အခန်း (၂၅၅-၂၅၆)
Vol. 26 Ch. 255-256
အခန်း။ ၂၅၅
[သေခြင်းတရားဆိုတာ တကယ်တော့ အဆုံးမရှိ ထပ်တလဲလဲ ဖြစ်ပျက်နေတဲ့ အတိတ်က နေ့ရက်တွေ ရပ်တန့်သွားတာမျိုးသက်သက်ပါပဲ]
[သေခြင်းတရားဆိုတာ ဘယ်တုန်းကမှ ပုံသေကားကျ အနက်အဓိပ္ပာယ် ရှိမနေခဲ့ဘူးလေ]
[အဲဒါက တစ်စုံတစ်ယောက်က မင်းဘေးကနေ ပွတ်ကာသီကာ ဖြတ်လျှောက်သွားသလိုမျိုးပဲ။ အဲဒီလို တိုက်တိုက်ဆိုင်ဆိုင် ဆုံလိုက်ရတဲ့ တစ်ကြိမ်တည်းသော ဆုံစည်းမှုဟာ ဒီဘဝအတွက် နောက်ဆုံးတွေ့ဆုံခြင်းလည်း ဖြစ်သွားနိုင်တာပဲ မဟုတ်လား]
[မင်း တွေးမိတာကတော့... တကယ့်သေခြင်းတရားဆိုတာ မင်းကို တကယ်တန်ဖိုးထားတဲ့သူတွေရဲ့ နှလုံးသားထဲကနေ ထာဝရ ပျောက်ကွယ်သွားတာမျိုး ဖြစ်လိမ့်မယ်]
[နွေဦးတွေကုန်လို့ ဆောင်းဦးတွေရောက်ကုန်ပြီ။ အချိန်ကာလတွေကတော့ သံသရာလည်နေခဲ့တာပေါ့]
[နောက်ထပ် ရှည်လျားလှတဲ့ ဆောင်းရာသီတစ်ခုမှာတော့ မင်းရဲ့အဖေက ရုတ်တရက် ပြင်းထန်စွာ ဖျားနာခဲ့ပြီး ကျန်းမာရေးကလည်း ဆိုးရွားလာခဲ့တယ်။ ရက်အနည်းငယ်အတွင်းမှာတင် သူက ဆယ်စုနှစ်ချီပြီး အိုမင်းသွားသလိုမျိုး ဆံပင်တွေ ဖြူဖွေးကာ ကိုယ်ခန္ဓာကလည်း ပိန်ချုံးပြီး မျက်တွင်းတွေ ဟောက်ပက် ဖြစ်သွားခဲ့ရတယ်]
[သူ့ရဲ့ ဖြစ်တည်မှုတစ်ခုလုံးမှာ သေမင်းရဲ့ အရိပ်အယောင်တွေ ဖုံးလွှမ်းနေပြီပေါ့]
[အဲဒီနေ့မှာတော့ မင်းက သူ့ရဲ့ခုတင်ဘေးမှာ ဒူးထောက်ထိုင်နေခဲ့တယ်]
[မင်းက သေခါနီးလူပေါင်းများစွာကို မြင်ဖူးခဲ့တာမို့ မင်းရဲ့အဖေဟာ ဒီလောကကြီးကနေ လုံးဝထွက်ခွာသွားတော့မယ်ဆိုတာကို သိနေခဲ့တာပေါ့]
[အဲဒီအချိန်မှာတော့ ရှင်ခြင်းနဲ့ သေခြင်းကို နားလည်နေပြီလို့ ထင်ထားခဲ့တဲ့ မင်းက ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုကြွေးမိတော့တာပဲ]
[မင်းရဲ့အဖေကတော့ တုန်တုန်ရင်ရင်နဲ့ သူ့ရဲ့ ခြောက်သွေ့အိုမင်းနေတဲ့ လက်ကို ဆန့်ထုတ်ပြီး ရုန့်ရင်းတဲ့ လက်ချောင်းလေးတွေနဲ့ မင်းရဲ့မျက်ရည်တွေကို အသာအယာ သုတ်ပေးခဲ့တယ်။ ပြီးတော့မှ ပြုံးပြီး ပြောခဲ့တာက …]
"ရှောင်ရှင်း... မငိုပါနဲ့။ အဖေ မင်းကို အမြဲပြောနေကျ စကားကို မှတ်မိသေးရဲ့လား သေခြင်းတရားဆိုတာ ကြောက်စရာမကောင်းသလို အသက်ရှင်ခြင်းရဲ့ ဆန့်ကျင်ဘက်လည်း မဟုတ်ဘူး။ အဲဒါက အသက်ရှင်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆက်ပြီး တည်ရှိနေတာကွ"
[အဲဒီစကားကို ကြားလိုက်ရတဲ့ ခဏမှာ မင်း ရုတ်တရက် မှင်တက်သွားရတယ်]
[သေခြင်းတရားဆိုတာ အသက်ရှင်ခြင်းရဲ့ ဆန့်ကျင်ဘက် မဟုတ်ဘူး။ အသက်ရှင်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆက်ပြီး တည်ရှိနေတာ ဟုတ်လား]
[တကယ်ပါပဲ... ရှင်ခြင်းနဲ့ သေခြင်းဆိုတာ ဘယ်တုန်းကမှ ခွဲခြားလို့ မရခဲ့ပါလား]
...
[ဒီရှည်လျားလှတဲ့ ဆောင်းရာသီကိုတော့ မင်းရဲ့အဖေက နောက်ဆုံးမှာ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ဘူး]
[နှစ်တွေ ဘယ်လောက်ပဲ ကုန်လွန်ပါစေဦးတော့ ဒီဆောင်းရာသီက တကယ့်ကို ကျော်လွှားရခက်တဲ့ အတားအဆီးတစ်ခု ဖြစ်သွားခဲ့ရပြီပေါ့]
[မင်းရဲ့အဖေမှာခဲ့တဲ့ နောက်ဆုံးဆန္ဒအရဆိုရင်တော့... သူက တစ်သက်လုံး တခြားသူတွေအတွက် နာရေးပေါင်းများစွာကို စီစဉ်ပေးခဲ့ရတာမို့ တစ်ခွန်တည်းနဲ့ အနှစ်ချုပ်ရရင်တော့ "အရမ်းပင်ပန်းတယ်" တဲ့]
[သူသေသွားတဲ့အခါမှာတော့ သူ့ကို သာယာတဲ့နေရာလေးတစ်ခုဆီ ထမ်းသွားပြီး မြှုပ်နှံပေးဖို့သာ မှာခဲ့တယ်။ တခြား ထုံးတမ်းစဉ်လာတွေ အပိုတွေ လုပ်နေဖို့ မလိုဘူးတဲ့]
[ဒါတွေက လုပ်အားနဲ့ ငွေကြေးကို ဖြုန်းတီးတာတင်မကဘဲ သေပြီးတဲ့နောက်မှာတောင် မအေးချမ်းရဘဲ အနှောင့်အယှက် ဖြစ်စေတယ်လို့ သူက ယူဆခဲ့တာပေါ့]
[မင်းလည်း သူ့ရဲ့ဆန္ဒအတိုင်းပဲ ဘာအခမ်းအနားမှ ခမ်းခမ်းနားနား မလုပ်ဘဲ နေသာတဲ့ တောင်ကုန်းစောင်းလေးတစ်ခုကို ရှာပြီး သူ့ကို မြှုပ်နှံပေးခဲ့တယ်]
[အဲဒီနေ့က နှင်းတွေ အသည်းအသန် ကျနေပြီး လောကကြီးတစ်ခုလုံးက ငွေရောင်ဝတ်ရုံ ခြုံလွှမ်းထားသလို ဖြူဖွေးလို့နေတာပေါ့]
[မင်းက နာရေးဝတ်စုံကို ဝတ်ဆင်၊ ခေါင်းတလားကို ထမ်းပြီး တောင်ပေါ်ကို ဦးတည်လိုက်တယ်]
[ဓားနဲ့မွှန်းသလို စူးရှအေးစက်လှတဲ့ လေပြင်းတွေကြားမှာ မင်းက ခေါင်းတလားကို ထမ်းလို့ နှင်းဖုံးနေတဲ့ တောင်တက်လမ်းအတိုင်း တစ်လှမ်းချင်း လျှောက်လှမ်းခဲ့ရတယ်။ ခြေရာတွေကတော့ တစ်ချက်နက်လိုက် တစ်ချက်တိမ်လိုက်နဲ့ ကျန်ရစ်ခဲ့တာပေါ့]
[မင်းရဲ့ဘဝမှာ ခေါင်းတလားပေါင်းများစွာကို ထမ်းခဲ့ဖူးပေမဲ့ တစ်နေ့မှာ မင်းအဖေရဲ့ ခေါင်းတလားကို ထမ်းရလိမ့်မယ်လို့တော့ တစ်ခါမှ မတွေးခဲ့ဖူးဘူး]
[အဲဒီနောက်မှာတော့ နှင်းတွေကို တစ်ချက်ချင်း ခပ်ထုတ် မြေကြီးကို တူးပြီး မောဟိုက်နေတဲ့ကြားကပဲ သူ့ရဲ့ခေါင်းတလားကို ဂူသွင်းလိုက်တယ်]
[အဖေဖြစ်သူကတော့ ခေါင်းတလားထဲမှာ ပုံမှန်အိပ်စက်နေသလိုမျိုးပဲ ငြိမ်သက်လို့နေတယ်။ ဖြူဖျော့နေတဲ့ သူ့မျက်နှာကတော့ ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်စေတာပေါ့]
[သူ့ရဲ့အပေါ်မှာ နှင်းမှုန်လေးတွေနဲ့ နှင်းခဲလွှာလေးတွေ ကျရောက်နေပြီး မျက်ခုံးနဲ့ မျက်ခွံတွေပေါ်မှာတော့ ကြည်လင်တဲ့ နှင်းပွင့်လေးတွေအဖြစ် အသွင်ပြောင်းလို့နေတယ်]
[သူ့ရဲ့တစ်သက်တာမှာ မင်းကို ချီးကျူးစကားပြောခဲ့တာ အတော်လေး ရှားပါတယ်။ သားအဖနှစ်ယောက်ကြားမှာ စကားပြောဖြစ်တာကလည်း နည်းသလို စကားပြောဖြစ်ပြီဆိုရင်လည်း မင်းက ပေါ့ဆတယ်၊ ဘာမှဖြစ်မြောက်အောင် မလုပ်တတ်ဘူး၊ နောင်တစ်ချိန်မှာ ဘာမှဖြစ်လာမှာမဟုတ်ဘူး ဆိုပြီး ဆူပူကြိမ်းမောင်းတာက များတာပေါ့]
[မင်း ငယ်ငယ်တုန်းကတော့ အဲဒီစကားတွေကို ကြားရတဲ့အခါတိုင်း အဖေ့ကို အပြင်းအထန် ပြန်ပက်ခဲ့မိတယ်၊ ဘာဖြစ်လို့ ငါ့အဖေက ကောင်းကောင်းမွန်မွန် စကားတစ်ခွန်းလောက်တောင် မပြောနိုင်ရတာလဲဆိုပြီး ဒေါသထွက်ခဲ့မိတာပေါ့]
[ဒါပေမဲ့ အခု ခေါင်းတလားထဲမှာ ငြိမ်သက်စွာ လဲလျောင်းနေတဲ့ အဖေ့ကို ကြည့်နေရချိန်မှာတော့... အဖေ အခုချက်ချင်း ပြန်ထလာပြီး အရင်လိုပဲ ဆူပူစေချင်မိတယ်။ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ကြိမ်းမောင်းပါစေဦးတော့ မင်းအနေနဲ့ စိတ်လိုလက်ရ ခံယူပြီး ဘာစကားမှ ပြန်မပြောတော့ပါဘူးလို့ ဆုံးဖြတ်ထားမိတယ်]
[ဒါပေမဲ့... အဲဒီလို အခွင့်အရေးမျိုး နောက်ထပ် မရှိတော့ဘူးလေ]
[ဘေးနားမှာရှိတဲ့ ဝါရင့်ဆရာကြီးက သူ့ရဲ့ဆေးတံဝကို သုတ်လိုက်ပြီး ဆေးအိတ်နဲ့ ဆေးတံကို မင်းဆီ ကမ်းပေးလိုက်တယ်]
[မင်းလည်း သင်္ချိုင်းဘေးမှာ ထိုင်ပြီး ဆေးလိပ်ငွေ့တွေကို တစ်ခါပြီးတစ်ခါ အားရပါးရ ရှူနေမိတာပေါ့]
[အဲဒီအခါမှာ ဆရာကြီးက ဘေးကနေ ပြောခဲ့တယ် "ရှောင်ရှင်း... အဲဒီတုန်းက မင်းအဖေ မင်းအပေါ် အရမ်းတင်းကျပ်ခဲ့တာကို အပြစ်မတင်ပါနဲ့ကွာ။ ငါတို့မျိုးဆက်က လူတွေက ပညာလည်း အများကြီး မသင်ခဲ့ရဘူး။ ဘယ်လိုဆုံးမရမလဲဆိုတာလည်း သေချာမသိကြဘူးလေ။ လူတိုင်းက လူဖြစ်ရတာရော၊ အဖေလုပ်ရတာရော ဒါ ပထမဆုံးအကြိမ်ပဲ မဟုတ်ဘူးလား။ ကလေးတစ်ယောက်ကို ဘယ်လိုသွန်သင်ရမလဲဆိုတာ ဘယ်သူက သိမှာလဲ ဒါပေမဲ့ ငါတို့အားလုံး သိထားတာတစ်ခုကတော့ မင်းတို့ထက် အရင် ဒီလောကကြီးကနေ ထွက်ခွာသွားကြရမယ်ဆိုတာပဲ။ အဲဒီတော့ ငါတို့ရှိနေတဲ့ အချိန်လေးမှာ ငါတို့သိတာမှန်သမျှ မင်းတို့ကို အကုန်သင်ပေးသွားရမှာပေါ့။ မဟုတ်ရင် ငါတို့သေသွားရင်တောင် စိတ်ဖြောင့်ဖြောင့်နဲ့ သေနိုင်မှာ မဟုတ်ဘူး" တဲ့]
[မင်းကတော့ ဘာမှပြန်မပြောဘဲ ဆေးလိပ်ငွေ့တွေကိုသာ တဖျတ်ဖျတ် ရှူနေမိတယ်]
[ခဏအကြာမှာတော့ အဖေ့ကို နောက်ဆုံးအကြိမ် ကြည့်လိုက်ပြီး ခေါင်းတလားကို ပိတ်ကာ မြေကြီးတွေနဲ့ တစ်ဆုပ်ချင်း ဖုံးအုပ်လိုက်တော့တယ်]
[တောင်ပေါ်ကနေ ပြန်ဆင်းလာတဲ့လမ်းမှာတော့ အရင်က မင်းချန်ထားခဲ့တဲ့ ခြေရာတွေက နှင်းသစ်တွေအောက်မှာ ပျောက်ကွယ်သွားခဲ့ပြီ၊ ဘာအမှတ်အသားမှ ကျန်မနေခဲ့တော့ဘူး]
[အရာအားလုံးက ဘာအမှတ်အသားမှ တစ်ခါမှ မရှိခဲ့ဖူးသလိုမျိုးပါပဲ]
[မင်းက မသိစိတ်ကနေ အတွေးထဲမှာ နစ်မျောနေရင်း သေခြင်းတရားနဲ့ပတ်သက်ပြီး အမြင်သစ်တစ်ခု ရခဲ့ပြန်တယ်]
[သေခြင်းတရားဆိုတာ ဘာလဲ အဲဒါက အဆုံးသတ်တစ်ခု၊ နှုတ်ဆက်ခြင်းတစ်ခု၊ ပြန်လည်မရရှိနိုင်တော့တဲ့ ဆုံးရှုံးမှုတစ်ခုပဲ။ နောက်ထပ် ဆုပ်ကိုင်လို့မရတော့တဲ့ လက်တစ်ဖက်၊ ထပ်ပြီး မခံစားရတော့တဲ့ နွေးထွေးမှု၊ ပြီးတော့ "အဖေ... သား အိမ်ပြန်ရောက်ပြီ" လို့ ဘယ်တော့မှ ပြောခွင့်မရတော့တဲ့ စကားလုံးတွေပေါ့]
[သေခြင်းတရားဆိုတာ ထာဝရ မီးပြတိုက်တစ်ခုလိုပဲ။ မင်း ဘယ်အရပ်မျက်နှာကိုပဲ ရွက်လွှင့်နေပါစေဦးတော့။ နောက်ဆုံးမှာတော့ အဲဒီဆီကိုပဲ ဦးတည်သွားကြရမှာပဲ]
[ဝေဝေဝါးဝါးနဲ့ပဲ မင်းက နေသာတဲ့ တောင်ကုန်းစောင်းလေးဆီကို လှည့်ကြည့်လိုက်မိတယ်]
[နှင်းတွေကတော့ သည်းထန်စွာ ကျနေတုန်းပဲ။ အထီးကျန်တဲ့ သင်္ချိုင်းဂူလေးတစ်ခုကတော့ မတ်မတ်ရှိနေတယ်။ အဖြူရောင် နာရေးအလံလေးကတော့ အေးစက်တဲ့ လေထဲမှာ တဖျတ်ဖျတ် လွင့်နေပြီး စက္ကူဝါလေးတွေကတော့ လေနဲ့အတူ ဝေးရာဆီကို လွင့်ပါးသွားကြပြီ]
[နောက်နှစ် နွေဦးပြန်ရောက်လာတဲ့အခါမှာတော့ ဒီတောင်ကုန်းလေးပေါ်မှာ ပန်းတွေ ပွင့်လန်းလာလိမ့်မယ်။ နေရောင်ခြည်တွေ ဖြာကျလာပြီး အဆုံးမရှိတဲ့ သက်ရှိသစ်တွေ အဲဒီမြေဆီကနေ ပြန်လည်ပေါ်ထွက်လာကြလိမ့်မယ်]
အခန်း။ ၂၅၆
[အဲဒီမြေကြီးအောက်မှာ ထာဝရအိပ်စက်သွားတဲ့သူတွေပဲ ဘယ်တော့မှ ပြန်နိုးမလာတော့ဘဲ တကယ်ကို ထွက်ခွာသွားကြတာပေါ့]
[အိမ်ပြန်ရောက်တဲ့အခါမှာတော့... အမြဲတမ်း တည်တည်ငြိမ်ငြိမ်ရှိလှတဲ့ မင်းက ဆီမီးထွန်းပေးမယ့်သူမရှိတော့တဲ့ အခန်းလွတ်ကြီးရယ်၊ အဖေ့ရဲ့ အဝတ်အစားတွေရယ်၊ နေ့တိုင်း ထမင်းစားခဲ့တဲ့ ပန်းကန်လုံးလေးရယ်၊ နောက်ပြီး နှစ်သစ်ကူးရင် စားဖို့ဆိုပြီး အဖေ မြေအောက်ခန်းထဲမှာ သိမ်းထားခဲ့တဲ့ မုန်လာထုပ်တွေကို ကြည့်ရင်းနဲ့...]
[ဘာကြောင့်ရယ်မှန်းမသိဘဲ မင်းက စိတ်ကိုမထိန်းနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးမိပြန်တယ်]
[အဲဒီအချိန်ကျမှပဲ မင်းတကယ် နားလည်သွားခဲ့တာ... အဖေ တကယ်ပဲ သေဆုံးသွားခဲ့ပြီဆိုတာကိုပေါ့]
[အချိန်တွေကတော့ တရွေ့ရွေ့ ကုန်ဆုံးနေဆဲပဲ]
[အဖေမရှိတော့တဲ့နောက်မှာ မင်းက အတော်လေးကို အထီးကျန်လာခဲ့တယ်]
[အရင်က သားအဖနှစ်ယောက် စကားအများကြီး မပြောဖြစ်ခဲ့ကြပေမဲ့ သူရှိနေသရွေ့တော့ အရာအားလုံးက အဆင်ပြေနေခဲ့တာလေ]
[အခုတော့ သူ မရှိတော့ဘူး။ မင်းအိမ်မပြန်ခင် ဆီမီးထွန်းပေးမယ့်သူ၊ ထမင်းဟင်း နွေးပေးမယ့်သူ တစ်ယောက်မှ မရှိတော့ဘူး]
[မင်းက လောကကြီးရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ ကလေးတစ်ယောက်လို၊ ကောင်းကင်နဲ့ မြေကြီးကြားက သေးငယ်လွန်းတဲ့ ဖုန်မှုန့်လေးတစ်စအဖြစ် ပြောင်းလဲသွားသလိုမျိုး ခံစားနေရတာပေါ့]
[မင်းက အတွေးသစ်တစ်ခုကိုလည်း မရည်ရွယ်ဘဲ ရရှိခဲ့ပြန်တယ်... မိဘတွေ ကွယ်လွန်သွားတဲ့အခါမှာ ဘဝဆိုတာ ပြန်လမ်းကို ဦးတည်ရတဲ့ ခရီးစဉ်တစ်ခု ဖြစ်သွားတော့တာပဲဆိုတာကိုပေါ့]
[သေခြင်းတရားရဲ့ အဆုံးသတ်က ဘာမှမရှိတော့တဲ့ ကလာဟင်းလင်း ဖြစ်တည်မှုမျိုး မဟုတ်ဘဲ ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရတဲ့ ပြန်လည်ဆုံစည်းခြင်းမျိုး ဖြစ်နေမလားလို့တောင် မင်း ရင်ထဲမှာ တွေးတောနေမိတယ်]
[အချိန်တွေကတော့ တရွေ့ရွေ့ ကုန်ဆုံးနေဆဲပဲ]
[အဖေ ကွယ်လွန်ပြီးတဲ့နောက်မှာတော့ မင်းက နာရေးဝန်ဆောင်မှုလုပ်ငန်းကို အပြည့်အဝ တာဝန်ယူခဲ့ရတယ်။ မိသားစုတစ်ခုကို မင်းကိုယ်တိုင် ဦးဆောင်ကြည့်ရတဲ့အခါကျမှ အဖေ့ရဲ့ စေ့စပ်သေချာလွန်းတဲ့ တင်းကျပ်မှုတွေအပေါ် မင်း ကျေးဇူးတင်မိတော့တာပဲ]
[အဲဒီတုန်းက သူ့ရဲ့ တင်းကျပ်မှုတွေကြောင့်သာ အခုလို အခက်အခဲတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်နိုင်စွမ်း ရှိလာခဲ့တာ မဟုတ်လား]
[ဒါပေမဲ့... မင်းရဲ့ စီးပွားရေးက အဆင်ပြေနေပါစေဦးတော့။ မင်းလုပ်နေတဲ့ အလုပ်က အသုဘနဲ့ ပတ်သက်နေတာကြောင့် အယူသီးတဲ့သူတွေ ရှိတာမို့ မင်းက အိမ်ထောင်ပြုရမယ့်အရွယ်ကို ရောက်နေတာတောင် ဘယ်အောင်သွယ်ကမှ လာပြီး စကားမကမ်းလှမ်းကြဘူး]
[မင်း အသက်နှစ်ဆယ်ကျော်အရွယ် ရောက်လာတဲ့တစ်နေ့မှာတော့ ရွာထိပ်က အဖွားဝမ်က မင်းဆီ ရောက်လာပြီး မေးခဲ့တယ် "ဘေးရွာက ရှို့လျန်ဆိုတဲ့ ကောင်မလေးနဲ့ဆိုရင် မင်း သဘောတူမလား" တဲ့]
[မင်းက အထီးကျန်နေခဲ့တာ ကြာလှပြီလေ။ တခြားအိမ်တွေမှာ မီးရောင်တွေ ထိန်ထိန်လင်းပြီး လင်မယားအစုံအလင်နဲ့ ပျော်ရွှင်နေကြတာကို မြင်ရတဲ့အခါတိုင်း မင်းလည်း ဘယ်လိုလုပ် အားမကျဘဲ နေပါ့မလဲ]
[မင်းက သဘောတူတဲ့အနေနဲ့ ခေါင်းလည်း မညိတ်ခဲ့သလို ငြင်းတဲ့အနေနဲ့ ခေါင်းလည်း မခါခဲ့ဘူး၊ "တွေ့ကြည့်တာပေါ့" ဆိုတဲ့ စကားလေးတစ်ခွန်းပဲ ခပ်တိုးတိုး ပြောလိုက်မိတယ်]
[အဖွားဝမ်ကတော့ ပြုံးပြုံးကြီး ထွက်သွားပြီး ရက်အနည်းငယ်အကြာ တစ်မနက်မှာတော့ လူနှစ်ယောက်ကို ခေါ်လာခဲ့တာပေါ့]
[ရှေ့ကနေ လျှောက်လာတဲ့သူကတော့ ပခုံးကျယ်ကျယ်၊ ခါးတုတ်တုတ်နဲ့ အသားညိုညို လယ်သူမကြီးတစ်ယောက်ပဲ။ လမ်းလျှောက်တာကလည်း သွက်လက်ချက်ချာနေတာမို့ လယ်ယာအလုပ်မှာ တကယ့်ဝါရင့်မှန်း သိသာလှတယ်]
[သူ့နောက်ကနေ လိုက်လာတာကတော့ အသားဖြူဖြူ၊ မျက်နှာလေးက ချောချောမောမောနဲ့ သွယ်လျတဲ့ မိန်းကလေးတစ်ယောက်ပဲ။ သူကတော့ မျက်လုံးလေးတွေ အောက်ချပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေတာပေါ့]
[ရှေ့က လယ်သူမကြီးက သူမကို အတင်းဆွဲခေါ်လာရင်း စိတ်မရှည်သလိုနဲ့ မြည်တွန်တောက်တီးနေတယ် "ဒီကောင်မလေး... မြန်မြန်လျှောက်စမ်းပါ။ နင် ဒီနေ့သာ အိမ်ထောင်မပြုနိုင်ရင် နင့်ပစ္စည်းတွေ သိမ်းပြီး ကိုယ့်ဘာသာကိုယ် ထွက်သွားတော့။ နင့်အစ်ကိုရော ငါရောက နင့်ကို ပြုစုစောင့်ရှောက်နေဖို့ အချိန်မရှိဘူး" တဲ့]
[မိန်းကလေးကတော့ ကြောက်ကြောက်လန့်လန့်နဲ့ပဲ ပြန်ဖြေပြီး ရှေ့ကို လျှောက်လာခဲ့တယ်။ ခဏခဏလည်း အသက်ရှူရပ်ပြီး နားနေရတာမို့ ကျန်းမာရေး သိပ်မကောင်းမှန်း သိသာလှတာပေါ့]
[သူမကတော့ ရှို့လျန်ပါပဲ]
[သူမရဲ့ မိဘတွေကလည်း ငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့ကြတာမို့ အဖေဘက်က တော်စပ်တဲ့ အစ်ကိုဝမ်းကွဲဖြစ်သူနဲ့ အတူနေထိုင်ရတာ]
[သူမက မွေးကတည်းက အားနည်းတဲ့အပြင် ငယ်စဉ်က ထင်းရူးတဲထဲမှာ နေခဲ့ရလို့ အအေးမိပြီး အဆုတ်ရောဂါ ရခဲ့တာလေ။ အလုပ်လည်း မလုပ်နိုင်တဲ့အပြင် ရာသီဥတု အေးလာပြီဆိုရင်လည်း တအားကို ချောင်းဆိုးတတ်တာ]
[လူဦးရေဆိုတာ လုပ်အားပဲလို့ သတ်မှတ်ထားတဲ့ ကျေးရွာမှာတော့ ရှို့လျန်က သူမရဲ့ မိသားစုရဲ့ ပစ်ပယ်ခြင်းကို ခံထားရတာပေါ့။ သူမရဲ့ အစ်ကိုဝမ်းကွဲနဲ့ မရီးဖြစ်သူကတော့ ဒီဝန်ထုပ်ဝန်ပိုးကြီးကို ဖယ်ထုတ်ပစ်ချင်နေတာ ကြာလှပြီ]
[ဒါပေမဲ့ ရွာဓလေ့အရ အိမ်တိုင်းက အလုပ်အကျွေးပြုနိုင်မယ့် လယ်ယာအလုပ်မှာ တစ်ဖက်
တစ်လမ်းက ကူညီနိုင်မယ့် မိန်းမသားမျိုးကိုပဲ လိုချင်ကြတာလေ။ ဘယ်သူကများ ကိုယ့်အိမ်ထဲကို ကံမကောင်းမှုတွေ သယ်ဆောင်လာမယ့် ဒီလို အမြဲဖျားနာနေတတ်တဲ့ ကောင်မလေးမျိုးကို အိမ်ထဲ အရောက်ခံချင်ပါ့မလဲ]
[ဒီလိုနဲ့ပဲ လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေကြားမှာ ပစ်ပယ်ခံထားရပြီး လုံခြုံမှုကင်းမဲ့နေတဲ့ မင်းတို့နှစ်ယောက်က ဆုံစည်းခဲ့ကြရတာပေါ့]
[သူမက ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းကိုမော့ပြီး မင်းရဲ့အကြည့်တွေနဲ့ ဆုံလိုက်တယ်]
[အဲဒီနောက်တစ်ခဏမှာတော့ မင်းတို့နှစ်ယောက်စလုံးရဲ့ စိတ်ထဲမှာ အနည်းငယ် ပေါ့ပါးသွားသလို ခံစားလိုက်ရတယ်]
[တကယ်တော့ မင်းတို့နှစ်ယောက်စလုံးက အစကတည်းက တစ်ဖက်လူက သိပ်ပြီးဆိုးဆိုးဝါးဝါးကြီး မဟုတ်ရင်ပဲ တော်ပါပြီဆိုပြီး စိတ်ထဲကနေ ဆုံးဖြတ်ထားပြီးသားပဲ မဟုတ်လား]
[ဒါတောင်မှ မင်းတို့ရင်ထဲမှာ စိုးရိမ်စိတ်လေးတွေတော့ ရှိနေသေးတာပေါ့]
[ရှို့လျန်က နာရေးအလုပ်လုပ်တဲ့သူတွေက ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခု ရှိတတ်တယ်လို့ ကြားဖူးထားတာလေ။ အဲဒါကြောင့် လမ်းတစ်လျှောက်လုံးမှာ သူမတွေ့ရမယ့်သူက ကိုယ်လက်မသန်စွမ်းတဲ့သူ ဒါမှမဟုတ် မျက်နှာတစ်ခုလုံး ဝက်ခြံတွေ အဖုအပိန့်တွေနဲ့ ပြည့်နေတဲ့ အဖိုးကြီးတစ်ယောက် ဖြစ်နေမလားဆိုပြီး တွေးပူနေခဲ့တာ]
[ဒါပေမဲ့ သူမ မြင်လိုက်ရတဲ့သူကတော့ အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ပေါက် တောင့်
တောင့်ဖြောင့်ဖြောင့်နဲ့ ကြည့်ကောင်းတဲ့သူတစ်ယောက် ဖြစ်နေတယ်။ အရမ်း ချောမောလှပနေတာမျိုး မဟုတ်ပေမဲ့ ဓားသွားလို ထင်ရှားတဲ့ မျက်ခုံးတန်းတွေနဲ့ တောက်ပတဲ့ မျက်ဝန်းတွေက ခန့်ညားထည်ဝါမှုကို ပေးစွမ်းနေတာပေါ့]
[ချက်ချင်းဆိုသလိုပဲ သူမရဲ့မျက်နှာလေး ရဲတက်သွားပြီး ခေါင်းကို ငုံ့ချလိုက်မိတယ်။ ဒီလိုလူမျိုးက ငါလို အမြဲဖျားနေတဲ့သူကိုများ သဘောကျပါ့မလားဆိုပြီး သူမ မတွေးဘဲ မနေနိုင်တော့ဘူးလေ]
[မသေချာမှုတွေကြားမှာ သူမရဲ့ရင်ထဲမှာ ဂယောက်ဂယက် ဖြစ်နေရတာပေါ့]
[မင်းဘက်ကလည်း သူမကို မြင်မြင်ချင်းမှာတင် "သူမပဲ" ဆိုတာကို တန်းသိလိုက်တယ်]
[ဒါက ပထမဆုံး မြင်မြင်ချင်း အချစ်မျိုးလား ဒါမှမဟုတ် စွဲလမ်းမှုလားဆိုတာတော့ မင်းလည်း မသေချာဘူး။ ဒါပေမဲ့ မင်းရှေ့က အသားဖြူဖြူ၊ မျက်နှာလေးက နုနုနယ်နယ်နဲ့ မိန်းကလေးက တစ်နယ်လုံးမှာရှိတဲ့ တခြားမိန်းကလေးတွေထက် သာလွန်နေတာကိုတော့ မင်း မငြင်းနိုင်ခဲ့ဘူး]
[တခြားမိသားစုတွေအတွက်ကတော့ သတို့သမီးဆိုတာ လယ်ယာအလုပ်လုပ်နိုင်မယ့်၊ သန်မာထွားကြိုင်းတဲ့ လုပ်အားတစ်ခုပဲ]
[ဒါပေမဲ့ မင်းအတွက်ကတော့ မင်းမျက်စိထဲမှာ ကြည့်လို့လှပတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင်ပဲ လုံလောက်နေပြီ]
[လယ်ယာအလုပ် လုပ်နိုင်မလုပ်နိုင်ဆိုတာကတော့...]
[အမှန်အတိုင်းပြောရရင် မင်းတို့မိသားစု မျိုးဆက်သုံးဆက်စာ စုဆောင်းထားတဲ့ ဓနဥစ္စာတွေနဲ့ ဒီနှစ်တွေအတွင်း မင်းကိုယ်တိုင် ကြိုးစားထားတာတွေ ပေါင်းလိုက်ရင် ဟွမ်ချောင်မြို့နယ်မှာ မင်းကို ယှဉ်နိုင်တဲ့သူ မရှိသလောက်ပဲလေ]
[အဲဒါကြောင့် အောင်သွယ်နဲ့ ဟိုလယ်သူမကြီးတို့က သွားရည်တစိုစိုနဲ့ စကားတွေ တရစပ် ပြောနေကြတုန်းမှာပဲ မင်းက မဆိုင်းမတွဘဲ အင်္ကျီလက်ထဲကနေ ငွေပြားဆယ်ပြားကို ထုတ်လိုက်ပြီး စားပွဲပေါ်မှာ ဖြန်းခနဲ မြည်အောင် ချလိုက်တော့တယ်]
["အို... ဘုရားရေ ငွေဆယ်ပြားတောင်လား" လယ်သူမကြီးရဲ့ မျက်လုံးတွေက မယုံနိုင်စရာကောင်းလောက်အောင် ပြူးကျယ်သွားရော]
မြင်ကွင်းတို့က တရွေ့ရွေ့ ပြောင်းလဲသွားပြန်သည်။ ချန်ကျီရှင်း၏ အသိစိတ်မှာ ဤရှင်ခြင်းနှင့် သေခြင်းဆိုင်ရာ အာရုံမှားနယ်မြေအတွင်း၌ တဖြည်းဖြည်းနှင့် ပိုမိုနက်ရှိုင်းသော နားလည်မှုများကို ရရှိနေသည်။ သေခြင်းတရားကို လေ့လာရင်းမှ အသက်ရှင်ခြင်း၏ အဓိပ္ပာယ်ကိုပါ သူ စတင်ခံစားလာရပြီ ဖြစ်သည်။
ရှို့လျန်၏ မျက်နှာငယ်လေးက သူ၏ နှလုံးသားထဲ၌ အမှတ်အသားတစ်ခုအဖြစ် စတင်စွဲထင်လာခဲ့သည်။ ဤသည်မှာ အာရုံမှားတစ်ခုပင် ဖြစ်သော်လည်း သူ၏ ခံစားချက်တို့မှာမူ တကယ့်လက်တွေ့ကဲ့သို့ပင် ပြင်းထန်နေသည်။