← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အခန်း။ ၂၅၉

ဝုန်း

ထိုခဏ၌ပင် အဆုံးအစမဲ့သော မှတ်ဉာဏ်အစုအဝေးတို့သည် ချန်ကျီရှင်း၏ ဦးနှောက်အတွင်းသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့ကြသည်။ ချန်ကျီရှင်းမှာ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ် ပြင်းထန်သော ဝေဒနာကို ခံစားလိုက်ရသည်။

ဤမှတ်ဉာဏ်ဒီရေလှိုင်းမှာ အလွန်တရာ ကြီးမားလှပြီး ဆယ်စုနှစ်ပေါင်းများစွာစာ အတွေ့အကြုံများ၊ ဘဝတစ်ခု၏ အစပျိုးခြင်းနှင့် ဆုတ်ယုတ်ပျက်စီးခြင်း ဖြစ်စဉ်တစ်ခုလုံးကို အနှစ်ချုပ်ထားခြင်းပင်။

"ငြိမ်သက်စမ်း"

ချန်ကျီရှင်း၏ သိစိတ်ပင်လယ်အတွင်းဝယ် သူ၏ နတ်ဘုရားအသိစိတ်မှာ စတင်အလုပ်လုပ်လာပြီး ရှုပ်ထွေးလှသော မှတ်ဉာဏ်များကို လျင်မြန်စွာပင် ချုပ်တည်းလိုက်သည်။ ထို့နောက် ပိုးအိမ်မှ ပိုးမျှင်များကို တစ်မျှင်ချင်း ဆွဲထုတ်သကဲ့သို့ ထိုမှတ်ဉာဏ်များကို စနစ်တကျ ပြန်လည်စုပ်ယူလိုက်တော့သည်။

ထိုအခါ ချန်ကျီရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလွန်ထူးခြားဆန်းပြားသည့် အရှိန်အဝါတစ်ခုဖြင့် လွှမ်းခြုံသွားသည်။ တစ်ခါတစ်ရံတွင်မူ သူသည် ညှိုးနွမ်းခြောက်သွေ့၍ မြေမှုန့်တစ်ဆုပ်အဖြစ် ပြောင်းလဲတော့မည့်အလား သေခြင်းတရား အရှိန်အဝါများ ဖုံးလွှမ်းနေတတ်သည်။ တစ်ခါတစ်ရံ၌မူ သူ၏ ဝိညာဉ်ပင်လယ်အတွင်းဝယ် ရှင်သန်ခြင်းပန်းများ ဝေဆာပွင့်လန်းနေကာ ဇီဝအင်အားများဖြင့် ပြည့်နှက်နေပြန်သည်။

"ရှင်ခြင်းနဲ့ သေခြင်း..."

သူသည် ခေါင်းကိုမော့ကာ အဝေးတစ်နေရာသို့ ငေးမောကြည့်လိုက်သည်။ အတန်ကြာမှပင် သူ၏မျက်ဝန်းများ၌ ကြည်လင်မှုတို့ ပြန်လည်အခြေချလာတော့သည်။

ဤ ရှင်ခြင်းနှင့် သေခြင်းဆိုင်ရာ အာရုံမှားနယ်မြေအတွင်း၌ ကုန်ဆုံးခဲ့သော အချိန်ကာလမှာ ရှည်လျားလွန်းလှသလို လက်တွေ့ဘဝနှင့်လည်း ထပ်တူကျလွန်းနေခဲ့သည်။ အလွန်တရာ လက်တွေ့ဆန်လွန်းလှသဖြင့် သူသည် ထိုကမ္ဘာထဲ၌ လုံးလုံးလျားလျား ပျောက်ဆုံးနေခဲ့ရပြီး နိုးထလာသည့်တိုင်အောင် လက်တွေ့နှင့် အိပ်မက်ကို ခွဲခြားနိုင်စွမ်း မရှိတော့ပေ။ ၎င်းမှာ လူတစ်ယောက်က လိပ်ပြာအဖြစ် အိပ်မက်မက်နေသကဲ့သို့ ဝေဝါးလှသော အခြေအနေမျိုး ဖြစ်နေသည်။

"ငါက ဇီဝေချန်မိသားစုရဲ့ တရားဝင် တတိယမြောက်သားတော် ချန်ကျီရှင်းပဲ"

ချန်ကျီရှင်း၏ မျက်ဝန်းအစုံ၌ နတ်ဘုရားအလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူသည် မိမိကိုယ်မိမိ ခိုင်မာစွာ ပြောလိုက်သည်။ ထိုစကားသံများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဝေဝါးထွေပြားနေသော ခံစားချက်များမှာ လုံးဝဥဿုံ ပျောက်ကွယ်သွားတော့သည်။ သူ၏ အကြည့်များမှာလည်း ယခင်ကထက် ပို၍ ကြည်လင်စူးရှလာခဲ့သည်။

နောက်တစ်ခဏတွင်မူ...

ကျွီ...

ချန်ကျီရှင်းသည် ချိတ်ပိတ်ထားသော မူလအစခေါင်းတလား အဖုံးကို တွန်းဖွင့်ကာ ခေါင်းတလားအတွင်းမှ အပြင်သို့ လှမ်းထွက်လိုက်သည်။

"မင်း နိုးလာပြီလား"

အဝေးတစ်နေရာတွင် တစ်ခုခုကို ရေးမှတ်နေသော ထျန်းချန်းကျီမှာ ခေါင်းမော့ကြည့်လိုက်ရာ ချန်ကျီရှင်းကို မြင်သောအခါ ခဏတာ မှင်တက်သွားရသည်။

ချန်ကျီရှင်း၏ ခန္ဓာကိုယ်ပတ်လည်တွင် အနက်ရောင်၊ မီးခိုးရောင်နှင့် အဖြူရောင် အရှိန်အဝါများ ရောယှက်ကာ လှည့်ပတ်နေသည်။ ချန်ကျီရှင်း၏ ခန္ဓာကိုယ် တစ်ခြမ်းမှာ ဆွေးမြည့်အိုမင်းနေပြီး ဆံပင်များမှာ ဆီးနှင်းပမာ ဖြူဖွေးကာ မီးခိုးရောင် အကာအရံများဖြင့် ဖုံးလွှမ်းနေသည်။ ကျန်တစ်ခြမ်းမှာမူ တောက်ပနက်မှောင်သော ဆံကေသာများ၊ ကြည်လင်တောက်ပနေသော အသားအရေတို့နှင့်အတူ မွေးကင်းစကလေးငယ်တစ်ဦးကဲ့သို့ နုပျိုလန်းဆန်းနေပြန်သည်။

နောက်တစ်ခဏ၌ ချန်ကျီရှင်းသည် မျက်လုံးများကို အနည်းငယ် မှေးစင်းကာ ထျန်းချန်းကျီကို အသာအယာ ပြုံးပြလိုက်ပြီး စကားတစ်ခွန်းကို ပြောလိုက်တော့သည်။

"စီနီယာ... ကျွန်တော် နားလည်သွားပါပြီ"

...

...

အရှေ့ဘက်လျှို့ဝှက်နယ်မြေသည် ကျယ်ပြောလှပြီး အပိုင်းအခြားများစွာ ရှိသည့်အနက် ပြည်နယ် တစ်ဆယ့်သုံးခုမှာ အဓိကကျလှသည်။ ထိုပြည်နယ် တစ်ဆယ့်သုံးခုကို မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ ခြောက်ခုစီ ခွဲခြားထားပြီး အောက်ပြည်နယ်မှာမူ သီးခြားရပ်တည်နေသည်။

ဤအရှေ့ဘက်လျှို့ဝှက်နယ်မြေတွင် မသေမျိုးတောင်တန်းသည် တောင်နှင့် မြောက်ကို ပိုင်းခြားထားသော စည်းမျဉ်းသဖွယ် တည်ရှိနေသည်။

ယခုအခါတွင်မူ ခံ့ညားထည်ဝါပြီး ရှေးကျကာ အဆုံးအစမရှိသယောင် ထင်မှတ်ရသည့် မသေမျိုးတောင်တန်း၏ အောက်ခြေတွင် ထိပ်တန်းအင်အားစုများ ရောက်ရှိမလာသေးသော်လည်း အရှေ့ဘက်လျှို့ဝှက်နယ်မြေ တစ်ဝန်းလုံးမှ လာရောက်ကြသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ မည်သူမျှ လက်လွတ်မခံလိုသော မကြုံစဖူး ထူးကဲသည့် ပြိုင်ပွဲကြီးတစ်ခုပင်။ ပြိုင်ပွဲဝင်ခွင့် အမိန့်တော် မရရှိထားသဖြင့် ဤပြိုင်ပွဲကြီးတွင် မဝင်ရောက်နိုင်သူများအတွက်ပင်လျှင် ဤကဲ့သို့သော အခမ်းအနားကြီးကို မျက်မြင်တွေ့ရှိခွင့်ရခြင်းမှာ ဘဝ၏ ကံထူးမှုတစ်ရပ်ဟု မှတ်ယူနေကြသည်။

"စတင်တော့မယ် နောက်ဆုံးတော့ တကယ်ကြီး စတင်တော့မှာဟေ့"

"ဒီတစ်ခေါက် အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲကြီးမှာ ဘယ်သူကများ အနိုင်ရရှိပြီး မသေမျိုးတရားဒေသဆီ တက်လှမ်းခွင့်ရကာ ထာဝရရှင်သန်ခြင်းအခွင့်အလမ်းကို ဆုပ်ကိုင်နိုင်မလဲလို့ မင်းတို့ထင်ကြလဲ"

"ပြောနေစရာတောင် မလိုပါဘူးဗျာ။ အသက်ရှည်ခြင်း နတ်ဘုရားအဆင့်စာရင်းရဲ့ ထိပ်ဆုံးမှာရှိတဲ့ ဇီဝေမျိုးနွယ်ရဲ့ တတိယသခင်လေး ချန်ကျီရှင်းပဲ ဖြစ်မှာပေါ့"

"ချန်ကျီရှင်း ဟုတ်လား... မိတ်ဆွေ... မင်းရဲ့သတင်းတွေက ခေတ်နောက်ကျနေပြီထင်တယ်၊ အခုလောလောဆယ် ရေပန်းအစားဆုံးက ဝေတုလုံပဲဗျ"

"မင်းမသိဘူးလား လွန်ခဲ့တဲ့ သုံးရက်တုန်းက ဝေတုလုံက နိဗ္ဗာနအဆင့် အစွမ်းထက်

ပုဂ္ဂိုလ်ကြီး ဖုန်းရှန်းကျင့်ကြံသူနဲ့ နတ်ဘုရားအတတ်ပညာချင်း ယှဉ်ပြိုင်ခဲ့တာ။ ဖုန်းရှန်းကျင့်ကြံသူကိုတောင် ခြေလှမ်းအဆင့်ဆင့် နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်ခဲ့တာလေ"

"ဓားသင်္ချိုင်းရဲ့ ဓားသခင်လည်း အနိုင်ရဖို့ အခွင့်အရေး အများကြီးရှိတာပဲ။ သူက ဓားသင်္ချိုင်းရဲ့ နှစ်ပေါင်းတစ်ထောင်စာ ကံကြမ္မာအရှိန်အဝါတွေကို ပိုင်ဆိုင်ထားတာလေ။ ဓားလမ်းစဉ် ပညာရှင်ကြီး ချိုင်ချင်းချီကတောင် သုံးသပ်ခဲ့ဖူးတယ်။ ဓားလမ်းစဉ်ရဲ့ နက်ရှိုင်းမှုနဲ့ ဓားကွက်တွေရဲ့ ဆန်းကြယ်မှုအပိုင်းမှာတင်ဆိုရင် ဓားသခင်က နိဗ္ဗာနအဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်ရင်တောင် အားမနည်းဘူးတဲ့ဗျ"

"ဒါပေမဲ့ စောစောစီးစီးတော့ အပိုင်မပြောလိုက်နဲ့ဦး။ အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲကြီးဆိုတာ တစ်ဦးချင်းတိုက်ပွဲတင် မဟုတ်ဘူးလေ။ ငါကြားတာတော့ ရဲ့လျန်ချန်းနဲ့ တခြားပါရမီရှင်တွေက မကြာသေးခင်က တော်တော်လေး ရင်းနှီးသွားကြတယ်တဲ့။ သူတို့သာ စုပေါင်းလိုက်ရင်တော့ တကယ့်ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်"

"ဟုတ်တာပေါ့ လူသားမျိုးနွယ်တင်မကဘဲ မြောက်ပိုင်းက မိစ္ဆာကြီးတွေ၊ တောင်ပိုင်းနယ်စပ်က ရှေးဟောင်းမျိုးနွယ်စုတွေ၊ အရှေ့ပင်လယ်က တစ်ပါးသောမျိုးနွယ်စုတွေလည်း ရှိသေးတာပဲ။ သူတို့ထဲမှာ ဘယ်လောက်တောင် အစွမ်းထက်တဲ့သူတွေ ပုန်းကွယ်နေမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ"

"ခြုံပြောရရင်တော့ ဒီတစ်ခေါက် အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲကြီးက သမိုင်းတင်ကျန်ရစ်မယ့် ခေတ်အဆက်ဆက်က အခမ်းနားဆုံး ပွဲတော်ကြီးတစ်ခု ဖြစ်လာမှာကတော့ အသေအချာပဲ"

"ပြီးတော့ ဒီပြိုင်ပွဲရဲ့ အနိုင်ရရှိသူကလည်း သမိုင်းတစ်လျှောက် အတောင့်တင်းဆုံး ချန်ပီယံ မကြုံစဖူး ထူးကဲတဲ့ ဒဏ္ဍာရီတစ်ဦး ဖြစ်လာမှာပဲဗျာ"

မသေမျိုးတောင်တန်း၏ အောက်ခြေတွင် လူအုပ်ကြီးမှာ တိုးမပေါက်အောင် စည်ကားလှသည်။ အရပ်မျက်နှာအသီးသီးမှ ရောက်ရှိလာကြသော မြောက်မြားစွာသော ကျင့်ကြံသူတို့သည် မျက်ဝန်းများ တောက်ပလျက် တိုးတိုးဖော်ဖော် ဆွေးနွေးနေကြသည်။ ပြိုင်ပွဲကြီးမှာ တရားဝင် မစတင်သေးသော်လည်း သူတို့၏ သွေးသားများမှာမူ ရင်ခုန်စိတ်လှုပ်ရှားမှုတို့ဖြင့် ဆူပွက်နေသည်။

ထိုစဉ်ဝယ်...

ဝုန်း... ဝုန်း... ဝုန်း...

ကောင်းကင်ယံထက်မှ မိုးထစ်ချုန်းသံကဲ့သို့သော ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော နဂါးသတ္တဝါ ကိုးကောင် ဆွဲလာသည့် ရွှေရောင်ရထားလုံးကြီးတစ်စင်းသည် အဝေးကမ္ဘာ့အဆုံးသတ်မှ တရွေ့ရွေ့ ချဉ်းကပ်လာနေသည်။ ထူထပ်လှသော တိမ်တိုက်များမှာလည်း ထိုရထားလုံးကြီး၏ အရှိန်အဝါကြောင့် တစ်စစီ လွင့်စင်ပျက်စီးသွားကြရသည်။

"ဟင်"

လူအုပ်ကြီးမှာ အလန့်တကြားနှင့် မော့ကြည့်လိုက်မိကြသည်။ ကောင်းကင်ယံ၏ အစွန်းတစ်ဖက်တွင် တောင်ကြီးတစ်လုံးပမာ ကြီးမားလှသော ရွှေရောင်ရထားလုံးကြီး၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ရွှေရောင်ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသည့် ဘီလူးကြီးနှစ်ဦးမှာ အလံတော်များကို ကိုင်ဆောင်လျက် လိုက်ပါစောင့်ရှောက်လာသည်ကို တွေ့လိုက်ရသည်။

ရွှေရောင်ချပ်ဝတ်ဆင် ဘီလူးကြီးနှစ်ဦး၏ ဦးခေါင်းများမှာ တိမ်ပင်လယ်ကြားတွင် ဖုံးကွယ်နေပြီး သူတို့၏ ခြေလှမ်းတိုင်းမှာ မြေကမ္ဘာကို တုန်ဟိန်းသွားစေကာ မြေပြင်ထက်ဝယ် နက်ရှိုင်းလှသော ခြေရာကြီးများကို ချန်ရစ်ခဲ့သည်။

ထိုဘီလူးကြီးများ ကိုင်ဆောင်ထားသော အလံတော်များ၏ တစ်ဖက်တွင် အနက်ရောင်နေမင်း ပုံရိပ်လွှာ ပါရှိပြီး အခြားတစ်ဖက်တွင်မူ ခန့်ညားထည်ဝါလှသော ရွှေရောင်စာလုံးကြီးများဖြင့် စီကုန်းဟု ရေးထိုးထားသည်။

"စီကုန်းမျိုးနွယ်စု ရောက်လာပြီဟေ့"

ထိုသည်ကို မြင်လိုက်ရုံနှင့် မသေမျိုးတောင်တန်း၏ ခြေရင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူတို့မှာ တုန်လှုပ်ချောက်ချားသွားကြသည်။ ဟွိုင်ပြည်နယ်တစ်ခုလုံးကို လွှမ်းမိုးထားရုံသာမက အရှေ့ဘက်လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင်ပင် အားအင်ကြီးမားလှသော သတ္တဝါကြီးတစ်ကောင်ကဲ့သို့ အရှိန်အဝါကြီးမားသည့် စီကုန်းမိသားစုအကြောင်းကို လူတိုင်း ကောင်းစွာ သိရှိကြသောကြောင့်ပင်။

"ဒါပေမဲ့... စီကုန်းမိသားစုရဲ့ အတောင့်တင်းဆုံး ပါရမီရှင် စီကုန်းနန်က လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ဇီဝေမျိုးနွယ်ရဲ့ တတိယသခင်လေး ချန်ကျီရှင်းရဲ့ လက်ချက်နဲ့ အသတ်ခံခဲ့ရတာလေ။ အခု သူတို့က ဘာလို့ ဒီနေရာမှာ လာပြီး ရုတ်ရုတ်သဲသဲ လုပ်နေရတာလဲ"

တစ်စုံတစ်ဦးက သံသယဖြင့် ရေရွတ်လိုက်စဉ်မှာပင်...

ရွှေရောင်ရထားလုံးအတွင်းမှ လူရိပ်အချို့ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထက်သို့ တစ်ဦးပြီးတစ်ဦး လှမ်းတက်လာကြသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ဝတ်ရုံနက်ကို ဆင်မြန်းထားပြီး မျက်နှာတွင် မျက်နှာဖုံးတစ်ခုကို တစ်ပိုင်းတစ်စ စွပ်ထားသည်။ သူ၏ နဖူးဘယ်ဘက်ခြမ်းတွင်မူ နီရဲနေသော အပြစ်သားဟူသည့် စာလုံးကို ထွင်းထုထားသည်။

ကျန်ရှိသော သုံးဦးမှာမူ လေထဲတွင် လွင့်ပျံနေသော ဝတ်ရုံဖြူများကို ဆင်မြန်းထားပြီး အလွန်တရာ ခန့်ညားထည်ဝါလှသည်။ သူတို့၏ မျက်ဝန်းများမှာ နတ်ဘုရားအလင်းတန်းများဖြင့် တောက်ပနေပြီး အားကောင်းလှသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။ ထို့ပြင် သူတို့၏ ပတ်လည်တွင် စိမ်းလန်းသော လေပြေများ ဝဲလည်နေပြီး ထူးဆန်းသော အာရုံမြင်ကွင်းများမှာလည်း တစ်ချက်တစ်ချက် ပေါ်လာလိုက် ပျောက်သွားလိုက်နှင့် သာမန်လူတို့ထက် များစွာ သာလွန်နေကြသည်။

ထိုသူများကို မြင်လိုက်ရသည့် ခဏ၌ပင် မရေမတွက်နိုင်သော ကျင့်ကြံသူတို့မှာ မျက်ဝန်းများ ပြူးကျယ်သွားကြရသည်။

အသက်ရှည်ခြင်း နတ်ဘုရားအဆင့်စာရင်း၏ တတိယနေရာမှ "ကျူးကျွေ"

ပဉ္စမနေရာမှ "ရဲ့လျန်ချန်း"

ဆဋ္ဌမနေရာမှ "ရှန်းဆန်း"

သတ္တမနေရာမှ "ဝေတုလုံ"

ထိုသူတိုင်းမှာ ဤခေတ်ကာလ၏ ထိပ်တန်းပါရမီရှင်များပင် ဖြစ်ကြသည်။

ရွှေရောင်ရထားလုံးအတွင်းဝယ် မြွေနဂါးဝတ်ရုံကို ဆင်မြန်းထားပြီး မျက်နှာတစ်ဝက်ကို မျက်နှာဖုံးစွပ်ထားသော စီကုန်းရွှမ်ကျီသည် ရထားလုံး၏ လိုက်ကာကို အသာအယာ လှပ်လိုက်ပြီး အပြုံးနုနုဖြင့် ပြောလိုက်သည်။

"အားလုံးပဲ... ငါပြောထားတာတွေကို မမေ့ကြနဲ့ဦးနော်"

ထိုစကားကို ကြားသောအခါ ကျူးကျွေ၊ ရဲ့လျန်ချန်းနှင့် တခြားသူများသည် စီကုန်းရွှမ်ကျီကို တစ်ချက်လှည့်ကြည့်ကာ ခေါင်းအသာအယာ ညိတ်ပြလိုက်ကြသည်။ စီကုန်းရွှမ်ကျီမှာမူ လိုက်ကာကို ပြန်ချလိုက်ပြီး ရထားလုံးအတွင်း၌ ပြန်လည်ထိုင်နေလိုက်တော့သည်။

နောက်တစ်ခဏတွင်...

ဝုန်း

ရုတ်တရက်ပင် အားကောင်းလှသော လေပြင်းများ တိုက်ခတ်လာပြီး သူတို့၏ ဝတ်ရုံစများကို ပြင်းထန်စွာ လွင့်ခါသွားစေသည်။

"ချန်ကျီရှင်း..."

ဝင်စားနိုးထဖို့အတွက် အကောင်းဆုံးဖြစ်တဲ့ ဒီခန္ဓာကိုယ်ကိုတော့ အခုတစ်ခေါက် ငါ အပိုင်ရအောင် ယူရမယ်

အခန်း။ ၂၆၀

"ဟေ့... တကယ်ကြီး ပူးပေါင်းသွားကြတာပဲ"

တောင်ခြေရင်းဝယ် ဤထူးခြားဆန်းပြားလှသော အခမ်းအနားကြီးကို လာရောက်ကြည့်ရှုကြသည့် မရေမတွက်နိုင်သော ကျင့်ကြံသူတို့သည် မြင်ကွင်းကို ကြည့်ရှုရင်း အံ့အားသင့်စိတ်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်မိကြသည်။

ရဲ့လျန်ချန်းနှင့် အခြားသော ထိပ်တန်းပါရမီရှင်များ ပူးပေါင်းမည့်သတင်းမှာ ယခင်ကတည်းက ကောလာဟလအဖြစ် ထွက်ပေါ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ယခုကဲ့သို့ စီကုန်းမိသားစု၏ ရထားလုံးအတွင်းမှ အတူတကွ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ အခြေအနေမှာ ပိုမို၍ စိတ်ဝင်စားဖွယ် ကောင်းလာခဲ့သည်။

"စီကုန်းနန်ဆိုတာ စီကုန်းမိသားစုရဲ့ အဖိုးတန်ပါရမီရှင်တစ်ယောက်ပဲလေ။ ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ဇီဝေမျိုးနွယ်ရဲ့ တတိယသခင်လေး ချန်ကျီရှင်းရဲ့ လက်ချက်နဲ့ အသတ်ခံခဲ့ရတာ။ အဲဒီနောက်မှာလည်း နတ်ဘုရားတံခါးမြို့တော်ရဲ့ အစောင့်အရှောက် စီကုန်းယွမ်က စစ်တပ်နဲ့ ချန်ကျီရှင်းကို လိုက်လံဖမ်းဆီးခဲ့ပေမဲ့ ထပ်ပြီး ရှုံးနိမ့်ခဲ့ရပြန်တာပဲ"

"စီကုန်းမိသားစုရဲ့ နိဗ္ဗာနအဆင့် အစွမ်းထက်ပုဂ္ဂိုလ် စီကုန်းရွှမ်တောင်မှ ပြည်နယ်နှစ်ခုရဲ့ အစပ်မှာ ဇီဝေချန်မိသားစုရဲ့ အကြီးအကဲမဟူရာရဲ့ လက်ချက်နဲ့ အသတ်ခံခဲ့ရတာ မဟုတ်လား"

"စီကုန်းမိသားစုဆိုတာ အညှိုးအတေးကို သေးသေးလေးတောင် အလွတ်မပေးတတ်တဲ့ အမျိုးပဲလေ။ ဒီလောက်ကြီးမားတဲ့ ရန်ကြွေးကို သူတို့က လွယ်လွယ်နဲ့ ဘယ်လွှတ်ပေးပါ့မလဲ"

"ငါ ထင်တာတော့ ရဲ့လျန်ချန်းအပါအဝင် အဲဒီလူတွေက စီကုန်းမိသားစုက တတိယသခင်လေး ချန်ကျီရှင်းကို တိုက်ခိုက်ဖို့အတွက် အသုံးချမယ့်သူတွေပဲ ဖြစ်မှာ"

ကျင့်ကြံသူအများအပြားသည် တိုးတိုးတိတ်တိတ်ဖြင့် ဝိုင်းဝန်းဆွေးနွေးနေကြသည်။

"ရဲ့လျန်ချန်းတို့အဖွဲ့က အားကောင်းတယ်ဆိုပေမဲ့ သိပ်ပြီးတော့ ကြောက်စရာတော့ မကောင်းပါဘူး။ သူတို့ရဲ့ အဆင့်တွေက စီကုန်းနန်ထက် အများကြီး သာနေပေမဲ့ တကယ့်အစွမ်းကတော့ ကောင်းကင်နဲ့မြေကြီးလို ကွာခြားနေတာမျိုးတော့ မဟုတ်ဘူးလေ။ ချန်ကျီရှင်းက လွန်ခဲ့တဲ့ လပိုင်းတုန်းကမှ ပါရမီရှင် ခုနစ်ယောက်ကို လက်တစ်ဖက်တည်းနဲ့ သတ်ခဲ့တာကို ကြည့်ရင် သူတို့တွေ စုပေါင်းတိုက်ရင်တောင် အနိုင်ရဖို့ ခက်ခဲလိမ့်ဦးမယ်"

"တကယ့် ခြိမ်းခြောက်မှုကတော့... ဒီလျှို့ဝှက်ဆန်းကြယ်တဲ့သူ ကျူးကျွေပဲ"

ထိုသို့ ပြောလိုက်သည့်အခါ လူတိုင်း၏ အကြည့်တို့သည် တောင်ထိပ်ပေါ်တွင် ရပ်နေပြီး မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသည့် ကျူးကျွေထံသို့ အလိုအလျောက် ရောက်ရှိသွားကြတော့သည်။

လွန်ခဲ့သော လအနည်းငယ်က ချန်ကျီရှင်းသည် ဓာတ်ငါးပါး မိုးကြိုးဂိုဏ်းအတွင်း၌ ထိပ်တန်းပါရမီရှင် ခုနစ်ဦးကို သတ်ဖြတ်ခဲ့ပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သည်။ သို့သော် ဤ ကျူးကျွေဟူသော သူသည်လည်း ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် စစ်မှန်သောကိုယ်ထည်အဆင့်အစွမ်းထက်ပုဂ္ဂိုလ် ခုနစ်ဦးကို ချန်ကျီရှင်း လုပ်ဆောင်ခဲ့သကဲ့သို့ပင် အတိအကျ သတ်ဖြတ်ပြခဲ့သည်။

နိဗ္ဗာနအဆင့်ရှိသော လီဟွာထျန်းကို ခုခံကာ အေးဆေးစွာ ပြန်လည်ထွက်ခွာနိုင်ခဲ့သည့် ချန်ကျီရှင်း၏ စွမ်းဆောင်ချက်မျိုး သူ့တွင် မရှိသေးဟု ဆိုနိုင်သော်လည်း လူတိုင်း၏ အမြင်တွင်မူ ဤ ကျူးကျွေ၏ အစွမ်းမှာလည်း တကယ့်ကို နက်နဲလှပြီး ခန့်မှန်းရခက်သည့် အနေအထားတွင် ရှိနေသည်။

လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကြည့်ရှုရင်း မျက်ဝန်းတို့အတွင်းဝယ် စိုးရိမ်ထိတ်လန့်မှုများ အထင်းသား ပေါ်ပေါက်လာခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် မသေမျိုးတောင်တန်း၏ ဆန့်ကျင်ဘက် တောင်ထိပ်တစ်ခုထက်ဝယ် နဂါးနက်ဧကရာဇ်ဝတ်ရုံကို ဆင်မြန်းထားသော လူငယ်တစ်ဦးသည် တောင်ထိပ်ထက်၌ လက်နှစ်

ဖက်ကို နောက်ပစ်လျက် ရပ်တန့်နေသည်။

သူ၏ရုပ်ရည်မှာ ထင်ရှားပြတ်သားသော မျက်နှာပေါက်ရှိပြီး ခန့်ညားလှပကာ မျက်ခုံးနှစ်ခုကြားဝယ် အလိုအလျောက်ပင် ထွက်ပေါ်နေသော အရှိန်အဝါတစ်ခုမှာ ဒေါသထွက်မနေသည့်တိုင် ခန့်ညားဝင့်ထည်လျက်ရှိသည်။ တောင်ပေါ်လေပြေညင်းတို့မှာ ထိုလူငယ်၏ ဝတ်ရုံစများကို အသာအယာ လွင့်ခါစေလျက်ရှိ၏။

"သခင်လေး... ဒီတစ်ခေါက် မသေမျိုးတောင်တန်းပေါ်မှာ သခင်လေး စိတ်ကြိုက် လှုပ်ရှားနိုင်ပါတယ်။ ပထမသခင်ကြီးကိုယ်တိုင် သခင်လေးကို အရိပ်ထဲကနေ စောင့်ကြည့်ပေးနေမှာပါ"

ဝတ်ရုံနက်ဝတ် ရှီကျိုသည် ချန်ကျောက်ရှင်း၏ နောက်၌ ရပ်နေရင်း ရိုသေကိုင်းညွတ်စွာ ပြောလိုက်သည်။

"ငါ့ကို အရိပ်ထဲကနေ စောင့်ကြည့်နေမယ် ဟုတ်လား... ဟဲဟဲ"

ချန်ကျောက်ရှင်း၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် တွန့်ကွေးသွားပြီး သူ၏မျက်ဝန်းများအတွင်း၌ လှောင်ပြောင်ရယ်မောလိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

စောင့်ကြည့်ထောက်လှမ်းတယ်ဆိုတာ ဒါမျိုးပဲလေ။ ဘာဖြစ်လို့များ အဲဒီလောက်တောင် ခမ်းခမ်းနားနား အမည်တပ်နေရတာလဲ။

"နားလည်ပြီ"

ချန်ကျောက်ရှင်းက စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး အေးစက်တည်ငြိမ်စွာပင် မေးလိုက်သည်။

"အစီအစဉ်တွေ ဖြန့်ကျက်ထားတာ ဘယ်လိုလဲ"

ဝတ်ရုံနက်ဝတ် ရှီကျိုက ခေါင်းညိတ်ပြလျက် "စိတ်ချပါ သခင်လေး အားလုံး အသင့်ဖြစ်နေပါပြီ။ သခင်လေး မသေမျိုးတောင်တန်းပေါ်ကို လှမ်းတက်လိုက်တာနဲ့ သခင်လေးဆီက အချက်ပြချက်တစ်ခုရရုံနဲ့ အစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်မှာပါ" ဟု ပြန်ဖြေလိုက်သည်။

"အင်း"

ချန်ကျောက်ရှင်းက ခေါင်းညိတ်လိုက်ပြီးနောက် တောင်ကမ္ဘားပါးစွန်းဆီသို့ ရှေ့တိုးလှမ်းလိုက်သည်။

ဝုန်း

ကောင်းကင်နှင့် မြေကမ္ဘာ၏ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ချန်ကျောက်ရှင်းကို အလိုအလျောက် ပင့်မလိုက်ကာ သူ၏ရှေ့ဝယ် မမြင်ရသော လှေကားထစ်များအဖြစ် ဖန်တီးပေးလိုက်တော့သည်။ ချန်ကျောက်ရှင်းသည် မျက်နှာဖုံးတစ်ခုကို စွပ်လိုက်ပြီး မသေမျိုးတောင်တန်း၏ တောင်ထိပ်ဆီသို့ တစ်လှမ်းချင်း လှမ်းတက်သွားသည်။

ခဏအကြာတွင်မူ မသေမျိုးတောင်တန်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

"ဝေတုလုံ... ရောက်လာပြီဟေ့"

...

...

အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားကာ မသေမျိုးတောင်တန်းအတွင်းသို့ ထိပ်တန်းအင်အားစုများမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အဆက်မပြတ် ဝင်ရောက်လာကြတော့သည်။

ရှူး…

မိုးကုပ်စက်ဝိုင်းဆီမှ စိမ်းပြာရောင် ဓားအလင်းတန်းတစ်ခု ဝင့်ခနဲ ထွက်ပေါ်လာသည်။

အစပိုင်းတွင် ထိုစိမ်းပြာရောင် ဓားအလင်းတန်းမှာ သေးငယ်သော အမည်းစက်လေးတစ်ခုမျှသာ ဖြစ်သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအမည်းစက်ကလေးသည် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် တောက်ပသော စိမ်းပြာရောင်အလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားပြီး လူတိုင်း၏ မြင်ကွင်းကို သိမ်းပိုက်လိုက်တော့သည်။

၎င်းသည် ကောင်းကင်ထက်ဝယ် နေနှင့်လကိုပင် ဖြတ်ကျော်ကာ ရှည်လျားစွာ တန်းနေသည်။

စိမ်းပြာရောင်အလင်းတန်းများ တဖြည်းဖြည်း မှိန်ပျသွားသည့်အခါတွင်မူ ဝတ်ရုံစိမ်းကို ဆင်မြန်းထားပြီး နက်မှောင်သော ဆံကေသာများရှိသည့် အရပ်ရှည်ရှည်၊ အေးစက်စက် ရုပ်ရည်နှင့် လူငယ်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သည်။

"ဓားသင်္ချိုင်းရဲ့ ဓားသခင်... ဖူချင်းရွှီ"

ခဏချင်းမှာပင် တစ်ကမ္ဘာလုံးမှ လာရောက်ကြသော ကျင့်ကြံသူများသည် ထိုအေးစက်လှသော လူရိပ်ကို ကြည့်ရှုရင်း မျက်ဝန်းများ ပြူးကျယ်သွားကြသည်။ ဤလူငယ်သည် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အမျိုးမျိုးသော ဓားလမ်းစဉ် ပညာရှင်ကြီးများကို အလွယ်တကူပင် အနိုင်ယူခဲ့သူဖြစ်ပြီး မကြာသေးမီ လများအတွင်းကလည်း အလွန်တရာ အစွမ်းထက်သည့် သတင်းများ ကျော်ကြားနေခဲ့သူ ဖြစ်သည်။

အထူးသဖြင့် ဓားလမ်းစဉ် ပညာရှင်ကြီး ချိုင်ချင်းချီက ဖူချင်းရွှီ၏ ဓားလမ်းစဉ်နှင့် နည်းစနစ်များသည် နိဗ္ဗာနအဆင့် ကျင့်ကြံသူများထက်ပင် မနိမ့်ကျတော့ကြောင်း မှတ်ချက်ပြုခဲ့ပြီးနောက်တွင် သူ၏ ကျော်ကြားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ဓားသခင် ဖူချင်းရွှီသည် မသေမျိုးတောင်တန်း၏ တောင်ထိပ်ဆီသို့ တစ်လှမ်းချင်း လှမ်းတက်သွားသည်။ သူ၏ ခါးတွင် ချိတ်ထားသော အရှေ့ဘက်လျှို့ဝှက်အမိန့်တော်မှ ဝါကျင်ကျင်အလင်းတန်းများ ဖြာထွက်လာပြီး မသေမျိုးတောင်တန်း၏ တားဆီးထားသော အကာအကွယ်ကို ရုတ်တရက် ဖောက်ထွက်ကာ တောင်ထိပ်ပေါ်သို့ တည်ငြိမ်စွာ ဆိုက်ရောက်သွားသည်။

"ဖူချင်းရွှီ..."

ရဲ့လျန်ချန်းနှင့် အခြားသူများသည် သူ၏ထံသို့ လှမ်းကြည့်လိုက်ကြပြီး မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ကြသည်။ ပေပေါင်းများစွာ ဝေးကွာနေသော်လည်း ဖူချင်းရွှီ၏ ခန္ဓာကိုယ်မှ အလိုအလျောက် ထွက်ပေါ်နေသော အပ်ချောင်းများကဲ့သို့ စူးရှလှသည့် ဓားစွမ်းအင်များကို သူတို့ ခံစားနေရသည်။

ဖူချင်းရွှီ၏ အကြည့်သည် လူအုပ်ကြီး၏ မျက်နှာများထက်ဝယ် ဝေ့ဝဲသွားပြီးနောက် အဝေးတစ်နေရာ၌ တစ်ကိုယ်တည်း တရားထိုင်နေသော ချန်ကျောက်ရှင်း၏ မျက်နှာထက်တွင် ခဏတာ ရပ်တန့်သွားသည်။ ထို့နောက်တွင်မူ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်ကို မှီကာ သူ၏ဓားနှင့်အတူ ငြိမ်သက်စွာ ရပ်နေတော့သည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားကာ မသေမျိုးတောင်တန်းသို့ ထိပ်တန်းအင်အားစုများနှင့် ကျော်ကြားလှသော ပါရမီရှင်များမှာ ပို၍ရောက်ရှိလာကြသည်။ တောင်ခြေရင်းဝယ် စိတ်လှုပ်ရှားစွာ ဆွေးနွေးငြင်းခုံသံများမှာလည်း အဆက်မပြတ် ပေါ်ထွက်နေဆဲပင်။

သို့သော်လည်း ပါရမီရှင်များ မည်မျှပင် စုဝေးနေကြစေကာမူ လူတိုင်း အမျှော်လင့်ဆုံး ဖြစ်နေသည့် ချန်ကျီရှင်းမှာမူ အခုထက်ထိ ပေါ်မလာသေးပေ။

ဓားလမ်းစဉ်တွင် နိဗ္ဗာနအဆင့်ထက် မနိမ့်ကျသော ဓားသခင် ဖူချင်းရွှီ သို့မဟုတ် ဆန်းကြယ်လှသော နတ်ဘုရားအတတ်ပညာများဖြင့် နိဗ္ဗာနအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကိုပင် အလွယ်တကူ အနိုင်ယူနိုင်သည့် ဝေတုလုံတို့ ရှိနေသော်လည်း...

သမိုင်းတစ်လျှောက်တွင်မူ မိမိ၏ စစ်မှန်သောကိုယ်ထည်အဆင့်ကို အသုံးပြု၍ နိဗ္ဗာနအဆင့် ကျင့်ကြံသူတစ်ဦးကို အဟန့်အတားမရှိ အမှန်တကယ် ရင်ဆိုင်တိုက်ခိုက်နိုင်သူမှာ ဇီဝေချန်မိသားစု၏ တတိယသခင်လေး ချန်ကျီရှင်း တစ်ဦးတည်းသာ ရှိသည်။

ဘုန်း…

ပေပေါင်း တစ်ထောင်ကျော် ရှည်လျားသော ကြက်သွေးရောင် နဂါးနီကြီးတစ်ကောင်သည် တိမ်တိုက်များကို တိုးဝှေ့ကာ လျှပ်တစ်ပြက် ချဉ်းကပ်လာခဲ့သည်။

နဂါးနက်ကြီး မရောက်လာမီမှာပင် ၎င်း၏ ပူပြင်းလှသော အသက်ရှူငွေ့များက လေပြင်းများအဖြစ် တိုက်ခတ်လာသည်။ နဂါး၏ ဦးခေါင်းထက်ဝယ် လေကိုဆန်၍ ရပ်နေကြသော လူရိပ်အချို့ကို မြင်တွေ့ရသည်။ ထိုသူတို့ထဲတွင် ဦးဆောင်လာသူမှာ ဆံပင်နှင့် မုတ်ဆိတ်ဖြူများ ရှိသော်လည်း အသားညိုညို၊ လှံရှည်တစ်စင်းကို ကိုင်ဆောင်ထားသည့် အဘိုးအိုတစ်ဦးပင်။

ထိုသူမှာ အခြားသူမဟုတ်ဘဲ ကောင်းကင်လှိုင်း နတ်ဘုရားမြေ၏ အရှင်သခင် ချင်ထျန်းကျုံး ပင်ဖြစ်သည်။

သူ၏ နောက်တွင်မူ အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲကြီးသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကောင်းကင်လှိုင်း နတ်ဘုရားမြေမှ စေလွှတ်လိုက်သော သူနှစ်ဦး ရပ်နေကြသည်။ သူတို့မှာ မြောက်ဘက်တောင်ထိပ်၏ ထိပ်တန်းတပည့် ခန်ရုံ နှင့် စစ်မှန်သော အမွေဆက်ခံသူ သုံးဦးထဲမှ တစ်ဦးဖြစ်သည့် ဖန်းနိုင်တို့ ဖြစ်ကြသည်။

"တကယ့်ကို စည်ကားလှချည်လား"

ဖန်းနိုင်က သူ၏ စူးရှသော သွားများကို ပေါ်အောင်ပြကာ ပြုံးလိုက်သည်။

ချင်ထျန်းကျုံးက လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်လေးနက်သော အသံဖြင့် မှာလိုက်သည်။

"ဒီတစ်ခေါက် အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲမှာ လူမျိုးစုအသီးသီးက ပါရမီရှင်တွေ စုဝေးနေကြတယ်။ မင်းတို့အနေနဲ့ အဆင့်မြင့်မြင့် ရဖို့ထက် မသေမျိုးတောင်တန်းအတွင်းမှာ ရှိနေတဲ့ ရှေးဟောင်းဆုလာဘ်တွေကို တတ်နိုင်သမျှ များများ ရှာဖွေရယူဖို့ပဲ အဓိကထားကြ"

ခန်ရုံက ပြုံးလျက် "စိတ်ချပါ ဂိုဏ်းချုပ်။ ကျွန်တော်တို့ ဂိုဏ်းအတွက် ရှေးဟောင်းဆုလာဘ်တွေ အများကြီး ရအောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်" ဟု ပြန်ဖြေလိုက်သည်။

စကားအဆုံးတွင် ခန်ရုံသည် မသေမျိုးတောင်တန်း၏ တောင်ထိပ်ထက်ဝယ် ရောက်နှင့်နေပြီဖြစ်သော ရာနှင့်ချီသည့် လူအုပ်ကြီးကို ငုံ့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများအတွင်းဝယ် မာန်ဝင့်သော တိုက်ခိုက်လိုစိတ်များ တဖြည်းဖြည်း ပြည့်နှက်လာခဲ့သည်။ အကြောင်းမှာ သူသည် တစ်ချိန်က ချန်ကျီရှင်းနှင့် အကြိမ်ပေါင်း ရာနှင့်ချီ၍ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သော်လည်း ရှုံးနိမ့်ခြင်း မရှိခဲ့သူပက်။

"အရှေ့ဘက်လျှို့ဝှက်နယ်မြေ တစ်ခုလုံးမှာ... ချန်ကျီရှင်းကို ဖယ်လိုက်ရင် ခန်ရုံကလွဲလို့ တခြား ဘယ်သူရှိဦးမှာလဲ"

"သွားကြတော့"

ချင်ထျန်းကျုံးက ခေါင်းညိတ်လိုက်သည်။

ဝုန်း ဝုန်း…

ခန်ရုံနှင့် ဖန်းနိုင်တို့ နှစ်ဦးစလုံးသည် မသေမျိုးတောင်တန်း၏ တောင်ထိပ်ထက်သို့ လှမ်းတက်လိုက်ကြသည်။ နဂါးနီကြီး၏ ဦးခေါင်းထက်ဝယ် ကျန်ရစ်ခဲ့သော ချင်ထျန်းကျုံးသည် မျက်လုံးထောင့်မှနေ၍ နောက်သို့ လှမ်းကြည့်လိုက်သည်။

ဇီဝေပန်းပုံရိပ်လွှာများဖြင့် တန်ဆာဆင်ထားသော ကြီးမားလှသည့် ဝေဟင်ပျံသင်ေ္ဘာကြီးတစ်စင်းက ကောင်းကင်ယံကို ခွဲခြမ်းကာ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

ထိုခဏချင်းမှာပင် မသေမျိုးတောင်တန်းပေါ်ရှိ လူအားလုံးမှာ ခေါင်းမော့ကြည့်လိုက်ကြပြီး ဇီဝေချန်မိသားစု၏ အရှိန်အဝါကို ဖော်ဆောင်နေသည့် ထိုသင်္ဘောကြီးထံသို့ အကြည့်များ စုပြုံသွားကြတော့သည်။

တကယ့် အထူးခြားဆုံး အချိန်အခါသို့ ဆိုက်ရောက်လာခဲ့၏။

ဇီဝေချန်မိသားစု ရောက်လာပါပြီ…….

All Chapters