← Chapters

အခန်း (၁၅၄-၁၅၅)

Vol. 10 Ch. 154-155

အခန်း (၁၅၄-၁၅၅)

Vol. 10 Ch. 154-155

စူပါ-ဖမ်း(SFS)

SFS 154

အခန်း ၁၅၄ ။ ထိတ်လန့်ဖွယ် ကောင်းလှသော မျိုးစေ့ကုမ္ပဏီ

"အရှေ့မြောက်ပိုင်းမှာ ရတနာတွေ အများကြီး ရှိခဲ့တာ"

"အဲဒီတုန်းက တောပဲပုပ်တွေက ရောဂါဒဏ်ကို အရမ်းခံနိုင်ရည်ရှိတယ်။ ပိုးသတ်ဆေး မလိုဘူး၊ ပေါင်းသတ်ဆေး မလိုဘူး၊ စိုက်ပျိုးစရိတ်ကလည်း အရမ်း နည်းတယ်။ သူတို့က အဲဒီ ပဲပုပ်ရဲ့ မျိုးရိုးဗီဇကို ကူးယူပြီး ကမ္ဘာပေါ်မှာ အထွက်နှုန်း အကောင်းဆုံး ပဲပုပ်မျိုးစိတ်ကို ပိုင်ဆိုင်သွားကြတယ်။ အဲဒီနောက်မှာ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ပဲပုပ်မျိုးစေ့တွေကို ငါတို့ဆီ အခမဲ့ ပေးခဲ့တယ်"

"အဲဒီနောက်မှာ သူတို့က ဒါကို အကြောင်းပြပြီး မူပိုင်ခွင့် တစ်ရာကျော် လျှောက်ထားလိုက်တယ်။ တောင်သူတွေ တစ်နှစ်လောက် စိုက်ပြီးတဲ့နောက် မွန်ဆန်တိုက နိုင်ငံတကာကို တိုင်ကြားလိုက်တယ်၊ ကျွန်မတို့က သူတို့ရဲ့ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ပဲပုပ်တွေကို ခိုးယူ သုံးစွဲနေပါတယ်ဆိုပြီးတော့လေ"

လောင်ဝမ် ဤသို့ ပြောလိုက်ချိန်တွင် အမြဲတမ်း သဘောကောင်းလှသော သူ့မျက်နှာမှာ ဒေါသကြောင့် ကြောက်စရာ ကောင်းလာသည်။ အဘိုးစူးက လောင်ဝမ်ကို အမြန်ပင် ဖျောင်းဖျလိုက်ရသည်။

ဝူယင်းကလည်း အမြန်ပင် ဆက်ပြောလိုက်သည်။

"ကျန်တာကို ကျွန်မပဲ ပြောပါရစေ"

"နိုင်ငံတကာနဲ့ စတင် ဆက်သွယ်ကာစ ဖြစ်နေလို့ ကျွန်မတို့က သည်းခံပြီး စည်းကမ်းတွေကို လိုက်နာခဲ့ရတယ်။ အဲဒီ တောပဲပုပ်ပင်တွေကလည်း မွန်ဆန်တိုရဲ့ထုတ်ကုန်တွေ လုံးဝ ဖြစ်သွားတော့တာပဲ။ ကျွန်မတို့က ပြန်သုံးချင်ရင် မျိုးစေ့တွေကို ဈေးကြီးပေးပြီး ပြန်ဝယ်ရတယ်။ ဒါက အစပဲ ရှိသေးတာ"

"အဲဒီတုန်းက ပြည်တွင်းက ဆီစက်တွေက နည်းပညာ မြင့်မားလာလို့ ပဲပုပ် လိုအပ်ချက် အများကြီး ရှိနေခဲ့တယ်။ မတတ်သာတော့ အမေရိကန်ကနေ အဲဒီ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ပဲပုပ်တွေကို ဝယ်ယူခဲ့ရတယ်။ ဒါပေမဲ့ သူတို့က ပဲပုပ်ဈေးကွက်ကို ကြိုးကိုင်ပြီး ကျွန်မတို့ဆီကို နှစ်ဆတိုးပြီး ရောင်းချခဲ့တာ ဘယ်သူ သိမှာလဲ"

"အဲဒီ လှုပ်ရှားမှု တစ်ခုတည်းနဲ့တင် ငါတို့မှာ ယွမ် ၁၅ ဘီလီယံကျော်လောက် နစ်နာခဲ့ရတယ်။ အဲဒီခေတ်က အဲဒီလောက် ငွေပမာဏဆိုတာ နက္ခတ္တဗေဒ ကိန်းဂဏန်းပဲ။ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ဆီစက်တွေ အကုန်လုံး ဒေဝါလီခံခဲ့ရပြီး နောက်ဆုံးမှာတော့ အမေရိကန် အရင်းရှင်တွေက ဈေးပေါပေါနဲ့ အကုန် ဝယ်ယူသွားကြတယ်။ အဲဒီတိုက်ပွဲမှာ ငါတို့ တကယ့်ကို အရှုံးကြီး ရှုံးခဲ့ရတာ"

လောင်ဝမ်က နောက်ဆုံးတွင် အနှစ်ချုပ် ပြောလိုက်သည်။ ဤမျှ ဆိုးရွားလှမည်ဟု လင်းယန် မထင်ထားခဲ့ပေ။ အဘိုးစူးက သက်ပြင်းချလိုက်သည်။

"လောင်ဝမ်လည်း အများကြီး မတွေးပါနဲ့တော့။ အဲဒီတုန်းက အမြတ်ထုတ်ခံခဲ့ရတာ ဒီစားနပ်ရိက္ခာတိုက်ပွဲ တစ်ခုတည်း မဟုတ်ပါဘူး။ နေ့စဉ်သုံး ပစ္စည်းတွေ၊ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေ အစရှိတဲ့ ကဏ္ဍ အသီးသီးမှာလည်း ကျွန်မတို့ ရှုံးနိမ့်ခဲ့ပြီး အမေရိကန် အရင်းရှင်တွေရဲ့ အမြတ်ထုတ်ခြင်းကို ခံခဲ့ရတာပဲ။ အဲဒီလို ခါးသီးတဲ့ သင်ခန်းစာတွေ ရခဲ့လို့လည်း အခုလို ကြွယ်ဝ ချမ်းသာလာတာပေါ့"

လင်းယန်က အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ ထိုစဉ်က မည်မျှ ဆိုးရွားခဲ့သည်ကို သူ ခံစားမိသည်။ စားနပ်ရိက္ခာ တိုက်ပွဲမှာမူ ထိုအရာများထဲမှ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သော်လည်း 'မွန်ဆန်တို' ကုမ္ပဏီနှင့် ထိုပြည်ပ အရင်းရှင်များ မည်မျှ ယုတ်မာသည်ကို မြင်သာစေသည်။

ဝူယင်း ပြောပြသော ပဲပုပ်တိုက်ပွဲမှာ တောင်သူများကို ကြက်သွန်မြိတ်ကဲ့သို့ အမြစ်ကနေ ဆွဲနုတ်ယူခြင်းပင် ဖြစ်သည်။ လင်းယန်မှာ ဤကိစ္စများနှင့် ပတ်သက်၍ အနည်းငယ် နားလည်ထားသည်။

"ပဲပုပ်က အဓိက စားနပ်ရိက္ခာ မဟုတ်သေးလို့ တော်သေးတာပေါ့။ အဲဒီနောက်ပိုင်း အဓိက စားနပ်ရိက္ခာ တိုက်ပွဲမှာတော့ ကျွန်တော်တို့က သင်ခန်းစာ ယူထားပြီးသားဆိုတော့ နိုင်ငံတော် အရန်ရိက္ခာတွေကို အသုံးချပြီး အဲဒီ ပြည်ပ အရင်းရှင်တွေကို ပြန်တိုက်နိုင်ခဲ့တာပဲ"

လင်းယန် ဤသို့ ပြောလိုက်မှပင် လောင်ဝမ်၏မျက်နှာ အနည်းငယ် ကြည်လင်လာသည်။

"သူတို့က ငါတို့ကို အနိုင်ကျင့်လို့ ကောင်းတယ်လို့ ထင်နေကြတာ။ ငါတို့ရဲ့ အဓိက ရိက္ခာတွေကို ဖျက်ဆီးပြီး ငါတို့ကို ငတ်အောင် လုပ်ချင်တာကတော့ တကယ့်ကို ရန်သူပဲ။ ကံကောင်းတာက ဘယ်သူမှ ငါတို့ရဲ့ ရိက္ခာ သိုလှောင်မှုကို ခန့်မှန်းလို့ မရခဲ့ကြဘူး"

ပြောင်းဖူးနှင့် ဂျုံ တိုက်ပွဲမှာမူ နိုင်ငံတော်၏ အခြေခံ အင်အားကို အသုံးပြု၍ သွေးမြေကျ တိုက်ခဲ့ရခြင်းပင် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံလုံး၏ စားနပ်ရိက္ခာကို ပုံအောထားသည့် တိုက်ပွဲတွင် ထိုအရင်းရှင်များ မည်သို့ ယှဉ်နိုင်မည်နည်း။ ထို့ပြင် လောင်ယွမ်က မျိုးစပ်စပါးများကို တီထွင်နိုင်ခဲ့သဖြင့် လူအများ၏ အဓိက ရိက္ခာမှာ ဆန်စပါး ဖြစ်လာခဲ့ရာ ဒုတိယအကြိမ် အမြတ်ထုတ်ခြင်းကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။

လောင်ဝမ်၏ မျက်လုံးများ ဝင်းလက်သွားသည်။

"လင်းယန်၊ မင်းမှာ စွမ်းရည်ရှိတယ်ဆိုရင် အဲဒီ 'မွန်ဆန်တို' ဆိုတဲ့ ကုမ္ပဏီကို လုံးဝ ချေမှုန်းပစ်ရမယ်။ အဲဒီကျရင် ငါတို့ သေသွားခဲ့ရင်တောင် အေးအေးချမ်းချမ်း အနားယူနိုင်ပါပြီ"

လင်းယန်မှာ အလွန်ပင် ခံစားသွားရသည်။ သူသည် စနစ်အကြောင်းကို တွေးမိသွားသည်။ စနစ်က ရရှိသော ငွေကြေးများမှာ အမှန်စင်စစ် နိုင်ငံတကာ စားနပ်ရိက္ခာ ဈေးကွက်၏ အမြတ်အစွန်းများပင် ဖြစ်သည်။ အရင်းရှင်များက ဈေးနှုန်းကို ကြိုးကိုင်ထားသော်လည်း စနစ်က ရရှိသော ငွေများမှာ ထိုအရောင်းအဝယ်များမှ ရရှိသော အကျိုးအမြတ်များသာ ဖြစ်သည်။ သို့သော်...

"ရရှိတဲ့ ၁၀ ဘီလီယံကျော်ဆိုတာ အဲဒီ ဈေးကွက်ကြီးနဲ့ ယှဉ်ရင် သေးငယ်လွန်းပါသေးတယ်"

လင်းယန်မှာ တစ်ရက်လျှင် ဘီလီယံ တစ်ထောင် ရရှိရန်ပင် ဆန္ဒရှိနေမိသည်။ စနစ်ကို အသုံးပြု၍ ပြည်ပ အရင်းရှင်များ၏ ငွေကြေးများကို လုံးဝ စုပ်ယူပစ်ချင်နေမိသည်။ သို့သော် မြေဧက သုံးထောင်မှာ အကန့်အသတ် ဖြစ်နေသဖြင့် ပိုမို လျင်မြန်စွာ ရရှိရန်အတွက်မှာမူ စနစ် အဆင့်တက်ရန်ကိုသာ စောင့်ရပေမည်။

"ဒီအရှိန်နဲ့ဆိုရင် သိပ်မကြာတော့ပါဘူး"

အဘိုးစူးက ဆက်လက် ပြောလိုက်သည်။ "အဲဒီ မွန်ဆန်တိုအကြောင်းကို ဆက်ပြီး ရှင်းပြပါဦး"

ဝူယင်းက ခေါင်းငြိမ့်ကာ ဆက်လက် ပြောပြသည်။

"ကမ္ဘာ့မျိုးစေ့ လေးပုံ တစ်ပုံက မွန်ဆန်တိုက လာတာပါ။ အဲဒီ ပမာဏက ဒီထက်တောင် ပိုများနိုင်ပါသေးတယ်။ မွန်ဆန်တိုရဲ့မျိုးစေ့ကို သုံးရင် သူတို့ရဲ့ ဓာတ်မြေဩဇာနဲ့ သူတို့ရဲ့ ပိုးသတ်ဆေးကို မဖြစ်မနေ သုံးရပါမယ်၊ ဒါမှသာ အထွက်နှုန်း ကောင်းမှာပါ။ မဟုတ်ရင် မျိုးစေ့တင် သုံးရုံနဲ့ ဒီလောက် အထွက်နှုန်း မရနိုင်ဘူး"

လင်းယန်က အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ ဝူယင်း၏ ရှင်းပြချက်အရ ပြည်ပ အရင်းရှင်များမှာ မည်မျှ ယုတ်မာကြောင်း သူ သိရှိလိုက်ရသည်။ မျိုးစေ့ကို ထိန်းချုပ်ထားခြင်းမှာ စားနပ်ရိက္ခာကို ထိန်းချုပ်ထားခြင်းပင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် အထွက်နှုန်း ကောင်းရမည်၊ မည်သည့်နေရာတွင် မကောင်းရမည်ကို သူတို့က ဆုံးဖြတ်နိုင်ကြသည်။ ပြည်ပ အရင်းရှင်များ၏ အင်အားမှာ လင်းယန် ထင်ထားသည်ထက် ပို၍ ကြောက်စရာ ကောင်းလှသည်။

"အခု ငါတို့ကို မျက်စိကျနေတာ မွန်ဆန်တို တစ်ခုတည်း မဟုတ်ဘူး။ 'စူပါမုန်ညင်းစေ့' က သူတို့ရဲ့ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ပဲပုပ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်လို့ သူတို့တွေ ရူးသွပ်နေကြတာ။ တခြား မျိုးစေ့ကုမ္ပဏီတွေကလည်း ငါတို့ကို စိတ်ဝင်စားနေကြတယ်။ ကမ္ဘာ့ထိပ်တန်း မျိုးစေ့ကုမ္ပဏီ လေးခုက ကမ္ဘာ့မျိုးစေ့ ဈေးကွက်ရဲ့ ထက်ဝက်ကို သိမ်းပိုက်ထားကြတာ"

လင်းယန်မှာ မည်မျှ ကြီးမားလှသော ရန်သူနှင့် ရင်ဆိုင်နေရသည်ကို နားလည်သွားသည်။ ထိုမျိုးစေ့ကုမ္ပဏီများမှာ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှသည်။ ကမ္ဘာ့မျိုးစေ့ ထက်ဝက်မှာ ကုမ္ပဏီ လေးခု၏ လက်ထဲတွင် ရှိနေခြင်းပင် ဖြစ်သည်။ ထိုမျိုးစေ့များကို တစ်ကြိမ်သာ စိုက်ပျိုးနိုင်ပြီး မျိုးချန်ထား၍ မရပေ၊ သူတို့၏ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးကို သုံးရမည်ဖြစ်သလို နောက်တစ်နှစ်တွင်လည်း မျိုးစေ့များကို ပြန်လည်ဝယ်ယူရမည်ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ကြောက်စရာကောင်းလှသော အချက်ပင်။ အကယ်၍ သူတို့ဆီတွင် ပြဿနာ တစ်စုံတစ်ရာဖြစ်ပွားပါက စိုက်ပျိုးမြေ အားလုံးမှာ စိုက်ပျိုးရန် မျိုးစေ့ မရှိတော့သည့် အခြေအနေနှင့် ရင်ဆိုင်ရပေလိမည်။ စိုက်ပျိုးရေး ခေတ်မီလာခြင်းမှာ စိုက်ပျိုးရေး ယဉ်ကျေးမှုကို ဖျက်ဆီးနေခြင်းပင် ဖြစ်သည်။

ကံကောင်းသည်မှာ ပြည်တွင်းတွင် ထိုကဲ့သို့သော အခြေအနေမျိုးကို မစိုးရိမ်ရပေ။ တောင်သူ အများစုမှာ ကိုယ်ပိုင် မျိုးချန်၍ စိုက်ပျိုးကြသဖြင့် စိတ်အချရဆုံးပင် ဖြစ်သည်။

"အဲဒီ မျိုးစေ့ကုမ္ပဏီကြီးတွေကို အမြစ်ပြတ် ချေမှုန်းဖို့ဆိုရင် ကျွန်တော့်လက်ထဲက ယွမ် ၁၀ ဘီလီယံ နဲ့ မလုံလောက်သေးဘူး"

လင်းယန်မှာ အရှိန်အဟုန်ဖြင့် လုပ်ဆောင်ချင်နေမိသည်။ "ကျွန်မတို့ရဲ့ မျိုးရိုးဗီဇ ကူးယူမှု နည်းပညာက အခု ဘယ်လိုအခြေအနေရှိလဲ"

ဝူယင်း၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ "ပြည်ပကို မရှုံးပါဘူး။ အဲဒီ ဂျပန် သုတေသန ပညာရှင်တွေရဲ့ စွမ်းရည်တွေကို အကုန် စုပ်ယူပြီးသွားရင် နည်းပညာပိုင်းမှာ သူတို့နဲ့ တန်းတူ ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ မွန်ဆန်တို တစ်ခုတည်းရဲ့ သုတေသန ရန်ပုံငွေက တခြား မျိုးစေ့ကုမ္ပဏီ အားလုံး ပေါင်းတာထက်တောင် ပိုများနေတယ်"

လင်းယန်က ရယ်မောလိုက်သည်။ မွန်ဆန်တိုမှာ တကယ်ပင် တော်လှပေသည်။ အကယ်၍ လင်းယန်တွင်သာ စူပါစိုက်ပျိုးရေးစနစ် မရှိခဲ့လျှင် သူတို့ကို တန်းတူ လိုက်နိုင်ရန်မှာ နှစ်ပေါင်းများစွာ ကြာပေလိဦးမည်။ အရေးကြီးဆုံးမှာ ပြည်ပရှိ မျိုးစေ့ ဈေးကွက်ပင် ဖြစ်သည်။

"သူတို့ လုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်ရမယ်၊ ငါတို့လည်း မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ မျိုးစေ့တွေကို သူတို့ဆီ ပြန်ရောင်းမယ်!"

ယခု လင်းယန်တွင် စူပါမုန်ညင်းစေ့ လုံလောက်မှု မရှိသေးသော်လည်း မျိုးရိုးဗီဇ နည်းပညာဖြင့်ဆိုလျှင် မျိုးစေ့များကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ပြည်ပရှိ လယ်ကွင်းပိုင်ရှင်ကြီးများမှာ ထိုမျိုးစေ့များကို သေချာပေါက် နှစ်သက်ကြပေလိမည်။ အဘယ်ကြောင့်ဆိုသော် စူပါမုန်ညင်းစေ့မှ ရရှိသော ဆီပမာဏမှာ ပဲပုပ်ထက်ပင် ပို၍ များပြားလှသောကြောင့် ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ် အနေဖြင့် ပြည်ပ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန်မှာ မလွယ်ကူလှပေ။

"သူတို့ကို လုံးဝ အနိုင်တိုက်နိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ရှိကို ရှိရမယ်!"

လင်းယန်၏အကြည့်များမှာ ပြတ်သားနေသည်။ လောင်ဝမ်၏ အတိတ်က နာကျည်းချက်များအတွက် သူ ယခုပင် ကလဲ့စား ပြန်ချေချင်နေမိတော့သည်။

***

စူပါ-ဖမ်း(SFS)

SFS 155

အခန်း ၁၅၅ ။ "တစ္ဆေ"

ပြည်ပအရင်းရှင်များ၏ ယုတ်မာမှုမှာ လင်းယန်ကို တုန်လှုပ်ခြောက်ခြားစေသည်။ ၎င်းတို့သည် စိုက်ပျိုးရေးအင်အားကြီးနိုင်ငံဖြစ်ရန် လျှောက်လှမ်းနေသော လမ်းစကို လည်မြိုညှစ်သတ်နေကြခြင်း ဖြစ်သည်။

လင်းယန်အနေဖြင့် သည်းမခံနိုင်ပေ။ သို့သော် ထိုမျိုးစေ့ကုမ္ပဏီကြီးများ၏ အတိုင်းအတာနှင့် ယှဉ်လျှင် သူသည် ငါးကလေးတစ်ကောင်မျှသာ ရှိသေးသည်။ ထူးခြားသော မျိုးစေ့များနှင့် နောက်ကွယ်မှ နိုင်ငံတော်၏ အထောက်အပံ့များ ရှိနေသည်မှလွဲ၍ သူ၏ကိုယ်ပိုင်အင်အားသက်သက်ဖြင့် ထိုအရင်းရှင်ကြီးများကို နိုင်ငံတကာစင်မြင့်တွင် ယှဉ်ပြိုင်ရန်မှာ မဖြစ်နိုင်သေးပေ။

လိုအပ်ပါက အရင်းအမြစ်များစွာကို အသုံးပြုနိုင်သော်လည်း မိမိကိုယ်ပိုင်ငွေကို အသုံးပြုခြင်းကသာ ပို၍ စိတ်ချရသည်။ ထို့ပြင် ဤအရင်းရှင်လူ့အဖွဲ့အစည်း၏ ရေနက်ပိုင်းတွင် မည်မျှ အန္တရာယ်များမည်ကို သူ မသိရှိပေ။ ကံကောင်းသည်မှာ ဘဏ္ဍာရေးလောက၏ ပါရမီရှင် ရှုချင်းသည် သူ့အနားတွင် ရှိနေခြင်းပင်။

အဘိုးစူးက လင်းယန်၏အတွေးကို ရိပ်မိဟန်ဖြင့် သတိပေးလိုက်သည်။

"ဒီနှစ်ပိုင်းတွေမှာ ကလဲ့စားချေဖို့ မစဉ်းစားနဲ့ဦး၊ အခုက နိုင်ငံတကာ စည်းမျဉ်းတွေကို သူတို့လက်ထဲမှာပဲ ဆုပ်ကိုင်ထားတာ။ မင်း ကံကောင်းလို့ နိုင်သွားရင်တောင် သူတို့က စည်းမျဉ်းတွေကို တိုက်ရိုက်ပြင်ပြီး အရှုံးမပေးဘဲ နေကြလိမ့်မယ်။ ငါတို့က စည်းမျဉ်းတွေကို ထိန်းချုပ်နိုင်ပြီး ပြန်ပြင်နိုင်တဲ့အချိန်ရောက်မှ မင်း စိတ်ကြိုက် ကစားတော့"

အဘိုးစူး၏ ဆိုလိုရင်းမှာ ရှင်းလှသည်။ ယခုအချိန်တွင် အသာလေး ငြိမ်နေရန်သာ ဖြစ်သည်။ မြေတံတိုင်းကို မြင့်အောင်တည်၊ ရိက္ခာကို များများစုဆောင်းပြီးမှသာ ဘုရင်အဖြစ် ဖြည်းဖြည်းချင်း ကြေညာရမည်ဟူသော ရှေးပညာရှိတို့၏ အဆိုကို အဘိုးစူးနှင့် လောင်ဝမ်တို့ကဲ့သို့ လူကြီးများက ကောင်းစွာ နားလည်ထားကြသည်။

လင်းယန်ကလည်း သဘောတူပါသည်။ သူက စိုက်ပျိုးရေးလုပ်ခြင်းကိုသာ ပို၍ ကျွမ်းကျင်သူဖြစ်ပြီး ငွေကြေးယှဉ်ပြိုင်မှုလောကကိုမူ နားမလည်သေးပေ။ ယခု သူ၌ ငွေကြေးအမြောက်အမြား ရှိနေပြီဖြစ်သော်လည်း အရင်းရှင်ကြီးများကို ယှဉ်ရန်မှာမူ မလုံလောက်သေးပေ။ သို့သော် အဘိုးစူး၏ သတိပေးချက်မှာ ဤမျှနှင့် မပြီးသေးပေ။

"နောက်ပြီး မကြာသေးခင်က မင်း ပြည်ပမှာ လုပ်ခဲ့တဲ့ ကိစ္စတွေက နည်းနည်း ကြီးသွားတယ်၊ ပြည်ပအရင်းရှင်တွေ မင်းကို သတိထားမိနေပြီ။ ဒါပေမဲ့ သေချာတော့ မစုံစမ်းနိုင်သေးဘူး။ ငါ့အထင်တော့ သူတို့တွေ မင်းကို တစ်ခုခု လုပ်ဖို့ ကြံစည်နေကြလိမ့်မယ်၊ သတိထားဦး"

လင်းယန် ခေတ္တမျှ ကြောင်သွားသည်။ သူက ပြည်ပမှာ ဘာလုပ်ခဲ့လို့လဲ။ ဝူယင်းက ဘေးမှ ဝင်မေးပေးသည်။

"သူ ပြည်ပမှာ ဘာလုပ်ခဲ့လို့လဲ"

အဘိုးစူးက နှာခေါင်းရှုံ့လိုက်သည်။ "ဒီကောင်မလေးက ဒီကောင်လေးက စိုက်ပျိုးရေးပဲ တတ်တယ်လို့ တကယ် ထင်နေတာလား။ သူက ပြည်ပမှာ အနာဂတ်ကုန်စည် ရောင်းဝယ်မှုတွေလုပ်တာ အကုန်နီးပါး နိုင်တာလေ။ တစ်နှစ်မပြည့်တဲ့ အချိန်အတွင်းမှာ ဘာမှမရှိရာကနေ ယွမ် ၁၀ ဘီလီယံကျော်တဲ့ ပိုင်ဆိုင်မှုကို စုဆောင်းနိုင်ခဲ့တာ။ အခု ဝေါလ်စထရိမှာ သူ ဘယ်သူလဲဆိုတာ အကုန် သိချင်နေကြပြီ"

"ဒါပေမဲ့ အခုထိတော့ သူတို့ ဘာသတင်းအချက်အလက်မှ ရှာမရသေးဘူး။ ပြည်တွင်းက အရင်းရှင်တွေကလည်း သူ့ကို အရမ်း စိတ်ဝင်စားနေကြတယ်။ သူတို့က ဒီကောင်လေးကို 'တစ္ဆေ' လို့တောင် အမည်ပေးထားကြတယ်၊ သူ လှုပ်ရှားတဲ့ ခြေရာလက်ရာကိုပဲ ရံဖန်ရံခါ တွေ့နိုင်လို့လေ"

ဝူယင်းမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ လင်းယန်မှာမူ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။ စနစ်က လုပ်လိုက်ခြင်းဖြစ်ကြောင်း သူ နားလည်လိုက်သည်။ စနစ်၏ ငွေများမှာ နိုင်ငံတကာဈေးကွက်မှ လာခြင်းဖြစ်သည်။ အရောင်းအဝယ် လုပ်ပြီးတိုင်း ခြေရာလက်ရာ ကျန်ခဲ့စမြဲဖြစ်သော်လည်း ထိုဘဏ္ဍာရေးလောကမှ လူသန်ကြီးများ မည်မျှပင် တော်ပါစေ ဤသူမှာ မည်သူမည်ဝါဖြစ်ကြောင်း ရှာမတွေ့နိုင်ကြပေ။

ထို့ပြင် ထိုဘဏ္ဍာရေးလောကမှ လူသန်ကြီးများအတွက် လင်းယန်၏ငွေပမာဏမှာ အနည်းငယ် သေးငယ်နေသေးသည်။ အမြဲတမ်းနိုင်နေသော 'တစ္ဆေ' တစ်ကောင်ကဲ့သို့ ဖြစ်နေသော်လည်း ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၁၀ ဘီလီယံခန့်သာ ရှိသဖြင့် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကဆိုလျှင် သူတို့ အာရုံစိုက်မိနိုင်သော်လည်း ယခုအချိန်တွင်မူ ပြောပလောက်သည့် ပမာဏ မဟုတ်ပေ။

"အခု ထိပ်တန်းအရင်းရှင်တွေကတော့ ဒီ 'တစ္ဆေ' က ငါတို့နိုင်ငံထဲမှာ ရှိနေတယ်ဆိုတာကို စုံစမ်းမိနေလောက်ပြီ။ ဒါပေမဲ့ ဘယ်သူလဲဆိုတာကိုတော့ လုံးဝ ရှာမတွေ့ဘူး"

အဘိုးစူးက လင်းယန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ လင်းယန် မည်သို့ လုပ်ဆောင်ခဲ့သည်ကို သူ မသိသော်လည်း ထိုကိစ္စများကို စုံစမ်းရန်လည်း စိတ်မဝင်စားပေ။ သူ့အမြင်တွင် လင်းယန်မှာ ပါရမီရှင်တစ်ဦးသာ ဖြစ်သည်။ ထိုကဲ့သို့ ထူးခြားသော လူတော်တစ်ဦးသည် မိမိနိုင်ငံအတွက် အကျိုးပြုနေသရွေ့ သူ ကျေနပ်ပါသည်။

တစ်ချိန်တည်းမှာပင် လင်းယန်သည် ပြည်ပသို့ မထွက်ဘဲ ပြည်တွင်း၌သာ နေထိုင်ကာ သုတေသနရလဒ်များကို မျှဝေပေးလိုခြင်းမှာ လူအများအတွက် ဝမ်းသာစရာပင်ဖြစ်သည်။ မူပိုင်ခွင့်ကြေးများ ပေးရသော်လည်း သူ၏ အကျိုးပြုမှုနှင့် ယှဉ်လျှင် ထိုငွေများမှာ အမွှေးတစ်ပင်မျှသာ ရှိသည်။

ဝူယင်းမှာ လင်းယန်ကို မယုံနိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ "မဆိုးဘူးပဲ၊ တော်တော် လျှို့ဝှက်ထားနိုင်တာပဲ"

လင်းယန် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သူလည်း မည်သို့ ရှင်းပြရမည် မသိပေ။ ထိုကိစ္စကိုလည်း ရှင်းပြရန် ရည်ရွယ်ချက် မရှိပေ။ မည်သို့ပင်ဖြစ်စေ သူသည် စိုက်ပျိုးရေးလုပ်ရုံနှင့် စနစ်မှ ငွေများ ရရှိနေမည် ဖြစ်သည်။ စနစ်က ပြည်ပအရင်းရှင်များထံမှ ငွေများကို ရိတ်သိမ်းယူနေခြင်း ဖြစ်ရာ... သူ စိုက်ပျိုးရေးလုပ်ခြင်းသည် ပြည်ပအရင်းရှင်များ၏ ငွေများကို ရိတ်သိမ်းနေခြင်းပင် ဖြစ်သည်။ မြေနည်းနေ၍သာ ငွေအများကြီး မရသေးခြင်းဖြစ်သည်။

"ဒါတွေက အရေးမကြီးပါဘူး၊ စပျစ်ပင်ကိစ္စပဲ ပြောကြရအောင်။ မူတစ်သောင်း စိုက်ဖို့ဆိုရင် ဘယ်လောက်ကြာမလဲ"

လင်းယန်က ဤကိစ္စကိုသာ အလေးထားနေသည်။

ဝူယင်းက စဉ်းစားလိုက်ပြီး "အခု အရှိန်နဲ့ဆိုရင် အနည်းဆုံး နှစ်နှစ်လောက် ကြာလိမ့်မယ်" ဟု ပြန်ပြောသည်။

"ပိုမြန်လို့ မရဘူးလား၊ ကျွန်တော့်ဆီမှာ စပျစ်ပျိုးပင် သုံးဧကစာလောက် ရှိသေးတယ်"

လင်းယန်၏အကြည့်များက တည်ကြည်နေသည်။ ဤစပျစ်ပျိုးပင်များမှာ စနစ် အဆင့်တက်ပြီးနောက် ရရှိလာသည့် အရာများ ဖြစ်သည်။ မူလက စနစ်ပေးသည်မှာ မျိုးစေ့များသာဖြစ်သော်လည်း အဆင့် (၂) စနစ်တွင် ငွေပေးလျှင် စနစ်က ပျိုးပင်များအဖြစ် အမြန်ကြီးထွားစေပြီး မည်သည့်နေရာတွင်မဆို စိုက်ပျိုးနိုင်သည်။ လင်းယန်သည် ယွမ် သုံးသန်း အသုံးပြုကာ စနစ်အတွင်း၌ အပင်ပေါက်အောင် လုပ်ခဲ့ခြင်း ဖြစ်သည်။ ချင်းရှန်းရွာတွင် လူများနေသဖြင့် ပျိုးပင်များကို ချက်ချင်း ထုတ်မပြနိုင်သော်လည်း ချင်းရှန်းရွာ ပတ်ပတ်လည်ရှိ တောင်တန်းကြီးများထဲသို့ သွားချကာ တောစပျစ်ပင်များကဲ့သို့ ဟန်ဆောင်နိုင်ပေသည်။

"ဒါဆိုရင်တော့ တစ်နှစ်လောက် ကြာမယ်"

"ဒါထက် ပိုမြန်လို့ မရတော့ဘူးလား"

လင်းယန်က ဆက်တိုက် တိုက်တွန်းနေသည်။ လောင်ဝမ်က သက်ပြင်းချလိုက်သည်။ လင်းယန် ဘာကြောင့် ဤမျှ လောနေသည်ကို သူ နားမလည်သော်လည်း အတိတ်က စားနပ်ရိက္ခာတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် နာကျည်းချက်များကြောင့် လင်းယန် ဤမျှ စိတ်အားထက်သန်နေခြင်းဖြစ်မည်ဟု ယူဆကာ စိတ်လှုပ်ရှားသွားရသည်။

"ငါ ကျောင်းနဲ့ ထပ်ပြောကြည့်မယ်၊ ရန်ပုံငွေ ပိုတောင်းကြည့်မယ်။ ဒါပေမဲ့ တခြားဘက်က လူတွေက ဒီသုတေသနထဲ ဝင်ပါလာနိုင်တယ်"

သို့သော် လင်းယန်က ချက်ချင်း ငြင်းပယ်လိုက်သည်။ "ငွေ ဘယ်လောက်လိုလဲ၊ ကျွန်တော် စိုက်ပေးမယ်။ လာမယ့် နွေရာသီ မတိုင်ခင် ဒီစပျစ်ဧက တစ်သောင်းကို အကုန် စိုက်ပျိုးနိုင်မလား"

ဝူယင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ လင်းယန်အနေဖြင့် ကိုယ်ပိုင်ငွေ ထုတ်စရာမလိုကြောင်း ပြောချင်သော်လည်း လင်းယန်၏ ချမ်းသာကြွယ်ဝမှုကို သတိရကာ ပြန်မျိုချလိုက်ရသည်။ စိုက်ပျိုးရေးသည် စက်မှုလုပ်ငန်း သို့မဟုတ် ဘဏ္ဍာရေးလောကကဲ့သို့ ငွေမြန်မြန်ရသော အလုပ် မဟုတ်ပေ။ ရင်းနှီးမြှုပ်နှံမှု ကြီးမားပြီး အကျိုးအမြတ်နည်းကာ စွန့်စားမှုလည်း များသည်။ သို့သော် လင်းယန်ကမူ ထိုထဲသို့ ငွေများ ပုံအောရန် ဝန်မလေးပေ။

ဝူယင်း မငြင်းနိုင်တော့ပေ။ လင်းယန်အတွက် ငွေစိုက်ထုတ်ရန်မှာ ဘာမှ မခက်ခဲကြောင်း သူမ သိသည်။ ပျိုးပင်များကို ရောင်းချခြင်းဖြင့်ပင် ထိုငွေများကို သူ ပြန်ရှာနိုင်ပေသည်။

"လုံလောက်တဲ့ ရန်ပုံငွေသာရှိမယ်ဆိုရင် လာမယ့် နွေရာသီ မတိုင်ခင် ဧက တစ်သောင်းစာ စပျစ်ခင်းတွေ ဖန်တီးနိုင်ပါတယ်"

ဝူယင်း၏စကားကြောင့် လင်းယန် စိတ်အေးသွားရသည်။ လက်ရှိ နည်းပညာဖြင့် စပျစ်ပင်များကို အစုလိုက်အပြုံလိုက် ပွားယူရန်မှာ မခက်ခဲပေ။ ငွေကိစ္စကိုမူ သူ အလေးမထားပေ။ ထို့နောက် သူက ဖရဲသီးရောင်းရသည့် ကိစ္စကို မေးလိုက်သည်။

"ရှောင်ဝူ ပြောတာ၊ မနေ့က ဖရဲသီးရောင်းရတာ ငွေ အများကြီး ရတယ်ဆို"

"အလုံးရေ လေးထောင် ရောင်းရတယ်၊ ဆရာ့လက်ထဲကို ယွမ် သန်း ၂၀ အသားတင် ရောက်မှာပါ"

ဤသို့ ပြောလိုက်ချိန်တွင် လောင်ဝမ်ပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ ဖရဲသီးရောင်းရတာ ဒီလောက်တောင် ငွေရသလား။ လင်းယန်သာမက ကျောင်းသားများပါ မကြာသေးမီက သိသိသာသာ လက်မထောင်နိုင်လာကြသည်။ လင်းယန်ဆိုသည့် သစ်ပင်ကြီးကို မှီခိုပြီး သူတို့၏ ပထမဆုံးသော ဝင်ငွေကို ရရှိခဲ့ကြခြင်းဖြစ်သည်။

သို့သော် သတင်းများမှာ ဤမျှနှင့် မပြီးသေးပေ။ တစ်ချိန်လုံး တိတ်ဆိတ်နေသော ချင်အဖေက ရုတ်တရက် ဝင်ပြောလိုက်သည်။

"မြို့တော်က ကုန်တိုက်ကြီးတွေက ငါတို့ဆီကနေ ပစ္စည်းယူချင်နေကြတယ်"

"ဘယ်လောက် ယူချင်တာလဲ"

"ရှိသမျှ အကုန်ယူချင်နေကြတာ"

လင်းယန် ကြောင်သွားသည်။ ယခုတစ်ခေါက် စိုက်ပျိုးထားသည့် ပမာဏမှာ မနည်းလှပေ။ မြို့တော်က ကုန်တိုက်တွေက အကုန်လုံး ကုန်အောင် ရောင်းနိုင်ပါ့မလား။

***

All Chapters