အဆင့် ၄... သူတို့ ကျွန်တော်တို့ကို တွေ့သွားပြီ... အကွာအဝေး မီတာ ၁,၀၀၀... ၅၀၀..."

"သမုဒ္ဒရာ ကင်းထောက်အဖွဲ့! ကြားရင် ပြန်ဖြေပါ! သမုဒ္ဒရာ ကင်းထောက်အဖွဲ့! ကြားရင် ပြန်ဖြေပါ!"

ဆက်သွယ်ရေးစက်၏ အခြားတစ်ဖက်တွင်မူ... စကားပြောခွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်တစ်ပိုင်းသာ ကျန်ရှိတော့ပြီး မည်သည့်အခါကမျှ ပြန်လည် ဖြေကြားနိုင်တော့မည် မဟုတ်ပေ။

ဝေလငါး ဆယ်ဂဏန်းခန့်သည် အတောင်ပံများကို ခတ်ကာ လေထဲတွင် ပျံသန်းနေကြပြီး၊ လူသားများ မျိုးတုန်းတော့မည့် အချိန်ကို အောင်ပွဲခံနေသည့်အလား ဖြစ်နေသည်။

သူတို့၏ အော်ဟစ်သံများသည် မိုင်ရာချီ အကွာအဝေးအထိ ကြားနိုင်ပြီး၊ ရှင်သန်ရေးဇုန်မှ လူများကို ကြက်သီးမွေးညင်း ထသွားစေသည်။

"သူတို့... လာနေပြီ..."

ကမ္ဘာပျက် စတင်ချိန်ကထက်စာလျှင် ဝေလငါးများသည် ပိုမို သန်မာလာကြသော်လည်း၊ အဆင့် ၅ သို့ မရောက်ရှိသေးခြင်းမှာ သတင်းကောင်းတစ်ခု ဖြစ်သည်။

သို့သော် ရှင်သန်ရေးဇုန် အားလုံးက ထိုသို့ မထင်ကြပေ။ အဆင့် ၄ ဖြစ်ဖြစ်၊ အဆင့် ၅ ဖြစ်ဖြစ် ဘာထူးမှာလဲ... အဆင့် ၄ဆိုရင်ကော ငါတို့ တားနိုင်မှာမို့လို့လား။

ဝေလငါးများကလည်း ထိုသို့ပင် တွေးထားပုံရသည်။ ကုန်းမြေပေါ်တွင် သူတို့ကို ခြိမ်းခြောက်နိုင်မည့်အရာ မရှိဘူးဟု ယုံကြည်ထားကြသည်။

ပင်လယ်ကမ်းစပ်နှင့် အနီးဆုံးဖြစ်သော ယုံကုဇုန်သို့ ဝေလငါးများသည် ဦးတည် ပျံသန်းသွားကြသည်။

ယုံကုဇုန်သည် သေရေးရှင်ရေး တိုက်ပွဲဝင်ရန် ပြင်ဆင်ထားပြီး၊ အဝေးမှ တဖြည်းဖြည်း နီးကပ်လာသော ဝေလငါးများကို စိုက်ကြည့်နေကြသည်။

ဝေလငါးများသည် လွတ်လပ်စွာ ပျံသန်းလာရင်း ကွင်းပြင်တစ်ခုကို ဖြတ်သန်းသွားစဉ်... ကြီးမားလှသော ရေခဲချွန်ကြီးများ ရုတ်တရက် ကောင်းကင်မှ ကျဆင်းလာပြီး သူတို့၏ အသားတောင်ပံများကို ထိုးစိုက်ကာ မြေကြီးပေါ်သို့ ရိုက်နှက်လိုက်သည်။

ကောင်းကင်ဘုံက အပြစ်ပေးလိုက်သည့်အလား၊ အပြစ်သားများကို မြေကြီးပေါ်တွင် သံမှိုရိုက်ထားပြီး၊ ရေငတ်ခြင်း၊ နာကျင်ခြင်းများကို ခံစားကာ ခွန်အားကုန်ခမ်း သေဆုံးသွားစေရန် ရည်ရွယ်ထားပုံရသည်။

သို့သော် ရေခဲချွန်များ၏ အစွမ်းမှာ မလုံလောက်သေးသဖြင့်၊ ဝေလငါးများကို မြေကြီးပေါ်တွင် အမြဲတမ်း ချုပ်နှောင်ထားရန် မဖြစ်နိုင်ပေ။ ဝေလငါးများသည် အစွမ်းကုန် ရုန်းကန်ကာ ရေခဲချွန်များ၏ ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ကြိုးစားနေကြသည်။

ယုံကုဇုန်မှ စစ်တပ်များကတော့ သူတို့ မြင်တွေ့လိုက်ရသော မြင်ကွင်းကို သေသည်အထိ မေ့ပျောက်နိုင်တော့မည် မဟုတ်ကြောင်း အာမခံရဲကြသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် ရှေးကျပြီး ခမ်းနားကြီးကျယ်လှသော အစီအရင်ကြီးတစ်ခု ပေါ်ထွက်လာသည်။ မည်သူမဆို ထိုအစီအရင်ကို မြင်တွေ့လိုက်ရုံဖြင့်၊ ၎င်း၏ တည်ဆောက်ပုံ အလှတရားနှင့် သမိုင်းကြောင်း၊ ဉာဏ်ပညာတို့၏ နက်ရှိုင်းမှုကို ခံစားသိရှိနိုင်သည်။

အလုပ်လုပ်ပုံ နိယာမကို နားမလည်သလို၊ အစီအရင် ပုံစံများ၏ အဓိပ္ပာယ်ကိုလည်း မသိရှိကြသော်လည်း... ထိုအစီအရင်အတွင်း၌ လေးလံလှသော စွမ်းအားကြီးတစ်ခု ပါဝင်နေကြောင်းကိုမူ လူတိုင်း ခံစားမိကြသည်။ ၎င်းမှာ ခွန်အားသက်သက်သာ ရှိသော ဝေလငါးများထက် အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးပင်!

အစီအရင် ပေါ်ထွက်လာမှုကြောင့် ကောင်းကင်နှင့် မြေကြီးသည်လည်း လိုက်ပါ ပြောင်းလဲသွားပြီး၊ မိုးတိမ်များ စုဝေးလာကာ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်အုံ့မှိုင်းသွားသည်။

အလင်းစက်ပေါင်း ၁ သိန်းခွဲခန့်ဖြင့် ဖွဲ့စည်းထားသော အစီအရင်ကြီးမှာ အလွန် ထင်ရှားပေါ်လွင်နေပြီး၊ အမှောင်ထုထဲမှ တစ်ခုတည်းသော အလင်းရောင်အဖြစ် ကြယ်များထက်ပင် ပိုမို တောက်ပကာ လူတို့၏ စိတ်ကို တက်ကြွစေသည်။

ဤတစ်ကြိမ် သတ်ဖြတ်ရေးအစီအရင်အတွက် အသုံးပြုထားသော ကုန်ကြမ်းပမာဏမှာ ကျန်းလီ မျှော်လင့်ထားသည်ထက်ပင် ပိုမို များပြားနေခဲ့သည်။ သူတို့သည် တစ်လတည်းသော အချိန်အတွင်း အဆင့် ၁ ဦးနှောက်အမြုတေ (၁၅၀,၀၀၀)၊ အဆင့် ၂ ဦးနှောက်အမြုတေ ၈၀၀၊ နှင့် အဆင့် ၃ ဦးနှောက်အမြုတေ ၆ ခုတို့ကို စုဆောင်းနိုင်ခဲ့သည်။

အကယ်၍ ဤဦးနှောက်အမြုတေများကို အခြားနေရာများတွင် အသုံးပြုမည်ဆိုပါက အဆင့် ၄ ဇွန်ဘီများကို သေချာပေါက် အနိုင်ယူနိုင်မည် မဟုတ်ပေ။ သို့သော် အစီအရင်၏ ဖွဲ့စည်းပုံအောက်တွင်တော့... ဦးနှောက်အမြုတေ တစ်ခုချင်းစီတိုင်းသည် သူတို့၏ မူလ ဝိညာဉ်စွမ်းအားထက် ပိုမို ကြီးမားသော စွမ်းအားများကို ထုတ်ဖော်နိုင်ခဲ့ကြသည်!

"အစီအရင်ကို စတင်လိုက်။" ကျန်းလီက မျက်နှာသေဖြင့် အမိန့်ပေးလိုက်သည်။ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားသော သူ၏ နတ်ဘုရားအာရုံအောက်တွင် ဝေလငါးများ၏ လှုပ်ရှားမှုတိုင်းမှာ လျှို့ဝှက်ချက် မရှိတော့ပေ။

လွန်ခဲ့သော တစ်လကတည်းက ကြိုတင် ကြံစည်ထားမှုများအရ ဝေလငါးများ၏ ကံကြမ္မာမှာ အစောကြီးကတည်းက သတ်မှတ်ပြီးသား ဖြစ်နေခဲ့သည်။

အပေါ်နှင့် အောက် အစီအရင် နှစ်ခုသည် ဝေလငါးများကို အလယ်တွင် တင်းကျပ်စွာ ညှပ်ထားလိုက်သည်။ အချိန်ကြာမြင့်စွာ ကြိုတင်ပြင်ဆင်ထားပြီး ဝေလငါးများ ထောင်ချောက်ထဲသို့ ဝင်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

ဝေလငါးများက လူသားများကို သားကောင်အဖြစ် သတ်မှတ်ထားသော်လည်း၊ ဉာဏ်ပညာရှိသူများ၏ မျက်လုံးထဲတွင်မူ သူတို့ကသာ အကြီးမားဆုံးသော သားကောင်ကြီးများ ဖြစ်နေကြောင်း မသိခဲ့ကြပေ။

ဤသည်မှာ လူသားတို့၏သမိုင်းတွင် အကြီးမားဆုံးသော အမဲလိုက်ပွဲကြီး ဖြစ်လာတော့မည်!

ယခုအခါ သားကောင်များ ထောင်ချောက်ထဲသို့ ရောက်ရှိလာပြီဖြစ်ရာ၊ အစီအရင် နှစ်ခုသည် ဖြည်းညှင်းစွာ စတင် လည်ပတ်လာခဲ့သည်။

'သုဂတိဘုံသို့ ပို့ဆောင်ခြင်း ကြိတ်ဆုံ အစီအရင်'!

***

All Chapters