အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း(101)
မျက်စိတစ်မှိတ်အတွင်း လူတိုင်းက ယောင်ပင်းက ဝိုင်ပုလင်းကို လွှင့်ပစ်ခဲ့သူဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေကြသည်။
သူတို့အနေဖြင့် ယခင်က ယောင်ပင်းအား အရှက်ခွဲရန်သာ ကြိုးစားခဲ့ကြသော်လည်း၊ ယခုအချိန်တွင်တော့သူ့အား အပြစ်ပုံချရန်ပင် ကြိုးစားနေကြလေပြီ။
မည်သို့ပင်ဆိုစေ သူတို့က သူငယ်ချင်းများ ဖြစ်ကြပြီး၊ ယောင်ပင်းမှာဆော့ အပြင်လူသာ ဖြစ်သည် မဟုတ်ပါလား။
ယောင်ပင်းမှာ မည်သည့်စကားကိုမှမပြောဘဲ နေခဲ့သော်လည်း သခင်လေးမာကတော့ ဒေါသပေါက်ကွဲသွားခဲ့လေသည်။
“မင်းတို့ ဘာစကားတွေ ပြောနေတာလဲ၊ ငါက မင်းတို့ကို သူငယ်ချင်းတွေလို သဘောထားခဲ့တာ၊ ဒါပေမဲ့ မင်းတို့က ငါ့ဆရာကို သစ္စာဖောက်ရဲတယ်ပေါ့၊
ပုလင်းကို လွှင့်ပစ်လိုက်တာ ကျန်းရှီးရှန်ပဲ၊ ဘာလို့ ငါ့ဆရာ လို့ ပြောနေရတာလဲ၊ မင်းတို့တွေမှာ အရှက်မရှိကြဘူးလား၊ ဒါက သူငယ်ချင်းတွေ လုပ်ရမယ့် အလုပ်လား”
ကျန်းရှီးရှန်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့၏။
သခင်လေးမာက ယောင်ပင်းအား ကာကွယ်ရန် ပျာယာခတ်နေခဲ့သော်လည်း မရည်ရွယ်ဘဲနှင့် သူမကို သစ္စာဖောက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ခြင်းပင်။
ယောင်ပင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
အနည်းဆုံးတော့ သခင်လေးမာက သူ့အပေါ် စိတ်ရင်းမှန်ဖြင့် ကောင်းမွန်ခဲ့ပေသည်။
ကော်တာ့ဟွားက မာရှောက်အား စကားမပြောရန် ဒေါသတကြီး မျက်စိမှိတ်ပြလိုက်၏။
မာရှောက်မှာ ခဏမျှ မှင်သက်သွားပြီးနောက်၊ ဖြစ်ပျက်နေသည့်အရာများကို ရုတ်တရက် သဘောပေါက်သွားကာ ထိုနေရာ၌ပင် တောင့်တောင့်ကြီး ဖြစ်သွားခဲ့ရသည်။
သူသည် ဗလုံးဗထွေးဖြင့် ပြောလာ၏။
“ငါ.. ငါ တမင်လုပ်တာ မဟုတ်ပါဘူး၊ မင်းတို့ ဒီလိုလုပ်လိုက်လို့ ငါ အတော်လေး ဒေါသထွက်သွားလို့ပါ”
သူ စကားမဆုံးမီမှာပင် မျက်နှာချင်းဆိုင်မှ ထိပ်ပြောင်အမျိုးသားက သခင်လေးမာအား စိတ်မရှည်စွာဖြင့် စကားဖြတ်ပြောလိုက်ပြီး အေးစက်စွာ မေးမြန်းလိုက်သည်။
“ဘယ်သူက ကျန်းရှီးရှန်လဲ”
ထိုထိပ်ပြောင်အမျိုးသားက လူအုပ်အား ဝေ့ဝဲကြည့်လိုက်လေသည်။
အမျိုးသားများမှာ ထိုသူအား ဒေါသမထွက်စေရန် ချက်ချင်းပင် ခေါင်းငုံ့ထားလိုက်ကြ၏။
ကျန်းရှီးရှန်မှာ ပို၍ပင် ထိတ်လန့်နေခဲ့ပြီး၊ သူမ၏မျက်နှာမှာ လူသေကဲ့သို့ ဖြူဖျော့သွားကာ တစ်ကိုယ်လုံးမှာလည်း တုန်ရင်နေချေသည်။
“ဒုန်း”
ထိပ်ပြောင်အမျိုးသားက သူ၏ရှေ့ရှိ စားပွဲအား ကန်လိုက်ရာ စားပွဲမှာ မြေပြင်ပေါ်သို့ မှောက်ကျသွားခဲ့လေသည်။ သူက ရက်စက်စွာ ပြောလိုက်သည်။
“ငါ နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်၊ ဘယ်သူက ကျန်းရှီးရှန်လဲ.. ဒါ မင်းတို့အတွက် နောက်ဆုံး အခွင့်အရေးပဲ ၊ မဟုတ်ရင် ကျန်းရှီးရှန်က ဘယ်သူလဲဆိုတာ ငါသိသွားတဲ့အခါ ငါသူ့ကို သတ်ပစ်မယ်”
သူ၏စကားကြောင့် ကျန်းရှီးရှန် ကျောရိုးတစ်လျှောက် စိမ့်သွားခဲ့ပြီး၊ ငိုယိုမိတော့သည်။
သူမသည်က အမြဲတမ်း အလိုလိုက်ခံထားရသူ ဖြစ်သဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။ ထို့ကြောင့် ချက်ချင်းပင် အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။
“အိုး.. ချောမောလှပတဲ့ မိန်းကလေးလေး တစ်ယောက်ပါလား”
ထိပ်ပြောင်အမျိုးသား၏ အကြည့်မှာ ကျန်းရှီးရှန်အပေါ်သို့ ကျရောက်သွားခဲ့ပြီး ချက်ချင်းပင် သဘောပေါက်သွားခဲ့၏။ သူ၏ မျက်လုံးက အရောင်တောက်သွားခဲ့ပြီး ကျန်းရှီးရှန်ရှိရာသို့ ရိသဲ့သဲ့အပြုံးဖြင့် လျှောက်လာခဲ့သည်။
သူက သူမအား ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်လေသည်။
“မိန်းမလှလေး... ခုနက အစ်ကိုကြီးကို ထိအောင်လုပ်လိုက်တာ မင်းလား”
ကျန်းရှီးရှန်မှာ တစ်ကိုယ်လုံး တုန်ရင်နေပြီး နောက်သို့ အလျင်အမြန် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ ခေါင်းကိုသာ အဆက်မပြတ် ခါနေမိ၏။
“ဘာလဲ... မင်းက အစ်ကိုကြီးကို ထိအောင် မလုပ်ခဲ့ဘူးပေါ့”
ထိပ်ပြောင်အမျိုးသား၏ မျက်နှာမှာ ရုတ်တရက် တင်းမာသွားခဲ့သည်။
ကျန်းရှီးရှန် ခေါင်းခါနေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး မျက်ရည်များမှာလည်း အဆက်မပြတ် ကျဆင်းနေခဲ့ကာ အသံပင် မထွက်နိုင်တော့ပေ။
ထိပ်ပြောင်အမျိုးသားက ကျန်းရှီးရှန်၏ လက်လေးကို လှမ်းဖမ်းလိုက်ကာ ရယ်မောရင်း ပွတ်သပ်လိုက်လေသည်။
သူက ချီးကျူးသံဖြင့် ပြောပြန်သည်။
“ဒီလက်လေးတွေက တော်တော်လေး နုနယ်တာပဲ၊ မျက်နှာလေးကလည်း လှတယ်... ဒီလိုလုပ်ကြရအောင်၊ မင်း ဒီနေ့ည ငါနဲ့အတူ အချိန်ဖြုန်းပေးမယ်ဆိုရင် ငါ ဒီကိစ္စကို ထပ်ပြီး စာရင်းမရှင်းတော့ဘူး၊ ဘယ်လိုလဲ”
သူ၏စကားလုံးများက ပွင့်လင်းလွန်းကာ သူ၏ဆိုလိုရင်းမှာလည်း ထင်ရှားပေသည်။
ကျန်းရှီးရှန်၏ မျက်နှာမှာ လူသေကဲ့သို့ ဖြူဖျော့သွားခဲ့ပြီး ကော်တာ့ဟွားအား အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ဤလူများအကြားတွင် ကော်တာ့ဟွားသည်က ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်ဟု အမြဲ သတ်မှတ်ထားသူ ဖြစ်ပေ၏။ သို့ဖြစ်၍ ယခုကဲ့သို့ အခက်အခဲနှင့် ကြုံတွေ့ရချိန်တွင် ကျန်းရှီးရှန် ပထမဆုံးသတိရလိုက်သူမှာ ကော်တာ့ဟွားပင်ဖြစ်နေခဲ့သည်။
မမျှော်လင့်ဘဲ ကော်တာ့ဟွားက ကျန်းရှီးရှန်၏ အကြည့်ကို ရင်မဆိုင်ရဲဘဲ ခေါင်းကို အလျင်အမြန် ငုံ့ထားလိုက်လေသည်။
သူသည်က ပုံမှန်အားဖြင့် မောက်မာလွန်းသော်လည်း၊ အမှန်တကယ်တော့ အားနည်းသူကိုသာ နိုင်စားတတ်သူ ဖြစ်ပေသည်။
ဤထိပ်ပြောင်လူများမှာ လွယ်လွယ်နှင့် ရင်ဆိုင်၍ရမည့်သူများ မဟုတ်ကြောင်း ထင်ရှားပေ၏။ အကယ်၍ ကော်တာ့ဟွားသာ ကျန်းရှီးရှန်အား ကူညီပေးမည်ဆိုပါက သူကိုယ်တိုင် သေတွင်းထဲ တိုးဝင်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ကော်တာ့ဟွား၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ကျန်းရှီးရှန်တစ်ယောက် ချက်ချင်းပင် မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့ရ၏။
ကော်တာ့ဟွားက သူမကို ကယ်တင်လိမ့်မည် မဟုတ်ကြောင်း သူမ သိရှိသွားခဲ့လေပြီ။
ယနေ့တွင် သူမက ထိုထိပ်ပြောင်အမျိုးသား၏ လက်ထဲမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ
“မင်းက ငယ်သေးတော့ မသိလောက်သေးဘူး၊ ဒီကလေးတွေက သူတို့မိသားစုမှာ ပိုက်ဆံလေး နည်းနည်းရှိတာနဲ့တင် ဘာမဆိုလုပ်နိုင်သလိုလို ဟန်ဆောင်နေကြတာလေ၊
ဒါပေမဲ့ မင်း တစ်ခုခုဖြစ်ပြီဆိုတာနဲ့ သူတို့တွေက တကယ့်ကို ငကြောက်တွေ ဖြစ်သွားကြတာပဲ.. ငါကတော့ ဒီလို ကျောရိုးမရှိတဲ့ ငကြောက်တွေကို လုံးဝ သည်းမခံနိုင်ဘူး”
ထိပ်ပြောင်အမျိုးသားက ကော်တာ့ဟွားအား အထင်သေးစွာ စိုက်ကြည့်လိုက်ပြီးနောက်၊ ကျန်းရှီးရှန်အား ညင်သာစွာ ပြောလိုက်သည်။
“အဆင်ပြေပါတယ်၊ ငါက အဲဒီလို လူမျိုး မဟုတ်ပါဘူး၊ ငါ မင်းကို သေသေချာချာ စောင့်ရှောက်ပေးပါ့မယ်”
ကျန်းရှီးရှန်မှာ ထိုထိပ်ပြောင်အမျိုးသားအား ဇဝေဇဝါဖြင့် ကြည့်လိုက်မိပြီး သူမ၏ တင်းမာနေသော မျက်နှာမှာလည်း ဖြည်းဖြည်းချင်း ပြေလျော့သွားခဲ့၏။
ထိုအချိန်မှာပင် ထိပ်ပြောင်အမျိုးသားသည် လက်လှမ်းလိုက်ကာ သူမ၏အင်္ကျီကို ရုတ်တရက် ဆွဲယူလိုက်ပြီး ဗြိခနဲ ဆွဲဖြဲလိုက်လေသည်။
ကျန်းရှီးရှန်၏ အင်္ကျီက ဆွဲဖြဲခြင်းကို ခံလိုက်ရပြီး၊ သူမ၏ လှပဖြူဝင်းသော ခန္ဓာကိုယ်အစိတ်အပိုင်းများ ပေါ်ထွက်လာခဲ့လေသည်။
ကျန်းရှီးရှန်တစ်ယောက် သူမ၏အင်္ကျီကို ဆွဲဖြဲခံလိုက်ရသည့် ခဏမှာပင် ထိတ်လန့်တုန်လှုပ်မှုကြောင့် မျက်နှာတစ်ခုလုံးဖြူဖျော့သွားကာ အော်ဟစ်လျက် နောက်သို့ ဆုတ်ရန် ကြိုးစားတော့သည်။
ဤမျှလောက်များပြားလွန်းသော လူအများရှေ့၏တွင် သူမကို လက်ဖျားနှင့်ထိရန် ဝံ့ရဲသူမျိုးကို သူမဘဝတွင် ယခုမှသာပထမဆုံးအကြိမ် ကြုံဖူးခြင်းပင် ဖြစ်၏။
ကံမကောင်းသည်မှာ သူမ ရင်ဆိုင်နေရသူမှာ ခန္ဓာကိုယ်တောင့်တင်းပြီး ထိပ်ပြောင်သည့်လူတစ်ဦး ဖြစ်နေခြင်းပင်။
ကျန်းရှီးရှန် နောက်သို့ ခြေလှမ်းနှစ်လှမ်းမျှသာ ဆုတ်ရသေးသော်လည်း ထိပ်ပြောင်အမျိုးသားက သူမ၏လက်ကို လှမ်းဖမ်းလိုက်လေသည်။
“အချစ်လေး... ဘာလို့ ထွက်ပြေးနေတာလဲ၊ ငါက မင်းကို ကိုက်မစားပါဘူး”
“ငါ ပြောပြီးပြီလေ၊ မင်း ငါနဲ့အတူ အချိန်ဖြုန်းပေးမယ်ဆိုရင် ငါ့ခေါင်းကို ပုလင်းနဲ့ခွဲမိတဲ့ကိစ္စကို ခွင့်လွှတ်ပေးမယ်၊ ကောင်းပြီ.. လိမ္မာစမ်းပါ၊ ဒီအစ်ကိုကြီးက မင်းကို အလိုလိုက်စောင့်ရှောက်ပေးမှာပါ”
ထိပ်ပြောင်အမျိုးသားက ရိုင်းစိုင်းသော စကားလုံးများကို တတွတ်တွတ် ပြောဆိုနေပြီး၊ သူ၏ လှုပ်ရှားမှုများမှာလည်း တွန့်ဆုတ်နေခြင်းမရှိဘဲ သူ၏ ရွံရှာဖွယ်ကောင်းသောအမူအရာကို ဖော်ပြနေတော့သည်။
သူ၏နောက်တွင်လည်း ထိပ်ပြောင်လူတစ်ဒါဇင်ခန့်က အစီအရီ ရပ်နေကြပြီး ကျန်းရှီးရှန်၏ ထွက်ပေါက်ကို ပိတ်ဆို့ထားကြ၏။
သူတို့သည် ခေါင်းဆောင်ဖြစ်သူမှ ကျန်းရှီးရှန်အား မသင့်လျော်သော နည်းလမ်းဖြင့် ထိပါးနေသည်ကို ရိသဲ့သဲ့အပြုံးဖြင့် ကြည့်နေကြလေသည်။
၎င်းတို့က ဤကဲ့သို့သော လုပ်ရပ်မျိုးကို ကျွမ်းကျင်နေရုံတင်မကဘဲ၊ မကြာခဏဆိုသလို ကြံရာပါအဖြစ်လည်း ပါဝင်နေကြသည်မှာ ထင်ရှားပေသည်။
ယောင်ပင်း၏ ရှေ့တွင် မောက်မာနေခဲ့ကြသော ကော်တာ့ဟွားနှင့် သူ၏အဖွဲ့မှာတော့ ကျန်းရှီးရှန်တစ်ယောက် ထိပ်ပြောင်အမျိုးသား၏ အရှက်ခွဲခြင်းကို ခံနေရသည်ကို မြင်ချိန်တွင် လုံးဝ ဆွံ့အနားမကြားဖြစ်သွားပုံရသည်။
သူတို့က ခေါင်းကိုသာ ငုံ့ထားကြပြီး၊ သူ့အား တားဆီးရန် သို့မဟုတ် စကားတစ်ခွန်း ပြောရန်ပင် မဝံ့မရဲ ဖြစ်နေကြ၏။
သခင်လေးမာက ကျန်းရှီးရှန်အား စိုးရိမ်တကြီး တစ်ချက်ကြည့်လိုက်ပြီးနောက် ယောင်ပင်းအားကြည့်လိုက်ပြန်၏။ သို့သော်လည်း သူ စကားပြောရန် တွန့်ဆုတ်နေမိသည်။
သူသည်က ကျန်းရှီးရှန်အား ကူညီချင်သော်လည်း၊ ထိုထိပ်ပြောင်ပြီး ဗလကောင်းသောလူများကို မယှဉ်နိုင်ကြောင်း သိရှိပေသည်။
သူ့အနေဖြင့် ယောင်ပင်းအား အကူအညီတောင်းချင်သော်လည်း ယောင်ပင်းက သဘောတူမည်၊ မတူမည်ကို မသိရှိပေ။
ထို့အပြင် သူသည်က ယောင်ပင်းမှ မြေအောက်အရာရှိများကို အမိန့်ပေးသည်ကိုသာ မြင်ဖူးပြီး ယောင်ပင်း၏ ကိုယ်ခံပညာစွမ်းရည်ကိုတော့ တစ်ခါမျှ မတွေ့ဖူးချေ။
တကယ်လို့ ယောင်ပင်းက အဲဒီလူတစ်ဒါဇင်ကျော်ကို မနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ။
ထို့အပြင် ကျန်းရှီးရှန်သည်လည်း လွန်လွန်ကျူးကျူး လုပ်ခဲ့မိသူ ဖြစ်ကာ သူမကိုယ်တိုင် ရှာခဲ့သော ပြဿနာပင် ဖြစ်၏။ ယောင်ပင်းက သူမကို ကယ်တင်မည်၊ မကယ်တင်မည်ကို သူ မသိရှိနိုင်ပေ။
ဗြိ!
သခင်လေးမာ တွန့်ဆုတ်နေစဉ်မှာပင် နောက်ထပ်အဝတ်အစားများ ဆွဲဖြဲခံရသည့် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။
ထိပ်ပြောင်အမျိုးသား၏ ခွန်အားမှာ ကြီးမားလွန်းပြီး ကျန်းရှီးရှန်၏ အင်္ကျီအများစုမှာ ဆွဲဖြဲခြင်း ခံလိုက်ရလေပြီ။
“ကျေးဇူးပြုပြီး ... ကျွန်မကို ကယ်ကြပါဦး ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကယ်ကြပါ”
“ကျွန်မကို လွှတ်ပေးပါ၊ နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ဘူးလို့ ကတိပေးပါတယ်”
ကျန်းရှီးရှန်၏ သနားစရာကောင်းပြီး ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံများနှင့် အသနားခံသံများမှာ ဒုတိယထပ်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေတော့သည်။
သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကော်တာ့ဟွားနှင့် သူ၏အဖွဲ့သာ ဖြစ်ပေသည်။
သို့သော် သူမ မည်သည့်တုံ့ပြန်မှုကိုမျှ မရရှိခဲ့ပေ။
ကော်တာ့ဟွားနှင့် သူ၏သူငယ်ချင်းများမှာ ခေါင်းကို ပို၍သာ ငုံ့ထားကြပြီး သူမကို ကြည့်ပင်မကြည့်ဝံ့ကြချေ။
ထိပ်ပြောင်အမျိုးသားသည်က လူအများရှေ့တွင် ကျန်းရှီးရှန်၏ အဝတ်အစားများကို ရဲရဲတင်းတင်း ဆွဲဖြဲနေပြီး၊ ကော်တာ့ဟွားနှင့် သူ၏အုပ်စုအား အထင်သေးသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ အောင်နိုင်သူတစ်ဦးကဲ့သို့ ရယ်မောလိုက်လေသည်။
“အော်စမ်းပါ၊ မင်း အော်လေလေ ငါက ပိုပြီး စိတ်လှုပ်ရှားလေလေပဲ၊ ဒီငကြောက်တွေထဲက ဘယ်သူကမှ မင်းကို လာကယ်ရဲမှာ မဟုတ်ဘူး၊ ဟားဟားဟား”
သူတို့၏ ပုံစံကို ကြည့်ခြင်းအားဖြင့် ကော်တာ့ဟွားနှင့် သူ၏အဖွဲ့မှာ အထက်တန်းကျောင်းသား အရွယ်များသာ ဖြစ်ကြလေ၏။ ထို့ကြောင့်ထိပ်ပြောင်အမျိုးသားက သူတို့အား စိတ်ထဲကိုမထည့်ပေ။
သို့သော်လည်း ကျန်းရှီးရှန်၏ ရုန်းကန်မှုက သူ၏ စိတ်ဝင်စားမှုကို ပိုမို မြင့်တက်စေခဲ့၏။
*
အခန်း(102)
ခဏအတွင်းမှာပင် ထိပ်ပြောင်အမျိုးသားက ကျန်းရှီးရှန်၏ ခန္ဓာကိုယ်မှ အရေးကြီးနေရာများကို ဖုံးကွယ်နိုင်ရုံမျှသော အဝတ်အစား အနည်းငယ်သာ ကျန်အောင် ပြုလုပ်လိုက်လေသည်။
သူမ၏ မျက်နှာလေးမှာ မျက်ရည်များ၊ ကြောက်ရွံ့မှုများနှင့် မျှော်လင့်ချက် ကုန်ဆုံးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
အထူးသဖြင့် ကော်တာ့ဟွားနှင့် သူ၏သူငယ်ချင်းများက ရှောင်ဖယ်နေသည်ကို မြင်သောအခါ သူမ၏ မျက်နှာလေးမှာ မုန်းတီးမှုများဖြင့် ရှုံ့မဲ့သွားခဲ့ရသည်။
ကျန်းရှီးရှန် ပို၍ထိတ်လန့်လာလေလေ၊ ထိုထိပ်ပြောင်အမျိုးသားမှာ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်၏။
ဒုတိယထပ်တစ်ခုလုံးမှာလည်း ရှုပ်ထွေးနေတော့သည်။
ထိုထိပ်ပြောင်အမျိုးသားမှာ သူ၏ ရိုင်းစိုင်းမှုအတွင်း၌ နစ်မွန်းနေချိန်မှာပင် တိုးလျသော သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာပြီးနောက် ပြတ်သားပြီး အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ရပ်လိုက်စမ်း”
ထိပ်ပြောင်အမျိုးသား အံ့သြသွားခဲ့၏။
အချိန်ခဏမျှ သူ နားကြားမှားသလားဟုပင် တွေးတောမိသွားလေသည်။
တစ်စုံတစ်ယောက်က သူ့ကို ရပ်ခိုင်းရဲသည်လား။
သို့သော် ထိုအသံမှာ တည်ငြိမ်လွန်းပြီး အလွန်ပင် ပြတ်သားကြည်လင်သည့်အတိက် သူ နားကြားမှားရန် လုံးဝ မဖြစ်နိုင်ပေ။
သူ၏ လူတစ်ဒါဇင်ကျော်နှင့် ကော်တာ့ဟွား၊ မာရှောက်တို့ အုပ်စုမှာလည်း ထိတ်လန့်သွားကြပြီး အသံထွက်ပေါ်ရာ အရပ်သို့ လှည့်ကြည့်လိုက်ကြလေသည်။
ထိုထိပ်ပြောင်အမျိုးသားအား ရပ်ခိုင်းလိုက်သူမှာ မည်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ ကော်တာ့ဟွားနှင့် အခြားသူများမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
သခင်လေးမာ၏ မျက်နှာပေါ်တွင်တော့ ဂုဏ်ယူဝင့်ကြွားသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့၏။
အဘယ်ကြောင့်ဆိုသော် ထိုထိပ်ပြောင်အမျိုးသားအား ရပ်ခိုင်းလိုက်သူမှာ တခြားလူမဟုတ်ဘဲ ကော်တာ့ဟွားနှင့် တခြားသူများ အထင်သေးခဲ့ကြသော ယောင်ပင်း ပင် ဖြစ်နေသောကြောင့်ပင်။
ထိပ်ပြောင်အမျိုးသား၏ လက်အောက်ငယ်သား လူတစ်ဒါဇင်ခန့်မှာတော့ ခဏမျှ မှင်သက်သွားပြီးနောက်အော်ဟစ်ရယ်မောလိုက်ကြလေသည်။
“မဖြစ်နိုင်လိုက်တာ အစ်ကိုထောင်၊ အစ်ကို့ကိုရပ်ခိုင်းတဲ့လူက ကလေးတစ်ယောက်ပဲ ရှိသေးတာပဲ”
“ကြည့်ရတာ သူက အမွှေးတောင် စုံအောင် မပေါက်သေးဘူးထင်တယ်၊ ဒါကို မိန်းကလေးကို ကယ်တင်တဲ့ သူရဲကောင်းလုပ်ချင်နေတာလား”
“ဟားဟားဟား”
ထိုလူတစ်ဒါဇင်ကျော်မှာ ယောင်ပင်းအား ဂရုမထားဘဲ အားရပါးရ ရယ်မောနေကြတော့သည်။
“သူရဲကောင်း လုပ်ချင်တယ် ဟုတ်လား”
ထိပ်ပြောင်အမျိုးသားဖြစ်သည့် အစ်ကိုထောင်က ယောင်ပင်းအား တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် သူ၏ မောက်မာသော ပုံစံသို့ ပြန်လည် ပြောင်းလဲလိုက်သည်။
“သူရဲကောင်း လုပ်ချင်ရင်လည်း ရတယ်၊ ဒါပေမဲ့ မင်းမှာ အဲဒီလို အရည်အချင်းရှိလားဆိုတာကို အရင် ကြည့်ဦး၊ မင်းလို ခန္ဓာကိုယ်မျိုးနဲ့ဆိုရင် ငါ့လက်ညှိုးတစ်ချောင်းတည်းနဲ့တောင် မင်းကို အမှုန့်ဖြစ်အောင် ချေပစ်လို့ ရတယ်၊ သူရဲကောင်း လုပ်ချင်တယ်ဆိုတာက ရယ်စရာပဲ”
သူက စကားပြောနေရင်းဖြင့် လက်များကိုလှုပ်ရှားကာ ယောင်ပင်းအား လက်ဟန်ခြေဟန်ဖြင့် စော်ကားနေခဲ့၏။
“ဘာလို့ ကျုပ်ရဲ့အကြံပေးစကားကို နားမထောင်ရတာလဲ”
ယောင်ပင်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး တစ်စုံတစ်ခုကို ကောက်ယူကာ သူ့ထံသို့ လွှင့်ပစ်လိုက်လေသည်။
“အား!”
သူ၏လက်များကို ယမ်းခါနေသော ထိပ်ပြောင်အမျိုးသားမှာ ရုတ်တရက် ရပ်တန့်သွားခဲ့၏။
သူ၏လက်မှာ တစ်စုံတစ်ခုနှင့် အစိုက်ခံလိုက်ရခြင်းပင်။
ထို့နောက်တွင် ထိပ်ပြောင်အမျိုးသားထံမှ နာကျင်လှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့သည်။
“စောက်ကျိုးနည်း... ဘယ်သူက ငါ့ကို ချောင်းတိုက်တာလဲ”
ထိပ်ပြောင်အမျိုးသားက အော်ဟစ်လိုက်ပြီးနောက် ယောင်ပင်းအား ရက်စက်စွာ စိုက်ကြည့်လိုက်လေသည်။
“ကောင်လေး... မင်း ငါ့ကို ချောင်းတိုက်တာလား”
သို့သော် သူ၏လက်ထဲတွင် စိုက်ဝင်နေသော အရာကို မြင်လိုက်ရသည့် ခဏမှာပင် သူ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။
သူ၏ လက်ဖမိုးပေါ်တွင် စားသောက်ပွဲတွင်အသုံးပြုသော တူတစ်ချောင်း စိုက်ဝင်နေခဲ့သည်။
ဆိုလိုသည်မှာ မတိုင်ခင်က သူ့အား တိုက်ခိုက်လိုက်သော လက်နက်မှာ တူတစ်ချောင်းပင် ဖြစ်နေခဲ့သည်ပင်။
ထို့အပြင် ထိုတူမှာ ထိပ်ပြောင်အမျိုးသား၏ လက်ဖမိုးအတွင်းသို့ လက်မဝက်ခန့်အထိ နက်ရှိုင်းစွာ စိုက်ဝင်နေခဲ့သည်။
မတိုင်မီက ထိုသူ၏လက်မှာ ကျန်းရှီးရှန်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေခဲ့ခြင်း ဖြစ်လေ၏။ အကယ်၍သာ အနည်းငယ်လောက် ပို၍ နက်သွားခဲ့မည်ဆိုပါက ကျန်းရှီးရှန်ကိုပါ ထိခိုက်သွားစေနိုင်လိမ့်မည်။
သို့သော် ထိုတူမှာ ကျန်းရှီးရှန်အား မထိခိုက်စေဘဲ ထိပ်ပြောင်အမျိုးသားအား သူ၏ ရိုင်းစိုင်းမှုများကို ဆက်လက် မလုပ်ဆောင်နိုင်အောင် တိကျသော အကွာအဝေးတွင်သာ ရှိနေခဲ့သည်။
ဤအချက်ကို လူတိုင်း သဘောပေါက်လိုက်ကြ၏။
ထို့ကြောင့် ထိုထိပ်ပြောင်အမျိုးသား၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည့်အရာမှာ သာမန် တူတစ်ချောင်းသာ ဖြစ်နေကြောင်းကို မြင်လိုက်ရသည့်အခိုက်တွင် ဒုတိယထပ်တစ်ခုလုံးမှာ တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရတော့သည်။
မည်သူကမျှ သူတို့၏ မျက်လုံးကို မယုံကြည်နိုင် ဖြစ်နေကြ၏။
သာမန်တူတစ်ချောင်းကို အသုံးချပြီး လူကို ဒဏ်ရာရအောင် လုပ်နိုင်တာလား။
ထိုသူ၏ အတွင်းအားမှာ မည်မျှအထိ ကြောက်စရာကောင်းနေသနည်း။
“တူကို ကျုပ်ပဲ ပစ်လိုက်တာ”
ယောင်ပင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ခင်ဗျား စာရင်းရှင်းချင်တယ်ဆိုရင်တော့ အရင်ဆုံး သူမကို လွှတ်ပေးလိုက်ပြီး ကျုပ်ဆီကိုပဲ လာခဲ့”
ကျန်းရှီးရှန်ဘက်မှ သူ့ကို လွန်လွန်ကျူးကျူး လုပ်ခဲ့သော်လည်း သူ၏ရှေ့တွင် မိန်းကလေးတစ်ဦး အစော်ကားခံနေရသည်ကို သူ ဤအတိုင်း ရပ်ကြည့်မနေနိုင်ပေ။
ထို့ကြောင့် နောက်ဆုံးတွင် ဝင်ရောက်အရေးယူလိုက်ခြင်းဖြစ်လေ၏။
ယောင်ပင်းက သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့ပြီး အလွန်ပင် အေးအေးလူလူ ရှိနေခဲ့လေသည်။
ထိပ်ပြောင်အမျိုးသားမှာ ဒေါသတကြီး ဖြစ်နေပြီး သူ၏မျက်လုံးများတွင်လည်း အမုန်းတရားများ လောင်မြိုက်နေခဲ့သည်။
သူက အံသွားကို တင်းတင်းစေ့ကာ လက်ဖမိုးမှ တူကို ဆွဲနှုတ်လိုက်ပြီး၊ သူ၏ရှေ့မှ စားပွဲကို ကန်ချလိုက်ကာ ကြမ်းတမ်းစွာ ဆဲဆိုလိုက်လေသည်။
“သောက်က်ကျိုးနည်း... ငါ့ရဲ့ အစွမ်းကို မပြရင် မင်းက ငါ့ကို အနိုင်ကျင့်လို့ရတယ်လို့ ထင်နေတာလား မင်းတို့တွေ ဒီအတိုင်း ရပ်မကြည့်နေနဲ့တော့၊ အကုန်လုံး သူ့ကို ဝိုင်းဖမ်းကြစမ်း !
သူ သေသွားရင်လည်း ငါပဲ တာဝန်ယူတယ်၊ ပြီးတော့ ဒီထဲက ဘယ်သူ့ကိုမှ လွတ်မသွားစေနဲ့.. သူတို့က ငါ့ကို တူနဲ့ တိုက်ခိုက်ရဲတယ်ပေါ့”
ထိပ်ပြောင်အမျိုးသားမှာ ထိတ်လန့်နေပြီး ဒေါသများလည်း အလိပ်လိုက် ထွက်နေကာ ရူးမတတ်ပင် ခံစားနေရလေပြီ။
သူသည်က ပုလင်းနှင့် အထုခံရရုံတင်မကဘဲဘဲ ယခုအချိန်တွင် ဆယ်ကျော်သက် လူငယ်လေးတစ်ဦး၏ အနိုင်ကျင့်ခြင်းကိုပါ ခံလိုက်ရသည် မဟုတ်ပါလား။
ထို့အပြင် သူ၏ လက်အောက်ငယ်သားများစွာ၏ ရှေ့တွင်ပင် ဖြစ်နေခဲ့သည်။ သူ့အနေဖြင့် ယနေ့တွင် သေချာပေါက် လက်စားချေရပေမည်။
ထိပ်ပြောင်အမျိုးသား၏ အမိန့်ပေးမှုကြောင့် သူ၏ လူတစ်ဒါဇင်ကျော်မှာလည်း ချက်ချင်းပင် ရှေ့သို့ တိုးလာကြလေ၏။ သူတို့က ကြမ်းတမ်းရက်စက်သော အရှိန်အဝါများဖြင့် ယောင်ပင်းရှိရာသို့ ပြေးဝင်လာကြသည်။
“အား! ထွက်ပြေးကြ”
“ဘုရားရေ.. ဒါက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်”
“အမေရေ... ကျွန်တော် အိမ်ပြန်ချင်ပြီ”
ထိပ်ပြောင်အမျိုးသား တစ်ဒါဇင်ကျော်က သူတို့ဆီသို့ ပြေးဝင်လာချိန်တွင် ကော်တာ့ဟွားနှင့် သူ၏အဖွဲ့မှာ ချက်ချင်းပင် တွန့်ဆုတ်သွားကြပြီး၊ အော်ဟစ်လျက် အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးသွားကြလေသည်။
သခင်လေးမာကတော့ ကြောက်ရွံ့မှုကြောင့် ခြေထောက်များပင် တုန်ရင်နေသော်လည်း ကုလားထိုင်တစ်လုံးကို ဆွဲယူကာ သွားကို တင်းတင်းစေ့လျက် ယောင်ပင်း၏ ဘေးတွင် ရပ်လိုက်လေသည်။ သူက သတ္တိရှိသော အမူအရာဖြင့်ပြောလိုက်လေ၏။
“ဆရာ မကြောက်နဲ့၊ ကျွန်တော် ရှိတယ်”
ဤနေရာတွင် ယောင်ပင်း ရှိနေသရွေ့ သူသည်လည်း ဤရက်စက်လွန်းသော ထိပ်ပြောင်လူများကို သေသည်အထိ တိုက်ခိုက်ရဲသည့်သတ္တိ ရှိနေပေသည်။
သခင်လေးမာ၏ တုံ့ပြန်မှုကို မြင်လျှင် ယောင်ပင်း အနည်းငယ် ပြုံးလိုက်မိလေ၏။
သူ့အား စိတ်လှုပ်ရှားစေနိုင်သူမှာ အလိုလိုက်ခံထားရသော သခင်လေးမာ ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ဒီကလေးကတော့ အတော်လေး ချစ်စရာ ကောင်းတာပဲ။
ထိုအချိန်မှာပင် ထိပ်ပြောင်သည့်လူတစ်ဒါဇင်ကျော်မှာ ယောင်ပင်းနှင့် သခင်လေးမာတို့ဆီသို့ ပြေးဝင်လာကြလေပြီ ။
မာရှောက်က တံတွေးထွေးလိုက်ပြီး၊ ကုလားထိုင်ကို ဝှေ့ယမ်းလျက် ရှေ့သို့ ပြေးဝင်သွားကာ အော်ဟစ်လိုက်သည်။
“စောက်ကျိုးနည်း! မင်းတို့ အများကြီးက ငါ့ဆရာကို တစ်ယောက်တည်းဆိုပြီး အနိုင်ကျင့်ချင်နေတာပေါ့၊ ငါ မင်းတို့နဲ့ အသေအလဲ တိုက်ပစ်မယ်”
ဆိုရလျှင် သခင်လေးမာက အရှေ့သို့ ပြေးဝင်သွားချိန်တွင် ဘေးအန္တရာယ်ကြားသို့ တစ်ကိုယ်တည်း တိုးဝင်သွားသော သူရဲကောင်းတစ်ဦးကဲ့သို့ ရဲရင့်နေခဲ့ပေသည်။
သို့သော် နောက်တစ်စက္ကန့်တွင်တော့ ကုလားထိုင်ကို ဝှေ့ယမ်းနေသော သခင်လေးမာမှာ တစ်စုံတစ်ခုနှင့် ခလုတ်တိုက်ကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားခဲ့ရလေသည်။
သူက အရှေ့သို့ ပြေးဝင်ရန်သာ အာရုံစိုက်နေခဲ့သဖြင့် သူ၏ ခြေလှမ်းများကို ကြည့်ရန် မေ့လျော့နေခဲ့ခြင်းပင် ဖြစ်လေ၏။
“ဟားဟား... တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ၊ ဒီလောက်နဲ့များ ဟန်ဆောင်ချင်နေသေးတယ်”
“စောက်ကျိုးနည်း... ဒီကောင်က ရယ်စရာလာလုပ်နေတာလား၊ ကိုယ့်ဘာသာကိုယ် ခလုတ်တိုက်ပြီး လဲကျသွားတယ်ပေါ့လေဟုတ်လား”
ဗလကောင်းကောင်းနှင့် လူတစ်ဒါဇင်ကျော်မှာ ခဏမျှ မှင်သက်သွားပြီးမှ အားရပါးရ ရယ်မောလိုက်ကြလေသည်။
၎င်းတို့သည်က စနောက်နေကြသော်လည်း အရှိန်ကိုတော့ လျှော့မချခဲ့ဘဲ ရှေ့သို့ ဆက်လက် တိုးဝင်လာကြ၏။
သူတို့အထဲမှ တချို့မှာ မာရှောက်၏ အနားသို့ ရောက်ရှိလာကြပြီး တစ်ဖက်လူက မြေပြင်ပေါ်တွင် လဲကျနေသည်ကို မြင်လျှင် သူ့အား ကျော်ဖြတ်ရန် ခြေလှမ်းလှမ်းလိုက်ကြလေသည်။
ဒေါက်.. ဒေါက်..
ထိုအချိန်တွင် လေထဲသို့ တူများ ပျံဝဲလာကာ၊ သခင်လေးမာအား ကျော်ဖြတ်ရန် ပြင်နေသော ထိပ်ပြောင်လူများကို ထိမှန်သွားခဲ့ပြီး နာကျင်လွန်းသည့် အသံအချို့ ထွက်ပေါ်လာခဲ့၏။
“အား”
“ချီးပဲ!”
…
သခင်လေးမာအား ကျော်ဖြတ်ရန် ပြင်နေသော ထိပ်ပြောင်နှင့်အမျိုးသားများမှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြလေသည်။
၎င်းတို့၏ မျက်နှာများက နာကျင်မှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေချေပြီ။
ယောင်ပင်း ပစ်လိုက်သော တူများက သူတို့ဆီသို့ ပျံဝဲလာသည်ကို သူတို့ သေသေချာချာ မြင်လိုက်ရသော်လည်း ရှောင်တိမ်းရန် အချိန်မရှိခဲ့ပေ။
ယောင်ပင်း ပစ်လိုက်သော တူများမှာ လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် သူတို့ဆီသို့ ရောက်လာပြီး ခန္ဓာကိုယ်အတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်ကိုသာ ငေးကြည့်နေခဲ့ရသည်။
“သေစမ်း... နာလိုက်တာ”
“စောက်ကျိုးနည်း... ငါ ဘာလို့ မလှုပ်နိုင်တော့တာလဲ၊ ဒါက ဘာတွေ ဖြစ်နေတာလဲ”
တူများဖြင့် ထိုးစိုက်ခြင်း ခံလိုက်ရသော လူအချို့မှာ သူတို့၏ ခြေထောက်ကို ကိုင်ကာ ခုန်နေကြပြီး အချို့မှာတော့ ထိုနေရာ၌ပင် တောင့်တင်းသွားခဲ့ရပြီး မလှုပ်နိုင် ဖြစ်နေကြလေသည်။
သူတို့၏ အသံများမှာလည်း ကြောက်ရွံ့မှုကြောင့် တုန်ရီနေချေပြီ။
*