အခန်း (၁၀၈၃-၁၀၈၄)
Vol. 92 Ch. 1083-1084
အခန်း ၁၀၈၃ - မုခိုင် ဝိုင်းရံခံရခြင်း
လက်ရှိတွင် ကောင်းကင်မိုးကြိုးအင်ပါယာ၏ အင်အားသည် စင်းနန်အင်ပါယာကို အပြတ်အသတ် ဖိနှိပ်ထားနိုင်၏။ တကယ်လို့ သူသာ ဤနေရာ၌ သေဆုံးသွားခဲ့ရင်တောင် စင်းနန်အင်ပါယာသည် ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်သွားရန်သာ ရှိသည်။
သူ့အသက်တစ်ချောင်းနှင့် အင်ပါယာတစ်ခုလုံးကို လဲလှယ်ရမည်ဖြစ်ရာ ဤသည်မှာ အမြတ်ကြီးစား အမြတ်ထွက်သည့် အလုပ်ပင်။
ထို့ကြောင့် မုခိုင်သည် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေသော်လည်း အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။
ထို့အပြင် တစ်ဖက်ရန်သူများ ကိုင်ဆောင်ထားသည့် လက်နက်များသည် သူတို့အဖွဲ့၏ လက်နက်များလောက် အဆင့်မမီပေ။ တကယ်လို့ တိုက်ပွဲသာ အမှန်တကယ် ဖြစ်ပွားခဲ့လျှင် ဘယ်သူနိုင်မလဲဆိုသည်မှာ မသေချာသေးပေ။
“ဟမ့်... မင်းတို့ ကောင်းကင်မိုးကြိုးအင်ပါယာက အပြင်လူတွေရဲ့ ခွေးအဖြစ် ခံချင်နေတာပဲ။ ငါတို့က အနီးနားက တခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီးပြီ။ မင်းတို့ ကောင်းကင်မိုးကြိုးအင်ပါယာကို ဝိုင်းတိုက်ဖို့ သူတို့အားလုံး သဘောတူထားကြတယ်။”
တစ်ဖက်လူက မထီမဲ့မြင် ပြုံးရင်း ပြောလိုက်သည်။
“ငါတို့ ကောင်းကင်မိုးကြိုးအင်ပါယာက အမြဲတမ်း လွတ်လပ်တဲ့နိုင်ငံ ဖြစ်ခဲ့တယ်။ ပြီးတော့ သန်မာတဲ့သူနောက်မှာ ခိုလှုံတာက ဘာမှားလို့လဲ။”
မုခိုင်က ပြန်လည်ချေပလိုက်သည်။
“ကြည့်ရတာ မင်းတို့အင်ပါယာက ကိုယ့်ခြေထောက်ပေါ်ကိုယ် ဘယ်တော့မှ ရပ်တည်နိုင်မှာ မဟုတ်တော့ဘူး။”
တစ်ဖက်လူက ပြန်ပြော၏။
“ငါ အကြံပေးချင်တာကတော့ အေးအေးဆေးဆေး လက်နက်ချလိုက်။ မဟုတ်ရင်တော့ ငါတို့ဘက်ကလည်း ယဉ်ကျေးနေမှာ မဟုတ်ဘူး။”
ထိုအခါ မုခိုင်က လေးနက်သောလေသံဖြင့် အော်ဟစ်လိုက်တော့သည်။
“ကာကွယ်ကြ...။”
သူ့ဘေးနားရှိ စစ်သည်များသည် ကြီးမားသော သတ္တုဒိုင်းများကို လူတိုင်း၏ ရှေ့တွင် ချက်ချင်းပင် ထောင်လိုက်ကြ၏။
မုခိုင်နှင့် သူ၏အဖွဲ့က အသေခံခုခံရန် ပြင်ဆင်ထားသည်ကို မြင်သောအခါ တစ်ဖက်လူက ပစ်ခတ်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
“ဒိုင်း ဒိုင်း ဒိုင်း”
“ဒေါင်...ဒေါင်...ဒေါင်”
ရန်သူ့ထံမှ ကျည်ဆန်များသည် သတ္တုဒိုင်းများကို ထိမှန်ပြီး လွင့်စင်ထွက်သွားကြသည်။
မုခိုင်သည် စစ်သည်များ၏ အကာအကွယ်ဖြင့် နောက်သို့ ဆုတ်ခွာသွား၏။ စင်းနန်အင်ပါယာ၏ တပ်ဖွဲ့များကလည်း မလျှော့တမ်း လိုက်လံတိုက်ခိုက်ကြသည်။
မကြာမီတွင် မုခိုင်နှင့် သူ၏အဖွဲ့သည် အနီးနားရှိ ကုန်းမြင့်လေးတစ်ခုပေါ်သို့ ဆုတ်ခွာနိုင်ခဲ့သည်။
“သခင်ကြီး... ရန်သူက တိုက်စစ်မဆင်ဘဲ ဝိုင်းထားမယ်ဆိုရင် ကျုပ်တို့ ခဏပဲ တောင့်ခံနိုင်လိမ့်မယ်။”
ကိုယ်ရံတော်တပ်မှူးက မုခိုင်ကို ချက်ချင်း အစီရင်ခံလိုက်သည်။
“ငါ အခုချက်ချင်း အခြေအနေကို အရှင်မင်းကြီးဆီ အစီရင်ခံလိုက်မယ်။ မင်းတို့ ခဏလောက် တောင့်ခံထားကြဦး။”
မုခိုင်က ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့။”
အရှင်မင်းကြီး လော့လင်တန်သာ ဒီအခြေအနေကို သိသွားပြီး စစ်ကူများ အချိန်မီ လွှတ်ပေးနိုင်မည်ဆိုပါက စင်းနန်အင်ပါယာသည် ကောင်းကင်မိုးကြိုးအင်ပါယာ၏ တိုက်စစ်ကို ခုခံနိုင်မှာ မဟုတ်သလို သူတို့၏ အသက်များလည်း ဘေးကင်းသွားမည်ကို သူတို့အားလုံး သိထားကြသည်။
ထို့ကြောင့် မုခိုင်ရော ကိုယ်ရံတော်များပါ သူတို့၏ ဘေးကင်းလုံခြုံရေးအတွက် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိကြပေ။
မုခိုင်က လော့လင်တန်ထံ ဖုန်းဆက်ပြီး အစီရင်ခံလိုက်သည်။
“အရှင်မင်းကြီး စင်းနန်အင်ပါယာက ပတ်ဝန်းကျင်က အင်အားစုတွေနဲ့ ပူးပေါင်းထားပုံရပါတယ်။ သူတို့က ကျွန်တော်မျိုးတို့ကို ကုန်းမြင့်လေးတစ်ခုပေါ် ရောက်အောင် မောင်းထုတ်ပြီး ဝိုင်းရံထားပါတယ်။”
လော့လင်တန်သည် ထမင်းစားပွဲတွင် ရော်ဂျာနှင့် စကားပြောရင်း စားသောက်နေဆဲဖြစ်သည်။ ထိုဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ သူ မှင်တက်သွား၏။
“စင်းနန်အင်ပါယာက တကယ်ပဲ ငါတို့နဲ့ စစ်ဖြစ်ဖို့ ပြင်ဆင်နေတာလား။ ငါတို့စေလွှတ်လိုက်တဲ့ စစ်သံတမန်အဖွဲ့ကိုတောင် ဖမ်းဆီးထားချင်တယ်ပေါ့။”
နိုင်ငံနှစ်ခု စစ်ဖြစ်နေသော်လည်း စစ်သံတမန်ကိုတော့ အသက်မသေစေရဟူ၍ စကားပုံတစ်ခုရှိပေသည်။ ဤစင်းနန်အင်ပါယာက စစ်သည်တော်ကျင့်ဝတ် လုံးဝမရှိပေ။
“မှန်လှပါ။ အခုကျွန်တော်မျိုးတို့ဆီမှာပါတဲ့ ခဲယမ်းမီးကျောက်တွေနဲ့ဆိုရင် နှစ်နာရီလောက်တော့ တောင့်ခံနိုင်ပါလိမ့်မယ်။”
မုခိုင်က ဆက်ပြောလိုက်သည်။
“ကောင်းပြီ။ စိတ်မပူနဲ့။ ငါ အခုချက်ချင်း စစ်ကူတွေ လွှတ်ပေးလိုက်မယ်။ ဒီကနေတစ်ဆင့် စင်းနန်အင်ပါယာရဲ့ အင်အားကိုလည်း တစ်ခါတည်း စမ်းသပ်ကြည့်ကြတာပေါ့။”
လော့လင်တန်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“မှန်လှပါ။”
မုခိုင်က ဖုန်းချလိုက်ပြီး ကိုယ်ရံတော်တပ်ဖွဲ့ကို ပြောလိုက်သည်။
“အရှင်မင်းကြီးက အခြေအနေကို သိသွားပြီ။ သူ စစ်ကူတွေ လွှတ်ပေးလိမ့်မယ်။ အခု ငါတို့တာဝန်က ခဲယမ်းကို တတ်နိုင်သမျှ ချွေတာပြီး အချိန်ဆွဲထားဖို့ပဲ။”
“ဟုတ်ကဲ့။”
လူတိုင်းက ပြိုင်တူ တုံ့ပြန်လိုက်ကြသည်။
ဖုန်းလက်ခံရရှိပြီးနောက် လောြလင်တန်သည် ဂရိုးကို စစ်တပ် စုစည်းရန်နှင့် တိုက်ခိုက်ရန် ပြင်ဆင်ဖို့ ချက်ချင်း အမိန့်ပေးလိုက်သည်။
သို့သော်လည်း စစ်တပ်ကို စုစည်းပြီး သင်္ဘောဖြင့် သွားရောက်ရန်မှာ သေချာပေါက် အချိန်အများကြီး ကြာပေလိမ့်မည်။
ကောင်းကင်မိုးကြိုးအင်ပါယာနှင့် စင်းနန်အင်ပါယာတို့သည် နီးကပ်သည်ဆိုသော်ငြား ကီလိုမီတာနှစ်ရာကျော် ကွာဝေးနေဆဲပင်။ ကောင်းကင်မိုးကြိုးအင်ပါယာမှ စစ်ကူများ ထိုနေရာသို့ရောက်ရန် အနည်းဆုံး နှစ်နာရီကျော် ကြာမြင့်မည်ဖြစ်ရာ မုခိုင်တို့ဘက်မှ ထိုမျှကြာအောင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် လော့လင်တန်သည် ရှောင်းယီထံသို့ ချက်ချင်း ဖုန်းဆက်လိုက်တော့သည်။
ထိုအချိန်တွင် ရှောင်းယီမှာ နေ့လယ်စာပင် ပြီးအောင်မစားရသေးမီ ကျန်းယွင်ထျန်း၏ အတင်းအကျပ် ခေါ်ဆောင်သွားခြင်းကို ခံနေရ၏။
မနက်ပိုင်းတွင် ရှောင်းယီက သေနတ်အမျိုးအစားသစ် ရထားသည်ဟု ပြောခဲ့ရာ ကျန်းယွင်ထျန်းမှာ တစ်မနက်လုံး အိပ်မပျော်ဘဲ သုံးနာရီခန့်သာ မှေးလိုက်ရသည်။ နေ့လယ်စာ စားချိန်နီးသည်နှင့် သူသည် ချက်ချင်းပြေးလာပြီး ရှောင်းယီကို သေနတ်သွားစမ်းရန် တဂျီဂျီ ပူဆာနေတော့သည်။
ရှောင်းယီလည်း မတတ်သာတော့ဘဲ သူ့နှင့်အတူ စစ်စခန်း ဆီသို့ လိုက်လာခဲ့ရသည်။ သူသည် စစ်စခန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ အရင်သွားပြီး ဘားရက် စနိုက်ပါရိုင်ဖယ် သုံးလက်ကို ထုတ်လုပ်လိုက်သည်။ ထို့နောက် ကျန်းယွက်ထျန်းကို တစ်လက်၊ ကျန်းရွှဲ့ကို တစ်လက် ပစ်ပေးလိုက်လေသည်။
ကျန်းးရွှဲ့သည် ကျန်းယွင်ထျန်းကဲ့သို့ စိတ်မလောသော်လည်း သူမသည်လည်း သေနတ်ဝါသနာအိုးတစ်ဦး ဖြစ်သည့်အတွက် ရှောင်းယီပြောသော သေနတ်သစ်မှာ ဘယ်လိုမျိုးလဲဆိုသည်ကို သိချင်နေသည်မှာ ကြာပြီဖြစ်သည်။
သူတို့နှစ်ဦးသည် ရှောင်းယီပစ်ပေးသော ဘားရက်စနိုက်ပါရိုင်ဖယ်များကို ဖမ်းယူလိုက်စဉ်တွင် မျက်လုံးထဲ၌ အံ့အားသင့်မှုနှင့် ဝမ်းသာကြည်နူးမှုတို့ တစ်ပြိုင်နက် ဖြစ်ပေါ်လာခဲ့ကြသည်။
“ဒါက ဘားရက်ပဲ။”
ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
“ဒါက ပစ္စည်းဖျက်ဆီးတဲ့နေရာမှာ သုံးတဲ့ စနိုက်ပါရိုင်ဖယ်ပဲ။ ဒါနဲ့သာ လူကိုပစ်ရင် ထိတဲ့နေရာက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမှာပဲ။ နိုင်ငံတကာ သဘောတူညီချက်တွေအရ ဒီလောက် ပြောင်းဝကြီးတဲ့ ရိုင်ဖယ်တွေကို လူကိုပစ်ဖို့ အသုံးမပြုရဘူးလို့တောင် တားမြစ်ထားတာ။”
ကျန်းရွှဲ့သည်မူ ကျည်ဆန်များကို ယူဆောင်ကာ ပစ်ခတ်လေ့ကျင့်ကွင်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ရှောင်းယီသည်လည်း လက်ထဲက စနိုက်ပါရိုင်ဖယ်ကို တယုတယ ကိုင်ကြည့်နေသော ကျန်းယွင်ထျန်းကို ဆွဲကာ နောက်မှ လိုက်သွားလိုက်လေသည်။
“မြန်မြန်လုပ်။ ငါတို့က သေနတ်လာစမ်းတာ။ ကစားနေတာ မဟုတ်ဘူး “
ရှောင်းယီက တိုက်တွန်းလိုက်သည်။
လေ့ကျင့်ကွင်းသို့ ရောက်သောအခါ ကျန်းရွှဲ့သည် ဘားရက်၏ ဒေါက် (Bipod) ကို အသင့်ပြင်ပြီး ရှေ့က ပစ်မှတ်ကို စတင်ပစ်ခတ်လေတော့သည်။
ဒိုင်း
လေးလံသော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး အဝေးက ပစ်မှတ်သည် ကျည်ဆန်ထိမှန်ကာ လုံးဝ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။
“တကယ်ကို စွမ်းအားကြီးတာပဲ။”
ရှောင်းယီက စိတ်လှုပ်ရှားစွာ မှတ်ချက်ပေးလိုက်သည်။
ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့ကမူ အံ့သြသည့် အမူအရာ လုံးဝမရှိပေ။ သူတို့သည် ဘားရက်၏ စွမ်းအားကို ကောင်းကောင်းသိကြပြီးဖြစ်သည့်အပြင် ယခုလက်နက်တွင်ပါဝင်သော အဆင့်မြင့်အပိုဆုများကြောင့် ယခင်ကမ္ဘာက ဘားရက်ထက်ပင် ပိုမိုစွမ်းအားကြီးမည်ဟု ခန့်မှန်းထားကြသည်။
ကျန်းယွင်ထျန်းသည် လက်ထဲက ဘားရက်ကို ခဏတာ စမ်းကြည့်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“အခု ငါ့ရဲ့ရုပ်ခန္ဓာက အများကြီး တိုးတက်လာပြီဆိုတော့ ဒေါက်မထောက်ဘဲနဲ့တောင် ပစ်လို့ရပြီ ထင်တယ်။”
ပြောပြောဆိုဆိုဖြင့် ကျန်းယွင်ထျန်းသည် စနိုက်ပါရိုင်ဖယ်ကို တိုက်ရိုက် မပြီး အဝေးက ပစ်မှတ်ကို ပစ်ခတ်လိုက်တော့သည်။
ဒိုင်း
အဝေးက ပစ်မှတ်သည် ထိချက်နှင့်အတူ ပွင့်ထွက်သွား၏။
“မဆိုးဘူး။ ရုပ်ခန္ဓာက B အဆင့်ရှိရင် ဒီလိုပစ်လို့ရမယ်လို့ ငါထင်တယ်။”
ကျန်းယွင်ထျန်းက ခန့်မှန်းပြောဆိုလိုက်သည်။
ရှောင်းယီသည်လည်း ဘားရက်၏ စွမ်းအားကို မြည်းစမ်းကြည့်ရန် ကျည်အနည်းငယ် ပစ်ကြည့်ဖို့ ပြင်နေစဉ် သူ၏ဖုန်းမှ အသံမြည်လာခဲ့လေသည်။
ကြည့်လိုက်သောအခါ လော့လင်တန်ထံမှ ဖြစ်နေသဖြင့် ဖုန်းကိုင်ကာ မေးလိုက်သည်။
“အရှင်မင်းကြီး လော့လင်တန် ဘာကိစ္စရှိလို့လဲ။”
“ကျွန်းပိုင်ရှင် စင်းနန်အင်ပါယာကို လွှတ်လိုက်တဲ့ ကျုပ်တို့ရဲ့ သံတမန်အဖွဲ့ ဝိုင်းရံခံထားရလို့ ကယ်ဆယ်ဖို့ လိုအပ်နေပါတယ်။ သူတို့ကို လမ်းပွင့်သွားအောင် တိုက်လေယာဉ်တစ်စီးလောက် လွှတ်ပြီး ကူညီပေးလို့ ရမလား။”
လော့လင်တန်က တောင်းဆိုလာခဲ့သည်။
“ပြဿနာမရှိပါဘူး။ ကျုပ် အခုချက်ချင်း စီစဉ်ပေးလိုက်မယ်။ သူတို့ကို တောင့်ခံထားဖို့ ပြောလိုက်ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
သေနတ်စမ်းနေကြသော ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့ကလည်း မော့ကြည့်လိုက်ကြသည်။
“ဘာဖြစ်လို့လဲ။”
ထိုအခါ ရှောင်းယီက အကြောင်းစုံကို အကျဉ်းချုပ် ရှင်းပြလိုက်၏။
“အစ်ကိုကျန်း တပ်ဖွဲ့တစ်ဖွဲ့ကို စုစည်းပြီး သူတို့ကို သွားကယ်ဖို့ စီစဉ်လိုက်ပါ။”
“ဓားစာခံ ကယ်ဆယ်ရေးလား။ ဒါက ငါတို့ရဲ့ အထူးကျွမ်းကျင်တဲ့ အလုပ်ပဲ မဟုတ်ဘူးလား။ ဘားရက်ရဲ့ တိုက်ပွဲစွမ်းရည်ကို စမ်းသပ်ဖို့ အခွင့်ကောင်းပဲ။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။
“တိုက်လေယာဉ်တွေ လွှတ်နေစရာ မလိုပါဘူး။ ဆီကုန်တာပဲ ဖတ်တင်လိမ့်မယ်။ ငါ တပ်ဖွဲ့တစ်ဖွဲ့ခေါ်ပြီး သွားလိုက်မယ်။ ဒါပေမဲ့ သယ်ယူပို့ဆောင်ဖို့အတွက် အပျော်စီးသင်္ဘောတော့ လိုလိမ့်မယ်။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ ငါလည်း ဒီသေနတ်ရဲ့ တိုက်ပွဲစွမ်းရည်ကို မြင်ချင်သေးတယ်။”
ပြောပြောဆိုဆိုဖြင့် ကျန်းယွင်ထျန်းသည် အထူးတပ်ဖွဲ့ဝင် စစ်သည်တစ်စုကို စုစည်းကာ ကောင်းကင်မိုးကြိုးအင်ပါယာသို့ အတူတူ ကူးပြောင်းသွားလိုက်ကြလေသည်။
ရှောင်းယီကိုယ်တိုင် ရောက်လာသည်ကို မြင်သောအခါ လော့လင်တန်သည် အလျင်အမြန် ရှေ့တက်လာပြီး ရိုသေစွာ မေးလိုက်သည်။
“ကျွန်းပိုင်ရှင်...ဘာလို့ ကိုယ်တိုင်တောင် ရောက်လာရတာလဲ။”
“အခြေအနေကို လာကြည့်တာပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျုပ်တို့ကို စင်းနန်အင်ပါယာနဲ့ အနီးဆုံး ကမ်းရိုးတန်းဆီ ခေါ်သွားပေးဖို့ လူတစ်ယောက်လောက် စီစဉ်ပေးပါဦး။”
အခန်း ၁၀၈၄ - လူနှစ်ဆယ်ပဲ လာတယ်၊ ဘားရက်ဖြင့် သင်္ဘောကို မြှုပ်ပစ်ခြင်း
“ကျုပ် လိုက်ပို့ပေးပါ့မယ်။”
လော့လင်တန်က ချက်ချင်း ပြန်ဖြေလိုက်သည်။
သူသည် ရှောင်းယီ၏ ကားပေါ်သို့ တက်လိုက်ပြီး မြောက်ဘက်သို့ တန်းတန်းမတ်မတ် မောင်းနှင်သွားတော့သည်။
“ကျွန်းပိုင်ရှင် တိုက်လေယာဉ်တွေ ပျံတက်ဖို့အတွက် ပြေးလမ်းတစ်ခု တည်ဆောက်ဖို့ စီစဉ်ပေးရမလား။”
ကားမောင်းနေရင်း လော့လင်တန်က မေးလိုက်သည်။
“ပြေးလမ်းလား။”
ရှောင်းယီ အနည်းငယ် အံ့သြသွားပြီးနောက် ပြုံး၍ ပြန်ဖြေလိုက်သည်။
“မလိုပါဘူး။”
“မလိုဘူးလား။”
လော့လင်တန် မှင်တက်သွား၏။
“ဒါက မုခိုင်နဲ့ တခြားသူတွေကို ကယ်ရုံပါပဲ။ ဒီကားပေါ်က လူတွေနဲ့တင် လုံလောက်တယ်။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ဒီကားပေါ်က လူတွေနဲ့တင် ဟုတ်လား။”
လော့လင်တန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ဒါပေမဲ့ မုခိုင်တို့က အကြာကြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။”
ထိုအခါ ရှောင်းယီက ပြန်မေးလိုက်သည်။
“သူတို့ တစ်နာရီထက်တော့ပိုပြီး တောင့်ခံနိုင်တယ် မဟုတ်လား။”
“သေချာတာပေါ့။ မုခိုင်ရဲ့ သတင်းပို့ချက်အရ သူတို့ နှစ်နာရီလောက်တော့ တောင့်ခံနိုင်လိမ့်မယ်။”
လော့လင်တန်က ပြန်ဖြေလိုက်သည်။
“အဲ့ဒီလိုဆိုရင်တော့ အရှင်မင်းကြီး စိတ်ချလိုက်ပါ။ ကျုပ်တို့ သူတို့ကို သေချာပေါက် ကယ်ထုတ်နိုင်ပါတယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ လော့လင်တန်မှာမူ ရှောင်းယီသည် အဘယ်ကြောင့် ဤမျှ ယုံကြည်မှု ပြင်းထန်နေရသည်ကို နားမလည်နိုင်ဖြစ်နေ၏။
သူတို့ ရင်ဆိုင်ရမှာက တိုင်းပြည်တစ်ခုလုံးရဲ့ စစ်အင်အားလေ။
လူနှစ်ဆယ်တောင် မပြည့်ဘဲနဲ့လား။ ဒါက နောက်ပြောင်နေတာ မဟုတ်ဘူးလား။
ဒါပေမဲ့ ရှောင်းယီက သူ့အသက်ကို နောက်ပြောင်မှုလုပ်မယ့်သူမျိုးတော့ မဟုတ်ဘူး မဟုတ်လား။
လော့လင်တန် တစ်ယောက် စိတ်ထဲတွင် ဝေခွဲမရဖြစ်နေစဉ်မှာပင် သူတို့ ကမ်းခြေသို့ ရောက်ရှိလာခဲ့ကြလေသည်။ ရှောင်းယီသည် ကားပေါ်တွင် တပ်ဆင်ထားသော ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင် ကို ချက်ချင်း အသုံးပြုပြီး အပျော်စီးရွက်သင်္ဘောကို လဲလှယ်ရယူလိုက်သည်။
ဤရွက်သင်္ဘောကို အသုံးပြုပါက စင်းနန် အင်ပါယာ ကမ်းခြေသို့ မိနစ်နှစ်ဆယ်ခန့်အတွင်း ရောက်ရှိနိုင်ပေသည်။ အလုပ်ပြီးပါက ရွက်သင်္ဘကို ပြန်လည်လဲလှယ်လိုက်ခြင်းဖြင့် သားရဲကြီးများ၏ တိုက်ခိုက်မှုကိုလည်း အလုံးစုံ ရှောင်ရှားနိုင်မည်ဖြစ်သည်။
ကောင်းကင်ပြာရောင် ရွက်သင်္ဘောကြီးတစ်စင်း ကောင်းကင်မိုးကြိုး မင်းဆက်မှ လူများ၏ ရှေ့မှောက်တွင် ထွက်ပေါ်လာသောအခါ အားလုံးက အံ့သြတကြီး ကြည့်နေမိကြသည်။
“ဒီသင်္ဘောသေးသေးလေးက လူအယောက် ၃၀ လောက်ပဲ ဆံ့မှာ မဟုတ်လား။”
“အဲ့ဒီလောက်ပဲ နေလိမ့်မယ်။ ကြည့်လို့တော့ လှပါရဲ့...။ ဒါပေမဲ့ လက်တွေ့တော့ မဆန်ဘူး။”
“ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ဒီသင်္ဘောအသေးလေးနဲ့ လူသွားကယ်မလို့လား။ ဒါက ကလေးကလား ဆန်လွန်းတာပဲ။”
ရှောင်းယီနှင့် တခြားသူများသည် လူအုက်ကြီး၏ စကားများကို လျစ်လျူရှုကာ ရွက်သင်္ဘောပေါ်သို့ တိုက်ရိုက် တက်သွားလိုက်ကြသည်။ သူတို့သည် ကားပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုလည်း ရွက်လှေပေါ်သို့ ပြောင်းရွှေ့လိုက်ကြ၏။ အကြောင်းမှာ ပြန်လာသည့် အခါတွင် ကျောက်တိုင်ကို လိုအပ်မည် ဖြစ်သောကြောင့်ပင်။
“ကျုပ်တို့နဲ့ လိုက်ဖို့ လူတစ်ယောက် ရှာပေးပါ။ ကုန်းပေါ်ရောက်ရင် လမ်းပြပေးဖို့ လူလိုတယ်။”
ရှောင်းယီက လော့လင်တန်ကို ကြည့်ကာ ပြောလိုက်သည်။
“ကျုပ် လိုက်ခဲ့မယ်။ ကျုပ် အရှင်မင်းကြီးနဲ့အတူ စင်းနန် အင်ပါယာကို သံတမန်ရေးအရ တစ်ခါ သွားဖူးတယ်။”
အနီးအနားတွင် တပ်စုကို ပြင်ဆင်နေသော ဂရိုးက လမ်းလျှောက်လာရင်း ပြောလိုက်သည်။
“ကောင်းပြီ။”
လော့လင်တန်က ခေါင်းညိတ်လိုက်သည်။
ရှောင်းယီက ဂရိုးကို သင်္ဘောပေါ် အမြန်တက်ရန် အချက်ပြလိုက်ပြီး ဂရိုးသည်လည်း ရွက်သင်္ဘောပေါ်သို့ ချက်ချင်းပင် ခုန်တက်လိုက်လေသည်။
လူတိုင်း တက်ပြီးနောက် ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်တော့သည်။
“ရှောင်ယောက် ပစ်မှတ်အတိုင်း မောင်းနှင်လိုက်တော့။”
“ဟုတ်ကဲ့ပါ...သခင်။”
အီလက်ထရွန်နစ် အသံတစ်ခု ထွက်ပေါ်လာသဖြင့် ဂရိုးတစ်ယောက် လန့်ဖြန့်သွား၏။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဘယ်သူ စကားပြောလိုက်တာလဲ။”
“မင်းအနေနဲ့ ဒါကို ရွက်သင်္ဘောက ငါတို့ကို စကားပြောနေတာလို့ပဲ နားလည်ထားလိုက်ပါ။ ဒါကို ဉာဏ်ရည်တုလို့ခေါ်တယ်။ မဟာမိတ်အဖွဲ့ရဲ့ နည်းပညာနည်းစနစ်တွေအကြောင်း သိလာတဲ့အခါ မင်း အသေးစိတ် နားလည်သွားပါလိမ့်မယ်။”
ရှောင်းယီက ထို့ထက်ပိုပြီး ရှင်းမပြတော့ပေ။
“ဟုတ်ကဲ့။”
ဂရိုးက ပြန်ဖြေလိုက်၏။ ထို့နောက် ရွက်လှေသည် လေးညှို့မှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ တဟုန်ထိုး ထွက်ခွာသွားသည်ကို သူ မြင်လိုက်ရသည်။
“ဒီအရှိန်က အရမ်းမြန်လွန်းမနေဘူးလား။”
ဂရိုးက မအောင့်နိုင်ဘဲ ပြောလိုက်မိသည်။
“မင်းပေးတဲ့ ခရီးအကွာအဝေးအရဆိုရင် စင်းနန် အင်ပါယာရှိတဲ့ တိုက်ကြီးဆီကို မိနစ်နှစ်ဆယ်အတွင်း ရောက်နိုင်တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မိ...မိနစ်နှစ်ဆယ်လား။”
ဂရိုးမှာ အံ့သြလွန်းသဖြင့် စကားများပင် ထစ်ကုန်၏။
သို့သော် ဂရိုးသည် ပို၍ ကြောက်စရာကောင်းသော အချက်တစ်ခုကို ထပ်မံ တွေ့ရှိသွားခဲ့သည်။ လူတိုင်းသည် သူတို့၏ လက်နက်ကိရိယာများကို စစ်ဆေးပြင်ဆင်နေကြ၏။
ဒါဆို သင်္ဘောကို ဘယ်သူ မောင်းနေတာလဲ။
ဒီလောက် မြန်တဲ့အရှိန်နဲ့ တစ်ယောက်ယောက်ကသာ မထိန်းကျောင်းဘဲ တစ်ခုခုနဲ့ တိုက်မိရင် သင်္ဘောပေါ်ကလူတွေ အားလုံး သွားပြီ မဟုတ်ဘူးလား။
ဂရိုး တစ်ယောက် ပဲ့ကိုင်ခန်းကို ကြည့်ပြီး ထိတ်လန့်နေသည်ကို ကျန်းယွင်ထျန်း မြင်သောအခါ သူ ဘာတွေးနေသည်ကို ရိပ်မိသွားခဲ့သည်။
“ဒါကလည်း ဉာဏ်ရည်တုပဲ။ သူက အလိုအလျောက် မောင်းနှင်နိုင်တယ်။ မင်း ဘာမှ စိတ်ပူစရာ မလိုဘူး။”
“အလိုအလျောက် မောင်းနှင်တာလား။”
ဂရိုးမှာ သူ၏ လောကအမြင်များ တစ်စစီ ပြိုပျက်သွားသလို ခံစားလိုက်ရသည်။
ဂရိုးတစ်ယောက် ဆက်တိုက် အံ့သြနေစဉ်အတွင်း ရွက်လှေသည် စင်းနန် အင်ပါယာ၏ ကမ်းခြေသို့ ချဉ်းကပ်လာခဲ့ရာ စင်းနန်အင်ပါယာ၏ ကင်းလှည့်သင်္ဘောများကိုပင် မရေမရာ မြင်တွေ့နေရပြီ ဖြစ်သည်။
“တစ်ဖက်လူက ငါတို့ကို တွေ့သွားပြီ။”
ကျန်းယွင်ထျန်းက မှန်ပြောင်းဖြင့် ကင်းလှည့်သင်္ဘောကို ကြည့်ရင်း ပြောလိုက်သည်။ ထိုသင်္ဘောပေါ်မှ လူများကလည်း သူတို့ဘက်သို့ မှန်ပြောင်းဖြင့် ပြန်ကြည့်နေသည်ကို သူမြင်နေရ၏။
ထိုစကားကို ကြားသောအခါ ဂရိုးမှာ ဆက်ပြီး အံ့သြနေဖို့ အချိန်မရှိတော့ဘဲ “ဘယ်ဘက်ကို ကွေ့လိုက်” ဟု ချက်ချင်း အော်ပြောလိုက်သည်။
သို့သော် ကျန်းယွင်ထျန်းက သူ၏လက်ထဲမှ လှံရှည်ပုံသဏ္ဌာန် သေနတ်အား မြှောက်လိုက်သည်ကို သူတွေ့လိုက်သည်။
ဂရိုးတစ်ယောက် ဤမျှ ပြောင်းဝရှည်လျားသော သေနတ်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
“မလောပါနဲ့။ နည်းနည်းလေး ထပ်နီးအောင် စောင့်လိုက်ပါဦး။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် မင်း ဘားရက်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ချင်တယ်လို့ ပြောတယ်မလား။ ဒါက အခွင့်အရေးကောင်းပဲ။”
“ကောင်းပြီ ရှောင်ယောက် သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးလိုက်။”
ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။
ဂရိုး အံ့အားသင့်နေစဉ်မှာပင် ရွက်လှေသည် ရန်သူ့ကင်းလှည့်သင်္ဘောရှိရာသို့ တည့်တည့်မတ်မတ် ဦးတည်ကာ မောင်းနှင်သွားတော့သည်။
“သတိပေးချင်တာတစ်ခုက သူတို့သင်္ဘောက ရေနွေးငွေ့စွမ်းအင်ကို သုံးထားတယ်။ သူ့ရဲ့ ဘွိုင်လာအိုး ရှိမယ့်နေရာကို ရှာကြည့်လိုက်။”
ရှောင်းယီက ထပ်ပြောလိုက်သည်။
“ငါ့ကို ကြည့်နေလိုက်ပါ။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
သင်္ဘောနှစ်စင်းမှာ လျင်မြန်စွာ နီးကပ်လာခဲ့သည်။ စင်းနန်အင်ပါယာ၏ ကင်းလှည့်သင်္ဘောသည် ဤမျှမြန်သော သင်္ဘောမျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် ချက်ချင်းပင် အသံချဲ့စက်ဖြင့် သတိပေးတော့သည်။
“ရှေ့က သင်္ဘော သတိထားပါ။ မင်းတို့ စင်းနန်အင်ပါယာရဲ့ ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာပြီ။ အခုချက်ချင်း ရပ်တန့်ပြီး စစ်ဆေးမှု ခံယူပါ။ ထပ်လောင်း သတိပေးတယ်...”
သို့သော် ရွက်လှေသည် ထိုအော်ဟစ်သံများကို လုံးဝ ဂရုမစိုက်ဘဲ အရှိန်ပြင်းပြင်းဖြင့် ဆက်လက် မောင်းနှင်နေကာ တစ်ဖက်သင်္ဘောနှင့် ငါးကီလိုမီတာခန့် အကွာအဝေးသို့ ရောက်သောအခါမှ အရှိန်စသတ်လိုက်၏။
ကျန်းယွင်ထျန်းသည် ရန်သူ့သင်္ဘော၏ ကိုယ်ထည်ကို အပိုင်ချိန်လိုက်ပြီး မဆိုင်းမတွပင် မောင်းခလုတ်ကို ဆွဲညှစ်လိုက်တော့သည်။
“ဝုန်း...”
ကျယ်လောင်ပြီး အက်ကွဲကွဲ အသံကြီးကြောင့် ဂရိုးမှာ နောက်တစ်ကြိမ် လန့်ဖျပ်သွားရပြန်သည်။
“ဒါ ဘယ်လို သေနတ်မျိုးလဲ။ ဘာလို့ အသံက ဒီလောက်တောင် ကျယ်နေရတာလဲ။”
ဂရိုး၏ ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်။
ပထမတစ်ချက် ပစ်ပြီးနောက် ကျန်းယွင်ထျန်းသည် ခေတ္တမျှပင် မနားဘဲ ဒုတိယတစ်ချက်ကို ထပ်မံ ပစ်ခတ်လိုက်ပြန်သည်။
“ဝုန်း...”
အနီးအနားတွင် မှန်ပြောင်းဖြင့် ကြည့်နေသော ရှောင်းယီသည် မှန်ပြောင်းကိုပင် မချဘဲ ကျန်းယွင်ထျန်းကို လက်မထောင်ပြလိုက်၏။
အဘယ်ကြောင့်ဆိုသော် ကျန်းယွင်ထျန်း ပစ်လိုက်သော ကျည်နှစ်တောင့်စလုံးမှာ လွဲချော်မှုမရှိဘဲ တစ်နေရာတည်းကို အတိအကျ ထိမှန်သွားသောကြောင့်ပင်။
ပထမအချက်မှာ အပြင်ဘက် သံချပ်ကာကို မဖောက်ထွင်းနိုင်ခဲ့သော်လည်း ဒုတိယအချက်မှာ ထိုနေရာကိုပင် ထပ်မံထိမှန်သွားသဖြင့် သံချပ်ကာကို ဖောက်ထွက်သွားခဲ့သည်။
ထို့နောက် ကျန်းယွင်ထျန်းက တတိယအချက်ကို ဆက်တိုက် ပစ်လိုက်သည်။
“ဝုန်း....”
သေနတ်သံ ဆုံးသွားသည်နှင့် ကျန်းယွင်ထျန်းက စနိုက်ပါရိုင်ဖယ်ကို သိမ်းလိုက်ရင်း ပြောလိုက်သည်။
“ရပြီ...ကမ်းပေါ် အမြန်တက်ကြစို့။ သားရဲကြီးတွေ ရောက်လာရင် ဒုက္ခရောက်ကုန်လိမ့်မယ်။”
သူ့ စကားမဆုံးသေးမီမှာပင် အဝေးရှိ စင်းနန်အင်ပါယာ၏ ကင်းလှည့်သင်္ဘောကြီးမှာ ပေါက်ကွဲသွားတော့သည်။
“ဝုန်း....”
ကင်းလှည့်သင်္ဘောကြီး ပြင်းထန်စွာ ပေါက်ကွဲသွားသည်ကို ကြည့်ရင်း ဂရိုးမှာ ခြောက်သွေ့နေသော သူ၏ နှုတ်ခမ်းများကို မယုံနိုင်စရာ မျက်နှာပေးဖြင့် သပ်လိုက်မိလေသည်။
သေနတ် သုံးချက်တည်းနဲ့ သင်္ဘောတစ်စင်းကို ဖျက်ဆီးပစ်လိုက်တာလား။
ဒီသေနတ်က ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ။
ပြီးတော့ နည်းပြကျန်းရဲ့ လက်ဖြောင့်ချက်ကလည်း ဘာလို့ ဒီလောက်တောင် တိကျနေရတာလဲ။
ရွက်လှေသည် ကမ်းခြေသို့ ချက်ချင်း အရှိန်မြှင့်ကာ မောင်းနှင်သွား၏။ ဂရို၏ လမ်းညွှန်မှုဖြင့် စင်းနန်အင်ပါယာ၏ ကင်းစောင့်များ မရှိသော ကမ်းတက်မှတ်တိုင် တစ်ခုကို သူတို့ ရှာတွေ့ခဲ့ကြသည်။
မြေမျက်နှာသွင်ပြင်မှာ အနည်းငယ် ကြမ်းတမ်းသော်လည်း ရှောင်းယီတို့ အဖွဲ့အတွက်မူ ထိုအရာက ဘာမှ မဟုတ်ပေ။
ရှောင်းယီနှင့် တခြားသူများသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှင့်အတူ ကုန်းပေါ်သို့ တက်ရောက်ပြီးနောက် ရွက်သင်္ဘောကို ချက်ချင်း ပြန်လည် လဲလှယ်လိုက်ကြသည်။ သူတို့သည် မတ်စောက်သော ကျောက်ဆောင်များကို ကျော်တက်ခဲ့ပြီးနောက် နောက်ဆုံး၌ မြေပြန့်သို့ ရောက်ရှိလာခဲ့ကြလေသည်။
ဤအချိန်တွင် တစ်နာရီမျှ ကြာသွားပြီ ဖြစ်သည်။
ရှောင်းယီနှင့် တခြားသူများသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ စစ်သည်သယ်ယူပို့ဆောင်ရေး ယာဉ်တစ်စီးနှင့် လဲလှယ်လိုက်သည်။ လူတိုင်း ထိုကားပေါ်သို့ တက်လိုက်ကြပြီး မုခိုင်နှင့် သူ၏လူများ ပိတ်မိနေသော နေရာသို့ တဟုန်ထိုး မောင်းနှင်သွားကြတော့သည်။