အခန်း (၁၄၁-၁၄၂)
Vol. 9 Ch. 141-142
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
Mahayana 141
အခန်း ၁၄၁ ။ 《ထျန်းကျီး သတင်းစာ》
နောက်ဆုံးတွင် ဗြဟ္မာမျှော်စင်ထွက်ပေါ်လာပြီး အမြဲတမ်း ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို တည်ဆောက်ပေးခဲ့သည်။ လမ်းကြောင်း၏ တစ်ဖက်မှာ တာအိုဂိုဏ်းတွင် ရှိပြီး၊ အခြားတစ်ဖက်မှာ မင်ကျုံးကမ္ဘာ၏ မြို့တော်တွင် ရှိသည်။ လမ်းကြောင်းကို ထိန်းသိမ်းရန် လိုအပ်သော ဝိညာဉ်စွမ်းအားများကို တာအိုဂိုဏ်းက တာဝန်ယူပေးမည် ဖြစ်သည်။
...
ယန်သက္ကရာဇ် ၄၈၀၄ ခုနှစ်၊ ၇ လပိုင်း၊ ၃ ရက်နေ့တွင် မင်ကျုံးကမ္ဘာ၏ လွှတ်တော်အဆောက်အအုံ၌၊ ကျိုကျိုး လူသားဧကရာဇ်က မိုင်ထောင်ချီ ကွာဝေးသော နေရာမှ လာရောက်၍ ကမ္ဘာအချင်းချင်း သံတမန် အလည်အပတ်ခရီး လာရောက်ခြင်းအတွက် ကြိုဆိုပွဲအခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့သည်။
လူသားဧကရာဇ် ကျင့်ကြံသူ ကျန်းလီသည် ဤကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အလည်အပတ်ခရီးစဉ်တွင် တာအိုဂိုဏ်း၏ ၃၉ ဆက်မြောက် ဂိုဏ်းချုပ် ကျင့်ကြံသူ ပိုင်ဟုန်ထူ၊ တာအိုဂိုဏ်း၏ ဘိုးဘေးကြီး ကျင့်ကြံသူ ချန်ချွန်း၊ နှင့် တာအိုဂိုဏ်းမှ အကြီးအကဲများ လိုက်ပါလာခဲ့ကြသည်။
ကြိုဆိုပွဲ အခမ်းအနား ပြီးဆုံးပြီးနောက်၊ သမ္မတ မင်ကျုံးသည် ဖုန်းကျယ်အဆောက်အအုံ၌ လူသားဧကရာဇ်ကျန်းနှင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပခဲ့သည်။
ဆွေးနွေးပွဲကို နွေးထွေးလှိုက်လှဲသော လေထုထဲတွင် ကျင်းပခဲ့ပြီး၊ နှစ်ဖက်စလုံး စိတ်ဝင်စားသော ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်များ ဖလှယ်ခဲ့ကြသည်။
ကျင့်ကြံသူ ကျန်းလီက - နှစ်ဖက်ကမ္ဘာကြား ယဉ်ကျေးမှုဖလှယ်ခြင်းကို တိုးမြှင့်ရမည်၊ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေရမည်၊ ပူးပေါင်းဆောင်ရွက်မှသာ အပြန်အလှန် အကျိုးရှိနိုင်မည် ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
သမ္မတ မင်ကျုံးကလည်း ကျိုကျိုး၏ လူသားဧကရာဇ် စနစ်အပေါ် အလွန် မြင့်မားစွာ အသိအမှတ်ပြုကြောင်း ဖော်ပြခဲ့သည်။
ခေါင်းဆောင် နှစ်ဦးသည် လက်ရှိ ကမ္ဘာသစ် အခင်းအကျင်းနှင့် ကျန်ရစ်နေသော သားရဲ ပြဿနာများနှင့် ပတ်သက်၍ အမြင်များ ဖလှယ်ခဲ့ကြပြီး သဘောတူညီမှုများ ရရှိခဲ့ကြသည်။
ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်ကို စွဲကိုင်ထားပြီး ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန်မှာ မျိုးဆက်သစ် လူငယ်များ၏ တာဝန်ဖြစ်ကြောင်း ခေါင်းဆောင် နှစ်ဦးက တညီတညွတ်တည်း သဘောတူညီခဲ့ကြသည်။
ဆွေးနွေးပွဲ ပြီးဆုံးပြီးနောက်၊ သောင်းသောင်းဖြဖြ လက်ခုပ်သံများနှင့်အတူ ကိုယ်စားလှယ်များ အားလုံး နောက်ဖေးခန်းသို့ ဝင်ရောက်ကာ ညစာစားပွဲကို ဆင်နွှဲခဲ့ကြသည်။
….
《ထျန်းကျီး သတင်းစာ》
"သတင်းစာ လာပြီ၊ သတင်းစာ! အခုလေးတင် ထွက်ထားတဲ့ 《ထျန်းကျီး သတင်းစာ》 လာပြီဗျို့!"
"သတင်းစာရောင်းတဲ့ ကောင်လေး... ဒီမှာ တစ်စောင်ပေး။" ကျင့်ကြံသူတစ်ဦးက သတင်းစာရောင်းသည့် ကောင်လေးထံသို့ အဆင့်နိမ့် ဝိညာဉ်ကျောက် ငါးတုံး ပစ်ပေးလိုက်သည်။
"ဟုတ်ကဲ့... ဒီမှာ ယူပါ။" သတင်းစာရောင်းသည့် ကောင်လေးက ဝိညာဉ်ကျောက်များကို ပြုံးရွှင်စွာ လက်ခံပြီး သတင်းစာ တစ်စောင်ကို ထိုကျင့်ကြံသူထံ ပေးလိုက်ကာ၊ ဆက်လက် အော်ဟစ် ရောင်းချနေတော့သည်။
《ထျန်းကျီး သတင်းစာ》 ဆိုသည်မှာ ကောင်းကင်လျှို့ဝှက်ချက်မျှော်စင် (ထျန်းကျီး)၏ စီးပွားရေး လုပ်ငန်းသစ်တစ်ခု ဖြစ်ပြီး၊ ကျိုကျိုး၏ အကြီးမားဆုံး သတင်းအချက်အလက် အင်အားစုအဖြစ် မိမိတို့၏ အဆင့်အတန်းကို ပြသရန် ရည်ရွယ်ခြင်းဖြစ်သည်။ သတင်းစာရောင်းသည့် ကောင်လေးများမှာလည်း ဘယ်ကမှန်းမသိ ခေါ်လာသော ကလေးများ မဟုတ်ဘဲ ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ တရားဝင် တပည့်များ ဖြစ်ကြသည်။ ထို့ကြောင့် သတင်းစာရောင်းသည့် ကောင်လေးက လူတိုင်းအပေါ် ရိုသေလေးစားသယောင် ရှိသော်လည်း၊ တကယ်တမ်းတွင် သူ၏ ကျင့်ကြံမှုအဆင့်မှာ သာမန်ကျင့်ကြံသူ အများစုထက် ပိုမို မြင့်မားနေသည်။
သတင်းစာရောင်းခြင်းမှာ ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ အတွင်းရေး တာဝန်တစ်ခုဖြစ်သည်။
《ထျန်းကျီး သတင်းစာ》 မှာ နေ့စဉ် ထုတ်ဝေခြင်း မဟုတ်ဘဲ၊ ၁၅ ရက်လျှင် တစ်ကြိမ်သာ ထုတ်ဝေခြင်းဖြစ်သည်။ သတင်းစာအတွင်းရှိ အကြောင်းအရာများမှာ အလွန်ပြည့်စုံကြွယ်ဝပြီး၊ စာမျက်နှာ ပြည့်စေရန်အတွက် အနှစ်သာရမရှိသော အကြောင်းအရာများဖြင့် လျှောက်ရေးထားခြင်းမျိုး မရှိပေ။
ထို့ကြောင့် ဤလုပ်ငန်းသစ်ကို စတင်မိတ်ဆက်လိုက်သည်နှင့်၊ ကျင့်ကြံသူများ၏ တခဲနက် ကြိုဆိုမှုကို ရရှိခဲ့ပြီး ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်အတွက် ဝင်ငွေများစွာ ရရှိစေခဲ့သည်။
《ထျန်းကျီး သတင်းစာ》 ကို လက်ခံရရှိလိုက်သည်နှင့် ပထမဆုံး မြင်တွေ့ရသည်မှာ ကျန်းလီနှင့် မင်ကျုံးတို့ အတူတူ ရိုက်ထားသော ဓာတ်ပုံပုံတူ ပန်းချီကားဖြစ်သည်။ ၎င်းမှာ ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်က တာအိုဂိုဏ်း ဂိုဏ်းချုပ် (ပိုင်ဟုန်ထူ) ကို အကူအညီတောင်းကာ ပြန်လည်ပုံဖော်ဆွဲခိုင်းထားခြင်းဖြစ်သည်။
ကျန်းလီအကြောင်းကို သတင်းစာတွင် ရေးသားရဲသည် ဆိုကတည်းက၊ ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်သည် ကျန်းလီ၏ ခွင့်ပြုချက်ကို ရရှိထားပြီးဖြစ်ကြောင်း သိသာလှသည်။ မဟုတ်လျှင် သူတို့၏ 'ကျိုကျိုး၏ အကြီးမားဆုံး သတင်းအချက်အလက် အင်အားစု' ဟူသော ဆိုင်းဘုတ်ကြီးမှာ နောက်နေ့မှာတင် အဖြုတ်ခံရမည်မှာ သေချာသည်။
"မိတ်ဆွေ... ဒီတစ်ခါ သတင်းစာမှာ စိတ်ဝင်စားစရာ အကြောင်းအရာတွေ ပါသေးလား။"
ပထမဆုံး သတင်းစာဝယ်လိုက်သော ကျင့်ကြံသူက ပြုံးလျက် ပြန်ဖြေသည် - "ဝယ်သာ ဝယ်လိုက်ပါ၊ ဝယ်လိုက်ရင် သေချာပေါက် တန်ပါတယ်။ ဒီတစ်ခေါက်အကြောင်းအရာက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျင်းပခဲ့တဲ့ 'ကျိုကျိုး အရေးပေါ် အစည်းအဝေး' အကြောင်းထက် မလျော့ဘူး၊ တကယ်ဆို ပိုတောင် စိတ်ဝင်စားဖို့ ကောင်းသေးတယ်။"
ထိုစကားကို ကြားလိုက်သောအခါ မေးမြန်းသူ၏မျက်လုံးများ အရောင်လက်သွားပြီး သတင်းစာ တစ်စောင် အလျင်အမြန် ဝယ်လိုက်တော့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ကျင်းပခဲ့သော 'ကျိုကျိုး အရေးပေါ် အစည်းအဝေး' အကြောင်းသည် 《ထျန်းကျီး သတင်းစာ》 ၏ မျက်နှာဖုံး သတင်းဖြစ်ခဲ့ပြီး၊ ထိုသတင်းကြောင့် ကျင့်ကြံသူ အများအပြားသည် အဆင့်မြင့် အစည်းအဝေးများ မည်သို့ရှိသည်ကို ပထမဆုံးအကြိမ် မျက်စိပွင့်သွားခဲ့ကြသည်။ ထိုသတင်းစာမှာ 《ထျန်းကျီး သတင်းစာ》 သမိုင်းတစ်လျှောက် အရောင်းရဆုံး စာစောင် ဖြစ်ခဲ့သည်။
ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ အရှင်သခင်သည် ထိုအစည်းအဝေးကို တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် သူ စကားတစ်ခွန်းမျှ မပြောခဲ့သော်လည်း၊ သူ၏ အာရုံစူးစိုက်မှုမှာ အခြားမည်သူ့ထက်မဆို ပိုမို ကြီးမားခဲ့ပြီး၊ အစည်းအဝေးရှိ အကြောင်းအရာ အားလုံးကို အသေးစိတ် မှတ်သားထားခဲ့သည်။
သို့သော် ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ အရှင်သခင်သည်လည်း ဉာဏ်ပြေးသူ ဖြစ်သဖြင့် အရာအားလုံးကိုတော့ သတင်းစာတွင် မရေးရဲပေ။ အနည်းဆုံးတော့ အစည်းအဝေးတွင် ပြဿနာရှာခဲ့သော ဝေ့ဧကရာဇ်အကြောင်းကိုတော့ ချန်လှပ်ထားခဲ့ရသည်။ မဟုတ်လျှင် ဝေ့ဧကရာဇ်က နိုင်ငံတော် ကံကြမ္မာစွမ်းအားကို ယူဆောင်လာပြီး သူ့ကို လာသတ်မည်မှာ သေချာသည်။
အစည်းအဝေးမှာ ပြဿနာလေး ရှာတာက အန္တရာယ်မရှိတဲ့ နောက်ပြောင်မှုလေးလို့ သတ်မှတ်လို့ ရပေမဲ့၊ သတင်းစာထဲမှာ ရေးလိုက်ရင်တော့ အဓိပ္ပာယ် လုံးဝ ပြောင်းသွားပြီလေ။
ထိုသတင်းစာတွင် ကျန်းလီအကြောင်းလည်း သေချာပေါက် ပါဝင်ခဲ့သည်။ သို့သော် လူသားဧကရာဇ်နှင့် သက်ဆိုင်နေသဖြင့် အလွယ်တကူ မရေးရဲဘဲ၊ ကျန်းလီ ဇွန်ဘီကမ္ဘာသို့ သွားနေစဉ်အတွင်း... လူသားဧကရာဇ်နန်းဆောင်ရှိ တစ်ဦးတည်းသော အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် တပ်မှူးဖြစ်သူ လျိုမျိုးရိုးကို အရင်ဆုံး ဖတ်ရှုစစ်ဆေးခိုင်းပြီး ခွင့်ပြုချက် ရရှိမှသာ ပုံနှိပ်ထုတ်ဝေရဲခဲ့ခြင်းဖြစ်သည်။
"ဘာ... လူသားဧကရာဇ်ကျန်းနဲ့ တာအိုဂိုဏ်းက လူတွေက ကမ္ဘာသစ်ကို သွားခဲ့တာလား!" သတင်းစာ ဝယ်လိုက်သော ကျင့်ကြံသူက အံ့ဩတကြီး ရေရွတ်လိုက်သည်။
ထိုစကားကို ကြားသောအခါ လူတိုင်းက စိတ်ဝင်စားသွားကြပြီး သတင်းစာများကို အလုအယက် ဝယ်ယူကြတော့သည်။ ဒီတစ်ခေါက် သတင်းစာမှာ ဘာတွေများ ပါဝင်နေမလဲ ဆိုတာကို သိချင်နေကြသည်။
သတင်းစာရောင်းသည့် ကောင်လေး၏ လက်ထဲရှိ သတင်းစာများမှာ လျင်မြန်စွာ ကုန်သွားတော့သည်။
ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်က ကြိုတင် တွက်ဆထားပြီးဖြစ်ရာ၊ ယခင်ကထက် အဆပေါင်းများစွာ ပိုမို များပြားသော သတင်းစာများကို ပုံနှိပ်ထားခဲ့သည်။ သတင်းစာရောင်းသည့် ကောင်လေးက သူ၏ သိုလှောင်လက်စွပ်ထဲမှ သတင်းစာ အထပ်လိုက်ကို ထပ်ထုတ်ကာ ဆက်လက် အော်ဟစ် ရောင်းချနေတော့သည်။
"သတင်းထူးဗျို့! သတင်းထူး! လူသားဧကရာဇ်ကျန်း ကမ္ဘာသစ်ကို အလည်အပတ် သွားရောက်!" "သတင်းထူးဗျို့! သတင်းထူး! လူသားဧကရာဇ်ကျန်း ကမ္ဘာသစ်ကို အလည်အပတ် သွားရောက်!"
လမ်းမပေါ်တွင် တစ်ချက် လှမ်းကြည့်လိုက်ပါက ခေါင်းမော့နေသူကို ရှာတွေ့ရန် အလွန် ခဲယဉ်းလှသည်။ လူတိုင်းက ခေါင်းငုံ့ကာ သတင်းစာ ဖတ်နေကြပြီး အခြားကမ္ဘာများက ဘယ်လိုများ နေမလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်နေကြသည်။
လူတစ်ယောက်က အကြောင်းအရာကို အကြမ်းဖျင်း ဖတ်လိုက်ပြီး - "ဒါက လူသားဧကရာဇ်ကျန်း ကျိုကျိုးကနေ ထွက်သွားပြီး ပထမဆုံးရောက်ခဲ့တဲ့ နေရာလို့ ကြားတယ်။ အဲ့ဒီမှာမှ အဖိုးတန်ရတနာ 'ယင်ယန်ကောင်းကင်တံဆိပ်' ကို ရှာတွေ့ခဲ့တာတဲ့။"
ကျိုကျိုးသည် တစ်ခုတည်းသော ကမ္ဘာမဟုတ်ဘဲ၊ ဗလာနယ်၏ အခြားတစ်ဖက်တွင် အခြားကမ္ဘာများ ရှိနေသေးကြောင်း သူတို့ ကြားဖူးထားသော်လည်း၊ ၎င်းမှာ ကောလာဟလ သက်သက်သာ ဖြစ်ပြီး မည်သူကမျှ အတိအကျ မသိရှိခဲ့ကြပေ။
"ကမ္ဘာတိုင်းက ဝိညာဉ်စွမ်းအား မရှိရင် မဖြစ်ဘူးလို့ ငါ ထင်ခဲ့တာ။ ဝိညာဉ်စွမ်းအားမရှိဘဲနဲ့လည်း ကောင်းကောင်းနေနိုင်တဲ့ ကမ္ဘာမျိုး ရှိနေတာပဲ။" သတင်းစာထဲမှ မင်ကျုံးကမ္ဘာ၏ သိပ္ပံနည်းပညာများအကြောင်း ရှင်းပြချက်ကို ဖတ်လိုက်ရသောအခါ၊ ထိုကျင့်ကြံသူ၏ အသိဉာဏ် နယ်ပယ်ကြီးမှာ လုံးဝ ပြောင်းလဲသွားတော့သည်။ ပထမ စက်မှုတော်လှန်ရေး၊ ဒုတိယ စက်မှုတော်လှန်ရေး၊ စွမ်းအင်သစ်များ အသုံးပြုခြင်း စသည့် အရာများမှာ သူ တစ်ခါမျှ မကြားဖူးသော အရာများ ဖြစ်နေသည်။
"မက်ခါစက်ရုပ်ဆိုတဲ့ အရာက ကြည့်ရတာ အရမ်းမိုက်တာပဲ။ ဘယ်အဆင့်ရှိတဲ့ ရတနာမျိုးများ ဖြစ်မလဲ မသိဘူး။"
"ဒါပေမဲ့ ဒီကမ္ဘာက သိပ်ပြီး မသန်မာဘူး ထင်တယ်။ သာမန် မိစ္ဆာသားရဲလေး တစ်ကောင်ကတောင် လူသားတွေကို မျိုးတုန်းအောင် လုပ်နိုင်တယ်တဲ့။ လူသားဧကရာဇ်ကျန်းသာ ဝင်မပါရင် ဒီကမ္ဘာက အန္တရာယ် များနေပြီ။"
"ဘာက သာမန် မိစ္ဆာသားရဲလေးလဲ။ အဲ့ဒါက ခန္ဓာပေါင်းစည်းခြင်းအဆင့် မိစ္ဆာသားရဲ အစစ်ကြီးလေ!"
"ခန္ဓာပေါင်းစည်းခြင်းအဆင့်ကလည်း သိပ်မြင့်တာမှ မဟုတ်တာ။" ဤကျင့်ကြံသူမှာ ချီသန့်စင်ခြင်း အဆင့် (၃) သာ ရှိသေးသော်လည်း၊ သူ၏ အမြင်ကျယ်မှုကိုတော့ လုံးဝ မတားဆီးနိုင်ပေ - "တကယ်လို့ အဲ့ဒီ မိစ္ဆာသားရဲတွေသာ ကျိုကျိုးကို ရောက်လာရင်၊ ဒုတိယနေ့ အလင်းရောင်ကိုတောင် မြင်ရပါ့မလား။"
၎င်းမှာ အမှန်တရားပင် ဖြစ်သည်။ ကိုးပြည်ထောင် အင်ပါယာများထဲမှ မည်သည့် ဧကရာဇ်မဆို နိုင်ငံတော် ကံကြမ္မာစွမ်းအားကို ရယူလိုက်သည်နှင့် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို ရောက်ရှိသွားမည်ဖြစ်ရာ၊ ခန္ဓာပေါင်းစည်းခြင်းအဆင့် မိစ္ဆာသားရဲလောက်ကိုတော့ အလွယ်တကူ ဖြေရှင်းနိုင်ပြီး လှိုင်းဂယက်လေးတစ်ခုပင် ထစေနိုင်မည် မဟုတ်ပေ။
"ဟေ့... မင်းတို့ ကြည့်လိုက်ဦး! သတင်းစာထဲမှာ အဲ့ဒီကမ္ဘာက လူတွေ ကျိုကျိုးကို လာနေတယ်လို့ ရေးထားတယ်။ ဆုံများ ဆုံနိုင်မလား မသိဘူး!"
"သူတို့က တာအိုဂိုဏ်းထဲမှာပဲ ကျိုကျိုးဘာသာစကား သင်နေကြတာလေ၊ လောလောဆယ် အပြင်ထွက်လာမှာ မဟုတ်ဘူး။ မင်းက ဆုံချင်သေးတယ်ပေါ့။ ပြီးတော့ အားလုံးက ဆံပင်အမည်း၊ မျက်လုံးအမည်းတွေချည်းပဲ ဆိုတော့၊ ဆုံရင်တောင်မှ မင်းက သူတို့ကို ခွဲခြားသိနိုင်မှာမို့လို့လား။"
"ဒီကမ္ဘာကို သွားလည်ကြည့်ချင်လိုက်တာ။ ဘယ်တော့များမှ သွားလည်ခွင့်ပေးမလဲ မသိဘူး။" ကျင့်ကြံသူ တစ်ဦးက သက်ပြင်းချလိုက်သည်။ ကျိုကျိုးနှင့် လုံးဝ မတူညီသော ကမ္ဘာတစ်ခုက သူ့ကို အလွန် ဆွဲဆောင်နေသည် - "ကျစ်... ဘာဖြစ်လို့ လူဦးရေ ကန့်သတ်ထားရတာလဲ!"
တစ်စုံတစ်ယောက်က သူ့ကို မျက်စောင်းထိုးကာ ပြန်ပြောလိုက်သည် - "လူဦးရေ မကန့်သတ်ထားရင်၊ အဲ့ဒီကမ္ဘာမှာ ငါတို့ ကျိုကျိုးက လူတွေချည်းပဲ ပြည့်သွားမှာပေါ့!"
"စောင့်နေလိုက်ပါ... နောက် ၁၀ နှစ်အတွင်းမှာတော့ ကန့်သတ်ချက်တွေအကုန် ရုပ်သိမ်းသွားလောက်ပါတယ်။" လူတစ်ယောက်က အခြေအနေကို ခန့်မှန်း၍ ပြောလိုက်သည်။
"ဒါနဲ့... ပြဿနာတစ်ခုကို မင်းတို့ သတိမထားမိကြဘူးလား။ တာအိုဂိုဏ်းက လူတွေက အဲ့ဒီကမ္ဘာကို ဘယ်လိုသွားကြတာလဲ။"
"အေးနော်... ကမ္ဘာတစ်ခုနဲ့ တစ်ခုကြားမှာ ဗလာနယ်ကြီး ခြားထားတာလေ။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တောင် ဖြတ်ကျော်ဖို့ ခက်ခဲတာကို။"
"သတင်းစာရဲ့ အောက်ဆုံးကို ကြည့်လိုက်ဦး။ အောက်ဆုံးမှာ လူသားဧကရာဇ်ကျန်းက ဗြဟ္မာမျှော်စင်ကို ရှာတွေ့ခဲ့တယ်လို့ ရေးထားတယ်။ ဗြဟ္မာမျှော်စင်က ကျိုကျိုးမှာတင် ဟင်းလင်းပြင် လမ်းကြောင်းတွေ တည်ဆောက်ပေးနိုင်သလို၊ ကမ္ဘာတွေကြားမှာလည်း လမ်းကြောင်း တည်ဆောက်ပေးနိုင်တယ်တဲ့။ ဒါပေမဲ့ လမ်းကြောင်းတွေကို ထိန်းသိမ်းဖို့အတွက်တော့ ဝိညာဉ်စွမ်းအား အများကြီး လိုအပ်တယ်လို့ ရေးထားတယ်။"
ပါးနပ်သော ကျင့်ကြံသူ တစ်ဦးက ဤသတင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိသွားသည် - "လူသားဧကရာဇ်ကျန်းက အင်အားစုကြီးတွေကို ဟင်းလင်းပြင် လမ်းကြောင်း တည်ဆောက်ဖို့ လျှောက်လွှာတင်ကြဖို့ သွယ်ဝိုက်ပြီး အချက်ပြနေတာပဲ။"
ထင်ထားသည့်အတိုင်းပင်၊ အင်အားစုကြီးများသည် မင်ကျုံးကမ္ဘာထက်စာလျှင် ဟင်းလင်းပြင် လမ်းကြောင်းများကို ပိုမို စိတ်ဝင်စားနေကြသည်။ သတင်းစာတွင် အတိအလင်း ရေးသားထားပြီး ဖြစ်သည်။ မင်ကျုံးကမ္ဘာသို့ သွားရောက်ရန် လူဦးရေ ကန့်သတ်ချက် ရှိရုံသာမက၊ ဝင်ပေါက်ကလည်း တာအိုဂိုဏ်းထဲတွင် ရှိနေသဖြင့် သူတို့က မင်ကျုံးကမ္ဘာကို စိတ်ဝင်စားလျှင်တောင် သွား၍ မရနိုင်ပေ။
ထို့ကြောင့် သူတို့သည် မိမိတို့ မျက်စိရှေ့ရှိ ဟင်းလင်းပြင် လမ်းကြောင်းများကိုသာ ပိုမို ဂရုစိုက်ကြတော့သည်။
***
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
Mahayana 142
အခန်း ၁၄၂ ။ တာဝန်အသစ်
ကျင့်ကြံသူများအတွက် ကျိုကျိုးကမ္ဘာ ကျယ်ဝန်းခြင်းက ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်သည်။ သူတို့ ဖွံ့ဖြိုးတိုးတက်ရန် နေရာကျယ်ကျယ်ဝန်းဝန်းရရှိပြီး၊ ပိုမို ကြီးမားသော စင်မြင့်ကြီးတစ်ခုကို ရရှိသောကြောင့် ဖြစ်သည်။
သို့သော် အင်ပါယာ နိုင်ငံကြီးများအတွက်မူ ၎င်းမှာ သိပ်မကောင်းလှပေ။ အင်ပါယာတစ်ခု တည်ထောင်ရန်အတွက် စစ်ရေးအင်အားကို အားကိုးရသော်လည်း၊ အင်ပါယာကို ထိန်းသိမ်းရန်အတွက်မူ စစ်ရေးအင်အားသာမက စီးပွားရေး အင်အားလည်း လိုအပ်သည်။
နှစ်သောင်းချီ ကြာမြင့်လာပြီးနောက်၊ အင်ပါယာများ၏ စီးပွားရေးလုပ်ငန်းများမှာ အတားအဆီးတစ်ခုနှင့် ကြုံတွေ့လာရသည်။ ပြည်တွင်း ဝယ်လိုအားမှာ ပြည့်ဝနေပြီဖြစ်ရာ၊ ဆက်လက် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဝယ်လိုအား အသစ်များကို ရှာဖွေရန် လိုအပ်လာသည်။
ထိုဝယ်လိုအား အသစ်များဆိုသည်မှာ အခြားသော အင်ပါယာ နိုင်ငံများကို ဆိုလိုခြင်းပင်ဖြစ်သည်။
ဥပမာအားဖြင့် မဟာဝေ့အင်ပါယာတွင် သီးသန့်ထွက်ရှိသော 'ကျူးကော' ဟုခေါ်သည့် အသီးတစ်မျိုး ရှိသည်။ ဈေးနှုန်းချိုသာပြီး အရသာရှိကာ ကျင့်ကြံသူများ စားသုံးရန် အလွန်သင့်တော်သည်။ အခြား အင်ပါယာများကလည်း မဟာဝေ့အင်ပါယာမှ ဤအသီးများကို မိမိတို့နိုင်ငံသို့ တင်ပို့ရောင်းချစေလိုကြသည်။ သို့သော် ကျူးကောအသီးသည် ခူးဆွတ်ပြီး လအနည်းငယ်ကြာပါက အတွင်းရှိ ဝိညာဉ်စွမ်းအားများ လုံးဝပျောက်ကွယ်သွားပြီး အရသာလည်း ပုံမှန်ဖြစ်သွားကာ တန်ဖိုး မရှိတော့ပေ။
သိုလှောင်လက်စွပ်ဆိုသည်မှာ ပစ္စည်းများကို သိမ်းဆည်းရန်သာ အသုံးပြုနိုင်ပြီး၊ အတွင်းပိုင်းတွင် အချိန်စီးဆင်းမှုက ရပ်တန့်နေခြင်း မရှိပေ။
နောက်ဥပမာ တစ်ခုအနေဖြင့် သားရဲထိန်းကျောင်းရေးဂိုဏ်းမှ ဝိညာဉ်သားရဲများကို ကျင့်ကြံသူများစွာ၊ အထူးသဖြင့် အမျိုးသမီး ကျင့်ကြံသူများက အလွန်သဘောကျကြသည်။ အမွေးနုနုလေးများနှင့် ချစ်စရာကောင်းသော အကောင်ပေါက်လေးများကို အထူး နှစ်သက်ကြသည်။
သို့သော် ပြဿနာမှာ ဤဝိညာဉ်သားရဲများကို အခြားနိုင်ငံများသို့ ပို့ဆောင်ရန်အတွက် နှစ်နှင့်ချီ၍ အချိန်ယူရခြင်းပင်ဖြစ်သည်။ ထိုမျှလောက် အချိန်ကြာသွားပါက ဝိညာဉ်သားရဲလေးများမှာ ကြီးပြင်းသွားပြီဖြစ်ရာ ငယ်ငယ်ကလို ချစ်စရာကောင်းသော ပုံစံမျိုး မရှိတော့ပေ။
ကျိုကျိုးကမ္ဘာမှာ အလွန် ကျယ်ဝန်းလွန်းလှသဖြင့် အခြား အင်ပါယာတစ်ခုသို့ ပစ္စည်းများ ပို့ဆောင်ရန်အတွက် နှစ်နှင့်ချီ၍ အချိန်ယူရသည်။
နှစ်နှင့်ချီ အချိန်ယူပြီးမှသာ အရောင်းအဝယ် တစ်ခု ပြီးမြောက်နိုင်သဖြင့် အရှုံးပေါ်၊ မပေါ် မသေချာသော်လည်း အမြတ်ကြီးကြီး မရနိုင်သည်မှာတော့ သေချာသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည်ရရှိမှု အချိုးအစား မညီမျှသဖြင့် မည်သည့် အင်အားစုကမျှ ဤကဲ့သို့သော အလုပ်မျိုးကို မလုပ်ချင်ကြပေ။
အင်ပါယာ နိုင်ငံကြီးများသည် ဤပြဿနာကို သိရှိထားကြသော်လည်း၊ ဖြေရှင်းမည့် နည်းလမ်းကို ရှာမတွေ့သဖြင့် စိတ်ပူနေရုံမှတစ်ပါး ဘာမျှ မတတ်နိုင်ခဲ့ကြပေ။
ယခု သတင်းစာမှတစ်ဆင့် ဟင်းလင်းပြင်လမ်းကြောင်းများ ရှိလာပြီဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ၊ သူတို့ အလွန် ဝမ်းသာသွားကြပြီး ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု ရရှိရန် အစွမ်းကုန် ကြိုးစားကြတော့သည်။
"တပ်မှူးလျို... ဒီကိစ္စကို ခင်ဗျားကိုပဲ အပ်လိုက်တော့မယ်။" လူသားဧကရာဇ်နန်းဆောင် အတွင်းတွင် ကျန်းလီသည် အဘိုးအိုတစ်ဦးနှင့် စကားပြောနေသည်။
အဘိုးအို၏ဘေးတွင် ထိုင်နေရုံဖြင့်ပင် နွေဦးရာသီ ရောက်လာသကဲ့သို့ လန်းဆန်းတက်ကြွသော အသက်စွမ်းအင်များကို ကျန်းလီ ခံစားနေရသည်။
သူသည် လူသားဧကရာဇ်နန်းဆောင်၏ တပ်မှူး ၆ ဦးထဲတွင် အတွေ့အကြုံ အများဆုံး၊ ကျင့်ကြံမှု အမြင့်ဆုံးနှင့် အားကိုးရဆုံးသော တပ်မှူး ဖြစ်သည်။
နတ်ဘုရားဖြစ်ခြင်း အတိဒုက္ခကို နှစ်ကြိမ်တိုင်တိုင် ဖြတ်ကျော်ဖူးသော သူရဲကောင်းကြီး... အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်၊ တပ်မှူးလျိုပင် ဖြစ်သည်။
တပ်မှူးလျိုသည် မူလက နှစ်တစ်သောင်း သက်တမ်းရှိ မိုးမခပင်အိုကြီးတစ်ပင် ဖြစ်သည်။ နေနှင့်လတို့၏ အဆီအနှစ်များကို စုပ်ယူကာ၊ ကောင်းကင်နှင့် မြေကြီး၏ ဖန်တီးမှုကို ရရှိပြီး၊ သစ်သားနှလုံးသား မီးဖိုတစ်ခုကို မွေးမြူနိုင်ခဲ့သဖြင့် နောက်ဆုံးတွင် အသိဉာဏ် ပွင့်လာကာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။
တပ်မှူးလျိုမှာ သစ်ပင်မှ လူယောင်ဖန်ဆင်းထားသူ ဖြစ်သဖြင့် အခြား ကျင့်ကြံသူများအတွက်မူ တကယ့်ကို အားဆေးကြီး တစ်ခွက်ပင် ဖြစ်သည်။ ထို့ကြောင့် သူသည် မည်သည့် ဂိုဏ်းကိုမျှ မဝင်ရဲသလို၊ ကိုယ်ပိုင် အဆင့်အတန်းကိုလည်း မဖော်ပြရဲဘဲ အမြဲတမ်း သတိဝီရိယကြီးစွာဖြင့် နေထိုင်ကာ ကျင့်ကြံမှုအရင်းအမြစ်များကို ခဲယဉ်းစွာ ရှာဖွေခဲ့ရသော လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည်။
၂၇ ဆက်မြောက် လူသားဧကရာဇ်က အတွေ့အကြုံနုနယ်သေးသော တပ်မှူးလျိုကို တွေ့ရှိခဲ့ပြီး သူ၏ နောက်ခံဇာစ်မြစ်ကို သိရှိသွားသောအခါ လူသားဧကရာဇ်နန်းဆောင်သို့ ဝင်ရောက်ရန် အကြံပြုခဲ့သည်။ တပ်မှူးလျိုကလည်း အကြိမ်ကြိမ် စဉ်းစားချင့်ချိန်ပြီးနောက် သဘောတူခဲ့သည်။
နှစ်တစ်သောင်း သက်တမ်းရှိ မိုးမခပင်ဖြစ်သဖြင့် သူ၏အခြေခံမှာ အလွန်ခိုင်မာလှပြီး၊ သစ်ပင်မှ အသိဉာဏ်ပွင့်လာသူများမှာ ကောင်းကင်နှင့် မြေကြီး၏ မျက်နှာသာပေးမှုကို ရရှိထားသူများဖြစ်ရာ ပါရမီလည်း အလွန် ကောင်းမွန်လှသည်။ ထို့ကြောင့် တပ်မှူးလျိုသည် အချိန်တိုအတွင်းမှာပင် ခန္ဓာပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
၂၇ ဆက်မြောက် လူသားဧကရာဇ်က သူ့အား တပ်မှူးရာထူးကို လက်ခံရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း၊ တပ်မှူးလျိုကမူ လူသားဧကရာဇ်သည် သူ့ကို အားဆေးကြီးအဖြစ် မွေးမြူထားပြီး အရေးပေါ် အခြေအနေတွင် အသုံးပြုရန် ရည်ရွယ်ထားသည်ဟု အမြဲထင်နေခဲ့သဖြင့် သတိထားနေခဲ့သည်။
တစ်ခါက နယ်ပယ်ပြင်ပ နတ်ဆိုးများနှင့် တိုက်ခိုက်ရာတွင် တပ်မှူးလျိုသည် နတ်ဆိုးများ၏ ပိတ်လှောင်မှုကို ခံခဲ့ရပြီး သေလုနီးပါးဖြစ်ခဲ့ရသည်။ သို့သော် ၂၇ ဆက်မြောက် လူသားဧကရာဇ်ကိုယ်တိုင် ဝင်ရောက်ကယ်တင်ခဲ့သဖြင့်သာ အသက်ရှင် လွတ်မြောက်ခဲ့ရသည်။
ဝမ်းနည်းစရာမှာ တပ်မှူးလျိုကို ကယ်တင်ရန်အတွက် လူသားဧကရာဇ်မှာ အရေးနိမ့်သွားခဲ့ရပြီး၊ နောက်ဆုံးတွင် နယ်ပယ်ပြင်ပ နတ်ဆိုးကို သတ်ဖြတ်နိုင်ခဲ့သော်လည်း လူသားဧကရာဇ်ကိုယ်တိုင်လည်း သေစေနိုင်သော ဒဏ်ရာကြီး ရရှိသွားခဲ့သည်။ အခြေခံများ ပျက်စီးသွားပြီး မည်သည့် ဆေးဝါးဖြင့်မျှ မကယ်တင်နိုင်တော့ပေ။
တပ်မှူးလျိုက အရာအားလုံးသည် သူ၏ အမှားကြောင့်သာ ဖြစ်သည်ဟု ယူဆကာ အကြီးအကျယ် ငိုကြွေးပြီး - "ကျွန်တော့်ဆီမှာ 'နှစ်တစ်သောင်း မြစိမ်းရောင် သစ်သားနှလုံးသား' နဲ့ 'နှစ်တစ်ထောင် လူ့လောက လူသားနှလုံးသား' ရှိပါတယ်။ အဲ့ဒါကို စားလိုက်ရင် သေခြင်းတရားကိုတောင် ပြောင်းပြန်လှန်နိုင်ပါတယ်။ ကျွန်တော့်ကိုသာ စားလိုက်ပါ" ဟု ပြောခဲ့သည်။
သို့သော် လူသားဧကရာဇ်က ခေါင်းခါပြပြီး - "ငါ မင်းကို ခေါ်ထားတာ အားဆေးအနေနဲ့ သုံးဖို့ မဟုတ်ဘူး။ မင်းကို သေချာကျင့်ကြံပြီး ကျိုကျိုးကို ကာကွယ်ပေးစေချင်လို့ပါ" ဟု ပြောကာ မှာတမ်းအနည်းငယ် ခြွေပြီးနောက် ကွယ်လွန်သွားခဲ့သည်။
ထိုအချိန်မှစ၍ တပ်မှူးလျိုသည် တပ်မှူး ရာထူးကို ကိုယ်တိုင် တောင်းဆို လက်ခံခဲ့ပြီး၊ နောက်ပိုင်း နယ်ပယ်ပြင်ပ နတ်ဆိုးများနှင့် တိုက်ပွဲဝင်ရာတွင် အမြဲ ရှေ့ဆုံးမှ ပါဝင်ခဲ့သည်။ သေလုမျောပါး အခြေအနေများကို ဖြတ်သန်းရင်း မိမိကိုယ်ကိုယ် ကျော်လွှားကာ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထိုအချိန်မှစ၍ ယခုအထိဆိုလျှင် နှစ်ပေါင်း ၆,၀၀၀ တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဤ နှစ် ၆,၀၀၀ အတွင်း တပ်မှူးလျိုသည် ပါရမီထူးချွန်ပြီး ခေတ်အဆက်ဆက်တွင် ထွန်းတောက်ခဲ့သော လူသားဧကရာဇ်များစွာကို မြင်တွေ့ခဲ့ရသော်လည်း၊ ကျန်းလီနှင့် ယှဉ်နိုင်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
ကျန်းလီ ထီးနန်းတက်ပြီး နှစ် ၆၀ အကြာမှာတင်၊ တပ်မှူးလျိုသည် ကျန်းလီကို မယှဉ်နိုင်တော့ပေ။
ဤခေတ်၏ လူသားဧကရာဇ်မှာ ကြောက်စရာကောင်းလောက်အောင် သန်မာလွန်းလှသည်။
"လူသားဧကရာဇ်... စိတ်ချပါ၊ ဟင်းလင်းပြင်လမ်းကြောင်းကိစ္စကို ကျွန်တော် တာဝန်ယူ ဖြေရှင်းပေးပါ့မယ်။" တပ်မှူးလျိုက ရယ်မောလျက် ပြန်ပြောလိုက်ရာ၊ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အသက်စွမ်းအင်များကြောင့် တံခါးဘောင်များပင် အညှောင့်များ ထွက်လာတော့သည်။
ကျန်းလီက စိတ်အေးလက်အေးဖြင့် ခေါင်းညိတ်လိုက်သည်။ တပ်မှူး ၆ ဦးထဲတွင် တပ်မှူးလျိုကသာ သူ့ကို အမြဲတမ်း စိတ်အေးရစေပြီး၊ တပ်မှူးများ၏ စံပြလူကြီးမင်းပင် ဖြစ်သည်။
အင်အားစုကြီးများသည် ဟင်းလင်းပြင် လမ်းကြောင်း၏ ဝင်ပေါက်နှင့် ထွက်ပေါက် နေရာများကို လုယူရန်အတွက် မကြာမီ လူသားဧကရာဇ်နန်းဆောင်သို့ ရောက်လာကြတော့မည်။ မည်သည့်နေရာတွင် ထားရှိမည်ဆိုသည်မှာ ထိုအင်အားစုများက မည်မျှ ပေးဆပ်နိုင်မည်ဆိုသည့်အပေါ်တွင် မူတည်သည်။
ကျန်းလီက အရင်းအမြစ်များကို မလိုအပ်သော်လည်း၊ သူ၏ လက်အောက်ငယ်သားများအတွက်မူ စဉ်းစားပေးရမည် ဖြစ်သည်။
သေချာသည်မှာ အင်အားစုများ ပေးဆပ်ရမည့် တန်ဖိုးများထဲမှ အချို့ကို ရွှေမီတောင်သို့ ပေးအပ်ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လမ်းကြောင်းများကို တည်ဆောက်ပေးမည်မှာ ဗြဟ္မာမျှော်စင် ဖြစ်သောကြောင့်ပင်။
အင်အားစုများကြား ဆက်ဆံရေးကို ညှိနှိုင်းပေးခြင်း၊ အကောင်းဆုံးကို ရွေးချယ်ခြင်း စသည့် ကိစ္စရပ်များတွင် တပ်မှူးလျိုသည် အတွေ့အကြုံရင့်ကျက်ပြီး အလွန်ကျွမ်းကျင်သူဖြစ်ရာ၊ ကျန်းလီက ဤကိစ္စကို သူ့ထံ လွှဲအပ်လိုက်ခြင်း ဖြစ်သည်။
ကျန်းလီသည် ဗြဟ္မာမျှော်စင်ကို ဤနေရာတွင် ချန်ထားခဲ့ပြီး၊ ဟင်းလင်းပြင် လမ်းကြောင်းများ တည်ဆောက်ပြီးပါက ရွှေမီတောင်သို့ ကိုယ်တိုင် ပြန်သွားနိုင်ကြောင်း ပြောပြခဲ့သည်။
ထို့နောက် ကျန်းလီသည် လူသားဧကရာဇ်နန်းဆောင်မှ ထွက်ခွာလာခဲ့သည်။
သူသည် မဟာဆွေ့အင်ပါယာသို့ သွားရောက်ရမည်ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က စနစ်က တာဝန်အသစ်တစ်ခု ထုတ်ပြန်ခဲ့သည်။
အစပိုင်းက ကျန်းလီသည် စနစ်၏ တာဝန်များကို လုပ်ဆောင်ခဲ့ခြင်းမှာ 'ဟင်းလင်းပြင် ကူးပြောင်းရေး' လုပ်ဆောင်ချက်ကို ဖွင့်လှစ်ပြီး နတ်ဘုရားဘုံသို့ သွားရောက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤစနစ်ကြီးက တကယ်ကို လက်ပေါက်ကပ်လွန်းသည်။ ဟင်းလင်းပြင် ကူးပြောင်းရေး လုပ်ဆောင်ချက်ကို ဖွင့်ပေးခဲ့သော်လည်း၊ ပြဿနာမှာ ကူးပြောင်းရန်အတွက် 'နတ်ဘုရားဘုံ၏ တည်နေရာ အမှတ်အသား' ကို သိရှိရန် လိုအပ်နေခြင်းပင်!
အဲ့ဒါဆို မင်းကို ဘာအတွက် သုံးရမှာလဲ!
အရာအားလုံးကို ထည့်သွင်းစဉ်းစားပြီးနောက်၊ ကျန်းလီသည် လတ်တလောတွင် စနစ်ကို ထပ်မံ မေးမြန်းကြည့်ခဲ့သည်။
"နတ်ဘုရားဘုံရဲ့ တည်နေရာ အမှတ်အသားကို ရနိုင်မလား။"
【နောင် ထုတ်ပြန်မည့် တာဝန်များ၏ ဆုလာဘ်များတွင် ရရှိနိုင်ပါသည်။ ဟို့စ်အနေဖြင့် စိတ်ရှည်စွာ စောင့်ဆိုင်းပေးပါ။】
ထိုအဖြေက ကျန်းလီကို ပြန်လည် တက်ကြွလာစေပြီး၊ စနစ်၏တာဝန်များအပေါ် မျှော်လင့်ချက် အသစ်များ ထပ်မံ ဖြစ်ပေါ်လာစေခဲ့သည်။
"နတ်ဘုရားဘုံလှေကား အပိုင်းအစများကို ရှာဖွေခြင်း" ဟူသော တာဝန်ကို ဖွင့်လှစ်ထားပြီးဖြစ်သော်လည်း၊ ကျန်းလီသည် နတ်ဘုရားဘုံလှေကား အပိုင်းအစ အားလုံးကို မည်သည့်အချိန်တွင် အပြည့်အစုံ စုဆောင်းနိုင်မည်ကို မသိရှိပေ။ လော့ယင်ကဲ့သို့သော အခြေအနေမျိုးက နေရာတိုင်းတွင် ရှိနေမည် မဟုတ်ပေ။ လမ်းကြောင်း နှစ်ခုစလုံးကို စမ်းသပ်ကြည့်သင့်သည်။ အကယ်၍ နတ်ဘုရားဘုံ၏ တည်နေရာ အမှတ်အသားကို အရင် ရှာတွေ့သွားပါက၊ အပိုင်းအစများကို လိုက်ရှာနေစရာ မလိုတော့ပေ။
【တာဝန် ထုတ်ပြန်ခြင်း - သင်သည် မဟာကျိုး တော်ဝင်အကယ်ဒမီမှ ပထမဆုဖြင့် ဘွဲ့ရရှိခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် ရွှေအမြုတေအဆင့်သို့လည်း တက်လှမ်းနိုင်ခဲ့သည်။ ထို့ကြောင့် အင်အားစု အများအပြား၏ မျက်စိကျခြင်းကို ခံခဲ့ရပြီး၊ ၎င်းတို့ထဲတွင် မဟာကျိုး တော်ဝင်မိသားစုက သင့်အား သမက်အဖြစ် လက်ခံလိုခြင်းလည်း ပါဝင်သည်။ သို့သော် သင်က လတ်တလောတွင် အင်အားစု တစ်ခုခုသို့ ဝင်ရောက်ရန် စောလွန်းသေးသည်ဟု ယူဆကာ သူတို့၏ ကမ်းလှမ်းချက်များကို ငြင်းပယ်ခဲ့သည်။】
【သင်သည် ကျိုကျိုးတစ်ခွင် လှည့်လည်သွားလာလိုစိတ် ဖြစ်ပေါ်လာပြီး၊ ဒေသအသီးသီး၏ ဓလေ့ထုံးစံများကို လေ့လာကာ ဗဟုသုတ နယ်ပယ်ကို ချဲ့ထွင်လိုသည်။】
【မဟာဆွေ့အင်ပါယာသို့ ရောက်ရှိလာပြီးနောက်၊ 'ဓားသင်္ချိုင်း' ပွင့်တော့မည်ကို သင် ကြားသိရသဖြင့် ဝင်ရောက် လေ့လာရန် ဆုံးဖြတ်ခဲ့သည်။ ထိုနေရာရှိ ဓားတာအိုပါရမီရှင်များက သင့်ကို အထင်သေးကြပြီး၊ မဟာကျိုး တော်ဝင်အကယ်ဒမီမှ ကျောင်းသားများသည် သီအိုရီကိုသာသိပြီး ဓားတာအိုကို နားမလည်ကြကြောင်း၊ လာရာလမ်းအတိုင်း ပြန်သွားရန် ပြောဆိုကြသည်။ ကျေးဇူးပြု၍ ဓားသင်္ချိုင်း၏ စမ်းသပ်မှုများကို ဖြတ်ကျော်ကာ နောက်ဆုံးအဆင့်သို့ ရောက်ရှိအောင် သွားပါ။ ထို့နောက် 'ကျန့်ကျွင်း' (ဓားသခင်) ၏ ဝိညာဉ်အသိအမှတ်ပြုမှုကို ရယူပြီး၊ ကျန့်ကျွင်း၏ ဝိညာဉ်ကို သင်နှင့်အတူ ဓားသင်္ချိုင်းမှ ထွက်ခွာလာအောင် ပြုလုပ်ပါ။】
【ဤတာဝန်ကို စွန့်လွှတ်၍ မရပါ။】
【ဆုလာဘ် - ဝိညာဉ်အာဟာရဖြည့် လက်စွပ် တစ်ကွင်း၊ ပျက်စီးနေသော ဓားပုံစံ တာအိုလက်နက် (Dao Artifact) တစ်လက်၊ ကိုယ်ခံပညာ ကျင့်စဉ် 《ကျောက်စာတိုင်ခွဲ မဟာလက်ဝါး》။】
【မိတ်ဆွေအဖြစ် သတိပေးချက် - ဤတာဝန်အတွက်၊ စနစ်သည် 'ရင်းမြစ်အမှတ်ဖြင့် အာရုံခံလေ့လာခြင်း' လုပ်ဆောင်ချက်ကို ယာယီ ဖွင့်လှစ်ပေးထားပါသည်။ ဟို့စ်သည် ရင်းမြစ်အမှတ်များကို အသုံးပြု၍ ဓားတာအိုအပေါ် နားလည်သဘောပေါက်မှုကို တိုးမြှင့်နိုင်ပါသည်။】
"ဓားသင်္ချိုင်း၊ ကျန့်ကျွင်း..." ကျန်းလီသည် ရင်းနှီးနေသော ထိုစကားလုံး နှစ်လုံးကို ရေရွတ်ရင်း အတိတ်က အဖြစ်အပျက်များကို ပြန်လည်သတိရသွားခဲ့သည်။
***