← Chapters

အခန်း (၁၅၂-၁၅၃)

Vol. 10 Ch. 152-153

အခန်း (၁၅၂-၁၅၃)

Vol. 10 Ch. 152-153

စူပါ-ဖမ်း(SFS)

SFS 152

အခန်း ၁၅၂ ။ ထိုက်တန်သော ဆုံးဖြတ်ချက်

စနစ်၏ တာဝန်မှာ မူတစ်သောင်း မျိုးဖြန့်ရန်သာ ဖြစ်သော်လည်း လင်းယန်အတွက်မူ ဤသည်မှာ အလွန်လွယ်ကူလွန်းလှသည်။ အမြင်ကျဉ်းလွန်းသည်! ချင်းရှန်းရွာတွင် မြေဧက တစ်ထောင်ပင် မပြည့်သော်လည်း ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ် ပိုင်ဆိုင်သော မြေကွက်များမှာ ထိုပမာဏထက် များစွာ သာလွန်သည်။

လောင်ဝမ်၏ အဆိုအရ အချို့သော စမ်းသပ်ကွင်းများမှာ မြို့လယ်ခေါင်တွင် ရှိပြီး တန်ဖိုးဖြတ်၍ပင် မရနိုင်ပေ။ ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်မှာ အမှန်တကယ်ပင် ငွေကြေး မရှားပါးကြောင်း သူ သဘောပေါက်လိုက်သည်။

"ပြည်တွင်းမှာ မျိုးစေ့ထုတ်လုပ်တဲ့ စီမံကိန်းတွေက ရန်ပုံငွေ အဲဒီလောက် မများလှဘူး။ လောင်ယွမ်က စပါးမျိုးစပ်နည်းပညာကို ကမ္ဘာ့အဆင့်အထိ မြှင့်တင်ပေးခဲ့လို့သာ လူတွေ အငတ်ဘေးက လွတ်ခဲ့တာ။ ဒါပေမဲ့ အဆင့်မြင့် မျိုးစေ့ သုတေသနတွေမှာတော့ ကွာဟချက်တွေ အများကြီး ရှိနေသေးတယ်"

လင်းယန်က စပျစ်သီးတစ်ခိုင် ခူးယူကာ လောင်ဝမ်နှင့် အဘိုးစူးတို့ ရှိရာသို့ သွားခဲ့သည်။

"မျိုးစိတ်သစ်ပါ၊ မြည်းကြည့်ကြပါဦး"

လောင်ဝမ်က မျက်မှန်တပ်ကာ စစ်ဆေးလိုက်သည်။ ယခင်ကဆိုလျှင် သူသည် ရှေ့တန်းမှနေ၍ အလုပ်လုပ်နေဦးမည် ဖြစ်သော်လည်း လင်းယန် ပေါ်လာပြီးနောက် သူသည် အမှန်တကယ် အိုမင်းသွားပြီဖြစ်ကြောင်း ခံစားမိကာ အနားယူရန်သာ စဉ်းစားတော့သည်။ အနာဂတ်အတွက် မျိုးဆက်သစ် ခေါင်းဆောင်ကောင်း ရရှိသွားပြီဟု သူ ယုံကြည်သည်။

"ဒီမျိုးစိတ်က တော်တော် ထူးခြားတာပဲ၊ အသီးက ကြီးပြီး စားရတာလည်း လွယ်မယ်"

လောင်ဝမ်က ပါးစပ်ထဲ ထည့်လိုက်သည်နှင့် မျက်လုံးများ ဝင်းလက်သွားကာ "မျိုးကောင်းပဲ!" ဟု ရေရွတ်လိုက်သည်။ အဘိုးစူးကလည်း တစ်လုံးမြည်းကြည့်ကာ "မင်းတို့ စိုက်ပျိုးရေး သုတေသနက တကယ်ကို လွယ်တာပဲ။ အရသာရှိရင် မျိုးကောင်းလို့ ခေါ်ကြတာလား။ ဒါပေမဲ့ ဒီကောင်လေး စိုက်တဲ့အရာမှန်သမျှက အရသာရှိနေတာပဲ မဟုတ်လား" ဟု ဆိုသော်လည်း စပျစ်သီးခိုင်မှာ လျင်မြန်စွာ ကုန်ဆုံးသွားတော့သည်။

လောင်ဝမ်က နောက်ဆုံး နှစ်လုံးကို တင်းတင်းဆုပ်ကိုင်ထားရင်း "မတူဘူး၊ ဒါက လုံးဝ မျိုးစိတ်သစ်ပဲ။ ရုပ်ထွက်ကော အရသာကော ထိပ်တန်းပဲ။ အသားကလည်း ကျစ်လစ်နေတော့ ခရီးဝေး သယ်ယူဖို့နဲ့ အကြာကြီး သိမ်းထားဖို့အတွက် အဆင်ပြေတယ်။ မင်း... ပြည်ပက သစ်သီးတွေကို ဈေးကွက်မှာ ယှဉ်ပြိုင်ဖို့ စဉ်းစားနေတာလား"

လင်းယန်က ပြုံးလိုက်သည်။ အစက သူ ထိုသို့ မစဉ်းစားမိသော်လည်း လောင်ဝမ် ပြောလိုက်မှပင် "အဲဒီလို လုပ်လို့လည်း ရတာပဲ။ အကယ်၍ ဒီမျိုးစိတ်သစ်က စိုက်ပျိုးရတာ လွယ်ကူမယ်ဆိုရင် ဂျပန်စပျစ်သီးတွေကို ဈေးကွက်ကနေ မောင်းထုတ်ဖို့က ဘာမှ မခဲယဉ်းပါဘူး" ဟု ပြန်ပြောလိုက်သည်။

လောင်ဝမ်၏ လက်များမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။ "စပျစ်နွယ်ပင်က ဘယ်မှာလဲ"

လင်းယန်က အိမ်ဝင်းအသစ်ဘက်ကို ညွှန်ပြလိုက်ရာ လောင်ဝမ်မှာ မအောင့်နိုင်တော့ဘဲ ထိုဘက်သို့ ပြေးသွားတော့သည်။ လောင်ဝမ်၏ အသက်အရွယ်အရ သူ စိုးရိမ်မိသော်လည်း လောင်ဝမ် ရှိနေခြင်းကြောင့် သူ၏ ဖိအားများစွာ လျော့ကျသွားရသည်။ ကျောင်းမှ တာဝန်ပေးသမျှ စီမံကိန်းများကို လောင်ဝမ်က ကြားထဲမှ ပယ်ဖျက်ပေးထားသဖြင့် သူ စိတ်အေးလက်အေး စိုက်ပျိုးနိုင်ခြင်း ဖြစ်သည်။

အကယ်၍ လောင်ဝမ် မဟုတ်ဘဲ အခြားသော သုတေသနပညာရှင်များသာ ဖြစ်ပါက လင်းယန်၏ အောင်မြင်မှုကို သူတို့၏ အောင်မြင်မှုအဖြစ် လုယူကြပေလိမည်။ ထိုကဲ့သို့ မတရားမှုများကို ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်တွင် လောင်ဝမ်ကြောင့် မတွေ့ကြုံရခြင်း ဖြစ်သည်။

လောင်ဝမ်မှာ စပျစ်နွယ်ပင်ကို မြင်လိုက်ရသည့်အခါ "ကောင်းတယ်၊ တကယ့်ကို ကောင်းတယ်!" ဟု ရေရွတ်နေမိသည်။

"ဒီမြေဆီလွှာက စပျစ်သီးစိုက်ဖို့ သိပ်မသင့်တော်ဘူး။ ကောင်လေးလင်းကလည်း ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေး သုံးလေ့မရှိဘူး။ ဒါပေမဲ့ ဒီစပျစ်ပင်က ကောင်းကောင်းကြီး ရှင်သန်နေပြီး ပိုးမွှားဒဏ်လည်း ခံနိုင်ရည်ရှိတယ်။ ဒါက ဒီမျိုးစိတ်ဟာ ဘယ်နေရာမှာမဆို စိုက်ပျိုးနိုင်တယ်ဆိုတာ သက်သေပြနေတာပဲ"

လင်းယန်က ခေါင်းငြိမ့်လိုက်သည်။ လောင်ဝမ်မှာ ကြည့်ရုံနှင့်ပင် ဤမျှ သိမြင်နိုင်သည်မှာ အမှန်တကယ်ပင် တော်လှပေသည်။

"ကောင်လေးလင်း၊ မင်း ဒီစပျစ်သီးကို မျိုးဖြန့်ရမယ်"

"လောင်ဝမ်... ဧက ဘယ်လောက်လောက်ဆိုရင် သင့်တော်မလဲ"

"အစပိုင်းမှာတော့ ကိုင်းကူးစိုက်ပျိုးနည်းနဲ့ လုပ်ရမှာပဲ။ မင်းရဲ့ စပျစ်နွယ်ပင်တွေကို သုတေသနအတွက် ပေးနိုင်မလား"

"ကျွန်တော့်အတွက် နှစ်ပင်လောက် ချန်ထားပေးရင် ရပါပြီ"

လင်းယန် စိုက်ပျိုးထားသည်မှာ မနည်းလှပေ။ ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်၏ စွမ်းဆောင်ရည်ဖြင့်ဆိုလျှင် မျိုးပင်အမြောက်အမြားကို လျင်မြန်စွာ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စနစ်၏ တာဝန်ကိုလည်း မြန်မြန် ပြီးမြောက်စေမည် ဖြစ်သည်။ သို့သော်လည်း အချိန်အားဖြင့်မူ အနည်းဆုံး တစ်နှစ်ခန့် ကြာပေလိမည်။

"အမြန်ဆုံး မူတစ်သောင်းလောက်အထိ မျိုးဖြန့်နိုင်ရင် ကောင်းမယ်"

လောင်ဝမ်က ရယ်မောလိုက်သည်။ "တခြားသူသာဆိုရင် အနှစ်နှစ်ဆယ်လောက် ကြာမယ့်အလုပ်၊ ဒါပေမဲ့ မင်းကတော့ မတူဘူး။ မင်းကြောင့် ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်က ရန်ပုံငွေတွေ အများကြီး ရထားတာ။ မူတစ်သောင်းဆိုတာ မခက်ပါဘူး"

လောင်ဝမ်က ဖုန်းဆက်လိုက်ပြီး နှစ်မိနစ်ပင် မပြည့်မီမှာပင် အဖြေပြန်ရလာသည်။

"ကျောင်းက မေးခိုင်းလိုက်တယ်၊ မူတစ်သောင်းဆိုရင် လောက်ငပါ့မလားတဲ့"

ကျောင်း၏ သဘောထားကြီးမှုကို လင်းယန် အံ့သြသွားသည်။ အမှန်စင်စစ် သူသည် ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်၏ အမှတ်အသားတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ သူ့ထံတွင် သုတေသန ရလဒ်များ အမြဲထွက်ပေါ်နေသဖြင့် ကျောင်းက သူ့ကို အပြည့်အဝ ယုံကြည်ခြင်း ဖြစ်သည်။

သူ့အနေဖြင့် ငွေကြေးကို ဂရုမစိုက်သော်လည်း မြေနေရာကိုမူ ကျောင်းမှတစ်ဆင့်သာ ရရှိနိုင်သည်။ ထိုစဉ်မှာပင် သူသည် စနစ်ကို ဖွင့်ကြည့်လိုက်ရာ သူ ပိုင်ဆိုင်ခွင့်ရှိသော မြေပမာဏမှာ ဧက တစ်ထောင်မှ သုံးထောင်အထိ တိုးသွားကြောင်း တွေ့လိုက်ရသည်။

လင်းယန်က လောင်ဝမ်ကို အမြန်လှမ်းခေါ်လိုက်သည်။

"လောင်ဝမ်၊ ကျွန်တော် နောက်ထပ် ဧက နှစ်ထောင်လောက် စမ်းသပ်ကွင်းအဖြစ် ထပ်ယူလို့ ရမလား"

***

စူပါ-ဖမ်း(SFS)

SFS 153

အခန်း ၁၅၃ ။ ယုတ်မာလှသော ပြည်ပအရင်းရှင်များ

ဧက သုံးထောင်။

ကျောင်းသားများသာ အလုပ်လုပ်ကြရမည်ဖြစ်ပြီး လင်းယန်အနေဖြင့် ဘာမှလုပ်ရန် မလိုသော်လည်း ဝင်ငွေမှာ သုံးဆ တိုးလာပေလိမ့်မည်။ အကယ်၍ အဆင်ပြေသွားပါက မကြာမီ အချိန်အတွင်း လင်းယန်၏ ပိုင်ဆိုင်မှုမှာ ကျင်ယွမ်ဟန်ကို ကျော်တက်သွားမည်မှာ အသေအချာပင်။

သို့သော် သူ၏ ရည်မှန်းချက်မှာ ဤမျှသာ မဟုတ်ပေ။

"မြေနေရာ ပိုရမှ၊ ကိုယ့်လက်ထဲမှာ ပိုင်ဆိုင်မှုတွေ ပိုရှိလာမှသာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ဘာမဆို လုပ်နိုင်မှာ"

အချို့အချိန်များတွင် ငွေကြေးမှာ အသုံးမဝင်သော်လည်း မရှိ၍လည်း မဖြစ်ပေ။ ထို့ပြင် စနစ် အဆင့်တက်သွားပါက မည်သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို သူ ပို၍ သိချင်နေမိသည်။

လောင်ဝမ်၏အဖြေကလည်း လင်းယန်ကို အံ့သြသွားစေသည်။

"ဧက နှစ်ထောင်ဆိုရင် လောက်ပါ့မလား၊ မင်း ထပ်ယူလို့ ရသေးတယ်နော်"

"လောက်ပါပြီ၊ လောက်ပါပြီ"

လင်းယန်က မရှိသော ချွေးကို သုတ်ရင်း ပြန်ပြောလိုက်သည်။ ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်၏ အထောက်အပံ့များမှာ သူ့အပေါ်တွင် အလွန်အမင်း တိမ်းညွှတ်နေသဖြင့် သူပင် အားနာလာမိသည်။

မကြာမီမှာပင် ဝူယင်းက စမ်းသပ်ကွင်း စာချုပ်များကို ယူဆောင်လာခဲ့သည်။

"ဒါတွေက စိုက်ပျိုးရေးခရိုင်ထဲက စမ်းသပ်ကွင်းတွေပါ၊ အခုတင် ခွင့်ပြုချက်ကျလာတဲ့ ဧက နှစ်ထောင်ပါ"

လင်းယန်မှာ တွန့်ဆုတ်မနေဘဲ တိုက်ရိုက် လက်မှတ်ထိုးလိုက်သည်။ အနီးအနားတွင် ရှိနေခြင်းက ပို၍ အဆင်ပြေစေသည်။

"ဒီထဲက အချို့မှာ စပျစ်သီးအသစ်ကို စိုက်မယ်၊ ကျန်တဲ့ နေရာတွေမှာ မုန်ညင်းစေ့ စိုက်မယ်။ ဒါမှ မျိုးစေ့ ရွေးချယ်ရတာ အဆင်ပြေမှာ။ ကင်ဆာကာကွယ်တဲ့ မုန်လာဥနီ မျိုးပွားခြင်းကိုလည်း ချင်းရှန်းရွာကနေ ဒီဘက်ကို ရွှေ့ထုတ်လိုက်မယ်"

လင်းယန်က ဆုံးဖြတ်ချက် ချလိုက်သည်။ ချင်းရှန်းရွာ၏ မြေဆီလွှာမှာ အကန့်အသတ် ရှိသည်။ မုန်ညင်းစေ့နှင့် မုန်လာဥနီ ကဲ့သို့သော အရာများအတွက်မှာမူ မျိုးစေ့ကိုသာ ထိန်းချုပ်ထားနိုင်လျှင် ရပြီဖြစ်သည်။ စိုက်ပျိုးရေးတက္ကသိုလ်က မျိုးစေ့များကို တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးပြီး လင်းယန်အနေဖြင့် မူပိုင်ခွင့်ကြေးကို ပုံမှန် လက်ခံရရှိနေမည် ဖြစ်သည်။ ဤသည်မှာ သွယ်ဝိုက်သော နည်းဖြင့် ရရှိသော ခံစားခွင့် တစ်မျိုးပင်။

တစ်ဆက်တည်းမှာပင် ချင်းရှန်းရွာရှိ မြေနေရာအချို့မှာလည်း အားလပ်သွားမည် ဖြစ်သည်။ စာချုပ် လက်မှတ်ထိုးပြီးချိန်တွင် လင်းယန်မှာ ဤမြေဧက နှစ်ထောင်၏ တာဝန်ခံ ဖြစ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် စနစ်ကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။

"ပိုင်ဆိုင်တဲ့ မြေကွက်က ဧက သုံးထောင် ဖြစ်သွားပြီ"

သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ နေ့စဉ် ဝင်ငွေမှာ သုံးဆ တိုးလာတော့မည် မဟုတ်ပါလား။ ဤသည်မှာ သူ့အတွက် သတင်းကောင်းပင် ဖြစ်သည်။

ဝူယင်းက သတိပေးလိုက်သည်။ "မုန်လာဥနီနဲ့ မုန်ညင်းစေ့ မျိုးစေ့စိုက်ကွင်းတွေကို လူသူဝေးတဲ့ နေရာမှာ ထားတာ ပိုကောင်းမယ်လို့ ကျွန်မ အကြံပေးချင်တယ်။ ဂျပန်က အဖွဲ့အစည်းက ပျက်စီးသွားပြီ ဆိုပေမဲ့ သူတို့က ကုမ္ပဏီကြီးတွေရဲ့ ကိုယ်စားလှယ်တွေပဲဆိုတာ အားလုံး သိကြတာပဲ။ ကျွန်မတို့ရဲ့ တကယ့်ပြိုင်ဘက်က အနောက်နိုင်ငံတွေနဲ့ အမေရိကန်မှာရှိတာ"

လင်းယန်က ခေါင်းငြိမ့်လိုက်သည်။ "ဒီကိစ္စကို မင်း ဖြေရှင်းနိုင်မလား"

"အကောင်းဆုံး နည်းလမ်းကတော့ ရိုးရိုး မုန်ညင်းစေ့တွေကိုပါ ရောစိုက်ပြီး မျက်စိလှည့်ထားဖို့ပဲ"

"ကောင်းပြီ၊ အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့"

လင်းယန်ကတော့ ဂရုမစိုက်ပေ။ စနစ်မှပေးသော မုန်ညင်းစေ့ ဖြစ်စေ၊ သာမန် မုန်ညင်းစေ့ ဖြစ်စေ စိုက်ပျိုးထားသရွေ့ သူ ငွေရနေမည်သာ ဖြစ်သည်။

ပြည်ပမှ အရင်းရှင်ကြီးများမှာမူ အမှန်တကယ်ပင် စက်ဆုပ်ဖွယ် ကောင်းလှသည်။ သူတို့သည် ငွေကြေးကို အသုံးပြု၍ နေရာတကာသို့ ထိုးဖောက်ဝင်ရောက်နေကြသည်။ အမှန်စင်စစ် မည်သူက နောက်ကွယ်မှ ကြိုးကိုင်နေသနည်းဆိုသည်ကို လင်းယန် အနည်းငယ် ရိပ်မိသည်။ သို့သော် အဘိုးစူးပင်လျှင် မည်သည့် သက်သေအထောက်အထားမျှ ရှာမတွေ့ခဲ့ပေ။ ရှုချင်းက သူမ၏ အဆက်အသွယ်များစွာကို အသုံးပြုခဲ့သော်လည်း ငွေကြေး စီးဆင်းမှု လမ်းကြောင်းကို ခြေရာမခံနိုင်ခဲ့ပေ။

"အဲဒီ မျိုးစေ့ကုမ္ပဏီတွေက ဘာတွေ လှုပ်ရှားနေလဲ"

လင်းယန် နောက်ဆုံးတွင် မေးလိုက်သည်။ အဘိုးစူးနှင့် လောင်ဝမ်တို့က သူ့ကို ချင်းရှန်းရွာတွင် စိတ်အေးချမ်းသာစွာ နေစေချင်သဖြင့် ထိုအကြောင်းများကို မပြောပြကြသော်လည်း သူသည် ကိုယ်ပိုင်နည်းလမ်းဖြင့် အခြေအနေကို သိရှိနေသည်။

အဘိုးစူးမှာ ခဏမျှ ကြောင်သွားပြီးနောက် သက်ပြင်းချလိုက်သည်။

"ငါတို့ နိုင်ငံတကာမှာ အဘက်ဘက်က နှောင့်ယှက်ခံနေရတယ်။ ရင်ဆိုင်နေရပေမဲ့ ဘာသတင်းအချက်အလက်မှ စုံစမ်းလို့ မရဘူး"

လောင်ဝမ်က မျက်မှောင်ကြုတ်လိုက်သည်။ "အဲဒီ အရင်းရှင်ကြီးတွေက ငါတို့ ရှေ့မှောက်မှာ ဘာမှ မဟုတ်ပါဘူး။ မင်း စိတ်အေးအေးထားပြီး စိုက်ပျိုးရေးပဲလုပ်ပါ။ ကျန်တဲ့ကိစ္စတွေကိုတော့ ငါတို့လို အဖိုးကြီးတွေက မင်းအတွက် တာဝန်ယူပေးပါ့မယ်"

လင်းယန်က ပြုံးလိုက်သည်။ အဘိုးစူးနှင့် လောင်ဝမ်တို့၏ စေတနာကို သူ ခံစားမိသည်။ သူတို့သည် လင်းယန်အတွက် အမှန်တကယ် စိတ်ရင်းဖြင့် ကောင်းစေချင်ကြပြီး သူ့ကို ကောင်းကောင်း ကာကွယ်ပေးထားကြသည်။ ထိုအရင်းရှင်ကြီးများနှင့် လင်းယန်မှာ တစ်ခါမျှ ထိပ်တိုက် မတွေ့ဖူးသေးပေ။ သို့မဟုတ်လျှင်... အဘိုးစူးသည် မည်သည့် မရိုးသားသူကိုမျှ လင်းယန်နှင့် လုံးဝ ပတ်သက်ခွင့် ပေးမည် မဟုတ်ပေ။

"အဲဒီ အရင်းရှင်တွေအကြောင်း ပြောပြပါဦး"

လင်းယန်က ပို၍ သိချင်နေသည်။ လောင်ဝမ်က ဝူယင်းကို လှမ်းကြည့်လိုက်သည်။

"သူမက အဲဒီ အရင်းရှင်တွေရဲ့ မျိုးရိုးဗီဇ နည်းပညာတွေအကြောင်းကို အမြဲ လေ့လာနေတာဆိုတော့ အသိဆုံး ဖြစ်လိမ့်မယ်"

ဝူယင်း၏ အကြည့်များမှာ တည်ငြိမ်နေပြီး ထိုညက ကိစ္စများမှာ တစ်ခါမျှ မဖြစ်ပျက်ခဲ့ဖူးသကဲ့သို့ပင်။

"ရှင်းရှင်းလင်းလင်း ပြောရရင် ကျွန်မတို့ရဲ့ ရန်သူက ပြည်ပက မျိုးစေ့ထုတ်လုပ်တဲ့ ကုမ္ပဏီတွေပဲ။ သူတို့ကို အပိုင်း နှစ်ပိုင်း ခွဲလို့ရတယ်။ တစ်ပိုင်းက အနောက်နိုင်ငံတွေမှာ ရှိပြီး အင်အား နည်းနည်း နည်းတယ်။ နောက်တစ်ပိုင်းကတော့ အမေရိကန်မှာ ရှိတာ"

ဤသို့ ပြောလိုက်ချိန်တွင် ဝူယင်း၏ မျက်နှာတွင် လှုပ်ခတ်မှု အချို့ ရှိလာပြီး အသက်ရှူသံပင် မမှန်တော့ပေ။ လောင်ဝမ်က လက်ကို တင်းတင်းဆုပ်ထားရင်း ကြားဖြတ် ပြောလိုက်သည်။

"အဲဒီ မျိုးစေ့ကုမ္ပဏီတွေ လုပ်နေတဲ့ အလုပ်တွေက တိရစ္ဆာန်တွေထက်တောင် ယုတ်မာသေးတယ်"

လင်းယန်မှာ ခဏမျှ အံ့အားသင့်သွားသည်။ ဝူယင်းက သက်ပြင်းချလိုက်သည်။

"ကျွန်မတို့မှာ နှစ်ပေါင်း ငါးထောင်ကျော်တဲ့ စိုက်ပျိုးရေး ယဉ်ကျေးမှု အစဉ်အလာ ရှိခဲ့ပေမဲ့ မျိုးစေ့ထုတ်လုပ်မှု အပိုင်းမှာတော့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်ထဲမှာ ကျွန်မတို့ နာမည် မရှိဘူး။ ပြည်တွင်းက တောင်သူ အများစုက ကိုယ်တိုင် ချန်ထားတဲ့ မျိုးစေ့တွေကိုပဲ သုံးနေကြတာဆိုတော့ အရည်အသွေးကို အာမမခံနိုင်ဘူး"

ဝူယင်း ပြောပြသော ဆိုးရွားလှသည့် အခြေအနေကြောင့် လင်းယန်မှာ တုန်လှုပ်သွားရသည်။

ဘာဖြစ်လို့လဲ။ နှစ်ပေါင်း ငါးထောင်ရဲ့ စိုက်ပျိုးရေး လူ့ယဉ်ကျေးမှု! ဒီလောက် ကျယ်ပြန့်တဲ့ မြေနေရာကြီးမှာ ဘာလို့ အဆင့် သတ်မှတ်ချက်ထဲမှာတောင် မပါရတာလဲ။

"လောင်ယွမ်ကော"

ဝူယင်းက နှုတ်ခမ်းကို ဖိလိုက်သည်။ "လောင်ယွမ် ဦးဆောင်တဲ့ အဖွဲ့က ထိပ်တန်း ဆယ်ခုထဲကို မနည်း တိုးဝင်နိုင်ခဲ့ပေမဲ့ ဒါက ဘာမှ အဓိပ္ပာယ် မရှိဘူး။ ကမ္ဘာ့ထိပ်တန်း အခု ၂၀ ထဲက မျိုးစေ့ကုမ္ပဏီတွေရဲ့ သုတေသန ရန်ပုံငွေ အားလုံး ပေါင်းတာတောင် နံပါတ် ၁ ဖြစ်တဲ့ 'မွန်ဆန်တို' တစ်ခုတည်းကို မမီဘူး။ အခုဆိုရင် လောင်ယွမ်လည်း ကွယ်လွန်သွားပြီ၊ နိုင်ငံတော်ရဲ့ ဂုဏ်ဆောင် ပညာရှင်ကြီး မရှိတော့တဲ့နောက် ကျွန်မတို့ရဲ့ စိုက်ပျိုးရေး နည်းပညာမှာ ဦးဆောင်မယ့်သူ မရှိတော့ဘူး။ အခြေအနေက ပိုပြီး စိုးရိမ်စရာ ကောင်းလာပြီ"

ဤသို့ ပြောရင်း ဝူယင်း၏ မျက်ဝန်းများ နီမြန်းလာသည်။ လောင်ဝမ်မှာလည်း ပို၍ပင် အိုမင်းသွားသကဲ့သို့ ခံစားရသည်။ လင်းယန်မှာလည်း စိတ်မကောင်း ဖြစ်မိသည်။ သူသည် ထိုပညာရှင်ကြီးကို အမြဲတမ်း ကြည်ညိုလေးစားခဲ့ပြီး တစ်နေ့နေ့တွင် တွေ့ဆုံခွင့်ရရန် မျှော်လင့်ခဲ့သော်လည်း နောက်ဆုံးတွင် နောက်ကျသွားခဲ့လေပြီ။

ကံကောင်းသည်မှာ ဝူယင်းက စိတ်ကို ချက်ချင်း ပြန်ထိန်းလိုက်နိုင်သည်။ ဤသတင်းကို ကြားစကပင် သူမ ငိုကြွေးခဲ့ပြီးသား ဖြစ်သည်။ ထိုကဲ့သို့သော ဆိုးရွားလှသည့် အခြေအနေကြောင့်ပင် ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်က အရင်းအမြစ် အားလုံးကို လင်းယန်ထံသို့ ပုံအောပေးခဲ့ခြင်းဖြစ်သည်။ သူ့ကို မျိုးဆက်သစ် ခေါင်းဆောင် တစ်ဦး ဖြစ်လာစေပြီး စိုက်ပျိုးရေး သုတေသန ပညာရှင်များအတွက် လမ်းပြမီးရှူးတန်ဆောင် တစ်ခု ဖြစ်စေချင်ကြသည်။

ယခု သူသည် အလွန်ပင် ငယ်ရွယ်နေသေးသော်လည်း လောင်ဝမ်ကဲ့သို့သော သက်ကြီးရွယ်အိုများစွာက သူ့အတွက် ဖိအားများကို တာဝန်ယူပေးပြီး သူ ကြီးပြင်းလာရန်အတွက် အချိန်လုံလောက်အောင် ပေးဆပ်လိုကြသည်။ ဤသည်မှာလည်း ထိုလူကြီးများ၏ မျှော်လင့်ချက်ပင် ဖြစ်သည်။

ဝူယင်းက အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး အခြေအနေကို ဆက်လက် ရှင်းပြသည်။

"ဒီစိုက်ပျိုးရေး ယှဉ်ပြိုင်ပွဲမှာ ကျွန်မတို့ နိုင်ငံတကာနဲ့ စတင် ပတ်သက်ခဲ့စဉ်က တိုက်ပွဲ နှစ်ပွဲ တိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ အတွေ့အကြုံ မရှိတော့ အားလုံး ရှုံးနိမ့်ခဲ့ရတယ်။ နောက်ဆုံးမှာတော့ အရေးပါလှတဲ့ စားနပ်ရိက္ခာ ယှဉ်ပြိုင်မှုမှာ လုံးဝ လက်လွှတ်လိုက်ရတယ်"

ဝူယင်းမှာ ပြောရင်းနှင့် အလွန်ပင် နာကျည်းနေမိသည်။ လောင်ဝမ်မှာမူ အလွန်ပင် စိတ်ဓာတ်ကျနေဟန် ရှိသည်။ ထိုစဉ်က သူသည်လည်း ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်သည်။ သို့သော်... သူတို့က ထိုသူများကို စိတ်ကောင်းရှိသူများဟု ထင်မှတ်ခဲ့သဖြင့် နောက်ဆုံးတွင် မျိုးစေ့ထုတ်လုပ်မှုပိုင်း၌ ပြောရေးဆိုခွင့် အာဏာကို လုံးဝ ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ပြည်တွင်းရှိ စိုက်ပျိုးကွင်းများစွာမှာ သင့်တော်သော မျိုးစေ့များကို ဝယ်ယူရန်အတွက် ပြည်ပမှ ဝယ်ယူနေကြရသည်။

ထိုအထဲတွင် အမြတ်အစွန်း အများဆုံး ရရှိနေသည်မှာ 'မွန်ဆန်တို' ပင် ဖြစ်သည်။ ဝူယင်းက ဆက်လက် ရှင်းပြသည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်က ရှားပါးတဲ့ ကပ်ပါးပိုးတစ်မျိုး အမေရိကန်မှာ ပျံ့နှံ့ခဲ့တယ်။ အဲဒီအတွက်ကြောင့် အမေရိကန် တစ်နိုင်ငံလုံးက ပဲပုပ်ပင်တွေ ပျက်စီးမယ့် ဘေးနဲ့ ကြုံခဲ့ရတယ်။ အဲဒီမှာ သူတို့ရဲ့ ဖြေရှင်းချက်က ဘာလဲဆိုတော့ ကျွန်မတို့ နိုင်ငံ အရှေ့မြောက်ပိုင်းက စုန့်ဟွားမြစ်ကမ်းနားက တောပဲပုပ်ပင်တွေဆီကနေ ရောဂါဒဏ်ခံနိုင်တဲ့ မျိုးရိုးဗီဇကို ရှာတွေ့ခဲ့တာပဲ"

"ဒါတင်မကသေးဘူး၊ အဲဒီ ပဲပုပ်ပင်တွေက ထွက်တဲ့ ဆီပမာဏက သူတို့ စိုက်ပျိုးနေတာထက် ၁၆ ရာခိုင်နှုန်း ပိုများနေတယ်။ သူတို့က အဲဒီ မျိုးရိုးဗီဇကို သူတို့ရဲ့ ပဲပုပ်ပင်တွေထဲ ထည့်သွင်းလိုက်တယ်၊ ဒါက အခုခေတ်စားနေတဲ့ 'မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ပဲပုပ်' ဆိုတာပဲ။ အဲဒီနောက်မှာ သူတို့က ဒီပဲပုပ် မျိုးစေ့တွေကို ကျွန်မတို့ဆီ အခမဲ့ လာပေးခဲ့တယ်"

လောင်ဝမ်၏လက်များမှာ ကုလားထိုင် လက်တန်းကို တင်းတင်းဆုပ်ထားသည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်က ငါတို့တွေ တကယ့်ကို အူကြောင်ကြောင် နိုင်ခဲ့ကြတာ။ ဒါက ကောင်းတဲ့အရာလို့ ထင်ပြီး သဘောတူခဲ့ကြတယ်။ ဒါပေမဲ့ ဒါက ထောင်ချောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ"

လောင်ဝမ်၏အကြည့်များမှာ မှောင်မှောင်မှိုင်းမှိုင်း ဖြစ်နေပြီး ထိုအတိတ်ကာလကို ပြန်လည် မြင်ယောင်နေဟန် ရှိသည်။ ထိုအကြောင်းများကို သူ ပြန်မတွေးချင်တော့ပေ။

***

All Chapters