အခန်း (၁၀၈၉-၁၀၉၀)
Vol. 92 Ch. 1089-1090
အခန်း ၁၀၈၉- သတင်းအချက်အလက်ကို စက်သေနတ်ဖြင့် လဲလှယ်ခြင်း၊ လေဟာနယ်တံခါး၏ တစ်ဖက်ခြမ်း
သိသာသည်မှာ ဤအရောင်းအဝယ်နောက်ကွယ်မှ မှတ်ချက်ကို အသက်ရှင်ကျန်ရစ်သူက ထည့်သွင်းခဲ့ခြင်းမဟုတ်ဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အလိုအလျောက် အသိအမှတ်ပြုပြီး ထည့်သွင်းပေးလိုက်ခြင်းပင် ဖြစ်သည်။
ရှောင်းယီသည် ထိုသူ၏ အိုင်ဒီ ဖြစ်သော ရစ်စခါကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် စဉ်းစားကာ သူ့ထံသို့ သီးသန့်စာတစ်စောင် ပို့လိုက်သည်။
“မင်္ဂလာပါ ရစ်စခါ။ ကျုပ် ယီရန်ပင်းပါ။ ခင်ဗျား ဈေးကွက်ခန်းမမှာ တင်ထားတဲ့ အပေးအယူအကြောင်း ဆွေးနွေးချင်လို့ပါ။”
ရှောင်းယီက စာပို့လိုက်သည်။
မကြာမီပင် တစ်ဖက်လူက ပြန်လည်ဖြေကြားလာခဲ့သည်။
“အို... သူဌေးကြီး ယီရန်ပင်းပဲ။ ခင်ဗျားလည်း လေဟာနယ်တံခါးရဲ့ တစ်ဖက်ခြမ်းက အခြေအနေကို စိတ်ဝင်စားနေတာလား။”
“စိတ်မဝင်စားတဲ့သူ ရှိမယ်လို့ ကျုပ်မထင်ဘူး။ ပြီးတော့ ခင်ဗျားဆီကို သီးသန့်စာ ပထမဆုံးပို့တဲ့သူကလည်း ကျုပ် မဖြစ်နိုင်ဘူးမလား။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“အဲဒါတော့ ဟုတ်ပါတယ်။”
ရစ်စခါက ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ လူအများစုက ကျုပ်ကို လူလိမ်လို့ ထင်နေကြတယ်။ ခင်ဗျားက ဒီသတင်းအချက်အလက်အတွက် အုတ်မြစ်ကျောက်တစ်သောင်းနဲ့ လဲဖို့ ပြင်ထားတာလား။”
“မဟုတ်ဘူး။ ကျုပ် တခြားအရာတစ်ခုနဲ့ လဲချင်တာပါ။”
ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“တခြားအရာလား။”
ရစ်စခါက ပြုံးလိုက်သည်။
“အဲဒါက ကျုပ်ရဲ့စိတ်ကို ဆွဲဆောင်နိုင်ပါ့မလားဆိုတာ မသေချာဘူးနော်။”
“ဥပမာ... အပေါ့စားစက်သေနတ်တစ်လက်ဆိုရင်ကော ဘယ်လိုလဲ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“စက်သေနတ်တစ်လက် ဟုတ်လား။”
ရစ်စခါ တုန်လှုပ်သွား၏။ ခဏကြာအောင် တိတ်ဆိတ်သွားပြီးနောက် သူက ပြန်ပြောလိငက်သည်။
“နှစ်လက် ပေးလို့ရမလား။”
“မရဘူး။ ကျုပ်မှာ စက်သေနတ် တစ်လက်ပဲရှိတယ်။ ဒါပေမဲ့ အဲဒါက SS အဆင့်ပဲ။ ခင်ဗျား သဘောမတူရင်လည်း မေ့လိုက်တော့။”
ရှောင်းယီက အပြတ်ပြောလိုက်သည်။
ရှောင်းယီက ထိုစက်သေနတ်မှာ SS အဆင့်ဖြစ်ကြောင်း ပြောလိုက်သည်ကို ကြားသောအခါ ရစ်စခါ ချက်ချင်းပင် အာမေဍိတ်သံပြုလိုက်သည်။
“ရတယ်...ရတယ်၊ ကျုပ်တို့ သဘောတူတယ်။”
“ဒါဆိုရင် အဲ့အကြောင်း ပြောပြပါဦး။”
ရှောင်းယီက တည်ငြိမ်စွာ ပြောလိုက်သည်။ ရစ်စခါသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဖြည်းညင်းစွာ စတင်ပြောဆိုတော့သည်။
ရစ်စခါသည် တကယ်တမ်းတွင် လေဟာနယ်တံခါးမှတစ်ဆင့် တစ်ဖက်ခြမ်းသို့ လူတစ်ယောက် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့သည်။ ထိုသူသည် အသက်ဘေးကြားမှ ဓာတ်ပုံအချို့ကို ရိုက်ယူခဲ့ပြီး မိုဘိုင်းဖုန်းကို ပြန်ပစ်ပေးခဲ့ခြင်းဖြစ်သည်။
“ပြောရရင် ခင်ဗျားတို့ရောင်းတဲ့ ဖုန်းတွေက တကယ်အဆင့်မြင့်တယ်။ ကျုပ်တို့ အဲ့ဒါကို ရေထဲကနေ တော်တော်ကြာအောင် ဆယ်ယူခဲ့ရတယ်။ တွေ့တဲ့အချိန်မှာ ရေတွေကို သုတ်ထုတ်ပြီး အခြောက်ခံလိုက်တာနဲ့တင် ပြန်ပွင့်လာတာပဲ။”
ရစ်စခါက အံ့သြတကြီး ပြောလိုက်သည်။
“လိုရင်းကိုပဲ ပြောပါ။”
ရှောင်းယီက တိုက်တွန်းလိုက်သည်။ ရစ်စခါက ပခုံးတွန့်လိုက်ကာ ဆက်ပြောလိုက်သည်။
“တကယ်တော့ လေဟာနယ်တံခါးရဲ့ တစ်ဖက်ခြမ်းမှာလည်း စစ်ပွဲတစ်ခု ဖြစ်နေတယ်။ ကြည့်ရတာ ကျုပ်တို့ဆီကထက်တောင် ပိုပြီး ရက်စက်ကြမ်းကြုတ်ပုံရတယ်။ ကျုပ် ခဏနေရင် ဓာတ်ပုံတွေ ပို့ပေးမယ်။ ခင်ဗျားဘာသာ ကြည့်လိုက်ပါ။ ဓာတ်ပုံတွေက တော်တော်လေး ရှင်းပါတယ်။ ဓာတ်ပုံထဲမှာ ဘာတွေရှိလဲဆိုတာကိုတော့ ကျုပ် အများကြီး မပြောတော့ဘူး။ ခင်ဗျား မြင်လိုက်တာနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။”
“ကောင်းပြီ ကျေးဇူးတင်ပါတယ်။”
ရှောင်းယီက ပြန်ပြောပြီးနောက် အရောင်းအဝယ်ကို စတင်လိုက်သည်။
“[အပေါ့စားစက်သေနတ်] (SS အဆင့်) အခမဲ့လဲလှယ်ခြင်း။”
ရစ်စခါသည် အရောင်းအဝယ်ကို ချက်ချင်း သဘောတူလိုက်ပြီး စက်သေနတ်ကို လက်ခံရရှိကာ သူ၏အဖော် ရိုက်ယူခဲ့သော ဓာတ်ပုံများကို ရှောင်းယီထံ ချက်ချင်း ပို့ပေးလိုက်သည်။
ပထမဆုံးဓာတ်ပုံမှာ အမှောင်ဖုံးနေပြီး မသေမျိုးမျိုးနွယ်စု အဖွဲ့ဝင် အမြောက်အမြားသည် ဓာတ်ပုံရိုက်သူထံသို့ တိုးဝှေ့ပြေးဝင်လာကြသည့် ပုံဖြစ်သည်။
ဒုတိယဓာတ်ပုံမှာ မိုဘိုင်းဖုန်းကို အပေါ်သို့ မြှောက်ကိုင်ကာ ရိုက်ထားသည့်ပုံဖြစ်ပြီး အဝေးတွင် အရောင်အဝါများ ရုတ်တရက် လင်းထိန်နေကာ အလင်းနှင့် အမှောင်ကြား နယ်စပ်တွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။
တတိယဓာတ်ပုံတွင်မူ မယုံနိုင်လောက်အောင် ကြီးမားသော လူသားပုံသဏ္ဍာန်ကြီးတစ်ခုက အရိုးစုသက်သက်ဖြင့် ဖွဲ့စည်းထားသော နဂါးတစ်ကောင်ကို လက်သီးဖြင့် ထိုးနှက်နေသည်ကို တွေ့လိုက်ရသည်။
“ဒါက ဘီလူးပဲ။”
ရှောင်းယီ၏ မျက်လုံးပြူးကျယ်သွား၏။
“ဒီနေရာက တကယ်ပဲ ဘယ်လိုနေရာမျိုးလဲ။”
ဓာတ်ပုံ သုံးပုံသာ ရှိသော်လည်း တလေဟာနယ်တံခါး၏ တစ်ဖက်ခြမ်းရှိ အခြေအနေကို အပြည့်အစုံ ဖော်ပြခဲ့ပြီးဖြစ်သည်။
ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် ထိုဓာတ်ပုံ သုံးပုံကို ယီရန်ပင်းမဟာမိတ်အဖွဲ့၏ အတွင်းပိုင်း အမာခံအဖွဲ့ထံသို့ ပို့လိုက်သည်။
ထိုအဖွဲ့ထဲတွင် ရှောင်းယီ၏ ဘေးနားတွင် အစောကတည်းက ရှိနေခဲ့သူများသာ ပါဝင်သည်။
“ဟင်...ဒါတွေက ဘယ်လိုဓာတ်ပုံတွေလဲ။ ဘာလို့ မသေမျိုးမျိုးနွယ်တွေနဲ့ ဘီလူးကြီးတွေ ဒီလောက်တောင် များနေရတာလဲ။”
အန်းရန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“နဂါးအရိုးစုကြီးလား...။ အဲ့ဒါ ကွန်ပျူတာပညာရှင်တစ်ယောက်ယောက် ဖန်တီးထားတဲ့ ပုံရိပ်တွေများလား။”
ဒူခန်းကလည်း မှတ်ချက်ပေးလိုက်သည်။
“ကျွန်းပိုင်ရှက်... ဒါတွေက တစ်ယောက်ယောက်ကို အပြင်မှာ သွားရိုက်ခိုင်းထားတဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေတော့ မဟုတ်ပါဘူးနော်။”
ကျန်းယွင်ထျန်းကမူ ထိုပုံရိပ်များသည် အလွန်လက်တွေ့ကျလွန်းသည်ဟု ခံစားနေရသည်။ အကယ်၍ ၎င်းတို့သည် ကွန်ပျူတာဖြင့် ဖန်တီးထားရုံသက်သက်ဆိုလျှင် ရှောင်းယီသည် ယခုလိုအချိန်မျိုးတွင် ပို့လာမည်မဟုတ်ပေ။
အနားယူရမည့်အချိန် နီးကပ်နေပြီဖြစ်ရာ ဖျော်ဖြေရေးသက်သက်အတွက်ဆိုလျှင် အများသုံးဂရုထဲတွင် တင်လိုက်ခြင်းက ပိုမကောင်းပေဘူးလား။ အမာခံအဖွဲ့ထဲတွင်သာ တင်လာခြင်းမှာ အရေးကြီးသည့် အဓိပ္ပာယ်တစ်ခုခု ရှိနေရမည် ဖြစ်သည်။
“ဟုတ်တယ်။ ဒါတွေက တစ်ယောက်ယောက် အပြင်မှာ တကယ်ရိုက်ကူးခဲ့တဲ့ မြင်ကွင်းတွေပဲ။ လေဟာနယ်တံခါးရဲ့ တစ်ဖက်ခြမ်းက မြင်ကွင်းတွေပေါ့။”
ရှောင်းယီက အတည်ပြုလိုက်သည်။
“ဘာ...။”
အားလုံး အံ့သြမှင်သက်သွားကြသည်။ အန်းယွဲ့ က ချက်ချင်း မေးလိုက်သည်။
“ဒါဆိုရင် လေဟာနယ်တံခါးရဲ့ တစ်ဖက်ခြမ်းမှာလည်း စစ်ပွဲတွေ ဖြစ်ပွားနေတယ်ဆိုတဲ့ သဘောလား။”
“ဟုတ်တယ်။ ကြည့်ရတာ ကျုပ်တို့ဘက်ကထက်တောင် ပိုပြီး ပြင်းထန်ပုံရတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဓာတ်ပုံ သုံးပုံပဲ ရိုက်ခဲ့ရပေမဲ့ ဟိုဘက်က အခြေအနေကို ယေဘုယျအားဖြင့်တော့ နားလည်နိုင်သွားပြီ။”
“လေဟာနယ်တံခါးရဲ့ တစ်ဖက်ခြမ်းမှာ မသေမျိုးမျိုးနွယ်တွေက ဘီလူးကြီးတွေနဲ့ တိုက်ခိုက်နေရတာတောင်မှ ကျုပ်တို့ အသက်ရှင်ကျန်ရစ်သူတွေကို တိုက်ဖို့ လူအင်အားတွေ ပိုနေသေးတာလား။ မသေမျိုးမျိုးနွယ်တွေက အဲ့ဒီလောက်တောင် အင်အားကြီးတာလား။”
ဒူခန်းက အံ့အားသင့်စွာ ပြောလိုက်သည်။
“သူတို့မှာ လူအင်အား ပိုနေတာမျိုး မဟုတ်ဘဲ ငါတို့ကို သုံးပြီး ရှေ့တန်းစစ်မျက်နှာသစ်တစ်ခု ဖွင့်ဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်တယ်။”
ကျန်းယွင်ထျန်းက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ဖြစ်နိုင်တယ်။”
ရှောင်းယီက အဖွဲ့ထဲတွင် ဆက်ပြောလိုက်သည်။
“သူတို့က ဘီလူးကြီးတွေရဲ့ တိုက်ခိုက်မှုကို မခံနိုင်တော့တဲ့အတွက် ဒီဘက်မှာ စစ်တလင်းအသစ်ဖွင့်၊ အင်အားပြန်ဖြည့်ပြီးမှ ဟိုဘက်ကို ပြန်တိုက်ဖို့ ကြံစည်တာလည်း ဖြစ်နိုင်တာပဲ။”
“အဲဒီလိုဆိုရင်တော့ ဒီမသေမျိုးမျိုးနွယ် စမ်းသပ်ချက်ကို အဆုံးသတ်ချင်ရင် လူ့ဘီလူးကြီးတွေနဲ့ ပူးပေါင်းပြီး မသေမျိုးမျိုးနွယ်တွေကို အပြတ်ရှင်းပစ်ရုံပဲပေါ့။”
ဒူခန်းက ဆိုသည်။
“မသေမျိုးမျိုးနွယ်တွေကို အပြတ်ရှင်းဖို့ ဟုတ်လား။ ပြောသလောက် မလွယ်ဘူး။”
ကျန်းယွင်ထျန်းက ခေါင်းခါကာ ပြောလိုက်သည်။
“ဒါပေမဲ့ ဒါက ငါတို့အတွက် ဒီစမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်မယ့် တကယ့်နည်းလမ်းလည်း ဖြစ်ရင်ဖြစ်နေမှာပဲ။”
ရှောင်းယီက လေးလေးနက်နက် ပြောလိုက်သည်။
“အဲ့ဒီအတိုင်း လုပ်မယ်ဆိုရင်တော့ လေဟာနယ်တံခါးတိုင်းရဲ့ နောက်ကွယ်က အခြေအနေတွေက တူညီချင်မှ တူညီမှာဖြစ်လို့ လူလွှတ်ပြီး ဟိုဘက်ခြမ်းက အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ စီစဉ်ရပါလိမ့်မယ်။”
ကျန်းယွင်ထျန်းက ဆိုသည်။ ရှောင်းယီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“ဒီအကြောင်းကို မနက်ဖြန်ကျမှ သေချာဆွေးနွေးကြတာပေါ့။ အားလုံးပဲ စောစောနားလိုက်ကြပါ။”
“ဟုတ်ကဲ့ပါ။”
နောက်တစ်နေ့တွင် ရှောင်းယီသည် မျက်လုံးနှစ်လုံးပွင့်လာသည်နှင့် ချက်ချင်းပင် လက်မှတ်ထိုးဝင်လိုက်သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- မိုက်ခရို မောင်းသူမဲ့ ကင်းထောက်ဒရုန်း ပုံစံခွက် (SSS အဆင့်) ၁။”
“သိပ်ကောင်းတာပဲ။ ငါ လိုချင်နေတာ ဒါပဲ။”
ရှောင်းယီသည် ကုတင်ပေါ်မှ ဝမ်းသာအားရ ခုန်ထလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဒီကိရိယာရှိရင် လေဟာနယ်တံခါးထဲကို လူလွှတ်ပြီး အသက်စွန့်စရာ မလိုတော့ဘူး။
အိပ်ရာထပြီးနောက် ရှောင်းယီသည် သူ၏ ပုံမှန်နံနက်ခင်း လေ့ကျင့်ခန်းများကို လုပ်ဆောင်ပြီး ခုနစ်နာရီတွင် နံနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
လူတိုင်းလည်း ထမင်းစားပွဲတွင် သူ့ကို စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
“အားလုံးပဲ ဒီမှာ ရပ်စောင့်မနေကြပါနဲ့။ လေဟာနယ်တံခါးရဲ့ တစ်ဖက်ခြမ်းကို ဘယ်လိုစုံစမ်းမလဲဆိုတာ ကျုပ် အစ်ကိုကျန်းနဲ့ ခဏနေရင် ဆွေးနွေးလိုက်ပါ့မယ်။ ကျန်တဲ့သူတွေက ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြပါ။”
ရှောင်းယီက လူအုပ်ကို ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။”
နံနက်စာစားပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် မိုက်ခရို မောင်းသူမဲ့ ကင်းထောက်ဒရုန်း အချို့ကို ထုတ်လုပ်လိုက်သည်။
[မိုက်ခရို မောင်းသူမဲ့ ကင်းထောက်ဒရုန်း (SSS အဆင့်): ကိုယ်တိုင် ကင်းထောက်ခြင်း၊ ခွဲခြားခြင်းနှင့် သတင်းအချက်အလက်များကို မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်နိုင်ပြီး သတ်မှတ်ချိန်ပြည့်ပါက အလိုအလျောက် ပြန်လည်ရောက်ရှိလာနိုင်သည်။]
“သွားကြစို့ အစ်ကိုကျန်း။ လေဟာနယ်တံခါးက အခြေအနေကို သွားကြည့်ရအောင်။”
ရှောင်းယီသည် ဒရုန်းကို သိမ်းဆည်း၊ ကွန်ပျူတာတစ်လုံးကိုယူပြီး လှမ်းခေါ်လိုက်သည်။
“ဟုတ်ကဲ့။”
မကြာမီတွင် သူတို့သည် ပင်မကျွန်းကြီးပေါ်၌ ပေါ်ပေါက်လာသော လေဟာနယ်တံခါးရှိရာသို့ ရောက်ရှိလာကြသည်။
“ကျွန်းပိုင်ရှင် ရှောင်း။”
လေဟာနယ်တံခါးကို စောင့်ကြပ်ရန် တာဝန်ယူထားသည့် မျိုးနွယ်ခြားများမှ မျိုးနွယ်စုခေါင်းဆောင် သုံးဦးသည် ချက်ချင်း ရှေ့သို့တိုးလာပြီး ရှောင်းယီကို အလေးပြုလိုက်ကြသည်။
ရှောင်းယီက သူတို့ကို ခေါင်းညိတ်ပြနှုတ်ဆက်လိုက်သည်။
“ဒီမှာ ဆက်ပြီး တောင့်ခံထားနိုင်သေးရဲ့လား။”
အခန်း ၁၀၉၀- ကင်းထောက်ဒရုန်း၏ စွမ်းဆောင်ရည်နှင့် လေဟာနယ်တံခါး တစ်ဖက်ခြမ်းမှ အခြေအနေ
“ပြဿနာမရှိပါဘူး။”
နဂါးလူသားမျိုးနွယ်စုမှ မျိုးနွယ်စုခေါင်းဆောင် ရွှမ်းချီက ပြန်ဖြေလိုက်သည်။
ရှောင်းယီ ခေါင်းညိတ်ပြလိုက်ပြီးနောက် မြို့ရိုးပေါ်သို့ တက်သွားလိုက်သည်။ မသေမျိုးမျိုးနွယ်များ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည့် လေဟာနယ်တံခါးကို ကြည့်ရှုပြီးနောက် သူသည် လက်ဝါးခန့်မျှပင်မရှိသော မိုက်ခရို မောင်းသူမဲ့ ကင်းထောက်ဒရုန်းကို ထုတ်ယူကာ စတင်ချိန်ညှိလိုက်တော့သည်။
“ကျွန်းပိုင်ရှင်... မင်းကိုင်ထားတာ ဘာလဲ။”
ကျန်းယွင်ထျန်းက လက်ဝါးထက်ပင် သေးငယ်သော ထိုကင်းထောက်ဒရုန်းကို ကြည့်ကာ နားမလည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်သည်။
“မိုက်ခရို မောင်းသူမဲ့ ကင်းထောက်ဒရုန်းလေ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
ထိုအဖြေကို ကြားသောအခါ ကျန်းယွင်ထျန်းမှာ မှင်သက်သွားပြီးနောက် ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
“ဒါက တကယ်ပဲ ကင်းထောက်ဒရုန်းလား။”
“ဒါပေါ့။”
ရှောင်းယီက ပြန်ဖြေပြီးနောက် ဒရုန်းကို စတင်လည်ပတ်စေလိုက်သည်။
လက်ဝါးခန့်အရွယ်အစားရှိသော ထိုစက်ကလေးအတွင်းမှ ပန်ကာဒလက်များ ချက်ချင်းထွက်ပေါ်လာပြီး လျင်မြန်စွာ စတင်လည်ပတ်တော့သည်။ ထို့နောက် ၎င်းသည် လေဟာနယ်တံခါးဆီသို့ ပျံသန်းသွားလေသည်။
ဒရုန်း လေဟာနယ်တံခါးထဲသို့ ပျံသန်းဝင်ရောက်သွားပြီးနောက် ရှောင်းယီသည် သူ၏ကွန်ပျူတာကို ထုတ်ကာ ဖွင့်လိုက်ပြီး ဒရုန်းနှင့် ချိတ်ဆက်လိုက်သည်။
ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ရှင်းလင်းပြတ်သားသော ပုံရိပ်တစ်ခု ချက်ချင်းထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ဒရုန်းက ပြန်လည်ပေးပို့နေသည့် မြင်ကွင်းပင် ဖြစ်သည်။
“အရမ်းရှင်းတာပဲ။”
ကျန်းယွင်ထျန်းက အံ့သြတကြီး ပြောလိုက်သည်။
“သိပ်ကောင်းတယ်။ ဒီလိုဆိုရင် ငါတို့ စုံစမ်းဖို့ လူလွှတ်နေစရာ မလိုတော့ဘူး။”
ရှောင်းယီက ခေါင်းညိတ်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် မျက်နှာပြင်ပေါ်ရှိ ပုံရိပ်များမှာ လိုင်းမကြည်တော့ဘဲ ပြတ်တောက်သွားတော့သည်။
“ဘာဖြစ်တာလဲ။”
ကျန်းယွင်ထျန်း ကြောင်အသွား၏။
“ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်။ တစ်ခုက ဒရုန်း ဖျက်ဆီးခံလိုက်ရတာ။ ဒါမှမဟုတ်ရင် အဲ့ဒါက လေဟာနယ်တံခါးကို ဖြတ်သွားလို့ အချက်ပြလှိုင်းအပြင်ဘက်ကို ရောက်သွားတာ ဖြစ်နိုင်တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ဒါဆို ဘယ်အခြေအနေလဲဆိုတာ ဘယ်လိုသိနိုင်မလဲ။”
“နာရီဝက်နေရင် မူလလမ်းကြောင်းအတိုင်း ပြန်လာဖို့ ငါ ကြိုတင်သတ်မှတ်ထားပြီးသားပါ။ စောင့်ကြည့်ရုံပဲ။”
ရှောင်းယီက လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ဒီပစ္စည်းလေးက မူလလမ်းကြောင်းအတိုင်း အလိုအလျောက် ပြန်လာနိုင်တာလား။”
ကျန်းယွင်ထျန်း ထပ်မံအံ့သြသွားပြန်သည်။
“ဟုတ်တယ်၊ ပြန်လာနိုင်တယ်။ စောင့်ကြည့်ကြတာပေါ့။”
ရှောင်းယီက ခေါင်းညိတ်ကာ အနီးနားရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ဝင်ထိုင်လိုက်သည်။
နာရီဝက်မှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် မီးခိုးရောင် အရာဝတ္ထုလေးတစ်ခု လေဟာနယ်တံခါးထဲမှ ပျံသန်းထွက်ပေါ်လာခဲ့သည်။
၎င်းမှာ မိုက်ခရို ကင်းထောက်ဒရုန်းပင် ဖြစ်ပြီး ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် တိုက်ရိုက်ပုံရိပ်များ ပြန်လည်ပေါ်ထွက်လာခဲ့သည်။
“ကြည့်...ပြန်လာပြီ။”
ကျန်းယွင်ထျန်းက ဒရုန်းကို လက်ညှိုးထိုးပြကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ဒရုန်းသည် မြို့ရိုးပေါ်သို့ ဆင်းသက်လိုက်ပြီး ရှောင်းယီသည် လေဟာနယ်တံခါးထဲသို့ ဝင်သွားစဉ် ရိုက်ကူးထားသော မှတ်တမ်းများကို ချက်ချင်းစစ်ဆေးတော့သည်။
မျိုးနွယ်ခြားများမှ မျိုးနွယ်စုခေါင်းဆောင် သုံးဦးသည်လည်း စိတ်ဝင်တစားဖြင့် ဘေးမှ ဝိုင်းကြည့်လိုက်ကြသည်။
လေဟာနယ်တံခါး၏ တစ်ဖက်ခြမ်းတွင် တကယ်ပင် တိုက်ပွဲများ ဖြစ်ပွားနေပြီး မသေမျိုးမျိုးနွယ်စုနှင့် တိုက်ခိုက်နေသူများမှာ လူ့ဘီလူးကြီးများ မဟုတ်ဘဲ ဦးချိုနှင့် အမြီးများပါသော နဂါးလူသားများ ဖြစ်နေသည်။
“ဒါ... ငါတို့မျိုးနွယ်စုဝင်တွေပဲလား။”
ရွှမ်းချီသည် လုံးဝမယုံကြည်နိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ရွှမ်းချီ၏ မျိုးနွယ်စုသည် ဤကမ္ဘာတွင် အခြားသော နဂါးလူသားမျိုးနွယ်များနှင့် မတွေ့ဆုံရသေးပေ။ ယခုမှာမူ အခြားသော နဂါးလူသားများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
“အစ်ကိုကျန်း ပြောတာမှန်တယ်။ လေဟာနယ်တံခါးတစ်ခုချင်းစီရဲ့ နောက်ကွယ်က အခြေအနေတွေက မတူကြဘူးပဲ။”
ရှောင်းယီက လေးနက်စွာ ပြောလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ ဟိုဘက်မှာ မသေမျိုးမျိုးနွယ်တွေ အများကြီးပဲ။ ဒီလို သေးငယ်တဲ့ ကင်းထောက်ဒရုန်းမျိုးမို့လို့သာ သူတို့ သတိမထားမိတာ။ အကယ်၍ ငါတို့သာ ဇွတ်အတင်း တိုးဝင်သွားရင်တော့ ရစ်ပစ်ခံရမှာ သေချာတယ်။”
ရှောင်းယီက မျက်မှောင်ကြုတ်ကာ အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဖြစ်နိုင်တာက ငါတို့အတွက် ထိုးဖောက်ထွက်ရမယ့် အချက်တစ်ခု လိုနေတာပဲ။”
ကျန်းယွင်ထျန်းက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ဘယ်လို ထိုးဖောက်ထွက်ရမယ့် အချက်မျိုးလဲ။”
“လေဟာနယ်တံခါး အားလုံးရဲ့ တစ်ဖက်ခြမ်းက အခြေအနေတွေကို ကင်းထောက်မယ်။ ပြီးရင် အားအနည်းဆုံး နေရာကို ရွေးပြီး ထိုးဖောက်တိုက်ခိုက်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်း၏ မျက်လုံးများ လင်းခနဲ ဖြစ်သွား၏။
“စိတ်ကူးကောင်းပဲ။ ပြီးတော့ ငါတို့မှာ ကင်းထောက်ဒရုန်းတွေလည်း ရှိနေပြီပဲ။”
ရှောင်းယီသည် ထုတ်လုပ်ထားသော ကင်းထောက်ဒရုန်း သုံးခုလုံးကို ကျန်းယွင်ထျန်းထံ ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။
“ဒီဒရုန်းတွေကိုယူပြီး လူအချို့နဲ့အတူ လေဟာနယ်တံခါးတွေအားလုံးရဲ့ နောက်ကွယ်က အခြေအနေကို သွားပြီးကင်းထောက်ချေ။ အဲ့ဒါပြီးမှ ဘယ်လေဟာနယ်တံခါးကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်မလဲဆိုတာ ဆုံးဖြတ်ကြမယ်။”
“ဟုတ်ကဲ့။”
ကျန်းယွန့်ထျန်းက ပြန်ဖြေပြီးနောက် ကွန်ပျူတာနှင့် ကင်းထောက်ဒရုန်းများကို ယူဆောင်ကာ ထွက်ခွာသွားတော့သည်။
ထိုစဉ် နဂါးလူသားမျိုးနွယ်စုခေါင်းဆောင် ရွှမ်းချီက မေးလိုက်သည်။
“ကျွန်းပိုင်ရှင်... ကျုပ်တို့ ဟိုဘက်ခြမ်းက နဂါးလူသားတွေနဲ့ ဆက်သွယ်ဖို့ အခွင့်အရေးရှိလား။”
“စိတ်မပူပါနဲ့။ ကျုပ်တို့ စတိုက်တာနဲ့ ခင်ဗျားတို့ သူတို့နဲ့ ဆက်သွယ်ဖို့ အခွင့်အရေး ရမှာ သေချာပါတယ်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်း။”
ရွှမ်းချီက ကျေးဇူးတင်စွာဖြင့် ဆိုလိုက်သည်။
ယခုအခါ ရှောင်းယီ၏ ကျွန်းပေါ်တွင် မသေမျိုးမျိုးနွယ်စု၏ လေဟာနယ်တံခါး ၁၃ ခုအထိ ရှိနေပြီဖြစ်သည်။
ကျန်းယွင်ထျန်းသည် လေဟာနယ်တံခါး သုံးခုကို တစ်ပြိုင်နက် စမ်းသပ်နိုင်သည်။ လေဟာနယ်တံခါး တစ်ခုလျှင် နာရီဝက်နှုန်းဖြင့် နှစ်နာရီခန့်အကြာတွင် သူသည် လေဟာနယ်တံခါး အားလုံးကို ကင်းထောက်ပြီးစီးသွားခဲ့သည်။
ကင်းထောက်ခြင်းပြီးဆုံးသောအခါ ကျန်းယွင်ထျန်းသည် ရလဒ်များကို ရှောင်းယီထံ ချက်ချင်းတင်ပြလိုက်သည်။
“ကျွန်းပိုင်ရှင်... ကင်းထောက်တာ ပြီးပါပြီ။ လက်ရှိမှာ မသေမျိုးမျိုးနွယ်တွေရဲ့ ကာကွယ်ရေး အားအနည်းဆုံးနေရာက မျိုးနွယ်ခြား သုံးခု စောင့်ကြပ်နေတဲ့ လေဟာနယ်တံခါးဖြစ်နေတယ်။”
ကျန်းယွင်ထျန်းက ဆိုသည်။ ရှောင်းယီက အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးလိုက်သည်။
“ဒါက သူတို့က ငါတို့ လူသားတွေကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်ပြီး မျိုးနွယ်ခြားတွေကိုတော့ မဟုတ်ဘူးလို့ ထင်နေကြလို့လား။”
“အဲ့ဒါ ဖြစ်နိုင်ခြေ အရမ်းများပါတယ်။ ကြည့်ရတာ လေဟာနယ်တံခါးရဲ့ တစ်ဖက်ခြမ်းတွေမှာ မသေမျိုးမျိုးနွယ်တွေရဲ့ ရန်သူတွေက မျိုးနွယ်ခြားတွေချည်းပဲ။ သူတို့ တောင့်မခံနိုင်တော့လို့ ငါတို့ အသက်ရှင်းကျန်ရစ်သူတွေဘက်မှာ စစ်မျက်နှာသစ် လာဖွင့်တာပဲနေမယ်။”
ကျန်းယွင်ထျန်းက သဘောတူထောက်ခံလိုက်သည်။
“ဒါဆိုရင်တော့ သူတို့ကို ငါတို့ရဲ့ စွမ်းအားကို မြည်းစမ်းခိုင်းလိုက်တာပေါ့။”
ရှောင်းယီက အေးစက်စွာ တုံ့ပြန်လိုက်သည်။
“မင်းဘက်က တပ်ဖွဲ့တွေကို အဆင်သင့်ပြင်ထားပြီး အဲ့ဒီလေဟာနယ်တံခါးနားမှာ အရင်စုရုံးထားလိုက်။ ငါ အဆက်အသွယ်ရဖို့ သွားကြိုးစားကြည့်မယ်။”
“ဟုတ်ကဲ့။”
ထို့နောက် ကျန်းယွင်ထျန်းသည်လည်း စစ်စခန်းဆီသို့ ချက်ချင်း ပြေးထွက်သွားသည်။ ရှောင်းယီသည် ကျွန်းပေါ်ရှိ ထိုလေဟာနယ်တံခါးတည်ရှိရာသို့ သွားရန် ထရပ်လိုက်စဉ်မှာပင် သူ၏ မိုဘိုင်းဖုန်းမှ အသံမြည်လာ၏။
၎င်းမှာ လော့လင်တန်ထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်သည်။ လမ်းလျှောက်ရင်း ရှောင်းယီက ဖုန်းကိုင်လိုက်သည်။
“အရှင်မင်းကြီး လော့လင်တွန်... ဒီလောက်စောစောစီးစီး ဖုန်းခေါ်ရတဲ့ အကြောင်းရင်း ထူးထူးခြားခြား ရှိလို့လား။”
“ကျွန်းပိုင်ရှင်... ကျုပ် ရော်ဂျာကို ခေါ်ပြီး ခင်ဗျားဆီ အလည်လာတာပါ။”
လော့လင်တန်က ပြုံးကာ ပြောလိုက်သည်။
“ခင်ဗျားက အရမ်းအားနာနေပါပြီ။ အလည်လာတာ အနှောင့်အယှက် မဖြစ်ပါဘူး။ ခင်ဗျားတို့ အရင် လျှောက်ကြည့်နေလိုက်ကြပါဦး။ ကျုပ်မှာ လုပ်စရာလေးတွေ ရှိနေလို့ ပြီးမှ လာတွေ့ပါမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျွန်းပိုင်ရှင်... ခင်ဗျားအလုပ်ကိုပဲ အာရုံစိုက်လုပ်ပါ။ ကျုပ်တို့ကို စိတ်မပူပါနဲ့။ ကျုပ်က နှုတ်ဆက်ရုံသက်သက် ခေါ်လိုက်တာပါ။”
လော့လင်တန်က ချက်ချင်းဆိုလိုက်သည်။
“ကောင်းပြီလေ။ ဒါဆိုရင်လည်း အနားယူအပန်းဖြေလိုက်ကြပါဦး။”
ရှောင်းယီက ထိုသို့ပြောပြီးနောက် ဖုန်းတန်းချလိုက်သည်။
မျိုးနွယ်ခြား သုံးခု စောင့်ကြပ်နေသည့် လေဟာနယ်တံခါးရှိရာ မြို့ရိုးပေါ်သို့ ရောက်သောအခါ ရှောင်းယီက ပြောလိုက်သည်။
“ကျုပ်တို့ အားလုံးကို ကင်းထောက်ပြီးပြီ။ ဒီနေရာက ကာကွယ်ရေးက အားအနည်းဆုံးပဲ။ အဲ့ဒါကြောင့် ဒီနေရာကနေ ထိုးဖောက်တိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်။”
ရှောင်းယီ၏ စကားကို ကြားသောအခါ ရွှမ်းချီသည် ဝမ်းသာအားရဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤလေဟာနယ်တံခါး၏ တစ်ဖက်ခြမ်းတွင် နဂါးလူသားမျိုးနွယ်စု ရှိနေသောကြောင့်ပင်။
“သိပ်ကောင်းတာပဲ။ ကျွန်းပိုင်ရှင်ရှောင်း ကျုပ်တို့ နဂါးလူသားမျိုးနွယ်စုကို အရင်ဆုံး ထိုးဖောက်ဝင်ရောက်ခွင့် ပေးပါ။”
ရွှမ်းချီက ချက်ချင်းပင် တိုက်ပွဲဝင်ရန် ခွင့်တောင်းလိုက်သည်။ ရှောင်းယီက ခေါင်းခါလိုက်၏။
“ဒီနေရာက မသေမျိုးမျိုးနွယ်တွေရဲ့ ကာကွယ်ရေး အားအနည်းဆုံးနေရာ ဖြစ်ပေမဲ့ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ဟိုဘက်မှာ သူတို့အင်အားက အများကြီး ရှိနေသေးတယ်။ တခြားနေရာတွေထက် နည်းနည်းလေးပဲ အားနည်းတာ။ ဒါကြောင့် စိတ်လောလို့ မဖြစ်ဘူး။ အစီအစဉ်လေးတော့ ရှိဖို့လိုလိမ့်မယ်။”
“အမိန့်သာပေးလိုက်ပါ ကျွန်းပိုင်ရှင်ရှောင်း။ ကျုပ်တို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါ့မယ်။”
ရွှမ်းချီက ချက်ချင်းဆိုသည်။
“ကျွန်မတို့လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါ့မယ်။”
ဘေးနားရှိ နာဂါ့မျိုးနွယ်စုနှင့် နတ်သူငယ်မျိုးနွယ်စုတို့ကလည်း လိုက်ပြောလိုက်ကြသည်။
“ကောင်းပြီ။”
ရှောင်းယီက ဆိုသည်။
“ခဏနေရင် ခင်ဗျား အသံဖမ်းပေးရမယ်။ ခင်ဗျားကိုယ်ခင်ဗျား အရင် မိတ်ဆက်ပြီး ဟိုဘက်ခြမ်းက နဂါးလူသားတွေကို ပြောပြရမယ်။ နောက်တစ်နာရီကြာရင် ကျုပ်တို့ ထိုးစစ်ဆင်တော့မယ်လို့ပေါ့။ လေဟာနယ်တံခါးရဲ့ တစ်ဖက်ခြမ်းက နဂါးလူသားတွေလည်း မသေမျိုးမျိုးနွယ်စုရဲ့ ကာကွယ်ရေးလိုင်းကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ပေးမယ်လို့ ကျုပ်တို့ မျှော်လင့်တယ်။”
ရွှမ်းချီသည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ရှောင်းယီ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားခဲ့သည်။
၎င်းမှာ အတွင်းနှင့် အပြင် ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ရန်ပင် ဖြစ်သည်။
သူက ပြတ်သားစွာ ပြန်လည်ဖြေကြားသည်။
“ကောင်းပြီ။ အသံဖမ်းတာ စလို့ရပါပြီ ကျွန်းပိုင်ရှင်ရှောင်း။”
ရှောင်းယီက ခေါင်းညိတ်ပြပြီးနောက် မိုဘိုင်းဖုန်း၏ အသံဖမ်းစနစ်ကို ဖွင့်လိုက်တော့သည်။