အခန်း (၂၅၇-၂၅၈)
Vol. 26 Ch. 257-258
အခန်း။ ၂၅၇
[ဒါက ငွေဆယ်ပြားပဲလေ။ အဲဒါကိုသာ ဆန်နဲ့လဲလိုက်မယ်ဆိုရင် သူမရဲ့မိသားစု တစ်နှစ်ပတ်လုံး အဝစားလို့ရတဲ့ ပမာဏမျိုးပေါ့]
[ဒါကြောင့်လည်း အဲဒီလယ်သူမကြီးက ဘာတွန့်ဆုတ်မှုမှမရှိဘဲ အောင်သွယ်နဲ့အတူ ဝမ်းသာအားရ ထွက်သွားခဲ့တော့တာပဲ]
[မင်းနဲ့ ရှို့လျန်ကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြပြီး မနေနိုင်ဘဲ ပြိုင်တူ ရယ်မောလိုက်မိကြတယ်]
[ဘာလို့လဲဆိုတော့ မင်းတို့နှစ်ယောက်စလုံး သိနေကြလို့လေ]
[မရေမတွက်နိုင်တဲ့ အိမ်တွေမှာ မီးရောင်တွေ ထိန်ထိန်လင်းနေတဲ့ ဒီလောကကြီးထဲမှာ မင်းတို့အတွက်လည်း ကိုယ်ပိုင်အိမ်လေးတစ်လုံး ရှိသွားပြီဆိုတာကိုပေါ့]
.....
...
[မင်းနဲ့ ရှို့လျန်တို့ လက်ထပ်ခဲ့ကြတယ်]
[ဘယ်သူ့ကိုမှလည်း အကြောင်းမကြားသလို ခမ်းနားတဲ့ အခမ်းအနားမျိုးလည်း မလုပ်ခဲ့ဘူး]
[ပြတင်းပေါက်မှာ အနီရောင် မင်္ဂလာအမှတ်အသားလေး ကပ်လိုက်တယ်။ အိပ်ရာခင်းတွေ လဲလိုက်တယ်။ မြို့ထဲကနေ အဝတ်အစားအသစ်တစ်စုံစီ ဝယ်လိုက်တယ်။ ဒါနဲ့တင် ပြီးသွားတာပါပဲ]
[အဲဒီညနေမှာတော့ ဖယောင်းတိုင်နီလေးတွေ တဖျတ်ဖျတ်လင်းနေတဲ့ကြားမှာ မင်းတို့နှစ်ယောက်က ခုတင်ဘေးမှာ ထိုင်ပြီး မင်္ဂလာသကြားလုံးလေးတွေ စားရင်းနဲ့ တခိခိနဲ့ အဆက်မပြတ် ရယ်နေမိကြတယ်]
[အပြင်လူတွေက မင်းတို့အကြောင်းကို ကွယ်ရာမှာ အတင်းပြောနေကြတာကို မင်းတို့နှစ်ယောက်စလုံး သိတာပေါ့။ တစ်ယောက်က လူသေတွေအပေါ်မှာ မှီခိုစားသောက်နေတဲ့သူ၊ ကျန်တဲ့တစ်ယောက်ကတော့ ရောဂါသည်မလေးဆိုပြီး ကောလာဟလတွေ အများကြီး ထွက်နေခဲ့တာ]
[ဒါပေမဲ့ မင်းကတော့ ဒါတွေကို လုံးဝ ဂရုမစိုက်ဘူး]
[ဘဝဆိုတာ ကိုယ့်အတွက်ကိုယ် ရှင်သန်ရတာလေ တခြားသူတွေ ကြည့်ဖို့အတွက်မှ မဟုတ်တာ]
[အတင်းပြောတာတွေက အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလာတဲ့အခါမှသာ မင်းက "ဒီညတော့ ငါ့ရဲ့ မျိုးနွယ်စု ကရုဏာရှင်များအသင်းက သူငယ်ချင်းတွေကို မင်းတို့ဆီ အလည်ခိုင်းလိုက်မယ်" လို့ ပြောလိုက်တတ်တယ်]
[အဲဒီစကားကို ပြောလိုက်တာနဲ့ အဲဒီလူတွေက သေမတတ် ကြောက်လန့်သွားပြီး ဝိညာဉ်တောင် လွင့်သွားမတတ်ပဲ]
[အဲဒါကိုကြည့်ပြီး မင်းလည်း တိုးတိုးလေး ခိုးရယ်မိတာပေါ့]
[လက်ထပ်ပြီးနောက်ပိုင်း နေ့ရက်တွေကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ဝတ္ထုတွေ၊ ဘဝမှတ်တမ်းတွေထဲကလို ဆန်းကြယ်ပြီး ပြင်းထန်တဲ့ အချစ်ဇာတ်လမ်းမျိုးတွေတော့ မရှိခဲ့ဘူး]
[ဒါပေမဲ့ ရေလိုအေးချမ်းပြီး တည်ငြိမ်လှတဲ့ အဲဒီနေ့ရက်တွေက မင်းအတွက်တော့ အကြီးမားဆုံးသော ပျော်ရွှင်မှုတွေပဲပေါ့]
[မင်းမှာ အခု အိမ်ရှိနေပြီလေ]
[ဒီလောကကြီးထဲမှာ မင်းက တစ်ကိုယ်တည်း မဟုတ်တော့ဘူး]
[မနက်တိုင်း နိုးလာတဲ့အခါ မင်းအတွက် မနက်စာပြင်ပေးမယ့်သူ၊ အဝတ်အစား လဲပေးမယ့်သူ ရှိနေပြီ]
[ညဘက် အိမ်ပြန်လာတဲ့အခါမှာလည်း ဘယ်လောက်ပဲ နောက်ကျပါစေဦးတော့၊ မီးရောင်လေးက အမြဲလင်းနေပြီး အိုးထဲမှာလည်း မင်းအတွက် ထမင်းပူပူလေးက အမြဲရှိနေတတ်တယ်။ ဘယ်လိုရာသီဥတုမျိုးမှာမဆို မင်းပြန်လာမယ့်လမ်းကို တံခါးဝမှာ စောင့်နေမယ့်သူ ရှိနေပြီလေ]
[သူမက မင်းအတွက် ရေနွေးလေးတွေ ခပ်ပေးမယ်။ တဘက်လေးနဲ့ မင်းရဲ့ကိုယ်ပေါ်က ဖုန်တွေကို အသာအယာ သုတ်ပေးလိမ့်မယ်]
[အိပ်ရာကလည်း မအေးစက်တော့ဘူး၊ အဝတ်လျှော်ဖို့အတွက်လည်း မင်း အချိန်ဖဲ့ပေးနေစရာ မလိုတော့သလို အိမ်ရှေ့က ကွင်းပြင်လေးမှာလည်း ကြက်တွေမွေး၊ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးထားတာမျိုး ဖြစ်လာခဲ့တယ်]
[ရှို့လျန်က ကိုယ်ခန္ဓာ အားနည်းဖျားနာတတ်လို့ လယ်ယာအလုပ်တွေ အကြီးအကျယ် မလုပ်နိုင်ပေမဲ့လည်း မင်းကို ကူညီဖို့ နည်းလမ်းတွေ ရှာတတ်ပါသေးတယ်။ အိမ်ကို သန့်ရှင်းသပ်ရပ်အောင် ထားရုံတင်မကဘဲ မင်းအပြင်မှာ အလုပ်လုပ်နေချိန်မှာ စက္ကူအရုပ်တွေလုပ်တာ၊ စက္ကူမြင်းတွေကို ကော်ကပ်တာနဲ့ အဝတ်အထည်တွေ ရက်လုပ်တာမျိုးတွေနဲ့ ကူညီပေးတတ်တယ်]
[ဒီအချိန်မှာပဲ ဘဝဆိုတာ ဘာလဲဆိုတာကို မင်း တကယ်နားလည်သွားခဲ့တာပေါ့။ ဒါက ဘဝပဲ ]
[ဒါ့အပြင် အပေးအယူဆိုတာ ရှိတာပေါ့]
[မင်းကလည်း ရှို့လျန်အပေါ်ကို တကယ်ကောင်းပါတယ်။ သူမကတော့ ခြိုးခြံချွေတာတတ်တဲ့သူမို့ မင်း ပိုက်ဆံတွေ အများကြီး သုံးမိမှာကို ကြောက်နေတတ်ပေမဲ့လည်း မင်းကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ သူမအတွက် အကောင်းဆုံးအရာမှန်သမျှကိုသာ ဖြည့်ဆည်းပေးခဲ့တယ်]
[ခဏအတွင်းမှာပဲ ရွာထဲက မိန်းမတွေက အစပိုင်းမှာ မနာလိုဖြစ်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ဘာမှမပြောနိုင်တော့ဘဲ သူတို့ရဲ့မျက်နှာမှာ အားကျစိတ်တွေပဲ အထင်းသား ပေါ်လာခဲ့တော့တာပေါ့]
[လူတိုင်းက ပြောကြတယ်... မထင်မှတ်ဘဲနဲ့ ဒီကံဆိုးမလေး ရှို့လျန်က ရွှေမိုးငွေမိုးရွာပြီး အကောင်းဆုံး မိသားစုကို ရသွားတာပဲတဲ့]
[အဲဒီအတောအတွင်းမှာတော့ ရှို့လျန်ရဲ့ မရီးဖြစ်သူက ရှို့လျန်ရဲ့ဘဝလေး ကောင်းစားလာတာကို မြင်ရလေ စိတ်မသက်မသာဖြစ်လေ ဖြစ်နေပြီး ပြဿနာရှာဖို့ ကြိုးစားနေခဲ့သေးတယ်]
[မင်းကတော့ တခြားခေါင်းတလားထမ်းသမားတွေ၊ စက္ကူလက်မှုဆရာတွေ၊ စက္ကူမြင်းလုပ်တဲ့သူတွေနဲ့ နှဲဆရာတွေကိုပါ မျိုးနွယ်စု ကရုဏာရှင်များအသင်းကနေ တိုက်ရိုက်ခေါ်လာပြီး ညဘက်မှာ အဲဒီမရီးရဲ့ အိမ်ရှေ့ကို သွားခဲ့ကြတယ်။ အိမ်ရှေ့မှာ စက္ကူအရုပ်တွေ ချိတ်ဆွဲ၊ မောင်းသံဗုံသံတွေ တီးခတ်ပြီး နာရေးတေးသံတွေကို အကျယ်ကြီး ဖွင့်တီးကာ အကြီးအကျယ် သောင်းကျန်းပြလိုက်တာပေါ့]
[အဲဒီမရီးဖြစ်သူရဲ့ မိသားစုခဗျာမှာတော့ တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားရတာပေါ့။ အသက်ရှင်နေတဲ့သူကို နာရေးအခမ်းအနား လုပ်ပေးတယ်ဆိုတာ သူတို့ကို အချိန်မတိုင်ခင် သေပါစေလို့ ကျိန်စာတိုက်တာပဲ မဟုတ်လား]
[မင်းနဲ့အတူ တုတ်ကိုယ်စီကိုင်ထားတဲ့ သန်မာထွားကြိုင်းတဲ့ ခေါင်းတလားထမ်းသမား ရှစ်ယောက်ကို မြင်လိုက်ရတဲ့အခါမှာတော့... ဓားမကြီးကိုင်ပြီး ထွက်ချဖို့ ပြင်နေတဲ့ မရီးရဲ့ ခင်ပွန်းဖြစ်သူကလည်း တုတ်တုတ်မျှ မလှုပ်ရဲတော့ဘဲ ဓားကို အသာလေး ပြန်သိမ်းလိုက်ရတော့တယ်။ အဲဒီအစား မင်းကို အနီရောင်စာအိတ်လေးပေးပြီး အားနာသလို ပြုံးပြရင်းနဲ့ပဲ ပြန်လည်နှုတ်ဆက် လွှတ်လိုက်ရတာပေါ့]
[အဲဒီအချိန်ကစလို့ မင်းတို့ရဲ့ဘဝကို ဘယ်သူမှ ထပ်ပြီး မနှောင့်ယှက်ရဲတော့ဘူး]
[နှစ်အနည်းငယ် ကြာတဲ့အခါမှာတော့ ရှို့လျန်က မင်းအတွက် ရင်သွေးလေးတစ်ယောက် မွေးဖွားပေးခဲ့တယ်]
[ကလေးလေးကတော့ တကယ့်ကို ကျန်းမာသန်စွမ်းတာပဲ။ အသားအရေနဲ့ အမူအရာတွေက သူမနဲ့ တူပေမဲ့ မျက်နှာကျနဲ့ ရုပ်ရည်ကတော့ မင်းနဲ့ တူတူပါပဲ]
[အသက်သစ်တစ်ခု မွေးဖွားလာတာကို ကြည့်ရင်း မင်းလည်း မနေနိုင်ဘဲ သက်ပြင်းချမိတယ်... "ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်သလဲ" ဆိုပြီးတော့ပေါ့]
[မင်းက ဘဝရဲ့ တစ်ဝက်လောက်ကို ဖြတ်သန်းခဲ့ရပြီးပြီ၊ ဒီအသက်သစ်လေးရဲ့ ခရီးစဉ်ကတော့ အခုမှ စတင်တာလေ]
[ဒီလောကကြီးထဲမှာ လူတွေက အဆက်မပြတ် သေဆုံးနေကြသလို၊ အဆက်မပြတ်လည်း မွေးဖွားနေကြတာပဲ]
[ရှင်ခြင်းနဲ့ သေခြင်းကြားမှာ မင်းတစ်ခုခုကို ဝေဝါးစွာနဲ့ နားလည်သဘောပေါက်လာခဲ့တယ်]
[ရှင်ခြင်းနဲ့ သေခြင်းကို ငါတို့ ထိန်းချုပ်လို့မရဘူး၊ ဒါပေမဲ့ အဲဒီကြားထဲက ဘဝကိုတော့ ငါတို့ကိုယ်တိုင် ဖန်တီးလို့ ရတာပဲ]
[လောကသားတို့ရဲ့ အကြီးမားဆုံးသော ပျော်ရွှင်မှုဆိုတာ ရိုးရှင်းတဲ့ ကြည်နူးမှုလေးပါပဲလား]
[အချိန်တွေကတော့ မြှားတစ်စင်းလိုပဲ တရိပ်ရိပ် ကုန်ဆုံးသွားခဲ့တာပေါ့]
[နှစ်တွေကတော့ ဘယ်သူ့ကိုမှ ညှာတာမှာ မဟုတ်ဘူးလေ]
[မျက်တောင်တစ်ခတ်အတွင်းမှာပဲ နွေဦးတွေ ကုန်လို့ ဆောင်းဦးတွေ ရောက်လာခဲ့ပြီး နှစ်ပေါင်း ၂၀ တောင် ကုန်လွန်သွားခဲ့ပြီ]
[ဒီနှစ် ၂၀ အတွင်းမှာ မင်းက အိုမင်းရင့်ရော်လာခဲ့ပြီ၊ ခန္ဓာကိုယ်ကလည်း အရင်လို မဟုတ်တော့ဘူး၊ ဆံပင်တွေကလည်း အကုန်နီးပါး ဖြူသွားခဲ့ပြီမို့ ခေါင်းတလားတွေကို မထမ်းနိုင်တော့ဘူး]
[မင်းရဲ့သားလေးကလည်း စာမေးပွဲဖြေဖို့ မြို့တော်ကို သွားခဲ့တာ ကြာလှပြီ၊ အခုထိလည်း ပြန်မလာသေးဘူး]
[မင်းရဲ့ဘဝက မင်းအဖေရဲ့ဘဝနဲ့ တစ်ပုံစံတည်းနီးပါး ဖြစ်နေပေမဲ့ အကြီးမားဆုံး ကွာခြားချက်ကတော့ မင်းက မင်းသားလေးရဲ့ အိပ်မက်တွေကို ပိတ်ပင်ခြင်း မရှိခဲ့တာပါပဲ]
[သူ့ရဲ့ ပညာရေးမှာ အောင်မြင်ဖို့ အခွင့်အလမ်းက နည်းပါးတယ်ဆိုတာကို မင်းသိနေပေမဲ့လည်း သူ့ကို အပြည့်အဝ ထောက်ပံ့ပေးခဲ့တယ်]
[ဒါက ဘာကြောင့်မှမဟုတ်ဘူး၊ သူက သူ့ဘဝနဲ့သူ ရှင်သန်နိုင်ဖို့အတွက်ပဲ]
[နာရေးအလုပ်တွေကိုလည်း မင်း အရင်လို မလုပ်ဖြစ်တော့ဘူး၊ တခြားသူတွေကပဲ အဆင်ပြေအောင် စီမံနေကြပြီလေ]
[မင်းရဲ့ အချိန်တော်တော်များများကို ရှို့လျန်အတွက်ပဲ ပေးထားခဲ့တာ]
[အခုမှပဲ မင်းနားလည်သွားတာ... လူတစ်ယောက်ရဲ့ ဘဝမှာ မိဘနဲ့ သားသမီးဆိုတာ ဖြတ်သွားဖြတ်လာ ခရီးသည်တွေလိုပါပဲ၊ ကိုယ့်ရဲ့ ခေါင်းအုံးဘေးမှာ အတူရှိနေတဲ့သူကသာ ဘဝတစ်လျှောက်လုံး အတူလျှောက်လှမ်းမယ့်သူ ဆိုတာကိုပေါ့]
[တကယ်တော့ ရှို့လျန်ကို မင်း တကယ်ချစ်ခဲ့သလားဆိုတာ မင်းကိုယ်တိုင်တောင် မသိခဲ့ဘူး]
[ဒါပေမဲ့ အဲဒါက အရေးမကြီးတော့ပါဘူး။ ဘာလို့လဲဆိုတော့ ရှို့လျန်က မင်းသောက်တဲ့ရေ၊ မင်းစားတဲ့ထမင်းလိုမျိုး မင်းရဲ့နေ့စဉ်ဘဝထဲမှာ ခွဲခြားလို့မရတဲ့ အလေ့အကျင့်တစ်ခု ဖြစ်နေခဲ့ပြီလေ]
[ဒါပေမဲ့ သူမရဲ့ အဆုတ်ရောဂါက ပိုဆိုးလာခဲ့တယ်]
[ငယ်စဉ်တုန်းကတော့ သူမရဲ့ ကိုယ်ခံအားနဲ့ အောင့်အည်းနိုင်ခဲ့ပေမဲ့ အသက်ကြီးလာပြီး ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ အလျင်အမြန် ဆုတ်ယုတ်လာတဲ့အခါမှာတော့ သူမ ဘယ်လိုမှ မတောင့်ခံနိုင်တော့ဘူး]
[အစပိုင်းမှာတော့ ပြင်းပြင်းထန်ထန် ချောင်းဆိုးရုံပါပဲ၊ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အသက်ရှူရခက်လာပြီး ချောင်းတစ်ချက်ဆိုးတိုင်း သွေးတွေ အများကြီး ပါလာတတ်တယ်]
[သူမအတွက် မင်း ပိုက်ဆံတွေ အများကြီး အကုန်အကျခံခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သူမက မင်းကို ငိုပြီး တောင်းပန်ခဲ့တယ်၊ ဆက်ပြီး မကုပါနဲ့တော့တဲ့]
[ဘာလို့လဲဆိုတော့ သူမ သေသွားခဲ့ရင်တောင် ကျန်ရစ်တဲ့သူတွေက ဆက်ပြီး ရှင်သန်ကြရဦးမှာလေ]
[သူမ ကုသရင်းနဲ့ ပိုက်ဆံတွေ အကုန်ကုန်သွားပြီးမှ သူမ သေသွားခဲ့ရင် ကျန်တဲ့သူတွေ ဘယ်လိုလုပ်ကြမလဲ ]
[နောက်ထပ် ဆောင်းဦးနှောင်းပိုင်း ကာလတစ်ခု ရောက်လာပြန်ပြီ]
[သူမက ထပ်ပြီး မတောင့်ခံနိုင်တော့ဘဲ ဖျားနာမှုတွေနဲ့အတူ အိပ်ရာထဲ လဲသွားခဲ့တော့တယ်]
[ရောဂါရဲ့ နှိပ်စက်မှုကို ခံနေရတဲ့ သူမရဲ့ ရုပ်ရည်မှာ အရင်က တောက်ပခဲ့တဲ့ အရိပ်အယောင်တွေ တစ်စက်ကလေးမှ မကျန်တော့ဘူး]
[အသက်တစ်ခါရှူတိုင်းက ညှဉ်းပန်းနှိပ်စက်မှုတစ်ခုလို ဖြစ်နေပြီး စကားတစ်ခွန်း ပြောဖို့တောင် တကယ့်ကို နာကျင်နေရတာ]
[ဒီလောကကြီးထဲမှာ သူမ ရှင်သန်နေရတဲ့ နေ့ရက်တိုင်းက တကယ့်ကို ပြင်းထန်တဲ့ ဝေဒနာတွေပါပဲ]
[ဆောင်းဦးနှောင်းပိုင်းရဲ့ မနက်ခင်းတစ်ခုမှာ... တိမ်ဖုံးနေတဲ့ နေ့ရက်တွေ အကုန်လွန်ပြီးနောက် ရာသီဥတုက နောက်ဆုံးမှာတော့ ကြည်လင်လာခဲ့ပြီ]
[နွေးထွေးတဲ့ နေမင်းကြီးက မိုးကုပ်စက်ဝိုင်းကနေ ထွက်ပေါ်လာခဲ့တာပေါ့]
[ဒါပေမဲ့ နေမင်းကြီး ထွက်ပေါ်လာပြီး နေ့သစ်ကို ကြိုဆိုနေချိန်မှာပဲ... ရှို့လျန်ရဲ့ ဘဝကတော့ မနေ့ကမှာတင် ရပ်တန့်သွားခဲ့ပါပြီ]
[သူမ ကွယ်လွန်သွားခဲ့ပါပြီ]
အခန်း။ ၂၅၈
ချင်းယန်ကျောင်းတော်၊ စိမ်းပြာနွယ်ခန်းမဆောင်။
"အကြီးအကဲ ထျန်းချန်းကျီ... ကျွန်တော်တို့ရဲ့ တတိယသခင်လေး နိုးမလာသေးဘူးလားဗျာ။ တစ်ခုခု နည်းလမ်းရှာပေးလို့ မရဘူးလား..."
ဇီဝေတောင်တန်းကနေ အပြေးအလွှား ရောက်လာတဲ့ အကြီးအကဲမဟူရာက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
သူ့စကားတောင် မဆုံးသေးခင်မှာပင်...
"ပါးစပ်ပိတ်ထားစမ်း"
ထျန်းချန်းကျီက အနက်ရောင်ခေါင်းတလား အဖုံးပေါ်သို့ လက်တစ်ဖက်တင်ထားပြီး ခေါင်းတလားကို ဖောက်ထွက်မတတ်သည့် အကြည့်များဖြင့် အတွင်း၌ ငြိမ်သက်စွာ လဲလျောင်းနေသော ချန်ကျီရှင်းကို စိုက်ကြည့်နေသည်။
ချန်ကျီရှင်း၏ ဒန်ထျန် နတ်ဘုရားပင်လယ်အတွင်း၌ ရှင်ခြင်းနှင့် သေခြင်းချီများ ရောယှက်နေသည်ကို သူ အထင်အရှား ခံစားနေရပြီ ဖြစ်သည်။
ဒါက ရှင်ခြင်းနှင့်သေခြင်းတရား တာအိုမျိုးစေ့ အနည်ထိုင်တော့မယ့် နိမိတ်လက္ခဏာပဲ
အောင်မြင်မလား ကျရှုံးမလားဆိုတာက ဒီခဏလေးပေါ်မှာပဲ မူတည်နေတာ။
"အကြီးအကဲ ထျန်းချန်းကျီ... အရှေ့ဘက်လျှို့ဝှက်နယ်မြေရဲ့ ပြိုင်ပွဲကြီးက တကယ့်ကို အရေးကြီးပါတယ်။ မနက်ဖြန်ဆို ပြိုင်ပွဲစတော့မှာမို့ ကျွန်တော့်အထင်တော့..."
အကြီးအကဲ မဟူရာက မျက်ခုံးများတွန့်ကာ စိုးရိမ်တကြီးဖြင့် ဘေးမှနေ၍ အကြံပေးနေပြန်သည်။
“အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲက အရေးကြီးတယ် ဟုတ်လား”
ထျန်းချန်းကျီက သူ၏လက်ကို ခေါင်းတလားပေါ်မှ ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်ပြီး အေးစက်စက် ပြုံးလိုက်သည်။
“မင်းတို့ တတိယသခင်လေး ရရှိတော့မယ့် ကံတရားနဲ့ ယှဉ်ရင် အဲဒီပြိုင်ပွဲက ဘာတန်ဖိုးရှိလို့လဲ။ တကယ်လို့ သခင်လေးသာ ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်သွားရင် အဲဒီပြိုင်ပွဲမှာ ဝင်ပြိုင်နေစရာတောင် မလိုတော့ဘူး။ မဟာမသေမျိုး ဂိုဏ်းကြီးသုံးခုကတောင် သူ့ကို သူတို့ဂိုဏ်းထဲဝင်ပေးပါဆိုပြီး ဝိုင်းဝန်းတောင်းပန်ကြလိမ့်မယ်”
“ဗျာ အဲဒီလောက်တောင် အစွမ်းထက်တာလား”
အကြီးအကဲမဟူရာတစ်ယောက် အံ့အားသင့်သွားပြီး မယုံကြည်နိုင်သလိုဖြင့် ရေရွတ်လိုက်မိသည်။
“ထွက်သွားစမ်း ဒီမှာရပ်ပြီး ငါ့ကို လာမရှုပ်နဲ့”
ထျန်းချန်းကျီက စကားအရှည်ကြီး ပြောမနေတော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ လေပြင်းတစ်ချက်က အကြီးအကဲမဟူရာကို လွှင့်ထွက်သွားစေပြီး တံခါးအပြင်ဘက်သို့ ရောက်ရှိသွားစေတော့သည်။
ဂျိမ်း
တံခါးမှာ အခိုင်အမာ ပိတ်သွားခဲ့ပြီဖြစ်သည်။ အကြီးအကဲမဟူရာက တံခါးကို ပြန်လည်တွန်းကြည့်သော်လည်း တုပ်တုပ်မျှ မလှုပ်ပေ။ သူ၏မျက်ဝန်းထဲတွင်မူ အံ့သြတုန်လှုပ်မှုများ အထင်းသား ပေါ်ပေါက်လာတော့သည်။
သူသည် ယခုအခါတွင် နိဗ္ဗာနအဆင့် ခုနစ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ၎င်းကိုပင် ဤထျန်းချန်းကျီက လက်တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် သူ ခုခံနိုင်စွမ်းမရှိအောင် လုပ်ဆောင်နိုင်ခြင်းပင်။
“ဒီအဘိုးကြီးကတော့... သူ့ရဲ့အစွမ်းတွေကို တကယ်ဖုံးကွယ်ထားနိုင်တာပဲ”
အကြီးအကဲမဟူရာက စိမ်းပြာနွယ် ခန်းမဆောင်ကြီးကို မော့ကြည့်ရင်း အံ့အားသင့်စွာဖြင့် လျှာသပ်မိလိုက်သည်။
စိမ်းပြာနွယ် ခန်းမဆောင်အတွင်း၌မူ...
ထျန်းချန်းကျီ၏ မှုန်ဝါးနေသော မျက်ဝန်းအစုံမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေခဲ့ပြီ ဖြစ်သည်။ သူက ခေါင်းတလားထဲမှ ချန်ကျီရှင်းကို ကြည့်နေသည်မှာ သူ၏ အကျေနပ်ဆုံး လက်ရာမွန်ကြီးတစ်ခုကို ငေးမောနေသကဲ့သို့ပင်။
“မင်း မြင်ရဲ့လား... ငါ့ရဲ့ ဆင်ခြင်တုံတရားနဲ့ ကျင့်စဉ်လမ်းက မမှားဘူး။ လုံးဝမမှားဘူးဟေ့”
တိတ်ဆိတ်နေသည့် စိမ်းပြာနွယ် ခန်းမဆောင်အတွင်း၌ သူ၏ တိုးတိုးသာသာ ရေရွတ်သံများက ပဲ့တင်ထပ်လို့နေသည်။
ရှင်ခြင်းနှင့် သေခြင်းဆိုင်ရာ အာရုံမှားနယ်မြေအတွင်း၌မူ...
မြင်ကွင်းများက ဆက်လက်ဖြစ်ပေါ်နေဆဲပင်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် ဘဝခရီးကြောင့် ချန်ကျီရှင်းသည် သူ၏ကိုယ်သူတောင် မေ့လျော့နေခဲ့ပြီ ဖြစ်သည်။ သူသည် ယခုအခါတွင် ဤမြင်ကွင်းထဲမှ ဆံပင်ဖြူဖြူနှင့် အဘိုးအို ချန်ရှောင်ရှင်းတစ်ဦး ဖြစ်နေခဲ့သည်။
[ရှို့လျန်က အဲဒီလိုပဲ ကွယ်လွန်သွားခဲ့တယ်။ တကယ့်ကို ခက်ခက်ခဲခဲ ရယူခဲ့ရတဲ့ နွေဦးလေပြေတွေကြားမှာတင်ပဲ သူမ ထွက်ခွာသွားခဲ့တာ]
[ရှို့လျန်ရဲ့ နာရေးမှာတော့ မင်းရဲ့မျက်နှာက သစ်သားပြားတစ်ခုလို ခံစားချက်ကင်းမဲ့နေပြီး မျက်ရည်တစ်စက်တောင် မကျခဲ့ဘူး]
[ဘေးနားကလူတွေကတော့ မင်းကို ဝိုင်းဝန်းနှစ်သိမ့်ကြတာပေါ့၊ အရမ်းကြီး ဝမ်းမနည်းပါနဲ့ဦးတဲ့]
[အဲဒီနှစ်သိမ့်စကားတွေကို နားထောင်ရင်းနဲ့ မင်းကိုယ်မင်း အံ့သြနေမိတယ်၊ ဘာဖြစ်လို့ မင်းဆီမှာ ဘာဝမ်းနည်းမှုမှ ရှိမနေရတာလဲဆိုတာကိုပေါ့]
[ဒါက တကယ့်ကို ထူးဆန်းတယ်လို့ မင်းခံစားနေရတယ်။ ရှို့လျန် သေသွားတာတောင် မင်း ဘာလို့ ဝမ်းမနည်းရတာလဲ]
[မင်းက ရှို့လျန်ကို တောင်ပေါ်ကို ပို့ဆောင်ခဲ့တယ်၊ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်။ ပြီးတော့ တောင့်တောင့်ကြီး ဖြစ်နေတဲ့ ခန္ဓာကိုယ်၊ ခံစားချက်ကင်းမဲ့နေတဲ့ မျက်နှာနဲ့ အိမ်ကို ပြန်လာခဲ့ပြီး ပုံမှန်အတိုင်းပဲ ဆက်ပြီး ရှင်သန်နေခဲ့တယ်]
[မင်း တွေးမိတာကတော့... ငါလည်း အတော်လေး အိုမင်းနေပြီပဲ၊ ရှင်ခြင်းနဲ့ သေခြင်းတရားကို ငါ တကယ်ပဲ နားလည်သဘောပေါက်သွားလို့ ဝမ်းမနည်းတော့တာ နေမှာပါ ဆိုပြီးတော့ပေါ့]
[ဒါပေမဲ့... မနက်ခင်းမှာ အိပ်ရာကနေ တကယ်နိုးလာတဲ့အခါ၊ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့ ရှို့လျန်ရဲ့ ပုံရိပ်ကို မင်း မြင်နေရသလိုပဲ]
[မင်းက အပြေးအလွှား သွားပြီး သူမကို ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားမိတယ်]
[အဝတ်အစား လဲနေတဲ့ အချိန်မှာလည်း ရှို့လျန်ကို မင်း ထပ်မြင်ရပြန်ရော။ သူမက စားပွဲမှာ ထိုင်ပြီး အဝတ်အစားတွေကို သေသေချာချာ ဖာထေးချုပ်လုပ်နေတုန်းပေါ့]
[မင်း ထမင်းဟင်း ချက်ပြုတ်နေချိန်မှာလည်း ရှို့လျန်ကို မြင်နေရတုန်းပဲ။ သူမ ဟင်းသီးဟင်းရွက်တွေ လှီးဖြတ်နေတဲ့ ဟန်ပန်ရယ်၊ စင်းတီတုံးပေါ်က ဓားသံ တဒေါက်ဒေါက် မြည်နေတာတွေရယ်ကို မင်း ကြားနေရတုန်းပဲ]
[ညဘက် အိပ်စက်တဲ့အခါမှာလည်း သူမကို မြင်နေရပြန်တယ်။ မင်းအတွက် ရေနွေးလေးတွေ ယူလာပေးပြီး မင်းရဲ့ခြေထောက်တွေကို အသာအယာ သုတ်ပေးနေတုန်းပဲလေ]
[နေ့တိုင်း နေ့တိုင်း မင်းသူမကို မြင်နေရတယ်၊ သူမက မင်းရဲ့ဘဝ မြင်ကွင်းတိုင်းမှာ ခွဲခြားလို့မရအောင် ရောယှက်နှောင်ဖွဲ့နေခဲ့တာပဲ]
[မင်းက သူမရဲ့နာမည်ကို တဖွဖွခေါ်ရင်း လူတိုင်းကို လိုက်မေးနေမိတော့တယ် "ငါ့ရဲ့ ရှို့လျန်ကို တွေ့မိကြလား သူ လယ်ထဲမှာ မြေတူးဖို့ ထွက်သွားတာလေ" တဲ့]
[မင်းဆုံသမျှလူတိုင်းကိုလည်း လိုက်ပြောနေမိပြန်တယ် "ငါဝတ်ထားတဲ့ အင်္ကျီကို မြင်လား ဒါ ရှို့လျန် မနေ့ညကမှ ငါ့အတွက် ချုပ်ပေးထားတာလေ" တဲ့]
[ရှို့လျန်ရဲ့ မွေးနေ့ရောက်တဲ့အခါမှာတော့ မင်းက တစ်အိမ်တက်ဆင်း လိုက်သွားပြီး ပြုံးရွှင်စွာနဲ့ ပြောခဲ့တယ် "မနက်ဖြန် ရှို့လျန်မွေးနေ့နော်၊ အားလုံး လာခဲ့ကြဖို့ မမေ့နဲ့ဦး" တဲ့]
[လူတိုင်းက မင်းကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်ကြတယ်၊ ပြီးတော့ သူတို့က ပြောတယ် "ဦးလေးချန်... အန်တီရှို့လျန် ဆုံးသွားတာ ပြီးခဲ့တဲ့လကတည်းကလေ" တဲ့]
[မင်းကတော့ မျက်လုံးအပြူးသားနဲ့ ပြန်အော်လိုက်တယ် "လျှောက်မပြောနဲ့ ရှို့လျန်က မနေ့ကတင် ငါနဲ့အတူ အိပ်ခဲ့တာလေ၊ နောက်တစ်ခါ အဲဒီလို ထပ်ပြောရင် မင်းတို့ပါးစပ်ကို ငါဖြဲပစ်မယ်" တဲ့]
[အဲဒီနောက်မှာတော့ မင်းက စိတ်ဆိုးမာန်ဆိုးနဲ့ လှည့်ထွက်လာခဲ့တော့တာပေါ့]
[သူတို့ကတော့ မင်းရဲ့ကျောပြင်ကို ကြည့်ရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်မိကြတယ် "သူက တကယ့်လူကောင်းတစ်ယောက်ပါ၊ ဘယ်လိုဖြစ်ပြီး ရူးသွားရတာပါလိမ့်" တဲ့]
[အဲဒီညမှာတော့ စိတ်မအေးနိုင်ဖြစ်နေတဲ့ မင်းက ဒီအကြောင်းတွေကို ရှို့လျန်ကို ပြန်ပြောပြနေမိတယ်၊ သူမကတော့ ဘာမှပြန်မပြောဘဲ ပြုံးပြုံးလေးနဲ့ပဲ နားထောင်ပေးနေခဲ့တာပေါ့]
[အဲဒီနှစ်ရဲ့ ဆောင်းရာသီမှာတော့ နှင်းတွေက အရင်ကထက် ပိုပြီး သည်းထန်စွာ ကျခဲ့တယ်]
[မီးဖိုထဲက ထင်းမီးတွေတောင် မင်းအတွက် ဘာနွေးထွေးမှုကိုမှ မပေးနိုင်တော့ဘူး]
[အိုမင်းမစွမ်းဖြစ်နေပြီး ရေတစ်ခွက်သောက်ဖို့တောင် ခဲယဉ်းနေတဲ့ မင်းက အိပ်ရာပေါ်မှာ လဲလျောင်းရင်း ပြတင်းပေါက်ဆီကို လှည့်ကြည့်လိုက်မိတယ်။ လေအေးတွေကြားမှာ ပြတင်းပေါက်က တကျိကျိနဲ့ မြည်နေပြီး အပြင်မှာတော့ မှိန်ပျပျ မီးရောင်လေးတွေ ဟိုတစ်စ ဒီတစ်စပေါ့]
[မှုန်ဝါးဝါး အာရုံထဲမှာတော့...]
[ရှို့လျန် ပြန်ပေါ်လာတာကို မင်း မြင်လိုက်ရပြန်တယ်]
[ရှို့လျန်တင်မကဘူး... မင်းရဲ့အဖေ၊ မင်းမေ့လျော့နေခဲ့တဲ့ မိခင်၊ နောက်ပြီး ငယ်ငယ်တုန်းက ကွယ်လွန်သွားခဲ့တဲ့ သူငယ်ချင်းတွေပါ ပါလာတာပေါ့]
[သူတို့က မင်းကိုကြည့်ပြီး ပြုံးပြနေကြတယ်၊ မင်းဆီကို လက်ယပ်ခေါ်နေကြတယ်လေ]
[အေးစက်လှတဲ့ အဲဒီညမှာ သူတို့ကို ကြည့်ရင်း မင်းရဲ့မျက်နှာမှာ အပြုံးတွေ ဝေဆာသွားခဲ့တယ်၊ ပြီးတော့ ပျော်ရွှင်စွာနဲ့ ပြောလိုက်မိတယ် "နောက်ဆုံးတော့... ငါတို့တွေ ပြန်ဆုံကြပြီပေါ့" တဲ့]
[အဲဒီဆောင်းရာသီမှာပဲ...]
[မင်း သေဆုံးသွားခဲ့တယ်]
...
...
ဝုန်း
ရှင်ခြင်းနှင့် သေခြင်းဆိုင်ရာ အာရုံမှားနယ်မြေအတွင်းက မြင်ကွင်းတွေက တစ်လက်မချင်းစီ ပြိုပျက်ပျောက်ကွယ်သွားတော့သည်။
သို့သော်လည်း ချိတ်ပိတ်ထားသော မူလအစခေါင်းတလားအတွင်းဝယ် ထာဝရအိပ်စက်ခြင်းဖြင့် လဲလျောင်းနေသည့် ချန်ကျီရှင်းမှာမူ နိုးထလာခြင်း မရှိသေးပေ။
သူသည် မီးခိုးငွေ့တစ်စကဲ့သို့ပင် ဖြည်းညှင်းစွာ လွင့်တက်သွားပြီး ကောင်းကင်ယံထက်သို့ တရွေ့ရွေ့ မြင့်တက်သွားခဲ့သည်။ တဖြည်းဖြည်းနှင့် နွယ်ပင်များဖုံးလွှမ်းနေသော ခန်းမဆောင်ကြီးမှာ သူ၏အမြင်အာရုံထဲတွင် သေးငယ်သွားပြီး သူ ဆက်လက်မြင့်တက်သွားသည်နှင့်အမျှ ချင်းယန်ကျောင်းတော်တစ်ခုလုံးမှာ အမည်းစက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ သူသည် လေထဲတွင် ရည်ရွယ်ချက်မဲ့ လွင့်မျောနေသော ဒန်ဒီလီယွန်ပန်းပွင့်လေးတစ်ပွင့်နှင့် တူနေခဲ့သည်။
ရှင်ခြင်းနှင့် သေခြင်းဆိုသည်မှာ ဘာလဲဆိုသည်ကို ချန်ကျီရှင်း မသိပေ။ သူသည် မည်သူမည်ဝါဖြစ်သည်ကိုပင် သူ မသိသေးပေ။ အချိန်များက ပြည်နယ် တစ်ဆယ့်သုံးခုလုံးကို ဖြတ်သန်းသွားနေသော်လည်း သူသည် လေနှင့်အတူ ရည်ရွယ်ချက်မဲ့စွာသာ လွင့်မျောနေခဲ့သည်။
ဤနေရာ၌ သူ လျှောက်လှမ်းရမည့်လမ်းကိုလည်း မမြင်ရသလို၊ ဆိုက်ရောက်ရမည့် ပန်းတိုင်ကိုလည်း မတွေ့ရပေ။ ဘာမျှမရှိသကဲ့သို့ အချိန်ဆိုသည်မှာပင် ဤနေရာ၌ အဓိပ္ပာယ်မဲ့နေခဲ့ကာ သူသည် လေထဲမှ လေပြေညင်းတစ်စ၊ စီးဆင်းနေသော မြစ်ရေလှိုင်းတစ်ခု၊ ထွက်ပေါ်လာသော နေမင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသယောင်ပင်။
ဝေဝါးနေသော အာရုံထဲတွင် ချန်ကျီရှင်းသည် မျိုးစေ့လေးများ အညှောက်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ထိုမျိုးစေ့လေးများသည် သဲမြေလွှာများကို နာကျင်စွာ တိုးထွက်၍ တဖြည်းဖြည်းနှင့် မိုးထိအောင်မြင့်သည့် သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားလာခဲ့သည်။ ၎င်းနောက် လင်းယုန်ငှက်တို့ ဥထားသော ဥများကို မြင်ရပြန်သည်။ လင်းယုန်ပေါက်လေးများသည် ဥခွံများကို ဖောက်ထွက်လာပြီး မိခင်၏စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းကာ ကောင်းကင်ယံသို့ ပျံသန်းသွားကြသည်။
ထို့ပြင် လူ့လောက၏ ရွာစွန်လေးတစ်ခု၌ အဘိုးအိုတစ်ဦး ကွယ်လွန်သွားသည်ကိုလည်း သူ မြင်လိုက်ရသေးသည်။ မကြာမီမှာပင် ကလေးငယ်တစ်ဦး၏ ငိုသံက ချန်ကျီရှင်း၏အာရုံကို ဖမ်းစားသွားခဲ့ပြန်သည်။ ရွာထိပ်ဝယ် မွေးကင်းစကလေးငယ်တစ်ဦးသည် ငိုသံနှင့်အတူ လောကထဲသို့ ရောက်ရှိလာပြီး ဘဝခရီးစဉ်အသစ်တစ်ခုကို စတင်နေသည်ကို သူ မြင်လိုက်ရသည်။
ရှင်ခြင်းနှင့် သေခြင်းတရားတို့သည် ဤလောက၌ အဆက်မပြတ် ဖြစ်ပျက်နေကြသည်။ ချန်ကျီရှင်းသည် နှစ်ကာလ မည်မျှကုန်ဆုံးသွားမှန်းမသိဘဲ တိတ်ဆိတ်စွာပင် စောင့်ကြည့်နေခဲ့သည်။
တဖြည်းဖြည်းနှင့် ချန်ကျီရှင်း၏ရှေ့မှ မြင်ကွင်းများက ထပ်မံပြောင်းလဲသွားပြန်သည်။ သူသည် တောင်တန်းကြီးများ ပြိုလဲခြင်းနှင့် ပင်လယ်များ ခမ်းခြောက်သွားခြင်းတို့ကို မြင်နေရကာ လောကကြီးတစ်ခုလုံး ညှိုးနွမ်းပျက်စီးသွားပြီးမှ ပြန်လည်စတင်လာသည်ကို မြင်ရသည်။ တစ်ချိန်က သက်ရှိများဖြင့် စည်ကားခဲ့သော ကြယ်တစ်လုံးသည် တဖြည်းဖြည်း ခြောက်သွေ့သွားပြီး သေဆုံးနေသော ကြယ်တစ်လုံးအဖြစ် ပြောင်းလဲသွားသည်ကို သူ မြင်လိုက်ရသည်။ ထိုကြယ်ပေါ်မှ သက်ရှိမှန်သမျှမှာလည်း တစ်စထက်တစ်စ ကွယ်ပျောက်သွားခဲ့ကြသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်မူ ခြောက်သွေ့နေသော ထိုကြယ်ကြီးပေါ်၌ သက်ရှိတို့သည် တစ်ဖန် ပြန်လည်လှုပ်ရှားလာကြပြန်သည်။
ရှင်ခြင်းနှင့် သေခြင်းက အဆုံးမဲ့သော သံသရာလည်ပတ်မှုကြီးတစ်ခု ဖြစ်နေခဲ့ခြင်းပင်။
မည်မျှကြာသွားပြီလဲဆိုသည်ကို မည်သူမျှ မသိနိုင်တော့ပေ။
"ချန်ကျီရှင်း... ချန်ကျီရှင်း... ချန်ကျီရှင်း..."
ဝေဝါးနေသည့်ကြားမှပင် ချန်ကျီရှင်း၏နားထဲသို့ အဝေးတစ်နေရာမှ ခေါ်နေသည့် အသံတစ်သံ တိုးဝင်လာခဲ့သည်။
နောက်တစ်ခဏတွင်မူ ချိတ်ပိတ်ထားသော မူလအစခေါင်းတလားအတွင်းရှိ ချန်ကျီရှင်းသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်တော့သည်။