အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အခန်း (၈၅) ကိုယ်တိုင်ဆောက်မည့် အိမ်ပုံစံကြမ်းများ
ဤသည်မှာ လဲ့ချင်းအတွက် လဲ့ချန်နှင့်အတူ မြို့သို့ ပထမဆုံးအကြိမ် လိုက်ဖူးခြင်းဖြစ်ရာ အရာအားလုံးကို အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းနေသည်ဟု ထင်မှတ်နေ၏။
"အစ်ကို... ဒီနွားလှည်းက သိပ်နှေးတာပဲ... ငါတို့ စက်ဘီး စီးနိုင်ရင် သိပ်ကောင်းမှာပဲ..."
လဲ့ချင်းက မနေနိုင်ဘဲ ပြောလိုက်သည်။
လဲ့ချန်က ပြုံး၍ ပြောလိုက်၏။
“စက်ဘီး ဟုတ်လား... အဲဒါက ရှားပါးပစ္စည်းလေ... ငါတို့ရွာမှာ ရွာသူကြီးဆီမှာ တစ်စီးပဲ ရှိတာ... သူက အဲဒါကို အဖိုးတန်ဆုံး ရတနာလို မြတ်နိုးတာဆိုတော့ နင်က ဘယ်လိုလုပ် လွယ်လွယ် စီးလို့ ရမှာလဲ..."
သူက ဆက်၍
"ဒါပေမဲ့ ငါတို့ ပိုက်ဆံနည်းနည်း ရလာတာနဲ့ စက်ဘီးတစ်စီး ဝယ်ကြမယ်... ဒါဆိုရင် ငါတို့ သွားချင်တဲ့ နေရာတိုင်းကို သွားလို့ရပြီ... ဘယ်လောက် အဆင်ပြေလိုက်မလဲ..."
ဤစကားကို ကြားသောအခါ လဲ့ချင်းမှာ တစ်မုဟုတ်ချင်းပင် စိတ်အားထက်သန်မှုများ ပြည့်နှက်သွားသည်။ သူမကိုယ်သူမ စက်ဘီးစီး၍ ကျေးလက်လမ်းများတစ်လျှောက် အရှိန်ပြင်းပြင်း မောင်းနှင်နေသည်ကိုပင် မျက်စိထဲ မြင်ယောင်လာမိ၏။
မြို့သို့ ရောက်သောအခါ လဲ့ချန်က လဲ့ချင်းကို ဈေးဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွားသည်။
ဈေးထဲတွင် လူများဖြင့် ပြည့်နှက်ကာ ပျားပန်းခပ် လှုပ်ရှားနေပြီး ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများဖြင့် ဆူညံနေ၏။ မျက်စိကျိန်းမတတ် များပြားလှသော ကုန်ပစ္စည်းမျိုးစုံကိုလည်း ခင်းကျင်းပြသထားသည်။
လဲ့ချန်က ရှုပ်ထွေးနေသော လူအုပ်ကြီးကို လက်ညှိုးထိုးပြရင်း လဲ့ချင်းကို ပြောလိုက်သည်။
"ကြည့်စမ်း... ဒီဈေးထဲမှာ လူအမျိုးမျိုး ရှိတယ်... မြို့က ကေဒါတွေ၊ နယ်က လယ်သမားတွေနဲ့ လမ်းဘေး ဈေးသည်တွေပေါ့... နင် နင့်အဝတ်အစားတွေကို ရောင်းချင်ရင် လူကဲခတ်တတ်ဖို့ သင်ယူရမယ်... ပြီးတော့ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ နည်းလမ်းတွေကို အသုံးပြုရမယ်..."
လဲ့ချင်းမှာ အံ့သြမှင်တက်သွား၏။ သူမက အရင်က အဝတ်အစား ချုပ်ရန်သာ အာရုံစိုက်ခဲ့ပြီး ဤမျှရှုပ်ထွေးသိမ်မွေ့သော အသေးစိတ် အချက်အလက်များကို တစ်ခါမှ မတွေးဖူးချေ။
လဲ့ချန်က လဲ့ချင်း၏ တွေဝေနေမှုကို သတိပြုမိသွားပြီး စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
“ဥပမာအနေနဲ့ ပြောရရင်... နင်က မြို့က ကေဒါတစ်ယောက်နဲ့ တွေ့ရင် အဝတ်အစားတွေရဲ့ ဆန်းသစ်တဲ့ ဒီဇိုင်း၊ သေသပ်တဲ့ လက်ရာနဲ့ ဝတ်လိုက်ရင် ဘယ်လောက် စမတ်ကျသွားကြောင်း ချီးကျူးပြောဆိုသင့်တယ်... နယ်က လယ်သမားတစ်ယောက်နဲ့ တွေ့ရင်တော့ ဒီအဝတ်အစားတွေက ခိုင်ခံ့တယ်... အကြမ်းခံတယ်... ဈေးနှုန်းသက်သာတယ်လို့ ပြောသင့်တယ်... လမ်းဘေး ဈေးသည် တစ်ယောက်နဲ့ တွေ့ရင်တော့ နင်က..."
သူက စကားစကို ခဏရပ်၍ လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။
"သူ့ကို နင်က ဈေးဆစ်ရမယ်... ပြတ်ပြတ်သားသားဆစ်... လျှော့နိုင်သမျှ လျှော့ခိုင်း..."
စီးပွားရေးလုပ်ရာတွင် ဤမျှ ရှုပ်ထွေးမှုများ ပါဝင်နေလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့သဖြင့် လဲ့ချင်းမှာ မှင်တက်သွားသည်။
လဲ့ချန်က ဆက်ပြော၏။
"နောက်ပြီး... အဝတ်အစားတွေ ရောင်းတဲ့အခါ ပစ္စည်းကို အတင်းရောင်းချဖို့ပဲ အာရုံမစိုက်နဲ့... ဖောက်သည်တွေနဲ့ စကားစမြည် ပြောဆိုဖို့၊ ရင်းနှီးအောင်လုပ်ဖို့နဲ့ သူတို့အကြောင်း ပိုသိအောင် လုပ်ဖို့လည်း လိုသေးတယ်..."
"အဲဒီလိုလုပ်မှ လူတွေက နင့်ကို ပိုယုံကြည်လာပြီး နင့်ပစ္စည်းတွေကို ဝယ်ကြမှာပေါ့..."
သူက မလှမ်းမကမ်းတွင် ဟော်သွန်းသီးသကြားလုံး ရောင်းနေသော အဘိုးအိုတစ်ဦးကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။
"ဟိုအဘိုးကြီးကို ကြည့်လိုက်... သူက ဟော်သွန်းသီးသကြားလုံး ရောင်းတဲ့အခါ အမြဲတမ်း မျက်နှာမှာ အပြုံးတစ်ခု ချိတ်ဆွဲထားပြီး ကလေးတွေနဲ့တောင် နောက်ပြောင်လေ့ရှိတယ်... ဒါကြောင့် သူ့အရောင်းအဝယ်က သိပ်ကောင်းတာပေါ့..."
လဲ့ချန်၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ လဲ့ချင်းက ထိုအဘိုးအို၏ ဆိုင်လေးမှာ ကလေးများဖြင့် ဝိုင်းရံခံနေရပြီး ကလေးတစ်ယောက်စီတိုင်းက ဟော်သွန်းသီးသကြားလုံး တစ်ချောင်းစီ ကိုင်ကာ အရသာခံ စားသောက်နေကြသည်ကို မြင်လိုက်ရ၏။
လဲ့ချန်က လဲ့ချင်း၏ ပခုံးကို ပုတ်၍ အားပေးလိုက်သည်။
"ချင်းချင်း... ဒီအချက်ကို မှတ်ထားပါ... စီးပွားရေးမှာ အရေးအကြီးဆုံးက ရိုးသားမှုနဲ့ စိတ်အားထက်သန်မှုပဲ..."
"နင်က စိတ်နှလုံး အပြည့်အဝ ထည့်သွင်းထားသရွေ့ သေချာပေါက် အောင်မြင်မှာပါ..."
လဲ့ချင်းက အသက်ပြင်းပြင်း တစ်ချက်ရှူ၍ ခေါင်းညိတ်လိုက်၏။
"အစ်ကို... ကျွန်မ နားလည်ပါပြီ... သေချာပေါက် အကောင်းဆုံး ကြိုးစားပါ့မယ်..."
လဲ့ချန်က သူ၏ အိတ်ကပ်ထဲမှ အနည်းငယ် တွန့်ကြေနေသော ငွေစက္ကူလိပ်ကို ထုတ်ယူကာ ယွမ်နှစ်ဆယ် ဖယ်ထုတ်ရေတွက်၍ လဲ့ချင်း၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
"ရော့... လိုချင်တာ မှန်သမျှ းဝယ်... ပိုက်ဆံအတွက် စိတ်မပူနဲ့..."
"အစ်ကို့မှာ ဒီနေ့ လုပ်စရာ အရေးကြီးကိစ္စ ရှိတယ်... နင့်ဘာသာနင် လျှောက်လည်နေလိုက်... မွန်းတည့်ချိန်ကျရင် ငါတို့ ပုံမှန်တွေ့နေကျ နေရာမှာပဲ ပြန်ဆုံကြတာပေါ့..."
လဲ့ချင်းက သူမ၏ လက်ထဲမှ ထူထဲသော ငွေစက္ကူအုပ်ကြီးကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိ၏။
ယွမ်နှစ်ဆယ်တောင်။
ဤသည်မှာ စက်ရုံတွင် တစ်လလုံး အလုပ်လုပ်မှ သူမ ရနိုင်မည့် ငွေပမာဏ ဖြစ်သည်။ သူမက ငွေများကို အဖိုးတန် ရတနာ းတစ်ပါးကဲ့သို့ စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားလိုက်၏။
"အစ်ကို... ဒါ... ဒါက များလွန်းမနေဘူးလား..."
လဲ့ချန်က သဘောကျစွာဖြင့် လက်ကာပြလိုက်သည်။
“မများပါဘူး... ငါတို့ အနာဂတ်မှာ ဒီထက် အများကြီး ပိုရှာနိုင်ဦးမှာ... ဒီနေ့တော့ လေ့ကျင့်ဖို့အတွက် ဒီငွေကို သုံးလိုက်... ငါတို့ အဝတ်အစားတွေ ရောင်းလို့ရမရ စမ်းကြည့်တာပေါ့..."
လဲ့ချင်းက ရင်တဒိတ်ဒိတ် ခုန်လျက် ခေါင်းကို ခပ်ပြင်းပြင်း ညိတ်လိုက်၏။
ဤသည်မှာ သူမ ဘဝတွင် ငွေ ဤမျှလောက် အများကြီးကို ပထမဆုံးအကြိမ် ရဖူးခြင်း ဖြစ်သည်။ ထူးဆန်းသော စိတ်လှုပ်ရှားမှုနှင့် တာဝန်သိစိတ်တစ်ခုက သူမ၏ ရင်ထဲတွင် လှိုက်တက်လာ၏။
လဲ့ချင်း၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သောအခါ လဲ့ချန်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားသည်။ ဤကောင်မလေးက ကလေးဆန်တဲ့ စိတ်ထားလေးရှိနေတုန်းပဲ။
သူက လဲ့ချင်း၏ ဆံပင်များကို ဖွကာ မှာကြားလိုက်၏။
"အလဟဿ မဖြုန်းတီးပစ်နဲ့... ဘယ်သူ့ကိုမှလည်း အလိမ်မခံနဲ့နော်..."
"တစ်ခုခု ပြဿနာတက်လာရင် ရဲစခန်းကို သွား... ကြားလား..."
"ဟုတ်ကဲ့ပါ အစ်ကို..."
လဲ့ချင်းက ငွေသုံးရသည့် ပျော်ရွှင်မှုကို ခံစားရန် မစောင့်ဆိုင်းနိုင်တော့ဘဲ စည်ကားနေသော လူအုပ်ကြီးထဲသို့ အပြေးကလေး ဝင်ရောက်သွားသည်။
လဲ့ချန်က လူအုပ်ကြီးထဲတွင် လဲ့ချင်း၏ ပုံရိပ်လေး ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးနောက် လှည့်၍ မြို့နယ် အစိုးရရုံးဆီသို့ လျှောက်သွားလိုက်၏။
မြို့နယ်အစိုးရရုံးမှာ အောက်ခံအဝါရောင် အုတ်ခဲများကို မြင်နေရသည်အထိ မီးခိုးရောင် ဆေးများ ကွာကျနေသော နှစ်ထပ် အဆောက်အအုံတစ်ခု ဖြစ်သည်။
အဝင်ဝတွင် ကောက်ကွေးနေသော ကျိုင်းပင်နှစ်ပင်က အသက်မဲ့စွာ ညှိုးရော်နေ၏။
ဈေးပေါသော ဆေးလိပ်နံ့၊ လဖက်ရည်ကြမ်း အပြင်းစားအနံ့နှင့် ဖော်ပြ၍ မရနိုင်သော မှိုစော်နံ့တစ်ခုက ဖွင့်ဟထားသော တံခါးဝမှတစ်ဆင့် လွင့်ပျံ့လာပြီး လဲ့ချန်၏ နှာခေါင်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
သူက အသက်အောင့်ကာ အတင်းအကျပ် ဝင်သွားလိုက်၏။
ခန်းမထဲတွင် လူသူကင်းမဲ့နေပြီး ဆေးကွာနေသော စားပွဲအနည်းငယ်မှာ ပြန့်ကျဲနေကာ ၎င်းတို့အပေါ်တွင် စာရွက်စာတမ်းများနှင့် သတင်းစာများက တောင်ကုန်းငယ်လေးများကဲ့သို့ မြင့်မားစွာ စုပုံနေသည်။
နံရံပေါ်တွင် အရောင်လွင့်နေသော ဝါဒဖြန့် ပိုစတာအချို့ကို ချိတ်ဆွဲထားရာ ၎င်းတို့ထဲမှ ပုံရိပ်များက တောင့်တင်းသော အမူအရာများဖြင့် ထိုခေတ်အခါ၏ ခံစားချက်ကို ပြင်းထန်စွာ ထုတ်ဖော်နေကြ၏။
လဲ့ချန်က စားပွဲတစ်လုံးဆီသို့ လျှောက်သွား၍ မျက်နှာပြင်ကို ညင်သာစွာ ခေါက်လိုက်သည်။
အနက်ရောင် မျက်မှန်အထူကြီးကို တပ်ဆင်ထားပြီး ဆံပင်ကို သပ်ရပ်စွာ ခေါင်းဖြီးထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အတွင်းခန်းထဲမှ ထွက်လာ၏။
သူက မျက်မှန်ကို ပင့်တင်လိုက်ပြီး အလုပ်သဘောဆန်သော လေသံဖြင့် မေးလိုက်သည်။
"ဘာကိစ္စလဲ..."
လဲ့ချန်က အလျင်အမြန်ပင် ဆေးလိပ်တစ်ဗူးကို ထုတ်ယူ၍ သူ့ထံ ကမ်းပေးလိုက်၏။ "
မင်္ဂလာပါ ရဲဘော်... ကျွန်တော်က ဟုန်ရှင်းစက်ရုံက လဲ့ချန်ပါ... ကိုယ်တိုင်ဆောက်မယ့် အိမ်တွေအတွက် ခွင့်ပြုချက် လျှောက်ထားတဲ့ လုပ်ငန်းစဉ်ကို စုံစမ်းချင်လို့ပါ..."
ထိုလူလတ်ပိုင်း အမျိုးသားက ဆေးလိပ်ကို ယူ၍ အနံ့ခံကြည့်ပြီးနောက် လဲ့ချန်၏ အိတ်ကပ်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
"ဒီလိုမျိုးတွေ လုပ်လို့မရတော့ဘူး... လိုရင်းကို တိုက်ရိုက် သွားကြတာပေါ့..."
လဲ့ချန်က အနေရခက်စွာဖြင့် ဆေးလိပ်ကို ပြန်သိမ်းလိုက်ပြီး သူ၏ အိတ်ကပ်ထဲမှ အိမ်ပုံစံကြမ်းများကို ထုတ်ယူကာ သေချာစွာ ဖြန့်ပြလိုက်၏။
"ကိစ္စက ဒီလိုပါ... ကျွန်တော်က မြို့မှာ အိမ်တစ်လုံး ဆောက်ချင်လို့ပါ... ဒါတွေက ကျွန်တော် ကိုယ်တိုင် ရေးဆွဲထားတဲ့ ပုံစံကြမ်းတွေပါ... ခင်ဗျားကို တစ်ချက်လောက် ကြည့်ပေးစေချင်ပြီး ဘယ်လို လုပ်ထုံးလုပ်နည်းတွေ လိုအပ်လဲ ဆိုတာကို ပြောပြပေးဖို့ တောင်းဆိုချင်ပါတယ်..."
ထိုလူလတ်ပိုင်း အမျိုးသားက ပုံစံကြမ်းများကို ပေါ့ပေါ့တန်တန် ကြည့်လိုက်ရာ သူ၏ လေသံတွင် အထင်အမြင်သေးမှု အချို့ စွက်ဖက်နေသည်။
"မင်း ကိုယ်တိုင် ဆွဲထားတာ ဟုတ်လား... ဒီခေတ်မှာ အိမ်တွေကို အထူးဒီဇိုင်းအင်စတီကျုတွေက ဆောက်ကြတာ... မင်းဟာက..."
သူက မင်းရဲ့ စည်းမျဉ်းမကျတဲ့ နည်းလမ်းတွေ အားလုံးက အဓိပ္ပာယ်မရှိဘူးဟု ပြောချင်သော်လည်း စကားလုံးများကို ပြန်မြိုချလိုက်၏။ မည်သို့ပင်ဖြစ်စေ လက်ရှိ မူဝါဒက ပြည်သူတွေဟာ သူတို့နိုင်ငံရဲ့ သခင်တွေ ဖြစ်တယ်ဟူ၍ အားပေးထောက်ခံထားရာ လူထု၏ စိတ်အားထက်သန်မှုကို သူ မဖျက်ဆီးရဲပေ။
"ဒီပုံစံကြမ်းတွေက စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီရဲ့လား... လုံခြုံရေး အင်္ဂါရပ်တွေကကော ဘယ်လိုလဲ... မင်း စဉ်းစားပြီးပြီလား…”
သူ စကားပြော၍ မဆုံးမီမှာပင် သူ၏ အကြည့်က ပုံစံကြမ်းများပေါ်သို့ ရုတ်တရက် ကျရောက်သွားပြီး အစောက ဂရုမစိုက်သလို ဖြစ်နေသော မျက်လုံးများက တစ်မုဟုတ်ချင်း စူးရှလာ၏။
သူက ပုံစံကြမ်းများကို ကောက်ယူ၍ သေချာစွာ စစ်ဆေးကြည့်လိုက်ရာ သူ၏ မျက်မှောင်များမှာ ပိုပို၍ တွန့်ချိုးလာသည်။
လဲ့ချန်၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွား၏။ ပုံစံကြမ်းတွေမှာ တစ်ခုခု မှားယွင်းနေတာများ ရှိနေလို့လား။
နောင်လာမည့် ခေတ်များမှ ဗိသုကာ ဗဟုသုတများကို ဤခေတ်၏ အမှန်တကယ် အခြေအနေများနှင့် ပေါင်းစပ်ကာ ဤပုံစံကြမ်းကို သေချာစွာ ရေးဆွဲရန်အတွက် သူ လပေါင်းများစွာ အချိန်ယူခဲ့ရသည် မဟုတ်ပါလား။
ထိုလူလတ်ပိုင်း အမျိုးသားက ပုံစံကြမ်းများကို ကိုင်လျက် စကားတစ်ခွန်းမျှမဆိုဘဲ အတွင်းခန်းထဲသို့ လျှောက်သွားလိုက်၏။
လဲ့ချန်က ထိုနေရာတွင် ရပ်လျက် စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။
အတော်ကြာပြီးနောက် လူလတ်ပိုင်း အမျိုးသားက အတွင်းခန်းထဲမှ ပြန်ထွက်လာပြီး သူ၏ နောက်တွင် ဆံပင်ဖြူများ ရှိသော်လည်း တက်ကြွသော စိတ်ဓာတ်ရှိသည့် အဘိုးအိုတစ်ဦး လိုက်ပါလာ၏။
အဘိုးအိုက ကျုံးရှန်ဝတ်စုံကို ဝတ်ဆင်ထားသည်။ အဝတ်အထည်မှာ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း အလွန် သန့်ရှင်းစွာ လျှော်ဖွပ်ထားသဖြင့် သူ့ကို အထူး တက်ကြွနေပုံ ပေါ်စေ၏။
"ရှောင်ဝမ်... ဒီရဲဘော်ရဲ့ ဒီဇိုင်းပုံစံကြမ်းတွေက ငါ့အတွက်တော့ အတော်လေး ထူးခြားနေတယ်လို့ ထင်ရတယ်..."
အဘိုးအိုက ပုံစံကြမ်းများကို လက်ညှိုးထိုးပြလိုက်ရာ သူ၏ လေသံတွင် စိတ်လှုပ်ရှားမှုများ စွက်ဖက်နေ၏။
"ဒီဖွဲ့စည်းပုံဒီဇိုင်း... ဒီနေရာချထားမှု... ဒါ... ဒါက ပါရမီရှင်တစ်ယောက်ရဲ့ လက်ရာပဲ..."
အခန်း (၈၆) အဘိုးလင် အသည်းအသန် ဖျားနာခြင်း
အဘိုးအိုက သူ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး ပုံစံကြမ်းပေါ်ရှိ ထူးခြားသော တည်ဆောက်ပုံ တစ်ခုကို လက်ညှိုးထိုးပြကာ မေးလိုက်၏။
"လူငယ်လေး... မင်းရဲ့ ဒီထပ်ဆင့်ရက်မခုံး ဒီဇိုင်းက တစ်ခါမှ မကြားဖူးတဲ့ အရာပဲ... မင်း ဘယ်လိုများ စဉ်းစားမိတာလဲ..."
လဲ့ချန်က စိတ်ထဲမှ ညည်းတွားလိုက်သည်။ ဤထပ်ဆင့်ရက်မခုံး၏ ဒီဇိုင်းအယူအဆမှာ လက်ရှိခေတ်ကာလထက် အမှန်တကယ် ကျော်လွန်နေပြီး ဤခေတ်ရှိ လူများအတွက် နားလည်ရန် ခက်ခဲပေလိမ့်မည်။
သူက ခေါင်းကို ကုတ်၍ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
"ကျွန်တော် စိတ်ကူးပေါက်ရာ လျှောက်ဆွဲထားတာပါ... ညဘက် အိပ်မပျော်တာနဲ့ ခေါင်းထဲ ပေါ်လာတာကို ဆွဲလိုက်တာပါ..."
"အိပ်မပျော်လို့ ဟုတ်လား..."
အဘိုးအိုက သူ့ကို လုံးဝ မယုံကြည်ကြောင်း ထင်ရှားနေပြီး လူလတ်ပိုင်း အမျိုးသားဘက်သို့ လှည့်ကြည့်လိုက်သည်။
"ရှောင်ဝမ်... ဒီရဲဘော်လေးရဲ့ ဒီဇိုင်းပုံစံကြမ်းတွေက သာမန်မဟုတ်ဘူး... စိတ်ကူးပေါက်ရာ လျှောက်ဆွဲထားလို့ မရဘူး..."
ရှောင်ဝမ်ဟု ခေါ်သော ထိုလူလတ်ပိုင်း အမျိုးသားမှာ အနည်းငယ် အနေရခက်သွား၏။
သို့သော်လည်း သူက အလျင်အမြန်ပင် နားလည်သွားသည်။
"ငါတို့တိုင်းပြည်မှာ တကယ့်ကို အရည်အချင်းရှိတဲ့လူတွေ အများကြီး ရှိတာပဲ..."
လဲ့ချန်ထံသို့ ကျရောက်လာသော သူ၏ အကြည့်များတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေ၏။
"ရဲဘော်လေး... မင်း အရင်က ဘယ်မှာ အလုပ်လုပ်ခဲ့တာလဲ..."
လဲ့ချန်၏ စိတ်ထဲတွင် သတိပေး ခေါင်းလောင်းသံများ မြည်ဟည်းသွားသည်။ အကယ်၍ သူသာ အနာဂတ်မှ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သူတို့ သိသွားပါက ဘာတွေဆက်ဖြစ်လာမည်ကို တွေးပူသွား၏။
သူက အလျင်အမြန် သမ်းဝေလိုက်ပြီး ပင်ပန်းနေဟန် ဆောင်ကာ ပြောလိုက်သည်။
"ကျွန်တော်က လယ်သမားတစ်ယောက်ပါ... ဘာကြီးကျယ်တာ ရှိလို့လဲ... အလုပ်မရှိ အကိုင်မရှိ ဖြစ်နေတာနဲ့ ပျော်စရာအနေနဲ့ ဒီပုံတွေကို လျှောက်ဆွဲနေတာပါ..."
ဤလူငယ်လေးမှာ သာမန်လူ မဟုတ်ကြောင်းနှင့် ဤမျှ ထူးချွန်သော ဒီဇိုင်းကို စိတ်ကူးပေါက်ရာ လျှောက်ဆွဲထားသည်ဟု ပြောနေခြင်းမှာ တစ်ခုခု ထူးဆန်းနေကြောင်း အဘိုးအိုက မျက်လုံးကို မှေး၍ အကဲခတ်ရင်း စိတ်ထဲမှ တွေးလိုက်၏။
"ရဲဘော်လေး... ဒီပုံစံကြမ်းတွေကို ငါ သေချာ လေ့လာဖို့လိုတယ်..."
အဘိုးအိုက ပုံစံကြမ်းများကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး တည်ကြည် လေးနက်စွာ ပြောလိုက်သည်။
"အကယ်၍ မင်းရဲ့ ပုံစံကြမ်းတွေအတိုင်း အိမ်ကို တကယ် ဆောက်နိုင်မယ်ဆိုရင် ဒီကိစ္စက ငါတို့မြို့အတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မယ်..."
အဘိုးအိုက ထပ်မံ အတင်းအကျပ် မမေးမြန်းတော့သည်ကို မြင်သောအခါ လဲ့ချန် သက်ပြင်းချနိုင်သွားပြီး အလျင်အမြန် ပြောလိုက်၏။
“ဒါဆိုရင် ခင်ဗျားတို့ အလုပ်ဆက်လုပ်ကြပါဦး... ကျွန်တော် ပြန်တော့မယ်..."
"ဟေ့... မလောပါနဲ့ဦး..."
အဘိုးအိုက လဲ့ချန်ကို လှမ်းခေါ်လိုက်သည်။
"မင်း ဒီအိမ်ကို ဘယ်နေရာမှာ ဆောက်ဖို့ စီစဉ်ထားတာလဲ... ဘာပစ္စည်းတွေ သုံးမှာလဲ... ဘတ်ဂျက်က ဘယ်လောက်လဲ... အဲ့အရာအားလုံးကို သေချာစီစဉ်ဖို့ လိုတယ်..."
လဲ့ချန်က အဘိုးအို ဤမျှ စိတ်အားထက်သန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် သူ၏ မေးခွန်းများကို တစ်ခုချင်းစီ စိတ်ရှည်လက်ရှည် ဖြေကြားပေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
လဲ့ချန် ပြန်သွားသည်ကို ကြည့်ပြီးနောက် အဘိုးအိုက ရှောင်ဝမ်ကို ချက်ချင်း ခေါ်ယူ၍ ညွှန်ကြားလိုက်၏။
"ရှောင်ဝမ်... အဲ့လဲ့ချန်ဆိုတာ ဘယ်သူလဲ ဆိုတာကို အမြန်သွားစုံစမ်းချေ... ဒီပုံစံကြမ်းတွေပေါ်က ဒီဇိုင်းတွေက သာမန်လူတစ်ယောက် ဖန်တီးနိုင်တဲ့ အရာမျိုး မဟုတ်ဘူး..."
ရှောင်ဝမ်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ ညွှန်ကြားရေးမှူး... ကျွန်တော် ချက်ချင်း သွားလုပ်လိုက်ပါ့မယ်..."
...
လဲ့ချန် မြို့ထဲသို့ ပြန်ရောက်သောအခါ ချင်းချင်းက သကြားရုပ်ဆိုင်လေးရှေ့တွင် အချိန်ဆွဲ၍ ရပ်နေသည်ကို တွေ့လိုက်ရ၏။ ထို့နောက်မှသာ မောင်နှမနှစ်ယောက် ရွာသို့ ပြန်ရန် ခရီးဆက်ခဲ့ကြသည်။
နေဝင်ဆည်းဆာ အချိန်တွင် သူတို့ နှစ်ယောက်၏ အရိပ်များမှာ ရှည်လျားစွာ ကျဆင်းနေသည်။
"အစ်ကို... ဒီသကြားရုပ်လေးက အရမ်းအရသာရှိတာပဲ..."
ချင်းချင်းက သူမ၏ လက်ထဲမှ သကြားရုပ်ကို လျက်ရင်း အပြည့်အဝ ကျေနပ်နေပုံ ရ၏။
ချင်းချင်း၏ အပြစ်ကင်းစင်ပြီး ပူပင်သောက ကင်းမဲ့နေသော အမူအရာကို ကြည့်ရင်း လဲ့ချန်၏ ရင်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု လှိုက်တက်လာသည်။
"ကြိုက်ရင် အများကြီးစား... နောက်ဆိုရင် နင့်အတွက် နေ့တိုင်း ဝယ်ကျွေးမယ်..."
ချင်းချင်းမှာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်သွား၏။
"တကယ်လား... အစ်ကိုက အကောင်းဆုံးပဲ..."
သို့သော်လည်း ရွာသို့ ပြန်ရောက်သောအခါ လေထုက အတော်လေး ထူးဆန်းနေကြောင်း သူတို့ တွေ့လိုက်ရသည်။
ရွာအဝင်ဝရှိ ကျိုင်းပင်ကြီးအောက်တွင် လူတစ်စု စုရုံးနေကြပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုး စကားပြောနေကြ၏။
"ကြားပြီးကြပြီလား... အဘိုးလင် နေမကောင်းဘူးတဲ့... အသည်းအသန်ပဲတဲ့..."
"ဒုက္ခပါပဲ... အဘိုးလင်က ငါတို့ရွာရဲ့ နောက်ဆုံး တောင်စောင့်လေ... အကယ်၍ တစ်ခုခုများ ဖြစ်သွားရင်... ငါတို့ ဘယ်လို လုပ်ကြမလဲ..."
"သူ တောင်ပေါ်မှာ အမဲလိုက်ရင်း ခြေထောက် ကျိုးသွားတယ်လို့ ကြားတယ်... အဲဒါ အအေးမိပြီး အခုဆို အဖျားကြီးပြီး သတိလစ်နေပြီတဲ့..."
လဲ့ချန်၏ ရင်ထဲတွင် တင်းကျပ်သွား၏။
အဘိုးလင် ဟုတ်လား။
လဲ့ချန်က သူ့အား ခေတ်ဟောင်း အမဲလိုက်သေနတ် ငှားပေးခဲ့သော အဘိုးလင်၏ ကျေးဇူးကို အမြဲတမ်း မှတ်မိနေခဲ့သည်။
သူ စဉ်းစားနေစဉ်မှာပင် အားကော်က ရွာအဝင်ဝဆီသို့ စိတ်ပျက်လက်ပျက် လျှောက်လာသည်ကို မြင်လိုက်ရ၏။
အားကော်လည်း သတင်းလာပေးခြင်း ဖြစ်တန်ရာသည်။
"အားကော်..."
လဲ့ချန်က လှမ်းခေါ်လိုက်၏။
အားကော်က ခေါင်းမော့ကြည့်လိုက်ရာ လဲ့ချန်ကို မြင်လိုက်ရသည်။ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ သူက အမောတကော ပြေးလာပြီး ပြောလိုက်၏။
"အစ်ကိုချန်... ဒုက္ခရောက်ပါပြီ... အဘိုးလင်... အဘိုးလင်ကလေ..."
"ငါ သိတယ်... အဘိုးလင် နေမကောင်းဘူး မဟုတ်လား..."
လဲ့ချန်က အားကော်၏ ပခုံးကို ပုတ်ပေးလိုက်သည်။
"လာ... ငါတို့ အတူတူ သွားကြည့်ကြရအောင်..."
လဲ့ချန်က ချင်းချင်းဘက်သို့ လှည့်၍ ပြောလိုက်၏။
"ချင်းချင်း... နင် အိမ်အရင်ပြန်ပြီး ငါ အဘိုးလင်ဆီ သွားတယ်လို့ နင့်ယောင်းမကို ပြောလိုက်ဦး..."
ချင်းချင်းက လိမ္မာစွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ လက်ထဲမှ သကြားရုပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် အိမ်ဆီသို့ မျက်စိတစ်မှိတ်အတွင်း ပြေးသွားတော့သည်။
လဲ့ချန်နှင့် အားကော်တို့သည် ကွေ့ကောက်နေသော တောင်ပေါ်လမ်းကျဉ်းလေးအတိုင်း အနောက်ဘက်တောင်ရှိ အဘိုးလင်၏ သစ်သားအိမ်ငယ်လေးဆီသို့ လျှောက်သွားကြ၏။
လမ်းတစ်လျှောက်တွင် အားကော်က သူကြားခဲ့ရသည့် သတင်းများ အားလုံးကို ပြောပြနေသည်။ အဘိုးလင်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်က တောင်ပေါ်တွင် အမဲလိုက်ရင်း ခြေထောက် ကျိုးသွားခဲ့ပြီး မိုးမိကာ အအေးမိသွားခဲ့သည်။ ယခုအခါတွင် အဖျားကြီးကာ သတိလစ်နေကြောင်းဆို၏။
လဲ့ချန်၏ ရင်ထဲတွင် ပို၍ လေးလံလာသည်။ အဘိုးလင်မှာ အသက်အရွယ် ကြီးရင့်ပြီး ခန္ဓာကိုယ် အားနည်းနေပြီဖြစ်ရာ ဤသည်က အမှန်တကယ်ပင် အနာပေါ် တုတ်ကျခြင်း ဖြစ်ပေသည်။
သူတို့ တောင်ခါးပန်းသို့ ရောက်သောအခါ လုံးဝ မှောင်မိုက်နေပြီဖြစ်ပြီး သစ်တောထူထူကြားမှ စိမ့်ဝင်လာသော ကြယ်ရောင် အနည်းငယ်သာ ရှိတော့၏။
"အစ်ကိုချန်... အစ်ကိုကော ဘယ်လို ထင်လဲ... အဘိုးလင်... သူများ..."
အားကော်၏ လေသံမှာ အနည်းငယ် တုန်ယင်နေသည်။
လဲ့ချန်က အသက်ပြင်းပြင်း တစ်ချက်ရှူ၍ သူ့ကို နှစ်သိမ့်လိုက်၏။
"လျှောက်မတွေးပါနဲ့ကွာ... သွားကြည့်ကြတာပေါ့..."
အဘိုးလင်၏ သစ်လုံးအိမ်ငယ်မှာ အနောက်ဘက်တောင်၏ တောနက်ထဲတွင် အထီးကျန်စွာ တည်ရှိနေပြီး ကျောက်တုံးများနှင့် သစ်သားများကို အသုံးပြု၍ တည်ဆောက်ထားကာ အမိုးကို သက်ကယ်ထူထူဖြင့် မိုးထားသဖြင့် ညအချိန်တွင် အထူး တိတ်ဆိတ်နေပုံ ပေါ်သည်။
တကျွိကျွိ မြည်နေသော သစ်သားတံခါးကို တွန်းဖွင့်လိုက်သောအခါ ပြင်းထန်သော ဆေးဖက်ဝင်အပင်များ၏ အနံ့က လွင့်ပျံ့လာ၏။
မှိန်ဖျော့ဖျော့ ဆီမီးခွက် အလင်းရောင်အောက်တွင် အဘိုးလင်က သာမန်သစ်သားကုတင် တစ်လုံးပေါ်တွင် လဲလျောင်းနေပြီး သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်နေကာ အသက်ရှူသံများမှာလည်း အားနည်းနေသည်။
အခန်းမှာ အလွန် ရိုးရှင်းလှပြီး ကုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ ကျိုးပဲ့နေသော ကုလားထိုင် အနည်းငယ်နှင့် ထောင့်တစ်နေရာတွင် စုပုံထားသော အမဲလိုက် ကိရိယာများနှင့် အခြောက်လှမ်းထားသည့် ဆေးဖက်ဝင်အပင် အချို့သာ ရှိ၏။
လဲ့ချန်က ကုတင်ဘေးသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။ အဘိုးလင်၏ နှုတ်ခမ်းများမှာ အက်ကွဲနေပြီး တစ်စုံတစ်ခုကို အဆက်မပြတ် ရေရွတ်နေသော်လည်း ဘာပြောနေမှန်း မကြားနိုင်ပေ။
"အဘိုးလင်... ကျွန်တော် ရောက်နေပါပြီ..."
လဲ့ချန်က အဘိုးလင်၏ လက်ကို ဆုပ်ကိုင်လိုက်သော်လည်း သူ၏လက်မှာ ရေခဲကဲ့သို့ အေးစက်နေပြီး နွေးထွေးမှု အရိပ်အယောင်မျှပင် မရှိကြောင်း တွေ့လိုက်ရ၏။
လင်ပေါ်က လဲ့ချန်၏ အသံကို ကြားလိုက်ရပုံ ပေါ်ပြီး သူ၏ တိမ်ကောနေသော မျက်လုံးများကို အားယူ ဖွင့်လိုက်သည်။
လဲ့ချန်ကို မြင်သောအခါ သူ၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် လက်သွားပြီး အက်ကွဲနေသော အသံဖြင့် ပြောလိုက်၏။
"ရှောင်ချန်... မင်း ရောက်လာပြီကိုး..."
"အဘိုးလင်... ကျွန်တော် ရောက်နေပါပြီ..."
လဲ့ချန်က လင်ပေါ်၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်ရာ သူ၏ လက်ထဲမှ တုန်ယင်နေမှုကို ခံစားလိုက်ရသည်။
"ရှောင်ချန်... ငါ... ငါတော့ မရတော့ဘူး ထင်တယ်..."
အဘိုးလင်က စကားကို ခက်ခက်ခဲခဲ ပြောနေ၏။
"ဒီတောင်ပေါ် သစ်တောကို... ကာကွယ်ပေးမယ့်သူ လိုအပ်တယ်... မင်းက... ငါ့နေရာမှာ အစားထိုးပြီး... တောင်စောင့် အသစ်တစ်ယောက် ဖြစ်လာပေးဖို့... ဆန္ဒရှိပါ့မလား..."
လဲ့ချန် ပြန်မဖြေနိုင်မီမှာပင် အဘိုးလင်က ထပ်မံ၍ ပြင်းထန်စွာ ချောင်းဆိုးလာပြီး သူ၏ မျက်နှာမှာ ပို၍ သွေးဆုတ်ဖြူရော်လာကာ အနီရင့်ရောင် သွေးခဲအချို့ကို ဟပ်ထုတ်လိုက်သည်။
လဲ့ချန်က လင်ပေါ်၏ တောင်းဆိုမှုကို လျစ်လျူရှု၍ ကုတင်ဘေးသို့ အလျင်အမြန် သွားကာ လင်ပေါ်၏ နဖူးကို လှမ်းစမ်းလိုက်၏။ မီးကျီးခဲကဲ့သို့ ပူလောင်နေသည်။
သူ၏ သွေးခုန်နှုန်းကို စမ်းကြည့်သောအခါ အားနည်းပြီး မမှန်မကန် ဖြစ်နေကြောင်း တွေ့ရသည်။
"အားကော်... မြန်မြန်လုပ်... တစ်ဖက်ရွာကိုသွားပြီး ဆရာဝန်လင်းကို ပင့်လာခဲ့..."
လဲ့ချန်က အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်၏။
"အဘိုးလင် အသည်းအသန်ဖြစ်နေလို့ လာကြည့်ပေးပါလို့ပဲ ပြောလိုက်..."
အားကော်က အချိန်မဆွဲရဲတော့ဘဲ သစ်လုံးအိမ်ငယ်ထဲမှ ပြေးထွက်သွားရန် လှည့်ထွက်သွားသည်။
သူက တောင်အောက်သို့ တဟုန်ထိုး ပြေးဆင်းသွားပြီး လယ်ကန်သင်းများနှင့် စမ်းချောင်းများကို ဖြတ်ကျော်သွားရာ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့၏။ ၎င်းမှာ ဆရာဝန်လင်းကို အမြန်ဆုံး ပင့်လာရန်ပင် ဖြစ်သည်။
ရှီရွှေရွာနှင့် လဲ့ချန်တို့၏ ရွာကို တောင်ကြောတစ်ခုက ခြားထားသည်။ အိမ်နီးချင်းရွာများဟု ခေါ်ကြသော်လည်း တကယ်တမ်းတွင်မူ မိုင်အတော်အတန် ဝေးကွာလှ၏။
အားကော်မှာ အမောတကော အသက်ရှူနေရပြီး သူ၏ မျက်နှာပေါ်မှ ချွေးပေါက်များက ပြတ်ကျသွားသော ပုတီးစေ့များကဲ့သို့ စီးကျနေသည်။
နောက်ဆုံးတွင် အရောင်လွင့်နေပြီ ဖြစ်သော 'လင်းဆေးခန်း' ဟူသည့် ဆိုင်းဘုတ်ကို သူ မြင်လိုက်ရပြီး ၎င်းပေါ်တွင် ဖရုံဘူးဆွဲ၍ လောကကို ကယ်တင်ခြင်းဟု စာလုံးအကြီးကြီးများဖြင့် ရေးသားထားလေသည်။