← Chapters

အခန်း (၁၄၈-၁၄၉)

Vol. 10 Ch. 148-149

အခန်း (၁၄၈-၁၄၉)

Vol. 10 Ch. 148-149

စူပါ-ဖမ်း(SFS)

SFS 148

အခန်း ၁၄၈ ။ အစ်ကိုလင်းရေ ကယ်ပါဦး

မှောင်ရီပျိုးစပြုလာချိန်တွင် လင်းယန်သည် စူးရို့ရို့ကို တွဲလျက် အိမ်ဝင်းထဲသို့ ပြန်ရောက်လာခဲ့သည်။ သူမသည် တစ်မွန်းလွဲလုံး အိပ်စက်ခဲ့သော်လည်း ခြေထောက်များမှာမူ... ပျော့ခွေနေဆဲပင်။ ဗိုက်ကလည်း အတော်လေး ဆာနေပြီဖြစ်၏။

“ကိုကို... မမရို့ရို့ ဘာဖြစ်တာလဲ?” ရှောင်ဝူလေးက စပ်စုလိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ ခြေခေါက်သွားလို့ပါ။ ငါးတွေရော?”

ရှောင်ဝူလေးက နှုတ်ခမ်းလေးဆူကာ- “ကိုကို ဘယ်သွားနေမှန်းမှ မသိတာ။ ငါးတွေကို မမကျင်းလီတို့ အကုန်စားပစ်ကြပြီ။ ကျွန်မကတော့ ကိုကို့အတွက် တစ်ကောင် ဝှက်ထားပေးတယ်လေ။”

ရှောင်ဝူလေးသည် စာအုပ်ကိုအမြန်ချကာ ထမင်းနှစ်ပန်းကန် ခတ်လိုက်ပြီး၊ ငါးကို မီးဖိုပေါ်တင်ကာ အပူပြန်ပေးလိုက်သည်။ ငါးနွေးသွားချိန်တွင်မူ စူးရို့ရို့မှာ ထမင်းတစ်ပန်းကန်ကို ပြောင်အောင် စားပြီးနေချေပြီ။ စူးရို့ရို့သည် စားပွဲတစ်ခုလုံးကိုပါ ဝါးမြိုပစ်ချင်နေသည့်အလားပင်။ ပင်ပန်းလွန်းသလို ဗိုက်လည်း အလွန်ဆာနေသည် မဟုတ်လား။

ရှောင်ဝူလေးက ခေါင်းလေးစောင်းကာ ဇဝေဇဝါ ဖြစ်နေဆဲပင်။ “မမရို့ရို့ တကယ်ပဲ ဘာဖြစ်နေတာလဲ?”

“ဘာမှမဖြစ်ပါဘူးဆို၊ ဗိုက်ဆာနေလို့ပါ။ မင်းအိမ်စာ သွားလုပ်တော့။”

“ဟုတ်...” ရှောင်ဝူလေးသည် နှုတ်ခမ်းလေး စူကာ ဆက်မတွေးတော့ပေ။

သူ ဖမ်းလာသည့် ငါး ခြောက်ကောင်ထဲတွင် လင်းယန်မှာ တစ်လုပ်မျှသာ မြည်းလိုက်ရသည်။ ရှောင်ဝူလေး ချန်ထားပေးသည့် အကြီးဆုံး ငါးကိုလည်း စူးရို့ရို့ကပင် အကုန်နီးပါး စားပစ်လိုက်သောကြောင့်ဖြစ်၏။ ဤသည်ကို ကြည့်ပြီး လင်းယန်မှာ စိတ်မဆိုးဘဲ ပျော်ရွှင်နေမိသည်။

စူးရို့ရို့ ထမင်းစားပြီးနောက် သူမကို အခန်းထဲ ပြန်ပို့ကာ အိပ်ခိုင်းလိုက်သည်။ လင်းယန်ကတော့ အလယ်ဝန်းဘက်သို့ သွားကာ ထမင်းသွားကပ်စားရန် ပြင်လိုက်၏။ အဘိုးစူး၏ ဘေးတွင် ဝေယျာဝစ္စ လုပ်ပေးမည့်သူများ ရှိသလို၊ နာမည်ကြီး စားဖိုမှူး တစ်ဦးလည်း ပါဝင်သဖြင့် ဟင်းအရသာမှာ အလွန်ပင် ကောင်းမွန်လှသည်။

အဘိုးစူးသည် လင်းယန်ကို မြင်သောအခါ အနည်းငယ် စိတ်ကောက်နေဆဲပင်။ “ကောင်လေး... မင်းကြောင့် ငါ ဒီနေ့ ငါးတစ်ကောင်မှ မရတာ။”

“ငါးတွေက ရေထဲမှာ ရှိနေတာပဲ အဘိုးရာ၊ မနက်ဖြန် ထပ်မျှားပေါ့။”

“ဟွန့်...” အဘိုးစူးသည် လင်းယန်ကို အဖတ်မလုပ်ဘဲ ထမင်းကိုသာ ငုံ့စားနေတော့သည်။

ထမင်းစားမကုန်မီမှာပင် ဖုန်းဝင်လာ၏။ အဘိုးစူးသည် ‘အင်း.. အင်း..’ ဟု ပြန်ဖြေပြီးနောက် လင်းယန်ကို ကြည့်သည့် အကြည့်များမှာ ပို၍ နူးညံ့လာခဲ့သည်။

“ဒီတစ်ခါတော့ မင်း တကယ့်ကို အောင်မြင်မှုကြီးတစ်ခု ရလိုက်တာပဲ။” “‘ကောင်းကင်မြေခွေး’ အဖွဲ့ကို အကုန် ဖမ်းမိသွားပြီ။” “သူတို့တွေ ရိပ်မိသွားလို့ ငါတို့လည်း အချိန်စောပြီး ဖမ်းလိုက်ရတာ။ မမိသေးတဲ့ နေရာ အနည်းငယ်ကလွဲရင် ကျန်တာ အကုန်မိပြီ။”

အဘိုးစူးက သက်ပြင်းတစ်ချက် ရှိုက်ကာ- “လူပေါင်း ဘယ်လောက်တောင် ရှိလဲ သိလား?” ဟု မေးလိုက်သည်။

“ဘယ်လောက်လဲ အဘိုး?”

“၂၆၈ ယောက်တောင်။” အဘိုးစူးမှာ အလွန် စိတ်လှုပ်ရှားနေ၏။ “အမြစ်ပြတ် ဖမ်းဆီးနိုင်ခဲ့တာပဲ။ မင်း သူတို့ကို ရောင်းလိုက်တဲ့ မျိုးစေ့တွေလည်း အကုန် ပြန်သိမ်းနိုင်ခဲ့တယ်။ စမ်းသပ်ချက် အချက်အလက်တွေလည်း ခဏနေရင် ရောက်လာလိမ့်မယ်။”

လင်းယန်လည်း ထိုသတင်းကြောင့် စိတ်အေးသွားရသည်။ နေ့စဉ်နှင့်အမျှ သူတစ်ပါး ချောင်းမြောင်းခံနေရသည့် ဘဝမှာ အဆုံးသတ်သွားပြီ မဟုတ်လား။ နောင်တွင် ချင်းရှန်းရွာသည် ပို၍ အေးချမ်းလာပေလိမ့်မည်။

စမ်းသပ်ချက် အချက်အလက်များကို ဤနေရာသို့ ပို့ခိုင်းခြင်းမှာ အဘိုးစူးတို့အနေဖြင့် ထိုသူများ မည်မျှအထိ ဖော်ထုတ်နိုင်ခဲ့သည်ကို စစ်ဆေးလိုခြင်းကြောင့် ဖြစ်၏။ ထို့အပြင် တစ်ဖက်လူ၏ နည်းပညာ အဆင့်အတန်းကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။ အနှစ်ချုပ်ရလျှင် ဤတစ်ကြိမ် ရိတ်သိမ်းမှုမှာ သူလျှိုဖမ်းမိရုံတင် မကဘဲ၊ ၎င်းတို့၏ ဇီဝနည်းပညာဆိုင်ရာ အောင်မြင်မှုများကိုပါ ရရှိလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့အထဲတွင် ဂျပန်၌ အဆင့်မြင့် အရာရှိများ ရှိနေသဖြင့် ဂျပန်ဘက်မှ ထိုသူများကို ပြန်လည် ခေါ်ယူရန် ကြိုးစားလာမည်မှာ သေချာသော်လည်း၊ အဓိက ဝှက်ဖဲမှာမူ မိမိတို့ လက်ထဲတွင် ရှိနေလေပြီ။

ကောင်းကင် လုံးဝ မမှောင်မီမှာပင် ရဟတ်ယာဉ် တစ်စီးသည် တောင်အောက်ရှိ တက္ကသိုလ်ခွဲအတွင်းသို့ သုတေသန စာရွက်စာတမ်းများကို ပို့ဆောင်ပေးခဲ့သည်။ ထိုနေရာတွင် ဓာတ်ခွဲခန်းမှာ အပြည့်အဝ ပြီးစီးနေပြီ ဖြစ်သလို ကျောင်းသားများလည်း အခြေချနေကြပြီ ဖြစ်၏။ ဝူယင်းသည် ဆံပင်ကို စည်းနှောင်လိုက်ရင်း-

“ဒီညတော့ မအိပ်ရတော့ဘူး။” ဟု ဆိုသည်။ သူမ၏ မျက်လုံးများမှာ တောက်ပနေ၏။ ဤသည်မှာ ပင်ပန်းဆင်းရဲစရာဟု သူမ မယူဆဘဲ ပြည်ပ နည်းပညာများကို လေ့လာခွင့်ရသည့် အခွင့်အရေးကောင်းဟုသာ သတ်မှတ်ထားခြင်း ဖြစ်သည်။ လောင်ဝမ်ပင်လျှင် အခြေအနေကို ကြီးကြပ်ရန် တောင်အောက်သို့ ဆင်းသွားလေပြီ။

“မင်းရော လိုက်ကြည့်ဦးမလား?” လောင်ဝမ်က မေးလိုက်သည်။

လင်းယန် ခေါင်းယမ်းလိုက်၏။ “ကျွန်တော်က ဓာတ်ခွဲခန်း ပတ်ဝန်းကျင်နဲ့ သိပ်မရင်းနှီးဘူး။”

စိုက်ပျိုးရေး လုပ်ကိုင်သူများတွင် ဓာတ်ခွဲခန်းထဲ အချိန်ကုန်သူနှင့် လယ်ထဲတွင် အချိန်ကုန်သူဟူ၍ နှစ်မျိုး ရှိသည်။ လောင်ယွမ် ကဲ့သို့သော ပုဂ္ဂိုလ်ကြီးမှာ လယ်ထဲတွင်သာ နေလိုသူ ဖြစ်၏။ ပါရဂူလောင်းများကို သင်ကြားပေးရခြင်းကိုပင် သူက စပ်မျိုးစပါး သုတေသန လုပ်ရသည်ထက် ပို၍ ပင်ပန်းသည်ဟု ယူဆသူ ဖြစ်သည်။ သို့သော်လည်း သူသည် ထူးချွန်သော ပညာရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ၎င်းမှာ ‘လက်ဆင့်ကမ်းခြင်း’ ပင် ဖြစ်၏။

ယခုအခါ လင်းယန်၏ နာမည်ကျော်ကြားမှုမှာ လောင်ယွမ်ကိုပင် ကျော်လွန်လုနီးပါး ဖြစ်နေချေပြီ။ သူက ပို၍ ငယ်ရွယ်သလို၊ သူစိုက်ပျိုးသည့် ရလဒ်များမှာလည်း လူသားထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တုန်လှုပ်စရာ ကောင်းလွန်းလှသည်။ ထို့ပြင် သူ၏ ချောမောသော ရုပ်ရည်ကြောင့် သိပ္ပံလောက၏ အိုင်ဒေါ တစ်ဦး ဖြစ်လာနိုင်သည့် အလားအလာ ရှိနေသည်။ သို့သော် လင်းယန် ကိုယ်တိုင် သိသည်မှာ မိမိ၏ အောင်မြင်မှုများမှာ စနစ်ကို အားကိုးထားခြင်း ဖြစ်ပြီး၊ လောင်ယွမ်မှာမူ စစ်မှန်သော စိတ်ဓာတ်ခွန်အား၏ ပြယုဂ် ဖြစ်ကြောင်းပင်။ သူ သွားရမည့် လမ်းမှာ အဝေးကြီး ကျန်ပါသေးသည်။

ဂုဏ်သတင်းများထက်စာလျှင် သူသည် ချင်းရှန်းရွာ၌သာ အေးအေးဆေးဆေးနေထိုင်ရင်း သီးနှံများ ကြီးထွားလာမှုကို ကြည့်ရသည်ကို ပို၍ ကျေနပ်မိသည်။

“မင်းက ငယ်သေးတာပဲ၊ ပညာသစ်တွေကို ပိုပြီး လေ့လာသင့်တယ်လေ။” လောင်ဝမ်က တိုက်တွန်းသည်။

လင်းယန်က ပြုံးလိုက်ကာ- “ဝူယင်းရှိရင် လုံလောက်ပါပြီ။” ဟု ဆိုသည်။

လောင်ဝမ် ရယ်မောလိုက်ရင်း- “လူငယ်တွေပဲလေ...” ဟု ရေရွတ်ကာ ဆက်မပြောတော့ပေ။ သူကိုယ်တိုင်လည်း လူငယ်ဘဝကို ဖြတ်သန်းလာသူ ဖြစ်သဖြင့် ထိုလူငယ်များ၏ စိတ်ကို သူ နားလည်ပါသည်။

လင်းယန်သည် စိတ်လက်ပေါ့ပါးစွာဖြင့် မြင်းလေး ဝူးယာကို တွဲကာ လမ်းလျှောက်ရန် ပြင်လိုက်သည်။ ယနေ့ လှုပ်ရှားမှု များခဲ့သော်လည်း ရွာထဲတွင် လမ်းမလျှောက်ရလျှင် တစ်ခုခု လိုနေသလို သူ ခံစားရသောကြောင့် ဖြစ်၏။ သို့သော် သူ အိမ်ပြင်ထွက်ပြီး မကြာမီမှာပင် တောင်အောက်မှ တက်လာသော ကားတစ်စီးကို မြင်လိုက်ရသည်။

သေသေချာချာ ကြည့်လိုက်သည့်အခါ... ၎င်းမှာ ‘Rolls-Royce’ ကားကြီး ဖြစ်နေ၏။ လင်းယန် အံ့ဩသွားရသည်။ ဘယ်သူပါလိမ့်? ဒီလောက်အထိ ကြွားကြွားဝါဝါနဲ့?

ကားမှာ လင်းယန်၏ ရှေ့တွင် ရပ်တန့်သွားပြီးနောက်၊ စတိုင်လ်ကျကျ ဝတ်ဆင်ထားသော ကတုံးချန် ဆင်းလာသည့်အခါတွင်မူ လင်းယန် လုံးဝ ဆွံ့အသွားရတော့သည်။

“မင်း ချမ်းသာသွားပြီလား? ဒီလို ကားမျိုးတောင် စီးနေပြီလား?”

ကတုံးချန် မျက်နှာမှာ ခါးသီးသွားကာ- “အစ်ကိုလင်းရေ... ကျွန်တော့်ကို ကယ်ပါဦး။”

“မင်းက ဒီကားကြီးတောင် စီးနိုင်နေတာပဲလေ။”

“အစ်ကိုလင်း... ဒီကားက အခုမှ ဝယ်ထားတာပါ။ အစ်ကို့အတွက်... အစ်ကို့အတွက် ဝယ်ပေးတာပါ။”

“ငါက ဒါမျိုးတွေ မစီးတတ်ပါဘူး။”

“စီးရတာ သက်သောင့်သက်သာ ရှိပါတယ် အစ်ကိုလင်းရဲ့၊ တကယ်ပါ။” ကတုံးချန်မှာ အရင်ကထက်ပင် ပို၍ ရိုကျိုးနေရှာသည်။

“ကဲ... ပြောစမ်းပါဦး၊ ဘာဖြစ်လို့လဲ။”

ကတုံးချန် သက်ပြင်းအရှည်ကြီး ချလိုက်ကာ- “အစ်ကိုလင်း... အစ်ကိုက ကျွန်တော်တို့ကို ‘ကောင်းကင်မြေခွေး’ အဖွဲ့နဲ့ ဆက်သွယ်ခိုင်းတယ် မဟုတ်လား။ မထင်မှတ်ဘဲ သူတို့က ကျွန်တော်တို့ကို လုံးဝ ယုံကြည်သွားကြတယ်။ အဖမ်းမခံရခင်လေးမှာတင် သူတို့ရဲ့ ပိုင်ဆိုင်မှု အချို့ကို ကျွန်တော်တို့ နာမည်နဲ့ လွှဲပေးသွားကြတယ်။ အစကတော့ ဘာမှ မဟုတ်ဘူး ထင်တာ၊ အခုမှ အခြေအနေက မဟန်မှန်း သိတော့တယ်။”

လင်းယန် ကြောင်သွားရသည်။ “ဘယ်လောက်တောင် လွှဲပေးလိုက်လို့လဲ?”

ကတုံးချန် သူ၏ ပြောင်နေသော ခေါင်းကို ပွတ်ရင်း- “ပိုက်ဆံ အတော်များများကိုတော့ အစ်ကို့ဆီ ပို့ပေးလိုက်ပါပြီ။ ပိုက်ဆံထက် ပြဿနာက သူတို့ရဲ့ လုပ်ငန်းတွေ။ ကာရာအိုကေတွေ၊ အနှိပ်ခန်းလုပ်ငန်းတွေ စတာတွေ အခု ၁၂ ခုလောက် ရှိတယ်။”

“ဒါ ကောင်းတဲ့ကိစ္စပဲ မဟုတ်လား။”

ကတုံးချန် မျက်နှာမှာ ပို၍ နာကျင်သွားဟန်ဖြင့်- “အစ်ကိုလင်းရယ်... အစ်ကိုသာ ကျွန်တော်တို့ ညီအစ်ကိုတွေကို လယ်ပြန်စိုက်ခွင့် မပေးဘူးဆိုရင်၊ ကျွန်တော်တို့တွေ တကယ့် ‘မာဖီးယား ဂိုဏ်းစတား’ ကြီးတွေ ဖြစ်ကုန်တော့မယ်! အဲ့ဒီကျရင် ရဲဖမ်းတာ ခံရတော့မှာပေါ့!”

လင်းယန်တစ်ယောက် ကျောက်ရုပ်အလား ဖြစ်သွားရသည်။ “မင်း... မင်း ဘာပြောလိုက်တယ်?”

***

စူပါ-ဖမ်း(SFS)

SFS 149

အခန်း ၁၄၉ ။ တောကြက်

ကတုံးချန်၏ ရှင်းပြချက်ကို ကြားပြီးနောက် လင်းယန်မှာမူ လုံးဝ ဆွံ့အသွားရတော့သည်။ ဘယ်သူကများ ထင်ထားမှာလဲ။ ကတုံးချန်သည် ‘ကောင်းကင်မြေခွေး’ အဖွဲ့၏ ရန်ပုံငွေများကို အသုံးချကာ လူအများအပြားကို စည်းရုံးနိုင်ခဲ့ပြီး၊ ယခုအခါ ကျန်းပြည်နယ်အတွင်း၌ ဩဇာရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့လေပြီ။

ထို့အပြင် ‘ကောင်းကင်မြေခွေး’ အဖွဲ့က ပိုင်ဆိုင်မှုအချို့ကို သူ့နာမည်ဖြင့် လွှဲပြောင်းပေးခဲ့သဖြင့်၊ ယခုအခါ ကတုံးချန်၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ သူ့လက်အောက်တွင် လူအင်အား ထောင်ချီ၍ ရှိနေချေပြီ။ ဤသည်မှာ ကတုံးချန်အတွက်တော့ အကြီးအကျယ် ဒုက္ခရောက်ခြင်းပင်။

“လူမိုက်လုပ်တုန်းကတော့ နာမည်ကြီးချင်ခဲ့တာပေါ့။ ကိုယ့်စကား နားထောင်မယ့်သူ ရာဂဏန်းလောက် ရှိရင် ကောင်းမှာပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခု တကယ်လည်း အဲ့ဒီထက် ပိုပြီး ဖြစ်လာရော... ကျွန်တော် တကယ် ကြောက်လာတယ်။ ဒီလူတွေကို ထိန်းချုပ်ဖို့ ကျွန်တော့်မှာ အရည်အချင်း မရှိပါဘူး။ အဲ့ဒီ နေရာမှာ ထိုင်နေရတာ ကျွန်တော့်အတွက်တော့ ထိတ်လန့်စရာပဲ။ အစ်ကိုလင်းနဲ့အတူ လယ်စိုက်ရတာကမှ အေးချမ်းတာပါ။”

လင်းယန် ဘာမှမပြောနိုင်တော့ပေ။ ရည်မှန်းချက် မရှိလိုက်တာ။ သို့သော် ကတုံးချန်သာလျှင် အမှန်တရားကို သိသူ ဖြစ်၏။ သူသည် လင်းယန်ကို အမှီပြု၍သာ သူ၏ အိမ်မက်ဟောင်းကို အကောင်အထည် ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် လင်းယန်နှင့်အတူ လယ်စိုက်ပြီးနောက်တွင်မူ၊ ထိုအိမ်မက်ဟောင်းမှာ မည်မျှအထိ အဓိပ္ပာယ်မရှိကြောင်း သူ သိမြင်သွားခဲ့သည်။ လင်းယန်၏ အနောက်တွင်သာ အမြဲ ရှိနေမည်ဆိုပါက ရရှိမည့် အကျိုးကျေးဇူးများမှာ အဆုံးမရှိနိုင်ပေ။ လူမိုက်လုပ်ခဲ့သူများအဖို့ အကောင်းဆုံး ‘ဆရာကြီး’ တစ်ယောက်ကို ရှာတွေ့ရန်မှာ အရေးကြီးဆုံး မဟုတ်လား။

ကတုံးချန် ပေးအပ်သည့် ကားကို လင်းယန် လက်ခံလိုက်သည်။ ဝန်ခံရလျှင် မြေလမ်းပေါ်တွင် မောင်းသော်လည်း တုန်ခါမှုမရှိလှဘဲ သူ၏ Urus ထက်ပင် အများကြီး သက်သောင့်သက်သာ ရှိလှသည်။ ထို့နောက် လင်းယန်သည် အဘိုးစူးထံ တစ်ခေါက် ထပ်သွားခဲ့သည်။ ကတုံးချန်၏ကိစ္စမှာ ဖုန်းတစ်ချက် ဆက်လိုက်ရုံဖြင့် ပြေလည်သွားခဲ့၏။ ထိုပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်ပြီး၊ ဖမ်းသင့်သူကို ဖမ်း၊ ပညာပေးသင့်သူကို ပညာပေးလိုက်ရုံသာ ရှိသည်။ ကတုံးချန်၏ လက်အောက်ငယ်သားများမှာမူ မိမိတို့၏ ‘ဆရာကြီး’ က မိမိတို့ကို ရဲလက်အပ်လိုက်သည်ကို ထောင်ထဲရောက်မှ သိကြပေလိမ့်မည်။

နောက်ဆုံးတွင် ကတုံးချန်သည် ဖုန်ထူသော အဝတ်အစားများကို ပြန်လည် ဝတ်ဆင်ကာ၊ ပေါက်ပြားကို ထမ်းလျက် လယ်ထဲသို့ ပြန်ဝင်သွားတော့သည်။ “တကယ်ပဲ... စားစရာ သောက်စရာ ရှိပြီး လယ်စိုက်ရတဲ့ ဘဝကမှ အကောင်းဆုံးပဲ။”

ကတုံးချန်သည် သူ၏ ညီအစ်ကိုများနှင့်အတူ ဤဘဝကို အလွန် သဘောကျနေသည်။ သူတို့သည် လင်းယန်ကို အလွန်အမင်း ရိုသေကြောက်ရွံ့ကြ၏။ အင်တာနက်ပေါ်တွင် လူတွေက ‘နန်ရှန်း’ ဟု ချီးကျူးနေကြသည်ကို မြင်ရလျှင် သူတို့လည်း လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်ကြရသည်။ အခြားသူများအတွက် နတ်ဘုရား ဆိုသည်မှာ ဂုဏ်ပြုသည့် အခေါ်အဝေါ်သာ ဖြစ်သော်လည်း၊ သူတို့အတွက်မူ လင်းယန်သည် တကယ့် နတ်ဘုရား အစစ်ပင် ဖြစ်၏။

“အလုပ်ကို သေသေချာချာ လုပ်ကြစမ်း။” ကတုံးချန်က အဝေးက ကျောင်းသူလေးများကို ကြည့်ရင်း သူ့ညီအစ်ကိုများကို ပြောလိုက်သည်။ သူတို့လည်း လူငယ်တွေပဲ ဖြစ်သဖြင့် ထိုကျောင်းသူလေးများအပေါ် စိတ်ကူးယဉ်မိကြသည်မှာ သဘာဝကျလှသည်။

လင်းယန်၏ စိတ်အခြေအနေမှာလည်း အလွန် ကောင်းမွန်နေ၏။ ချင်းရှန်းရွာ ပတ်ဝန်းကျင်ရှိ လုံခြုံရေးများမှာ သိသိသာသာ လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။ လင်းယန်သည် ကတုံးချန်မှတစ်ဆင့် မျိုးစေ့များ ပေးပို့လိုက်ကတည်းက နှောင့်ယှက်မှုများ နည်းပါးသွားခဲ့ခြင်း ဖြစ်၏။

“ဒီတစ်ခါ လုပ်ရပ်ကတော့ လုံးဝ မရှုံးပါဘူး။ ‘ကောင်းကင်မြေခွေး’ အဖွဲ့ဆီက ပိုက်ဆံတွေရလိုက်ရုံတင် မကဘူး။ အဘိုးစူးဘက်က အဲ့ဒီ အဖွဲ့ကို အမြစ်ပြတ် ဖမ်းဆီးနိုင်ခဲ့သလို၊ လောင်ဝမ်ကလည်း ပြည်ပနည်းပညာတွေကို ရလိုက်တာပဲ။ အရေးအကြီးဆုံးက ချင်းရှန်းရွာ ခနလောက်အေးချမ်းသွားတာပဲ။”

လင်းယန်သည် တောင်အောက်မှ မီးအလင်းရောင်များကို ကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားနေမိသည်။ ပုံမှန်အားဖြင့် အပင်များသော နေရာတွင် ခြင်ပေါတတ်သော်လည်း ချင်းရှန်းရွာမှာမူ ထူးခြားလှသည်။ ရွာဦးလူကြီးများ၏ ပြောပြချက်အရ ရွာစတင် တည်ထောင်စက ခြင်ရှိခဲ့သော်လည်း၊ နောက်ပိုင်းတွင် ဘိုးဘေးများက နည်းလမ်းမျိုးစုံဖြင့် နှိမ်နင်းခဲ့သဖြင့် ခြင်မရှိတော့ခြင်း ဖြစ်သည်ဟု သိရသည်။ လင်းယန်လည်း ထိုအကြောင်းရင်းကို သေချာမသိသော်လည်း ခြင်မရှိသည့် နေရာတွင် နေရသည်မှာ တကယ်ကို ဇိမ်ကျလှသည်။

မှောင်လာပြီ ဖြစ်သဖြင့် တောထဲမှ တိရစ္ဆာန်လေးများ အစာရှာထွက်လာကြသည်။ အလွန်အမင်း ဗိုက်မဆာလျှင် သူတို့သည် သီးနှံများကို မဖျက်ဆီးကြပေ။ အကယ်၍ စားမိလျှင်ပင် လင်းယန်က ဂရုမစိုက်ပေ။

“ဒီတိရစ္ဆာန်တွေက သီးနှံတွေကို စားကြပေမဲ့၊ ကျွန်တော့်အတွက်တော့ ဒါက လွှတ်ကျောင်းထားတဲ့ တိရစ္ဆာန်တွေလိုပါပဲ။ ငတ်မွတ်တဲ့ နှစ်တွေ ရောက်လာရင်တော့ သူတို့က ရွာသားတွေအတွက် အစာ ဖြစ်လာမှာပေါ့။”

လင်းယန်သည် ငယ်စဉ်က တောလိုက်ခဲ့ဖူးသဖြင့် ဒါကို ကောင်းကောင်း နားလည်သည်။ ရှောင်ဝူလေး အကြိုက်ဆုံးမှာမူ ‘တောကြက်ဥ’ ပင် ဖြစ်၏။ တောကြက်ဥမှာ သာမန်ကြက်ဥထက် အများကြီး သေးငယ်ပြီး အပြာရောင် သန်းနေတတ်သည်။ တောကြက်များမှာလည်း လှပသော အမွှေးအတောင်များ ရှိပြီး အလွန်လျင်မြန်သဖြင့် ဖမ်းရန် ခက်ခဲလှသည်။

လင်းယန်သည် တောကြက်မတစ်ကောင် ဥဝပ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် လင်းယန်ကို မြင်သော်လည်း မပြေးဘဲ မိမိ၏ ဥများကိုသာ အကာအကွယ် ပေးနေရှာသည်။ ၎င်းမှာ ဖမ်းရန် အကောင်းဆုံး အခွင့်အရေးဖြစ်သော်လည်း လင်းယန်က မဖမ်းပေ။ သူ အနားသို့ တိုးကပ်သွားသည့်အခါမှသာ ကြက်မမှာ မအောင့်နိုင်ဘဲ ထွက်ပြေးသွားတော့သည်။ ဥ ငါးလုံး ရှိနေ၏။ လင်းယန်သည် သုံးလုံးကိုယူကာ နှစ်လုံးကို ချန်ထားခဲ့သည်။

သီးနှံများကို လုံးဝ ပြတ်လပ်အောင် မယူခြင်းမှာ ရှေးလူကြီးများ၏ ဉာဏ်ပညာပင်။ ချင်းရှန်းရွာ၏ သမိုင်းတွင် ငတ်မွတ်ခေါင်းပါးမှု မရှိခဲ့ဖူးပေ။ စစ်ဘေးစစ်ဒဏ်လည်း မရှိ၊ အခွန်လည်း ပေးစရာမလိုဘဲ မိမိတို့၏ လယ်ယာမြေနှင့် တောတောင်များကို အမှီပြု၍ သက်သောင့်သက်သာ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ လင်းယန်သည် အစဉ်အလာအချို့ကို ဖောက်ဖျက်ခဲ့သော်လည်း၊ ရွာ၏ မျိုးဆက်ပြန့်ပွားရေးအတွက်ဆိုလျှင် ရွာသားများကလည်း မကန့်ကွက်ကြပေ။

“နောက်နှစ်ကျရင် လယ်ထဲက ပိုးကောင်တွေကို များများ ကူစားပေးကြပါဦး။” ဟု လင်းယန်က တောကြက်မကို ကြည့်ကာ ဆုတောင်းလိုက်သည်။

ချင်းရှန်းရွာသည် သဘာဝ ဂေဟစနစ် ပြီးပြည့်စုံသော နေရာတစ်ခုပင်။ ရွာသားများ စိုက်ပျိုးသော သီးနှံများနှင့် တောသားတိရစ္ဆာန်များမှာ အပြန်အလှန် အမှီပြုနေကြသည်။ လယ်ထဲတွင် ကြွက် သို့မဟုတ် ပိုးမွှားများ ရှိလာလျှင်လည်း ၎င်းတို့မှာ တောသားတိရစ္ဆာန်များအတွက် အစာ ဖြစ်သွားပြန်သည်။ လင်းယန် ပြန်လာချိန်တွင် တိရစ္ဆာန်များစွာကို တွေ့ရသော်လည်း၊ အသစ်ရောက်လာသူများမှာလည်း ဤနေရာ၏ ဂေဟစနစ်ကို မဖျက်ဆီးကြသဖြင့် သူ ကျေနပ်မိသည်။ တကယ်တမ်းတွင်လည်း ရွာသားများမှလွဲ၍ ကျန်သူများမှာ ထိုတိရစ္ဆာန်များကို ဖမ်းရန်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။

ယခုအခါ ကျောင်းသားများမှာမူ အစားအသောက်ရရှိရန် ဖုန်းကို အသုံးပြုကာ မှာယူနိုင်နေကြပြီဖြစ်၏။ အမှန်ပင်... ချင်းရှန်းရွာတွင် ‘အိမ်အရောက်ပို့ဆောင်ရေး’ စနစ် ရှိနေလေပြီ။ ၎င်းမှာ ကျောင်းသားများကိုယ်တိုင် စီစဉ်ထားခြင်းဖြစ်ပြီး၊ အဓိကအားဖြင့် လယ်ထဲတွင် အလုပ်လုပ်နေသူများအတွက် ထမင်းပို့ပေးရန်ဖြစ်သည်။

လင်းယန်သည်လည်း ထမင်းဆိုင်မှ ဟင်းအချို့ မှာလိုက်ရာ၊ ဟင်းလာပို့သူမှာ ကျောင်းသူလေးတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ လင်းယန်အနေဖြင့် ဤသည်ကို ကျင့်သားရနေလေပြီ။ ထိုကျောင်းသူလေးများသည် လင်းယန်နှင့် တွေ့ဆုံခွင့်ရမည့် မည်သည့် အခွင့်အရေးကိုမျှ လက်လွတ်ခံကြမည် မဟုတ်ပေ။

***

All Chapters