← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း(103)

“ထွီ!”

ထိပ်ပြောင်လူမိုက်အုပ်စု၏ ခေါင်းဆောင်က မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်ပြီး၊ သူ၏အနားတွင် ရှိနေသော ထိပ်ပြောင်အမျိုးသားအား အေးစက်စွာ အမိန့်ပေးလိုက်သည်။

“အစ်ကိုလျို့ဆီကို ဖုန်းဆက်လိုက်၊ ငါတို့ အနိုင်ကျင့်ခံနေရတယ်လို့ ပြောလိုက်စမ်း၊ အခုချက်ချင်း လူလွှတ်ပေးဖို့ ပြောလိုက်၊ ဒီလို ကလေးတစ်ယောက်က ဘာတွေများ လုပ်နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”

သူ၏အနားမှ ထိပ်ပြောင်အမျိုးသားက တုန်ရီနေသော အသံဖြင့် ခေါင်းညိတ်ပြလိုက်သည်

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ အစ်ကိုလျို့ဆီ အခုချက်ချင်း ဖုန်းဆက်ပြီး လူလွှတ်ပေးဖို့ ပြောလိုက်ပါ့မယ်”

သူသည်က တုန်ရီနေသော လက်များဖြင့် ဖုန်းကို ထုတ်ယူလိုက်လေသည်။

ယောင်ပင်း၏ မျက်လုံးများမှာ ရုတ်တရက် အရောင်တောက်သွားခဲ့ပြီး ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

“ခင်ဗျားတို့က အင်အားဖြည့်ဖို့ ခေါ်နေတာလား”

ထိပ်ပြောင်လူမိုက်အုပ်စု ခေါင်းဆောင်၏ မျက်နှာမှာ တင်းမာသွားခဲ့ပြီး အေးစက်စွာ ပြောလိုက်သည်။

“ဘာလဲ... မင်း ကြောက်သွားပြီလား၊ မင်း ထွက်မပြေးဘဲ စောင့်နေလိုက်ဦး၊ အစ်ကိုလျို့က မင်းကို ရှင်းပစ်ဖို့ လူလွှတ်ပေးလိမ့်မယ်”

သူ့အနေဖြင့် ယောင်ပင်းက သူတို့ အကူအညီတောင်းမည်ကို တားဆီးလိမ့်မည်ဟု ထင်နေမိလေ၏။

မမျှော်လင့်ဘဲ အင်အားဖြည့်ရန် ဖုန်းဆက်မည်ဟု ပြောလိုက်သည်နှင့် ယောင်ပင်းက ဝမ်းသာအားရ ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။

“ကောင်းပြီလေ၊ မြန်မြန်သာ ခေါ်လိုက်ကြစမ်းပါ .. ရပါတယ်၊ လောနေစရာ မလိုပါဘူး၊ ကျုပ် စိတ်ရှည်လက်ရှည်နဲ့ စောင့်နေပါ့မယ်”

ဤထိပ်ပြောင်လူများမှာ အမှန်တကယ်ပင် လျို့ချင်း၏ လူများ ဖြစ်နေပြီး လျို့ချင်းထံမှ လူအင်အား ထပ်လွှတ်ပေးရန်ပင် တောင်းဆိုနေကြသည် မဟုတ်ပါလား။

ဒါဟာ မမျှော်လင့်ထားတဲ့ လက်ဆောင်တစ်ခုပဲ။

သူ့အနေဖြင့် လျို့ချင်းက သူ့ဆီသိုး လာမရှာမည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်ပေ၏။ ယခုမဝ လျို့ချင်း၏ လူများနှင့် တိုက်တိုက်ဆိုင်ဆိုင် တိုးမိသွားခဲ့ချေပြီ။ ထို့အပြင် ထိုထိပ်ပြောင်ခေါင်းဆောင်၏ ပုံစံအရဆိုလျှင် သူ့အား လွယ်လွယ်နှင့် လွှတ်ပေးလိမ့်မည် မဟုတ်ပေ။

ဤအခြေအနေက ယောင်ပင်း မျှော်လင့်နေသည့် အတိုင်းပင် ဖြစ်လာခဲ့၏။

ထိပ်ပြောင်ခေါင်းဆောင်မှာတော့ ယောင်ပင်း၏ စိတ်ကူးကို မသိရှိနိုင်ပေ။ ယောင်ပင်းက ဝမ်းသာအားရ ပြုံးနေရုံတင်မကဘဲ၊ အင်အားဖြည့်ရန်ပါ တိုက်တွန်းနေသည်ကို မြင်သောအခါ ယောင်ပင်းက သူ့အား တမင်တကာ စိန်ခေါ်နေသည်ဟု ထင်မြင်သွားခဲ့သည်။

သူက ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် ရှုံ့ပွသွားခဲ့လေသည်။ သူသည် စားပွဲကို အကြိမ်အနည်းငယ် ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ဟိန်းဟောက်လိုက်လေသည်။

“စောက်ကျိုးနည်း... ဒီကောင်စုတ်လေးက တော်တော်လေး မောက်မာတာပဲ ၊ အစ်ကိုလျို့ဆီ မြန်မြန် ဖုန်းဆက်ပြီး လူအင်အား ထပ်လွှတ်ပေးဖို့ ပြောလိုက်စမ်း၊ ဒီနေ့တော့ ဒီကောင်လေးကို ငါ အပြတ်ရှင်းပစ်မယ်”

ဒေါက်... ဒေါက်... ဒေါက်...

ထိုအချိန်မှာပင် ဒုတိယထပ်မှ တတိယထပ်သို့ ချိတ်ဆက်ထားသော လှေကားထစ်များပေါ်မှ ဒေါက်ဖိနပ်သံများ ထွက်ပေါ်လာခဲ့၏။

ထိုအသံမှာ နှေးကွေးပြီး တည်ငြိမ်လွန်းကာ ဒုတိယထပ်ဆီသို့ ဖြည်းဖြည်းချင်း နီးကပ်လာနေချေသည်။

လှေကားထစ်များပေါ်မှ ရုတ်တရက် ထွက်ပေါ်လာသော ဒေါက်ဖိနပ်သံက လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့လေသည်။

ဒုတိယထပ်ဆီသို့ လျှောက်လာသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့သည်။

ဒုတိယထပ်တွင် အခြေအနေများ တင်းမာနေချိန်၌ မည်သူကများ ဤအချိန်တွင် ပေါ်လာရဲသည်လဲ။

လူတိုင်း တိတ်တဆိတ် အံ့အားသင့်နေကြလေ၏။

ဒေါက်... ဒေါက်... ဒေါက်...

ကြည်လင်ပြတ်သားလွန်းသော ဒေါက်ဖိနပ်သံမှာ လူတိုင်း၏ အာရုံကြောများကို ရိုက်ခတ်နေပြီး နှလုံးသားများကို ဆုပ်ကိုင်ထားသကဲ့သို့ ဖြစ်နေလေ၏။

နောက်ဆုံးတွင် ဒေါက်ဖိနပ်ပိုင်ရှင်က ဒုတိယထပ် တံခါးဝတွင် ပေါ်လာခဲ့သည်။

သူမက အမျိုးသမီးတစ်ဦး ဖြစ်လေ၏။

ထို့အပြင် ပြိုင်ဘက်ကင်းသော အလှတရားနှင့် တောက်ပမှုတို့ကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦးလည်းဖြစ်ပေသည်။ ထိုအမျိုးသမီးသည်က လည်ဟိုက်အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး၊ လှိုင်းတွန့်ဆံပင်၊ ဝိုင်းစက်ကြီးမားသောမျက်ဝန်းအိမ်များနှင့် နီမြန်းသော နှုတ်ခမ်းလွှာတို့ဖြင့် ချောမောမှုကို ဖော်ပြနေခဲ့သည်။

လူတိုင်း၏ နှလုံးခုန်သံကို ပိုမို မြန်ဆန်စေသည်မှာ ထိုအမျိုးသမီး၏ အနီရောင်ဂါဝန်သည်က သူမ၏ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေပြီး၊ သူမ၏ အသားအရေမှာလည်း နှင်းကဲ့သို့ ဖြူစင်ကာ ခြေတံများမှာလည်း ရှည်လျားဖြောင့်စင်းနေခြင်းကြောင့်ပင် ဖြစ်၏။

သူမက လူအုပ်ရှိရာသို့ ယဉ်ကျေးသိမ်မွေ့စွာ လျှောက်လာချိန်တွင် လူတိုင်း၏ အကြည့်မှာ သူမထံတွင်သာ ကပ်ညှိနေပြီး အကြည့်လွှဲ၍ မရနိုင် ဖြစ်နေကြလေ၏။

“ရင်သပ်ရှုမောဖွယ် အလှလေး” ဟူသော စကားလုံးက ၎င်းတို့၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာခဲ့ကြသည်။

ဤအမျိုးသမီး ပေါ်လာသည့် မည်သည့်နေရာတွင်မဆို သူမက လူတိုင်း၏ အကြည့်ကို ချိတ်တစ်ခုကဲ့သို့ ချိတ်ယူနိုင်စွမ်း ရှိပေလိမ့်မည်။

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ရုန်းမထွက်နိုင်ပေ။

အုပ်စု၏ ခေါင်းဆောင်ဖြစ်သော ထိပ်ပြောင်အမျိုးသားမှာ ချက်ချင်းပင် မှင်သက်သွားခဲ့၏။ သူသည်က သူ၏ဘေးမှ ကျန်းရှီးရှန်ကိုပင် မေ့လျော့သွားပြီး၊ ၎င်းတို့ထံသို့ လျှောက်လာသော အမျိုးသမီးအား ငေးကြောင်ကြည့်နေမိသည်။

အချိန်အတော်ကြာပြီးမှ သူက မရေမရာ မေးမြန်းလိုက်သည်။

“ပိုင်ရှင်မမလေးလား”

ထိုအမျိုးသမီးက ယဉ်ကျေးစွာ ရပ်တန့်လိုက်ပြီး ထိပ်ပြောင်အမျိုးသားအား ချိုမြိန်စွာ ပြုံးပြလိုက်၏။

“မှန်ပါတယ်၊ ကျွန်မက ကျင့်ဟွမ်ရဲ့ ပိုင်ရှင်ပါ၊ အစ်ကိုထောင်... ကျွန်မကို ရှောင်ချင်းလို့ပဲ ခေါ်လို့ရပါတယ်”

သူမ၏ အပြုံးက လူတိုင်း၏ မျက်လုံးများကို အရောင်တောက်သွားစေပြီး နှလုံးခုန်သံများကို ချက်ချင်း မြန်ဆန်သွားစေခဲ့သည်။

ဤကဲ့သို့သော အမျိုးသမီးမျိုးသည်က တစ်ချက်ကြည့်လိုက်ရုံနှင့် မည်သူ့ကိုမဆို ပြုစားနိုင်ပေသည်။

လူတိုင်းကို ပို၍ တုန်လှုပ်သွားစေသည်မှာ ဤရင်သပ်ရှုမောဖွယ် လှပသော အမျိုးသမီးမှာ အမှန်တကယ်ပင် ဒဏ္ဍာရီလာ ကျင့်ဟွမ်၏ ပိုင်ရှင်မမလေး ‘ရှောင်ချင်း’ ဖြစ်နေခြင်းပင်။

ဒဏ္ဍာရီထဲကထက်ပင် ပို၍ လှပနေချေသည်။

သူမကို မြင်လိုက်ရပြီးနောက် အာဏာရှိသူ အတော်များများက အဘယ်ကြောင့် သူမအပေါ် ရူးသွပ်နေကြပြီး သူမနှင့် ထမင်းတစ်နပ် စားခွင့်ရရန်အတွက် ငွေကြေးအမြောက်အမြား အကုန်အကျခံနေကြသနည်းဆိုသည်ကို လူတိုင်း ချက်ချင်း သဘောပေါက်သွားကြလေသည်။

အမျိုးသားတစ်ဦးအနေဖြင့် ဤကဲ့သို့သော အမျိုးသမီးမျိုးအတွက် သေရမည်ဆိုလျှင်ပင် လိုလိုလားလား ရှိပေလိမ့်မည်။

ယောင်ပင်းသည်လည်း ထိုပိုင်ရှင်မမလေးပေါ်လာသည်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့၏။

ထိုပိုင်ရှင်မှာ ရှောင်ချင်းဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သို့သော် ရှောင်ချင်းကို မြင်လိုက်ရသည့် ခဏမှာပင် ယောင်ပင်း ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။ စားပွဲထိုးက တစ်စုံတစ်ယောက်မှ သူ့ကိုယ်စား အခကြေးငွေ ရှင်းပေးလိုက်သည်ဟု ပြောဆိုခြင်းမှာ ရှောင်ချင်းက သူ့အတွက် ငွေပေးချေမှုကို ပယ်ဖျက်ပေးလိုက်ခြင်းသာ ဖြစ်ပေသည်။

ရှောင်ချင်းက အကြောင်းမဲ့ ပေါ်လာမည် မဟုတ်ပေ။ သူမ ရောက်ရှိနေပြီ ဖြစ်၍ သူသည်လည်း လောလောဆယ် ဝင်ရောက် စွက်ဖက်နေစရာ မလိုတော့ပေ။

ထို့ကြောင့် ယောင်ပင်းက အနီးရှိ ထိုင်ခုံတစ်ခုဆီသို့ အေးအေးလူလူ လျှောက်သွားကာ ထိုင်နေလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ရှောင်ချင်းက အစ်ကိုထောင်အား ချိုမြိန်စွာ ပြုံးပြလိုက်သောကြောင့် ထိုသူမှာ ချက်ချင်းပင် ပြုစားခြင်း ခံလိုက်ရတော့သည်။

သူက ရှောင်ချင်းအား စိုက်ကြည့်ရင်း ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်လေသည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ရှောင်ချင်းဆိုတဲ့ နာမည်လေးက လှလိုက်တာ၊ ရှောင်ချင်းဆိုတာ အရမ်းလှတယ်”

ကျန်ရှိသော ထိပ်ပြောင်လူ တစ်ဒါဇင်ကျော်မှာလည်း ရှောင်ချင်းအား အကြည့်မခွာဘဲ စိုက်ကြည့်နေကြပြီး အကူအညီတောင်းရန်အတွက်ဖုန်းဆက်ရမည်ကိုပင် လုံးဝ မေ့လျော့နေကြတော့သည်။

“အစ်ကိုထောင်... ကျင့်ဟွမ်က ဝန်ထမ်းတစ်ယောက်ယောက်က အစ်ကို့အပေါ် ရိုင်းစိုင်းမိလို့ အစ်ကိုစိတ်အနှောင့်အယှက် ဖြစ်သွားရတာလား”

ရှောင်ချင်း၏ လှပသော မျက်ဝန်းများက ဒုတိယထပ်ရှိ ရှုပ်ပွနေမှုများကို ဝေ့ဝဲကြည့်လိုက်ကာ သူမ၏ မျက်ခုံးလေးများမှာလည်း အနည်းငယ် တွန့်ချိုးသွားခဲ့သည်။ သူမ၏ အသံမှာ အလွန်ပင်နူးညံ့ချိုသာပေသည်။

“ဘယ်သူက ရိုင်းစိုင်းတာလဲဆိုတာ ကျွန်မကို ပြောပြပါ၊ ကျွန်မ သူ့ကို သင်ခန်းစာ ပေးလိုက်ပါ့မယ်”

ရှောင်ချင်း၏ မျက်ခုံးလေးများ အနည်းငယ် တွန့်သွားသည်ကို မြင်သောအခါ အစ်ကိုထောင်၏ နှလုံးသားမှာ ကြွေလုနီးပါး ဖြစ်သွားခဲ့ရသည်။

သူက အလျင်အမြန်ပင် ခေါင်းခါပြလိုက်၏

“ဟင့်အင်း၊ မဟုတ်ပါဘူး၊ ဒါက နားလည်မှုလွဲတာပါ၊ နားလည်မှုလွဲတာ”

ဤကဲ့သို့သော အလှလေးတစ်ဦး၏ ရှေ့တွင် သူ၏ ရိုင်းစိုင်းကြမ်းတမ်းသောဘက်ခြမ်းကို မည်သို့ ဖော်ပြရဲပါမည်နည်း။

ထို့ကြောင့် အစ်ကိုထောင်မှာ ချက်ချင်းပင် ငြင်းဆိုနေတော့သည်။

“ဒါပေမဲ့ အပေါ်ထပ်မှာတုန်းက ကျွန်မ ကြားလိုက်တာတော့ အစ်ကိုက အစ်ကိုလျို့ကို လူလွှတ်ပေးဖို့ ပြောနေတယ်ဆို”

ရှောင်ချင်း၏ လှပသော မျက်ဝန်းများမှာ နာကျည်းမှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေချေသည်။

“တကယ်လို့ အစ်ကိုလျို့က ကျွန်မရဲ့ ဒီစီးပွားရေးလုပ်ငန်းသေးသေးလေးဆီကို လာမယ်ဆိုရင်တော့ အရာအားလုံးကို ဖျက်ဆီးပစ်တော့မှာပဲ”

“မဟုတ်ပါဘူး၊ လုံးဝ မဟုတ်ပါဘူး”

အစ်ကိုထောင်က သူ၏ခေါင်းကို ဒရမ်တီးသကဲ့သို့ အဆက်မပြတ် ခါယမ်းပြလိုက်လေသည်။

“ရှောင်ချင်း နားကြားမှားတာ ဖြစ်မှာပါ ရှောင်ချင်းက ပိုင်ရှင်မမလေးပဲလေ၊ ကျင့်ဟွမ်က စီးပွားရေး လုပ်ရဦးမှာ၊ ကျွန်တော်က ဘာလို့ ပြဿနာရှာဖို့ လူလွှတ်ရမှာလဲ၊ ဒါက နားလည်မှုလွဲတာလေး တစ်ခုတင်ပါ၊ အခု ပြေလည်သွားပါပြီ”

အကယ်၍ မပြေလည်သေးလျှင်ပင် သူသည်က ကျင့်ဟွမ်တွင် စာရင်းရှင်းမည် မဟုတ်တော့ပေ။

တကယ်လို့ အလှလေးကို လန့်သွားအောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ။

ဘာပဲဖြစ်ဖြစ် သူ့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။

သူ နောက်မှ ပြန်ပြီး စာရင်းရှင်းလို့ ရတာပဲ။

ရှောင်ချင်းက နောက်တစ်ကြိမ် ချိုမြိန်စွာ ပြုံးလိုက်ပြန်သည်။

“အစ်ကိုထောင်... တကယ်ပဲ အဆင်ပြေရဲ့လား”

အစ်ကိုထောင်က ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်ပြီး သူ၏လေသံမှာလည်း သေချာနေလေ၏။

“တကယ်ပဲ အဆင်ပြေပါတယ်”

“ကျွန်မကို လန့်သွားအောင် လုပ်တာပဲ”

ရှောင်ချင်းသည် သူမ၏ သွယ်လျဖြူစင်သော လက်လေးကို ဆန့်ထုတ်ကာ သူမ၏ ရင်ဘတ်ကို ညင်သာစွာ ပုတ်လိုက်လေသည်။

“အစ်ကို အဆင်ပြေတယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ကျွန်မက အစ်ကို့ကို စော်ကားမိသွားပြီလို့ ထင်နေတာ”

သူမ၏ နီမြန်းသောဆေးများ ခြယ်သထားသည့် ဖြူစင်သော လက်လေးများကြောင့်၊ အစ်ကိုထောင်၏ အကြည့်မှာ ရှောင်ချင်း၏ ရင်ဘတ်ဆီသို့ စွဲထင်သွားခဲ့ပြီး တံတွေးပင် ကျလုနီးပါး ဖြစ်သွားခဲ့ရပေသည်။

“အစ်ကိုထောင်”

အစ်ကိုထောင်၏ အကြည့်ကို သတိပြုမိသွားသောအခါ ရှောင်ချင်းက တည်ငြိမ်စွာ ပြုံးပြလိုက်သည်။

“အစ်ကိုလျို့ကို ကျွန်မကိုယ်စား ပြောပေးပါဦး၊ ကျွန်မ သူ့ကို ထမင်းဖိတ်ကျွေးပါ့မယ်လို့၊ အဲဒီအခါကျရင် အစ်ကိုထောင်လည်း လိုက်ခဲ့လို့ ရတာပေါ့..

ဒီကလေးတွေက ဒီနေ့ အစ်ကို့ရဲ့ စိတ်အခြေအနေကို ပျက်စီးအောင် လုပ်ခဲ့ကြတာဆိုတော့.. ကျွန်မ သူတို့ကို သင်ခန်းစာ ပေးဖို့ လိုသေးတယ်၊ ဒါကြောင့် အစ်ကို့ကို ထပ်ပြီး အကြာကြီး မဆွဲထားတော့ပါဘူးနော်”

ရှောင်ချင်းက သူ့အား ထွက်ခွာသွားရန် သိမ်မွေ့စွာ အမိန့်ပေးလိုက်ခြင်းပင် ဖြစ်၏။

“ကောင်းပါပြီ”

အစ်ကိုထောင်က ခေါင်းညိတ်ပြကာ သူ၏လူများကို ထွက်ခွာရန် လက်ယမ်းပြလိုက်ပြီးနောက် ရှောင်ချင်းအား လှမ်းအော်ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ရှောင်ချင်း၊ ကျွန်တော် သတင်းစကားကို သေချာပေါက် ပါးပေးလိုက်ပါ့မယ်”

ထိုသို့ပြောပြီးနောက် အစ်ကိုထောင်မှာ သူ၏လူများနှင့်အတူ ထွက်ခွာသွားလေတော့သည်။

*

အခန်း(104)

ကျင့်ဟွမ် တံခါးအပြင်ဘက်တွင် :

အစ်ကိုထောင်၏ လူများထဲမှ တစ်ဦးက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

“အစ်ကိုထောင်... ကျွန်တော်တို့ တကယ်ပဲ ဒီအတိုင်း ပြန်တော့မှာလား၊ အစ်ကို တကယ်ကြီး အဲဒီ မိန်းမရဲ့ လှည့်ကွက်ထဲမှာ ကျရှုံးသွားတာတော့ မဟုတ်ပါဘူးနော်”

စကားအနည်းငယ်နှင့် မောင်းထုတ်ခြင်း ခံလိုက်ရသည်မှာ အစ်ကိုထောင်၏ ပုံစံမျိုး မဟုတ်ပေ။

“မင်း ဘာမှ မသိပါဘူး”

အစ်ကိုထောင်က သူ့လူ၏ ခေါင်းကို ရိုက်လိုက်ကာ ရေရွတ်လိုက်သည်။

“အခု အစ်ကိုလျို့က လူလွှတ်ပေးလိုက်ရင်တောင်မှ၊ အဲဒီလူတွေက အဲဒီကောင်လေးကို နိုင်မယ်လို့ မင်း အာမခံနိုင်လား၊ တကယ်လို့ ငါတို့ ထပ်ပြီး ရှုံးသွားဦးမယ်ဆိုရင် သိက္ခာတွေ အကုန်လုံး ဆုံးရှုံးကုန်မှာပေါ့”

ထိုလူမှာ မှင်သက်သွားခဲ့၏။

အစ်ကိုထောင်က တစ်ချက် ထပ်မံ ဆဲဆိုလိုက်ပြီးနောက် ကျင့်ဟွမ် တံခါးအပြင်ဘက်တွင် ရပ်ထားသော ကားဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားတော့သည်။

ခုနက အကူအညီတောင်းမည်ဟု သူ အော်ဟစ်ခဲ့ခြင်းမှာ သိက္ခာပြန်ဆယ်ရန်သာ ဖြစ်ပေသည်။

သူ၏ ရင်ထဲတွင်တော့ ယောင်ပင်းက အလွန်အမင်း အစွမ်းထက်လွန်းလှကြောင်း သိရှိပေသည်။ အင်အားဖြည့်တင်းလာလျှင်ပင် ၎င်းတို့အနေဖြင့် သူ့အား နိုင်မည် မဟုတ်ပေ။

တစ်ခုတည်းသော နည်းလမ်းမှာ ပြန်သွားပြီးမှ အစ်ကိုလျို့နှင့်အတူ ယောင်ပင်းအား မည်သို့ နှိမ်နင်းရမည်ကို တိုင်ပင်ရန်သာ ဖြစ်ပေသည်။

ကျင့်ဟွမ်၏ ဒုတိယထပ်တွင် :

အစ်ကိုထောင်နှင့် သူ၏အုပ်စု ထွက်သွားပြီးနောက် ဒုတိယထပ်တစ်ခုလုံးမှာ တိတ်ဆိတ်သွားခဲ့၏။

ရှောင်ချင်းသည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် ကျန်းရှီးရှန်၏ အနားသို့ ချဉ်းကပ်သွားကာ တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

“ဒီပြဿနာကို ဖြစ်အောင် လုပ်ခဲ့တာ မင်းလား”

သူမ၏ အနီရောင်ဂါဝန်လေးမှာ အနည်းငယ် လှုပ်ခတ်နေပြီး၊ နီမြန်းသော နှုတ်ခမ်းလွှာလေးမှာလည်း အနည်းငယ် ဟနေချေသည်။

ရှောင်ချင်းသည် ယခင်က ရှောင်ချင်းပင် ဖြစ်သော်လည်း၊ သူမ၏ အရှိန်အဝါမှာ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လာခဲ့၏။

ရှောင်ချင်း၏ အကြည့်အောက်တွင် ကျန်းရှီးရှန်က မသိစိတ်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိပြီး သတိကြီးစွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

“ဟုတ်ပါတယ်၊ ကျွန်မပါ”

ဖြန်း!

ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

ကျန်းရှီးရှန်မှာ ရှောင်ချင်း၏ ပါးရိုက်ခြင်းကို ခံလိုက်ရချေပြီ။

ဤပါးရိုက်ချက်ကြောင့် ကျန်းရှီးရှန်နှင့် ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ မှင်သက်သွားကြရလေသည်

ကျန်းရှီးရှန်သည် သူမ၏ပါးကို အုပ်ထားကာ မျက်ရည်များ ဝဲနေခဲ့သော်လည်း ပြန်မပြောဝံ့ဘဲ၊ ရှောင်ချင်းအား ကြောက်လန့်တကြားသာ စိုက်ကြည့်နေမိတော့သည်။

သူမကို အဘယ်ကြောင့် ရုတ်တရက် ရိုက်လိုက်ရသည်ကို သူမ နားမလည်နိုင်ပေ။

“မင်း ငါ့နေရာမှာ ပြဿနာလာရှာပြီး ငါ့အတွက် ဒီလောက်အထိ အခက်အခဲတွေ ဖြစ်အောင် လုပ်ရဲတယ်ပေါ့”

ရှောင်ချင်း၏ အပြုံးများ ပျောက်ကွယ်သွားခဲ့ပြီး အေးစက်သော အမူအရာက အစားထိုးဝင်ရောက်လာခဲ့သည်။

“မင်းက မိန်းကလေးတစ်ယောက် ဖြစ်နေလို့၊ ဒီပါးရိုက်ချက်က မင်းအတွက် သင်ခန်းစာပဲ”

ကျန်းရှီးရှန်မှာ ဒေါသထွက်နေပြီး ထိတ်လန့်နေပုံရသော်လည်း စကားတစ်ခွန်းမျှပင် မဟရဲချေ။

ရှောင်ချင်းက လှည့်လိုက်ပြီး အေးစက်စွာ မေးမြန်းလိုက်သည်။

“ဘယ်သူက ကော်တာ့ဟွားလဲ”

ကော်တာ့ဟွားမှာ မသိစိတ်ဖြင့် ခေါင်းမော့လိုက်မိ၏။

ယခုတစ်ကြိမ်တွင်တော့ ရှောင်ချင်းအနေဖြင့် လက်ဖျားနှင့်ပင် ထိရန် မလိုအပ်ခဲ့ပေ။ သခင်လေးမာက သူမထက်ဦးအောင် ကော်တာ့ဟွား၏ အရှေ့သို့ ပြေးဝင်သွားပြီး လက်ကို မြှောက်ကာ ကော်တာ့ဟွား၏ ပါးကို အကြိမ်အနည်းငယ် ရိုက်နှက်လိုက်လေသည်။ ထို့နောက် ရှောင်ချင်းဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။

“ပိုင်ရှင်မမလေး... ဒါကို ကျေနပ်ရဲ့လား”

ကော်တာ့ဟွားမှာ ဤကဲ့သို့သော အရှက်ခွဲမှုကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသော်လည်း သခင်လေးမာအား အကြိမ်အနည်းငယ်သာ စိုက်ကြည့်နိုင်ပြီး စကားတစ်ခွန်းမျှပင် မပြောဝံ့ခဲ့ပေ။

မာရှောက်က သူ့အား မျက်စိတစ်မှိတ် ပြလိုက်သည်။

“စိုက်မကြည့်နဲ့ဦး၊ ငါသာ မင်းကို မရိုက်ရင် မင်း ဒီထက်ပိုပြီး ဆိုးဆိုးရွားရွား အရိုက်ခံရလိမ့်မယ်” ဟူသော အဓိပ္ပာယ်ပင်။

ရှောင်ချင်းက ကော်တာ့ဟွားအား အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။

“ငါ သူ့ကို ရိုက်မယ်လို့ မပြောခဲ့ပါဘူး”

ကော်တာ့ဟွားနှင့် သခင်လေးမာတို့ ကြောင်အသွားကြရသည်။ ကော်တာ့ဟွားမှာတော့ ငိုပင် ငိုချင်သွားခဲ့၏။

ရှောင်ချင်းက ယောင်ပင်းအား ထပ်မံ၍ လက်ညှိုးညွှန်ပြလိုက်သည်။

“ငါက မင်းကို မစ္စတာယောင်ကို တောင်းပန်ခိုင်းမလို့၊ ငွေပေးချေနိုင်သရွေ့တော့ ငါ့ရဲ့ ကျင့်ဟွမ်မှာ ရှိနေသူတိုင်းက ဧည့်သည်တွေပဲ၊ ဘယ်သူကမှ တစ်ခြားသူထက် ပိုပြီးမြင့်မြတ်နေတာမျိုးမရှိဘူး၊

တကယ်လို့ ငွေပေးတဲ့သူက ဘယ်သူလဲဆိုတာ ပြောရမယ်ဆိုရင်တော့ မစ္စတာယောင်က ပြေစာကို ရှင်းပေးခဲ့တာဖြစ်ပြီး၊ မင်းကတော့ တစ်ပြားတစ်ချပ်မှ မရှင်းခဲ့ရဘူး၊ ဒါကြောင့် မင်းက မစ္စတာယောင် လောက်တောင် မမြင့်မြတ်ဘူး”

ကော်တာ့ဟွား ဆွံ့အသွားခဲ့ရပေသည်။

ဤမျှ အခွင့်အာဏာရှိပြီး လှပသော ပိုင်ရှင်မမလေးက သူ့ကို ယောင်ပင်းအား တောင်းပန်ရန် စေခိုင်းလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ယောင်ပင်း တစ်ဦးတည်းသာလျှင် အနည်းငယ် ပြုံးလိုက်မိပြီး သူ၏မျက်လုံးများမှာလည်း နားလည်မှုများဖြင့် ပြည့်နှက်နေသည်။

ရှောင်ချင်းသည်က သူ၏ဒေါသကို ဖြေဖျောက်ပေးရန်အတွက်သာ ဤသို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သူ သိရှိနေသည်။

မြို့အနောက်ဘက်ရှိ ဟိုင်ထျန်းငွေလဲလုပ်ငန်း။

အလွန်အမင်း ဆန်းပြားလှပသော သီးသန့်အခန်းအတွင်း၌ :

ထန်ဝတ်စုံဝတ်ဆင်ထားသော အသက် ၄၀ ခန့်ရှိ အမျိုးသားတစ်ဦးက အလယ်တွင် ထိုင်နေပြီး၊ လှပသော အမျိုးသမီး အဖော်အမျိုးမျိုးဖြင့် ဝန်းရံခြင်း ခံထားရလေသည်။

သူတို့ထဲမှ တစ်ဦးဖြစ်သော ချုံဆန်းဝတ်စုံကိုဝတ်ထားသည့် အမျိုးသမီးတစ်ဦးမှာ သူ၏ဆေးလိပ်ကို မီးညှိပေးနေ၏။

ထိုခန်းနားသော ထိုသီးသန့်အခန်း၏ ဘေးတစ်ဖက်တစ်ချက်တွင် ကျုံးရှန်ဝတ်စုံကိုဝတ်ဆင်ထားသော ခန္ဓာကိုယ်ကြံ့ခိုင်သည့် အမျိုးသားနှစ်တန်းမှာ ရပ်နေကြလေသည်။

ဤအမျိုးသားမှာ ဤသီးသန့်အခန်းအတွင်းရှိ အဓိက အာရုံစိုက်ခံရသူ ဖြစ်ကြောင်း ထင်ရှားပေသည်။

ချုံဆန်းဝတ်အမျိုးသမီးက ထိုအမျိုးသားအတွက် ဆေးလိပ် မီးညှိပေးလိုက်သောအခါ ထိုသူက သူမ၏ခေါင်းကို ခွေးလေးတစ်ကောင်ကဲ့သို့ ပုတ်ပေးလိုက်လေသည်။

ပြီးမှ သူ၏ရှေ့တွင် ညှိုးငယ်သော မျက်နှာဖြင့် ရပ်နေသော အစ်ကိုထောင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“မင်း ခုနက ပြောလိုက်တာက.. မင်း အထက်တန်းကျောင်းသားလေး တစ်ယောက်ဆီမှာ အရိုက်ခံခဲ့ရတယ်ပေါ့၊ ပြီးတော့ ငါ့ဆီကို လာတိုင်နေသေးတယ်၊ မင်းကတော့ တကယ်ကို တစ်နေ့ထက်တစ်နေ့ ပိုပြီး အောင်မြင်လာတာပဲ”

ဤအမျိုးသားမှာ လျို့ချင်းပင် ဖြစ်ပေသည်။

လျို့ချင်းသည်ကား ဥပဒေအတွင်းနှင့် ဥပဒေပြင်ပ လောကနှစ်ခုလုံးတွင် ပတ်သက်မှုများရှိသော ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။

သူ၏ KTV များ၊ ဘားများ၊ ကလပ်များနှင့် ငွေလဲလုပ်ငန်းများမှာ ပင်းဟိုင် နယ်မြေတစ်ခုလုံး၏ သုံးပုံနှစ်ပုံကျော်ကို ထိန်းချုပ်ထားလေသည်။

သူသည်က ပါးနပ်ပြီး ရက်စက်လှသူဖြစ်၍ မကြာသေးမီ နှစ်များအတွင်း သူ၏ စီးပွားရေးမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တိုးတက်လာခဲ့ပြီး၊ ခိုင်ယဲ့ထက်ပင် ပို၍ အာဏာရှိလာခဲ့ချေပြီ။

ပင်းဟိုင် နယ်မြေတစ်ခုလုံးတွင် ခိုင်ယဲ့ တစ်ဦးတည်းသာလျှင် သူ့အား ယှဉ်ပြိုင်ရဲသူ ဖြစ်၏။

သို့သော်လည်း ခိုင်ယဲ့တွင် မိုမိသားစုကဲ့သို့သော နောက်ခံရှိနေသောကြောင့်သာ ဖြစ်လေ၏။ မဟုတ်ပါက သူသည်က လျို့ချင်းနှင့် လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

လျို့ချင်းမှာ ယနေ့တွင် အလုပ်မရှိသဖြင့် အေးအေးဆေးဆေး နေရန် ကြံစည်ထားသော်လည်း အစ်ကိုထောင်ရောက်လာပြီး ကောင်လေးတစ်ယောက်၏ အနိုင်ကျင့်ခံရသည့်အကြောင်းကို လာရောက် ပြောဆိုနေခဲ့သည်။

အမှန်အတိုင်း ပြောရလျှင်၊ အကယ်၍သာ အစ်ကိုထောင်သည် သူနှင့် ဆွေမျိုးနီးစပ်တော်စပ်သူ မဟုတ်ပါက လျို့ချင်းက အစ်ကိုထောင်၏ တိုင်တန်းချက်များကို နားထောင်ရန် အချိန်ပေးမည် မဟုတ်ပေ။

ယခုအခါ အစ်ကိုထောင်က ကောင်လေးတစ်ယောက်ထံမှ အရိုက်ခံခဲ့ရသည်ဟု ကြားလိုက်ရသောအခါ ထပ်မံစဉ်းစားမနေတော့ဘဲ သူ့အား ကန်ထုတ်လိုက်လေသည်။

“ထွက်သွားစမ်း ငါ့ရှေ့မှာ လာပြီး အရှက်မခွဲနဲ့တော့”

“ချင်းဇီ... အဲဒီကောင်လေးက သာမန်ကောင်လေး မဟုတ်ဘူး၊ ခင်ဗျား မှတ်မိသေးလား၊ အရင်က ကျွန်တော် ခင်ဗျားဆီကနေ မာစတာကော်ကို ငှားပြီး အဲဒီကျောက်ဆိုတဲ့လူအတွက် ထောင်ချောက်ဆင်ခဲ့တယ်လေ..

အဲဒီတုန်းက အရာအားလုံး ပျက်စီးသွားပြီး ကျွန်တော်တို့ သန်းလေးဆယ်တောင် ဆုံးရှုံးခဲ့ရတယ်မလား”

အစ်ကိုထောင်မှာ အစ်ကိုလျို့၏ ကန်ထုတ်ခြင်းကို ခံလိုက်ရသော်လည်း စကားတစ်ခွန်းမျှ မဟဝံ့ဘဲ အလျင်အမြန် ပြန်ထကာ ဗလုံးဗထွေး ပြောဆိုလိုက်သည်။

“သူက အဲဒီတုန်းက မာစတာကော် ကို ရိုက်နှက်ခဲ့တဲ့ အဲဒီကောင်လေးပဲ”

ဆေးလိပ်ကို သူ၏နှုတ်ခမ်းဆီသို့ ယူဆောင်ရန် ပြင်နေသော လျို့ချင်းလည်း ရုတ်တရက် ရပ်တန့်သွားခဲ့၏။

သူသည်လည်း ဤအကြောင်းကို မာစတာကော်ထံမှ ကြားဖူးခဲ့သည်။

သို့သော်လည်း ထိုအချိန်က သူ့အနေဖြင့် ကျင်းကျုံး မြေအောက်လောက ဘော့စ်နှင့် အငြင်းပွားစရာများ ရှိနေသောကြောင့် ၎င်းကို ဂရုမစိုက်မိခဲ့ပေ။

“အဲဒီကောင်လေးက မာစတာကော် ကိုတောင် ရိုက်ခဲ့တာလား”

မာစတာကော်မှာ သူ အမြဲတစေ ဘေးတွင် ထားလေ့ရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ သူ့အား ယှဉ်နိုင်သူမှာ အလွန်ပင် ရှားပါးပေသည်။

“အမှန်ပဲ”

လျို့ချင်း စိတ်ဝင်စားသွားသည်ကို မြင်သောအခါ အစ်ကိုထောင်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်လေသည်။

“ကျွန်တော့်အမြင်အရတော့၊ အဲဒီကောင်လေးကို နှိမ်နင်းနိုင်တာဆိုလို့ တစ်ယောက်တည်းပဲ ရှိပါတယ်”

*

ပင်းဟိုင်ဆိပ်ကမ်းတွင် ဖြစ်သည်။

အစ်ကိုထောင်နှင့် သူ၏လူများက ကျန်းရိရှန် ရောက်ရှိလာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြ၏။

ယောင်ပင်းအား အနိုင်ယူရန်အတွက် ကျဲ့ကျန်းပြည်နယ်မှ ရှေးဟောင်းသိုင်းပညာရှင်တစ်ဦးဖြစ်သည့် ကျန်းရိရှန်၏ အကူအညီကိုရယူရန် လျို့ချင်းအား အကြံပြုခဲ့ခြင်း ဖြစ်ပေသည်။

ကျန်းရိရှန်သည် တိုင်းပြည်အတွင်း ပြိုင်ဘက်ကင်းသည်ဟု ကျော်ကြားပြီး၊ ပြိုင်ဘက်ကို လက်သီးတစ်ချက်တည်းနှင့် အသေသတ်နိုင်စွမ်းရှိသောကြောင့် “လက်သီးတစ်ချက်ကျန်း”ဟု အမည်ပြောင်ရထားသည့် ရှားပါးလှသော အတွင်းအားရှင်တစ်ဦး ဖြစ်၏။

သို့သော်လည်း ကျန်းရိရှန်က မောက်မာရိုင်းစိုင်းကာ ခေါင်းမာသူဖြစ်သဖြင့် ဆက်ဆံရခက်ခဲပေသည်။

ကျန်းရိရှန်၏ အကူအညီကို ရရှိရန်အတွက် လျို့ချင်းမှာ လူအများအပြားထံ အကူအညီတောင်းခံခဲ့ရသလို ငွေကြေးအမြောက်အမြားလည်း အကုန်အကျခံခဲ့ရချေသည်။

ယနေ့သည်ကား ကျန်းရိရှန် ပင်းဟိုင်သို့ ရောက်ရှိမည့်နေ့ပင် ဖြစ်၏။

လျို့ချင်းတွင် အခြားကိစ္စများကြောင့် လူကိုယ်တိုင် လာရောက်နိုင်ခြင်း မရှိသဖြင့် အစ်ကိုထောင်အား သူ၏လူဒါဇင်ပေါင်းများစွာကို ခေါ်ဆောင်၍ ကျန်းရိရှန်အား ခမ်းခမ်းနားနား ကြိုဆိုရန် အထူးညွှန်ကြားထားခဲ့ခြင်း ဖြစ်ပေသည်။

“အစ်ကိုထောင်... မာစတာကျန်းက ဘယ်လိုပုံစံရှိမယ် ထင်လဲ၊ တစ်ကိုယ်လုံး ကြွက်သားတွေနဲ့ အစွမ်းထက်နေမလား”

“ကျွန်တော် လောင်းရဲတယ်၊ မာစတာကျန်းက တကယ့်ကို သန်မာမှာ၊ လမ်းလျှောက်ရင်တောင် လေပြင်းတွေ တိုက်နေသလိုမျိုး ဖြစ်နေမှာ၊ နွားသိုးကြီးတစ်ကောင်ကိုတောင် လက်သီးတစ်ချက်တည်းနဲ့ လဲသွားအောင် လုပ်နိုင်လိမ့်မယ်”

…

အစ်ကိုထောင်၏ ရင်းနှီးသော လက်အောက်ငယ်သားတချို့က စတင်၍ ခန့်မှန်းနေကြတော့သည်။

သို့သော် လူတိုင်း၏ စိတ်ထဲတွင်တော့ ကျန်းရိရှန်သည်က သန်မာထွားကြိုင်းပြီး အစွမ်းထက်ကာ၊ တစ်ချက်ကြည့်လိုက်ရုံနှင့် သိသာထင်ရှားလွန်းသော ခန့်ညားသည့် ပုံစံရှိလိမ့်မည်ဟု သေချာပေါက် ယူဆထားကြချေသည်။

*

All Chapters