← Chapters

အခန်း (၁၀၈၁-၁၀၈၂)

Vol. 92 Ch. 1081-1082

အခန်း (၁၀၈၁-၁၀၈၂)

Vol. 92 Ch. 1081-1082

အခန်း ၁၀၈၁ - အရင်နားပြီးမှ သေနတ်စမ်းသပ်မယ်

“ဟုတ်တယ်။ အဲ့တုန်းက သင်္ဘောတွေက အရမ်းနည်းပြီး သင်္ဘောပုံစံခွက်တွေလည်း မရှိသေးဘူးလေ။ အဲ့ဒါတွေကို သိမ်းပိုက်ပြီး ပေါင်းလိုက်တဲ့အခါ အုတ်မြစ်ကျောက်ကို ပြန်ရဖို့အတွက် အကုန်ဖျက်ဆီးခဲ့ရတာ။”

“ဟုတ်တယ်။ အဲ့တုန်းကတော့ ကျွန်းအထိမ်းအမှတ်ကျောက်တစ်ခုရှိရင် လုံလောက်ပြီလို့ ထင်ခဲ့တာ။ ဒါက ဒီကမ္ဘာကနေ ထွက်ခွာဖို့နဲ့ သက်ဆိုင်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။”

“အခုတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို တတ်နိုင်သမျှ စုဆောင်းဖို့ပဲ ကြိုးစားရတော့မှာပေါ့။”

ရှောင်းယီက အားကိုးရာမဲ့စွာဖြင့် ပြောလိုက်သည်။

“ဦးလေးအန်း ယီရန်ပင်းမဟာမိတ်အဖွဲ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေဝယ်နေတယ်လို့ ဂရုချတ်ထဲမှာ ပြောပေးပါဦး။ မလိုချင်တော့တဲ့ ကျောက်တိုင်ဖြစ်ဖြစ်၊ သေခြင်းတရားစွမ်းအင် ကူးစက်ခံထားရတာပဲဖြစ်ဖြစ် အကုန်ဝယ်မယ်လို့ ပြောလိုက်ပါ။”

“နားလည်ပါပြီ။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် အနည်းငယ် နွမ်းနယ်နေပုံရသော ကျန်းယွင်ထျန်းကို ကြည့်ပြီး မေးလိုက်သည်။

“အစ်ကိုကျန်း မနေ့ညက ကင်းစောင့်ရင်း တစ်ညလုံး မအိပ်ဘဲ နေခဲ့တာလား။”

“ကင်းစောင့်ရင်းနဲ့လည်း နားလို့ရပါတယ်။ ရှေ့တန်းမှာရှိနေတာက ပိုပြီး စိတ်အေးရတယ်လေ။”

ကျန်းယွင်ထျန်းက ချက်ချင်းပြန်ဖြေလိုက်သည်။

လူတိုင်းက နှုတ်ခမ်းကိုစေ့ပြီး တဟားဟား ရယ်မောလိုက်ကြ၏။

ရှေ့တန်းမှာရှိနေတာက ပိုပြီးစိတ်အေးရတယ် ဟုတ်လား။ သူက အိမ်ပြန်ရင် ဒူးရင်းသီးပေါ် ဒူးထောက်ရမှာကို ကြောက်နေတာပဲ ဖြစ်ရမယ်။

အမှန်တရားကို မြင်သော်လည်း ထုတ်မပြောခြင်းသည် ဘဝ၏ အနုပညာတစ်ခုပင်။

ရှောင်းယီက ချက်ချင်းပင် စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။

“ဒါဆို မနေ့ညက မဟာမိတ်အဖွဲ့အပေါ် မသေမျိုးမျိုးနွယ်စုရဲ့ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာသေးလား။”

“သေချာပေါက် ပိုပြီးရက်စက်လာတာပေါ့။ သူတို့ အရင်က မသုံးခဲ့ဖူးတဲ့ အပေါ့စားစစ်သေနတ်တွေကိုတောင် သုံးလိုက်ရတယ်။”

ကျန်းယွင်ထျန်းက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“ဒါက အစပဲ ရှိသေးတာ သေချာတယ်။ နောင်မှာ ပိုပြီး ပြင်းထန်လာလိမ့်မယ်။ အစ်ကိုတို့ ဖိအားအောက်မှာ တောင့်ခံထားနိုင်ရမယ်။”

“ဟုတ်ကဲ့...စိတ်ချပါ ကျွန်းပိုင်ရှင်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ငါ အစက အစ်ကို့ကို သေနတ်အသစ်တွေ စမ်းသပ်ခိုင်းမလို့ပဲ။ ဒါပေမဲ့ အခုတော့ အစ်ကို့ကို အရင်ပြန်နားခိုင်းတာ ပိုကောင်းမယ် ထင်တယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ပင်ပန်းနွမ်းနယ်နေသော ကျန်းယွင်ထျန်းသည် ချက်ချင်းပင် လန်းဆန်းတက်ကြွသွား၏။

“သေနတ်စမ်းသပ်မလို့လား။ သေနတ်အသစ်တွေလား။ ရပါတယ်...မနေ့ညက ငါ သုံးနာရီကျော်လောက် အိပ်ထားပြီးပြီ။ ဘာမှမဖြစ်ဘူး။”

ကျန်းယွင်ထျန်းက ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။

“မရဘူး။”

ရှောင်းယီက ပြန်ပြောလိုက်၏။

“ပြန်ပြီး လေးနာရီလောက် အိပ်လိုက်ဦး။ နေ့လယ်စာစားပြီးမှ ငါ့ဆီ လာခဲ့။”

“ကျွန်းပိုင်ရှင် ငါ တကယ်ပဲ ဘာမှမဖြစ်ပါဘူး။”

ကျန်းယွင်ထျန်းက ချက်ချင်း ပြောလိုက်သည်။

“ဖြစ်၊ မဖြစ်ဆိုတာ အစ်ကို့သဘောနဲ့ ဆုံးဖြတ်လို့မရဘူး။”

ရှောင်းယီက ပြတ်သားစွာ ပြန်ပြောလိုက်သည်။

“အမိန့်ကို နာခံပါ။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက သတိဆွဲပြီး တုံ့ပြန်လိုက်သည်။ ထို့နောက် ရှုံ့မဲ့နေမျက်နှာဖြင့် ပြန်ထိုင်ကာ မနက်စာကို စိတ်မပါလက်မပါ စားနေတော့လေသည်။

ရှောင်းယီ သေနတ်အသစ်များ ရထားသည်ကို သိနေသော်လည်း ဘယ်လိုမျိုးလဲဆိုသည်ကို မသိရသည့်အတွက် သူ့ရင်ထဲတွင် ကြောင်ကုတ်နေသလိုမျိုး တယားယား ဖြစ်နေခဲ့လေသည်။

အပန်းဖြေဟိုတယ်တွင် လော့ရယ်က ရော်ဂျာ၏ အခန်းတံခါးကို ခေါက်လိုက်သည်။

အတော်ကြာမှ ရော်ဂျာသည် ကုတင်ပေါ်မှ လူးလဲထလာ၏။ အိပ်ချင်မူးတူးဖြင့် တံခါးဖွင့်ပေးလိုက်ပြီး လော့ရယ်ကို မြင်သော် ပျော့ပျောင်းသော လေသံဖြင့် ပြောလိုက်သည်။

“အစ်မတော်... ဘာလို့ စောစောစီးစီး လာခေါ်တာလဲ။”

“စောသေးတယ် ဟုတ်လား။ ကိုးနာရီတောင် ထိုးတော့မယ်ဟဲ့။”

လော့ရယ်က အိပ်ရာက မထသေးသော ရော်ဂျာကို ကြည့်ပြီး ဆူလိုက်သည်။

“မနေ့ညက တီဗီထဲက ရုပ်ရှင်တွေ ကြည့်နေတာ ကြာသွားလို့ပါ။ ခဏလောက် ထပ်အိပ်ပါရစေဦး။ ဒီဟိုတယ်က ကုတင်တွေက အရမ်း သက်သောင့်သက်သာ ရှိလွန်းတယ်။”

ရော်ဂျာက မချီးမွမ်းဘဲ မနေနိုင်ပေ။

“သက်သောင့်သက်သာ ရှိရင်တောင် ထပ်အိပ်လို့ မရတော့ဘူး။ မြန်မြန်ထ...။ ဒီနေ့ ရထားစီးပြီး တစ်ပတ်ပတ်ကြည့်ကြမယ်။ ပြီးရင် ပြန်ရမယ်။ ကောင်းကင်မိုးကြိုးအင်ပါယာမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။”

လော့ရယ်က တိုက်တွန်းသည်။

“ဟမ်... အခု ပြန်ရတော့မှာလား။ ငါ မကစားရသေးဘူးလေ။”

ရော်ဂျာက ရှုံ့မဲ့ကာ ပြန်ပြောလိုက်သည်။

“မကစားရသေးဘူး ဟုတ်လား။ နင် တစ်နေ့လုံး ကစားထားပြီးပြီလေ။ အင်္ကျီမြန်မြန်ဝတ်တော့...သွားကြမယ်။”

လော့ရယ်က စိတ်တိုတိုဖြင့် ပြောလိုက်၏။

“နင်က နောင်ကျရင် ကောင်းကင်မိုးကြိုးအင်ပါယာကို ဆက်ခံရမယ့်သူပဲ။ ဘယ်လိုဖြစ်လို့ ပျော်ပါးဖို့ပဲ စိတ်ဝင်စားနေရတာလဲ။”

“ဟင်း...”

ရော်ဂျာတစ်ယောက် သက်ပြင်းချလိုက်မိ‌သည်။

ထို့နောက် သူ့မျက်လုံးများ ဝေ့ဝဲသွားကာ ရုတ်တရက် ပြောလိုက်၏။

“အစ်မတော်... ကောင်းကင်မိုးကြိုးအင်ပါယာကို အစ်မတော်ပဲ ဆက်ခံလိုက်ပါလား။”

လော့ရယ်သည် သူ့စကားကြောင့် အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် ပြောလိုက်သည်။

“ထီးနန်းဆက်ခံတယ်ဆိုတာ ကလေးကစားစရာမဟုတ်ဘူး။ မြန်မြန်ပြင်ဆင်စမ်း...သွားမယ်။”

“ငါ နောက်နေတာမဟုတ်ပါဘူး။ အစ်မတော်က သမီးကြီးလည်းဖြစ်တယ်၊ အရည်အချင်းလည်း ရှိတာပဲ။ ဘာလို့ ထီးနန်းမဆက်ခံနိုင်ရမှာလဲ။”

မျက်နှာသစ်နေရင်း ရော်ဂျာက တိုးတိုးလေး ရေရွတ်နေမိသည်။

လော့ရယ်နှင့် ရော်ဂျာတို့သည် ဒုတိယထပ်ရှိ စားသောက်ဆိုင်သို့ ရောက်လာခဲ့ကြ၏။ ဟိုတယ်က ဘူဖေးစတိုင် မနက်စာ ကျွေးမွေးခြင်းဖြစ်သည်။ ဤကဲ့သို့ စားသောက်ရသည်မှာ သူတို့အတွက် ပထမဆုံးအကြိမ်ဖြစ်သဖြင့် အလွန်ပင် စိတ်ဝင်စားနေကြသည်။

မှန်ပါသည်။ ဟိုတယ်တွင် တည်းခိုရခြင်းမှာလည်း သူတို့အတွက် ပထမဆုံးပင်။ ယီရန်ပင်းမဟာမိတ်အဖွဲ့သို့ ရောက်ကတည်းက မောင်နှမနှစ်ယောက်စလုံးမှာ ပထမဆုံးအတွေ့အကြုံများစွာကို ကြုံတွေ့ခဲ့ရသည်။

မနက်စာကို အလျင်အမြန်စားသောက်ပြီးနောက် လော့ရယ်သည် ရော်ဂျာကိုခေါ်ကာ ရှုခင်းကြည့်ရထားပေါ်သို့ တက်လာခဲ့လိုက်သည်။ ဤရထားသည် အရှေ့တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက်သာ ပြေးဆွဲခြင်းဖြစ်သည်။

“ဒီလောက်ရှည်တဲ့ ယာဉ်ကြီးက ဒီလောက်တောင် မြန်မြန်ပြေးနိုင်မယ်လို့ မထင်ထားဘူး။ ဒီ အပြင်လူတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေရှိနေလဲ တကယ်မသိတော့ဘူး။”

ရော်ဂျာက မချီးမွမ်းဘဲ မနေနိုင်ပြန်ပေ။

“ရှောင်ကျဲ စကားကို ဆင်ခြင်ပြောစမ်း။ သူတို့တွေ ကြားသွားလို့ ကျွန်းပိုင်ရှင်ရဲ့ နားထဲရောက်သွားရင် မကောင်းဘူး။”

လော့ရယ်က သူ့ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။ ရော်ဂျာက ပုခုံးတွန့်လိုက်၏။

“ကျွန်းပိုင်ရှင်က အဲ့ဒီလောက် စိတ်ထားမကျဉ်းမြောင်းပါဘူး။ ပြီးတော့ ငါက အပြင်လူတွေ တကယ်ကို တော်လွန်းလို့ ချီးကျူးနေတာပါ။ အစ်မတော် မစဉ်းစားမိဘူးလား။ တကယ်လို့ ငါတို့ ကောင်းကင်မိုးကြိုးအင်ပါယာမှာလည်း ဒီလိုရထားမျိုး ဆောက်နိုင်ရင် တော်ဝင်မြို့တော်နဲ့ တခြားနယ်မြေတွေကြား ဆက်သွယ်ရေးက အများကြီး ပိုအဆင်ပြေသွားမှာ မဟုတ်ဘူးလား။”

လော့ရယ်က ခေါင်းညိတ်လိုက်သည်။

“ပြန်ရောက်ရင် ခမည်းတော်ကို ဒီအကြောင်း ပြောကြည့်တာပေါ့။”

“ဟုတ်တယ်။”

မနက်စာစားပြီးနောက် ရှောင်းယီသည် ယီထျန်းဂရုချတ်ကို တစ်ချက်ပြန်စစ်ကြည့်လိုက်သည်။ ထိုအချိန်တွင် ဂရုထဲ၌ ညည်းညူသံများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

“မုန်းစရာပဲ... မသေမျိုးမျိုးနွယ်စုတွေက တစ်ခုခု စားထားကြတာလား။ မနေ့ည သန်းခေါင်ကျော်ကနေ မိုးလင်းတဲ့အထိ တိုက်စစ်က တကယ်ကို ပြင်းထန်နေတာပဲ။”

“ဘာလဲ...ညီအစ်ကို... မတောင့်ခံနိုင်တော့ဘူးလား။”

“မင်းကရော တောင့်ခံနိုင်လို့လား။”

“မတောင့်ခံနိုင်ရင်လည်း အံကြိတ်၊ မျက်စိမှိတ်ပြီး ခံရုံပဲပေါ့။”

“ဟူး... နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူက တကယ်ကို မကောင်းတဲ့ကောင်ပဲ။ မသေမျိုးတွေကို စွမ်းအားမြှင့်ပေးမယ်လို့ ပြောပြီးတာနဲ့ တကယ်ကြီး လုပ်ချလိုက်တာပဲ။ မသေမျိုးတွေရဲ့ ခွန်အားက တစ်ဆင့်ထက်မက တိုးလာသလို ခံစားရတယ်။”

“အဟမ်း...မင်းက လက်မဲကြီးအကြောင်းကို အဲ့လိုပြောရဲတယ်ပေါ့။ ဟိုက ကြားသွားလို့ မင်းကို ဒုက္ခပေးနေဦးမယ်။”

“ဒုက္ခပေးရင်လည်း ပေးပါစေ။ ငါမကြောက်ဘူး...။ ဒါနဲ့ တိုးတိုးလေး မေးပါရစေဦး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကတစ်ဆင့် ဖုန်းထဲက ချတ်တွေကို သူတို့ မမြင်နိုင်ဘူး မဟုတ်လား။”

“မမြင်နိုင်လောက်ပါဘူး။ သူဌေး တစ်ခါပြောဖူးတာ ငါ မှတ်မိတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ရှောင်ဖို့ ဖုန်းနဲ့ ချတ်တာလို့ ပြောဖူးတယ်။”

“ဟဲဟဲ... မင်းတို့ကတော့ ရိုးအလွန်းနေပြီ။ လက်မဲကြီး အဲ့လောက် စွမ်းအားကြီးတာ မင်းတို့ ဘာနဲ့ပဲ ချတ်ချတ် သူမြင်ချင်ရင် မြင်နိုင်မှာပဲ။ သူ ကြည့်ချင်၊ မကြည့်ချင်ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်။”

“သဘောတူတယ်။ ငါလည်း အဲ့လိုပဲ ထင်တယ်။ ဒါပေမဲ့ လူတိုင်း စိတ်ပူစရာမလိုပါဘူး။ သူတို့မျက်လုံးထဲမှာ ငါတို့က ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး။ ပုရွက်ဆိတ်တစ်ကောင် ဘာပြောပြော သူတို့ ဂရုစိုက်ပါ့မလား။”

“ဒါလည်း ဟုတ်တာပဲ။ သူဌေး ပြောတဲ့စကားကိုတော့ သူတို့ ကြည့်ကောင်းကြည့်လိမ့်မယ်။ ငါတို့စကားတွေကတော့ လေလည်သံလိုပါပဲ။ ဘယ်သူမှ ဂရုမစိုက်သလို ဝေးဝေးကပဲ ရှောင်သွားကြမှာ။”

“ဟူး... တော်သေးတာပေါ့။ သူဌေးက မနေ့က ကာဘိုင်ရိုင်ဖယ်တွေ ထုတ်ပေးခဲ့လို့။ မဟုတ်ရင် မနေ့ညက ဘယ်လို အသက်ရှင်ခဲ့ရမလဲ မသိဘူး။”

“ဟုတ်ပါ့...။”

ထိုအရာကို မြင်လိုက်ရသည့် ရှောင်းယီမှာမူ ခါးသက်သက် အပြုံးဖြင့် ခေါင်းယမ်းလိုက်မိသည်။

ကြိုးကိုင်သူက မသေမျိုးများ၏ စွမ်းအားကို မြှင့်လိုက်ခြင်းမှာ သူတို့ ကာဘိုင်ရိုင်ဖယ် ရသွားလို့လည်း ဖြစ်နိုင်ပါသည်။

အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်လာတာလား၊ အကျိုးတရားကြောင့် အကြောင်းတရား ဖြစ်လာတာလား ဆိုသည်ကို ရှောင်းယီလည်း သေချာမသိနိုင်ပေ။

ကောင်းကင်မိုးကြိုးအင်ပါယာတွင်မူ လော့လင်တန်သည် စာကြည့်ခန်းအတွင်း၌ မုခိုင်ကို ညွှန်ကြားချက်များ ပေးနေ၏။

“မှတ်ထား...တခြားအရာတွေကိုတော့ လျှော့တောင်းတာဖြစ်ဖြစ်၊ မရတာဖြစ်ဖြစ် ထားလိုက်။ ဒါပေမဲ့ အုတ်မြစ်ကျောက်တွေကိုတော့ သူတို့ဆီကနေ အပြတ်အသတ် ခြိမ်းခြောက်ပြီး တောင်းယူရမယ်။”

လော့လင်တန်က နောက်ဆုံးအနေဖြင့် မှာကြားလိုက်သည်။ မုခိုင်က ခေါင်းညိတ်လိုက်၏။

“စိတ်ချပါ အရှင်မင်းကြီး...ကျွန်တော်မျိုး အကျိုးအမြတ် အများဆုံးရအောင် သေချာပေါက် ကြိုးစားပါ့မယ်။”

အခန်း ၁၀၈၂ - လော့လင်တန်၏ ဆုံးဖြတ်ချက်နှင့် ဘုရင်မ

ယခုတစ်ကြိမ်တွင် ကောင်းကင်မိုးကြိုးအင်ပါယာ၏ အရှင်မင်းကြီး လော့လင်တန်သည် မုခိုင်ကို စစ်လျော်ကြေးကိစ္စရပ်များ ဆွေးနွေးရန်အတွက် စစ်သံတမန်အဖြစ် စင်းနန်အင်ပါယာသို့ စေလွှတ်လိုက်ခြင်းဖြစ်သည်။

“အရေးပေါ်ကိစ္စတစ်ခုခုရှိရင် ဖုန်းနဲ့ ငါ့ဆီ ချက်ချင်းဆက်သွယ်လိုက်။”

လော့လင်တန်က ညွှန်ကြားလိုက်သည်။

“မှန်လှပါ...။”

မုခိုင်က ပြန်လည်ဖြေကြားပြီးနောက် ထွက်ခွာသွားတော့သည်။

မွန်းတည့်ခါနီးအချိန်တွင် လော့ရယ်နှင့် ရော်ဂျာတို့သည် ယီရန်ပင်းမဟာမိတ်အဖွဲ့မှ ပြန်ရောက်လာပြီး လော့လင်တန်ထံသို့ ချက်ချင်းသွားရောက်ခဲ့ကြသည်။

လော့လင်တန်သည် နေ့လယ်စာစားရင်း မောင်နှမနှစ်ယောက်၏ အစီရင်ခံတင်ပြမှုကို နားထောင်နေ၏။ လော့ရယ်က စီမံခန့်ခွဲမှုစနစ်များ၊ လူမှုဖူလုံရေးမူဝါဒများ၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုဌာနများနှင့် အခြားအကြောင်းအရာများကို အစီရင်ခံလိုက်သည်။

ရော်ဂျာကမူ ပျော်စရာကောင်းသော အဆောက်အဦးများနှင့် အဆင့်မြင့်ပစ္စည်းများအကြောင်းကိုသာ တတွတ်တွတ် ပြောနေတော့သည်။

“ခမည်းတော်သာ ယီရန်ပင်းမဟာမိတ်အဖွဲ့ကို ရောက်သွားရင် ပြန်လာတဲ့အခါ အခုသားတော်တို့စားနေတဲ့ အစားအစာတွေကို စားချင်စိတ်တောင် ရှိမှာမဟုတ်တော့ဘူးလို့ သားတော် အာမခံတယ်။”

ရော်ဂျာက သူ့ပန်းကန်ထဲက အစားအစာတွေကို စိတ်မပါလက်မပါ ထိုးဆွရင်း ပြောလိုက်သည်။ လော့လင်တန်က ရယ်မောလိုက်၏။

“ကြည့်ရတာ မဟာမိတ်အဖွဲ့ဆီ သွားပြီးတဲ့နောက် မင်းရဲ့ခံတွင်းက တော်တော်လေး အစားရွေးတတ်လာပြီ ထင်တယ်။”

လော့ရယ်က ဝင်ရောက်ရှင်းပြလိုက်သည်။

“ခမည်းတော်... တကယ်တော့ ရှောင်ကျဲ အစားရွေးတာကို အပြစ်တင်လို့မရဘူး။ အဲ့ဒီမဟာမိတ်အဖွဲ့မှာ အဆင့်မြင့် အစားအစာတွေ အရမ်းပေါသလို အဆင့်အတန်းလည်း မြင့်တယ်။ အဲ့ဒါအပြင် ဈေးနှုန်းကလည်း အရမ်းသက်သာလွန်းတယ်။”

“အို... ဟုတ်လား။”

လော့လင်တန် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူသည် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ အဆင့်မြင့်လက်နက်များကိုသာ အာရုံစိုက်နေခဲ့ခြင်းဖြစ်သည်။ အဆင့်မြင့်အစားအစာများ ထိုမျှပေါများလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အပြင်လူများတွင် အဆင့်မြင့်အစားအစာများ ရှိတတ်သည်ကို လော့လင်တန် သိထားသော်လည်း ပေါများပြီး ဈေးသက်သာသည်ဟူသော အချက်က သူ့ကို အံ့အားသင့်စေခဲ့သည်။

ရော်ဂျာက ချက်ချင်း ပြောလိုက်သည်။

“အဆင့်မြင့်အစားအစာတွေကြောင့်တင် မဟုတ်ဘူးနော်။ သူတို့ဆီမှာ ဟင်းခတ်အမွှေးအကြိုင် အမျိုးအမည်တွေကလည်း အများကြီးပဲ။ ချက်ပြုတ်ပုံ ချက်ပြုတ်နည်းတွေကလည်း အရမ်းစုံတာ။ သူတို့ချက်တဲ့ အစားအစာတွေက သားတော်တို့ဆီကထက် အများကြီး ပိုအရသာရှိတယ်။”

လော့လင်တန်က ခေါင်းညိတ်ကာ ရယ်မောလိုက်သည်။

“အခွင့်အရေးရရင် ငါကိုယ်တော်ကိုယ်တိုင် သွားပြီးမြည်းစမ်းကြည့်ရတော့မှာပဲ။”

“ကောင်းပြီ...အဲ့ဒီအခါကျရင် သားတော်ကိုယ်တိုင် ခမည်းတော်ကို အရသာရှိတာတွေ လိုက်ကျွေးမယ်။”

ရော်ဂျာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ကောင်းပြီ။ ဒါပေမဲ့ မင်း မင်းအစ်မတော်ဆီကနေ သင်ယူသင့်သေးတယ်။ မင်းအစ်မတော် တင်ပြတာတွေကို ကြည့်ဦး။”

လော့လင်တန်က လေသံကို တည်ကြည်လိုက်ပြီး ပြောလိုက်သည်။

“အင်ပါယာတစ်ခုရဲ့ အမြင့်ဆုံးအုပ်ချုပ်သူ ဖြစ်လာမယ့်သူတစ်ယောက်အနေနဲ့ ပျော်စရာ၊ စားစရာတွေထက် ဒီလိုအရေးကြီးတဲ့ အချက်အလက်တွေကို ပိုပြီးအာရုံစိုက်ရမယ်။ နားလည်လား။”

“နားလည်ပါတယ်။”

ရော်ဂျာက မျက်နှာငယ်လေးဖြင့် ပြန်ဖြေလိုက်သည်။

“အစ်မတော်က ဒီလောက်တောင် အရည်အချင်းရှိနေတာကို အစ်မတော်ကိုပဲ အုပ်ချုပ်သူ လုပ်ခိုင်းလိုက်ပါလား။ ဘာလို့ သားတော်ပဲ ဖြစ်နေရတာလဲ။”

ထိုစကားကို ကြားလိုက်ရသည့်အခါ လော့လင်တန် ခဏတာ မှင်တက်သွားခဲ့သည်။

“ရှောင်ကျဲ...လျှောက်မပြောနဲ့။ မိန်းမတစ်ယောက်က အုပ်ချုပ်သူဖြစ်တာ ဘယ်မှာတွေ့ဖူးလို့လဲ။”

လော့ရယ်က ချက်ချင်းပင် တားမြစ်လိုက်သည်။

သို့သော် လော့လင်တန်မှာမူ အတွေးနက်သွား၏။ ကောင်းကင်မိုးကြိုးအင်ပါယာ သမိုင်းတစ်လျှောက်တွင် အမျိုးသမီး အုပ်ချုပ်သူမရှိခဲ့သည်မှာ အမှန်ပင်။ သို့သော် အင်ပါယာ၏ ဥပဒေတွင်လည်း အမျိုးသမီးများ မအုပ်ချုပ်ရဟု အတိအလင်း ပြဋ္ဌာန်းထားခြင်း မရှိပေ။

ယခု လော့ရယ်တွင် အုပ်ချုပ်သူတစ်ဦး၌ ရှိသင့်သည့် အခြေခံအရည်အချင်းများ ပြည့်ဝနေပြီးဖြစ်သည်။ စနစ်တကျ ပြုစုပျိုးထောင်ပေးမည်ဆိုပါက သူမသည် ကောင်းကင်မိုးကြိုးအင်ပါယာ သမိုင်းတွင် ပထမဆုံးသော အမျိုးသမီးအုပ်ချုပ်သူ အစစ်အမှန် ဖြစ်လာနိုင်ပေသည်။

“ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။”

လော့လင်တန်က ရုတ်တရက် ပြောလိုက်သည်။

လော့ရယ်နှင့် ရော်ဂျာတို့မှာ ကြောင်အသွားကြပြီးမှ လော့ရယ်က အလျင်အမြန်ပင် ပြောလိုက်သည်။

“ခမည်းတော် ဒါမျိုးက လုံးဝမဖြစ်သင့်ပါဘူး။”

“ဒါဆိုရင်တော့ အကောင်းဆုံးပဲ ခမည်းတော်။ ဒါဆိုရင် သားတော်က ဟိုအဆင့်မြင့်နည်းပညာပစ္စည်းတွေကို စိတ်ကြိုက် သုတေသနလုပ်နေလို့ ရပြီ။”

ရော်ဂျာက ဝမ်းသာအားရ ပြောလိုက်သည်။ လော့လင်တန်က လော့ရယ် ဆက်မပြောနိုင်စေရန် လက်မြှောက်၍ တားလိုက်ပြီး ရော်ဂျာကို ကြည့်ကာ ပြောလိုက်သည်။

“ရှောင်ကျဲ ဒါမျိုးသာ တကယ်ဖြစ်လာရင် မင်းက ငါတို့အင်ပါယာကို ထိန်းချုပ်ခွင့် ဆုံးရှုံးသွားလိမ့်မယ်။ ဒီလောက်ကြီးမားတဲ့ အာဏာကို မင်း တကယ်ပဲ စွန့်လွှတ်နိုင်လို့လား။”

“တကယ်တော့ သားတော် အာဏာကို စိတ်မဝင်စားပါဘူး။ ပျော်စရာကောင်းတဲ့အရာတွေကို သုတေသနလုပ်ရတာက သားတော်နဲ့ ပိုပြီးကိုက်ညီတယ်။”

ရော်ဂျာက ပြုံးကာ ပြောလိုက်သည်။ လော့လင်တန်က ခေါင်းညိတ်လိုက်၏။

“ဒါဆိုရင်လည်း မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။ ဒါပေမဲ့ မင်းမှတ်ထားရမှာက မင်းဟာ ကောင်းကင်မိုးကြိုးအင်ပါယာရဲ့ မင်းသားတစ်ပါး ဖြစ်နေတုန်းပဲ။ အင်ပါယာမှာ အခက်အခဲရှိလာရင် မင်း တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးရမယ်။”

“ဟုတ်ကဲ့...စိတ်ချပါ ခမည်းတော်။ သားတော် ကောင်းကင်မိုးကြိုးအင်ပါယာရဲ့ မင်းသား ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အင်ပါယာအတွက် အစွမ်းကုန် ကူညီမှာပါ။ ဘာလို့လဲဆိုတော့ သားတော်က ဒီနေရာရဲ့ အဖွဲ့ဝင်တစ်ယောက် အမြဲတမ်း ဖြစ်နေမှာမို့လို့ပဲ။”

ရော်ဂျာက တည်ကြည်လေးနက်စွာ ပြန်ပြောလိုက်လေသည်။

“ကောင်းပြီ။ မင်းက ငါတို့လော့မိသားစုရဲ့ သားကောင်းတစ်ယောက်ပဲ။”

လော့လင်တန် အလွန်ပင် ကျေနပ်ပီတိဖြစ်သွားရသည်။

သားအဖနှစ်ယောက် စိတ်ပိုင်းဖြတ်ပြီးသွားသည်ကို မြင်သောအခါ လော့ရယ် သက်ပြင်းသာသာ ချလိုက်မိ၏။

သူမအနေဖြင့် ကောင်းကင်မိုးကြိုးအင်ပါယာ၏ အုပ်ချုပ်သူ မဖြစ်ချင်၍မဟုတ်ဘဲ အုပ်ချုပ်သူဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူမလိုချင်သောဘဝကို လွတ်လပ်စွာ ရွေးချယ်နိုင်တော့မည်မဟုတ်သောကြောင့်ဖြစ်သည်။

လော့လင်တန်က မှင်တက်နေသော လော့ရယ်ကိုကြည့်ကာ ပြုံးလိုက်သည်။

“လော့ရယ်...စိတ်မပူပါနဲ့။ ခမည်းတော်ရဲ့ကျန်းမာရေးက အကောင်းကြီးရှိပါသေးတယ်။ သမီးမှာ အေးအေးဆေးဆေး သင်ယူဖို့ အချိန်တွေ အများကြီးရှိသေးတယ်။ အနည်းဆုံးတော့ ခမည်းတော်နန်းမစွန့်ခင်အထိ သမီးမှာ အတိုင်းအတာတစ်ခုအထိ လွတ်လပ်ခွင့်ရှိနေဦးမှာပါ။”

“ဟုတ်ကဲ့ပါ...ကျေးဇူးတင်ပါတယ် ခမည်းတော်။”

လော့ရယ်က ရိုသေစွာ ပြန်ပြောလိုက်သည်။

“တကယ်တော့ သမီး ကောင်းကင်မိုးကြိုးအင်ပါယာရဲ့ အုပ်ချုပ်သူဖြစ်လာမှသာ ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ အခွင့်အရေး ပိုရလိမ့်မယ်။”

လော့လင်တန်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ ထိုစကားကို ကြားလိုက်ရသောအခါ ရော်ဂျာက မျက်စိတစ်ဖက်မှိတ်ပြပြီး “အဟုတ်ပဲ၊ အဟုတ်ပဲ။” ဟု ဝင်ရောက်ထောက်ခံလိုက်လေသည်။

လော့ရယ် ခဏတာ ကြောင်အသွားပြီးမှ မျက်လုံးများ တောက်ပလာကာ မျက်နှာလေးသည်လည်း အနည်းငယ် နီမြန်းသွားခဲ့သည်။

“ဟွန့်... ခမည်းတော်တို့ ဘာတွေပြောနေမှန်း မသိဘူး။ သမီးတော် ဗိုက်ဝပြီ။ နှစ်ယောက်သား အေးဆေးစားကြတော့။”

ထိုသို့ပြောပြီးနောက် သူမသည် ထွက်ပြေးသလိုမျိုး ထသွားတော့သည်။

လော့လင်တန်နှင့် သားဖြစ်သူတို့မှာ တဟားဟား ရယ်မောကျန်ရစ်ခဲ့ကြသည်။

“ခမည်းတော်...ဒီနှစ်ရက်အတွင်း မဟာမိတ်အဖွဲ့ထဲမှာ သွားကစားရင်း သူတို့ဆီမှာ အထူးပြုကျောင်းတွေ ရှိနေတာကို သားတော်တွေ့ခဲ့တယ်။ သားတော်ရဲ့အကြံကတော့ အရင်ဆုံး အဲ့ဒီကျောင်းတွေမှာ အပြင်လူတွေရဲ့ အသိပညာနည်းစနစ်တွေကို သင်ယူမယ်၊ ပြီးမှ သူတို့ရဲ့ အဆင့်မြင့်စက်ပစ္စည်းတွေနဲ့ လက်နက်တွေကို သုတေသနလုပ်မယ်။”

ခဏကြာအောင် ရယ်မောပြီးနောက် ရော်ဂျာက ထပ်ပြောလိုက်သည်။

“အင်း... မင်းမှာ ဒီလိုအစီအစဉ်ရှိတာကို ခမည်းတော် အရမ်းဝမ်းသာတယ်။ ဒီလိုပဲ ဖြစ်သင့်တာပေါ့။ အခြေခံမရှိဘဲ သူတို့ရဲ့ စက်ကိရိယာတွေကို ဇွတ်သွားပြီး သုတေသနလုပ်နေရင် ဘာမှထွက်လာမှာမဟုတ်ဘူး။”

လော့လင်တန်က သဘောတူလိုက်သည်။

“ဒါဆိုရင် နောက်ပိုင်းမှာ သားတော် ယီရန်ပင်းမဟာမိတ်အဖွဲ့မှာပဲ အချိန်အကြာကြီး နေဖြစ်တော့မယ်။ ခမည်းတော်အနားမှာ အမြဲမခစားနိုင်တော့ဘူး။”

ရော်ဂျာက ဝမ်းနည်းရိပ်သန်းစွာဖြင့် ပြောလိုက်သည်။

“ယောကျ်ားကောင်းဆိုတာ အရပ်မျက်နှာအနှံ့မှာ ရည်မှန်းချက်ရှိရတယ်။ ဒီလောက်လည်း စိတ်နုမနေနဲ့။ မနက်ဖြန်ကျရင် မဟာမိတ်အဖွဲ့ဆီ သွားပြီး ပညာသင်တော့။”

လော့လင်တန်က လက်ကာပြရင်း ပြောလိုက်သည်။

“ဒါ့အပြင် တည်နေရာကူးပြောင်းလိုက်ရုံနဲ့ ရောက်နေတာပဲ။ ခမည်းတော်ကိုတွေ့ချင်ရင် အချိန်မရွေး လာလို့ရပါတယ်။”

“ဟုတ်ကဲ့ပါ။”

ရော်ဂျာက တုံ့ပြန်လိုက်သည်။ လော့လင်တန်က အနည်းငယ် စဉ်းစားပြီး ဆက်ပြောလိုက်သည်။

“အခြေအနေတွေသာ အဆင်ပြေရင် မနက်ဖြန် သားတော်နဲ့အတူ ခမည်းတော်ပါ မဟာမိတ်အဖွဲ့ဆီ လိုက်လာခဲ့မယ်။”

“ဘာကိစ္စရှိလို့လဲ ခမည်းတော်။”

ရော်ဂျာက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“စင်းနန်အင်ပါယာက အခြေအနေကို အခွင့်ကောင်းယူပြီး ငါတို့ကို လုယက်ချင်နေတယ်လေ။ ဒါပေမဲ့ သူတို့လွှတ်လိုက်တဲ့လူတွေကို ငါတို့ အကုန်ဖမ်းလိုက်ပြီ။ အခု မုခိုင်ကို လျော်ကြေးကိစ္စ ဆွေးနွေးဖို့ လွှတ်ထားတယ်။ အဲ့ဒါသာ ပြေလည်သွားရင် ကျွန်းပိုင်ရှင်ဆီ သွားပြီး အစီရင်ခံရင်းနဲ့ မင်းပြောတဲ့ အဆင့်မြင့်ပစ္စည်းတွေကို သွားကြည့်ရမယ်။”

လော့လင်တန်က ပြန်ဖြေလိုက်သည်။

“ဒါဆို အကောင်းဆုံးပဲ...။ သေချာပေါက် အဆင်ပြေမှာပါ။ ကျွန်းပိုင်ရှင်ရဲ့ ကျောထောက်နောက်ခံသာရှိရင် ဒီနားက အင်အားစုတွေက သားတော်တို့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ အကုန်လုံးက အလိုက်တသိနဲ့ လက်ညှိုးညွှန်ရာ ရေဖြစ်လာကြမှာပဲ။”

ရော်ဂျာသည် ရှောင်းယီအပေါ် အကြွင်းမဲ့ ကိုးကွယ်ယုံကြည်နေပြီ ဖြစ်သည်။ လော့လင်တန်က ခေါင်းယမ်းလိုက်၏။

“လောကမှာရှိတဲ့ သူရဲကောင်းတွေကို လျှော့မတွက်မိစေနဲ့။”

တစ်ချိန်တည်းမှာပင် လော့လင်တန် စေလွှတ်လိုက်သော မုခိုင်ဦးဆောင်သည့် လျော်ကြေးဆွေးနွေးရေးအဖွဲ့သည် စင်းနန်အင်ပါယာ၏ စစ်သည်များ ဝိုင်းရံခြင်းကို ခံထားရလေသည်။

“မင်းတို့ တကယ်ပဲ ဒီလိုလုပ်ချင်တာလား။ ကောင်းကင်မိုးကြိုးအင်ပါယာရဲ့ အမျက်ဒေါသကို မင်းတို့ တောင့်မခံနိုင်မှာကို ငါစိုးရိမ်မိတယ်။”

မုခိုင်၏ မျက်နှာအမူအရာမှာ ထူးထူးခြားခြား တည်ငြိမ်နေလေသည်။

All Chapters