အခန်း (၃၄၇-၃၄၈)
Vol. 19 Ch. 347-348
အခန်း (၃၄၇) - ဝဋ်ကြွေးမီးလျှံ
ထိုခဏ၌ပင် ဝဋ်ကြွေးတရားတို့သည် အရှိန်အဟုန်ဖြင့် တောက်လောင်လာသော ကံကြမ္မာမီးလျှံကို လှုံ့ဆော်လိုက်လေရာ လက်ငင်းဝဋ်လည်ခြင်းဟူသည်မှာလည်း နောက်ကျခြင်းမရှိဘဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာချေပြီ။
"ငါ့ကို နောက်ထပ်အခွင့်အရေးတစ်ခုလောက် ထပ်ပေးစမ်း"
နဂါးလိပ်မီးဝိညာဉ်သည် ဒေါသတကြီး ဟိန်းဟောက်ရင်း ယခင်အတိုင်းပင် စည်းကျော်ကာ ကိုယ့်အတတ်နှင့်ကိုယ် ပြဿနာရှာမိပြန်သည်။
ကျူးကျော်ဝင်ရောက်လာကြသော ကျင့်ကြံသူတို့သည် ကောင်းကင်ဘုံ၏ စမ်းသပ်မှုကို ခံယူရန် အရည်အချင်းမပြည့်မီကြပေရာ သူတို့ဖြတ်သန်းခဲ့ကြသော လျှို့ဝှက်ဆောင်များသည်လည်း သတ်မှတ်ထားသော သုံးဆယ့်ခြောက်ဆောင်စာရင်းတွင် ပါဝင်မည်မဟုတ်ပေ။
ယခင်က ရရှိခဲ့သော ကြီးမားလှသည့် အခွင့်အရေးများတွင် နင်းကျော့နှင့် မုန့်ချုံတို့မှာ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သော်လည်း ကျူးရွှမ်းကျိ၊ စုန့်ဖူလီနှင့် ကျန်းတန်လျန်တို့မှာမူ စွမ်းအင်များစွာ အသုံးပြုခဲ့ကြရသည်။
သို့တိုင်အောင် ထိုသုံးဦးစလုံးသည် သုံးဆယ့်ခြောက်ဆောင်စာရင်းကို ကုန်ဆုံးအောင် မသုံးစွဲနိုင်ခဲ့ကြသေးချေ။
သို့သော် ယခုအခါတွင်မူ နဂါးလိပ်မီးဝိညာဉ်နှင့် မုန့်ခွေတို့သည် ပူးပေါင်းကြံစည်ကာ ချော်ရည်နန်းတော်၏ အတားအဆီးများ အားနည်းသွားသည်ကို အခွင့်ကောင်းယူလျက် သတ်မှတ်ချိန်ထက်စော၍ အသွင်ကူးပြောင်းရန် ကြိုးပမ်းခဲ့ကြသည်။
ဤအသွင်ကူးပြောင်းမှုအပြီးတွင် နဂါးလိပ်မီးဝိညာဉ်၏ ဝိညာဉ်သဘာဝမှာ များစွာပျက်စီးသွားခဲ့ရပြီး ခန္ဓာကိုယ်မှာလည်း တပိုင်းတစကြည်လင်လျက် ရံခါမှသာ ပေါ်လာတတ်တော့သည်။
၎င်းသည် အလွန်အမင်း အားအင်ချည့်နဲ့နေသော အခြေအနေသို့ ကျရောက်သွားကာ လှုပ်ရှားခြင်းမပြုနိုင်ဘဲ လက်ထိပ်ခန့်မျှသာ ကျုံ့ဝင်လျက် ပြင်းထန်သော ရိုက်နှက်မှုများကို အလူးအလဲ ခံစားနေရရှာ၏။
မုန့်ခွေ၏ အခြေအနေမှာလည်း ထူးမခြားနားပင် ဖြစ်ချေသည်။ ဤအဆင့်တွင် သူသည် တိုက်ရိုက်ဝင်ရောက်စွက်ဖက်နိုင်ရန် အနည်းငယ်သာ လိုတော့သော်လည်း နဂါးလိပ်မီးဝိညာဉ်ကို အတွင်းလူအဖြစ် အသုံးချလျက် ချော်ရည်နန်းတော်၏ အတားအဆီးများကို ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းမှာ အန္တရာယ်နှင့် လောင်းကစားလိုက်ခြင်းပင်။
သူ၏ ထွက်သက်ဝင်သက်မှာ အလွန်အားနည်းသွားကာ ဆံစများမှာလည်း တစ်ခဏအတွင်း ဖြူဖွေးသွားခဲ့ရပြီး မျက်စိ၊ နား၊ နှာ၊ ပါးစပ် စသည့် အပေါက်ခုနစ်ပေါက်မှ သွေးများ တစိမ့်စိမ့် ထွက်လာခဲ့လေသည်။
ထိုလူသည် မျက်တောင်တစ်ခတ်အတွင်း အသက်ဆယ်စုနှစ်တစ်ခုမက အိုမင်းသွားခဲ့ချေပြီ။
ထိုသို့သော အခြေအနေကြောင့် အသွင်ကူးပြောင်းမှု လျှို့ဝှက်ဆောင်၏ အနေအထားသည်လည်း တစ်ဖန်ပြန်၍ ပြောင်းလဲသွားပြန်သည်။
မူလက ကျူးရွှမ်းကျိနှင့် အခြားသူတို့သည် အရိပ်နက် မိစ္ဆာကျင့်ကြံသူကို တဖြည်းဖြည်း မှီလာနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ သူတို့၏ ကြိုးပမ်းမှုများမှာ အချည်းနှီးသာ ဖြစ်သွားခဲ့ရချေပြီ။
လျှို့ဝှက်ဆောင်တစ်ခုတည်းတွင် အတူရှိနေကြသော နင်းကျော့နှင့် မုန့်ချုံတို့မှာမူ ဤမုန်တိုင်းဒဏ်မှ လွတ်မြောက်နေခဲ့သည်။ သို့သော် နောက်တစ်ခဏ၌ပင် နင်းကျော့၏ ခန္ဓာကိုယ်မှ ရုတ်တရက် မီးများ တောက်လောင်လာခဲ့လေသည်။
နီရဲသော မီးလျှံတို့က သူ့ကို လောင်မြိုက်နေပြီး မီးလျှံဖျားများမှာ ညိုဝါရောင်သန်းလျက် ပြင်းထန်ပြီး စူးရှသော အနံ့ဆိုးများကို ထုတ်လွှတ်နေ၏။
"ဒါ... ဒါက ဘာကြီးလဲ"
နင်းကျော့မှာ အလွန်အံ့အားသင့်သွားရသည်။ ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော် မရှိဘဲနှင့် နင်းကျော့အနေဖြင့် မိမိ၏ သက်တမ်းကို ထိန်းချုပ်နိုင်စွမ်း မရှိသကဲ့သို့ ကံကြမ္မာပညာရပ်ကို အသုံးပြု၍ တိုက်ခိုက်လာခြင်းကိုလည်း ကာကွယ်နိုင်စွမ်း မရှိပေ။
သူ အတိုက်ခံလိုက်ရချေပြီ။ မီးလျှံများ လောင်မြိုက်လာသည်နှင့်အမျှ သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း လျင်မြန်စွာ ကျဆင်းလာကြောင်း ခံစားလိုက်ရသည်။
သူ၏ အာရုံခံစားမှု၊ ခွန်အားနှင့် ဝိညာဉ်စွမ်းအားတို့မှာ ကမ်းပါးယံမှ ပြုတ်ကျသွားသည့်အလား အရှိန်အဟုန်ဖြင့် နိမ့်ကျသွားလေတော့သည်။
"ငါ ဘယ်လိုလုပ်ပြီး ဒီပညာရပ်နဲ့ အတိုက်ခံလိုက်ရတာလဲ"
နင်းကျော့၏ တစ်ကိုယ်လုံးမှာလည်း အေးစိမ့်သွားခဲ့ရသည်။ သစ်သားတုံးများကို ရွှေ့ပြောင်းရန်မှာ သူ၏ စိတ်ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအားတို့ကို အသုံးပြုရမည်ဖြစ်သော်လည်း ယခုအခါတွင်မူ သူ၏ မျက်လုံးများမှာ ပြာဝေလာကာ မြင်သမျှအရာအားလုံးမှာလည်း နှစ်ထပ်ပုံရိပ်များ ဖြစ်နေချေရာ ဆက်လက်လုပ်ဆောင်နိုင်စွမ်း မရှိတော့ပေ။
ထိုစဉ် မုန့်ချုံက တစ်ဖန်ပြန်၍ တိုက်ခိုက်လာပြန်သည်။ သွေးနီမျောက်ကြီးသည် ရှေ့သို့ တစ်လှမ်းတိုးကာ သူ၏ ကြီးမားသော ခန္ဓာကိုယ်ဖြင့် ခုခံစစ်ကြောင်း တစ်ခုကို တည်ဆောက်လိုက်လေသည်။
ယခင်ကမူ ထိုသို့သော ခုခံစစ်ကြောင်းမှာ အလွန်ခိုင်မာလှသဖြင့် မုန့်ချုံအနေဖြင့် အောင်မြင်မှုမရဘဲ အကြိမ်ကြိမ် ဆုတ်ခွာခဲ့ရသော်လည်း ယခုအကြိမ်တွင်မူ အခြေအနေမှာ ကွာခြားသွားခဲ့ချေပြီ။
သွေးနီမျောက်ကြီးအတွင်း၌ ဝိညာဉ်သဘာဝ ကိန်းအောင်းနေခြင်း မရှိတော့ဘဲ နင်းကျော့၏ ထိန်းချုပ်မှုအပေါ်တွင်သာ မှီခိုနေရသောကြောင့်ဖြစ်သည်။
နင်းကျော့၏ အခြေအနေမှာ ဆိုးရွားနေသဖြင့် သွေးနီမျောက်ကြီး၏ တိုက်ပွဲဝင်စွမ်းရည်မှာလည်း အရှိန်အဟုန်ဖြင့် ကျဆင်းသွားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် နင်းယဲ့၏ ဝိညာဉ်သဘာဝမှာ ပျက်စီးခြင်းမရှိသေးဘဲ သခင်ကို ကာကွယ်နိုင်စွမ်း ရှိနေသေးသည်။ ကောင်းကင်ရာသီဥတုလုံးသည် ရေခဲဆူးများကို ပစ်လွှတ်ကာ မီးလျှံအတားအဆီးများကို ဖန်တီးလျက် မုန့်ချုံကို တစ်ဖန်ပြန်၍ ဆုတ်ခွာသွားစေခဲ့သည်။
မုန့်ချုံမှာ မောဟိုက်နေချေပြီ။ ဤတိုက်ပွဲအတွင်း၌ သူသည် နင်းကျော့၏ ခွန်အားကို အပြည့်အဝ အသိအမှတ်ပြုလိုက်ကာ စစ်မှန်သော ပြိုင်ဘက်တစ်ဦးအဖြစ် သဘောထားလိုက်တော့သည်။
သူ၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်နေပြီး အခြေအနေမှာလည်း အလွန်ဆိုးရွားနေသော်လည်း သူ၏ တိုက်ပွဲဝင်လိုစိတ်မှာမူ မှေးမှိန်မသွားဘဲ အခြေအနေ ခက်ခဲလေလေ ပို၍ ထက်သန်လာလေလေ ဖြစ်နေ၏။
သူ ရှေ့သို့ နောက်တစ်ကြိမ် ပြေးထွက်ရန် ပြင်လိုက်စဉ်မှာပင်...
ဒိုင်း
တံခါးသည် ရုတ်တရက် ဝုန်းကနဲ ပွင့်သွားခဲ့လေသည်။
အရူးအနှမ်း အဘွားအိုတစ်ဦးသည် အတင်းအဓမ္မ ဝင်ရောက်လာကာ-
"ရှောင်ဟွေ့... ငါ့ရဲ့ ရှောင်ဟွေ့လေးကို ဘယ်မှာ ဖျောက်ထားလိုက်တာလဲ"
သူမသည် ရူးသွပ်စွာ အော်ဟစ်နေပြီး သူမ၏ မျက်လုံးများထဲတွင် ဝဋ်ကြွေးမီးလျှံတို့၏ နီရဲသော အလင်းတန်းများ ထင်ဟပ်နေသည်။
သူမသည် မုန့်ချုံနှင့် ပိုမိုနီးကပ်သော နေရာတွင် ရှိနေသော်လည်း သူမ၏ စွပ်စွဲချက်များမှာမူ နင်းကျော့ထံသို့သာ ဦးတည်နေလေ၏။
"မင်းပဲ... မင်းပဲ ငါ့ရဲ့ ရှောင်ဟွေ့လေးကို ဖျောက်ထားတာ မဟုတ်လား"
"ငါ့မြေးမလေးကို ပြန်ပေးစမ်း"
နင်းရှောင်ဟွေ့၏ အဘွားဖြစ်သူသည် ရူးသွပ်စွာ အော်ဟစ်ရင်း နင်းကျော့ထံသို့ ပြေးဝင်ကာ အသည်းအသန် တိုက်ခိုက်လေတော့သည်။
မုန့်ချုံမှာလည်း အံ့အားသင့်သွားရချေပြီ။ ချက်ချင်းဆိုသလိုပင် တံခါးသည် နောက်တစ်ကြိမ် ထပ်မံပွင့်သွားပြန်၏။ နင်းမျိုးနွယ်စု၏ မျိုးနွယ်စုဆက်ခံသူဟောင်း ဖြစ်သော နင်းရှောင်သည် အခန်းထဲသို့ ဝင်လာခဲ့သည်။
သူ၏ မျက်လုံးများထဲတွင်လည်း နီရဲသော မီးလျှံများ ထင်ဟပ်နေပြီး မျက်နှာမှာမူ နာကျည်းမှုများကြောင့် တွန့်လိမ်နေလျက်-
"နင်းကျော့... မင်း ဒီကောင်စုတ်လေး။ ငါ ဒီနေ့ ဒီလို အောက်တန်းကျတဲ့ အခြေအနေကို ရောက်နေရတာ အားလုံး မင်းကြောင့်ပဲ"
"အခု မင်းက ဒီကနေ ထွက်သွားပြီး နန်းတော်သခင် ဖြစ်ချင်နေတာလား။ ဟား... ဟား... ဟား... ငါ ဒီမှာ ရှိနေသရွေ့တော့ အဲ့ဒါ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"
နင်းရှောင်သည်လည်း နင်းကျော့ကို ဝင်ရောက်တိုက်ခိုက်လေတော့သည်။ မုန့်ချုံမှာမူ အလွန်အံ့သြနေမိ၏။ သူသည် ဤတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ရမလားဟု ဝေခွဲမရ ဖြစ်နေစဉ်မှာပင် တံခါးသည် နောက်တစ်ကြိမ် ထပ်၍ ပွင့်သွားပြန်သည်။
ကျိုးကျူနှင့် ကျိုးကျဲရှန်တို့သည် လက်ချင်းတွဲလျက် ဝင်ရောက်လာကြ၏။
"ဟိုတံခါးကို ငါပထမဆုံးမြင်ဖူးတာပဲ။ ဒါဟာ စမ်းသပ်မှုကို အောင်မြင်တဲ့သူတွေ ဝင်ရမယ့် နောက်ဆုံးတံခါးပဲ ဖြစ်ရမယ်"
"ဒါပေမဲ့ နင်းကျော့က အဲ့ဒီနေရာကို ယူထားတာပဲ..."
"တိုက်ကြစို့"
မုန့်ချုံမှာမူ ဘာပြောရမှန်းပင် မသိတော့ပေ။ မကြာခဏဆိုသလို ပေါ်ပေါက်လာသော ဤမမျှော်လင့်သည့် နှောင့်ယှက်မှုများမှာ တိုက်ဆိုင်မှု မဟုတ်သည်မှာ ထင်ရှားလှသည်။
ကျင့်ကြံသူ အများအပြားသည် တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာကြပြီး မုန့်ချုံကို ဂရုမစိုက်ကြဘဲ နင်းကျော့ကိုသာ သူတို့၏ ရန်သူအဖြစ် သတ်မှတ်လျက် ရှိနေကြ၏။
မုန့်ချုံသည် နင်းကျော့၏ တစ်ကိုယ်လုံးကို လောင်မြိုက်နေသော မီးလျှံများကို ကြည့်ရင်း မည်သူကများ ဤသို့ လက်ဦးမှု ယူလိုက်သနည်းဟု တွေးတောနေမိသည်။
ထိုစဉ်မှာပင် မုန့်ခွေ၏ အသံသည် သူ၏ နားထဲသို့ ရောက်ရှိလာခဲ့၏-
"မိုက်မဲတဲ့ ကလေးလေး... အခုရတဲ့ အခွင့်အရေးကို အသုံးချပြီး အမြန်သွားစမ်း။ ဟိုတံခါးကြီးကို ဖွင့်ပြီး ပင်မဆောင်ထဲကို ဝင်လိုက်တော့"
"ဒါ အဖိုးရဲ့ အသံပဲ"
မုန့်ချုံသည် ရုတ်တရက် သဘောပေါက်သွားလေသည်။
နင်းကျော့မှာမူ အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကာ ဘာကိုမျှ မမြင်ရတော့သလောက်ပင် ဖြစ်နေချေပြီ။
ကံကောင်းထောက်မစွာဖြင့် သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိထားပြီး ဖြစ်သောကြောင့် မိမိ၏ ရန်သူများကို အာရုံခံနိုင်ရန် ဝိညာဉ်အာရုံကို အသုံးချနိုင်သေးသည်။
သို့သော် သူ၏ ဝိညာဉ်အာရုံမှာလည်း လျင်မြန်စွာ ကျုံ့ဝင်လာနေ၏။
တံခါးများမှာမူ အဆက်မပြတ် ပွင့်နေဆဲပင်။
ဝင်ရောက်လာကြသော ကျင့်ကြံသူအားလုံးမှာ နင်းကျော့နှင့် မကောင်းသော ဝဋ်ကြွေးများဖြင့် ပတ်သက်နေကြသူများသာ ဖြစ်ကြသည်။ ဥပမာအားဖြင့် နင်းရှန့်ကော်၊ ကျန်းဟွာနှင့် သူ၏ ဦးလေးတော်စပ်သူ နင်းကျဲတို့ပင် ပါဝင်နေချေပြီ။
နင်းကျဲသည်လည်း အသွင်ကူးပြောင်းမှု လျှို့ဝှက်ဆောင်သို့ ဝင်ရောက်လာခဲ့သည်။
"နင်းကျော့... မင်း မင်းရဲ့ ဝမ်းကွဲအကိုအတွက် ဘယ်လိုမျိုး ကလဲ့စားချေပေးခဲ့တာလဲ။ မင်းရဲ့ မျိုးနွယ်စုခွဲ အကြီးအကဲ ရာထူးအတွက် မင်းရဲ့ သွေးသားကလဲ့စားချေမှုကိုတောင်မှ အလဲအလှယ်လုပ်ပြီး အသုံးချခဲ့တာ မဟုတ်လား"
"အခုတော့ ဒါဟာ မင်းရဲ့ ဝဋ်ကြွေးပဲ"
မီးလျှံအလင်းတန်းများသည် နင်းကျော့၏ မျက်လုံးများထဲတွင် ပြည့်နှက်နေပြီး သူသည် မိမိ၏ အသိစိတ်ကို အနည်းငယ်သာ ထိန်းထားနိုင်တော့ကာ ကံကြမ္မာ၏ လှည့်စားမှုများကြောင့် ဝေခွဲမရ ဖြစ်နေရသည်။
ထိုစဉ် စွန်းလင်ထုံက တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့၏-
"ကျော့လေး... ငါ နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ"
စွန်းလင်ထုံမှာ အလွန်ဝမ်းသာသွားရပြီး သူ၏ မျက်လုံးများထဲတွင်လည်း မီးလျှံပုံရိပ်များ ထင်ဟပ်နေသည်။
ယခုအခါ နင်းကျော့မှာ ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရကာ သူ၏ ဝိညာဉ်အာရုံမှာလည်း မိမိခန္ဓာကိုယ် ပတ်လည် ရှစ်ပေခန့်သာ ရှိတော့သည်။
များသောအားဖြင့် သူသည် စက်မှုရုပ်သေးများကိုသာ အလိုအလျောက် လှုပ်ရှားခိုင်းထားရတော့၏။ စွန်းလင်ထုံသည် သူ၏ လက်ကောက်ဝတ်ကို ခါယမ်းလိုက်ရာ သူ၏ သိုလှောင်လက်ကောက်မှ ထူးဆန်းသော အလင်းတန်းများ ထွက်ပေါ်လာပြီး တိုက်ပွဲမြေပြင်၏ အစွန်းတစ်နေရာ၌ ရွှေသွေးတိုက်ပွဲဝင်မျောက် - တာရှန့် ပေါ်လာခဲ့လေသည်။
ရွှေသွေးတိုက်ပွဲဝင်မျောက် - တာရှန့်မှာ ပြင်းထန်စွာ ပျက်စီးနေခဲ့ပြီး စွန်းလင်ထုံက အရေးပေါ် ပြုပြင်ထားသော်လည်း သူ၏ နည်းလမ်းများမှာ ကြမ်းတမ်းလှသဖြင့် နင်းကျော့နှင့် မနှိုင်းယှဉ်နိုင်ပေ။
ရွှေသွေးတိုက်ပွဲဝင်မျောက် - တာရှန့်သည် သွေးနီမျောက်ကြီးထံသို့ တိုက်ရိုက်ပြေးဝင်ကာ လှိုက်လှိုက်လှဲလှဲ ပွေ့ဖက်လိုက်လေသည်။ သူတို့နှစ်ဦး ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ယွမ်တာရှန့်၏ ဝိညာဉ်သဘာဝသည် အလိုအလျောက် ပျံထွက်သွားကာ သွေးနီမျောက်ကြီးအတွင်းသို့ ဝင်ရောက်သွားတော့၏။
"အရှင်... အရှင့်ရဲ့ စစ်သည်တော် ရောက်ရှိလာပါပြီ"
သွေးနီမျောက်ကြီး - တာရှန့်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ယခင်က တောင့်တင်းနေမှုများမှာ ပျောက်ကွယ်သွားပြီး အလွန်အမင်း ဝိညာဉ်ရွေ့လျားမှု ရှိလာခဲ့လေသည်။
၎င်း၏ စက်မှုနှလုံးသားခန်းမ ဖြစ်သော စိတ်ဝိညာဉ်လုံးဖို - မီးလျှံအနှစ်သာရသည် ဂြိုဟ်လုံးကြီးတစ်ခုပမာ ကြီးမားလှပြီး အစွမ်းကုန် လည်ပတ်နေ၏။
မီးလျှံသီးများစွာကို လျင်မြန်စွာ လောင်ကျွမ်းစေလျက် အားကောင်းသော ဝိညာဉ်စွမ်းအားများအဖြစ် ပြောင်းလဲပေးလိုက်သည်။
စိတ်ဝိညာဉ်လုံးဖို၏ မျက်နှာပြင်မှာလည်း အမျိုးမျိုးသော ပုံသဏ္ဌာန်များဖြင့် ဖောင်းကြွလာကာ အားအင်များကို အရပ်မျက်နှာအနှံ့သို့ ပေးပို့နေလေတော့သည်။
အဆုံးအဖြတ်ပေးရမည့် အချိန်၌ သွေးနီမျောက်ကြီး - တာရှန့်သည် သတ္တိရှိရှိ ရှေ့ထွက်ရပ်တည်ကာ သူ၏ သခင်ကို အစွမ်းကုန် ကာကွယ်ပေးနေ၏။
ရွှေအမြုတေအဆင့် ပစ္စည်းများစွာဖြင့် ပြုလုပ်ထားသော ဤစက်မှုကိုယ်ထည်မှာ အလွန်တောင့်တင်းခိုင်မာလှသဖြင့် ယွမ်တာရှန့်အနေဖြင့် ရွှေအမြုတေအဆင့်နီးပါး စွမ်းအားများကို ထုတ်ဖော်ပြသနိုင်လေသည်။
နင်းရှောင်ဟွေ့၏ အဘွားနှင့် အခြားသူများမှာ အင်အားတောင့်တင်းလှသော်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင်သာ ရှိကြသေးသဖြင့် ရွှေအမြုတေအဆင့်သို့ မမီကြပေ။
ထို့ကြောင့် သူတို့သည် နင်းကျော့အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးနေသော သွေးနီမျောက်ကြီး - တာရှန့်ကို မတားဆီးနိုင်ကြပေ။
စွန်းလင်ထုံသည်လည်း ဓားမြှောင်နှစ်လက်ကို ကိုင်စွဲကာ အရိပ်နက် မိစ္ဆာကျင့်ကြံသူ၏ ဝတ်စုံကို ဝတ်ဆင်ထားလျက် နင်းရှောင်ဟွေ့၏ အဘွားနှင့် အခြားသူများကို တိုက်ခိုက်ကာ နင်းကျော့ ဘေးကင်းစွာ ဆုတ်ခွာနိုင်ရန် ကူညီပေးနေသည်။
သူ သက်ပြင်းတစ်ချက် ချနိုင်တော့မည့် ဆဲဆဲမှာပင် လျှို့ဝှက်ဆောင်၏ တံခါးသည် နောက်တစ်ကြိမ် ထပ်မံ ပွင့်သွားပြန်၏။
ထိုနေရာမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ နတ်ဘုရားပညာရပ် သုံးခုကို တစ်ပြိုင်နက် အသုံးပြုထားလျက် ကျူးရွှမ်းကျိသည် ခန့်ညားထည်ဝါစွာ ဝင်ရောက်လာလေတော့သတည်း။
အခန်း (၃၄၈) နင်းကျော့ကို အမြန်ဖမ်းဆီးကြလော့
ကျူးရွှမ်းကျိ၏ မျက်ဝန်းအစုံတွင် မီးတောက်နီနီများ အရောင်ဟပ်လျက်ရှိပြီး သူ၏နှလုံးသားအတွင်းရှိ လေတိုးခေါင်းလောင်းသံမှာလည်း မပြတ်တမ်း မြည်ဟည်းနေချေပြီ။
လျှို့ဝှက်ခန်းမဆောင်အတွင်းရှိ အခြေအနေအရပ်ရပ်ကို သူသည် တစ်ချက်ကြည့်ရုံမျှဖြင့် အကဲခတ်မိလေသည်။
"လက်ငင်းဝဋ်လည်ခြင်း ကံကြမ္မာပညာရပ်ရဲ့ အကျိုးဆက်ကြောင့် ကံကြမ္မာမီးလျှံတွေ လောင်မြိုက်နေတာပဲ" ဟု ကျူးရွှမ်းကျိက စိတ်ထဲမှ ခနဲ့တဲ့တဲ့ ရေရွတ်လိုက်မိ၏။
"နင်းကျော့... မင်း ဒီလို အတိဒုက္ခရောက်တာ ထိုက်နဲ့အားလျော်စွာ ရရှိတဲ့ ရလဒ်ပဲ ဖြစ်မှာပါ"
ထိုသို့ တွေးတောမိရုံရှိသေး၊ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
ယွမ်တာရှန့်သည် သွေးနီမျောက်ကြီး စက်မှုရုပ်သေးတစ်ရုပ် ဖြစ်သော်ငြား သူနှင့် ကိုယ်လုံးကိုယ်ထည်ချင်း တူညီလှပြီး အရပ်အမောင်း မြင့်မားထွားကျိုင်းလှပေသည်။
ထိုစက်မှုရုပ်သေးကြီးသည် ကျူးရွှမ်းကျိထံသို့ ဦးခေါင်းဖြင့် တိုးဝင်တိုက်ခိုက်ကာ ခါးကို ဖက်တွယ်ထားပြီးနောက် စစ်မြေပြင်မှ ဝေးရာသို့ အရှိန်အဟုန်ဖြင့် ဆွဲထုတ်သွားတော့သည်။
သာမန်စက်မှုယန္တရားများအတွက်မူ ဤသို့ပြုမူရန် မဖြစ်နိုင်သော်လည်း ဉာဏ်ရည်ဉာဏ်သွေးပွင့်လင်းလာသည့် အဆင့်သို့ ရောက်ရှိနေသော ယွမ်တာရှန့်မှာမူ တိုက်ပွဲအခြေအနေကို ဆန်းစစ်နိုင်စွမ်းရှိရုံမျှမက ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုလည်း ပိုမိုလုပ်ဆောင်နိုင်စွမ်း ရှိပေရာ ထိုသို့သော လုပ်ရပ်မှာ အံ့ဩဖွယ်ရာတော့ မဟုတ်ချေ။
ကျူးရွှမ်းကျိမှာ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်လာပြီးနောက် တံတောင်ဖြင့် ယွမ်တာရှန့်၏ ကျောပြင်ကို အဆက်မပြတ် ထိုးနှက်လေတော့သည်။
ထိုးနှက်ချက်တစ်ခုချင်းစီမှာ သွေးနီမျောက်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော ကျိုင့်ခွက်ကလေးများကို ဖြစ်ပေါ်စေ၏။
သို့သော်လည်း ယွမ်တာရှန့်မှာမူ အနာတရဖြစ်သည်ကို ဂရုမထားဘဲ ကျူးရွှမ်းကျိကို နင်းကျော့နှင့် ဝေးရာသို့ ရောက် အစွမ်းကုန် ကြိုးစားတားဆီးထားလေသည်။
စွန်းလင်ထုံမှာလည်း ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး နင်းကျော့၏ ဘေးနားမှ ကာကွယ်ပေးထား၏။
အဖြစ်အပျက်များမှာ အလွန်ပင် မြန်ဆန်လှပေသည်။
တံခါးပွင့်သွားသည်နှင့် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသည့် ကျူးရွှမ်းကျိ ပေါ်လာသော်လည်း ယွမ်တာရှန့်၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားရချေပြီ။
ထိုစဉ်မှာပင် နင်းရှောင်ဟွေ့၏ ဘိုးဘွားနှင့် အခြားသူများမှာလည်း နင်းကျော့ထံသို့ တစ်ဖန် ပြန်လည် ဝိုင်းရံလာကြပြန်သည်။
"အောင်မြင်သွားပြီဟေ့... ဟားဟားဟား" ဟု မုန့်ချုံက အားရပါးရ အော်ဟစ်ရယ်မောလိုက်လေသည်။
သူသည် မုန့်ခွေ၏ အမိန့်ကို နာခံလျက် တံခါးဝကို သိမ်းပိုက်လိုက်ပြီး ကျန်ရှိနေသည့် သစ်သားတုံးလေးများကို နောက်ဆုံးအပိုင်းအဖြစ် လျင်မြန်စွာ ဆက်စပ်လိုက်တော့သည်။
အမှန်စင်စစ် နင်းကျော့မှာ တည်ဆောက်မှုအားလုံးကို ပြီးဆုံးလုနီးပါး ဖြစ်နေချေပြီ။
မုန့်ချုံက သူ၏ ပင်ကိုပါရမီစွမ်းအားကို အသုံးပြု၍ လျင်မြန်စွာ ဆောင်ရွက်လိုက်သဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အားလုံး ပြီးမြောက်သွားရခြင်း ဖြစ်ပေသည်။
အစိတ်အပိုင်းအားလုံး မှန်ကန်စွာ နေရာကျသွားသည်နှင့် တံခါးကြီးမှာ ဟက်ဟက်ပက်ပက် ပွင့်သွားပြီး ကောင်းကင်ယံသို့ တောက်ပသော အလင်းတန်းကြီး တစ်ခု ထိုးတက်သွားရာ လျှို့ဝှက်ခန်းမဆောင်တစ်ခုလုံးမှာ ပြိုင်ဘက်ကင်းသော အရောင်အဝါများဖြင့် လွှမ်းခြုံသွားလေတော့သည်။
တံခါးအတွင်း၌ ကြယ်စုံသော ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ရှိနေပြီး မုန့်ချုံမှာလည်း မဆိုင်းမတွပင် ထိုအတွင်းသို့ ပြေးဝင်သွားချေပြီ။
"မဖြစ်ဘူး... သူ ဝင်သွားပြီ" ဟု တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
"မုန့်ချုံကို အမြန်တားကြ"
"ချော်ရည်နန်းတော်ရဲ့ အရှင်သခင်နေရာက... ငါ့အပိုင်ပဲ ဖြစ်ရမယ်"
နင်းကျော့ကို တိုက်ခိုက်နေသည့် လူအုပ်ကြီးမှာ သိသိသာသာ နည်းပါးသွားတော့သည်။
သူတို့အားလုံးမှာ ကံကြမ္မာစွမ်းအား၏ လွှမ်းမိုးခြင်းကို ခံထားရသော်လည်း အလွန်ကြီးမားသော အကျိုးအမြတ်နှင့် ရင်ဆိုင်ရသောအခါတွင်မူ သူတို့၏ လောဘစိတ်မှာ မျက်ဝန်းအတွင်းရှိ မီးတောက်နီနီများကို ကျော်လွန်သွားကြချေပြီ။
နင်းရှောင်ဟွေ့၏ ဘိုးဘွား၊ နင်းရှောင်နှင့် နင်းကျဲတို့ အပါအဝင် လူအနည်းငယ်သာလျှင် နင်းကျော့ကို ဆက်လက် တိုက်ခိုက်နေကြတော့သည်။
စွန်းလင်ထုံမှာလည်း ဟိုမှဒီမှ ခုခံကာကွယ်ပေးရင်း တစ်ကိုယ်လုံး သွေးချင်းချင်းနီလျက်ရှိ၏။
သူ၏ တိုက်ခိုက်ရေးစတိုင်မှာ ပေါ့ပါးသွက်လက်သော်ငြား နင်းကျော့ကို ကာကွယ်ပေးလိုသည့် စိတ်ကြောင့် မိမိ၏ အားသာချက်ကို စွန့်လွှတ်ကာ ခုခံကာကွယ်မှု သက်သက်ကိုသာ အာရုံစိုက်နေရလေသည်။
ယခင်က ရရှိထားသည့် ဒဏ်ရာများမှာလည်း မသက်သာသေးသဖြင့် သူသည် အစွမ်းကုန် မတိုက်ခိုက်နိုင်သေးချေ။
ထို့ထက် ပို၍ ဆိုးရွားသည်မှာ သူ၏ စိတ်ဓာတ်မှာ အကြောင်းပြချက်မရှိဘဲ ကျဆင်းနေပြီး နင်းကျော့အပေါ်တွင်လည်း ရုတ်တရက် မလိုလားအပ်သော အမြင်များ ဖြစ်ပေါ်နေခြင်းပင်။
ထိုစိတ်အခြေအနေကြောင့် နင်းကျော့ကို ကာကွယ်ပေးရန် အားထုတ်မှုတိုင်းမှာ သူ့ကို အားအင်ချည့်နဲ့စေပြီး မိမိစွမ်းဆောင်ရည်၏ သုံးပုံတစ်ပုံခန့်ကိုပင် မထုတ်ဖော်နိုင်တော့ချေ။
ဆန့်ကျင်ဘက်အားဖြင့် နင်းရှောင်ဟွေ့၏ ဘိုးဘွားနှင့် အခြားသူများမှာမူ ကံကြမ္မာပညာရပ်၏ ပံ့ပိုးမှုကို ရရှိထားသဖြင့် သူတို့၏ စွမ်းအားများမှာ ယခင်ထက် အဆပေါင်းများစွာ ပိုမိုတိုးတက်နေကြလေသည်။
"စွန်းလင်ထုံ... မင်းက ပြင်ပလူပဲ၊ လာမရှုပ်နဲ့" ဟု နင်းရှောင်က အော်ဟစ်လိုက်၏။
နင်းကျဲကလည်း "နင်းကျော့ဆိုတဲ့ ကျေးဇူးကန်းတဲ့ကောင်၊ မွေးရကျိုးမနပ်တဲ့ လူမိုက်ကောင်က ကျေးဇူးရှင်တွေကိုတင် မကဘူး... ကိုယ့်ဆွေမျိုးသားချင်းတွေကိုတောင် မျက်ကွယ်ပြုရက်တယ်၊ ငါ သူ့ကို လုံးဝ မမွေးမြူခဲ့သင့်ဘူး" ဟု ဆိုလေသည်။
စွန်းလင်ထုံမှာ ဒေါသအလိပ်လိပ် ထွက်ပေါ်လာပြီးနောက် "မင်းတို့ကမှ ပြင်ပလူတွေကွ၊ ဘာတွေကို မွေးမြူခဲ့တာလဲ" ဟု ပြန်လည် ဆဲဆိုလိုက်တော့သည်။
ထိုသုံးဦး သတ်ပုဒ်ရိုက်နေစဉ်အတွင်း နင်းရှောင်ဟွေ့၏ ဘိုးဘွားမှာ လျင်မြန်သော သိမ်းငှက်တစ်ကောင်ကဲ့သို့ နင်းကျော့ထံသို့ ထိုးဆင်းလာလေသည်။
သူမ၏ မျက်ဝန်းများမှာ အပြင်းထန်ဆုံး တောက်လောင်နေချေပြီ။
"ကျေးဇူးမသိတဲ့ကောင်... ငါ့မြေးလေး ရှောင်ဟွေ့ကို ပြန်ပေးစမ်း" ဟု အော်ဟစ်ကာ ခုခံနိုင်စွမ်းမရှိသော နင်းကျော့ကို တိုက်ခိုက်လေတော့သည်။
နေရာရွှေ့ပြောင်းပညာရပ်။
ထိုအရေးကြီးသော အချိန်တွင် စွန်းလင်ထုံက ဗုဒ္ဓနှလုံးသားဂိုဏ်း၏ အထူးပညာရပ်ကို လျင်မြန်စွာ အသုံးပြုလိုက်လေသည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူသည် ထိုပညာရပ်ကို မိမိကိုယ်ကိုယ်အတွက် အသုံးမပြုခဲ့ချေ။
နေရာရွှေ့ပြောင်းပညာရပ်၏ ဒဏ်ကြောင့် နင်းရှောင်ဟွေ့၏ ဘိုးဘွားမှာ ထိုနေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အနီးနားရှိ အခြားလျှို့ဝှက်ခန်းမဆောင်တစ်ခုသို့ ရောက်ရှိသွားရတော့သည်။
ထိုသို့ အာရုံလွှဲသွားသည့် အခိုက်အတန့်တွင် စွန်းလင်ထုံမှာ နင်းကျဲနှင့် နင်းရှောင်တို့၏ ပြင်းထန်သော ဒဏ်ရာပေးမှုကို ခံလိုက်ရပြီး ထောင့်တစ်နေရာသို့ လွင့်စင်သွားရချေပြီ။
ယွမ်တာရှန့် ဝင်တိုက်စဉ်က ပွင့်သွားသည့် တံခါးမှာလည်း ဟက်ဟက်ပက်ပက်ပင် ရှိနေသေး၏။
အရိပ်နက် မိစ္ဆာကျင့်ကြံသူနှင့် ချီတွန်းတို့မှာလည်း တိုက်ပွဲအရှိန် ပြင်းထန်စွာဖြင့် ထိုနေရာသို့ ပြေးဝင်လာကြလေသည်။
ချီတွန်း၏ လက်သီးချက်မှာ မီးခိုးရောင် အလင်းတန်းများ လွှမ်းခြုံလျက် အရိပ်နက် မိစ္ဆာကျင့်ကြံသူ၏ ကျောပြင်သို့ ထိမှန်သွား၏။
တုံ့ပြန်မှုအနေဖြင့် အရိပ်နက် မိစ္ဆာကျင့်ကြံသူက မီးခိုးနက်များကို ထုတ်လွှတ်လိုက်ပြီး ချီတွန်းကို ရစ်ပတ်နှောင်ဖွဲ့ထားလိုက်လေသည်။
ချီတွန်းမှာလည်း အရှိန်မထိန်းနိုင်ဘဲ တံတိုင်းကြီးတစ်ခုကို ပြင်းထန်စွာ တိုက်မိသွားရချေပြီ။
ပြင်းထန်သော လက်သီးချက်ကြောင့် အရိပ်နက် မိစ္ဆာကျင့်ကြံသူ၏ အရှိန်မှာ ပိုမိုတိုးလာပြီး လျှို့ဝှက်ခန်းမဆောင်၏ တံခါးဝသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
"ဟက်... ငါ့ရဲ့ ထုံးနှလုံးသားကျင့်စဉ်ကို ခံလိုက်ရတာဆိုတော့ မင်း မကြာခင်မှာ..." ချီတွန်း၏ မျက်ဝန်းများမှာ ရုတ်တရက် ပြူးကျယ်သွားရပြန်သည်။
အဘယ်ကြောင့်ဆိုသော် အရိပ်နက် မိစ္ဆာကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ ဝါဖျော့ဖျော့ ဗုဒ္ဓအလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ ကျောပြင်ပေါ်ရှိ မီးခိုးရောင် အလင်းများကို လျင်မြန်စွာ ပျောက်ကွယ်သွားစေသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။
အရိပ်နက် မိစ္ဆာကျင့်ကြံသူက ခပ်အက်အက် ရယ်မောလိုက်ပြီး တံခါးငယ်လေးဆီသို့ အပြေးဝင်သွားတော့သည်။
ထိုအလင်းမှာ ဗုဒ္ဓအလင်းတန်း ဖြစ်နေသော်လည်း အခြားသူများအဖို့မူ အလွန်ပင် ကြီးမားလှသော မိစ္ဆာအရှိန်အဝါကို ခံစားနေရလေသည်။
ကိုယ်ခံပညာရပ် — တောင်တံတိုင်း။
ကျူးရွှမ်းကျိက လက်ဝါးရိုက်ချက်ပေါင်းများစွာကို ဆက်တိုက် ထိုးနှက်လိုက်လေသည်။
နင်းကျော့က အစွမ်းကုန် အားဖြည့်ထားသည့် သွေးနီမျောက်ကြီး၏ ခိုင်မာသော သံချပ်ကာပင်လျှင် ရွှေအမြုတေအဆင့်၏ တိုက်ခိုက်မှုကို မခံနိုင်ဘဲ တစ်စစီ ကြေမွသွားရတော့သည်။
ယွမ်တာရှန့်မှာ ပြန်လည် တိုက်ခိုက်လိုသော်လည်း ကျူးရွှမ်းကျိက နောက်သို့ ဆုတ်ကာ နေရာလွတ်တစ်ခုကို ဖန်တီးလိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် သွေးနီမျောက်ကြီး၏ ရင်ဘတ်အတွင်းသို့ လက်ချောင်းများကို ထိုးသွင်းကာ ပြင်းထန်စွာ ဆွဲဖြဲလိုက်လေသည်။
သူသည် သွေးနီမျောက်ကြီး၏ ဝမ်းဗိုက်ကိုပင် ခွဲပစ်လိုက်ချေပြီ။
ယွမ်တာရှန့်မှာ မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိပြီး သူ၏ ဦးခေါင်းမှာ ဒေါသမာန်ဖြင့် မော့ကြည့်နေသော်လည်း ရွှေတောင်ပမာ ကျင့်စဉ်အောက်တွင် လုံးဝ ဖိနှိပ်ခြင်း ခံထားရလေသည်။
"သနားစရာ၊ ဝမ်းနည်းစရာ ကောင်းလှပါလား" ဟု ကျူးရွှမ်းကျိက မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာဖြင့် နှမြောတသဟန် ပြောဆိုလိုက်သည်။
သူသည် ဤသည်မှာ ယွမ်တာရှန့်၏ ဝိညာဉ်သဘာဝ ဖြစ်သည်ကို သိရှိထားပြီး ဖြစ်၏။
သို့သော်လည်း သူသည် ယွမ်တာရှန့်ကို ကျော်ဖြတ်ပြီး လျှို့ဝှက်ခန်းမဆောင်၏ ပင်မဝင်ပေါက်သို့ ပြေးဝင်ရန် ပြင်ဆင်လိုက်စဉ်မှာပင် သူ၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားရတော့သည်။
သူသည် ကြေမွနေသည့် စက်မှုနှလုံးသား၏ အပိုင်းအစများနှင့် မီးမတောက်ရသေးသော မီးလျှံသီးများကို မြင်တွေ့လိုက်ရခြင်းကြောင့်ပင်။
ထိုမီးလျှံသီးများမှာ အဆင့်မြင့်မားလှပြီး အများစုမှာ နှစ်တစ်ထောင်သက်တမ်းရှိ မီးလျှံသီးများ ဖြစ်ကြကာ နှစ်တစ်သောင်းသက်တမ်းရှိသော မီးလျှံသီးများကိုပင် တွေ့ရလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျူးရွှမ်းကျိမှာ လျှပ်စီးအပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
သူသည် ထိုနေရာတွင် ကျောက်ရုပ်ကဲ့သို့ ရပ်တန့်သွားပြီး သူ၏ နှလုံးခုန်သံမှာလည်း ရပ်တန့်လုနီးပါး ဖြစ်သွားကာ ပြင်းထန်သော ထိတ်လန့်မှုကြီးက သူ့ကို ဝါးမြိုသွားလေတော့သည်။
သဲလွန်စအားလုံးမှာ ယခုအချိန်တွင် တစ်ခုနှင့်တစ်ခု ဆက်စပ်သွားချေပြီ။
အမှန်တရားမှာ ပေါ်ပေါက်လာခဲ့လေပြီ။
"ရှောင်ဟွေ့... ငါ့မြေးလေး ရှောင်ဟွေ့" နင်းရှောင်ဟွေ့၏ ဘိုးဘွားမှာ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေချေပြီ။ သူမကို စွန်းလင်ထုံက နေရာရွှေ့ပြောင်းပေးလိုက်သော်လည်း သူမသည် ရူးသွပ်စွာဖြင့် ပြန်လည် ပြေးဝင်လာခဲ့လေသည်။
တံခါးငယ်အတွင်းသို့ မဝင်မီမှာပင် သူမသည် အရိပ်နက် မိစ္ဆာကျင့်ကြံသူနှင့် ရင်ဆိုင်လိုက်ရ၏။
အရိပ်နက် မိစ္ဆာကျင့်ကြံသူက သူ၏ လက်မောင်းကို အသာအယာ ဝေ့ယမ်းလိုက်ရုံမျှဖြင့် နင်းရှောင်ဟွေ့၏ ဘိုးဘွားမှာ ခေါင်းပြတ်သွားပြီး လည်ပင်းမှ သွေးများမှာ စမ်းရေတွင်းကဲ့သို့ ပန်းထွက်လာတော့သည်။
သေဆုံးသွားချေပြီ။
ထိုမြင်ကွင်းက နင်းရှောင်နှင့် နင်းကျဲတို့ကို ထိတ်လန့်တုန်လှုပ်စေပြီး အသက်ရှင်လိုသည့် စိတ်ဆန္ဒက သူတို့၏ မျက်ဝန်းအတွင်းရှိ မီးတောက်နီနီများကို ဖုံးလွှမ်းသွားလေတော့သည်။
သူတို့နှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်း နောက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားကြ၏။
စွန်းလင်ထုံမှာ ဒဏ်ရာပြင်းထန်လှသော ခန္ဓာကိုယ်ဖြင့် နင်းကျော့၏ ဘေးနားသို့ ရောက်ရှိလာသည်။
သူသည် နင်းကျော့ကို ဆွဲထုတ်ရန် ကြိုးစားစဉ် မော့ကြည့်လိုက်သောအခါ အရိပ်နက် မိစ္ဆာကျင့်ကြံသူမှာ အနီးအနားသို့ ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။
တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားလှသော ဖိအားကြီးက ကျဆင်းလာချေပြီ။
စွန်းလင်ထုံ၏ မျက်ဝန်းများမှ သွေးများ ထွက်ပေါ်လာပြီး ဟိန်းဟောက်လိုက်ကာ နင်းကျော့ကို ဘေးသို့ တွန်းပို့ပြီး မိမိကိုယ်ကိုယ် ရှေ့သို့ တိုးဝင်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် သူသည် လက်ညှိုးတစ်ချက် ထိုးလိုက်ရုံမျှဖြင့် လဲကျသွားရတော့သည်။
ဗုန်း။
သူသည် မြေပြင်ပေါ်သို့ မှောက်လျက် လဲကျသွားပြီး သူ၏ ပါးပြင်မှာ အေးစက်သော ကြမ်းပြင်နှင့် ထိတွေ့နေကာ သူ၏ နှလုံးသားမှာလည်း ထိုကြမ်းပြင်ကဲ့သို့ပင် အေးစက်သွားရချေပြီ။
သူသည် မျက်လုံးအစုံ မှိတ်ထားသည့် နင်းကျော့ကို ကြည့်ရင်း မျှော်လင့်ချက် ကင်းမဲ့နေလေသည်။
ဖြစ်နိုင်မည်ဆိုလျှင် သူသည် မိမိ၏ အသက်ကို နင်းကျော့၏ အသက်နှင့် လဲလှယ်လိုပေသည်။
ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ နင်းရှောင်နှင့် နင်းကျဲတို့မှာ ပို၍ပင် လျင်မြန်စွာ ဆုတ်ခွာသွားကြတော့သည်။
"မဆုတ်ကြနဲ့... နင်းကျော့ကို အမြန်ဖမ်းကြစမ်း" ကျူးရွှမ်းကျိက အခြားလျှို့ဝှက်ခန်းမဆောင်အတွင်းမှ စိုးရိမ်တကြီး အော်ဟစ်ကာ ပြေးဝင်လာလေသည်။
နင်းရှောင်နှင့် နင်းကျဲတို့မှာမူ အံ့အားသင့်လျက်ရှိ၏။
သို့သော်လည်း အရာအားလုံးမှာ အချိန်နှောင်းသွားခဲ့ချေပြီ။
အရိပ်နက် မိစ္ဆာကျင့်ကြံသူက ဖြည်းညှင်းစွာ ကိုင်းညွတ်လိုက်ပြီး သူ၏ စက်မှုလက်တံကို ဆန့်ထုတ်ကာ နင်းကျော့ကို အသာအယာ ထူမလိုက်လေသည်။
ဝါဖျော့ဖျော့ ဗုဒ္ဓအလင်းတန်းမှာ နင်းကျော့အပေါ်သို့ ကျရောက်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် လောင်မြိုက်နေသည့် မီးတောက်နီနီများကို ဖိနှိပ်လိုက်တော့သည်။
နင်းကျော့မှာ နောက်ဆုံးတွင် အားအင်အနည်းငယ် ပြန်လည်ရရှိလာပြီး အရိပ်နက် မိစ္ဆာကျင့်ကြံသူ၏ လက်မောင်းကို အားကိုးကာ ခက်ခဲစွာ မတ်တပ်ရပ်လိုက်လေသည်။
သာမန်လုပ်ဆောင်ချက်လေး တစ်ခုဖြစ်သော်လည်း သူ၏ ကြွင်းကျန်သမျှ အားအင်အားလုံးကို ကုန်ဆုံးသွားစေ၏။
သူသည် အေးစက်သော ချွေးများဖြင့် စိုရွှဲနေပြီး မျက်ဝန်းများကို ခက်ခဲစွာ ဖွင့်လိုက်သောအခါ မြင်ကွင်းမှာ ဖြည်းဖြည်းချင်း ကြည်လင်လာလေသည်။
သူသည် မိမိ၏ ဘေးနားရှိ အရိပ်နက် မိစ္ဆာကျင့်ကြံသူကို ကြည့်ကာ နူးညံ့သိမ်မွေ့ပြီး အေးချမ်းလှသော အပြုံးတစ်ခုကို ပြုံးလိုက်မိ၏။
ထိုအခိုက်တွင် စွန်းလင်ထုံ၏ မျက်ဝန်းများမှာ ပြူးကျယ်သွားပြီး အလွန်အမင်း တုန်လှုပ်ချောက်ချားသွားသည့် အမူအရာ ထင်ဟပ်လာတော့သည်။
အဘယ်ကြောင့်ဆိုသော် နင်းကျော့က တိုးညှင်းသော အသံလေးဖြင့် ဤသို့ ခေါ်ဆိုလိုက်သည်ကို သူ ကြားလိုက်ရသောကြောင့်ပင် —
"အမေ..."