← Chapters

မူလကြယ်ပွင့်ဆေးလုံးအားစုပ်ယူခြင်

Vol. 28 Ch. 389

မူလကြယ်ပွင့်ဆေးလုံးအားစုပ်ယူခြင်

Vol. 28 Ch. 389

ဇူယွမ်မှာ ခရမ်းရောင်ဂူနန်းအား ပြန်ရောက်သောအခါတွင် သုံးလအတွင်း ကောင်းကင် တံဆိပ်ပြားအား မည်သို့ရရှိနိုင်မည်ကို တွေးတောရင်း ပူပန်နေမိ၏။ ကန်ရွှမ်းကလန်ထဲ၌ အချိန်ကြာမြင့်စွာ ​နေထိုင်လာခဲ့သော ရွှမ်အဘိုးအို၏စကားအား အလေးအနက်မထားဘဲ မနေရဲပါချေ။ ရွှမ်အဘိုးအိုအား ဒေါသဖြစ်စေခဲ့မည်ဆိုပါက ထိုက်ရိသစ်စိမ်းပင် အမှတ်အသား ကျင့်စဥ်အား အမှန်တကယ် ဆုံးရှုံးရလိမ့်မည်ဟု ခံစားနေမိသည်။

ထို့ကြောင့် ရွှမ်အဘိုးအို၏ စကားအား နာခံကာ သုံးလအတွင်း ကောင်းကင်တံဆိပ်ပြား တစ်ခု ရအောင် ရှာဖွေရန်မည်သာ ဖြစ်၏။ ခရမ်းရောင် ဂူနန်းအတွင်း ရှိနေသော ယောင်ယောင်မှာ ဇူယွမ်၏ စိုးရိမ်ပူပန်နေသော အမူအရာအား တွေ့ရှိလိုက်ရသောအခါ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်မိသည်။

“ဘာဖြစ်လာလို့လဲ”

ဇူယွမ်မှာ ခါးသက်စွာ ရီမောပစ်လိုက်ရင်းဖြင့် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ယောင်ယောင့်အား ပြောပြလိုက်၏။

“ကောင်းကင်တံဆိပ်ပြား ...” ယောင်ယောင်မှာ အနည်းငယ် အံ့အားသင့်သွားရလေသည်။

ကောင်းကင်တံဆိပ်ပြားမှာ ရရှိရန် ခက်ခဲလှသော အရာတစ်ခုဖြစ်ကြောင်း သူမလည်း နားလည်ထားခဲ့၏။

ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်များ​ကြား၌ပင် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ကောင်းကင်တံဆိပ်ပြား မရရှိနိုင်သေးသည့်သူများစွာ ရှိ​ပေသည်။ ယောင်ယောင်မှ အလျင်အမြန်ပင် စကားဆိုလိုက်၏။

“ထိုက်ရိသစ်စိမ်းပင် အမှတ်အသားကို ငါ့ကိုပြဦး”

ဇူယွမ်မှာ ယောင်ယောင့်အား မည်သည့်အရာကိုမှ ဖုံးကွယ်ထားရန် ဆန္ဒမရှိသောကြောင့် ချက်ချင်းဆိုသလို သစ်ပင်ငယ်အား ထုတ်ယူကာ ယောင်ယောင့်အား ပြသလိုက်သည်။

ယောင်ယောင်မှာ မျက်ဝန်းအစုံအား ပိတ်လိုက်ကာ စိတ်ဝိညာဥ်စွမ်းအင်ဖြင့် သစ်ပင်ငယ်ပေါ်တွင် ထွင်းထုထားသော အကြောင်းအရာများကို ကြည့်ရှုလိုက်၏။ ယောင်ယောင်၏ စိတ်ဝိညာဉ်မှာ အဆင့်မြင့်မားလှသဖြင့် အကြည့်တစ်ချက်မျှဖြင့်ပင် သစ်ပင်ငယ်ပေါ်၌ ဖုံးကွယ်ထားသော အကြောင်းအရာများကို တွေ့ရှိနိုင်လေသည်။

အချိန်အချို့ ကြာပြီးနောက်တွင် ယောင်ယောင်၏ မျက်ဝန်းများ ပွင့်ဟလာကာ နူးညံ့ညင်သာစွာဖြင့် ရေရွတ်လိုက်၏။

“ဘယ်လောက်တောင် စွမ်းအားကြီးလိုက်တဲ့ ကျင့်စဥ်လဲ။ ဆရာသခင် ထားခဲ့တဲ့ နည်းလမ်းလို့ကို ပြောစရာမလိုဘူး”

ယောင်ယောင်ကဲ့သို့သော သူမျိုးပင် အထင်ကြီးကာ ချီးကျူးရသောကြောင့် ထိုက်ရိသစ်စိမ်းပင် အမှတ်အသားမှာ မည်မျှပင် ကောင်းမွန်သော ကျင့်စဥ်တစ်ခု ဖြစ်ကြောင်း သိရှိနိုင်ပေသည်။

“ဒီလိုကျင့်စဥ်အတွက် ဆိုရင်တော့ ကောင်းကင်တံဆိပ်ပြား တစ်ခုနဲ့ လဲလှယ်ခွင့်ရတာကိုက တော်တော်တန်နေပြီပဲ” ယောင်ယောင်မှ အသိအမှတ်ပြုသော မျက်ဝန်းများဖြင့် စကားဆိုလိုက်၏။

ဇူယွမ်မှာ အနည်းငယ် ခါးသက်စွာဖြင့် ရီမောရင်း ခေါင်းညိတ်ပြလိုက်သည်။ ရွှမ်အဘိုးအို၏ အပေးအယူမှာ ဇူယွမ်အတွက် အရှုံးမရှိနိုင်ကြောင်း သိရှိနေပါသော်လည်း ကောင်းကင်တံဆိပ်ပြား ရရှိနိုင်ရန်မှာ လွန်စွာမှ ခဲယဥ်းလှ၏။ ထို့အပြင် ကန်ရွှမ်းကလန်၌ ကောင်းကင်အဆင့် တာဝန်များအား တစ်နှစ်လျှင် အကြိမ်ရေ အနည်းငယ်မျှသာ ပေးအပ်ခြင်း ဖြစ်လေသည်။

“ရှမ်ဝမ့်ကျင်းကို အရင် အသိပေးထားလိုက်” ယောင်ယောင်မှာ တွေးတောရင်းဖြင့် ဇူယွမ်အား အကြံပေးလိုက်၏။

“နင်ကတော့ မူလကြယ်ပွင့်ဆေးလုံးကို သန့်စင်ပြီး မူလစဦး စတုတ္ထအဆင့်ကို မြန်မြန်တက်နိုင်အောင် ကြိုးစားရမယ်။ အဲဒီလိုမှ မဟုတ်ရင် ကောင်းကင်အဆင့် တာဝန်ကို ရလာရင်တောင် အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”

ဇူယွမ်မှာ လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ကန်ရွှမ်းကလန်ထဲ၌ ရှန်ဝမ့်ကျင်းမှာ ဇူယွမ့်အတွက် အတော်ပင် အကူအညီ ဖြစ်စေခဲ့၏။ ယခုလည်း ရှန်ဝမ့်ကျင်း၏ အကူအညီဖြင့်သာဆိုလျှင် ကောင်းကင်အဆင့် တာဝန်အား လုယူရန် စိုးရိမ်နေစရာ မလိုအပ်ဘဲ ချီကျင့်ကြံခြင်းအား ကောင်းမွန်စွာ လုပ်ဆောင် နိုင်ပေလိမ့်မည်။

ဇူယွမ်သာ မူလစဦး စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက ရှုယန်ကဲ့သို့သော မူလစဦး သတ္တမအဆင့် တစ်ယောက်ကိုပင် တိုက်ရိုက် တိုက်ခိုက်နိုင်မည်ဖြစ်ပြီး ယခင်ကကဲ့သို့ ရှောင်ရှား၍ တိုက်ခိုက်နေရန် လိုအပ်တော့မည် မဟုတ်ပေ။

ထို့ကြောင့် ဇူယွမ်မှာ ကောင်းကင်အဆင့် လုပ်ငန်းတာဝန်များ ပေးအပ်လာမည့် အချိန်ကို စောင့်ကြည့်ထားရန် ရှန်ဝမ့်ကျင်းအား အကူအညီ တောင်းထားခဲ့ပြီးနောက် ခရမ်းရောင် ဂူနန်းအတွင်း၌ သီးခြားကျင့်ကြံကာ မူလကြယ်ပွင့် ဆေးလုံးအား စုပ်ယူနိုင်ရန် အချိန်ကောင်းကို စောင့်နေခဲ့​လေသည်။

ငါးရက်ကြာပြီးနောက် …

ဂူနန်းအတွင်း၌ သန့်စင်သော ချီစွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့ပြီး ရေတံခွန်တဝိုက်တွင် မြူခိုးအနည်းငယ် ဖြစ်ပေါ်နေလျက် ရှိ၏။ အသက်ရှူစာ အနည်းငယ်မျှ အတွင်း၌ပင် ဂူနန်းထဲတွင်ရှိနေသော ချီစွမ်းအင်များက လူတစ်ဦး၏ စိတ်ဝိညာဥ်ကို လန်းဆန်းစေနိုင်ရန် လုံလောက်ပေသည်။

ဇူယွမ်မှာ ရေတံခွန်ဘေးတွင် ရှိနေသော ကျောက်ဖျာချပ် တစ်ခုပေါ်၌ ငြိမ်သက်စွာဖြင့် ထိုင်နေကာ ရင်ဘတ်မှာ နိမ့်တုံမြင့်တုံဖြင့် အသက်ရှူနေရင်း စိတ်ကို တည်ငြိမ်စေလျက် ရှိ၏။ အချိန်အချို့ ကြာပြီးနောက်တွင် ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ကာ တင်းတင်းပိတ်ထားသော မျက်ဝန်းအစုံမှာ ပွင့်ဟလာခဲ့သည်။

ဇူယွမ်၏ မျက်ဝန်းများမှာ ရတနာများကဲ့သို့ တလက်လက် တောက်ပနေလျက်ရှိ၏။ ငါးရက်ကြာမျှ ကျင့်ကြံပြီးနောက်တွင် ဇူယွမ်မှာ မူလစဦး တတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ခဲ့ပြီ ဖြစ်သဖြင့် ယခုအချိန်မှာ မူလကြယ်ပွင့် ဆေးလုံးအား စုပ်ယူရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။

ဇူယွမ်မှာ ချီပင်လယ်အား စစ်ဆေးကြည့်ရှု လိုက်သောအခါတွင် ချီကြယ်ပွင့် ခုနစ်ရာကျော်မျှ လင်းလက် တောက်ပနေခဲ့ပြီး အသက်ရှူလိုက်တိုင်းတွင် သန့်စင်သော ချီစွမ်းအင်များမှာ အသွေးအသားထဲထိ လည်ပတ်နေလျက် ရှိ၏။

“ငါက မူလစဦး တတိယအဆင့်ပဲ ရှိသေးပေမဲ့ ငါရဲ့ချီပင်လယ်နဲ့ အခြေခံအုတ်မြစ်က မူလစဦး ဆဋ္ဌမအဆင့်ထက် ပိုပြီးသာနေပြီ”

“ရှုယန်နဲ့ တိုက်ပွဲမှာတုန်းက သူ့ဆီမှာ ချီကြယ်ပွင့် တစ်ထောင်နဲ့ ထောင့်ငါးရာကြား ရှိလိမ့်မယ်လို့ ငါခံစားမိတယ်”

“ဒါပေမယ့် ငါ့ရဲ့ ချီကြယ်ပွင့်တွေက အဆင့်ခြောက် စပါးအုံးချီကနေ ဖြစ်ပေါ်လာခဲ့တာမို့ ရှုယန်​ကြယ်ပွင့်ထက်ပိုပြီး အရည်အသွေး ကောင်းခဲ့တယ်”

“ငါသာ မူလစဦး စတုတ္ထအဆင့်ကို ရောက်သွားပြီဆိုရင် ငါ့ရဲ့ချီပင်လယ်ကရော ဘယ်လောက်ထိ ကျယ်ဝန်း လာဦးမလဲဆိုတာ သိချင်လိုက်တာ”

ဇူယွမ်မှာ အချိန်အချို့ကြာအောင် အတွေးများစွာဖြင့် စိတ်လှုပ်ရှား နေခဲ့ပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ကာ စိတ်အစုံကို တည်ငြိမ်စေလိုက်​လေသည်။ ထို့နောက် လက်ဖြန့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းသေတ္တာတစ်ခု ပေါ်လာခဲ့ပြီးနောက် သေတ္တာထဲမှ ေကျာက်စိမ်းရောင် ဆေးလုံးအား ထုတ်ယူလိုက်သည်နှင့်တကွ သင်းပျံ့မွှေးကြိုင်လှသော ရနံ့မှာ ဂူနန်းတစ်ခုလုံးအား ပြည့်နှက်သွားစေတော့၏။ ဇူယွမ်မှာ တစ်လုပ်တည်းဖြင့် ဆေးလုံးအား မျိုချလိုက်လေသည်။

ချက်ချင်းဆိုသလိုပင် မူလကြယ်ပွင့် ဆေးလုံးမှာ နွေးထွေးသော စွမ်းအင်စီးကြောင်းများ အဖြစ် ပြောင်းလဲသွားကာ ချော်ရည်ပူများအလား ဇူယွမ်၏ အသွေးအသားများထဲသို့ စီးဆင်းသွားခဲ့၏။ ဇူယွမ်၏ ခန္ဓာကိုယ်အတွင်း၌ ဒေါသထွက်နေသော နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသဲ့သဲ့မျှ ပေါ်ထွက်လာခဲ့ပေသည်။

များပြားလှသော ချီစွမ်းအင်များ အဆက်မပြတ် စီးဝင်နေမှုကြောင့် ဇူယွမ်၏ ခန္ဓာကိုယ်မှာ ထွားကြိုင်းလာခဲ့ရပြီး ပြင်းထန်လှသော ဖိအားများကြောင့် အရိုးများပင် စတင်၍ အက်ကွဲလာခဲ့၏။

ဇူယွမ်မှာ လေးနက်နေသော အမူအရာဖြင့် ချက်ချင်း ဆိုသလိုပင် ဘိုးဘေးနဂါးပုရပိုက်ကို အသုံးပြုလိုက်ပြီးနောက် ပြင်းထန်လှသော ချီစွမ်းအင်များကို စွမ်းအင် ဝင်ပေါက်များဆီသို့ လမ်းညွှန်လိုက်သည်။

ဘိုးဘေးနဂါးပုရပိုက်ဖြင့် ချီစွမ်းအင်များကို သန့်စင် စေလိုက်ပြီးနောက် စွမ်းအင်များအား ဝဲကတော့ တစ်ခုအသွင်သို့ ပြောင်းလဲကာ ချီပင်လယ်အတွင်းသို့ ဝင်ရောက်စေလိုက်၏။ ထို့နောက် စွမ်းအင်ဝဲကတော့မှာ တဖြည်းဖြည်းနှင့် လင်းလက်တောက်လာကာ ချီပင်လယ်အတွင်း၌ ကြယ်ပွင့်အသစ်များ စတင်ဖြစ်ပေါ် လာတော့သည်။

ဇူယွမ်မှာ ချီပင်လယ်အတွင်း၌ ကြယ်ပွင့်အသစ်များ ထွက်ပေါ်လာသည်ကို ခံစားမိခဲ့သောကြောင့် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်သော်လည်း စိတ်ခံစားချက်များကို ချိုးနှိမ်ကာ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော မူလကြယ်ပွင့်ဆေးလုံး၏ စွမ်းအင်များကို ဆက်လက်သန့်စင်ရန် အာရုံစိုက်လိုက်၏။

ဂူနန်းအတွင်း၌ ထွက်ပေါ်နေလျက်ရှိသော ဆေးလုံး၏ သင်းပျံ့မွှေးကြိုင်သော ရနံ့မှာ ပို၍ပို၍ အားပြင်းလာခဲ့သည်။

အချိန်ကုန်လွန် လာသည့်နှင့်အမျှ ဇူယွမ်၏ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်များမှာ တဖြည်းဖြည်းနှင့် တည်ငြိမ်လာခဲ့ပြီး ပတ်ဝန်းကျင်၌ ပျော့ပြောင်းသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်နေခဲ့၏။

ဇူယွမ်မှာ ချီပင်လယ်အတွင်း တိုးပွားလာလျက်ရှိသော စွမ်းအင်များကြောင့် အလွန်အမင်း ကျေနပ် ပျော်ရွှင်နေခဲ့သဖြင့် လက်ဝါးပေါ်၌ သွေးနီရောင် အမှတ်အသားတစ်ခု စတင် လည်ပတ်လာသည်ကို သတိမထားမိခဲ့ပေ။

မှေးမှိန်နေခဲ့သော သွေးနီရောင် အမှတ်အသားမှာ နဂါးဒေါသအဆိပ်အဖြစ် ပြန်လည်နိုးထ လာခဲ့ပြီပင် ဖြစ်၏။ ဂူနန်းအပြင်ဖက်၌ ဆေးဥယျာဥ်အတွင်း၌ ရိုးရှင်းစွာ ဆံနွယ်များအား စုချည်ထားသောပုံစံဖြင့် ပန်းပင်များကို ဂရုစိုက်နေသော ယောင်ယောင်မှာ တုန်တုန်ရီရီဖြင့် ပန်းတစ်ပွင့်အား ဆွဲယူလိုက်မိသောကြောင့် ဆူးများမှာ ယောင်ယောင်၏ လက်ချောင်းများထဲထိ နစ်ဝင်သွားကာ သွေးများ ထွက်လာခဲ့ရသည်။

ယောင်ယောင်မှာ ခေတ္တမျှ တွေဝေနေပြီးနောက် ဂူနန်းအတွင်းသို့ လှမ်းကြည့်လိုက်ရင်း သွေးထွက်နေသော လက်ချောင်းအား နှုတ်ခမ်းအစုံဖြင့် ဖိကိုက်ထားလိုက်၏။ ယောင်ယောင်မှာ အစောပိုင်း၌ နဂါးဒေါသအဆိပ်၏ ဟိန်းဟောက်သံအား ကြားခဲ့ရသောကြောင့် တုန်ရီသွားခဲ့ရခြင်းပင် ဖြစ်သည်။ ယောင်ယောင်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချကာ ရေရွတ်လိုက်မိ၏။

“အချိန်ရောက်လာခဲ့ပြီလား”

All Chapters