← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အခန်း။ ၂၅၃

“ရှင်ခြင်းနဲ့ သေခြင်းဆိုင်ရာ အာရုံမှားနယ်မြေဆိုတာ ဒီလောက်အလွယ်တကူ ထိုးဖောက်မြင်နိုင်တဲ့အရာမျိုး မဟုတ်ဘူး...”

ထျန်းချန်းဇီသည် ခေါင်းတလားအဖုံးမှတစ်ဆင့် ထာဝရအိပ်စက်ခြင်းထဲ နစ်မျောနေသော ချန်ကျီရှင်းကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် သူသည် လက်ညှိုးကို ဆန့်ထုတ်ကာ ခေါင်းတလားအဖုံးပေါ်သို့ အသာအယာ တောက်လိုက်၏။

ချက်ချင်းဆိုသလိုပင် နတ်ဘုရားအာရုံတစ်ခုသည် ခေါင်းတလားအဖုံးကို ဖြတ်ကျော်ကာ ချန်ကျီရှင်း၏ အသိစိတ်ပင်လယ်ထဲသို့ စီးဝင်သွားတော့သည်။

ထိုအချိန်မှာပင် ချန်ကျီရှင်းသည် ထူးဆန်းအံ့သြဖွယ်ကောင်းသော အခြေအနေတစ်ခုထဲသို့ ရောက်ရှိသွားခဲ့သည်။ သူ၏မျက်လုံးရှေ့တွင် ခဏတာ မှောင်အတိကျသွားပြီးနောက် ပြန်လည်ပွင့်လာချိန်တွင် မြင်ကွင်းတို့မှာ လုံးဝပြောင်းလဲသွားခဲ့သည်။

ဟောင်းနွမ်းစုတ်ပြတ်နေသော အိမ်အိုလေးတစ်လုံးအတွင်း၌ နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးသည် ခုတင်စွန်းကို အားကုန်ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး စိုစွတ်နေသောအဝတ်စကို ကိုက်ကာ ဝေဒနာကို အံတုနေသည်။

သူမ၏ နဖူးပေါ်တွင်လည်း ချွေးစက်များ တရွဲရွဲ စီးကျနေ၏။ ဘေးနားရှိ ဝမ်းဆွဲသည်ကလည်း ထိုအမျိုးသမီးအား အားပေးတိုက်တွန်းရင်း ကလေးကို အားစိုက်ညှစ်ထုတ်ရန် ပြောဆိုနေသည်။

“ဒါ ဘယ်နေရာလဲ...”

ချန်ကျီရှင်း မှင်တက်သွားရသည်။ သူက ထိုနေရာက မည်သည့်နေရာဖြစ်ကြောင်း မေးမြန်းရန် ကြိုးစားသော်လည်း မြင်ကွင်းထဲရှိ လူများမှာ သူ့ကို မမြင်ကြချေ။ သူ၏ခန္ဓာကိုယ်မှာလည်း အရှိန်အဝါတစ်ခုကဲ့သို့ ဖြစ်နေပြီး လူများက သူ့ကို ဖြတ်သန်းသွားကြသည်။

“အာရုံမှားနယ်မြေလား ငါက ဒီလောကရဲ့ ပြင်ပမှာ လွင့်မျောနေတဲ့ အသိစိတ်တစ်ခု ဖြစ်နေတာပေါ့”

ချန်ကျီရှင်း၏ မျက်လုံးများထဲတွင် စဉ်းစားဆင်ခြင်ဟန်များ ဖျတ်ခနဲ ပေါ်လာသည်။ ဤသည်မှာ ထျန်းချန်းဇီ ပြောခဲ့သော ရှင်ခြင်းနဲ့ သေခြင်းဆိုင်ရာ အာရုံမှားနယ်မြေပင် ဖြစ်ရပေမည်။ သူသည် ဤနေရာ၌ ရှင်ခြင်းနှင့် သေခြင်းဆိုင်ရာ တာအိုကို နားလည်သဘောပေါက်ရန် လိုအပ်သည်။

“ဒီလိုနည်းလမ်းမျိုးနဲ့ တာအိုကို လေ့လာရတာလား...”

“စိတ်ဝင်စားဖို့ ကောင်းသားပဲ... ဒါဆိုလည်း ဖြစ်ချင်သလို ဖြစ်ပါစေတော့”

ချန်ကျီရှင်းသည် တည်ငြိမ်စွာပင် စောင့်ကြည့်နေလိုက်သည်။ ထိုခဏ၌ ထျန်းချန်းဇီ၏ နောက်ခံစကားပြောသံမှာ သူ၏နားထဲတွင် ပဲ့တင်ထပ်လာတော့သည်။

[ကလေးငယ်တစ်ဦးရဲ့ အားရပါးရ ငိုကြွေးသံနဲ့အတူ မင်း မွေးဖွားလာခဲ့ပြီ။

မင်းရဲ့အမည်က ချန်ရှောင်ရှင်းတဲ့။ အရှေ့မြောက်နယ်မြေ၊ ကျန်းကျိုးပြည်နယ်၊ ဟွမ်

ချောင်မြို့နယ်ထဲက လီမိသားစုကျေးရွာမှာ မင်းကို မွေးဖွားခဲ့တာ။ မင်းတို့မျိုးရိုးက အစက ဒီရွာက မဟုတ်ပါဘူး။ မင်းရဲ့ ဘိုးအေကြီးလက်ထက်မှာ ကျရောက်ခဲ့တဲ့ ကျိုင်းကောင်ဘေးဒုက္ခကြောင့် ဒီရွာကို ထွက်ပြေးတိမ်းရှောင်လာခဲ့ရာကနေ စေတနာကောင်းတဲ့ ရွာသားတွေရဲ့ အကူအညီနဲ့ အခြေချနေထိုင်ခွင့် ရခဲ့တာပေါ့။

မင်းရဲ့ ဘိုးအေကြီးမှာ ခွန်အားကလွဲလို့ တခြားထူးထူးခြားခြား အတတ်ပညာ မရှိခဲ့ဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရွာထဲက လူကြီးတစ်ယောက် ကွယ်လွန်သွားတဲ့အခါ ခေါင်းတလားထမ်းဖို့ လူလိုနေတာနဲ့ မင်းရဲ့ဘိုးအေကြီးက အဲဒီနေရာမှာ ဝင်လုပ်ပေးခဲ့တယ်။ အဲဒီအချိန်ကစပြီး သူက လီမိသားစုကျေးရွာရဲ့ ခေါင်းတလားထမ်းသမားတစ်ယောက် ဖြစ်လာခဲ့တာပဲ။

ဒါက ချန်မိသားစုရဲ့ မျိုးရိုးစဉ်ဆက်လုပ်ငန်းရဲ့ အစပျိုးခြင်းလည်း ဖြစ်ခဲ့တယ်။ ဘိုးအေကြီး ကွယ်လွန်တဲ့အခါ မင်းရဲ့အဖိုးက အဲဒီနေရာကို ဆက်ခံခဲ့ပြီး ခေါင်းတလားထမ်းသမားအဖြစ် ဆက်လုပ်ခဲ့တယ်။ ဒါကြောင့် မင်းမွေးဖွားလာချိန်မှာ မင်းရဲ့ ဘိုးဘွားသုံးဆက်လုံးက နာရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသူတွေ ဖြစ်နေပြီပေါ့]

ချန်ကျီရှင်း၏ မျက်စိရှေ့မှ မြင်ကွင်းများက တရွေ့ရွေ့ ပြောင်းလဲသွားသည်။

“ဟင် ခေါင်းတလားထမ်းသမား ဟုတ်လား”

ချန်ကျီရှင်းသည် ထိုမြင်ကွင်းများကို တိတ်ဆိတ်စွာ စောင့်ကြည့်နေရင်း သူ၏မျက်နှာတွင် စိတ်ဝင်စားဟန်များ ပေါ်လာသည်။

ဤမြင်ကွင်းများမှာ သေမင်းဝိညာဉ်ဆေးလုံးကြောင့် ဖြစ်ပေါ်လာခြင်းလား သို့မဟုတ် ထျန်းချန်းဇီ၏ နည်းလမ်းများကြောင့်လားဆိုသည်ကို သူ သိချင်မိသည်။

“ထျန်းချန်းဇီက ငါ့ကိုယ်ငါ ဘယ်သူလဲဆိုတာ မမေ့ဖို့ အရင်က သတိပေးခဲ့ဖူးတယ်။ အဲဒါက ငါ့ကို အိမ်ပြန်လမ်းပြပေးမယ့် အလင်းရောင်ပဲတဲ့။ ဆိုလိုတာက ဒီအာရုံမှားနယ်မြေထဲမှာ ငါ့စိတ်တွေ လမ်းမပျောက်သွားအောင် ကာကွယ်ခိုင်းတာ ဖြစ်မှာပဲ”

ချန်ကျီရှင်းသည် တိုးတိုးလေး ရေရွတ်လိုက်၏။ ထို့နောက် သူသည် စိတ်ကို တည်ငြိမ်အောင် ထားကာ အာရုံမှားနယ်မြေထဲက မြင်ကွင်းများကိုသာ အာရုံစိုက်လိုက်သည်။

“ခေါင်းတလားထမ်းသမားဆိုတာ... လူ့လောကမှာ သေခြင်းတရားနဲ့ အနီးကပ်ဆုံး ထိတွေ့ရတဲ့ အလုပ်တစ်ခု ဖြစ်နိုင်တာပဲ။ ဒီအလုပ်ကနေတစ်ဆင့် ရှင်ခြင်းနဲ့ သေခြင်းဆိုင်ရာ တာအိုကို လေ့လာဖို့ ကြိုးစားတာက တကယ့်ကို ဆန်းသစ်တဲ့ နည်းလမ်းတစ်ခုပဲ”

မြင်ကွင်းတို့သည် တရွေ့ရွေ့ ဆက်လက်ရွေ့လျားနေပြီး ထျန်းချန်းဇီ၏ နောက်ခံစကားပြောသံများမှာလည်း အဆက်မပြတ်ထွက်ပေါ်နေတော့သည်။

မြင်ကွင်းများအတွင်း၌ အချိန်ကာလတို့က တစ်နှစ်ပြီးတစ်နှစ် တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။ အစပိုင်းတွင် အသိစိတ် ကြည်လင်နေခဲ့သော ချန်ကျီရှင်း၏ အသိစိတ်မှာ တဖြည်းဖြည်း ဝေဝါးလာပြီး ဤကမ္ဘာရှိ ချန်ရှောင်ရှင်းအဖြစ်သို့ လုံးလုံးလျားလျား ကူးပြောင်းသွားကာ အရာအားလုံးကို တဖြည်းဖြည်း မေ့လျော့လာတော့သည်။

[ဒီလောကမှာ လူမှုအတန်းအစား ခွဲခြားမှုတွေက အရမ်းကို တင်းကျပ်တာ။ မင်းတို့ ချန်မိသားစုက မျိုးရိုးစဉ်ဆက် ခေါင်းတလားထမ်းသမားတွေ ဖြစ်ကြပြီး အနိမ့်ကျဆုံး အခြေခံလူတန်းစားတွေထဲမှာ ပါတယ်။ ပြောရရင် ပြည့်တန်ဆာတွေထက်စာရင် အနည်းငယ်ပဲ အဆင့်မြင့်တာပေါ့]

[ဒါပေမဲ့ လီမိသားစုကျေးရွာမှာတော့ လူတိုင်းက ကွယ်လွန်သူတွေကို နောက်ဆုံးခရီး ပို့ဆောင်ဖို့အတွက် မင်းတို့ရဲ့ အကူအညီကို လိုအပ်ကြတာမို့ ချန်မိသားစုအပေါ် ဘယ်သူမှ ခွဲခြားဆက်ဆံတာမျိုး မရှိခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အိမ်တိုင်းလိုလိုက မင်းတို့မိသားစုကို ရိုရိုသေသေတောင် ဆက်ဆံကြသေးတယ်]

[တကယ်တော့ သေခြင်းတရားဆိုတာ ဘယ်သူမှ မလွတ်ကင်းနိုင်တဲ့ အရာပဲလေ။ လူတိုင်း သေကြရမှာပဲ မဟုတ်ဘူးလား။ အဲဒီတော့ မင်းတို့ကို စော်ကားမိရင် နာရေးအခမ်းအနားမှာ တစ်ခုခု အနှောင့်အယှက် ပေးသွားမှာကို လူတွေက ကြောက်ကြတာ]

[ဘယ်သူကမှ သေပြီးတဲ့နောက်မှာတောင် မတည်မငြိမ် မအေးမချမ်း ဖြစ်မနေချင်ကြဘူးလေ]

[ဒါ့အပြင် မင်းရဲ့အဖေက အတော်လေး ဉာဏ်ပြေးတဲ့သူတစ်ဦးပဲ။ သူက ခေါင်းတလားထမ်းတဲ့အလုပ်တင်မကဘဲ စက္ကူအရုပ်လုပ်ငန်း၊ ခေါင်းတလားဆိုင်၊ နာရေးဗုံတီးတာ စတဲ့ နာရေးဝန်ဆောင်မှု အားလုံးကို တစ်နေရာတည်းမှာ ရနိုင်အောင် စီစဉ်ပြီး ကုသိုလ်ဖြစ်ခန်းမတစ်ခု ဖွင့်လှစ်ခဲ့သလို တစ်ခုတည်းသော နာရေးဝန်ဆောင်မှုကိုပါ စနစ်တကျ လုပ်ဆောင်ခဲ့တယ်]

[အဲဒီလိုနဲ့ လီမိသားစုကျေးရွာတင်မကဘဲ ဟွမ်ချောင်မြို့နယ်အထိပါ လုပ်ငန်းကို ချဲ့ထွင်နိုင်ခဲ့တာပေါ့]

[မြို့ပေါ်မှာဖြစ်စေ၊ အနီးနားက ရွာတွေမှာဖြစ်စေ လူတစ်ယောက် ကွယ်လွန်သွားပြီဆိုရင် ချန်

မိသားစုကိုပဲ ရှာလာကြတာ။ ဒါကြောင့် မင်းမွေးဖွားလာချိန်မှာတော့ ဘဝက အတော်လေး စိုပြေနေခဲ့ပြီ]

[မင်းရဲ့မိခင်ကတော့ မင်းကို မွေးပြီးမကြာခင်မှာပဲ ဖျားနာပြီး ဆုံးပါးသွားခဲ့တာမို့ သူမနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်အများစုက အဖေဖြစ်သူရဲ့ ပြောပြချက်တွေဆီကနေပဲ ရခဲ့တာပေါ့]

[ပြင်ပလူတွေရဲ့ အပြောအရတော့ မင်းတို့လို နာရေးအလုပ် လုပ်ကိုင်သူတွေက ကံဆိုးမိုးမှောင်ကျတတ်ပြီး ကိုယ့်ကိုယ်တိုင်ရော ဘေးနားကလူတွေကိုပါ ထိခိုက်စေတတ်တယ်လို့ ပြောကြတယ်]

[ဒါပေမဲ့ အဖေဖြစ်သူကို အဲဒီအကြောင်း ပြောပြတဲ့အခါ သူက ဂရုမစိုက်သလိုပဲ နေခဲ့တယ်]

[သူက ဘာပြောလဲဆိုတော့ "တခြားလူတွေက ငါတို့အလုပ်ကို နားမလည်ကြလို့ပါကွာ။ အမှန်တော့ ငါတို့က ငါတို့ရဲ့ သားစဉ်မြေးဆက်တွေအတွက် ကုသိုလ်ထူးတွေကို စုဆောင်းပေးနေတာ။ ခေါင်းတလားထမ်းတယ်ဆိုတာ တကယ့်ကို ကောင်းချီးမင်္ဂလာ တစ်ခုပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် ခေါင်းတလားထမ်းတဲ့သူ ရှစ်ယောက်ကို ခေါင်းတလားထမ်းသမားလို့တောင် မခေါ်ကြဘူး။ မြို့စားမင်းကိုယ်တိုင်တောင် သူတို့ကို နတ်မင်းရှစ်ပါးဒါမှမဟုတ် တန်ခိုးရှင်ရှစ်ပါးလို့ ရိုရိုသေသေ ခေါ်ခဲ့ကြတာ"တဲ့]

[မင်းမှာ အမေမရှိတာကြောင့် စားဝတ်နေရေး ပြည့်စုံခဲ့ပေမဲ့ နွေးထွေးတဲ့ ဂရုစိုက်မှုတွေတော့ ကင်းမဲ့ခဲ့ရတယ်]

[ရွေးချယ်စရာမရှိတာနဲ့ ငယ်စဉ်ကတည်းက အဖေဖြစ်သူနဲ့အတူ ရွာစဉ်ပတ်ပြီး အသုဘအိမ်တွေဆီ လိုက်ပါခဲ့ရတာပေါ့။ အဖေဖြစ်သူက စက္ကူရုပ်တွေ၊ စက္ကူမြင်းတွေ လုပ်နေချိန်၊ ခေါင်းတလားထမ်းနေချိန် ဒါမှမဟုတ် သင်္ချိုင်းကျင်းတူးနေချိန်တွေမှာ မင်းက သူ့ဘေးမှာ တိတ်တဆိတ် ရှိနေတတ်တယ်]

[အဲဒီလိုနဲ့ ငယ်စဉ်ကတည်းက လူသေတွေနဲ့ ထိတွေ့လာခဲ့ရလို့ သေခြင်းတရားဆိုတာ မင်းအတွက် မစိမ်းတော့ဘူး]

[သေခြင်းတရားနဲ့ ရင်းနှီးကျွမ်းဝင်နေပေမဲ့ အဲဒီအရာက ဘာကိုဆိုလိုတယ်။ ဘယ်လိုအနှစ်သာရမျိုးရှိတယ်ဆိုတာကိုတော့ မင်း ရှင်းရှင်းလင်းလင်း မသိခဲ့ရသေးဘူး]

[မင်း အရွယ်ရောက်လာပြီး ခွန်အားဗလ ပြည့်စုံလာတဲ့အခါမှာတော့ အဖေဖြစ်သူက အလုပ်အကိုင် ကျွမ်းကျင်စေဖို့နဲ့ နောင်တစ်ချိန်မှာ လုပ်ငန်းကို ဆက်ခံနိုင်ဖို့အတွက် မင်းကို ခေါင်းတလားထမ်းခိုင်းဖို့ ပြင်ဆင်တော့တယ်]

[ဒါပေမဲ့ မင်းကတော့ အဲဒီအလုပ်ကို အရင်ကနဲ့မတူဘဲ အပြင်းအထန် ငြင်းဆန်ခဲ့တာပေါ့]

[အကြောင်းကတော့ မင်းက လူသေတွေနဲ့ ထိတွေ့ရတဲ့ ခေါင်းတလားထမ်းသမားအဖြစ် ဆက်ပြီး မရှင်သန်ချင်တော့လို့ပဲ]

[အဲဒီနေ့က မင်းနဲ့ မင်းအဖေဖြစ်သူတို့ အပြင်းထန်ဆုံး စကားများခဲ့ကြတယ်]

[လူငယ်ဘာသာ စိတ်ထက်သန်နေတဲ့ မင်းက အဖေဖြစ်သူကို ဒေါသတကြီး အော်ဟစ်လိုက်မိတယ် "သား နောက်ခါ ဒီအလုပ်တွေကို မလုပ်ချင်တော့ဘူး အဖေ သိလား... ကျောင်းက သူငယ်ချင်းတွေ သားကို ဘယ်လိုပြောကြလဲဆိုတာ။ သားကို လူသေတွေဆီက ရတဲ့ ထမင်းကို စားပြီး ကြီးလာတဲ့ ကလေးလို့ ပြောကြတာဗျ"]

[ချန်ကျီရှင်းဟု အမည်ရသော အဖေဖြစ်သူသည် ဝါးခုံလေးပေါ်တွင် ထိုင်ကာ စက္ကူရုပ်များ ပြုလုပ်နေရင်းမှ ထိုစကားကို ကြားသော် လက်ထဲက အလုပ်ကို ချလိုက်ပြီး အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။

“အေး... ဟုတ်တယ်။ မင်းက လူသေတွေဆီက ရတဲ့ ထမင်းကို စားပြီး ကြီးလာတာပဲ။ သူတို့ပြောတာ မမှားဘူး ရှောင်ရှင်း... ငါ မင်းကို ပြောပြမယ်။ မင်းတင်မကဘူး ငါရော၊ မင်းရဲ့ အဘိုးရော၊ ငါတို့အားလုံးက လူသေတွေဆီက ရတဲ့ ထမင်းကို စားပြီး ကြီးလာကြတာ။ ငါတို့အားလုံး ဒီအလုပ်ကို လုပ်နိုင်ရင် မင်းက ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ”]

[မင်းကလည်း မလျှော့တမ်း ပြန်ပက်လိုက်တာပေါ့ "သူတို့ပြောတာတော့ ကျွန်တော်တို့အလုပ်က အနိမ့်ကျဆုံးအလုပ်တဲ့။ မြို့ထဲက ပြည့်တန်ဆာတွေထက်စာရင်တောင် နည်းနည်းပဲသာတယ်။ အောက်တန်းကျလိုက်တာတဲ့ဗျာ"]

[ဒီစကားကိုပြောပြီးတော့ မင်းက ထပ်တောင်ပြောလိုက်သေးတယ် "ကျွန်တော် စာသင်ပြီးတော့ ဘွဲ့ထူးဂုဏ်ထူးတွေ ယူချင်တာ ပညာရှိတစ်ယောက်၊ အရာရှိတစ်ယောက် ဖြစ်ချင်တာ၊ အဲဒါမှ တကယ့်ဂုဏ်သိက္ခာပဲ ရည်မှန်းချက်ရှိရင် ဆင်းရဲတဲ့မျိုးရိုးကနေတောင် ထူးချွန်တဲ့သူတွေ ပေါ်ထွက်လာနိုင်တယ်လို့ သူတို့ပြောကြတယ်ဗျ"]

[ဖြန်း]

[မင်းရဲ့အဖေက မင်းရဲ့ပါးကို အားနဲ့ရိုက်လိုက်တာပဲ]

[ဒါက သူ မင်းကို ပထမဆုံးအကြိမ် ရိုက်နှက်ဖူးတာပဲပေါ့]

[မင်းရဲ့အဖေမျက်နှာမှာ အရင်က တစ်ခါမှမမြင်ဖူးတဲ့ ဒေါသတွေကို မြင်လိုက်ရတော့ မင်းလည်း ဆွံ့အသွားခဲ့ရတယ်]

[သူက ဒေါသထွက်လွန်းလို့ လက်တွေတုန်နေပြီးတော့ "မင်းက အောက်တန်းကျတယ်လို့ ပြောလိုက်တာလား အောက်တန်းကျနေပါစေဦး၊ အဲဒီအလုပ်ကပဲ မင်းကို ကျွေးမွေးလာတာကွ လက်တစ်ဖက်နဲ့ ထမင်းစားပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ ကျိန်ဆဲဖို့ ဘယ်သူက မင်းကို သင်ပေးလိုက်တာလဲ"]

[အဲဒီအချိန်မှာ မင်းရဲ့အဖေက လေသံပြောင်းသွားပြီး ဒေါသလည်းထွက် ရယ်လည်းရယ်ချင်နေတဲ့ ပုံစံမျိုးနဲ့ "ဆင်းရဲတဲ့မျိုးရိုးကနေ ထူးချွန်တဲ့ကလေးတွေ ထွက်လာမယ် ဟုတ်လား မင်းကိုယ်မင်း ပြန်ကြည့်ဦး။ ငတုံးပုံစံနဲ့ စာသင်ဖို့ ပြောနေတာလား ပြီးတော့ ဆင်းရဲတဲ့မျိုးရိုး၊ ဆင်းရဲတဲ့မျိုးရိုး ဆိုတာက ဘာလဲဆိုတာ မင်းသိလား ဆင်းရဲတဲ့မျိုးရိုးဆိုတာတောင် အဆင့်အတန်းတစ်ခု ရှိသေးတယ်ကွ ငါတို့မိသားစုက အဲဒီလို ဆင်းရဲတဲ့မျိုးရိုးလို့ ခေါ်ဖို့တောင် ထိုက်တန်လို့လား"]

[သူ့ရဲ့စကားတွေက မင်းကို ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားစေတာပေါ့]

[ဒါပေမဲ့ မင်းကို အဓိက စိတ်ရှုပ်ထွေးသွားစေတာကတော့ အဖေ့ဆီက ရလိုက်တဲ့ ပါးရိုက်ချကပဲ။ အဲဒီဝေဒနာကနေ မင်း ချက်ချင်း ပြန်မသက်သာနိုင်ခဲ့ဘူး]

[နောက်ဆုံးတော့ မင်းရဲ့အဖေက မင်းရဲ့နားရွက်ကို ဆွဲပြီးတော့ အခန်းထဲမှာ ပိတ်ထားလိုက်

တယ်။ စက္ကူအရုပ် ဆယ်ရုပ်ပြီးအောင် မလုပ်မချင်း အပြင်ထွက်ခွင့် မပေးဘူးတဲ့]

[အင်း... မင်းလည်း လိမ္မာသွားတာပေါ့]

[အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာပြီး အဖေ့ရဲ့ ဖိအားပေးမှုအောက်မှာ မင်းလည်း မိသားစုအလုပ်တွေကို စကူညီပေးခဲ့ရတယ်]

[မင်း စတင်လုပ်ကိုင်ခဲ့တဲ့ ပထမဆုံးအလုပ်ကတော့ ခေါင်းတလားထမ်းတဲ့ အလုပ်ပဲ]

[မင်းအဖေ ပြောတာတော့ ချန်မိသားစုက ခေါင်းတလားထမ်းတဲ့အလုပ်နဲ့ ကြီးပွားလာတာမို့ မင်းအနေနဲ့ ခေါင်းတလားထမ်းတဲ့အတတ်ကို အရင်ဆုံး ကျွမ်းကျင်အောင် လေ့ကျင့်ရမယ်တဲ့]

[နားထောင်ရတာ လွယ်သလိုရှိပေမဲ့ လက်တွေ့မှာတော့ ခေါင်းတလားထမ်းတာက မလွယ်ဘူးလေ]

[မင်းအနေနဲ့ ခေါင်းတလားကို ငြိမ်နေအောင် ထမ်းရရုံတင်မကဘူး။ ခရီးတစ်လျှောက်မှာ လူသေကို လှုပ်ခါမသွားအောင် ဂရုစိုက်ရတယ်။ လမ်းမှာလည်း နောက်ပြန်လှည့်ကြည့်တာမျိုး၊ ရပ်နားတာမျိုး မလုပ်ရသလို ခေါင်းတလားကလည်း မြေကြီးနဲ့ မထိရဘူးလေ]

[မင်းက ဒီအလုပ်ကို နာရီဝက်လောက် လေ့ကျင့်ခဲ့ပြီးတော့ အဖေ့နောက်လိုက်ပြီး ခေါင်းတလား အကြိမ်အနည်းငယ် ထမ်းခဲ့တယ်။ တစ်နှစ်အကြာမှာတော့ မင်းကိုယ်တိုင် ဦးဆောင်ပြီး ခေါင်းတလားထမ်းဖို့ အခွင့်အရေး ရခဲ့တာပေါ့]

[အဲဒီနေ့က ကောင်းကင်ကြီးကလည်း မှောင်အတိကျနေပြီးတော့ တိမ်မည်းတွေက ပြိုကျတော့မတတ် လေးလံထိုင်းမှိုင်းနေခဲ့တယ်]

[သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးကြောင့် တောင်တက်လမ်းက ချော်လဲစရာတွေ၊ ရွှံ့နွံတွေနဲ့ ပြည့်နေတာမို့ လမ်းလျှောက်ဖို့တောင် ခက်ခဲနေချိန်မှာ ခေါင်းတလားကို မလှုပ်မယှက် ငြိမ်ငြိမ်လေး ထမ်းဖို့ဆိုတာက ပိုလို့တောင် ခက်ခဲတာပေါ့]

[ကံကောင်းတာက မင်းနဲ့အတူပါလာတဲ့ တခြားခုနစ်ယောက်က ဆယ်စုနှစ်ချီ အတွေ့အကြုံရှိတဲ့ ဝါရင့်ပညာရှင်တွေမို့လို့ ခရီးစဉ်ကတော့ အဆင်ပြေပြေ ပြီးဆုံးခဲ့ပါတယ်]

[ခေါင်းတလားကို တောင်ပေါ်အထိ ထမ်းလာပြီး ဂူသွင်းတဲ့အခါ မိသားစုဝင်တွေ လူသေကို နောက်ဆုံးအကြိမ် ကြည့်ရှုနိုင်ဖို့ ခေါင်းတလားအဖုံးကို ဖွင့်လိုက်ချိန်မှာတော့ ဆွေမျိုးသားချင်းတွေရဲ့ ရင်ကွဲမတတ် ငိုကြွေးသံတွေကြားမှာ မင်းရဲ့စိတ်ကလည်း ပထမဆုံးအကြိမ် လေးလံသွားခဲ့ရတာပေါ့]

[ခေါင်းတလားထဲမှာ လှုပ်ရှားမှုမရှိဘဲ ဖြူဖျော့ပြီး ငြိမ်သက်စွာ လဲလျောင်းနေတဲ့သူကို ကြည့်ရင်း၊ ဘေးနားမှာ ဝိုင်းငိုနေတဲ့ မိသားစုဝင်တွေကို ကြည့်ရင်းနဲ့ မင်းက သေခြင်းတရားဆိုတာ ဘာလဲဆိုတာကို စတင်စဉ်းစားမိလာခဲ့တယ်]

[ဒါပေမဲ့ မင်း အဖြေရှာမတွေ့ခဲ့ဘူး]

[နောက်ဆုံးမှာတော့ သည်းထန်စွာရွာနေတဲ့ မိုးစက်တွေက မင်းရဲ့မျက်နှာပေါ်ကို ကျလာခဲ့တယ်။ လူသေရဲ့ မိသားစုဝင်တွေရဲ့ ငိုကြွေးမြည်တမ်းသံတွေကြားမှာ မင်းက ကျိန်စာပယ်ဂါထာကို ရွတ်ဆိုပြီးတော့ ခေါင်းတလားကို နဂါးသံမှိုနဲ့ အသေပိတ်လိုက်တာပေါ့]

[အဲဒီနောက်မှာတော့ မြေဝါအဆုပ်လိုက်က ခေါင်းတလားကို ဖုံးလွှမ်းသွားပြီး နောက်ဆုံးမှာတော့ မြေကြီးအောက်မှာ လုံးဝမြုပ်နှံသွားခဲ့ပြီ]

[အသက်ရှိတဲ့ လူတစ်ယောက်က အဲဒီလိုနဲ့ မြေပုံလေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာပေါ့]

[အဲဒီအချိန်ကစပြီး အရှင်နဲ့ အသေ ခွဲခြားလိုက်ပြီဖြစ်လို့ တစ်ယောက်ချင်းစီရဲ့ ငြိမ်းချမ်းရာဆီကို ရောက်သွားကြတာပေါ့]

[အဲဒီမှာ မင်းက သေခြင်းတရားနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် နားလည်မှုတစ်ခု ရရှိခဲ့တယ်]

[ဖြစ်နိုင်တာကတော့... သေခြင်းတရားဆိုတာ လူတစ်ယောက် မြေပုံလေးတစ်ခုအဖြစ် ပြောင်းလဲသွားတာမျိုးလား]

ချန်ကျီရှင်း၏အသိစိတ်မှာ ဤမြင်ကွင်းများအတွင်း၌ တဖြည်းဖြည်း နစ်မြုပ်နေဆဲပင်။ အပြင်လောကမှ ထျန်းချန်းဇီသည် ခေါင်းတလားဘေးတွင် ထိုင်ကာ ချန်ကျီရှင်း၏ အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။

ရှင်ခြင်းနှင့် သေခြင်းဆိုင်ရာ အာရုံမှားနယ်မြေအတွင်း၌ အချိန်တို့သည် ကမ္ဘာဦးကာလကဲ့သို့ တရွေ့ရွေ့ ကုန်ဆုံးနေသည်။ ချန်ကျီရှင်းသည် ထိုမြေပုံလေးကို ကြည့်ရင်းမှ သူ၏ကိုယ်ပိုင်ဖြစ်တည်မှုကို ရှာဖွေရန် ကြိုးစားနေခဲ့သည်။

အခန်း။ ၂၅၄

[ကောင်းကင်ကြီးကတော့ အုံ့မှိုင်းနေတုန်းပဲ။ ဒါပေမဲ့ သည်းထန်စွာရွာနေတဲ့ မိုးကတော့ ဘယ်အချိန်ကတည်းက ရပ်သွားမှန်းမသိအောင် ရပ်သွားခဲ့ပြီ]

[မင်းက ရွှံ့ဗွက်တွေနဲ့ ပြည့်နေတဲ့ တောင်တက်လမ်းအတိုင်း တရွေ့ရွေ့ လျှောက်လှမ်းလာရင်း စိတ်ထဲမှာတော့ အတွေးပေါင်းစုံနဲ့ ရှုပ်ထွေးနေခဲ့တာပေါ့]

[အရင်တုန်းကတော့ သေခြင်းတရားဆိုတာ စည်ကားသိုက်မြိုက်တဲ့ ကိစ္စတစ်ခုလို့ မင်းထင်ခဲ့တာ]

[ဘာလို့လဲဆိုတော့ လူတစ်ယောက် သေပြီဆိုတာနဲ့ မင်းတို့မိသားစုအတွက် စီးပွားရေးဖြစ်ပြီလေ။ အဲဒီအခါကျရင် ပိုက်ဆံရတဲ့ မင်းအဖေက မင်းကို မြို့ထဲခေါ်သွားပြီး ဆီးသီးယိုချောင်းတွေ ဝယ်ကျွေးတတ်တယ် မဟုတ်လား]

[အဲဒါအပြင် နာရေးအခမ်းအနားဆိုတာကလည်း မောင်းသံဗုံသံတွေနဲ့ တကယ်ကို စည်ကားတာလေ။ သန်းခေါင်ယံအချိန်ကျရင်လည်း နာရေးကျွမ်းကျင်ဆရာတွေက မင်းအကြိုက်ဆုံးဖြစ်တဲ့ ပဲပြားခေါက်ဆွဲပူပူလေးတွေကို ပြင်ဆင်ပေးတတ်ကြသေးတယ်]

[ဒါကြောင့်လည်း မင်းက သေခြင်းတရားကို ဆိုးဝါးတဲ့အရာတစ်ခုလို့ တစ်ခါမှ မသတ်မှတ်ခဲ့ဘူးပေါ့]

[ဒီနေ့ရောက်မှသာ မင်းရဲ့ရင်ထဲမှာ လေးလံထိုင်းမှိုင်းလာပြီး နှာခေါင်းထဲမှာလည်း တစပ်စပ်နဲ့ ငိုချင်စိတ် ပေါက်လာခဲ့တာ။ သေခြင်းတရားဆိုတာ တကယ့်ကို ဝမ်းနည်းစရာကောင်းတဲ့အရာမှန်း မင်း အခုမှပဲ နားလည်သွားခဲ့ရတယ်]

[အဲဒီအချိန်မှာပဲ မင်းက သေခြင်းတရားရဲ့ တကယ့်အနှစ်သာရကို စူးစမ်းချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့တာပေါ့]

[မင်းရဲ့ဘေးမှာရှိတဲ့ ဝါရင့်ခေါင်းတလားထမ်းသမားကြီးကို "သေခြင်းတရားဆိုတာ ဘာလဲဟင်" လို့ မင်းမေးလိုက်မိတယ်]

[အဲဒီလူကြီးကတော့ ဟောင်းနွမ်းနေတဲ့ ဆေးတံကြီးကို တဖျတ်ဖျတ်ခဲရင်း သူ့ရဲ့ဆေးအိတ်ကို ခါလိုက်ပြီး ဆေးလိပ်ငွေ့တွေကို အားရပါးရ ရှူလိုက်တယ်။ ပြီးတော့မှ ပြုံးစစနဲ့ "ရှောင်ရှင်း... မင်းက ဘာလို့ ဒီလိုမျိုးတွေ မေးနေရတာလဲ သေတာက သေတာပေါ့ကွ။ အဲဒါထက် ဘာထူးဦးမှာလဲ" လို့ ပြန်ပြောခဲ့တယ်]

[အဲဒီစကားကိုကြားတော့ မင်းလည်း နဖူးကိုပွတ်ရင်း တခြားလူကြီးတစ်ယောက်ကို ထပ်မေးကြည့်ပြန်တယ် "သေခြင်းတရားဆိုတာ ဘာလဲဟင်" လို့]

[ဒီလူကြီးကတော့ ခဏလောက် ကြောင်သွားပြီးမှ သွားအဝါကြီးတွေ ပေါ်အောင် ရယ်ပြလိုက်ပြီး "သေတယ်ဆိုတာ ပျောက်ကွယ်သွားတာပေါ့ကွာ။ အရာအားလုံး မရှိတော့တာလေ" တဲ့]

[အဲဒီလိုပြောပြီးနောက် မင်းရဲ့မျက်နှာမှာ အဖြေကို အားမလိုအားမရဖြစ်နေတာကို သူ သတိထားမိသွားပုံရတယ်။ အဲဒါနဲ့ ခေါင်းကိုကုတ်ပြီး "ကြည့်စမ်း... အခုရွာနေတဲ့ မိုးက တော်တော်သည်းတာပဲ မဟုတ်လား မနက်ဖြန် နေထွက်လာတဲ့အခါကျရင်တော့ ဒီမိုးတွေကော၊ မြေကြီးပေါ်က မိုးရေစက်တွေကော အကုန်လုံး ပျောက်ကွယ်သွားမှာပဲ။ ဘာအမှတ်အသားမှ ကျန်ခဲ့မှာမဟုတ်ဘူး။ အဲဒါ သေခြင်းတရားနဲ့ မတူဘူးလား" လို့ သူက ထပ်ပြောလိုက်တယ်]

[အဲဒီစကားကိုကြားတော့ မင်းလည်း အံ့သြသွားရတာပေါ့]

[သေခြင်းတရားဆိုတာ မိုးရွာသလိုမျိုးလား မိုးတိတ်ပြီး တိမ်တွေစင်သွားလို့ မိုးရေစက်တွေ ပျောက်ကွယ်သွားတာမျိုးက သေခြင်းတရားလား]

[ဒီအဖြေက မှန်မမှန် မင်းမသိပေမဲ့ ရင်ထဲမှာတော့ မှတ်သားထားလိုက်မိတယ်]

[အိမ်ပြန်ရောက်တဲ့အခါမှာတော့ မင်းရဲ့အဖေကို ထပ်မေးကြည့်ပြန်တယ် "အဖေ... သေခြင်းတရားဆိုတာ ဘာလဲဟင်" လို့]

[မင်းရဲ့အဖေက အံ့သြတကြီးနဲ့ မင်းကို ကြည့်နေခဲ့တယ်။ မင်းလိုအရွယ်နဲ့ ဘာဖြစ်လို့ ဒီလိုမေးခွန်းမျိုး မေးနေရတာလဲလို့ သူ တွေးနေပုံရတယ်]

[သူက ချက်ချင်းအဖြေမပေးဘဲ ခဏလောက် စဉ်းစားပြီးမှ ဒီလိုပြောခဲ့တယ်]

["ရှောင်ရှင်း... တကယ်တော့ သေခြင်းတရားဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းအတွက် မှန်ကန်တဲ့အဖြေရယ်လို့ တစ်ခုတည်း မရှိပါဘူး။ မင်းဘယ်လိုယူဆသလဲ ဆိုတာပေါ်မှာပဲ မူတည်တာပါ။

ဒီနှစ်တွေအတွင်းမှာ အဖေ နေရာအနှံ့ကို သွားခဲ့ဖူးတယ်။ နာရေးပေါင်းများစွာကိုလည်း စီစဉ်ပေးခဲ့ဖူးတယ်။ လူတွေက သူတို့ဘဝရဲ့ နောက်ဆုံးအချိန်မှာ ပြုမူပုံချင်း မတူကြဘူး။

တချို့လူတွေကျတော့ သေရမှာကို အရမ်းကြောက်ကြတယ်။ တစ်ခါက ဟွမ်ချောင်မြို့နယ်က တရားရုံးမှာ သေခါနီးပြီဆိုတာကို သိလိုက်ရတဲ့ အကျဉ်းသားတစ်ယောက်က မသေချင်ဘူးလို့ အော်ဟစ်ငိုယိုပြီး တောင်းပန်နေတာကို အဖေ မြင်ခဲ့ဖူးတယ်။

ဒါပေမဲ့ တချို့လူတွေကျတော့လည်း သေခြင်းတရားကို ရင်ဆိုင်ရတဲ့အခါမှာ ထူးထူးခြားခြား တည်ငြိမ်ပြီး လွတ်လပ်နေတတ်ကြတယ်။ သူတို့အတွက်တော့ သေခြင်းတရားဆိုတာ အိမ်

ပြန်တဲ့ ခရီးစဉ်တစ်ခုလိုပဲ။ မတူညီတဲ့ အဆုံးသတ်တစ်ခုကနေ စတင်တဲ့ အစသစ်တစ်ခုပေါ့"

“သေခါနီးအချိန်မှာ ပြုံးပြုံးလေးနဲ့ ရင်ဆိုင်သွားတဲ့သူတွေကိုလည်း အဖေ မြင်ဖူးတယ်။ မှတ်မှတ်ရရ လူတစ်ယောက်က အဖေ့ကို ပြောဖူးတယ်... သေခြင်းတရားဆိုတာ အသက်ရှင်ခြင်းကို ဆုံးရှုံးလိုက်ရတာမဟုတ်ဘဲ အချိန်ကာလရဲ့ အပြင်ဘက်ကို ခြေလှမ်းလှမ်းလိုက်တာပါတဲ့”

...

...

ထိုခဏ၌ ဝေဝါးရှုပ်ထွေးနေသော အတွေးများထဲတွင် နစ်မျောနေသည့် ချန်ကျီရှင်းက ရုတ်တရက်ဆိုသလို အသိစိတ် ခဏတာ ပြန်လည်ကြည်လင်လာခဲ့သည်။

“သေခြင်းတရား...”

“သေခြင်းတရားဆိုတာ အသက်ရှင်ခြင်းကို ဆုံးရှုံးလိုက်ရတာမဟုတ်ဘဲ အချိန်ကာလရဲ့ အပြင်ဘက်ကို ခြေလှမ်းလှမ်းလိုက်တာ အဲ့လိုလား”

ချန်ကျီရှင်းသည် တစ်ဦးတည်း ရေရွတ်ရင်း ဆင်ခြင်သုံးသပ်နေမိသည်။

ဝေဝါးလှသော်လည်း သူ တစ်ခုခုကို နားလည်သဘောပေါက်သွားသလိုပင်။

နောက်တစ်ခဏ၌ သူ၏အသိစိတ်တို့သည် ရှုပ်ထွေးမှုများထဲသို့ ပြန်လည်ကျဆင်းသွားပြီး မြင်ကွင်းများအတွင်းသို့ တစ်ဖန် ပြန်လည်ရောယှက်သွားတော့သည်။

[အဖေဖြစ်သူရဲ့ စကားတွေကို ကြားရတဲ့အခါ မင်းအနေနဲ့ အနည်းငယ်တော့ မှင်တက်သွားရတာပေါ့]

[စာတောင်မတတ်တဲ့ မင်းရဲ့အဖေက ဒီလောက်အထိ နက်နဲတဲ့စကားမျိုး ပြောနိုင်လိမ့်မယ်လို့ မင်း တစ်ခါမှ မတွေးခဲ့ဖူးဘူးလေ]

[အဲဒီနောက်မှာတော့ မင်းရဲ့အဖေက ကောင်းကင်ကြီးကို မော့ကြည့်ပြီး သက်ပြင်းတစ်ချက်ချကာ ဆက်ပြောခဲ့တယ်]

["သေခြင်းတရားဆိုတာ ဘယ်တော့မှ ကြောက်စရာမကောင်းပါဘူးကွာ။ ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင်တော့ သေတာက ပိုးတုံးလုံးဘဝကနေ လိပ်ပြာလေးအဖြစ် အသွင်ပြောင်းပြီး ကောင်းကင်ကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတာနဲ့ တူတယ်။ နှင်းတွေ အရည်ပျော်ပြီး ရေဖြစ်သွားသလိုမျိုး မြေကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတာပေါ့။ ရေစက်ကလေးတစ်စက်က မြစ်ထဲကို စီးဝင်ပြီး ပင်လယ်ပြင်ကြီးနဲ့ တစ်သားတည်း ဖြစ်သွားသလိုမျိုးပဲ]

[လူတွေက အသက်ရှင်နေစဉ်မှာတော့ ဆုံးရှုံးမှုတွေ၊ နာကျင်မှုတွေနဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြရပေမဲ့ တစ်ခါသေသွားပြီဆိုရင်တော့ ဘာမှ ထပ်ပြီး ဆုံးရှုံးစရာ မရှိတော့ဘူးလေ။ အဲဒါက တကယ့်ကို ကောင်းမွန်တဲ့ အချက်ပဲပေါ့" တဲ့]

[အဖေဖြစ်သူ ပြောတာကို နားထောင်ပြီးတော့ မင်းလည်း အနည်းနဲ့အများတော့ နားလည်သွားသလိုမျိုး ခေါင်းညိတ်လိုက်မိတယ်]

[နွေဦးတွေ ကုန်လွန်ပြီး ဆောင်းဦးတွေ ရောက်လာခဲ့တယ်၊ အချိန်တွေကတော့ အရှိန်နဲ့ ပြေးလွှားနေတဲ့ မြင်းတစ်ကောင်လိုပဲ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့တာပေါ့]

[မျက်တောင်တစ်ခတ်အတွင်းမှာပဲ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ]

[အဲဒီနှစ်တွေအတွင်းမှာ မင်းက သွေးကြွနေတဲ့ လူငယ်လေးဘဝကနေ တည်ငြိမ်ရင့်ကျက်တဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့ပြီး ခေါင်းတလားထမ်းသမားအလုပ်ကိုပဲ စိတ်အေးချမ်းစွာ လုပ်ကိုင်နေခဲ့တယ်]

[ဒီကာလတွေမှာ မင်းက အဖေဖြစ်သူရဲ့ တာဝန်တော်တော်များများကို ပခုံးပြောင်းယူခဲ့တာပေါ့]

[အဲဒီနှစ်တွေအတွင်းမှာ မင်းက လူပေါင်းများစွာကို နောက်ဆုံးခရီး ပို့ဆောင်ပေးခဲ့ဖူးတယ်]

[အဲဒီထဲမှာ ဘဝခရီးကို စတင်ဖို့ ပြင်ဆင်နေတုန်းရှိသေးတဲ့ အရွယ်ကောင်း လူငယ်လေးတွေ၊ မိန်းကလေးတွေ ပါသလို၊ တစ်သက်လုံး ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ပြီးမှ အေးအေးချမ်းချမ်း ကွယ်လွန်သွားတဲ့ လူကြီးသူမတွေလည်း ပါတာပေါ့။ ချမ်းသာတဲ့သူတွေ၊ အာဏာရှိတဲ့သူတွေ... အို... များလိုက်တာ]

[အဲဒီထဲက တချို့လူတွေဆိုရင် တကယ့်ကို စိတ်ထားကောင်းပြီး တက်ကြွဖျတ်လတ်တဲ့သူတွေ ဖြစ်နေတာတောင် ရုတ်တရက်ကြီး ထွက်ခွာသွားကြတာမို့ မင်းအတွက် နှမြောတသစရာတွေ ကျန်ရစ်ခဲ့ရတယ်]

[ဒါ့အပြင် ငယ်သူငယ်ချင်းတစ်ယောက် ပြင်းထန်တဲ့ရောဂါနဲ့ ဆုံးပါးသွားတာကိုလည်း မင်း ရင်ဆိုင်ခဲ့ရသေးတယ်။ အဲဒီတုန်းကဆိုရင် မင်းရဲ့မျက်လုံးတွေ ဖောင်းအစ်နေတဲ့အထိ အဆက်မပြတ် ငိုကြွေးခဲ့ရတာပေါ့]

[အချိန်တွေ တစ်ရွေ့ရွေ့ ကုန်ဆုံးလာတာနဲ့အမျှ မင်းက တဖြည်းဖြည်း ပိုပြီး ရင့်ကျက်လာခဲ့တယ်]

[လောကရဲ့ ရှင်ခြင်းနဲ့ သေခြင်းတွေကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရလို့ပဲလားမသိဘူး၊ မင်းက သေခြင်းတရားကို တည်တည်ငြိမ်ငြိမ်နဲ့ လျစ်လျူရှုနိုင်တဲ့အထိ ကြည့်မြင်လာနိုင်ခဲ့ပြီ]

[သေခြင်းတရားအပေါ် မင်းရဲ့နားလည်မှုကလည်း မှန်မှန်ကန်ကန်နဲ့ ပိုပြီး နက်နဲလာခဲ့တာပေါ့]

[မင်းအတွက်တော့ တကယ့်အမှန်တရားက... လူအများစုက အသက်ရှင်နေကြပေမဲ့ သူတို့ရဲ့ ထပ်တလဲလဲဖြစ်နေတဲ့ နေ့စဉ်ဘဝတွေထဲမှာတင် သေဆုံးနေကြပြီဆိုတာပဲ]

All Chapters