← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း။ ၂၅၁

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

အရှေ့ပိုင်း နက်ရှိုင်းနယ်မြေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆူပူလှုပ်ခတ်လာပြီး ပါရမီရှင်များအကြား တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေတော့သည်။ သို့သော်လည်း ပြင်ပလောကက အလွန်အမင်း စောင့်မျှော်နေကြသည့် ချန်ကျီရှင်းမှာမူ လေထဲတွင် ပျောက်ကွယ်သွားသည့်အလား လူအများ၏ အမြင်အာရုံထဲမှ လုံးဝ ပျောက်ကွယ်နေခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ချန်ကျီရှင်းသည် မိသားစုထံမှ သတင်းကို စောင့်ရင်း ဝိညာဉ်တံဆိပ်ခတ် ခေါင်းတလားထဲသို့ဝင်ကာ သေခြင်းတရား၏ အနှစ်သာရကို ခံစားနေခဲ့သည်။

လုပင်းနှင့် မိန်းကလေးချောင်တို့၏ ကိစ္စကိုမူ သူ ဂရုမစိုက်နိုင်တော့ပေ။

ထိုကိစ္စအတွက်မူ ချန်ကျီရှင်းအနေဖြင့် “နယ်ပယ်ချင်း မတူတာက ကမ္ဘာခြားသလိုပါပဲ” ဟုသာ ပြောချင်ပြီး သူတို့နှစ်ဦး အဆင်ပြေပါစေကြောင်းသာ ဆုတောင်းပေးနိုင်တော့သည်။

ယနေ့တွင် ချန်ကျီရှင်းသည် မိသားစုထံမှ ပြန်ကြားချက်ကို ရရှိခဲ့သည်။ သေမင်းဝိညာဉ်ဆေးလုံးမှာ မည်သည့်ပြဿနာမျှ မရှိကြောင်း အတည်ပြုပြီးနောက် သူသည် ဝေခွဲမနေတော့ဘဲ နန်းဆောင်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

“မင်း ဆုံးဖြတ်ချက်ချပြီးပြီ ထင်တယ်”

ထျန်းချန့်ကျီမှာ အရင်အတိုင်းပင် စားပွဲအိုကြီးတွင် ထိုင်ကာ ခေါင်းငုံ့၍ စာရေးနေဆဲပင်။ အသံကြားသဖြင့် မော့ကြည့်လိုက်သောအခါ ချန်ကျီရှင်းကို မြင်သဖြင့် အသာအယာ ပြုံးလိုက်သည်။

“ကျွန်တော်မျိုး ဒီနေ့ သေမင်းဝိညာဉ်ဆေးလုံးကို သောက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ”

ချန်ကျီရှင်းက ခေါင်းငြိမ့်ကာ ဂါရဝပြုလိုက်သည်။

“ကောင်းပြီ"

ထျန်းချန့်ကျီသည် လက်ထဲမှ ကလောင်တံကို ချလိုက်ပြီး ချန်ကျီရှင်းကို ခေါ်ဆောင်ကာ ဝိညာဉ်တံဆိပ်ခတ် ခေါင်းတလားရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားသည်။

“အထဲဝင်လိုက်တော့"

ထိုစကားကို ကြားသောအခါ ချန်ကျီရှင်းသည် ခေါင်းတလားကို ငုံ့ကြည့်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ လွန်ခဲ့သော ဆယ်ရက်ကျော်အတွင်း သူသည် နေ့ရောညပါ ဤခေါင်းတလားထဲသို့ ဝင်ကာ သေခြင်းအငွေ့အသက်ကို ခံစားခဲ့သည်။

ကနဦးပိုင်းတွင် ချွေးများရွှဲကာ စိတ်မသက်မသာ ဖြစ်ခဲ့ရသော်လည်း ယခုအခါတွင်မူ သူသည် တည်ငြိမ်အေးချမ်းသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

“ဒါဆိုရင် စီနီယာ့ကိုပဲ ကျွန်တော့်ရဲ့ လမ်းပြအဖြစ် အားကိုးပါရစေ”

ချန်ကျီရှင်းက နောက်ဆုံးတစ်ကြိမ် ကျေးဇူးတင်စကားပြောကာ ခေါင်းတလားထဲသို့ ဝင်၍ ဖြည်းညှင်းစွာ လှဲလျောင်းလိုက်သည်။ ထျန်းချန့်ကျီက ခေါင်းတလားအဖုံးကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားပြီး ချန်ကျီရှင်းကို အလေးအနက် စိုက်ကြည့်ကာ

“မှတ်ထားပါ... ဆေးလုံးကို သောက်ပြီးတာနဲ့ မင်းရဲ့ အာရုံခံစားမှုတွေ အားလုံး ပျောက်

ကွယ်သွားလိမ့်မယ်။ မင်း လမ်းပျောက်နေလိမ့်မယ်။ ဒါပေမဲ့ တစ်ခုတည်းကိုတော့ မင်း မှတ်မိနေရမယ်... အဲဒါကတော့ မင်း ဘယ်သူလဲဆိုတာပဲ"

“ကျွန်တော် ဘယ်သူလဲ”

ချန်ကျီရှင်း အနည်းငယ် အံ့အားသင့်သွားသည်။

“ဟုတ်တယ် အဲဒါကိုပဲ မှတ်ထားပါ။ အဲဒါက ဟင်းလင်းပြင်ထဲကနေ မင်း ပြန်လာနိုင်ဖို့ လမ်းပြပေးမယ့် တစ်ခုတည်းသော အလင်းရောင်ပဲ"

ထျန်းချန့်ကျီက အသာအယာ ပြုံးလိုက်ပြီးနောက် သူ၏ ညာဘက်လက်ဖြင့် အဖုံးကို ညင်သာစွာ တွန်းပိတ်လိုက်သည်။

ဒုန်းခေါင်းတလားအဖုံးမှာ လေးလံသောအသံနှင့်အတူ ပိတ်သွားတော့၏။

ချန်ကျီရှင်း၏ အမြင်အာရုံမှာ ချက်ချင်းပင် မှောင်အတိ ကျသွားသည်။ ရင်းနှီးနေပြီဖြစ်သော အေးစက်လှသည့် အသက်ရှူကျပ်ခြင်း ခံစားချက်မှာ ဒီရေကဲ့သို့ ပြန်လည်တိုးဝင်လာသည်။

“ဒါဆို စလိုက်ကြတာပေါ့”

ချန်ကျီရှင်းသည် လက်လှမ်းကာ သေမင်းဝိညာဉ်ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

ရှူး…

နားအနားမှ အသံများမှာ တဖြည်းဖြည်း ဝေဝါးလာပြီးနောက် လုံးဝ ပျောက်ကွယ်သွားသည်။ သူ၏ အာရုံခံစားမှု အားလုံးမှာ တစ်ခုချင်းစီ ခွာချခြင်း ခံလိုက်ရသည်။ အရင်က သန်မာထွားကျိုင်းခဲ့သော နှလုံးခုန်သံမှာလည်း တဖြည်းဖြည်းနှင့် ရပ်တန့်သွားတော့သည်။

အချိန်၊ ဟင်းလင်းပြင်နှင့် အရာအားလုံးမှာ ပျောက်ကွယ်သွားသည့်အလားပင်။ ၎င်းမှာ ဘာမျှမရှိခြင်းဟူသော ခံစားချက်ပင်။

ဘာမျှမရှိခြင်းဆိုသည်မှာ မည်သို့နည်း မျက်လုံးမှိတ်လိုက်သောအခါ အမှောင်ထုကို မြင်ရခြင်းမှာ ဘာမျှမရှိခြင်း မဟုတ်ပေ။ စစ်မှန်သော ဘာမျှမရှိခြင်းဆိုသည်မှာ မျက်လုံးတစ်ဖက်ကို မှိတ်ပြီး ကျန်တစ်ဖက်ကို ဖွင့်ထားကာ မှိတ်ထားသော မျက်လုံးဘက်မှ မြင်ကွင်းကို ကြည့်ရန် ကြိုးစားခြင်းမျိုး ဖြစ်သည်။ ထိုအခါ အမှောင်ထုပင် မရှိတော့ဘဲ မည်သည့်အရာမျှ တည်ရှိမနေသည့် ဟင်းလင်းပြင်ကြီးကို တွေ့ရလိမ့်မည်။

ထိုဟင်းလင်းပြင်ကြီးမှာ စစ်မှန်သော ဘာမျှမရှိခြင်းပင်။

ထိုခဏတွင် ချန်ကျီရှင်းသည် ထာဝရအိပ်စက်ခြင်းထဲသို့ ကျဆင်းသွားတော့သည်။

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

လက်ဖျောက်တစ်ချက်တီးလိုက်သည့် အချိန်အတွင်းမှာပင် လဝက်ခန့် ကုန်လွန်သွားခဲ့သည်။

အရှေ့ပိုင်း နက်ရှိုင်းနယ်မြေ၏ ပြိုင်ပွဲကြီးကျင်းပရန် သုံးရက်သာ လိုတော့သည်။

အင်အားစုအသီးသီးတို့သည် ပြိုင်ပွဲကျင်းပရာအရပ်ဖြစ်သော မသေမျိုး လွင့်မျောတောင်တန်းဆီသို့ စတင်ဦးတည်နေကြပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ယန်ကျိုးပြည်နယ်၏ ဇီဝေတောင်တန်းထက်၌ အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ထည် တောင့်တင်းခိုင်မာပြီး ဖရိုဖရဲဖြစ်နေသော ဆံပင်ဖြူများရှိသည့် အဘိုးအိုတစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အဝေးတစ်နေရာသို့ ငေးကြည့်နေသည်။

“ကျီအာ... သူ အခုထိ အကယ်ဒမီထဲမှာ ကျင့်စဉ်ကျင့်နေတုန်းပဲလား”

ချန်တောက်ယန်က လေးနက်တည်ငြိမ်သော အသံဖြင့် မေးလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်ကြီးကို တင်ပြပါတယ်။ တတိယသခင်လေးက အခုထိ အခန်းအောင်းနေဆဲပါပဲ။ ခေါင်းဆောင်ကြီး... ပြိုင်ပွဲကလည်း နီးနေပြီဆိုတော့ အကယ်ဒမီကို လူလွှတ်ပြီး သခင်လေးကို အတင်းအကျပ် သွားနှိုးခိုင်းရမလားခင်ဗျာ”

ချန်တောက်ယန်၏ အနောက်တွင် ရပ်နေသော အကြီးအကဲမင်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“မလိုပါဘူး။ ကျီအာက ပြိုင်ပွဲနေ့ကျရင် အလိုလို ရောက်လာလိမ့်မယ်လို့ ငါယုံကြည်တယ်။ အကြီးအကဲမဟူရာကိုပဲ အကယ်ဒမီဆီ လွှတ်လိုက်ပါ။ ကျီအာ နိုးလာတာနဲ့ ဒီတောင်တန်းဆီ တန်းတန်းမတ်မတ် လာခဲ့ဖို့ စာတစ်စောင် ထားခဲ့ခိုင်းလိုက်”

ချန်တောက်ယန်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ အကြီးအကဲမင်၏ မျက်နှာမှာ ပျက်သွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် “ခေါင်းဆောင်ကြီး... အကြီးအကဲမဟူရာက... သူက...”

“သူက ဘာဖြစ်လို့လဲ”

ချန်တောက်ယန်က မျက်မှောင်ကြုတ်လိုက်သည်။

“သူ... သူ ကျိလဲ့မြို့ကို နောက်တစ်ခေါက် ထပ်သွားပြန်ပြီခင်ဗျ”

အကြီးအကဲမင်က လက်ယမ်းကာ အလျင်အမြန် ရှင်းပြသည်။

“ခေါင်းဆောင်ကြီး ကျွန်တော် သူ့ကို တားပါသေးတယ်။ ပြိုင်ပွဲက စတော့မှာမို့ လျှောက်မသွားပါနဲ့လို့ ပြောပေမဲ့ သူက နားမထောင်ဘူး။ ခဏလေးပဲ သွားပြီး ချက်ချင်းပြန်လာခဲ့မယ်လို့ ဇွတ်ပြောသွားတာပါ။ ဒါ ကျွန်တော့်အပြစ် မဟုတ်ဘူးနော်”

“အဓိပ္ပာယ်မရှိလိုက်တာ”

ချန်တောက်ယန်မှာ ချက်ချင်းပင် ဒေါသထွက်သွားသည်။

“ဒီကောင်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီးဆိုးလာတာပဲ”

ချန်တောက်ယန်သည် အကြီးအကဲမင်ကို လှည့်ကြည့်ကာ “တစ်နာရီအတွင်း အကြီးအကဲမဟူရာကို ငါ့ရှေ့မှာ မြင်ချင်တယ်။ မဟုတ်ရင်တော့ သူ့ကို အသုံးမကျတဲ့သူ ဖြစ်အောင် လုပ်

ပစ်လိုက်မယ်။ အဲဒီကျမှ သူ ငိုနေရုံပဲ ရှိတော့မယ်” ဟု ကြိမ်းမောင်းလိုက်တော့သည်။

အကြီးအကဲမင်က အလျင်အမြန်ပင် လက်အုပ်ချီကာ “နားလည်ပါပြီ” ဟု ပြောကာ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ဟွိုင်ပြည်နယ်ရှိ စီကုန်းမိသားစု၏ နယ်မြေ၌ အမြဲတမ်း မှိုင်းညို့နေသော ကောင်းကင်ယံအောက်တွင် ချွန်ထက်သော နက်မှောင်သည့် တာဝါတိုင်များစွာ မတ်တပ်ရပ်နေသည့် ကမ္ဘာငယ်လေးတစ်ခု ရှိသည်။

ထိုနေရာ၏ အလယ်ဗဟို၊ တောင်တစ်လုံးကဲ့သို့ ပုံဖော်ထားသော နန်းဆောင်ကြီးအတွင်း၌ ခရမ်းရောင်ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး နဂါးပုံစံ ဝတ်ရုံကို ဆင်မြန်းထားကာ ယုတ်မာသော မျက်နှာထားရှိသည့် စီကုန်းမိသားစုခေါင်းဆောင် စီကုန်းရွှမ်ကျီသည် ကျောက်သားပလ္လင်ပေါ်တွင် ထိုင်နေသည်။

နန်းဆောင်အတွင်း၌ အစွမ်းထက်သော လူငယ်အနည်းငယ် ရှိနေကြပြီး ၎င်းတို့၏ ခေါင်းဆောင်မှာ မျက်နှာဖုံးဝက်ဖြင့် ဖုံးကွယ်ထားကာ နဖူးတွင် အပြစ်သားဟူသော စာလုံးကို အနီရောင်ဖြင့် ထွင်းထုထားသည့် ပါရမီရှင် ကျွေးပင်။

“သခင်လေးကျွေး... ဝေတုလုံက အခုထိ သဘောတူညီချက်ကို လက်မခံသေးဘူးလား”

စီကုန်းရွှမ်ကျီက ယဉ်ကျေးသော လေသံဖြင့် မေးလိုက်သည်။

“ချန်ကျီရှင်းကို သတ်ရမှာပဲ မဟုတ်လား။ ဝေတုလုံကို ဘာလို့ ဆွဲထည့်နေရဦးမှာလဲ”

ကျွေးသည် လက်မများကို အေးအေးလူလူ လှည့်ကစားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ အခြားပါရမီရှင်များကလည်း တစ်ညီတစ်ညွတ်တည်း ထောက်ခံကြသည်။

“မှန်တာပေါ့။ ကျွန်တော်တို့အားလုံး စုပေါင်းလိုက်ရင်တော့ နိဗ္ဗာနနယ်ပယ်က ပညာရှင်ကြီးတောင် ရှောင်ရှားသွားရလိမ့်မယ်။ အသက်မသေရုံတမယ် ထွက်ပြေးခဲ့ရတဲ့ ချန်ကျီရှင်းလိုလူမျိုးက ဘာမှ မဟုတ်တော့ပါဘူး”

ထိုစကားကို ကြားသောအခါ စီကုန်းရွှမ်ကျီ၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး အေးစက်သော အသံဖြင့် ဆိုလိုက်သည်

“ကောင်းပြီလေ။ ငါပြောတာကို မှတ်ထားကြပါ။ ဒီတစ်ခေါက် ချန်ကျီရှင်းက မသေမျိုး လွင့်မျောတောင်တန်းပေါ်မှာ သေချာပေါက် သေရမယ်”

အခန်း။ ၂၅၂

ဟွိုင်ပြည်နယ်၏ တစ်နေရာ။

နှစ်ပေါင်းများစွာ ကြာအောင် စိမ့်စမ်းထူထပ်ပြီး မှောင်မိုက်အေးစက်နေကာ အဆိပ်ငွေ့များ ဖုံးလွှမ်းနေသော တောင်တန်းတောအုပ်တစ်ခုရှိ၏။ ထိုနေရာ၌ ဆံပင်ဖြူများ ဖရိုဖရဲကျနေသော လီချန်းရှန်းက တင်ပျဉ်ခွေလျက် ထိုင်နေသည်။

သူသည် အသက်ကို ခပ်မှန်မှန် တစ်ချက်မျှ ရှူသွင်းလိုက်ရုံဖြင့် နှစ်ပေါင်းသောင်းချီ၍ ကိန်းအောင်းနေသော အဆိပ်မြူငွေ့များသည် အရပ်မျက်နှာအသီးသီးမှ လှိမ့်တက်လာပြီး လီချန်းရှန်း၏ ခန္ဓာကိုယ်အတွင်းသို့ တစ်ဟုန်ထိုး စုပ်ယူခြင်း ခံလိုက်ရသည်။

လီချန်းရှန်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သူ၏မျက်ဝန်းအိမ်အတွင်း၌ သံကောင်များကဲ့သို့ ရွစိတက်နေသော သွေးကြောမျှင်များစွာ ပေါ်ပေါက်လာသည်။

ဒုန်း…

လီချန်းရှန်း၏ ခန္ဓာကိုယ်အတွင်းမှ လေးလံသော အသံတစ်ချက် ထွက်ပေါ်လာသည်။ သူ၏ ကျောပြင်မှ လက်ချောင်းများသဏ္ဌာန်ရှိသော မီးခိုးရောင် အသားတောင်ပံတစ်စုံက ရုတ်တရက် ပေါက်ထွက်လာတော့သည်။

ထိုတောင်ပံများပေါ်တွင် နတ်ဆိုးအမှတ်အသားများ ပြည့်နှက်နေပြီး အနည်းငယ်မျှ ခတ်လိုက်ရုံဖြင့် နတ်ဆိုးအငွေ့အသက်များ ဝန်းရံလာကာ နေရောင်ခြည်ကိုပင် ဖုံးလွှမ်းသွားစေတော့သည်။

“နတ်ဘုရားနတ်ဆိုးခန္ဓာကိုယ်... နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ”

လီချန်းရှန်း၏ နှုတ်ခမ်းအစုံသည် ယုတ်မာသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး သူ၏မျက်ဝန်းနှင့် နားထင်တစ်ဝိုက်တွင် သံကောင်များကဲ့သို့ သွေးကြောမျှင်များက တရွေ့ရွေ့ လှုပ်ရှားနေကြသည်။

အဝေးတစ်နေရာမှ ဤမြင်ကွင်းကို ကြည့်နေသော ပိုင်ဟူအာ၏ မျက်စိသူငယ်အိမ်တို့က ကျုံ့သွားရ၏။ ဤလီချန်းရှန်းမှာ အမှန်တကယ်ပင် နတ်ဆိုးလမ်းစဉ်သို့ ကျဆင်းသွားခြင်းပင်။

“ချန်ကျီရှင်း... မင်းက ငါ့ရဲ့ သားသမီးတွေကို သတ်ခဲ့တယ်။ ငါ့ရဲ့ ဇနီးမယားတွေကို သတ်ဖြတ်ခဲ့တယ်”

“ဒီကံကြမ္မာကို ငါ လက်စားမချေနိုင်သရွေ့ ငါ လီချန်းရှန်းက လူအဖြစ် မခံယူတော့ဘူး”

လီချန်းရှန်းသည် ခေါင်းမော့ကာ အဝေးက ဟင်းလင်းပြင်ကြီးကို စိုက်ကြည့်နေမိသည်။ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လီမိသားစု၏ ငရဲခန်းသဖွယ် မြင်ကွင်းကို ပြန်လည်အမှတ်ရတိုင်း သူ၏နှလုံးသားမှာ ကြေကွဲနာကျင်နေရဆဲပင်။

ဂျွတ်... ဂျွတ်...

သူသည် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

အကယ်၍ ချန်ကျီရှင်းသည် သူ့ကိုသာ ရန်မူခဲ့လျှင် သူ အပြစ်မတင်ဘဲ လက်ခံမိမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်က ချန်ကျီရှင်းကို အရင်ဆုံး စတင်ရန်စခဲ့ခြင်းကြောင့်ပင်။ သို့သော်လည်း လက်စားချေမှုထဲတွင် အပြစ်မဲ့သော သားမယားများကို မပါဝင်သင့်ပေ။ အနှီးထုတ်ထဲတွင် ငိုယိုနေဆဲဖြစ်သော သူ၏ ရင်သွေးငယ်များကိုပင် ချန်ကျီရှင်းက လူလွှတ်၍ သတ်ဖြတ်ခိုင်းခဲ့သည်။

ဤမျှလောက်အထိ ရက်စက်ကြမ်းကြုတ်လှသော နည်းလမ်းများပင်။

ဤအချက်ကပင် ချန်ကျီရှင်းနှင့် တစ်မိသားစုလုံးအပေါ် နက်ရှိုင်းလှသော အမုန်းတရားများကို ဖြစ်ပေါ်စေခဲ့သည်။

ထိုစဉ် နူးညံ့သော လက်တစ်ဖက်က သူ၏ပုခုံးပေါ်သို့ ရောက်ရှိလာသည်။ အေးစက်ခက်ထန်နေသော လီချန်းရှန်း၏ မျက်နှာက ထိုလက်ပိုင်ရှင်ဘက်သို့ လှည့်လိုက်သောအခါ အနည်းငယ် နူးညံ့သွားပြီး အပြုံးတစ်ခု ပေါ်လာ၏။

“ပိုင်အာ... ကျိနု အနားယူနေပြီလား”

ပိုင်ဟူအာက ခေါင်းငြိမ့်ပြကာ “ယောင်္ကျား... ကျွန်မ အစ်မကြီးကို အိပ်အောင် ချော့သိပ်ထားခဲ့ပါတယ်” ဟု ပြန်ပြောသည်။

“ကောင်းပြီ"

လီချန်းရှန်းက ခေါင်းငြိမ့်လိုက်သော်လည်း သူ၏မျက်ဝန်းထဲ၌ အားနာရိပ်များ ပေါ်လာကာ “ပိုင်အာ... ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း မင်း တော်တော်ပင်ပန်းခဲ့မှာပဲ။ မင်း ငါနဲ့ ပေါင်းကတည်းက ဒုက္ခတွေပဲ ကြုံနေရတယ်။ တစ်ရက်ကလေးတောင် စိတ်ချမ်းသာအောင် မထားနိုင်ခဲ့ဘူး”

ထိုစကားကို ကြားသော် ပိုင်ဟူအာက လီချန်းရှန်း၏ လက်ကို ဆုပ်ကိုင်ကာ ပြုံးလျက် ခေါင်းခါယမ်းလိုက်ပြီး

“ပိုင်အာ မပင်ပန်းပါဘူး။ ကျွန်မ ယောင်္ကျားရဲ့ အနားမှာ ရှိနေနိုင်သရွေ့ ဘယ်လို အခက်အခဲမျိုးပဲဖြစ်ဖြစ် ချိုမြိန်နေမှာပါ”

ထိုစကားက လီချန်းရှန်း၏ နှလုံးသားထဲသို့ နွေးထွေးမှုများ စီးဝင်စေခဲ့သည်။ နာကျင်စုတ်ပြတ်နေသော သူ၏နှလုံးသားမှာ တဖြည်းဖြည်းချင်း ပြန်လည်ကုစားခံလိုက်ရသကဲ့သို့ပင်။

“ပိုင်အာ... ဒီလို အကျပ်အတည်းအချိန်မှာ မင်းကို ရရှိထားတာက ငါ့ရဲ့ ကံကောင်းခြင်းပဲ”

လီချန်းရှန်းသည် ပိုင်ဟူအာကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူကာ ပြတ်သားစွာ မတ်တပ်ရပ်လိုက်ပြီး ကြုံးဝါးလိုက်သည်။

“ဒါပေမဲ့ ပိုင်အာ... မင်း စိတ်ချလိုက်ပါ။ ဒီလို ဒုက္ခရောက်နေတဲ့ နေ့ရက်တွေက သိပ်မကြာတော့ပါဘူး”

ပိုင်ဟူအာ၏ မျက်ဝန်းထဲတွင် အရောင်တစ်ချက် ဝင်းလက်သွားကာ “ယောင်္ကျား... ရှင် ချန်မိသားစုကို ပြန်ရင်ဆိုင်ဖို့ ပြင်ဆင်နေတာလား” ဟု စိုးရိမ်ပူပန်ဟန်ဖြင့် မေးလိုက်၏။

“ဟုတ်တယ်"

လီချန်းရှန်းက လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်ပြီး “အရှေ့ပိုင်း နက်ရှိုင်းနယ်မြေရဲ့ ပြိုင်ပွဲကြီးက နီးကပ်နေပြီ။ ချန်ကျီရှင်းက မသေမျိုး လွင့်မျောတောင်တန်းကို ပြိုင်ပွဲဝင်ဖို့ သေချာပေါက် သွားလိမ့်မယ်”

“ဒါက သူ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ”

ထိုစကားကို ကြားသော် ပိုင်ဟူအာက စိုးရိမ်တကြီးဖြင့် “ဒါပေမဲ့ ယောင်္ကျား... ချန်ကျီရှင်းက ဇီဝေချန်မိသားစုရဲ့ အနာဂတ်အရှင်သခင်ပဲလေ။ သူတို့က သူ့ကို အစွမ်းကုန် ကာကွယ်ပေးကြမှာပဲ။ ရှင် တစ်ယောက်တည်းနဲ့ သူ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ...”

ပိုင်ဟူအာ စကားမဆုံးခင်မှာပင် လီချန်းရှန်းက လက်ကိုဆန့်ကာ သူမ၏ ဆံပင်များကို အသာအယာ ပွတ်သပ်ရင်း ပြုံးလိုက်သည်။

“မစိုးရိမ်ပါနဲ့ အခု ငါ့ရဲ့ နတ်ဘုရားနတ်ဆိုး ခန္ဓာကိုယ်က အထွတ်အထိပ်ကို ရောက်နေပြီ။ ကမ္ဘာပေါ်မှာ အထွတ်အထိပ်နယ်ပယ်က ပညာရှင်တွေ ပေါ်မလာသရွေ့ ငါ့ကို တားဆီးနိုင်တဲ့သူ အနည်းငယ်ပဲ ရှိတော့တယ်”

“ဒါပေမဲ့ ဇီဝေချန်မိသားစုရဲ့ ချန်တောက်ယန်က...”

ပိုင်ဟူအာက ဆက်ပြောရန် ကြိုးစားပြန်သည်။

လီချန်းရှန်းက ခပ်ဖွဖွရယ်ကာ ခေါင်းခါယမ်းလိုက်ပြီး “ချန်တောက်ယန်... ဟဲဟဲ ငါတို့နှစ်ယောက်ထဲက ဘယ်သူက ပိုသန်မာသလဲဆိုတာ တိုက်ပွဲဖြစ်တဲ့အခါမှပဲ သိရမှာပေါ့”

ထိုသို့ပြောပြီးနောက် လီချန်းရှန်း၏ လေသံမှာ နူးညံ့သွားကာ “ပိုင်အာ... မင်း ဒါတွေအတွက် မပူပါနဲ့။ ငါမရှိတဲ့အချိန်မှာ ကျိနုကို ငါ့ကိုယ်စား သေချာ ဂရုစိုက်ပေးပါ။ ငါ အောင်မြင်တဲ့အခါ မင်းတို့ကို အိမ်ပြန်ခေါ်ဖို့ ပြန်လာခဲ့မယ်”

ပြောပြီးသည်နှင့် လီချန်းရှန်းသည် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ အဆုံးအစမဲ့သော ကောင်းကင်ယံသို့ မျက်နှာမူလိုက်သည်။

ဝူး…

သူ့ကျောပြင်ပေါ်မှ လက်ချောင်းသဏ္ဌာန် အတောင်ပံကြီးများအား ပြင်းထန်စွာ ခတ်ထုတ်လိုက်ပြီး ဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်ကာ တစ်ဟုန်ထိုး ပျံတက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လီချန်းရှန်းသည် မိုးကုပ်စက်ဝိုင်းအစွန်းသို့ ပျောက်ကွယ်သွားသည်။

ပိုင်ဟူအာသည် လီချန်းရှန်း တစ်ကယ်ပင် ဝေးရာသို့ ရောက်သွားသည်ကို အသေအချာ သိရှိစေရန် အမွှေးတိုင်တစ်တိုင် ကုန်ဆုံးသည်အထိ ထိုနေရာ၌ပင် ရပ်နေခဲ့သည်။ သူမ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ယုတ်မာသော အကြည့်များဖြင့် အစားထိုးဝင်ရောက်လာ၏။

“ဒီလီချန်းရှန်းမှာ တကယ့်ကို လှည့်ကွက်တွေ ရှိနေတာပဲ...”

“မဖြစ်သေးဘူး... ဒီကိစ္စကို တတိယသခင်လေးဆီ ချက်ချင်း သတင်းပို့ရမယ်”

ပိုင်ဟူအာသည် သူမဘာသာ ရေရွတ်လိုက်ပြီးနောက် တောအုပ်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။ ခဏအကြာတွင် သူမသည် တောအုပ်ထဲမှ ပြန်လည် ထွက်ပေါ်လာ၏။ ထိုအချိန်တွင် ဆံပင်သားများ ချောမွတ်နေသော မြေခွေးဖြူလေးတစ်ကောင်က တံဆိပ်ခတ်ထားသော စာတစ်စောင်ကို ပါးစပ်ဖြင့် ကိုက်ချီကာ ဇီဝေချန်မိသားစုရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။ ခြေလှမ်းအနည်းငယ်အတွင်းမှာပင် မြေခွေးဖြူလေးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။

ဒုန်း ဒုန်း ဒုန်း

အရှေ့ပိုင်း နက်ရှိုင်းနယ်မြေ တစ်ခုလုံးသည် တစ်ခါဖူးမျှ မရှိခဲ့ဖူးသော ရင်ခုန်စိတ်လှုပ်ရှားမှုများဖြင့် ဆူညံလျက်ရှိသည်။ ပြည်နယ် (၁၃) ခုလုံး၏ ကောင်းကင်ယံတွင် ပျံသန်းနေသော သင်္ဘောကြီးများ၊ နတ်ဘုရား ငှက်ကြီးများနှင့် ရထားလုံးကြီးများဖြင့် ပြည့်နှက်နေ၏။ သူတို့အားလုံးသည် တိမ်တိုက်များကို ဖြတ်ကျော်ကာ မသေမျိုး လွင့်မျောတောင်တန်းဆီသို့ ခမ်းနားကြီးကျယ်စွာ ချီတက်နေကြခြင်းပင်။

ရှေးဦးမျိုးနွယ်စုများ၊ မြောက်ပိုင်းမှ သားရဲကြီးများနှင့် အရှေ့ပင်လယ်အောက်ခြေမှ သူစိမ်းမျိုးနွယ်စုများပင်လျှင် ထိုတောင်တန်းပေါ်သို့ စုရုံးရောက်ရှိနေကြပြီဖြစ်သည်။ ဤပြိုင်ပွဲကြီးနှင့် ယှဉ်လျှင် အခြားသော ကိစ္စအဝဝမှာ အရေးမပါတော့ပေ။ မကြာသေးမီက နာမည်ကြီးခဲ့သော ချန်ကျီရှင်း၏ သတင်းများပင် လူအများ၏ အာရုံထဲမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေတော့သည်။

အရှေ့ပိုင်း နက်ရှိုင်းနယ်မြေ၌ မကြုံစဖူးသော ထူးခြားသည့် မြင်ကွင်းကြီး ပေါ်ပေါက်နေချိန်တွင် အမြဲတမ်း စာဖတ်သံများဖြင့် ဆူညံနေလေ့ရှိသော ချန်ရန်အကယ်ဒမီသည် ယခုအခါ ဆိတ်ငြိမ်လျက်ရှိ၏။

အကယ်ဒမီ၏ ခန်းမအကြီးအကဲများ၏ ဦးဆောင်မှုဖြင့် ပညာသင်သားများသည်လည်း ကမ္ဘာကြီးကို တုန်လှုပ်စေမည့် ထိုတိုက်ပွဲကြီးကို သွားရောက်ကြည့်ရှုရန် ထွက်ခွာသွားကြပြီ ဖြစ်သည်။

ထိုအချိန်၌ အကယ်ဒမီ၏ အနက်ရှိုင်းဆုံးနေရာရှိ နွယ်ပင်များ ဖုံးလွှမ်းနေသော နန်းဆောင်အိုကြီးအတွင်းတွင် ထျန်းချန့်ကျီသည် ရှေးဟောင်း ဝိညာဉ်တံဆိပ်ခတ် ခေါင်းတလားဆီသို့ လျှောက်သွားပြီး အထဲမှ လှုပ်ရှားမှုများကို အာရုံခံကြည့်လိုက်သည်။

“မူလသက်စောင့်အားတွေက တဖြည်းဖြည်း အားနည်းလာသလိုပဲ...”

ထျန်းချန့်ကျီက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ သူသည် ဝေဝါးနေသော အသိစိတ်ထဲတွင် ပိတ်မိနေသည့် ချန်ကျီရှင်းကို အတင်းအကျပ် နှိုးနိုင်စွမ်း ရှိသော်လည်း ထိုသို့လုပ်လိုက်ပါက ချန်ကျီရှင်း၏ အားထုတ်မှုများ အားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် ချန်ကျီရှင်းသည် ရှင်ခြင်းနှင့် သေခြင်းဆိုင်ရာ တာအိုကို နားလည်သဘောပေါက်ရန် အခွင့်အရေး ဆုံးရှုံးသွားပေလိမ့်မည်။

"တကယ်လို့... အဲဒီတာအိုကိုသာ နားမလည်ဘူးဆိုရင် နိဗ္ဗာနနယ်ပယ်ကို တက်လှမ်းချိန်မှာ ကြုံတွေ့ရမယ့် သေဘေးကို သူဘယ်လိုလုပ် ကျော်ဖြတ်နိုင်မှာလဲ"

“ထားလိုက်ပါတော့... နောက်ထပ် နှစ်ရက်လောက် ထပ်စောင့်ကြည့်ဦးမယ်။ အခြေအနေ မထူးခြားလာဘူးဆိုမှပဲ အတင်းအကျပ် နှိုးလိုက်တော့မယ်”

ထျန်းချန့်ကျီက သူ့ဘာသာ ရေရွတ်လိုက်သည်။

All Chapters