← Chapters

အခန်း (၁၀၈၅-၁၀၈၆)

Vol. 92 Ch. 1085-1086

အခန်း (၁၀၈၅-၁၀၈၆)

Vol. 92 Ch. 1085-1086

အခန်း ၁၀၈၅ - စစ်ကူများရောက်ရှိလာခြင်း၊ စနိုက်ပါ၏ ခြိမ်းခြောက်မှု

မုခိုင်နှင့် သူ၏တပ်ဖွဲ့သည် တစ်နာရီခန့် တောင့်ခံထားနိုင်ခဲ့ပြီဖြစ်သည်။ ကာဘိုင်ရိုင်ဖယ်များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် စင်းနန်အင်ပါယာ စစ်တပ်မှာ အတင်းတိုးမတက်နိုင်ဘဲ ဖြစ်နေသည်။

“ဗိုလ်ချုပ်...ကောင်းကင်မိုးကြိုးမင်းဆက်ရဲ့ လက်နက်တွေက အရမ်းအဆင့်မြင့်လွန်းတယ်။ ဒီအတိုင်းသာ ဆက်တိုက်နေရင် အဓိပ္ပာယ်မရှိဘူး ဖြစ်သွားလိမ့်မယ်။”

ဘေးနားရှိ ဒုတိယဗိုလ်ချုပ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ဗိုလ်ချုပ်က လှောင်ပြုံးပြုံးလိုက်၏။

“ဘယ်သူက အဓိပ္ပာယ်မရှိဘူးလို့ ပြောလဲ။ အနည်းဆုံးတော့ သူတို့ရဲ့ ကျည်ဆန်တွေကို ကုန်အောင် လုပ်နိုင်တယ်။ သူတို့ ကျည်ဆန် ဘယ်လောက်တောင် သယ်လာလဲဆိုတာ ငါကြည့်ချင်သေးတယ်။ ဆက်ပြီး ထိုးစစ်ဆင်လိုက်။”

ဒုတိယဗိုလ်ချုပ်မှာ ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသော်လည်း လက်ယှက်ကာ အမိန့်ကို နာခံလိုက်ရသည်။

ကုန်းမြင့်ပေါ်ရှိ မုခိုင်နှင့် အခြားသူများမှာလည်း စိုးရိမ်ပူပန်နေကြသည်။ တိုက်လေယာဉ်၏ အရှိန်ဖြင့်ဆိုလျှင် စစ်ကူလာမည်ဆိုပါက ဗုံးကြဲတိုက်ခိုက်ရန်အတွက် လွန်ခဲ့သော အချိန်ကတည်းက ရောက်နေသင့်ပြီဖြစ်သည်။ ယခုကဲ့သို့ ကြန့်ကြာနေခြင်းမှာ အမှန်တကယ် စိတ်မအေးစရာပင်။

“သခင်ကြီး မင်းဆက်က ကျုပ်တို့ကို စွန့်ပစ်လိုက်တာတော့ မဟုတ်ဘူး မဟုတ်လား။”

အစောင့်တပ်မှူးက မရေမရာဖြစ်နေသောအသံဖြင့် မေးလိုက်သည်။ မုခိုင်မှာမူ တည်ငြိမ်နေဆဲပင်။

“မဖြစ်နိုင်ဘူး။ အရှင်မင်းကြီးက ငါတို့ကို ကယ်ဖို့အတွက် တပ်ဖွဲ့တစ်ဖွဲ့ သေချာပေါက် စီစဉ်ပေးလိမ့်မယ်။ အခု ငါတို့လုပ်ရမှာက အချိန်ကို တတ်နိုင်သလောက် ဆွဲထားဖို့ပဲ။ ဒါပဲ ငါတို့လုပ်နိုင်တယ်။ နားလည်လား။”

“နားလည်ပါပြီ။”

အစောင့်တပ်မှူးက ပြန်ဖြေလိုက်ပြီး စင်းနန်အင်ပါယာ၏ နောက်ထပ်ထိုးစစ်တစ်ခုကို တွန်းလှန်ရန် တပ်ဖွဲ့ကို ပြန်လည်ကွပ်ကဲလိုက်တော့သည်။

စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်နှင့် စင်းနန်အင်ပါယာ၏ မြေမျက်နှာသွင်ပြင်ကို သိရှိသော ဂရိုးတို့ကြောင့် ရှောင်းယီနှင့် တပ်ဖွဲ့သည် မုခိုင်တို့ ပိတ်မိနေသော နေရာအနီးသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ယာဉ်များကို စောင့်ရှောက်ရန် လူအနည်းငယ် ချန်ထားခဲ့ပြီးနောက် ကျန်းယွင်ထျန်းသည် စစ်သည်ရှစ်ယောက်ကို ခေါ်ဆောင်သွားခဲ့၏။

လမ်းလျှောက်နေရင်း ကျန်းယွင်ထျန်းသည် ရှေ့ရှိ မြေမျက်နှာသွင်ပြင်နှင့် စနိုက်ပါပစ်ရန် သင့်တော်သော နေရာများကို ခွဲခြမ်းစိတ်ဖြာကာ လေ့လာလိုက်သည်။ သေချာစွာ ရှင်းပြပြီးနောက်တွင် ကျန်းယွင်ထျန်းက သူတို့ကို လူစုခွဲစေပြီး သက်ဆိုင်ရာ စနိုက်ပါနေရာများတွင် ပုန်းကွယ်စေလိုက်တော့သည်။

ကျန်းရွှဲ့မှာမူ ဘားရက်သေနတ်ကို ကိုင်ဆောင်ကာ တောနက်ထဲသို့ ကြိုတင်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိူ့နောက် ကျန်းယွင်ထျန်းက ရှောင်းယီကို ကြည့်လိုက်သည်။

“ကျွန်းပိုင်ရှင် ငါလည်း သွားတော့မယ်။ မင်းရော အပျော်သဘောနဲ့ လိုက်ဦးမလား။”

ရှောင်းယီက ပြုံးလိုက်သည်။

“မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို ငါ ဒီကနေပဲ ကြည့်နေမယ်။”

“ကောင်းပြီ။ ဒါဆို ငါ သွားပြီ။”

ထို့နောက် ကျန်းယွင်ထျန်းသည်လည်း တောအုပ်ထဲသို့ ခုန်ဝင်ပျောက်ကွယ်သွားတော့သည်။

ရှောင်းယီသည် ပတ်ဝန်းကျင် မြေပြင်အနေအထားကို စစ်ဆေးပြီးနောက် တစ်ကီလိုမီတာခန့် နောက်ဆုတ်ကာ မြင့်မားသော တောင်ကုန်းတစ်ခုပေါ်သို့ တက်သွားလိုက်သည်။ တောင်ထိပ်ပေါ်မှနေ၍ ရှေ့ရှိ မြင်ကွင်းအားလုံးကို သူ ရှင်းလင်းစွာ မြင်နေရသည်။ ရှောင်းယီသည် မှန်ပြောင်းကို အသုံးပြု၍ မုခိုင်နှင့် သူ၏လူများမှာ အောက်ဘက်မှ တက်လာသော ရန်သူများကို အသည်းအသန် ခုခံနေရသည်ကို အထင်အသား မြင်တွေ့နေရသည်။

“သူတို့ တောင့်ခံနိုင်စွမ်း ကုန်ဆုံးတော့မယ့်ပုံပဲ။”

ရှောင်းယီက တိုးတိုးလေး ရေရွတ်လိုက်သည်။

ဂရိုးသည်လည်း နောက်မှ လိုက်ပါလာခဲ့သည်။ သူသည် ကယ်ဆယ်ရေးတွင် ပါဝင်ရန် အစောပိုင်းက တောင်းဆိုခဲ့သော်လည်း ကျန်းယွင်ထျန်းက ငြင်းပယ်ခဲ့ပြီး သူ ပါဝင်ပတ်သက်ပါက အစီအစဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့် အဝေးမှသာ စောင့်ကြည့်ရန် ပြောခဲ့သည်။

ဂရိုးသည်လည်း မှန်ပြောင်းမှတစ်ဆင့် မုခိုင်တို့၏ ဆိုးရွားနေသော အခြေအနေကို မြင်ရသောအခါ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“နည်းပြကျန်းတို့က ဘာလို့ အခုထိ အရေးမယူသေးတာလဲ။”

“စိတ်မပူပါနဲ့။ အချိန်မတန်သေးလို့ပါ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

ဂရိုးမှာမူ ဘာမှမတတ်နိုင်ဘဲ ဖြစ်နေခဲ့သည်။ စင်းနန်အင်ပါယာ၏ စစ်သားများသည် မုခိုင်တို့ ရှိနေသည့် ကုန်းမြင့်ပေါ်သို့ ရောက်ရှိရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။

မုခိုင်သည် သူတို့အနီးအနားသို့ ရောက်ရှိနေပြီဖြစ်သော ရန်သူ့တပ်များကို ကြည့်ကာ စိတ်ထဲတွင် မရေမရာ ဖြစ်နေမိသည်။

လော့လင်တန်က ကယ်ဆယ်ရေးအတွက် မစီစဉ်နိုင်ခဲ့တာလား။ ဒါမှမဟုတ် သူတို့ မရောက်လာသေးတာလား။

ရန်သူ့စစ်ကြောင်းမှာ တဖြည်းဖြည်း တိုးကပ်လာနေပြီး အစောင့်တပ်ဖွဲ့၏ ကျည်ဆန်များမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

“တပ်မှူး ကျုပ်ဆီမှာ ကျည်ကတ် နောက်ဆုံး နှစ်ကတ်ပဲ ကျန်တော့တယ်။”

“ကျုပ်ဆီမှာလည်း တူတူပဲ။”

“ကျုပ်မှာ တစ်ကတ်ပဲ ကျန်တော့တယ်။”

တပ်မှူးက သက်ပြင်းချလိုက်သည်။

“အားလုံးပဲ...အကောင်းဆုံး ကြိုးစားကြပါ။ နောက်ဆုံးကျန်တဲ့ လက်ပစ်ဗုံးကိုတော့ ကိုယ့်အတွက်ကိုယ်ပဲ ချန်ထားလိုက်ကြတော့။”

“ဟုတ်ကဲ့။”

အားလုံးက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။ ဤစစ်သည်များသည် သေခြင်းတရားကို ကြောက်ရွံ့ခြင်း မရှိကြပေ။

“ဂျောက် ဂျောက် ဂျောက်”

“တောက် တောက် တောက်”

သေနတ်မောင်းတံက ကျည်ဆန်မရှိသော လေဟာနယ်ကို ရိုက်ခတ်မိသည့် အသံများ ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်၏ ကျည်ကတ်မှာ ကုန်ဆုံးသွားပြီဖြစ်ပြီး ရန်သူမှာလည်း ယခုအခါ ဆယ်မီတာခန့်သာ ဝေးတော့သည်။

အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက်တွင် စင်းနန်အင်ပါယာ စစ်သားများသည် နောက်ဆုံးတွင် အောင်ပွဲမျှော်လင့်ချက်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် အားတက်သွားကြ၏။

“အားလုံးပဲ တက်ကြဟေ့။ အောင်ပွဲက ငါတို့ရှေ့လေးတင်ပဲ။”

“တက်..တက်..တက်...။ သူတို့ကို အမိဖမ်းနိုင်ရင် ဗိုလ်ချုပ်ရဲ့ ဆုလာဘ်က ငါတို့အတွက်ပဲ။”

“ငါ ကြားလိုက်တယ်။ သူတို့မှာ ကျည်ဆန် ကုန်သွားပြီထင်တယ်။”

ရန်သူ့ဘက်မှ စိတ်ဓာတ်များ ထိုးတက်သွားသော်လည်း ယာယီ ခံစစ်စည်းများနောက်တွင် ပုန်းကွယ်နေသော ကောင်းကင်မိုးကြိုးမင်းဆက် စစ်သည်များမှာမူ သက်ပြင်းသာ ခိုးချနေမိကြသည်။

သူတို့သည် သေခြင်းကို မကြောက်ရွံ့ကြသော်လည်း သေချင်နေကြသည်ဟုတော့ မဆိုလိုပေ။

ထိုစဉ်မှာပင်

“ဖောင်း...”

ရှေ့ဆုံးမှ အတင်းတိုးတက်လာသော ရန်သူ့ခေါင်းဆောင်၏ ဦးခေါင်းမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားတော့လေသည်။

ဦးနှောက်အစအနများမှာ ဘေးပတ်ဝန်းကျင်ရှိ စစ်သားများပေါ်သို့ လွင့်စင်သွားပြီး ခေါင်းမပါသော ရုပ်အလောင်းမှာ မြေပြင်ပေါ်သို့ ပက်လက်လန် လဲကျသွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဘေးရှိစစ်သားများ၏ ပထမဆုံး တုံ့ပြန်မှုမှာ မြေပြင်ပေါ်သို့ ဝပ်ချလိုက်ခြင်းပင် ဖြစ်သည်။

ဒဏ်ရာမှ သွေးများ တသွင်သွင် စီးကျနေဆဲဖြစ်သော ခေါင်းပြတ်နေသည့် အလောင်းကို ကြည့်ရင်း သူတို့၏ နှလုံးသားထဲတွင် အတိုင်းအထက်အလွန် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

“ဘာဖြစ်သွားတာလဲ။ ဘာလို့ သူ့ခေါင်းက ရုတ်တရက် ကြေမွသွားရတာလဲ။”

“ဒါ ရန်သူ့ရဲ့ လက်နက်တစ်ခုခု ဖြစ်ရမယ်။”

“လူတစ်ယောက်ရဲ့ ဦးခေါင်းခွံကို ချက်ချင်း ကြေမွသွားစေနိုင်တဲ့ ဒါက ဘာလက်နက်မျိုးလဲ။”

စင်းနန်အင်ပါယာ စစ်သားများသည် မြေပြင်ပေါ်တွင် ခဏကြာအောင် ဝပ်နေကြ၏။ အခြားသော ရဲဘော်များ ထပ်မံ တိုက်ခိုက်မခံရသည်ကို တွေ့သောအခါမှ သူတို့သည် ဖြည်းဖြည်းချင်း ပြန်ထရပ်ရန် ကြိုးစားလာကြသည်။

“သူတို့လက်နက်က ဆက်တိုက် ပစ်လို့မရတာ ဖြစ်နိုင်တယ်။ အားလုံးပဲ မြန်မြန် တက်ကြ။ ငါတို့ နှေးလေလေ...လူတွေ ပိုအသတ်ခံရလေလေပဲ။”

တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လူတိုင်း ထပ်မံ ထိုးစစ်ဆင်ရန် ပြင်လိုက်စဉ်မှာပင် ထိုစကားပြောလိုက်သူ၏ ဦးခေါင်းမှာ နောက်တစ်ကြိမ် ကြေမွသွားပြန်၏။

ဤအကြိမ်တွင်မူ လူတိုင်းသည် အကြီးအကျယ် ထိတ်လန့်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် နောက်သို့ ဆုတ်ခွာသွားကြတော့သည်။

တစ်ဖက်တွင်မူ ကုန်းမြင့်ပေါ်ရှိ မုခိုင်နှင့် အခြားသူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။

“အရှင်မင်းကြီးက ငါတို့ကို မစွန့်ပစ်ဘူးဆိုတာ ငါ သိသားပဲ။”

မုခိုင်က ဝမ်းသာအားရ ပြောလိုက်သည်။

“ဒါ ငါတို့ကို ကယ်ဖို့ လွှတ်လိုက်တဲ့ အဖွဲ့ပဲ ဖြစ်ရမယ်ာ”

“ပြီးတော့ ဒီလောက် ကြောက်စရာကောင်းတဲ့ လက်နက်ကို ပိုင်ဆိုင်ထားတာဆိုတော့ ဒီအဖွဲ့က ကျွန်းပိုင်ရှင် စီစဉ်ပေးလိုက်တာ ဖြစ်ဖို့ များတယ်။”

အစောင့်တပ်မှူးက ထပ်လောင်းပြောလိုက်သည်။

ဤစစ်သည်များသည် ကောင်းကင်မိုးကြိုးမင်းဆက်၏ လက်နက်များနှင့် အလွန်ရင်းနှီးကြသည်။ မင်းဆက်တွင် ဤမျှ အစွမ်းထက်သော တစ်ဦးကိုင် လက်နက်မျိုး သေချာပေါက် မရှိပေ။

သူတို့၏ လက်ရှိလက်နက်များထဲတွင် အမြောက်ဆန်တစ်ခုက ရန်သူ့ဦးခေါင်းကို တည့်တည့်မှန်မှသာ ဤကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ရနိုင်မည်ဖြစ်သည်။

သို့သော် အမြောက်ဆန် ဦးခေါင်းကို ထိမှန်ပါက ဦးခေါင်းကြေမွရုံသာမက တစ်ကိုယ်လုံးပါ ပျက်စီးသွားပေလိမ့်မည်။

ကုန်းမြင့်အောက်ခြေတွင်မူ ထိုးစစ်ဆင်ရန် ပြင်နေသော တပ်ဖွဲ့များ နောက်ဆုတ်လာသည်ကို မြင်သောအခါ စင်းနန်မင်းဆက် ဗိုလ်ချုပ်က ဒေါသတကြီးဖြင့် မေးလိုက်၏။

“မင်းတို့ ဘာလို့ နောက်ဆုတ်လာကြတာလဲ။”

“သတင်းပို့ပါတယ် ဗိုလ်ချုပ်...ရန်သူက ကျုပ်တို့ ဦးခေါင်းတွေကို ချက်ချင်း ပေါက်ကွဲသွားစေနိုင်တဲ့ အရမ်းအစွမ်းထက်တဲ့ လက်နက်တစ်ခုကို ရုတ်တရက် ထုတ်သုံးလာပါတယ်။ ကျုပ်တို့ အပေါ်ကို အတင်းတိုးမတက်နိုင်တော့ပါဘူး။”

စစ်သားတစ်ဦးက သတင်းပို့လိုက်သည်။

“ပေါက်ကွဲသွားတယ် ဟုတ်လား။”

ဗိုလ်ချုပ်က စစ်သားကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

“ဟုတ်ပါတယ်...။ ကျုပ်တို့ ရဲဘော်နှစ်ယောက်ရဲ့ ဦးခေါင်းတွေ လုံးဝကို ကြေမွသွားပါပြီ။”

စစ်သား၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ အရိပ်ထင်ဟပ်နေဆဲပင်။

“အသေအပျောက် နှစ်ယောက်တည်းနဲ့ မင်းတို့က နောက်ဆုတ်လာတယ်ပေါ့ ဟုတ်လား။”

ဗိုလ်ချုပ်၏ မျက်နှာမှာ အလွန်ပင် ခက်ထန်သွား၏။

“မင်းတို့က အခွင့်ကောင်းကို လက်လွှတ်လိုက်တာပဲ။”

စစ်သားမှာ ကြောက်လန့်တကြားဖြင့် ချက်ချင်း ဒူးထောက်လိုက်လေသည်။ “ဗိုလ်ချုပ် စိတ်လျှော့ပါ။ ရှေ့ကို ဆက်တိုးရင် ကျုပ်တို့ ခေါင်းတွေ ရှိတော့မှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး နားလည်ပေးပါ။”

ဗိုလ်ချုပ်သည် သူနှင့်အတူပါလာသော ခြောက်လုံးပြူးသေနတ်ကို ချက်ချင်း ဆွဲထုတ်လိုက်၏။ စစ်သားမှာမူ သူ သေရတော့မည်ဟု ထင်ကာ ဖျာတစ်ချပ်လို တုန်ယင်နေတော့သည်။

ဒိုင်း

စစ်သားသည် သူ၏ဦးခေါင်းပေါ်သို့ အရည်များ ပန်းထွက်လာသည်ကို ခံစားလိုက်ရ၏။ မြေပြင်ပေါ်သို့ စီးကျလာသော ထိုအရည်များကို ကြည့်လိုက်သောအခါ အနီရောင်နှင့် အဖြူရောင် အစအနများ ရောနှောနေသည်ကို သူ သတိထားမိလိုက်သည်။

သူ ကြောက်လန့်တကြား ခေါင်းမော့ကြည့်လိုက်ရာ သူ့ရှေ့တွင် မတ်တပ်ရပ်နေသော ဗိုလ်ချုပ်မှာ ဦးခေါင်းမရှိသော အလောင်းတစ်ခုအဖြစ် ဘေးသို့ လဲကျသွားသည်ကို တွေ့လိုက်ရတော့သည်။

ထိုစဉ် ဘေးရှိ ဒုတိယဗိုလ်ချုပ်က ချက်ချင်းပင် အော်ဟစ်လိုက်၏။

“အားလုံး အကာအကွယ်ယူကြ။ သူတို့က အရှေ့တောင်ဘက်မှာ ရှိနေတယ်။”

အခန်း ၁၀၈၆ - ကယ်ဆယ်ရေး အောင်မြင်ခြင်း၊ မဟာမိတ်တပ်များကို တွန်းလှန်ခြင်း

ဒုတိယဗိုလ်ချုပ်၏ သတိပေးချက်ကို ကြားသည်နှင့် စင်းနန်အင်ပါယာ စစ်သားများသည် အကာအကွယ်ရရန် မြေပြင်ပေါ်သို့ ချက်ချင်း ဝပ်ချလိုက်ကြသည်။

သို့သော် နောက်အခိုက်အတန့်တွင် သစ်ပင်တစ်ပင်နောက်၌ ပုန်းနေသော ဒုတိယဗိုလ်ချုပ်၏ ဦးခေါင်းမှာလည်း ပေါက်ကွဲထွက်သွားပြီး ခေါင်းမပါသော ရုပ်အလောင်းမှာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ယခုအခါ စင်းနန်အင်ပါယာ စစ်သားအားလုံးမှာ လုံးဝကို ဝေခွဲမရ ဖြစ်ကုန်ကြပြီဖြစ်သည်။

ရန်သူက အရှေ့တောင်ဘက်မှာ ရှိတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။

ဒုတိယဗိုလ်ချုပ်က သစ်ပင်နောက်မှာတောင် ပုန်းနေတာကို ဘယ်လိုလုပ် အပစ်ခံလိုက်ရတာလဲ။

“အနောက်မြောက်ဘက်မှာလည်း ရှိနေကြတယ်ဟ။”

တပ်စုမှူးတစ်ယောက်က ချက်ချင်း အော်ဟစ်လိုက်သည်။

ဒိုင်း

ထိုတပ်စုမှူး၏ ဦးခေါင်းမှာလည်း ပေါက်ကွဲသွားပြန်သည်။

ဤအခြေအနေတွင် စင်းနန်အင်ပါယာ စစ်သားများ အားလုံးသည် တစ်လှမ်းချင်း နီးကပ်လာသော သေခြင်းတရား၏ ဖိအားကို မတောင့်ခံနိုင်တော့ဘဲ ထရပ်ကာ နောက်သို့ ဝရုန်းသုန်းကား ထွက်ပြေးကြတော့သည်။

မည်သူမျှ ထပ်မံ အမိန့်ပေးရန် မဝံ့ရဲကြတော့ပေ။ ယခုလေးတင် ဖြစ်ပျက်သွားသော မြင်ကွင်းများက အရာအားလုံးကို ရှင်းပြနေ၏။

စကားပြောတဲ့သူ မှန်သမျှ သေရမည်။

စင်းနန်အင်ပါယာ စစ်သားများ ဖရိုဖရဲ ထွက်ပြေးသွားကြသည်ကို ကြည့်ရင်း မုခိုင်နှင့် အခြားသူများမှာ အံ့သြတုန်လှုပ်သွားကြသည်။

“အောက်မှာ တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။”

ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် မုခိုင်တို့ရှိရာ ကုန်းမြင့်ပေါ်သို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။

သူတို့ရှေ့ရှိ ချုံပုတ်များထဲမှ မြက်ပင်များနှင့် နွယ်ပင်များ ဖုံးအုပ်ထားသော လူတစ်ယောက် ရုတ်တရက် ထရပ်လိုက်သည်ကို မြင်သောအခါ မုခိုင်နှင့် သူ၏အဖွဲ့မှာ ထိုသူကို ပစ်ခတ်ရန်ပင် ပြင်လိုက်ကြသေးသည်။

“ကျုပ် ကျန်းယွင်ထျန်းပါ။”

ကျန်းယွင်ထျန်းက တည်ငြိမ်သောအသံဖြင့် အော်ပြောလိုက်သည်။

မုခိုင်က တခြားသူများကို အမြန်တားဆီးလိုက်၏။

“ကျုပ်က မုခိုင်ပါ။ ကျုပ်တို့ကို လာရောက်ကယ်ဆယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နည်းပြကျန်း။”

“ကျုပ်နောက် လိုက်ခဲ့။”

ကျန်းယွင်ထျန်းက ဆိုသည်။

“ဟုတ်ကဲ့။”

မုခိုင်သည် သူ၏လူများကို ဦးဆောင်ကာ ချက်ချင်း နောက်မှ လိုက်သွားလိုက်သည်။ထိုအချိန်တွင် ကျန်းယွင်ထျန်း ခေါ်လာသော စစ်သားတစ်ဦးက သတင်းပို့လာခဲ့သည်။

“နည်းပြ...ရန်သူ့တပ်အင်အား အမြောက်အမြား ကျုပ်တို့ဆီကို ထပ်ပြီး နီးကပ်လာနေပါတယ်။”

“သူတို့ တက်မလာနိုင်အောင် အချိန်ဆွဲထားလိုက်။”

ကျန်းယွင်ထျန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့။”

ဖုန်းချလိုက်ပြီးနောက် ကျန်းယွင်ထျန်းသည် သူတို့ကို စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ် ရှိရာသို့ ဆက်လက်ခေါ်ဆောင်သွားလိုက်၏။ ထိုစဥ် မုခိုင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဒီတစ်ခေါက် စစ်ကူ ဘယ်လောက် ပါလာလဲ။”

“အယောက်နှစ်ဆယ်...။”

ကျန်းယွင်ထျန်းက လမ်းလျှောက်နေရင်း ပြန်ဖြေလိုက်သည်။

“အယောက်နှစ်ဆယ် ဟုတ်လား။”

မုခိုင်နှင့် အခြားသူများမှာ လုံးဝကို မှင်တက်သွားကြသည်။

လူအယောက်နှစ်ဆယ်တည်းနဲ့ စင်းနန်အင်ပါယာ တပ်ဖွဲ့ကြီးတစ်ခုလုံးကို ခြောက်လှန့် မောင်းထုတ်လိုက်တာလား။

ထိုအချိန်တွင် ထိုမြင်ကွင်းကို အဝေးမှ စောင့်ကြည့်နေသော ဂရိုးမှာလည်း အလွန်အမင်း တုန်လှုပ်နေမိသည်။ မုခိုင်တို့က ဘာဖြစ်သွားမှန်း မသိသော်လည်း ဂရိုးကမူ ဖြစ်စဉ်တစ်ခုလုံးနီးပါးကို မြင်တွေ့ခဲ့ရသည်။

ထိုသေနတ်များ၏ စွမ်းအားမှာ အလွန်ပင် ကြီးမားလှ၏။ လူတစ်ယောက်ကို တည့်တည့်ထိမှန်ရုံဖြင့် အစအနပင် မကျန်အောင် ကြေမွသွားစေခဲ့သည်။

ထို့ပြင် ကုန်းမြင့်ပေါ်သို့ အတင်းတက်လာသော သာမန်စစ်သားတစ်ဦးကို အစောဆုံး ပစ်သတ်ခဲ့သည့် ပထမဆုံးအချက်မှလွဲ၍ ကျန်းယွင်ထျန်းနှင့် သူ၏အဖွဲ့သည် နောက်ထပ် ကျည်ဆန်များအားလုံးကို ရန်သူ့ အဆင့်မြင့်အရာရှိများ ထံသို့သာ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

အဆင့်မြင့်အရာရှိများကို သတ်ဖြတ်ခြင်းသည် စစ်တပ်၏ စိတ်ဓာတ်ကို ထိုးနှက်ရာတွင် သာမန်စစ်သားတစ်ယောက် သေဆုံးခြင်းနှင့် မည်သို့မျှ နှိုင်းယှဉ်၍မရပေ။

အရာရှိများ ဆုံးရှုံးသွားခြင်းကြောင့် စစ်တပ်မှာ အမိန့်ပေးမည့်သူ မရှိတော့ဘဲ ဖရိုဖရဲ အခြေအနေသို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

ရှောင်းယီမှာ ဘေးမှရပ်ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

“အရင်တုန်းက ကမ္ဘာမှာ ဘာကြောင့် ဘားရက်သေနတ်တွေကို သာမန်စစ်သားတွေအပေါ် မသုံးရဘူးလို့ တားမြစ်ထားလဲဆိုတာ အခုမှပဲ သိတော့တယ်။ ဒီအကျိုးသက်ရောက်မှုက ကြောက်စရာကောင်းလွန်းတယ်။”

သူသည် ထိုသေနတ်က ထိသမျှအရာအားလုံးကို ကြေမွသွားစေသည်ဟု ကျန်းယွင်ထျန်း ပြောသည်ကိုသာ ကြားဖူးခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ကိုယ်တိုင် မြင်တွေ့ရသည်မှာ ကြားရုံနှင့် လုံးဝ ကွာခြားလှသည်။

“သွားကြစို့... အောက်ဆင်းကြမယ်။”

ရှောင်းယီက ခေါ်လိုက်သည်။ ထိုအခါ အတွေးလွန်နေသော ဂရိုးမှာ ချက်ချင်းပင် သတိပြန်ဝင်လာပြီး ခေါင်းညိတ်ပြကာ ရှောင်းယီ၏နောက်မှ တောင်အောက်သို့ ဆင်းသွားတော့သည်။

ကျန်းယွင်ထျန်းက မုခိုင်နှင့် သူ၏လူများကို ခေါ်ဆောင်ကာ စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ် ရှိရာသို့ ရောက်ရှိလာချိန်တွင် ရှောင်းယီနှင့် ဂရိုးတို့လည်း ရောက်ရှိနေပြီဖြစ်သည်။

“ဗိုလ်ချုပ်ဂရိုး ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ။”

မုခိုင်က အံ့သြတကြီး မေးလိုက်သည်။ ဂရိုးက ပြုံးပြလိုက်၏။

“ကျွန်းပိုင်ရှင်က လမ်းပြတစ်ယောက် လိုနေတယ်လေ။ ကျုပ်က အရင်တုန်းက အရှင်မင်းကြီးနဲ့အတူ စင်းနန်အင်ပါယာကို ရောက်ဖူးတော့ လမ်းပြအဖြစ် လိုက်လာလိုက်တာပါ။”

မုခိုင်က ခေါင်းညိတ်လိုက်ပြီး ရှောင်းယီကို ကြည့်ကာ ရိုသေစွာ ဦးညွတ်လိုက်သည်။

“ကျုပ်တို့ကို လာရောက်ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

“ဒီလောက် အားနာနေစရာ မလိုပါဘူး။ ခင်ဗျားတို့က ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲ ဝင်ပြီးပြီဆိုတော့ ကျုပ်တို့က မိသားစုဝင်တွေပါပဲ။ ခင်ဗျားတို့ ဒုက္ခရောက်ရင် ကျုပ်တို့ လုံးဝ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။”

ရှောင်းယီက ပြန်ပြောလိုက်သည်။ မုခိုင်က ခေါင်းညိတ်ပြီး မေးလိုက်သည်။

“ကျွန်းပိုင်ရှင် အခု ကျုပ်တို့ ဘယ်လို ဆက်ပြီး ဆုတ်ခွာကြမလဲ။”

“အစ်ကိုကျန်းကို ရန်သူ့မြီးကောင်တွေကို အချိန်ဆွဲခိုင်းထားတယ်။ ကျုပ်တို့ကတြော အခုချက်ချင်း ကမ်းခြေဘက်ကို ရွှေ့ကြတာပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ကျန်းယွင်ထျန်းသည် မုခိုင်နှင့် သူ့လူများကို ထိုနေရာသို့ ပို့ဆောင်ပြီးနောက် တောနက်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ သူသည် သူ၏အဖွဲ့ဝင်များ ချန်ထားခဲ့သော အမှတ်အသားများအတိုင်း လိုက်သွားကာ ရှေ့တန်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ထိုအရပ်သို့ တက်လာသော ရန်သူ့တပ်ဖွဲ့ကြီးမှာ အံ့သြစရာကောင်းလောက်အောင် အုပ်စုလေးစု ကွဲနေပြီး အလံများပင် မတူညီကြပေ။

ကျန်းယွင်ထျန်းသည် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ ရန်သူ့တပ်များကို ဓာတ်ပုံအနည်းငယ် ရိုက်ယူလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။

“ရန်သူ့ အမိန့်ပေးအရာရှိတွေကို ရှာပြီး ချက်ချင်း ပစ်သတ်ကြ။”

“ဟုတ်ကဲ့။”

အားလုံးက တိုးတိုးလေး တုံ့ပြန်လိုက်ကြသည်။

“ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း...”

ထိုတပ်စုလေးစုလုံး၏ ခေါင်းဆောင်များသည် ဦးခေါင်းကို ကျည်ဆန်ထိမှန်ကာ ချက်ချင်း သေဆုံးသွားကြသည်။

တပ်ဖွဲ့တစ်ခုလုံး ချက်ချင်း ရပ်တန့်သွားပြီး ပတ်ဝန်းကျင် အခြေအနေကို သတိကြီးစွာဖြင့် လှည့်ပတ်ကြည့်ရှုတော့သည်။

“အမြောက်တပ်... ရှေ့တစ်ကီလိုမီတာ ပတ်ဝန်းကျင်ကို ချက်ချင်း ဗုံးကြဲစမ်း။”

တပ်စုလေးစုလုံးမှ တူညီသော အမိန့်များ ထွက်ပေါ်လာခဲ့သည်။

“ဟုတ်ကဲ့”

“ဝုန်း... ဝုန်း... ဝုန်း”

နှစ်ကီလိုမီတာခန့် အကွာတွင်ရှိသော ကျန်းယွင်ထျန်းနှင့် သူ၏တပ်ဖွဲ့သည် အမြောက်ကျည်များ ကျရောက်ပေါက်ကွဲနေသည်ကို အေးအေးဆေးဆေးသာ ကြည့်နေလိုက်ကြသည်။

“ညီအစ်ကိုတို့...သူတို့ ဗုံးကြဲတာ ပြီးသွားရင် လူစာရင်း ဆက်စစ်ကြမယ်။”

ကျန်းယွင်ထျန်းက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

ထိုတပ်ဖွဲ့လေးစုသည် နာရီဝက်ခန့်ကြာအောင် အဆက်မပြတ် ဗုံးကြဲပြီးနောက်မှ ရပ်တန့်သွားကြ၏။

မီးခိုးများ မပြယ်သေးခင်မှာပင်...။

အမိန့်ပေးရန် အစားထိုး တက်လာသော အရာရှိများ၏ ဦးခေါင်းများမှာ နောက်တစ်ကြိမ် ပေါက်ကွဲထွက်သွားပြန်သည်။

ထိုအချက်က စစ်သားအားလုံးကို ထိတ်လန့်သွားစေပြီး အားလုံး မြေပြင်ပေါ်သို့ ဝပ်ချလိုက်ကြတော့သည်။

“ဘာတွေ ဖြစ်နေတာလဲ။ ရှေ့တစ်ကီလိုမီတာအတွင်းက မြေပြင်အားလုံးကို အမြောက်နဲ့ ကြဲထားပြီးပြီ မဟုတ်ဘူးလား။”

“ဟုတ်တယ်...ကျည်ဆန်တွေက တည့်တည့်ကနေ လာတာ ငါမြင်လိုက်တယ်။ ဒါက ဘယ်လို အခြေအနေကြီးလဲ။ ရန်သူက တစ်ကီလိုမီတာထက် ဝေးတဲ့နေရာကနေ ငါတို့ကို တိုက်ခိုက်နေတာလား။”

“လာနောက်မနေနဲ့...။ အခုခေတ် သေနတ်တွေ အဝေးဆုံး ပစ်နိုင်တဲ့ အကွာအဝေးက တစ်ကီလိုမီတာပဲ ရှိတယ်။ တစ်ကီလိုမီတာ ကျော်သွားရင် အားက အများကြီး လျော့သွားပြီ။ ဒီလောက် ပြင်းထန်တဲ့ ထိခိုက်မှုမျိုး မရှိနိုင်တော့ဘူး။”

“ပြောရခက်တယ်။ အဲ့ဒီ အပြင်လူတွေမှာ အဆင့်မြင့်လက်နက်တွေ အများကြီးရှိတယ်။ သူတို့မှာ တကယ်ပဲ အရမ်းအဝေးကြီးကို ပစ်နိုင်တဲ့ လက်နက်တွေ ရှိနေတာလည်း ဖြစ်နိုင်တာပဲ။”

“ဟုတ်တယ်။ ကောင်းကင်မိုးကြိုးမင်းဆက်က အပြင်လူတွေနဲ့ ပူးပေါင်းသွားပြီဆိုတော့ ပိုပြီး အဆင့်မြင့်တဲ့ လက်နက်တွေ ရထားတာ ဖြစ်မှာပေါ့။”

“ဒါဆိုရင်တော့ ဒီတိုက်ပွဲက တိုက်လို့ မဖြစ်တော့ဘူး။ အခုချက်ချင်း မြန်မြန် ပြန်ဆုတ်ကြရအောင်။”

“တော်ပြီ တော်ပြီ...။ ငါတို့လည်း ဆုတ်မယ်။ ကောင်းကင်မိုးကြိုးမင်းဆက်က ငါတို့ မဟာမိတ်ဖွဲ့ထားတာကို မသိခင် အမြန် လူစုခွဲကြတာပေါ့။ မဟုတ်ရင် နောက်မှ သူတို့ ငါတို့ကို လာပြီး စာရင်းရှင်းနေဦးမယ်။”

လုံးဝ မတွန့်ဆုတ်တော့ဘဲ ကျန်ရှိနေသော မဟာမိတ်သုံးဖွဲ့မှာ ချက်ချင်း လှည့်ပြန်သွားကြတော့သည်။

စင်းနန်အင်ပါယာ တပ်ဖွဲ့တစ်ခုတည်းသာ ဝေခွဲမရဖြစ်ကာ ကျန်ရစ်ခဲ့လေသည်။

“တပ်ကြပ်ကြီး...ကျုပ်တို့ ဘာလုပ်ကြမလဲ။”

မဟာမိတ်များ ဆုတ်ခွာသွားသည်ကို ကြည့်ရင်း စစ်သားတစ်ဦးက မအောင့်နိုင်ဘဲ မေးလိုက်သည်။

တပ်ကြပ်ကြီးက အမြန်ပြန်ပြောလိုက်၏။

“ငါ့ကို စကားလာမပြောနဲ့။ စကားပြောရင် သေ...”

ဒိုင်း

တပ်ကြပ်ကြီး၏ ဦးခေါင်းမှာ ချက်ချင်း ပေါက်ကွဲသွားတော့သည်။

ယခုအခါ ထိုစစ်သားများသည် ဖိအားကို မတောင့်ခံနိုင်တော့ဘဲ နောက်သို့ အသည်းအသန် ထွက်ပြေးကြတော့သည်။

ရန်သူ့တပ်များ အားလုံး ဆုတ်ခွာသွားသည်ကို ကြည့်ရင်း ကျန်းယွင်ထျန်းက သူ၏ ပုန်းကွယ်ရာနေရာမှ ထရပ်လိုက်ပြီး “ဆုတ်ကြမယ်” ဟု ပြောလိုက်သည်။

စနိုက်ပါသမားများသည် ရန်သူ့ထိုးစစ်ကို နှောင့်နှေးအောင်နှင့် အချိန်ဆွဲရုံသာ လုပ်နိုင်သည်။ ရန်သူ့တပ်ဖွဲ့တစ်ခုလုံးကို အမြစ်ပြတ်အောင် ချေမှုန်းဖို့ဆိုသည်မှာ စနိုက်ပါသမားများ လုပ်နိုင်သည့် အရာမဟုတ်ပေ။

“နည်းပြ...ဒီတစ်ခေါက် ရန်သူတွေက ပျော့လွန်းတယ်။”

စစ်သားတစ်ဦးက မအောင့်နိုင်ဘဲ ညည်းညူလိုက်လေသည်။

All Chapters