အခန်း (၁၅၀-၁၅၁)
Vol. 10 Ch. 150-151
စူပါ-ဖမ်း(SFS)
SFS 150
အခန်း ၁၅၀ ။ စပျစ်သီးတွေ မှည့်ပြီ
နေထွက်လျှင် အလုပ်ဆင်း၊ နေဝင်လျှင် အနားယူ။ ဤသည်မှာ ချင်းရှန်းရွာရှိ လူတိုင်း ကျင့်သုံးနေကြသည့် အစဉ်အလာပင် ဖြစ်သည်။ ဆူညံလှပသော ညဘက် လူနေမှုဘဝမျိုးမရှိဘဲ သဘာဝတရား၏ နိယာမအတိုင်းသာ နေထိုင်ကြသည်။
ရှောင်ဝူလေးမှာ အိပ်မှုန်စုတ်ဖွားဖြစ်နေသော်လည်း လင်းယန်က နှိုးလိုက်၏။
“တောကြက်ဥဆိုတာ လတ်လတ်ဆတ်ဆတ်ရှိတုန်း စားရတာ။”
တောကြက်ဥက သုံးလုံးတည်းသာ ရှိသည်။ အိမ်ရှိ အမျိုးသမီးအရေအတွက်မှာ ထိုထက် ပိုသော်လည်း၊ အကောင်းဆုံးနည်းလမ်းမှာ မိမိ၏ ညီမလေးကိုသာ ပေးကျွေးရန်ပင်။ သူမသည် ငယ်စဉ်ကတည်းက တောကြက်ဥကို အလွန်ကြိုက်နှစ်သက်ခဲ့သည် မဟုတ်လား။
ရှောင်ဝူလေး၏ပါးစပ်မှ သွားရည်များမှာ မထိန်းနိုင်ဘဲ စီးကျလာတော့သည်။ သူတို့မောင်နှမ နှစ်ဦး အလွန် ငယ်ရွယ်စဉ်ကတည်းက၊ တောကြက်ဥများသည် သူတို့၏ ဆာလောင်နေသော အစာအိမ်များကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့ဖူးသည်။ ထို့ကြောင့် တောကြက်ဥအပေါ်ထားရှိသည့် သံယောဇဉ်မှာ ဖော်ပြရန် ခက်ခဲလှပေသည်။
ရှောင်ဝူလေးသည် ပုံစံပင် မပျက်ဘဲ အငမ်းမရ စားနေတော့သည်။ တောကြက်ဥ၏အရသာမှာ သာမန် ကြက်ဥများထက် အဆပေါင်းများစွာ ပိုမို မွှေးကြိုင်လှ၏။ သာမန်လူတစ်ဦး တစ်လုပ်မျှ မြည်းစမ်းကြည့်ရုံဖြင့် တစ်သက်လုံး မေ့နိုင်မည် မဟုတ်ပေ။ ထို့နောက်တွင် သာမန် ကြက်ဥများကို စားလျှင် ဘာအရသာမှမရှိသကဲ့သို့ ခံစားရပေလိမ့်မည်။ တောကြက်ဥ၏ အရသာမှာ ဝိညာဉ်အဆင့်အထိ လွှမ်းမိုးနိုင်သည်ဟုပင် ဆိုရပေမည်။ စိတ်ရောကိုယ်ပါ အပြည့်အဝ ကျေနပ်မှုကို ပေးစွမ်းနိုင်သည်။
စူးရို့ရို့ကိုလည်း အားရှိအောင် တစ်လုံးချန်ပေးချင်သော်လည်း၊ သူမမှာ အိပ်မောကျနေဆဲဖြစ်သဖြင့် လင်းယန်လည်း မနှိုးတော့ပေ။ ရှောင်ဝူလေးနှင့်အတူ ညစာ အဝစားပြီးနောက် အိပ်ရာဝင်ခဲ့ကြသည်။ လင်းရှောင်ဝူမှာမူ စူးရို့ရို့နှင့်အတူ အိပ်စက်သည့် အကျင့် ရနေပြီ ဖြစ်၏။ အိမ်ဝင်းကြီးမှာ ကျယ်ဝန်းလှသဖြင့် အရင်လို အတူတူ စုပြုံအိပ်ရန် မဖြစ်နိုင်တော့ပေ။
သို့သော်လည်း လင်းယန် အိပ်ပျော်နေစဉ် ညသန်းခေါင်ကျော် အချိန်တွင် တစ်ခုခုထူးခြားနေသည်ကို သူ ခံစားလိုက်ရသည်။ သူ မသိစိတ်ဖြင့် လှမ်းကိုင်ကြည့်လိုက်ရာ-
'အင်း... နူးညံ့နေတာပဲ'
သူ့ခြေထောက် မဟုတ်သည်မှာ သေချာသည်။ သူ့ခြေထောက်က ဒီလောက် မနူးညံ့ပေ။ ထို့နောက်တွင် နူးညံ့သော နှုတ်ခမ်းတစ်စုံမှာ သူ၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။ လင်းယန် အံ့ဩသွားကာ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်၏။
“ဝူယင်း?”
ယခုအခါ သူမသည် အလွန်စိတ်လှုပ်ရှားနေပြီး မျက်လုံးများမှာလည်း အနည်းငယ် နီမြန်းနေ၏။ မနေ့က မွန်းလွဲပိုင်းကတည်းက ယခုအချိန်ထိ သူမ လုံးဝ အိပ်စက်ခဲ့ခြင်းမရှိပုံရသည်။
“သုတေသနရလဒ်တွေ ထွက်လာပြီလား?” လင်းယန် ထထိုင်လိုက်သည်။
အကယ်၍သာ ကိုယ်ခန္ဓာအင်အားတွေ အလွန်အမင်း သုံးစွဲထားခြင်း မရှိခဲ့လျှင်၊ ဝူယင်း သူ၏ ကုတင်ဘေးတွင် လာထိုင်သည်ကို သူ သေချာပေါက် သိမည်ဖြစ်၏။ အရင်က သူ၏သတိရှိမှုမှာ အကောင်းဆုံး မဟုတ်လား။
“သူတို့ ပိုင်ဆိုင်ထားတဲ့ နည်းပညာတွေက တကယ်ကို ထူးခြားတယ်။” ဝူယင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“သူတို့က ခေတ်သစ်စိုက်ပျိုးရေး သုတေသနမှာ ငါတို့ထက် ဆယ်စုနှစ်ပေါင်းများစွာ ရှေ့ရောက်နေတာလေ။ သူတို့ရဲ့ စမ်းသပ်ပုံ စမ်းသပ်နည်းတွေက ငါတို့နဲ့ လုံးဝ မတူဘူး။ မကြာခင်မှာပဲ ငါတို့ သူတို့ရဲ့ နည်းပညာတွေကို အပြည့်အဝ ရရှိတော့မှာပါ။ အထူးသဖြင့် ‘ဇီဝအင်ဂျင်နီယာ’ အပိုင်းမှာ ငါတို့ဘက်က အားနည်းချက်တွေ ရှိနေတာကိုး။”
လင်းယန် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ “ငါ ပို့လိုက်တဲ့ သီးနှံတွေကိုရော... သူတို့ ဖော်ထုတ်နိုင်သွားကြလား?”
ဝူယင်းက ခေါင်းယမ်းလိုက်သည်။ “မရပါဘူး။ သူတို့ အချိန် သိပ်မရလိုက်ဘူးလေ။ ဒါပေမဲ့ ဒီနည်းလမ်းအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ဆယ်နှစ်လောက်ကြာရင် သူတို့ သေချာပေါက် ဖော်ထုတ်နိုင်လိမ့်မယ်။”
လင်းယန် ထိုစကားကြောင့် စိတ်အေးသွားရသည်။ နည်းပညာပိုင်းတွင်မူ ဝူယင်းမှာ ကျွမ်းကျင်သူ ဖြစ်သဖြင့် သူမ၏ခန့်မှန်းချက်မှာ လွဲမည် မဟုတ်ပေ။ ဆယ်နှစ်ကြာမှ ဖော်ထုတ်နိုင်မည် ဆိုပါက လင်းယန် စိုးရိမ်စရာမရှိပေ။ ၎င်းကို ပြန်လည်တည်ဆောက်ရန်မှာလည်း အချိန် မည်မျှ ကြာဦးမည်မှန်း မသိနိုင်ပေ။
သို့သော် ဤသည်မှာပင် ဂျပန်နိုင်ငံ၏ နည်းပညာ မည်မျှအထိ အစွမ်းထက်ကြောင်း သက်သေပြနေခြင်းပင်။ ယခုအချိန်အထိ ပြည်တွင်းမှ သုတေသီများပင်လျှင် လင်းယန် စိုက်ပျိုးထားသော မျိုးစေ့များကို အပြည့်အဝ နားလည်နိုင်ခြင်း မရှိကြသေးပေ။ တစ်ဖက်လူက ဆယ်နှစ်ကြာမှ နားလည်သွားလျှင်ပင် လင်းယန် ဘာမှမဖြစ်ပေ။ သူ၏ မျိုးစေ့ကို အခြေခံ၍ ထွက်ပေါ်လာမည့် မျိုးစိတ်သစ်မှန်သမျှကို စနစ်မှတစ်ဆင့် သူ ထိန်းချုပ်နိုင်စွမ်းရှိသည် မဟုတ်လား။ ၎င်းမှာ ပို၍ ရိုးရှင်းပြီး ထိရောက်လှသည်။
ပြဿနာမှာ... လင်းယန် စဉ်းစားနေစဉ်မှာပင်၊ ဝူယင်းသည် အဝတ်အစားများကို ချွတ်ကာ ကုတင်ပေါ်သို့ တက်လာခြင်းပင် ဖြစ်၏။
“မင်း...”
“အချိန်က တန်ဖိုးရှိတယ်လေ။”
နောက်တစ်စက္ကန့်တွင်မူ လင်းယန်မှာ ကုတင်ပေါ်သို့ ဖိချခြင်း ခံလိုက်ရတော့သည်။ လင်းယန်တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရ၏။
'ဒီခေတ်ကြီးမှာ... မိန်းကလေးတွေက ဒီလောက်အထိ တက်ကြွနေကြတာလား?'
….
နောက်တစ်နေ့ မနက်တွင်မှ လင်းယန် နိုးလာခဲ့သည်။ စိတ်ရောကိုယ်ပါ လန်းဆန်းနေ၏။ အခန်းထဲတွင် ရနံ့အချို့ ကျန်ရှိမနေခဲ့လျှင်မူ၊ မနေ့ညက ဖြစ်ရပ်များကို သူ အိမ်မက်ဟုပင် ထင်မိပေလိမ့်မည်။ သို့သော် ဝူယင်းသည် အလွန် ပင်ပန်းနေပါလျက်နှင့်၊ နာရီဝက်ခန့်သာ အနားယူပြီးနောက် ပင်ပန်းနေသော ကိုယ်ကို ဆွဲကာ ဓာတ်ခွဲခန်းသို့ ပြန်သွားခဲ့သည်မှာ အမှန်တရားပင်။
ထိုသို့သော စိတ်ဓာတ်မျိုးအပေါ် လင်းယန် ဘာပြောရမှန်းပင် မသိတော့ပေ။ ညဘက်တွင် သူမကို ပြန်ပို့ပေးရန်သာ သူ ဆုံးဖြတ်လိုက်သည်။ စမ်းသပ်မှုများအပေါ် ထိခိုက်မည်ကိုမူ သူ လုံးဝ မစိုးရိမ်ပေ။ ဝူယင်းမှာ ဓာတ်ခွဲခန်းရှိ အရာရာကို အလွန်ကျွမ်းကျင်သူ ဖြစ်၏။ ကျောင်းသားများ၏ ပြောပြချက်အရဆိုလျှင် ဝူယင်းသည် အိပ်ပျော်နေရင်း ‘အိပ်မက်ယောင်၍လမ်းလျှောက်’ ရင်းပင် စမ်းသပ်မှုများကို အပြည့်အဝ လုပ်ဆောင်နိုင်သူ ဖြစ်ကြောင်း သိရသည်။ လောင်ဝမ်ကိုယ်တိုင်ပင် ဤအချက်ကို အတည်ပြုဖူးသည်။ ၎င်းမှာ မယုံနိုင်စရာ ကောင်းသော်လည်း အမှန်တရားပင်ဖြစ်၏။ ဝူယင်းသည် ဓာတ်ခွဲခန်းကို သူမ၏ ဘဝတစ်ခုလုံးအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပေလိမ့်မည်။
နောက်ရက်အနည်းငယ်အတွင်း ကျောင်းသားများသည် လယ်ထဲတွင် လင်းယန်ကို မတွေ့ရတော့ပေ။ ဤသည်မှာ လူတိုင်းအတွက် အံ့ဩစရာဖြစ်ခဲ့သည်။ သို့သော် ချင်အဖေတို့ကတော့ သိကြပါသည်။ လင်းယန်သည် သူ၏ အိမ်ဝင်းသစ်အတွင်း၌ အလုပ်ရှုပ်နေခြင်း ဖြစ်၏။ အိမ်ဝင်း ငါးဆင့်အနက် တစ်ခုကိုမူ သူ လုံးဝ ပိတ်ထားခဲ့သည်။
“ကောင်လေး... အဲ့ဒီမှာ ဘာလျှို့ဝှက်ချက်တွေ ရှိလို့ ဝင်ခွင့်တောင် မပေးတာလဲ?” အဘိုးစူးက မကျေမနပ် မေးလိုက်သည်။
သူ့အမြင်တွင်မူ ထိုနေရာ၌ လှပသော ငါးကန်တစ်ခု ရှိသဖြင့် ငါးမျှားရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်၏။ ပူပြင်းသော နွေရာသီတွင် ‘ကျစ်ယွိထင်’ (မိုးရွာသော မဏ္ဍပ်) ထဲတွင် ထိုင်နေရလျှင် အလွန်ကောင်းမည် မဟုတ်လား။ သို့သော် ဤကောင်လေးက တော်တော် တွန့်တိုသည်ဟု သူ ယူဆမိသည်။
တကယ်တမ်းတွင် လင်းယန်မှာ ကိုယ်ပိုင် သီးသန့်နေရာလေး တစ်ခုကိုသာ လိုချင်ခြင်း ဖြစ်၏။ “ဘာမှ မဟုတ်ပါဘူး၊ အဲ့ဒီမှာ မပြီးသေးလို့ပါ။ အဘိုးက အသက်ကြီးပြီဆိုတော့ ဒီနေရာနဲ့ မသင့်တော်ပါဘူး။”
ချင်အဖေက မျက်လုံးလေး တောက်ပသွားကာ- “ကျွန်တော် ကူညီပေးရမလား? ရှင်းလင်းရေးတွေ ဘာတွေပေါ့။”
လင်းယန်က အမြန် လက်ကာပြလိုက်သည်။ အချို့သော အရာများမှာ မိမိဘာသာ လုပ်ဆောင်ခြင်းကသာ အကောင်းဆုံး မဟုတ်လား။ ဥပမာအားဖြင့်...
မှည့်ဝင်းနေသော စပျစ်နွယ်ပင်များပင်။ သူ တားဆီးနေရခြင်းမှာ အခြားသူများ လာရောက် ဆွတ်ခူးသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။
အခြားသူများကို အိမ်ပြင်တွင် ထားခဲ့ကာ လင်းယန်သည် ထိုကမ္ဘာလေးအတွင်းသို့ တစ်ဦးတည်း ဝင်လာခဲ့သည်။ စပျစ်နွယ်ပင်များသည် စင်္ကြံလမ်း၏ တစ်ဖက်တစ်ချက်မှတစ်ဆင့် အခန်းရှေ့အထိ နွယ်တက်နေကြ၏။ နွေရာသီ၏ အပူရှိန်အောက်တွင် ဤမြင်ကွင်းမှာ အလွန်ပင် ရိုမန်တစ်ဆန်လှသည်။
“သာမန် စပျစ်ပင်ဆိုရင် အသီးသီးဖို့ နှစ်နှစ်၊ သုံးနှစ် ကြာတတ်ပေမဲ့...” “စနစ်က ပေးတဲ့ စပျစ်ပင်ကတော့ စိုက်လိုက်ရုံနဲ့ တန်းသီးတာပဲ။”
စင်ပေါ်ရှိ စပျစ်သီးများမှာ အနည်းငယ် ကျဲသော်လည်း၊ တစ်လုံးချင်းစီမှာ ရဲဝင်းနေပြီး မြင်ရသူကို ပျော်ရွှင်စေသည်။ စပျစ်သီးများမှာ အလွန် ကြီးမားလှပြီး မခူးရသေးမီမှာပင် ထူးခြားသော ချိုမြိန်သည့် ရနံ့ကို ရရှိနေသဖြင့် သွားရည်ပင် ကျမိတော့မည့် အတိုင်းပင်။
“ဒီချိုမြိန်တဲ့ အနံ့တင်ကိုပဲ လက်ရှိ အကောင်းဆုံး ‘ရှိုင်းမတ်စကတ်’ စပျစ်သီးတွေထက် အများကြီး သာလွန်နေတာပဲ။”
လင်းယန် တစ်ခိုင် ခူးလိုက်သည်။ ထွက်ပေါ်လာသော ရနံ့ကြောင့်ပင် လင်းယန်မှာ မအောင့်နိုင်တော့ပေ။ ဈေးအကြီးဆုံး ရှိုင်းမတ်စကတ် စပျစ်သီးများကို လင်းယန် မြည်းစမ်းဖူးပါသည်။ ၎င်းမှာ ဂျပန်နိုင်ငံမှ ဖန်တီးထားသော မျိုးစိတ်ဖြစ်၏။ တကယ်တမ်းတွင် နာမည်ကြီး သစ်သီးဝလံ အများစုမှာ ဂျပန်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ လင်းယန် ဝယ်ခိုင်းခဲ့သော စပျစ်သီးများတွင်လည်း ဂျပန်စာလုံးများ ပါဝင်နေခဲ့သည်။ တစ်ပေါင်လျှင် ယွမ် ၃၀၀ (ပို့ဆောင်ခ မပါ) ဈေးနှုန်းမှာ အလွန်မြင့်မားလှသည်။ အရသာမှာလည်း မဆိုးပါချေ၊ အသီးကြီးပြီး စားရတာ အဆင်ပြေလှသည်။
သို့သော် ပြဿနာမှာ... ၎င်းသည် ဂျပန်မျိုးစိတ် ဖြစ်ပြီး ဂျပန်စာများ ရေးထားသော်လည်း... ထုတ်လုပ်သည့် နေရာမှာမူ ပြည်တွင်း (တရုတ်ပြည်) ဖြစ်နေခြင်းပင်။ တကယ်တမ်းတွင် ‘ရှိုင်းမတ်စကတ်’ မျိုးစိတ်ကို ပြည်တွင်း၌ အမြောက်အမြား စိုက်ပျိုးကြသည်။ ဂျပန်နိုင်ငံ အိုကာယာမမှ ထွက်သော စပျစ်သီးကိုသာ စစ်မှန်သော ‘ရှိုင်းမတ်စကတ်’ ဟု ခေါ်ဆိုနိုင်ခြင်းဖြစ်၏။
ဂျပန်သစ်သီး အတော်များများကို မြည်းစမ်းပြီးနောက် လင်းယန် သဘောပေါက်လိုက်သည်မှာ၊ သူတို့၏ သစ်သီးများမှာ ထင်သလောက်ကြီး မစွမ်းထက်ပေ။ မြေရှားပါးသဖြင့် မြေကွက်တိုင်းကို အကျိုးရှိရှိ သုံးစွဲရခြင်း၊ အစားအသောက်တိုင်းကို တန်ဖိုးထားရခြင်းတို့ကြောင့်သာ ဈေးနှုန်းများမှာ မြင့်မားနေရခြင်း ဖြစ်၏။ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာလည်း မနည်းပေ။
အရသာပိုင်းတွင်မူ အနောက်ဘက်ဒေသ (ယူကီးယား) မှ စပျစ်သီးများကိုပင် မီချင်မှ မီပေလိမ့်မည်။ သူ စိုက်ပျိုးထားသော စပျစ်သီးများနှင့် ယှဉ်လျှင်မူ... ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
***
စူပါ-ဖမ်း(SFS)
SFS 151
အခန်း ၁၅၁ ။ စနစ်၏အမြင်က ကျဉ်းမြောင်းလွန်းသည်
ကျောင်းသားများ ပါဝင်လာခြင်းကြောင့် လင်းယန်၏ စိုက်ပျိုးရေးဘဝမှာ ပို၍ပင် အနားရလာခဲ့သည်။ အမှန်တကယ် ထွန်ယက်စိုက်ပျိုးရန် လိုအပ်သည့် မြေကွက်မှာ အနည်းငယ်သာ ရှိသဖြင့် သူ အဓိက အာရုံစိုက်နေသည်မှာ စနစ်မှပေးသော မျိုးစေ့အသစ်များအပေါ်တွင်သာ ဖြစ်သည်။
"အခုထိ စိုက်ပျိုးပြီးသမျှ မျိုးစေ့တွေက မတူညီတဲ့ အာနိသင်တွေ ရှိကြတယ်။ ဒါဆို ဒီစပျစ်သီးကကော ဘာထူးခြားချက်ရှိမလဲ"
လင်းယန်က အတော်လေး မျှော်လင့်နေမိသည်။ 'စူပါစိုက်ပျိုးရေးစနစ်' သည် သူ့ကို တစ်ခါမျှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးပေ။ သို့သော်လည်း လက်ရှိအချိန်အထိ သူစိုက်ပျိုးခဲ့သော ဖရဲသီးမှာ အစားအသောက် ပျက်ခြင်းကို ကုသနိုင်သည့် အာနိသင်ရှိသည်မှလွဲ၍ အခြားအကျိုးသက်ရောက်မှုများမှာ ထင်ရှားခြင်း မရှိသေးပေ။
ယခု ဤစပျစ်သီးမှာမူ တစ်ခုလုံး နှင်းဆီနီရောင် သန်းနေသည်။ နေရောင်အောက်တွင် ထားရှိပါက စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်နေပြီး အလွန်လှပလှသည်။ အဈေးအကြီးဆုံး 'ရှိုင်းမတ်စကတ်' စပျစ်သီးပင် ဤကဲ့သို့ အမြင်မျိုး မပေးနိုင်ပေ။
"စပျစ်သီးဆိုတာ နေရောင်ခြည် အများကြီး လိုအပ်တဲ့ အမျိုးအစားပဲ။ ဒါကြောင့်လည်း အနောက်ဘက်ဒေသက ထွက်တဲ့ စပျစ်သီးတွေက ပိုအရသာရှိတာ။ ကမ္ဘာနဲ့ ယှဉ်ကြည့်ရင်တောင် အနောက်ဘက်ဒေသရဲ့ ထူးခြားတဲ့ ပထဝီဝင်အနေအထား၊ နေ့နဲ့ည အပူချိန် ကွာခြားချက်ကြီးမားတာတွေက စပျစ်သီးနဲ့ အခြားသီးနှံတွေအတွက် အသင့်တော်ဆုံးပဲ။ အဲဒီလို ပတ်ဝန်းကျင်က အပင်ထဲက အာဟာရဓာတ်တွေကို ပိုပြီး ထိန်းသိမ်းပေးနိုင်တယ်"
လင်းယန်မှာ အပင်များနှင့် ပတ်သက်၍ အတော်လေး နားလည်သူဖြစ်သည်။ သူ၏ အဆင့်အတန်းမှာ ထိပ်တန်းပညာရှင်များထဲမှ တစ်ဦးဖြစ်သည်မှာ သေချာသည်။
"ဂျပန်က စပျစ်မျိုးသစ်တွေ ခေတ်စားနေတာက အချက်အချို့ကြောင့်ပဲ။ ပထမက အသွင်အပြင် လှပတာ။ ရုပ်ထွက်လှတဲ့ စပျစ်သီးကို လူတွေက ဈေးကြီးမယ်လို့ ထင်ကြသလို မြင်ရတာလည်း စိတ်ချမ်းသာဖို့ ကောင်းတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ဂျပန်က ဘယ်စပျစ်သီးမဆို ဒီမျိုးစေ့အသစ်ကို မမီနိုင်ဘူး။ နေရောင်အောက်မှာဆိုရင် ပတ္တမြားကျောက်မျက်ရတနာလိုပဲ ကြည်လင်တောက်ပနေပြီး အနုပညာပစ္စည်းတစ်ခုနဲ့ ပိုတူနေတယ်"
လင်းယန်မှာ ဤမျိုးစေ့အသစ်၏ ရုပ်ထွက်ကို အလွန်ပင် ကျေနပ်နေမိသည်။ ဤအပင်မှာ ယခုအချိန်အထိ သူစိုက်ပျိုးခဲ့သမျှတွင် အလှပဆုံးပင် ဖြစ်နိုင်သည်။
"ဒုတိယအချက်က ဂျပန်ရဲ့ စပျစ်မျိုးသစ်တွေက အနောက်ဘက်ဒေသက စပျစ်သီးတွေထက် ပိုအထားခံတာပဲ။ အနောက်ဘက်ဒေသက စပျစ်သီးတွေက လတ်ဆတ်ခြင်း ရှိမရှိဆိုတာ ကြည့်ရုံနဲ့ သိနိုင်တယ်။ ဒါပေမဲ့ ဂျပန်စပျစ်သီးတွေကတော့ ရက်ပေါင်း နှစ်ဆယ်လောက် ထားရင်တောင် သိသိသာသာ ပြောင်းလဲသွားတာမျိုး မရှိဘူး။ ဒါက သယ်ယူပို့ဆောင်ရေးအတွက် ပိုအဆင်ပြေစေတယ်"
လင်းယန်က ဤအကြောင်းကို ပို၍ပင် သိရှိသေးသည်။ ဂျပန်နိုင်ငံမှ တင်သွင်းလာသော စပျစ်သီးများကို သူစားဖူးသည်။ သယ်ယူပို့ဆောင်ရေး ရက်အနည်းငယ် ကြာသော်လည်း ပုပ်သိုးသွားခြင်း မရှိပေ။ တာရှည်ခံဆေးများ ခတ်ထားလျှင်ပင် ဤကဲ့သို့ အကျိုးသက်ရောက်မှုမျိုး ရရန် ခဲယဉ်းသည်။ သို့သော် စမ်းသပ်ကြည့်သည့်အခါတွင်လည်း ဘေးဥပါဒ်ဖြစ်စေသော ဓာတ်ပစ္စည်းများ မတွေ့ရပေ။ စိုက်ပျိုးရေးသုတေသန ပညာရှင်များမှာ အမှန်တကယ်ပင် တော်ကြသည်ဟု ဆိုရမည်။
"တတိယအချက်ကတော့ အရသာပဲ။ ဂျပန်က ထုတ်လုပ်ထားတဲ့ မျိုးစိတ်တွေက အရသာ ထိန်းသိမ်းမှုအပိုင်းမှာ တကယ့်ကို ထူးခြားတဲ့ အားသာချက်ရှိတယ်။ ဒါပေမဲ့ ဒါက ရောင်းဈေးနဲ့လည်း ဆိုင်တာပေါ့။ အနောက်ဘက်ဒေသက စပျစ်သီးက တစ်ကျင်း (တစ်ပေါင်) ကို ငွေအနည်းငယ်ပဲ ပေးရပေမဲ့ ဂျပန်စပျစ်သီးကတော့ ရာနဲ့ချီ ပေးရတယ်။ အကယ်၍ အနောက်ဘက်ဒေသက စပျစ်သီးကိုသာ ဒီဈေးနဲ့ ရောင်းနိုင်မယ်ဆိုရင် အသီးတိုင်းက ထိပ်တန်းအရည်အသွေး ဖြစ်နေမှာ သေချာတယ်"
လင်းယန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"တကယ်တော့ ဘယ်နေရာက စပျစ်သီးက ပိုကောင်းလဲဆိုတာ အချိန်က သက်သေပြပြီးသားပါ။ အကယ်၍ ဂျပန်စပျစ်သီးက တကယ်ပဲ ကောင်းတယ်၊ ဒါမှမဟုတ် စပျစ်သီးစိုက်ဖို့ ကောင်းတဲ့မြေက အဲဒီမှာပဲ ရှိတယ်ဆိုရင် ရှေးဘိုးဘေးတွေက အဲဒီဒေသကို အစောကြီးကတည်းက သိမ်းပိုက်ထားပြီးလောက်ပြီ"
လင်းယန်မှာ ဂျပန်စပျစ်သီးများနှင့် ပတ်သက်၍ အထင်ကြီးခြင်း မရှိပေ။ ကြော်ငြာအားကောင်းခြင်းက အမှန်တကယ် အရည်အသွေးထက် ပိုနေသည်ဟု သူယူဆသည်။ အမှန်စင်စစ် ဂျပန်သစ်သီးများ နာမည်ကျော်ကြားရခြင်းမှာ ထိုသုတေသနပညာရှင်များသည် မြေဆီလွှာ ညံ့ဖျင်းသော်လည်း အရသာ၊ သယ်ယူပို့ဆောင်နိုင်မှုနှင့် ရုပ်ထွက်ကောင်းမွန်သော မျိုးစိတ်များကို ဖန်တီးနိုင်ခြင်းကြောင့်သာ ဖြစ်သည်။
"ဒါပေမဲ့ ဒီလို ပြည်ပက တင်သွင်းတဲ့ စပျစ်သီးတွေက လူငယ်တွေရဲ့ အကြိုက်နဲ့ ပိုကိုက်ညီနေတာကိုတော့ ဝန်ခံရမယ်။ လူငယ်တွေက ဈေးကြီးရင် ကောင်းတယ်လို့ပဲ ထင်နေကြတာ ဖြစ်နိုင်တယ်"
လင်းယန်က ခေါင်းယမ်းလိုက်သည်။ သူက ထိုကဲ့သို့ စိတ်ဓာတ်မျိုးကို နားမလည်နိုင်ပေ။ အချို့အရာများမှာ ဈေးကြီးသလောက် ကောင်းသော်လည်း အချို့မှာမူ အလကား ဖြုန်းတီးခြင်းသာ ဖြစ်သည်။
"ဘာတွေ အများကြီး စဉ်းစားနေတာလဲ"
လင်းယန်က အသီးခွံကို သုတ်ပြီး ပါးစပ်ထဲ ထည့်လိုက်ရာ မျက်လုံးများ ဝင်းလက်သွားသည်။
"ဒီအရသာက... တကယ့်ကို အံ့မခန်းပဲ! ချိုမြိန်မှုက အတော်ပဲ၊ သစ်သီးရနံ့ကလည်း သင်းပျံ့နေတာပဲ။ စားလို့ ကောင်းလွန်းလို့ ကိုယ့်လျှာကိုယ်တောင် ပြန်ကိုက်မိမတတ်ပဲ!"
လင်းယန်မှာ သွားရည်များ ကျလာပြီး မအောင့်နိုင်တော့ဘဲ တစ်ခိုင်လုံး ခူးယူလိုက်သည်။ ဆေးကြောရန်ပင် မစဉ်းစားတော့ပေ... ကောင်းမွန်သော စပျစ်သီးမှာ ဆေးကြောရန်ပင် မလိုဟု သူယူဆသည်။ သုံးခိုင်ခန့် စားပြီးနောက် အမှည့်များ အကုန်နီးပါး ကုန်သွားမှသာ သူ စိတ်အေးသွားတော့သည်။
"ဒါကိုသာ ဈေးကွက်ထဲ ရောင်းမယ်ဆိုရင် တကယ့်ကို လုယူကြမှာ သေချာတယ်"
လင်းယန် ထိုသို့ တွေးနေစဉ်မှာပင် စနစ်၏အသံ ထွက်ပေါ်လာသည်။
[ဟို့စ်အနေဖြင့် စပျစ်သီးအမှတ် (၁) ကို မျိုးဖြန့်ရမည်၊ အနည်းဆုံး မူတစ်သောင်း စိုက်ပျိုးရမည်။]
လင်းယန် ခဏမျှ ကြောင်သွားပြီးနောက် မျက်လုံးများ နီမြန်းလာသည်။ နောက်ဆုံးတော့ တာဝန်သစ် ရောက်လာပြီ!
ယခုတစ်ခေါက် တာဝန်မှာ စပျစ်သီး မျိုးဖြန့်ရန်လား။ မူတစ်သောင်း စိုက်ပျိုးရန်မှာ သူ့အတွက် ပြဿနာ မဟုတ်ပေ။ စိုက်ပျိုးရေးတက္ကသိုလ်၏ စမ်းသပ်ကွင်းများဖြင့်ပင် သူ လုပ်ဆောင်နိုင်သည်။ သို့သော် ပြဿနာမှာ...
"စပျစ်သီးအမှတ် (၁) ဆိုတဲ့ နာမည်က ပေးရတာ လွယ်လွန်းမနေဘူးလား"
လင်းယန်မှာ စိတ်ပျက်မိသော်လည်း စနစ်အတွက်မူ ဤသည်မှာ စပျစ်သီးတစ်မျိုးသာ ဖြစ်ပေသည်။ ထူးခြားသည်မှာ စနစ်က ဤစပျစ်သီး၏ အချက်အလက်များကို ဖော်ပြပေးလိုက်ခြင်း ဖြစ်သည်။
"ဒါက အဆင့် (၂) စနစ်ရဲ့ အားသာချက်လား"
သူ၏ ပိုင်ဆိုင်မှုမှာ သန်းတစ်သောင်း ကျော်သွားပြီးနောက် စနစ်မှာ အဆင့် (၂) သို့ ရောက်ရှိကာ အားသာချက်များစွာ ပေးလာသည်။ အကယ်၍ ဘီလီယံတစ်သောင်း၊ ဘီလီယံတစ်သိန်းအထိ ရောက်သွားပါက စနစ်က မည်သို့ ပြောင်းလဲဦးမည်နည်း။ အင်္ဂါဂြိုဟ်ပေါ်တွင် စိုက်ပျိုးနိုင်မည်လော။
လင်းယန်က စနစ်စာမျက်နှာကို ဖွင့်ကာ စပျစ်သီးအကြောင်း ဖတ်ကြည့်လိုက်သည်။ အရေးကြီးသော အချက်များကို သူ ဤသို့ အနှစ်ချုပ်လိုက်သည်။
"ဒီစပျစ်သီးက စိုက်ပြီး ဒုတိယနှစ်မှာတင် အသီးသီးနိုင်တယ်။ မြေဆီလွှာ ရွေးချယ်မှုလည်းမရှိဘဲ တစ်နိုင်ငံလုံးမှာ စိုက်ပျိုးနိုင်တယ်။ အစေ့လည်းမပါဘူး၊ အသားက ခပ်မာမာနဲ့ သယ်ယူရတာ လွယ်ကူတဲ့ အမျိုးအစား ဖြစ်ပေမဲ့ အထွက်နှုန်းကတော့ ပုံမှန်စပျစ်သီးတွေအတိုင်းပဲ။ ပြီးတော့ သာမန်အပူချိန်မှာတင် ရက်ပေါင်း ၃၀ လောက် မပုပ်မသိုးဘဲ ထားလို့ရတယ်"
လင်းယန်မှာ အလွန် အံ့အားသင့်သွားသည်။
"အကယ်၍ ဒီမျိုးစိတ်ကိုသာ လူအများ စိုက်ပျိုးနိုင်အောင် လုပ်ပေးလိုက်ရင် ဂျပန်က မျိုးစိတ်တွေ ကြီးစိုးထားတဲ့ ဈေးကွက်ကို ဒီစပျစ်သီးက လုံးဝ သိမ်းပိုက်လိုက်မှာပဲ"
သူ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"မူတစ်သောင်းပဲ မျိုးဖြန့်ဖို့ဆိုတော့ စနစ်ရဲ့ အမြင်က... တကယ့်ကို ကျဉ်းမြောင်းလွန်းတာပဲ"
***