← Chapters

အခန်း (၃၅၁-၃၅၂)

Vol. 19 Ch. 351-352

အခန်း (၃၅၁-၃၅၂)

Vol. 19 Ch. 351-352

*အခန်း (၃၅၁) - မုန့်ယာယောင်၏ အမွေအနှစ်

နင်းကျော့သည် တစ်နှစ်ထက်တစ်နှစ် အရွယ်ရောက်လာခဲ့ချေပြီ။

တစ်နေ့သော် နင်းကျော့နှင့် စွန်းလင်ထုံတို့သည် မှောင်ခိုဈေးကွက်အတွင်း ဆူညံပွက်လောရိုက်အောင် လှုပ်ရှားခဲ့ကြလေသည်။

ထိုစဉ် လမ်းကြားလေးများအတွင်း ပုန်းအောင်းနေကြသော ကျင့်ကြံသူအချို့မှာ တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ လဲကျသွားကြကုန်၏။

နင်းကျော့သည် အသံကြားရာသို့ ရုတ်ခြည်းလှည့်ကြည့်လိုက်ရာ ထိုကျင့်ကြံသူများကို မြင်တွေ့ရသဖြင့် လန့်ဖျပ်သွားရလေသည်။

အကယ်၍သာ ထိုသူများ၏ တိုက်ခိုက်ခြင်းကို အမှန်တကယ် ခံခဲ့ရပါက သူ၏အခြေအနေမှာ အလွန်ပင် စိုးရိမ်ဖွယ်ရာ ဖြစ်ပေတော့မည်။

သို့သော်လည်း သူသည် အံ့အားသင့်ဝမ်းသာစွာဖြင့် ရေရွတ်လိုက်မိသည်မှာ -

“အမေ... အမေက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ၊ မတွေ့ရတာ တော်တော်တောင် ကြာသွားပြီနော်”

ဗုဒ္ဓဘာသာသမားတော် မုန့်ယာယောင်က ပြုံးလျက်

“ဒီရက်ပိုင်း မင်းလုပ်သမျှတွေကို အမေ စောင့်ကြည့်နေတာပါ၊ တကယ့်ကို ချီးကျူးဖို့ ကောင်းတယ်နော်”

သူမသည် နင်းကျော့ အနားသို့ တိုးကပ်လာသည်ကို ကြည့်ရင်း -

“ကျော့လေးက တော်တော်တောင် အရွယ်ရောက်လာပြီပဲ၊ မနေ့တစ်နေ့ကတင် ကျော့လေးကို ချော့သိပ်ဖို့ သီချင်းတွေ ဆိုပြနေခဲ့ရသလိုပါပဲလား”

“အမေ့နောက်ကို လိုက်ခဲ့ပါဦး”

ထို့နောက် နင်းကျော့သည် မုန့်ယာယောင်နောက်သို့ လိုက်ပါသွားရာ မြေအောက်ရှိ လျှို့ဝှက်အခြေစိုက်စခန်းတစ်ခုသို့ ရောက်ရှိသွားလေသည်။

မုန့်ယာယောင်က -

“ဒီလို လျှို့ဝှက်စခန်းတွေကို အမေ အများကြီး တည်ဆောက်ထားခဲ့တာပါ၊ အခုရောက်နေတဲ့နေရာကတော့ ‘တိန်’ လို့ အမည်ပေးထားတဲ့ စခန်းပေါ့”

“ဒီနေရာမှာ အမေ အချို့အရာတွေကို ချန်ထားခဲ့တယ်”

“အခုကြည့်ရတာတော့ မင်းဟာ ဒီအရာတွေကို ပိုင်ဆိုင်ဖို့ အရည်အချင်း ပြည့်ဝနေပြီလို့ အမေ ထင်တယ်၊ ဒီပစ္စည်းတွေရဲ့ တန်ဖိုးက အရမ်းကြီးလွန်းလို့ မင်းရဲ့ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်မနေတော့သလို၊ လူစည်ကားတဲ့ ဈေးလယ်ခေါင်မှာ ရွှေတုံးကို ကိုင်ထားတဲ့ ကလေးငယ်တစ်ယောက်လိုလည်း ဘေးအန္တရာယ် မဖြစ်နိုင်တော့ဘူးပေါ့”

ထိုနေရာမှ နင်းကျော့သည် ‘ဝိညာဉ်ဖုံးကွယ်ခြင်း အဖူးအငုံ’ ၊ ‘ချော်ရည်နန်းတော်၏ အနှစ်သာရ’ နှင့် ‘စက်မှုတံစဉ်’ တစ်ခုတို့ကို ရရှိခဲ့လေသည်။

မုန့်ယာယောင်က အကြံပြုသည်မှာ -

“ဝိညာဉ်ဖုံးကွယ်ခြင်း အဖူးအငုံ ဆိုတာကတော့ ထူးခြားဆန်းကြယ်တဲ့ ပန်းတစ်ပွင့်ပဲ၊ တိမ်တိုက်တာအိုရဲ့ အနှစ်သာရတွေ ကိန်းဝပ်နေတာမို့ မင်းရဲ့ လျှို့ဝှက်ချက် အတော်များများကို ဖုံးကွယ်ထားပေးနိုင်လိမ့်မယ်”

“‘ချော်ရည်နန်းတော်၏ အနှစ်သာရ’ ဆိုတာကတော့ အမေ ကိုယ်တိုင် ပြုစုထားတဲ့ အတွေ့အကြုံတွေပဲ၊ အဲ့ဒီထဲမှာ မသေမျိုးနန်းတော်ရဲ့ တည်ဆောက်ပုံတွေနဲ့ ဂိုဏ်းကြီးသုံးခုက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေအကြောင်း ခန့်မှန်းချက်တွေ ပါဝင်တယ်”

“ဒီစက်မှုတံစဉ်ကိုတော့ မင်း အထူးသတိထားရမယ်နော်၊ ဒါက ညဉ့်မိုးစက် မိစ္ဆာလက်နက်တွေထဲက တစ်ခုပဲ၊ အလွန်ထက်မြက်သလို ထိန်းကျောင်းရလည်း အင်မတန် ခက်ခဲတယ်၊

ကျင့်ကြံသူတွေကို ဝါးမြိုလေလေ သူ့ရဲ့ စွမ်းအားက ပိုကြီးမားလာလေလေပဲ၊ အမေကတော့ အကြီးအကျယ် ကြိုးစားပြီးမှ သူ့ကို ယဉ်ပါးအောင် လုပ်ထားနိုင်တာ၊

ဒါကြောင့် သူက အမေ့အပေါ်မှာတော့ သံယောဇဉ်ရှိတယ်၊ ဒါတောင်မှ သူ့ဆီမှာ စုပုံနေတဲ့ အငြိုးအတေးတွေကို သန့်စင်ဖို့အတွက် အခါအားလျော်စွာ ပြန်လည်သွန်းလုပ်ပေးရတယ်၊ မဟုတ်ရင် ပြန်လည်တိုက်ခိုက်ခံရမယ့် အန္တရာယ် ရှိနိုင်တာပေါ့”

“အမေ မကွယ်လွန်ခင်မှာ သူ့ကို အထပ်ထပ် ချိပ်ပိတ်ထားခဲ့တယ်”

“ဒါကတော့ ယာယီအားဖြင့် လုပ်ဆောင်ထားတာပါ”

“အချိန်တွေ ကြာလာလေလေ သူက ချိပ်ပိတ်မှုကို ဖောက်ထွက်နိုင်ခြေ ပိုများလာလေလေပဲ၊ တစ်ခါ ချိပ်ပိတ်မှု ပျက်ပြားသွားပြီဆိုရင်တော့ သူဟာ ဆာလောင်မွတ်သိပ်နေတဲ့ သားရဲတစ်ကောင်လို ပိုပြီး ရက်စက်ကြမ်းကြုတ်လာလိမ့်မယ်၊ သူ့အနားမှာ ရှိနေတဲ့သူတွေလည်း အန္တရာယ်ရှိနိုင်တယ်”

“မင်းဆီမှာ အမေ့ရဲ့ အနံ့အသက်တွေ ရှိနေတာမို့ သူက မင်းကိုတော့ ချက်ချင်း ဒုက္ခပေးမှာ မဟုတ်ပါဘူး”

“မင်း ရင်ဆိုင်ရခက်တဲ့ ပြိုင်ဘက်နဲ့ တွေ့ပြီဆိုရင်တော့ သူ့ရဲ့ ချိပ်ပိတ်မှုကို ဖွင့်လိုက်ပြီး ရန်သူကို တိုက်ခိုက်ခိုင်းလိုက်ပေါ့၊ အခွင့်အရေး ရတာနဲ့ သူ့ကို ပြန်ပြီး ချိပ်ပိတ်ရမယ်”

“ဒါကို ခဏခဏတော့ မလုပ်နဲ့ဦး၊ ရန်သူတွေကို ဝါးမြိုလေလေ သူ့ကို ထိန်းချုပ်ရ ခက်ခဲလေလေ ဖြစ်မှာမို့လို့ပါ”

“သူ့ရဲ့ အားနည်းချက်ကတော့ မြွေပုံသဏ္ဍာန် ပြောင်းထားချိန်မှာ ရှိတဲ့ ‘ခုနစ်လက်မ’ နေရာက စက်မှုဗိုက်သားပဲ၊ အဲ့ဒီနေရာမှာ သူ့ရဲ့ အငြိုးအတေးတွေ ကိန်းဝပ်နေတာမို့ အဲ့ဒါကို ဖယ်ရှားလိုက်ရင် အငြိုးအတေးတွေ အများကြီး လျော့ပါးသွားလိမ့်မယ်”

“ဒါပေမဲ့ အဲ့ဒီအငြိုးအတေးတွေကို အမေက ယဉ်ပါးအောင် လုပ်ထားပြီးသားပါ”

“နောင်တစ်ချိန်မှာ သူက ကျင့်ကြံသူတွေ အများကြီးကို ဝါးမြိုလို့ အငြိုးအတေးတွေ ပိုကြီးလာပြီဆိုရင်တော့ ‘ခုနစ်လက်မ’ နေရာက စက်မှုအစိတ်အပိုင်းတွေကို ဖယ်ရှားလိုက်ပေါ့၊ ဒါဆိုရင် သူ့ရဲ့ စွမ်းအားတွေ သိသိသာသာ လျော့နည်းသွားလိမ့်မယ်”

“ညဉ့်မိုးစက် မိစ္ဆာလက်နက်တိုင်းဟာ အချိန်ကြာလာရင် အငြိုးအတေးတွေ ဖြစ်ပေါ်လာတတ်တယ်၊ အချိန်မှန်မှန် ‘ခုနစ်လက်မ’ အစိတ်အပိုင်းတွေကို ပြန်တပ်ပေးရမယ်၊ အငြိုးအတေး အဟောင်းနဲ့ အသစ်ကို အချင်းချင်း ပြန်လည် တိုက်ခိုက်ခြေဖျက်ခိုင်းတာကလည်း သူ့ကို ထိန်းချုပ်တဲ့ နည်းလမ်းတစ်ခုပဲ၊

အမေ ယဉ်ပါးအောင် လုပ်ထားတဲ့ မူလအငြိုးအတေးကိုတော့ မင်း ထိန်းသိမ်းထားရမယ်၊ မင်းဟာ အမေ့ရဲ့ သွေးသားရင်း ဖြစ်တာမို့ သူက မင်းကိုတော့ အနည်းငယ် ရင်းနှီးနေလိမ့်ဦးမှာပါ”

“မှတ်ထားပါ၊ ပြန်လည်သွန်းလုပ်ခြင်း၊ ချိပ်ပိတ်ခြင်း ပညာရပ်နဲ့ အငြိုးအတေးတွေကို ခြေဖျက်ခြင်း ဆိုတဲ့ နည်းလမ်းသုံးခုက ဒီတံစဉ်ကို ထိန်းချုပ်တဲ့ အဓိက နည်းလမ်းတွေပဲ၊ အသေးစိတ်ကိုတော့ အမေ ပေးခဲ့တဲ့ ‘ချော်ရည်နန်းတော်၏ အနှစ်သာရ’ ထဲမှာ ရေးထားခဲ့တယ်”

နင်းကျော့က ခေါင်းညိတ်ပြလျက် အမေ့ရဲ့ မှာကြားချက်တွေကို မှတ်သားထားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားကာ

“အမေ... ဒီလျှို့ဝှက်ချက် အပါအဝင် ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်တွေကို အစ်ကိုစွန်းကို ပြောပြချင်တယ်၊ အဲ့ဒါ အဆင်ပြေပါ့မလား”

မုန့်ယာယောင်က ခပ်ဖွဖွ ပြုံးလျက် နင်းကျော့၏ ဆံပင်လေးများကို ပွတ်သပ်ပေးကာ -

“ရတာပေါ့”

“အမေက အရင်က မင်းကို လျှို့ဝှက်ခိုင်းထားတာက လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာ စိုးလို့ပါ၊ သူစိမ်းတွေကို အလွယ်တကူ ယုံကြည်လို့ မရဘူးလေ”

“ဒါပေမဲ့ ဒီနှစ်တွေအတွင်း စွန်းလင်ထုံရဲ့ လုပ်ဆောင်ချက်တွေနဲ့ အကျင့်စာရိတ္တကို အမေ စောင့်ကြည့်နေခဲ့တာပါ”

“ပြောရရင်တော့ ကျော့လေးရေ... မင်းဟာ တကယ့်ကို ကံကောင်းတဲ့သူပါပဲ”

“သူကတော့ မင်းရဲ့ အသက်နဲ့ စည်းစိမ်ကို ယုံကြည်စိတ်ချစွာ အပ်နှံထားနိုင်တဲ့သူ တစ်ယောက်ပါ”

“ဒါပေမဲ့ ဒါဟာ အခုအချိန်အထိပဲနော်၊ လူဆိုတာ ပြောင်းလဲတတ်တယ်၊ မင်းအနေနဲ့ အမြဲတမ်း စောင့်ကြည့်ပြီး သတိရှိနေဖို့တော့ လိုအပ်တယ်”

“ ‘ချော်ရည်နန်းတော်၏ အနှစ်သာရ’ ကိုတော့ သူ့ကို အခုချက်ချင်း မပြသေးနဲ့ဦး၊ သူတစ်ပါးကို သတိထားဖို့နဲ့ ကိုယ့်အတွက် လမ်းစ ချန်ထားဖို့က အရေးကြီးတယ်၊ အကယ်၍ သူက နောင်အနာဂတ်အထိ စိတ်ဓာတ်မပြောင်းလဲဘဲ တည်ကြည်နေမယ်ဆိုရင်တော့ သူ့ကို စိတ်ချလက်ချ ပြလို့ ရတာပေါ့”

နင်းကျော့သည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ခိုင်မာသော အမူအရာဖြင့် -

“ကျွန်တော် အစ်ကိုစွန်းကို ယုံတယ်”

မုန့်ယာယောင်သည် အနည်းငယ် အံ့အားသင့်သွားပြီး -

“ကျော့လေးတောင် အရွယ်ရောက်လာပြီပဲ၊ မင်းမှာ ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိလာတာကို အမေ ဝမ်းသာပါတယ်၊ မင်းဆန္ဒရှိသလိုသာ လုပ်ပါတော့”

အမေ့ရဲ့ ထောက်ခံမှုကို ရရှိသဖြင့် နင်းကျော့မှာ အတိုင်းမသိ ဝမ်းသာသွားပြီး ပြတ်သားသော အကြည့်ဖြင့် မုန့်ယာယောင်ကို မော့ကြည့်ကာ -

“အမေ... ကျွန်တော့်ကို စောင့်နေပါဦး၊ အမေ့ရဲ့ ဒဏ်ရာတွေကို ကုသနိုင်မယ့် နည်းလမ်းကို ကျွန်တော် မရရအောင် ရှာဖွေပါ့မယ်၊ အမေ့ကို ချော်ရည်နန်းတော်ကနေ ကျွန်တော် ပြန်ခေါ်ထုတ်နိုင်အောင် ကြိုးစားပါ့မယ်”

မုန့်ယာယောင်၏ ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားရလေသည်၊ နင်းကျော့သည် အလွန်ပင် ဉာဏ်ကောင်းလှသဖြင့် သူမ အခုလို အမွေအနှစ်တွေ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရိပ်မိနေလိမ့်မည်ဟု သူမ သိရှိထားလေသည်။

သူမ၏ သတိမေ့လျော့သည့် အချိန်ကာလမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမို ကြာမြင့်လာခဲ့ရာ၊ တစ်နှစ်ပတ်လုံးတွင် သူမ အမှန်တကယ် သတိပြန်လည်နေသည့် အချိန်မှာ တစ်ပတ် သို့မဟုတ် နှစ်ပတ်ခန့်သာ ရှိပေတော့သည်။

နင်းကျော့အနေဖြင့်လည်း မိခင်ဖြစ်သူနှင့် သားဖြစ်သူတို့၏ ခွဲခွာရမည့်အချိန်မှာ နီးကပ်နေပြီဖြစ်ကြောင်း ခန့်မှန်းမိနေပေလိမ့်မည်။

သူမသည် ကိုယ်ကို ကိုင်းလိုက်ပြီး နင်းကျော့ကို ရင်ခွင်ထဲသို့ ထည့်ကာ ဖက်ထားလိုက်လေသည်။

နင်းကျော့မှာ ငိုမနေတော့ဘဲ မုန့်ယာယောင်ကိုသာ တင်းတင်းကြပ်ကြပ် ဖက်ထားမိပေတော့၏။

...

နင်းကျော့နှင့် စွန်းလင်ထုံတို့သည် မြေအောက်စခန်းကို ‘တွေ့ရှိ’ ခဲ့ကြလေသည်။ ထိုနေရာမှ ‘ဝိညာဉ်ဖုံးကွယ်ခြင်း အဖူးအငုံ’၊ ‘ညဉ့်လေ သံပျော့’ နှင့် ‘လွင့်မျောတိမ်တိုက် လက်ကိုင်ပုဝါ’ စသည့် ကျင့်ကြံရေး ပစ္စည်းများကို ရရှိခဲ့ကြ၏။

‘ချော်ရည်နန်းတော်၏ အနှစ်သာရ’ မှာလည်း ထိုပစ္စည်းများအကြား ပါဝင်နေပေသည်။

စွန်းလင်ထုံက အံ့ဩတကြီးဖြင့် -

“ကျော့လေး... မင်းအမေက တကယ့်ကို အားထုတ်ခဲ့တာပဲ၊ ဒီအမွေအနှစ်တွေကို သူ မကွယ်လွန်ခင် မင်းကို မပေးခဲ့တာက တစ်ဖက်မှာလည်း တစ်ယောက်ယောက်က သိသွားပြီး မင်းဆီကနေ ရတနာတွေကို လုယူဖို့ ဒုက္ခပေးမှာ စိုးရိမ်လို့ပေါ့၊

နောက်တစ်ဖက်မှာလည်း မင်းက အရွယ်မရောက်သေးဘဲ ချမ်းသာနေရင် မိဘအမွေကို အားကိုးပြီး ပညာသင်တာကို လျစ်လျူရှုကာ အပျော်အပါးတွေနဲ့ အချိန်ဖြုန်းနေမှာကို စိုးရိမ်လို့ ဖြစ်မှာပါ”

“မင်းကတော့ မင်းအမေ ချန်ထားခဲ့တဲ့ စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီး မင်းရဲ့ အရည်အချင်းနဲ့ပဲ ဒီနေရာကို ရှာတွေ့ခဲ့တာဆိုတော့ ဒါဟာ မင်းအမေ မြင်ချင်တဲ့ အခြေအနေမျိုးပေါ့”

“မင်း တကယ်ကို တော်ပါတယ်ကွာ”

နင်းကျော့က

“အကယ်၍သာ အစ်ကိုစွန်းက ကျွန်တော့်ကို ခိုးယူတဲ့ပညာတွေ မသင်ပေးခဲ့ရင် ကျွန်တော် ဘယ်လိုလုပ်ပြီး သဲလွန်စတွေကို ရှာတွေ့ပြီး ဒီနေရာကို ရောက်လာနိုင်မှာလဲ၊ အစ်ကိုစွန်းကို တကယ် ကျေးဇူးတင်ပါတယ်”

စွန်းလင်ထုံမှာ ချက်ချင်းပင် ဂုဏ်ယူဝင့်ကြွားသွားပြီး ခါးကို ထောက်ကာ -

“ဒါပေါ့ကွ”

နင်းကျော့သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ စိုးရိမ်ပူပန်နေသော စိတ်ခံစားချက်များကို ထိန်းချုပ်ကာ စွန်းလင်ထုံကို အကုန်အစင် ပြောပြရန် ပြင်ဆင်လိုက်လေသည်။

စွန်းလင်ထုံက တည်တည်ငြိမ်ငြိမ်ဖြင့်

“ဝိညာဉ်ဖုံးကွယ်ခြင်း အဖူးအငုံ ကတော့ တကယ့်ကို စွမ်းအားကြီးတဲ့ ရတနာပဲ၊ ကျောက်စိမ်းပေလွှာပေါ်က မှတ်တမ်းတွေအရဆိုရင် ဒါက ‘မူလခြေရာခံ ပညာရပ်’ လိုမျိုး ထောက်လှမ်းတဲ့ ပညာရပ်တွေကို တန်ပြန်နိုင်လိမ့်မယ်”

“ကျော့လေး... ဒါက မင်းအတွက် အကောင်းဆုံး ကာကွယ်ရေး လက်နက်ပဲ၊ မင်း ဒါကို ကောင်းကောင်း အသုံးချရမယ်နော်”

“မင်းက ချော်ရည်နန်းတော်ကို သိမ်းပိုက်ချင်နေတာဆိုတော့ နောင်တစ်ချိန်မှာ အမျိုးမျိုးသော စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရမှာ အသေအချာပဲ၊ မင်းအမေကတော့ မင်းကို ဗုဒ္ဓနှလုံးသားဂိုဏ်းထဲ ဝင်ခိုင်းချင်နေတာ၊ ဘာလို့လဲဆိုတော့ အဲ့ဒီဂိုဏ်းမှာ ဒီလို စုံစမ်းစစ်ဆေးမှုတွေကို ကြံ့ကြံ့ခံနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိလို့ပေါ့၊ ဒါပေမဲ့ ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ တပည့်တွေပဲ သင်ယူခွင့် ရှိတာလေ”

“အခု ဒီဝိညာဉ်ဖုံးကွယ်ခြင်း အဖူးအငုံ ကတော့ မင်းရဲ့ အကြီးမားဆုံး အားနည်းချက်ကို ဖြည့်ဆည်းပေးလိုက်တာပါပဲ”

“ဒါပေမဲ့ ငါတော့ ဒီ ‘ချော်ရည်နန်းတော်၏ အနှစ်သာရ’ ကို မဖတ်တော့ဘူး”

“ပြီးတော့ အခုကစပြီး မင်းအမေ မင်းအတွက် ချန်ထားခဲ့တဲ့ ဘယ်အရာကိုမှ ငါ မသိချင်တော့ဘူး”

နင်းကျော့က နားမလည်နိုင်စွာဖြင့် -

“ဗျာ... ဘာဖြစ်လို့လဲ အစ်ကိုစွန်း”

စွန်းလင်ထုံက -

“မင်းကတော့လေ... ခုနကပဲ ငါ ‘မူလခြေရာခံ ပညာရပ်’ အကြောင်း ပြောလိုက်တယ် မဟုတ်လား၊ တမ်းတခြင်းပြည်ရဲ့ ‘နတ်ဘုရားမုဆိုးရုံး’ အကြောင်းရော ငါ မင်းကို မပြောဖူးဘူးလား”

“ငါတို့ရဲ့ လျှို့ဝှက်ချက်တွေကို ကိုယ်စီ သိမ်းထားဖို့ လိုတယ်၊ ဒါမှသာ နောင်တစ်ချိန်မှာ တစ်ယောက်ယောက် အဖမ်းခံရရင်တောင်မှ အထိအခိုက် နည်းမှာဖြစ်သလို တခြားသူတွေဆီကိုလည်း ဆက်စပ်ပြီး မရောက်နိုင်တော့ဘူးပေါ့”

စွန်းလင်ထုံသည် ယခင်က ခိုးယူမှုများဖြင့် အကြိမ်ကြိမ် အဖမ်းခံခဲ့ရဖူးသူ ဖြစ်သဖြင့် အတွေ့အကြုံများစွာဖြင့် ပြောဆိုနေခြင်း ဖြစ်ပေသည်။

“အကယ်၍ မင်း ဒါမှမဟုတ် ငါ နောင်တစ်ချိန်မှာ အဖမ်းခံရလို့ ‘ဝိညာဉ်ရှာဖွေခြင်း’ ပညာရပ်နဲ့ အစစ်ခံရလို့ တစ်ယောက်အကြောင်း တစ်ယောက် သိသွားရင် ရန်သူတွေအတွက် အစဖော်ဖို့ လွယ်သွားပြီး ငါတို့အားလုံးကို တစ်ပြိုင်နက် ဖမ်းမိသွားမှာ မဟုတ်လား၊ အဲ့ဒီအစား ငါတို့ထဲက တစ်ယောက်ယောက်က ပတ်သက်မှု မရှိဘဲ ကျန်နေဦးမယ်ဆိုရင် နောင်တစ်ချိန်မှာ ပြန်လည် ကယ်တင်နိုင်ဖို့ မျှော်လင့်ချက် ပိုရှိတာပေါ့၊ မဟုတ်ဘူးလား”

နင်းကျော့မှာ ရုတ်ခြည်း သဘောပေါက်သွားပြီး -

“အော်... ဒါကြောင့်မို့လို့ ကျွန်တော် ငယ်ငယ်တုန်းက အစ်ကိုစွန်းက ကိုယ့်လျှို့ဝှက်ချက်ကို ကိုယ်တိုင် ထိန်းသိမ်းထားတာက အကောင်းဆုံးပဲလို့ အမြဲတမ်း သတိပေးနေခဲ့တာကိုး”

“အေးလေ... ငါက မင်းရဲ့ အစ်ကိုစွန်းပဲဥစ္စာ” စွန်းလင်ထုံက ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်လေသည်။

...

နင်းကျော့သည် ‘ချော်ရည်နန်းတော်၏ အနှစ်သာရ’ ကို တိတ်တဆိတ် လေ့လာခဲ့လေသည်။

ကျောက်စိမ်းပေလွှာပေါ်တွင် မုန့်ယာယောင်သည် မသေမျိုးနန်းတော်သို့ မည်သို့ ဝင်ရောက်ခဲ့ပုံ၊ အားနည်းချက်များကို ရှာဖွေပုံနှင့် စစ်သေနာပတိ ရာထူးကို အသုံးပြုကာ ပင်မနန်းဆောင်သို့ ဝင်ရောက်ပြီး နန်းတော်သခင်၏ အခွင့်အာဏာ အချို့ကို မည်သို့ ကျင့်သုံးခဲ့ပုံတို့ကို မှတ်တမ်းတင်ထားလေသည်။

အနှစ်သာရထဲတွင် အတိအလင်း မှတ်သားထားသည်မှာ - “ချော်ရည်နန်းတော်တွင် နန်းတော်ဝိညာဉ် တစ်ခု ရှိသင့်သော်လည်း ယခုထက်တိုင် မတွေ့ရသေးပေ” ဟူ၍ ဖြစ်၏။

မုန့်ယာယောင်ကတော့ နန်းတော်ဝိညာဉ်မှာ အလွန်ပင် အားနည်းနေပြီး ထာဝရ အိပ်ပျော်နေခြင်းကြောင့်သာ မသေမျိုးနန်းတော်မှာ သူ့အလိုအလျောက် လည်ပတ်နေရပြီး စံနှုန်းများမှာလည်း တဖြည်းဖြည်း လျော့နည်းလာရခြင်း ဖြစ်မည်ဟု ခန့်မှန်းထားလေသည်။

“ဘာ... အမေက ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဟုတ်လား”

“ဒါတော့ ဟုတ်မှာပါ၊ အမေ့ဆီမှာ ကျင့်ကြံမှုကို အလွယ်တကူ ဖုံးကွယ်ထားနိုင်တဲ့ ဝိညာဉ်ဖုံးကွယ်ခြင်း အဖူးအငုံ ရှိနေတာကိုး”

နင်းကျော့မှာ အလွန်ပင် အံ့အားသင့်သွားရသော်လည်း မကြာမီမှာပင် ထိုအချက်ကို လက်ခံလိုက်လေသည်။

သူ၏ အတွေးများမှာ အမျိုးမျိုး ပြန့်လွင့်လာပြီး မေးခွန်းများစွာ ထွက်ပေါ်လာချေသည် - အမေက ဘာဖြစ်လို့ လူသူမသိအောင် ပုန်းအောင်း နေထိုင်ခဲ့တာလဲ၊ ပြီးတော့ အဖေနဲ့ ဘယ်လိုမျိုး တွေ့ဆုံခဲ့ကြတာလဲ၊ အဖေကရော ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေနိုင်မလား။

ဒါတော့ မဖြစ်နိုင်လောက်ပါဘူး။

နင်းကျော့သည် သူ၏ ဖခင်အရင်းဖြစ်သူကို တစ်ခါမှ မမြင်ဖူးသော်လည်း မိခင်ဖြစ်သူနှင့် ရွာသားများထံမှ သတင်းအချက်အလက် အများအပြားကို စုဆောင်းထားပြီး ဖြစ်ပေသည်။

သူ၏ ဖခင် နင်းကျုံးသည် မိသားစုအပေါ် အလွန် သစ္စာရှိပြီး မျိုးနွယ်စုအတွက် ဂုဏ်ယူတတ်သည့် ရိုးသားသော လူတစ်ယောက် ဖြစ်ကြောင်း သူ သိရှိထားလေသည်။ မုန့်ယာယောင်ကဲ့သို့ ကျင့်ကြံမှုကို ဖုံးကွယ်ထားနိုင်သူ တစ်ယောက်တော့ မဟုတ်နိုင်ပေ။

“ချော်ရည်နန်းတော်မှာ ဓာတ်ငါးပါး အမြောက်မျှော်စင်၊ အမိန့်ပေးစင်မြင့်၊ ဆေးဝါးခန်းမ စတဲ့ စက်မှုအဆောက်အအုံတွေ အများကြီး ရှိတယ်”

“အမေ့ရဲ့ ရာထူးကလည်း အဲ့ဒီထဲက တစ်ခုကနေ မြစ်ဖျားခံလာတာပဲ”

“နောင်တစ်ချိန်မှာ ငါလည်း အမေ့ဆီကနေ သင်ယူပြီး ကုသိုလ်တွေ စုဆောင်းကာ ရာထူးတွေကို ရယူရမယ်”

“အင်း... ရာထူးတွေဆိုတာ အမိန့်ပေးနိုင်တဲ့ တာဝန်တွေနဲ့ အတူရှိနေတာပဲ၊ ငါလည်း သူငယ်ချင်းတွေ အများကြီး ဖွဲ့ပြီး စက်မှုအဆောက်အအုံ တစ်ခုကို အတူတူ သိမ်းပိုက်ကာ သက်ဆိုင်ရာ ရာထူးတွေကို ရယူနိုင်ဖို့ ကြိုးစားရမယ်”

နင်းကျော့သည် ဆက်လက် ဖတ်ရှုလိုက်လေသည်။

“ကျန်းမျိုးနွယ်စုလား... ဟွန်း”

“ကျန်းမျိုးနွယ်စုက ရွှေအမြုတေအဆင့် ဘိုးဘေးနှစ်ယောက်က အမေ့ကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့ကြတာပဲ”

“သူတို့က အမေ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူတွေ မဟုတ်ပေမဲ့ သူတို့ ခဏခဏ တိုက်ခိုက်ခဲ့ကြတာကြောင့် အမေ့ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းဖို့ နှောင့်နှေးခဲ့ရတာကတော့ ငြင်းလို့မရတဲ့ အချက်ပဲ”

“အခွင့်အရေး ရတဲ့တစ်နေ့ကျရင် သူတို့ကို ငါ ပြန်ပေးဆပ်ခိုင်းရမယ်”

နင်းကျော့သည် အရေးကြီးဆုံးအချက်ကို မေ့မထားဘဲ စက်မှုတံစဉ်ကို မည်သို့ ထိန်းချုပ်ရမည်ကို အသေးစိတ် လေ့လာလိုက်လေသည်။

‘ချော်ရည်နန်းတော်၏ အနှစ်သာရ’ ထဲမှ ထိုစက်မှုတံစဉ်၏ နာမည်ရင်းမှာ ‘မြွေနဂါး တံစဉ်ကြီး’ ဖြစ်ကြောင်း သူ သိရှိသွားလေသည်။

သူသည် ထိုတံစဉ်ကို ထိန်းချုပ်ရန် နည်းလမ်းသုံးခုကို သေချာစွာ လေ့လာခဲ့၏။

ပထမနည်းလမ်းမှာ ချိပ်ပိတ်ခြင်း ပညာရပ် ဖြစ်ပြီး၊ ထိုနည်းလမ်းမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်ရန် အမှန်တကယ် လိုအပ်ပေသည်။

ဒုတိယနည်းလမ်းမှာ အစီအရင်များကို ပြန်လည်သွန်းလုပ်ခြင်း ဖြစ်ပြီး၊ ၎င်းမှာ ပို၍ပင် ခက်ခဲကာ အထွတ်အထိပ်အဆင့်ရှိသော အရည်ကျိုမီးဖို တစ်ခု လိုအပ်လေသည်။

တတိယနည်းလမ်းမှာ ခုနစ်လက်မ အစိတ်အပိုင်းကို ဖယ်ရှားပြီး သတ်မှတ်ထားသော အချိန်တွင် ပြန်လည်တပ်ဆင်ကာ အငြိုးအတေး အဟောင်းနှင့် အသစ်ကို အချင်းချင်း တိုက်ခိုက်ခြေဖျက်စေခြင်းပင် ဖြစ်ပေတော့သည်။

...

နင်းကျော့ အသက် ရှစ်နှစ်အရွယ်သို့ ရောက်ရှိလာခဲ့လေသည်။

စက်မှုမြွေနက်ကြီးက ကျင့်ကြံသူအလောင်းများကို ဝါးမြိုနေသည်ကို ကြည့်ရင်း စွန်းလင်ထုံက မချီးကျူးဘဲ မနေနိုင်တော့ဘဲ -

“တိုက်ပွဲဖြစ်တဲ့နေရာကို ရှင်းလင်းဖို့အတွက် ဒါကို သုံးရတာ တကယ်ကို အဆင်ပြေတာပဲနော်”

“ဒီနှစ်နှစ်အတွင်း သူက ငါတို့ရဲ့ အားကောင်းတဲ့ ရန်သူတွေကို အများကြီး ခြေမှုန်းပေးခဲ့တာပဲ၊ အခုဆိုရင် ငါတို့ ဒါကို ကောင်းကောင်း သုံးတတ်နေပြီဆိုတော့ မင်းက ဒါကို ကျန်းမျိုးနွယ်စုကို တကယ်ပဲ ‘လက်ဆောင်’ ပေးဖို့ စီစဉ်နေတာလား”

နင်းကျော့က ခေါင်းညိတ်ပြလျက် -

“သူက ပိုပြီး ရက်စက်လာပြီလေ”

“အမေ ချန်ထားခဲ့တဲ့ ချိပ်ပိတ်မှု စွမ်းအားတွေလည်း ကုန်ခမ်းနေပြီ၊ ငါတို့က ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ မဟုတ်တော့ သူ့ကို ပြန်ပြီး ချိပ်ပိတ်နိုင်စွမ်း မရှိဘူးလေ”

“ပြီးတော့ ပြန်လည်သွန်းလုပ်ဖို့အတွက် အရည်ကျိုမီးဖိုလည်း ငါတို့ဆီမှာ မရှိဘူး၊ ကျန်းမျိုးနွယ်စုဆီမှာပဲ ရှိတာ”

“ငါတို့က အငြိုးအတေးတွေကို အကြိမ်ကြိမ် တန်ပြန်ခဲ့ကြတော့ မူလအငြိုးအတေးက အားနည်းနေပြီ၊ ဒီအတိုင်းသာ ဆက်သွားရင် အငြိုးအတေး အသစ်က မူလအငြိုးအတေးကို လုံးဝ ဖျက်ဆီးပစ်လိမ့်မယ်၊ အဲ့ဒီကျရင် မြွေနဂါး တံစဉ်ကြီးကို ငါတို့ ထိန်းချုပ်နိုင်စွမ်းက အနိမ့်ဆုံးအဆင့်အထိ ကျသွားမှာပဲ”

“ဒါကြောင့် သူ့ကို စက်မှုပုံစံကားချပ်တွေနဲ့အတူ ကျန်းမျိုးနွယ်စုဆီကို ပေးအပ်ဖို့ အခွင့်အရေး ရှာရမယ်၊ ကျန်းမျိုးနွယ်စုက ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ယောက်ကတော့ ဒီဆွဲဆောင်မှုကို အောင့်အီးနိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်၊ သူတို့ဟာ မြွေနဂါး တံစဉ်ကြီးကို ပြန်လည်သွန်းလုပ်ဖို့အတွက် စိတ်အားထက်သန်နေကြမှာ အသေအချာပဲ”

“အခုဆိုရင် ငါတို့က မှောင်ခိုဈေးကွက်ကို အခြေခံအားဖြင့် ထိန်းချုပ်ထားနိုင်ပြီဆိုတော့ ‘ညဉ့်လေ သံပျော့’ တွေကို ဆက်ပြီး စုဆောင်းထားကြမယ်”

“ကျန်းမျိုးနွယ်စုက ပြန်လည်သွန်းလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အကောင်းဆုံး ပစ္စည်းတွေကိုပဲ သုံးကြမှာဆိုတော့ အဲ့ဒါက ‘ညဉ့်လေ သံပျော့’ ဖြစ်လာမှာပဲ”

“အဲ့ဒီအချိန်ကျရင် ငါက မူလအငြိုးအတေးကို ‘ညဉ့်လေ သံပျော့’ ထဲမှာ ရောထည့်ထားလိုက်မယ်၊ ကျန်းမျိုးနွယ်စုက ဒါကို ရှာမတွေ့နိုင်ဘူးလို့ ငါ လောင်းကြေးထပ်ရဲတယ်”

စွန်းလင်ထုံမှာ မျက်လုံးများ အရောင်တောက်သွားပြီး တဟားဟား ရယ်မောကာ -

“တကယ့်ကို ကောင်းမွန်တဲ့ အစီအစဉ်ပါလား၊ တကယ်ကို တော်တာပဲ၊ ညဉ့်မိုးစက်မင်းဆက်ရဲ့ လက်နက်တွေက အခုခေတ် ကျင့်ကြံမှု နည်းလမ်းတွေနဲ့ အများကြီး ကွာခြားတာဆိုတော့ ကျန်းမျိုးနွယ်စုက မူလအငြိုးအတေးကို ရှာတွေ့ဖို့ဆိုတာ မလွယ်ပါဘူး”

“ငါ ဒီမြွေနဂါး တံစဉ်ကြီးကို ယူပြီး ချော်ရည်နန်းတော်ထဲမှာ သွားထားလိုက်မယ်”

“အင်း...”

“ငါတို့က ကျန်းမျိုးနွယ်စုရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေဆီကို တိုက်ရိုက် ‘ပေး’ လို့တော့ မဖြစ်ဘူး၊ ကြားခံအနေနဲ့ သင့်တော်တဲ့ လူတစ်ယောက်ကို ရွေးချယ်ရလိမ့်မယ်၊ ဟီးဟီးဟီး”

အခန်း (၃၅၂) မိခင်နှင့်သား အမှီသဟဲပြုခြင်း

“တစ်နှစ်… နှစ်နှစ်… သုံးနှစ်…”

ဗုဒ္ဓဘာသာ သမားတော် မုန့်ယာယောင် သတိပြန်လည်လာသည့် အချိန်ကာလများမှာ တစ်စထက်တစ်စ ပိုမိုကြာမြင့်လာချေသည်။

ယခင်ကမူ တစ်နှစ်အတွင်း နင်းကျော့နှင့် အကြိမ်အနည်းငယ် ဆုံတွေ့နိုင်သော်လည်း ယခုအခါမူ နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့်မှ တစ်ကြိမ်သာ ဆုံတွေ့နိုင်တော့ပေ၏။

နင်းကျော့သည် စားအိပ်ရန်ပင် မေ့လျော့လျက် စက်မှုပညာရပ်များကိုသာ အာရုံစိုက် လေ့လာနေခဲ့သည်။

နင်းကျဲအစရှိသော သူများက သူ့အား အနားယူရန် အကြံပြုကြသော်လည်း သူကမူ လူရှေ့တွင်သာ လိုက်နာဟန်ဆောင်ပြီး စိတ်ထဲ၌မူ ဂရုမထားခဲ့ပေ။

သူ့အတွက် မိခင်ဖြစ်သူထက် အရေးကြီးသောအရာ အဘယ်မှာ ရှိပါအံ့နည်း။

နက်မှောင်သော ညဉ့်နက်တစ်ချိန်တွင် ဗုဒ္ဓဘာသာ သမားတော် မုန့်ယာယောင် ပေါ်ထွက်လာခဲ့သည်။

နင်းကျော့၏ စက်မှုပညာ အခြေခံကို စမ်းသပ်ကြည့်ပြီးနောက် မုန့်ယာယောင်က ကျေနပ်အားရစွာ ပြုံးလျက်-

“ငါ့သားလေးက စက်မှုပညာမှာ အခြေခံကောင်းအောင် ကြိုးစားခဲ့တာပဲ၊ မင်းရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်သေးပေမဲ့ အခုတော့ အမေ့ကို ကူညီဖို့ လုံလောက်နေပါပြီ”

နင်းကျော့က ဝမ်းသာအားရဖြင့်-

“အမေ… ကျွန်တော် ဘာလုပ်ပေးရမလဲဟင်”

မုန့်ယာယောင်က

“အမေက ဒီလောကမှာ မရှိတော့ဘူး၊ ဝိညာဉ်သဘာဝပဲ ကျန်တော့တာ၊ အခု တာအိုဒဏ်ရာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ချိပ်ပိတ်ထားမှပဲ အမေ ဒီမှာ ကြာကြာနေနိုင်မှာ”

“သာမန်အားဖြင့်ဆိုရင် ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် အစောပိုင်းပဲ ရှိသေးတဲ့ မင်းက ရွှေအမြုတေအဆင့် စက်မှုရုပ်သေးတွေကို မထိန်းချုပ်နိုင်ဘူး”

“ဒါပေမဲ့ အမေ့ရဲ့ ‘ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်’ ကတော့ ဒီစည်းမျဉ်းကို ချိုးဖောက်နိုင်တယ်”

“မင်းက အမေ ပြုပြင်ထားတဲ့ စက်မှုအစိတ်အပိုင်းတွေနဲ့ အဲဒီတံဆိပ်တော်ကို ပေါင်းစပ်ပြီး အမေ့ရဲ့ ဝိညာဉ်နဲ့ ချိတ်ဆက်လိုက်ရင် ဗုဒ္ဓဘာသာ သမားတော်ကို အနိုင်နိုင် ထိန်းချုပ်နိုင်လိမ့်မယ်”

မုန့်ယာယောင်သည် ထိန်းချုပ်ပုံ ထိန်းချုပ်နည်းကို နင်းကျော့အား သင်ကြားပေးခဲ့သည်။ နင်းကျော့သည် ချက်ချင်းပင် တတ်မြောက်သွားပြီး သူ၏မျက်ဝန်းများမှာ အရောင်တောက်လျက် ဗုဒ္ဓဘာသာ သမားတော်၏ လှုပ်ရှားမှုများကို လွှမ်းမိုးနိုင်ခဲ့ချေသည်။

မုန့်ယာယောင်က ကျေနပ်စွာဖြင့်-

“ငါ့သားလေး… ဒီစက်မှုယန္တရားက မသေမျိုးနန်းတော်ဆီ လုံးဝပြန်မသွားအောင် အမေ ပြုပြင်ထားပြီးပြီ”

“အမေ ချိပ်ပိတ်လိုက်ပြီးရင် ဒီသမားတော်ရုပ်သေးက သူ့ရဲ့ တားမြစ်ချက်တွေနဲ့ အမေ့ဝိညာဉ်အတိုင်းပဲ လှုပ်ရှားတော့မှာ၊ မီးလျှံတောင်တန်းတစ်ဝိုက်မှာ လှည့်လည်ရင်း မသေမျိုးနန်းတော်ကို ကာကွယ်ဖို့ မီးလျှံနတ်ဆိုး သားရဲတွေကို သတ်ဖြတ်နေလိမ့်မယ်”

“အမေက ကိုယ့်ဘာသာ သတိပြန်မလည်နိုင်တော့ဘူး၊ မင်းက အပြင်ကနေ နှိုးပေးဖို့ လိုတယ်၊ အဲဒါအတွက်လည်း အမေ နည်းလမ်းရှာထားတယ်”

“အမေက ပျံလွှားတိမ်တိုက်ပြည်ကဆိုတော့ ချိပ်ပိတ်ခြင်း ပညာရပ်ကို မွမ်းမံပြီး စီစဉ်ထားပြီးသား… မီးလျှံတောင်တန်းကို လာတဲ့ ကျင့်ကြံသူတွေကို သုံးပြီး… ရူယီ ပိုးကြိုးတွေကို ရောင်းခိုင်းမယ်… အမေ အားစိုက်ဖို့ လိုတဲ့အခါ အဲဒီထဲမှာ ထူးခြားတဲ့ တိမ်တိုက်ချည်မျှင်တွေကို ရောလိုက်ရုံပဲ…”

နင်းကျော့သည် စကားတစ်လုံးမကျန် ဂရုတစိုက် နားထောင်နေခဲ့သည်။ ထို့နောက် သူက မေးမြန်းသည်မှာ

“အမေ… ကျွန်တော် ‘ချော်ရည်နန်းတော် အနှစ်သာရ’ ကို ဖတ်ကြည့်တော့ မြွေနဂါး တံစဉ်ကြီးရော အမေရော ရွှေမီးဖိုထဲ ဖြတ်သန်းခဲ့ရတယ်လို့ သိရတယ်၊ ရွှေမီးဖိုက ဝိညာဉ်ကို ဘယ်လိုများ သန့်စင်ပေးတာလဲ၊ အဲဒါနဲ့ ပတ်သက်တဲ့ ကျမ်းစာများ ရှိမလား၊ ကျွန်တော် အဲဒါကို ရရင် အမေ့ဝိညာဉ်ကို ပြန်ကောင်းအောင် လုပ်ပေးနိုင်မလား”

မုန့်ယာယောင်က ပြုံးလျက်

“အမေလည်း အဲဒါကို စဉ်းစားဖူးတယ်၊ ဖြစ်နိုင်ခြေ ရှိပါတယ်”

“နောင်မှာ မင်း နန်းတော်ထဲ ရောက်တဲ့အခါ စမ်းကြည့်နိုင်တာပေါ့”

“ဒါပေမဲ့ ဝိညာဉ်က ဝိညာဉ်ပဲ၊ မှတ်ဉာဏ်က မှတ်ဉာဏ်ပဲ၊ အမေ့မှာ အရေးကြီးတဲ့ မှတ်ဉာဏ်တချို့ပဲ ကျန်တော့တာ”

“ဝိညာဉ်ကို ချိပ်ပိတ်ထားပေမဲ့ တာအိုဒဏ်ရာကြောင့် မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတာကိုတော့ မတားဆီးနိုင်ဘူး”

“ငါ့သားလေး… အမေကလေ…”

မုန့်ယာယောင်၏ အသံမှာ တုန်ရီလာပြီး-

“နောင်မှာ အမေ မင်းကို မှတ်မိချင်မှ မိတော့မှာ၊ ဝိညာဉ်ရဲ့ လှုံ့ဆော်မှုအတိုင်းပဲ လှုပ်ရှားတော့မှာမို့လို့ မင်း ဝမ်းမနည်းပါနဲ့နော်”

နင်းကျော့၏ မျက်လုံးများတွင် မျက်ရည်များ ဝေ့သီလာကာ အက်ရှသော အသံဖြင့်-

“အမေ… ကျွန်တော် နည်းလမ်းတစ်ခုခု ရှာမှာပါ၊ စိတ်ချပါ… ကျွန်တော် မသေမျိုးနန်းတော်ကို သိမ်းပိုက်ပြီး အမေ့ကို သေချာပေါက် ကယ်ထုတ်ပါ့မယ်”

မုန့်ယာယောင်က နင်းကျော့၏ ပါးပြင်ကို အသာအယာ ပွတ်သပ်ရင်း-

“အမေ မင်းကို ယုံတာပေါ့ ငါ့သားလေးရယ်၊ မင်းလို သားကောင်းလေး ရထားတာ အမေ တကယ် ကံကောင်းတာပဲ”

“မင်းနားမှာ ဒီလောက်နှစ်အကြာကြီး နေခွင့်ရခဲ့တာနဲ့တင် အမေ ကျေနပ်ပါပြီ”

“မသေမျိုးနန်းတော်ကို သိမ်းပိုက်ဖို့ဆိုတာ မအရေးကြီးပါဘူး”

“အမေကလည်း အရေးမကြီးပါဘူး”

“မင်းမှာ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်လမ်း ရှိရမယ်…”

နင်းကျော့က စကားဖြတ်ပြောလိုက်သည်မှာ-

“အမေ… အဲဒီလို မပြောပါနဲ့တော့…”

သူသည် မိခင်ဖြစ်သူကို တင်းကျပ်စွာ ပွေ့ဖက်ထားရင်း အရွယ်ရောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

...

အသက် (၁၆) နှစ်အရွယ်။

“အမေ… အပြောင်းအလဲတွေ ရှိကုန်ပြီ၊ ချော်ရည်နန်းတော်ရဲ့ စံနှုန်းက ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်အထိ လျော့ကျသွားပြီ… ကျွန်တော်တို့ ဒီဘဝမှာ အဲဒီကို ရောက်နိုင်တော့မှာ မဟုတ်ဘူး”

နင်းကျော့သည် မသေမျိုးနန်းတော်ကို ဖောက်ခွဲရန် ဆုံးဖြတ်လိုက်သည်။

သူသည် နင်းချန်နှင့် နင်းယုံတို့ကို ‘တိုက်တိုက်ဆိုင်ဆိုင်’ တွေ့ဆုံခဲ့သည်။

နင်းချန်က လှောင်ပြောင်သည်မှာ-

“ငါသာ မင်းဦးလေးနဲ့ ဒေါ်ဒေါ်နေရာမှာဆိုရင် မင်း ဒီလို အလုပ်ရုံသေးသေးလေးမှာ ဒုက္ခခံပြီး အသက်မွေးနေရတာ မြင်ရင် ဘယ်လို ခံစားရမလဲ သိလား”

“သူတို့ စဉ်းစားနေမှာကတော့… ကြည့်စမ်း၊ နင်းကျော့က သူ့ခြေသူ့လက် မသိဘဲ ငါတို့ အကူအညီမပါရင် ကျင့်ကြံသူတွေရဲ့ အောက်ခြေမှာပဲ ဆင်းရဲဒုက္ခရောက်နေတာပဲလို့ပေါ့”

နင်းကျော့က စိတ်ထဲမှ သတိထားလိုက်သည်မှာ ‘ဒီနင်းချန် တစ်ခုခု မှားနေပြီ’ ဟူ၍ ဖြစ်သည်။ အပြင်ပန်းတွင်မူ သူက မျက်မှောင်ကြုတ်လျက် စိတ်အနှောင့်အယှက် ဖြစ်သွားဟန် ဆောင်လိုက်ချေသည်။

နင်းချန်က နင်းကျော့ ထောင်ချောက်ထဲ ရောက်ပြီအထင်နှင့် ဆက်လက် ဖိအားပေးလေတော့သည်။

နင်းကျန်ကျိနှင့် တွေ့ဆုံပြီးနောက် နင်းကျော့သည် မျိုးနွယ်စု ကျင့်ကြံသူများနှင့်အတူ မီးလျှံတောင်တန်း၏ နက်ရှိုင်းသော နေရာသို့ သွားရောက်ခဲ့သည်။

နင်းကျန်ကျိက သူ့အား ဆုံးမသည်မှာ-

“မင်းက ငယ်သေးတယ်၊ ပိုက်ဆံနောက်ပဲ မလိုက်ပါနဲ့ဦး၊ ကိုယ့်ကိုယ်ကိုယ် ပြန်မြှင့်တင်တာကမှ အကောင်းဆုံး လမ်းစပဲ”

“အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်သွားရင် မင်းရဲ့ဘဝက တစ်မျိုး ပြောင်းလဲသွားလိမ့်မယ်”

နင်းကျော့က ‘ငါ့ကို ထောင်ချောက်ဆင်ချင်တာ နင်းကျန်ကျိပဲ၊ သူ့နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေရင်တောင်… ဟွန်း… ငါ့ကို ကြံစည်ချင်တာလား၊ ဒီလူကို ဖယ်ရှားပစ်ဖို့ အခွင့်ကောင်းပဲ’ ဟု စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။

မီးလျှံတောင်တန်း၏ အတွင်းပိုင်းသို့ ရောက်သောအခါ နင်းကျော့သည် ဗုဒ္ဓဘာသာ သမားတော်ကို သူ၏ နှလုံးသားတံဆိပ်တော်ဖြင့် ဆက်သွယ်လိုက်သည်။

သူသည် သမားတော်ရုပ်သေးကို အဝေးမှ ထိန်းချုပ်လျက် လမ်းတစ်လျှောက်ရှိ မီးလျှံနတ်ဆိုး သားရဲများကို သတ်ဖြတ်ကာ အစီအရင်တစ်ခုကို အစာအဖြစ် ဖန်တီးလိုက်ချေသည်။

နင်းမျိုးနွယ်စု ကျင့်ကြံသူများသည် ထောင်ချောက်ထဲသို့ တန်းတန်းမတ်မတ် တိုးဝင်သွားကြလေရာ-

“ရှေ့မှာ ချော်ရည်မြေနီမျောက်ကြီး ရှိတယ်” ဟု ကင်းထောက် ကျင့်ကြံသူတစ်ဦးက အော်ဟစ် သတိပေးလိုက်သည်။

နင်းမျိုးနွယ်စု အဖွဲ့သည် အတွင်းပိုင်းသို့ ဆက်တိုးလာရင်း သားရဲများ၏ ဝိုင်းရံမှုကို ခံရသဖြင့် ကာကွယ်ရေး အစီအရင်ဖြင့် ခုခံနေရသည်။

တစ်ချိန်တည်းမှာပင် သမားတော်ရုပ်သေးသည် ချော်ရည်နန်းတော်အနီးသို့ ချဉ်းကပ်လာရာ ကျန်းရွှမ်းကော၏ တိုက်ခိုက်မှုကို ခံရလေတော့သည်။

“မင်းတို့လို အောက်တန်းစားတွေက မသေမျိုးနန်းတော်ကို မက်မောရဲတယ်ပေါ့၊ အသက်ကို ထားခဲ့ပေတော့” ဟု ကျန်းရွှမ်းကောက ဟိန်းဟောက်လိုက်သည်။

နင်းကျော့ ထိန်းချုပ်ထားသော အရိပ်နက် မိစ္ဆာကျင့်ကြံသူ သမားတော်ရုပ်သေး က အသံအိုကြီးဖြင့် တဟားဟား ရယ်မောလျက်-

“ကျင့်ကြံခြင်းလောကရဲ့ ရတနာဆိုတာ ကံပါတဲ့သူ ရမှာပဲ၊ မင်းတို့ မီးလျှံတောင် မသေမျိုးမြို့တော်က မျိုးနွယ်စုကြီးတွေက ချော်ရည်နန်းတော်ကို လက်ဝါးကြီးအုပ်ချင်တာလား၊ အိပ်မက်မက်နေလိုက်”

တိုက်ပွဲအလယ်တွင် အရိပ်နက် မိစ္ဆာကျင့်ကြံသူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ နင်းကျန်ကျိ သေဆုံးသွားခဲ့သည်။

“အကြီးအကဲ နင်းကျန်ကျိ” ဟု နင်းမျိုးနွယ်စု ကျင့်ကြံသူများက အော်ဟစ်ကြသော်လည်း နင်းကျန်ကျိမှာမူ မျက်လုံးအပြူးသားဖြင့် သေဆုံးသွားခဲ့ချေပြီ။

...

မသေမျိုးနန်းတော် ပေါက်ကွဲသွားပြီးနောက် ပညာရပ်ဆက်ခံခြင်းခေါင်းလောင်းသံမှာ တစ်မြို့လုံးသို့ ပျံ့နှံ့သွားရာ နင်းကျော့ပင် အံ့အားသင့်သွားရသည်။

သူနှင့် အခြားကျင့်ကြံသူများကို စစ်ဆေးရန် အကျဉ်းထောင်သို့ ခေါ်ဆောင်သွားခဲ့သည်။ နင်းကျော့သည် ဘေးကင်းစေရန်အတွက် သမားတော်ရုပ်သေးကို အဝေးမှ ထိန်းချုပ်ကာ နောက်မှ လိုက်ပါခိုင်းထားသည်။

အကယ်၍ သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားပါက သမားတော်ရုပ်သေးကို သုံး၍ ကယ်တင်ရန် စီစဉ်ထားခြင်း ဖြစ်ပေ၏။

စစ်ဆေးမှုကို ချောမွေ့စွာ ဖြတ်ကျော်နိုင်ခဲ့သော်လည်း အကျဉ်းထောင်မှ ထွက်လာချိန်တွင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ကြုံရလေသည်။

သတိပေးနှလုံးသားခေါင်းလောင်းက တစ်ခုခုကို အာရုံခံမိသဖြင့် ချီတွန်းက သမားတော်ရုပ်သေးကို ရှာတွေ့သွားခဲ့သည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦး တိုက်ခိုက်ကြလေတော့သည်။

နင်းမျိုးနွယ်စု ကျင့်ကြံသူများသည် ဘေးသင့်မည်စိုး၍ အရပ်ရပ်သို့ ထွက်ပြေးကြရာ နင်းချန်နှင့် နင်းယုံတို့ကလည်း နင်းကျော့ကို ဆွဲခေါ်လျက် ပြေးကြလေသည်။

သို့သော် နင်းကျော့က-

“ပြေးမလို့လား၊ အကျဉ်းထောင်ထဲ ပြန်သွားကြစို့၊ အဲဒါကမှ အလုံခြုံဆုံးပဲ”

ထိုသူနှစ်ဦးမှာ ကြောင်အမ်းသွားကြသည်။ နင်းကျော့က သူတို့နှစ်ဦး၏ လက်ကို ဆွဲလျက်-

“ငါ့ကို ယုံစမ်းပါ၊ မင်းတို့ မမှားစေရဘူး”

သူတို့ သုံးဦးသည် အကျဉ်းထောင်ထဲသို့ ပြန်ဝင်သွားကြသည်။ နင်းချန်နှင့် နင်းယုံတို့မှာ စိတ်မအေးနိုင်ဘဲ ရှိနေကြသော်လည်း နင်းကျော့ကမူ အေးအေးလူလူ သစ်သီးစား၊ လက်ဖက်ရည်သောက်ရင်း စိတ်စွမ်းအားကို သုံး၍ သမားတော်ရုပ်သေးကို တိုက်ပွဲမှ ဆုတ်ခွာရန် အဝေးမှ ထိန်းချုပ်နေခဲ့သည်။

အရေးကြီးသော အချိန်တွင် သူသည် ဖေးစီကို သတိရကာ သမားတော်ရုပ်သေးကို မီးလျှံသီးတောအုပ်ထဲသို့ အတင်းဝင်ခိုင်းလိုက်သည်။

နင်းကျော့ ထင်ထားသည့်အတိုင်းပင် ဖေးစီက ချီတွန်းကို တားဆီးလိုက်လေတော့သည်။

...

လူငယ်ဧည့်သည်အဖြစ်နှင့် နင်းကျော့သည် စွန်းလင်ထုံ၊ ဟန်မင်တို့နှင့် ပူးပေါင်းကာ ဇီယန်ဆောင်မှ ဆေးလုံးများကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့သည်။

ဟန်မင်ကို ထောင်ချောက်ဆင်သည့် နင်းကျော့၏ အကြံအစည်မှာ အောင်မြင်ခဲ့ချေပြီ။

စွန်းလင်ထုံက ဆေးလုံးများကို စစ်ဆေးပြီး သိမ်းထားရန် အကြံပေးသော်လည်း နင်းကျော့က ခေါင်းခါလျက်-

“အဲဒါကို ကျွန်တော် လုံးဝ အားမပေးဘူး”

“အခု မုန့်ချုံနဲ့ တိုးသွားတာ၊ သူက ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူရဲ့ မြေးလေ၊ ကျွန်တော်တို့ လုပ်ရပ်က မုန့်ချုံကို လုပ်ကြံတာလို့ အဓိပ္ပာယ်ထွက်သွားနိုင်တယ်”

နင်းကျော့က အေးစက်စွာဖြင့်-

“ဒါက ရိုးရိုးလေးပဲ မဟုတ်လား၊ မီးလျှံသီးတောအုပ်ထဲ ပစ်ချလိုက်ရုံပေါ့”

စွန်းလင်ထုံမှာ အံ့အားသင့်သွားပြီးနောက် မျက်ဝန်းများ တောက်ပလာကာ လက်ခုပ်တီးလျက်-

“တော်လိုက်တာ၊ တကယ်ကို တော်တဲ့အကြံပဲ”

အမှန်ပင် တော်လှသော အကြံဖြစ်ပေသည်။

ဆေးလုံးများကို ဗုဒ္ဓဘာသာ သမားတော်လက်သို့ ထည့်ပေးလိုက်ခြင်းဖြင့် လူငယ်ဧည့်သည်၊ စွန်းလင်ထုံနှင့် အရိပ်နက် မိစ္ဆာကျင့်ကြံသူတို့ကြားမှ ပတ်သက်မှုကို လျော့နည်းစေခဲ့သည်။

ထို့ပြင် သမားတော်ရုပ်သေး၏ စက်မှုအလင်းတန်းဖြင့် သန့်စင်လိုက်သဖြင့် ဆန်းလဲ့ တပ်ထားနိုင်သော ခြေရာခံနည်းလမ်းများကိုလည်း အကုန်အစင် ဖယ်ရှားပစ်နိုင်ခဲ့ချေပြီ။

...

မီးလျှံသီး ပွဲတော်ရက်။

ချန်ချာသည် ယွမ်တာရှန့်၏ ယုံကြည်အားကိုးထိုက်မှုကို ခံစားနေရသည်။

နင်းကျော့မှာမူ တိတ်ဆိတ်နေသော်လည်း သူ၏ မျက်ဝန်းနက်များထဲတွင် အကြံတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

သူက စိတ်ထဲမှ လှောင်ပြောင်လိုက်သည်မှာ ‘ယုံကြည်ရတယ် ဟုတ်လား၊ ငါ့ရဲ့ အစီအစဉ်တွေက ဒီအချိန်အတွက်ပဲ’ ဟူ၍ ဖြစ်သည်။

စက်မှုမျောက်တစ်ဒါဇင်ခန့်မှာ ကျင့်ကြံသူများ၏ ထိန်းချုပ်မှုမှ ရုတ်တရက် လွတ်ထွက်သွားကာ ယွမ်အာကို တိုက်ခိုက်လေတော့သည်။ သို့သော် လုပ်ကြံမှုမှာ မအောင်မြင်ခဲ့ပေ။ ယွမ်တာရှန့်က နောက်ပြန်လှည့်လျက် မီးလျှံသီးများကို ဆက်လက် ဆွတ်ခူးနေခဲ့သည်။

တောင်စောင်းပေါ်တွင် နင်းကျော့၏ မျက်ဝန်းမှ အလင်းတန်းများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေချေပြီ။

“လာစမ်း… လာစမ်း…” ဟု သူက စိတ်ထဲမှ တိုးတိုးလေး ရေရွတ်နေခဲ့သည်။

ယခင် လုပ်ကြံမှုကြောင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီးနောက် ပေါက်ကွဲမှုကြောင့် လူတိုင်း၏ အာရုံမှာ လွှဲပြောင်းသွားခဲ့သည်။

ဗုဒ္ဓဘာသာ သမားတော်သည် ထိုအခွင့်အရေးကို သုံး၍ ခန္ဓာကိုယ်ကို ကျုံ့ကာ ပေါက်ကွဲမီးလျှံမျောက်တစ်ကောင်၏ သိုလှောင်အစီအရင်ထဲသို့ ပုန်းလျှိုး ဝင်ရောက်သွားခဲ့လေ၏။

စက်မှုမျောက်များသည် မီးလျှံသီးများ ပြည့်သွားသောအခါ အဝေးမှ ထိန်းချုပ်မှုဖြင့် ပြန်လာကြသည်။ ၎င်းတို့သည် အစီအရင်ထဲတွင် ရပ်လျက် မီးလျှံသီးများကို ပြန်အန်ထုတ်ကြရာ လူတစ်ရပ်ခန့် မြင့်သော တောင်ငယ်တစ်ခု ဖြစ်လာသည်။

ထိုအခါ အစီအရင် ပွင့်သွားပြီး မီးလျှံသီးများကို မြို့စားမင်းဂေဟာ၏ ကျီသို့ တိုက်ရိုက် ပို့ဆောင်လိုက်လေတော့သည်။

ရလဒ်အနေဖြင့် အရိပ်နက် မိစ္ဆာကျင့်ကြံသူမှာ လျှို့ဝှက်စွာ ပျောက်ကွယ်သွားခဲ့ချေပြီ။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ မျက်နှာပျက်ကုန်ကြသည်။

ကျိုးမျိုးနွယ်စု ဘိုးဘေးက ကျူးရွှမ်းကျိ၏ ရွှေရောင်မျက်ဝန်း ပါရမီကို သံသယဝင်လာ၏။

ကျူးရွှမ်းကျိက မာန်ပါပါဖြင့်-

“ကျွန်တော့်ရဲ့ ရွှေရောင်မျက်ဝန်းက နတ်ဘုရားအဆင့်ကို ရောက်နေပြီလို့ပဲ ပြောပါရစေ၊ နတ်ဘုရားမုဆိုးရုံးမှာ ဆယ်စုနှစ်တစ်ခုကျော် နေလာတဲ့အတွင်း ကျွန်တော့်အမြင်ကို အန်တုနိုင်တဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးယောက်ပဲ တွေ့ဖူးသေးတယ်၊ ရွှေအမြုတေအဆင့်အောက်မှာတော့ ကျွန်တော့်မျက်စိကို ဘယ်သူမှ မလွတ်နိုင်ဘူး”

...

နင်းကျော့၏ ဝိညာဉ်သည် မသေမျိုးနန်းတော်အတွင်းသို့ ရောက်ရှိသွားပြီးနောက် ‘ဝိညာဉ်လွတ်မြောက်ခြင်း ကျမ်းစာ’ ကို ဆုလာဘ်အဖြစ် ရယူလိုက်သည်။

ထိုကျမ်းစာပါ အကြောင်းအရာများမှာ နင်းကျော့၏ စိတ်ထဲသို့ လျင်မြန်စွာ စီးဝင်လာချေသည်။

“ငါ ထင်ထားတဲ့အတိုင်းပဲ” နင်းကျော့သည် ပထမတွင် ဝမ်းသာသွားပြီးနောက် မှင်သက်သွားရသည်။ ထိုကျမ်းစာက သူ့အား များစွာ လှုပ်ခတ်သွားစေသောကြောင့် ဖြစ်ပေ၏။

ထိုအခိုက်အတန့်တွင် သူသည် ဝမ်းသာလွန်း၍ ငိုပင် ငိုချင်လာခဲ့သည်။

“အမေ… ‘ဝိညာဉ်လွတ်မြောက်ခြင်း ကျမ်းစာ’ က ဝိညာဉ်သဘာဝကို သန့်စင်ပေးနိုင်သလို တိုးတက်အောင်လည်း လုပ်ပေးနိုင်တယ်”

“ဒါဟာ ရွှေမီးဖိုထဲက တားမြစ်ချက် ဖြစ်ရမယ်”

“အမေ… ကျွန်တော် ရှာတွေ့ပြီ”

...

မြို့စားမင်းဂေဟာက ပါရမီရှင် ကျင့်ကြံသူ သုံးဦးကို လုပ်ကြံရန် လူလွှတ်လိုက်သည်။ နင်းကျော့မှာမူ တိမ်တိုက်များ ဖုံးကွယ်ထားသော ကျင့်ကြံဆောင်အတွင်း ရှိနေခဲ့သည်။ သူက တစ်ဖက်သို့ လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ရှိနေချေပြီ။

ဗုဒ္ဓဘာသာ သမားတော်သည် နင်းကျော့၏ အနီးတွင် ပုန်းကွယ်လျက် အမြဲ ကာကွယ်ပေးနေခဲ့သည်။ နင်းကျော့သည် သမားတော်ရုပ်သေးကို သုံး၍ လုပ်ကြံသူများကို ချက်ချင်း သတ်ဖြတ်လိုက်ပြီးနောက် ‘ဒါဟာ အမေ့ရဲ့ ဝိညာဉ်သဘာဝကို မြှင့်တင်ဖို့ အခွင့်ကောင်းပဲ’ ဟု တွေးလိုက်သည်။

ဗုဒ္ဓဘာသာ သမားတော်သည် လုပ်ကြံသူများ၏ အလောင်းများကို သိမ်းဆည်းကာ ရထားလုံးအတွင်း ပုန်းကွယ်လိုက်သည်။

ခွာသံများ တဖျတ်ဖျတ် ကြားလိုက်ရပြီး ရထားလုံးတစ်စီးမှာ ထိန်းချုပ်မှု လွတ်သွားဟန်ဖြင့် ခြံဝင်းထဲသို့ ပြေးဝင်လာကာ ပေါက်ကွဲသွားလေတော့သည်။

မီးလျှံများအတွင်း ‘ဝိညာဉ်ဖုံးကွယ်ခြင်း အဖူးအငုံ’ ၏ အကာအကွယ်ဖြင့် ‘ဝိညာဉ်လွတ်မြောက်ခြင်း ကျမ်းစာ’ ကို သုံး၍ ခြံဝင်းကို သန့်စင်လိုက်ရာ ဝိညာဉ်အလင်းစက်များမှာ သမားတော်ရုပ်သေးအတွင်းသို့ စီးဝင်သွားခဲ့သည်။

ဗုဒ္ဓဘာသာ သမားတော်၏ ဝိညာဉ်လှုပ်ရှားမှုမှာ

ပြန်လည် နိုးထလာခဲ့ချေပြီ။ ဝိညာဉ်သဘာဝ ပြန်လည် ရရှိလာသဖြင့် သူမ၏ မူလပါရမီနှင့် နတ်ဘုရား ပညာရပ်များကို ပြန်လည် အသုံးပြုနိုင်လာခဲ့သည်။

“အမေ” နင်းကျော့သည် မီးတောက်များအတွင်း မိခင်ဖြစ်သူနှင့် ပြန်လည် ဆုံတွေ့ရသဖြင့် အသံများ တုန်ရီနေခဲ့သည်။

သို့သော် ဗုဒ္ဓဘာသာ သမားတော် မုန့်ယာယောင်က-

“မင်း… မင်းက ဘယ်သူလဲ” ဟု မေးမြန်းလိုက်ချေသည်။

နင်းကျော့၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားရသည်။ မုန့်ယာယောင်၏ အသံမှာ အလွန်နူးညံ့လှကာ-

“မင်းကို မြင်ရတာ ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ၊ မင်းက ငါ့အတွက် သိပ်အရေးကြီးတဲ့သူ ဖြစ်ရမယ် မဟုတ်လား”

နင်းကျော့၏ မျက်ဝန်းများ နီမြန်းလာပြီး တုန်ရီသော အသံဖြင့်-

“အမေ… ကျွန်တော် အမေ့သားပါ၊ ကျွန်တော် နင်းကျော့ပါဗျာ”

“နင်း… ကျော့…” ဗုဒ္ဓဘာသာ သမားတော်မှာမူ ဝေခွဲမရဖြစ်လျက် ရှိနေချေတော့သည်။

သူမသည် ဘာမျှ မှတ်မိခြင်း မရှိတော့ပေ။

All Chapters