အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
အခန်း(105) ရိုင်းစိုင်းသော အကြီးအကဲ
တစ်နာရီခန့် ကြာပြီးနောက် :
လှေငယ်လေးတစ်စင်းမှာ ကမ်းခြေဆီသို့ ဖြည်းဖြည်းချင်း ဆိုက်ကပ်လာခဲ့၏။
ဆံပင်အဖြူ၊ မုတ်ဆိတ်မွှေးအဖြူများနှင့် အားနည်းပုံပေါ်သော အဘိုးအိုတစ်ဦးက လှေပေါ်မှ ဖြည်းဖြည်းချင်း ခုန်ဆင်းလာခဲ့လေသည်။
ထိုသို့ ခုန်ဆင်းလိုက်ချိန်တွင် ထိုအဘိုးအိုမှာ ယိုင်တိယိုင်ထိုးဖြစ်သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားခဲ့လေ၏။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူက လျင်မြန်စွာ ပြန်လည် ထိန်းလိုက်နိုင်ခဲ့၏။
အစ်ကိုထောင်နှင့် သူ၏လူများသည် လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်လှည့်၍သာ ဆက်လက် စောင့်ဆိုင်းနေခဲ့ကြတော့သည်။ အစ်ကိုထောင်၏ လူများခဲမှ တစ်ဦးက ရေရွတ်လိုက်သည်။
“အစ်ကိုထောင်... အချိန်ကို ကြည့်ဦး၊ မာစတာကျန်း အခုလောက်ဆို ရောက်နေရမှာလေ၊ ဘာလို့ ရောက်မလာသေးတာလဲ၊ သူ ကျွန်တော်တို့နှင့် ချိန်းထားတဲ့အချိန်ကို ပျက်ကွက်လိုက်တာများလား”
“စောက်စကားတွေ လျှောက်မပြောနဲ့”
အစ်ကိုထောင်က သူ၏လူကို စိုက်ကြည့်လိုက်သည်။
“မာစတာကျန်းလို ပုဂ္ဂိုလ်မျိုးက ငါတို့နှင့် ချိန်းဆိုတာကို ပျက်ကွက်မှာ မဟုတ်ဘူး၊ သူ တစ်ခုခုကြောင့် နှောင့်နှေးနေတာ ဖြစ်မှာပါ”
၎င်းတို့နှစ်ဦး တိုင်ပင်နေစဉ်မှာပင် တစ်စုံတစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။
“မျက်စိကန်းနေတဲ့ လင်းနို့တွေလိုပဲ”
အစ်ကိုထောင်နှင့် သူ၏လူများက မော့ကြည့်လိုက်လျှင် သူတို့အား မျက်စိကန်းသည်ဟု ခေါ်ဆိုလိုက်သူမှာ ယခုလေးတင် လှေပေါ်မှ ဆင်းလာသော အဘိုးအို ဖြစ်နေသည်ကို မြင်လိုက်ရ၏။
အစ်ကိုထောင်နှင့် သူ၏လူများသည်က မောက်မာရိုင်းစိုင်းစွာ နေထိုင်လာကြသူများဖြစ်သဖြင့် ထိုအဘိုးအို၏ စကားကို ကြားလိုက်ရသည့် ခဏမှာပင် ၎င်းတို့၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။
တစ်ဦးက အဘိုးအိုအား လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
“အဘိုးကြီး.. အခုချက်ချင်း ရပ်လိုက်စမ်း ခင်ဗျားက ဘယ်သူ့ကို မျက်စိကန်းတယ်လို့ ပြောလိုက်တာလဲ၊”
ဤအဘိုးအိုမှာ သေသေချာချာပင် မတ်တပ်မရပ်နိုင်ပါဘဲနှင့်၊ သူတို့အား မျက်စိကန်းသည်ဟု ပြောရဲနေခဲ့သည်။
သူကတော့ သေတွင်းကို ကိုယ်တိုင်တူးနေတာပဲ။
“ထားလိုက်ပါတော့... ထားလိုက်ပါတော့”
ယခုတစ်ကြိမ်တွင်မူ အစ်ကိုထောင်က ပြဿနာမရှာဘဲ သူ့တို့အား ချက်ချင်း တားဆီးလိုက်လေသည်။
“မာစတာကျန်းက မကြာခင် ရောက်တော့မှာ၊ ဆူညံမနေကြနဲ့ .. သူက အဘိုးကြီးတစ်ယောက်ပဲလေ၊ သူ့ကို သွားပြီး ဂရုမစိုက်နဲ့တော့”
ထိုလက်အောက်ငယ်သားမှာ ခဏမျှ ဆဲဆိုနေပြီးနောက် နောက်ဆုံးတွင် လက်လျှော့လိုက်ရတော့သည်။
ထိုအဘိုးအိုက သူတို့အား အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ယိုင်တိယိုင်ထိုးဖြင့် ထွက်ခွာသွားလေသည်။
နာရီအနည်းငယ် ကြာပြီးနောက် :
အစ်ကိုထောင်နှင့် သူ၏လူများသည်က ကျန်းရိရှန်အတွက် လျို့ချင်း ပြင်ဆင်ပေးထားသော ဟိုတယ်သို့ ဒေါသတကြီး ပြန်ရောက်လာကြ၏။
တံခါးကိုပင် မဖွင့်ရသေးမီ သူက အော်ဟစ်လိုက်လေသည်။
“ဒီကျန်းရိရှန်ကတော့ မောက်မာလွန်းတယ် ငါတို့ တစ်နေကုန် စောင့်နေရတာတောင် ပေါ်တောင် မလာဘူး... ဟေး... ချင်းဇီ၊ ဒါက ဘယ်သူလဲ”
ဟိုတယ်အတွင်း၌ လျို့ချင်းနှင့် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦးတို့မှာ သီးသန့်ခန်းအတွင်း ထိုင်နေကြပြီး၊ သူ့အား အေးစက်စွာ စိုက်ကြည့်နေကြလေသည်။
အစ်ကိုထောင်၏ လက်အောက်ငယ်သားမှာ ကြောင်အသွားကာ ဗလုံးဗထွေးဖြင့် ပြောလာသည်။
“ဒါ... ဒါက ဒီနေ့မွန်းလွဲပိုင်းက လှေပေါ်က ဆင်းလာတဲ့ အဘိုးကြီး မဟုတ်ဘူးလား၊ သူက ဒီမှာ ဘာလုပ်နေတာလဲ”
“ပါးစပ်ပိတ်ထားစမ်း”
လျို့ချင်းက အစ်ကိုထောင်နှင့် သူ၏လူအား အေးစက်စွာ စိုက်ကြည့်လိုက်ပြီး မိတ်ဆက်ပေးလိုက်သည်။
“ဒါက မာစတာကျန်းပဲ”
အစ်ကိုထောင်နှင့် သူ၏လူများအားလုံးမှာ မှင်သက်သွားကြရလေသည်။
လေတိုက်ရုံနှင့်ပင် လွင့်ပါသွားနိုင်လောက်အောင် အားနည်းပုံပေါက်ပြီး၊ အသက် ၇၀၊ ၈၀ ခန့် ရှိပုံရသော ဤအဘိုးအိုမှာ အမှန်တကယ်ပင် ကျော်ကြားလှသော မာစတာကျန်း ဖြစ်နေသည်လား။
မကြာမီတွင် အစ်ကိုထောင်နှင့် သူ့လူများ၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။ ဤမာစတာကျန်းမှာ အတုအယောင်များ ဖြစ်နေလေမလား။
သူ၏ အသွင်အပြင်မှာ တစ်နိုင်ငံလုံးတွင် ပြိုင်ဘက်ကင်းခဲ့သော ပုဂ္ဂိုလ်တစ်ဦး၏ ပုံစံနှင့် လုံးဝ ကွဲပြားနေသည် မဟုတ်ပါလား။
ကျန်းရိရှန်က မျက်လွှာပင့်လိုက်ကာ အစ်ကိုထောင်နှင့် သူ၏လူများအား အေးစက်စွာ ဝေ့ဝဲကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်၏။
ထို့နောက် သူသည် လက်ကို အနည်းငယ် မြှင့်လိုက်ကာ တူကို ယူလိုက်ပြီး၊ စားပွဲကို အသာအယာပင် ပုတ်လိုက်လေသည်။
ခွမ်း!
ပြင်းထန်သော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
အစ်ကိုထောင်နှင့် သူ၏လူများမှာ ထိုအသံထွက်ပေါ်ရာသို့ ကြည့်လိုက်ကြပြီး အံ့ဩထိတ်လန့်သွားရသည်။
ဟိုတယ်အခန်း၏ ကြမ်းပြင်ပေါ်တွင် သေးငယ်သော အက်ကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့လေပြီ။
ထိုအက်ကြောင်း၏ အဆုံးတစ်ဖက်မှာ ကျန်းရိရှန် သူ၏စတုဖြင့် ပုတ်လိုက်သော စားပွဲခြေထောက်၏ အဆုံးတွင်ဖြစ်နေသည်။
အစ်ကိုထောင်နှင့် သူ၏လူများမှာ လုံးဝကို တုန်လှုပ်သွားခဲ့ရပေသည်။
ကျန်းရိရှန်သည် စားပွဲကို တူဖြင့်သာ ပုတ်လိုက်ခြင်း ဖြစ်သော်လည်း၊ စားပွဲက မပျက်စီးဘဲ ကြမ်းပြင်မှ ကြွေပြားများမှာ အက်ကွဲသွားခဲ့သည် မဟုတ်ပါလား။
ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အတွင်းအားမျိုးလဲ။
ဤသည်မှာ သူတို့အား သိစေရန် တမင်တကာ လုပ်ပြလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်
အကယ်၍သာ ဤအတွင်းအားကို လူတစ်ဦးအပေါ်တွင် အသုံးပြုလိုက်မည်ဆိုပါက၊ ထိုသူမှာ အသားစိုင် တစ်ခုကဲ့သို့ ကြေမွသွားမည်မှာ သေချာလှသည်။
အစ်ကိုထောင်နှင့် ယခင်က ကျန်းရိရှန်အား ဆဲဆိုခဲ့သော လက်အောက်ငယ်သားတို့၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားခဲ့၏။ အကယ်၍သာ ကျန်းရိရှန်က ထိုကိစ္စကို စာရင်းရှင်းမည်ဆိုလျှင် သူတို့၏ အသက်ကို နှုတ်ယူရန်မှာ သူ့အတွက် အလွန်လွယ်ကူနေပေလိမ့်မည်။
“ဟားဟားဟား”
လျို့ချင်းက အကျယ်ကြီး ရယ်မောလိုက်ပြီး၊ ကျန်းရိရှန်အတွက် ဝိုင်တစ်ခွက်ကို ရိုသေစွာ ငှဲ့ပေးလျက် လက်နှစ်ဖက်ဖြင့် ဆက်သလိုက်လေသည်။
“မာစတာကျန်း ရှိနေမှတော့၊ အဲဒီကောင်လေးကို အမြစ်မဖြတ်နိုင်မှာကို ဘာလို့ စိုးရိမ်နေရတော့မှာလဲ”
မည်သူပင်ဖြစ်စေ သူ၏လူများကို ထိခိုက်အောင် လုပ်ဆောင်သူတိုင်းအား သူ မည်သည့်အခါမျှ လွှတ်ပေးမည် မဟုတ်ပေ။
အစ်ကိုထောင်က ဘေးမှနေ၍ သတိကြီးစွာဖြင့် သတိပေးလိုက်သည်။
“ချင်းဇီ... ကျင့်ဟွမ်က ပိုင်ရှင်မမလေး ရှောင်ချင်းကိုရော ဘယ်လိုလုပ်မလဲ”
လျို့ချင်းက ခေါင်းကို လှန်ကာ ဝိုင်တစ်ခွက်ကို မော့ချလိုက်ပြီး ရက်စက်သော အပြုံးဖြင့် ပြောလာသည်။
“မင်းပြောသလို သူမက တကယ်ပဲ ဆွဲဆောင်မှုရှိနေတယ်ဆိုရင်တော့ ငါက သူမကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး”
တော်ဝင်နံပါတ်တစ် ကလပ်။
ဆံပင်အဖြူများရှိပြီး မုတ်ဆိတ်ဖြူများနှင့် အလွန်ပိန်လှီသော အဘိုးအိုတစ်ဦးမှာ လူအုပ်နှင့်အတူ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာခဲ့၏။
တံခါးစောင့်နေသော သက်တော်စောင့်များမှာ အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြလေသည်။
ဤအဘိုးအိုမှာ အိုမင်းနေပြီဖြစ်သော်လည်း ဤကဲ့သို့သော ဖျော်ဖြေရေးနေရာမျိုးသို့ လာရောက် အပန်းဖြေနေသေးသည်။ ဤသည်မှာ တကယ်ကို ‘ခန္ဓာကိုယ်အိုသော်လည်း စိတ်မအို’သူပင် ဖြစ်ပေသည်။
ထိုအဘိုးအိုမှာ သူတို့၏အနားသို့ လျှောက်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းတို့ရဲ့ ဘော့စ်ကို ထွက်လာခိုင်းလိုက်စမ်း၊ ငါ သူ့ကို ပြောစရာ ရှိတယ်”
သက်တော်စောင့်များမှာ အံ့သြသွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
တစ်ဦးက စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“လူကြီးမင်း... ကျွန်တော်တို့ ဘော့စ်ကို တွေ့ချင်တာ သေချာလား”
အဘိုးအိုက မောက်မာသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
“သေချာတာပေါ့ မင်း... ငါ့အတွက် ကုလားထိုင်တစ်လုံး သွားယူခဲ့စမ်း၊ ငါ ဒီမှာ ထိုင်ပြီး သူ့ကို စောင့်နေမယ်”
သက်တော်စောင့်များမှာ တစ်ဦးကိုတစ်ဦး ပြန်လည် ကြည့်လိုက်ကြပြန်၏။ တချို့မှာ စိတ်မရှည်သော အမူအရာများ ပြသလာကြလေပြီ။
“လူကြီးမင်း... ကျွန်တော်တို့ ဘော့စ်က လူတိုင်း ကြုံသလို တွေ့နိုင်တဲ့လူ မဟုတ်ဘူး၊ ခင်ဗျားမှာ ဘာကိစ္စမှ မရှိရင် အိမ်ကိုပြန်ပြီး မြေးတွေကိုပဲ ထိန်းနေလိုက်တော့၊ ကျွန်တော်တို့ရဲ့ စီးပွားရေးကို လာပြီး မနှောင့်နှေးပါစေနဲ့”
“ဟုတ်တယ်၊ သူက ဒီကို အလည်အပတ်ရောက်နေတာလား၊ ထိုင်ခုံကိုတောင် ယူလာခိုင်းနေတယ်၊ အဘိုးကြီး.. ခင်ဗျား လဲလျောင်းဖို့ ကုတင်ပါ တစ်ခါတည်း ထုတ်ပေးရမလား”
…
သက်တော်စောင့်များမှာ ခဏမျှ ဟာသလုပ်၍ ရယ်မောနေကြလေသည်။
သို့သော် မကြာမီမှာပင် ၎င်းတို့၏ ရယ်သံများမှာ ရပ်တန့်သွားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် ထိုအဘိုးအိုမှာ ရုတ်တရက် လှုပ်ရှားသောကြောင့်ပင်ဖြစ်လေ၏။
သက်တော်စောင့်များမှာ သူ၏ လှုပ်ရှားမှုကိုပင် သေသေချာချာ မမြင်လိုက်ရပေ။ သူသည်က သူတို့အား လျင်မြန်စွာ ဝန်းရံလှည့်ပတ်လိုက်ရုံမျှ ဖြစ်သော်လည်း၊ သူတို့အားလုံးမှာ တစ်စုံတစ်ခုနှင့် အရိုက်ခံလိုက်ရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရလေသည်။
သူတို့က မြေပြင်ပေါ်သို့ အလျင်အမြန်ပင် ပြိုလဲကျသွားကြပြီး အချိန်အတော်ကြာသည်အထိ ပြန်မထနိုင် ဖြစ်နေကြတော့သည်။
နောက်ဆုံးတွင်ရှိနေသော သက်တော်စောင့်တစ်ဦးသာလျှင်
ပါးစပ်အဟောင်းသားဖြင့် မှင်သက်လျက် ရပ်ကျန်နေခဲ့၏။
“ကောင်းပြီ .. အခု မင်းတို့ဘော့စ်ကို ငါ တွေ့ချင်တယ်လို့ သွားပြောပေးလို့ ရပြီလား”
အဘိုးအိုက သူ၏အနားသို့ လျှောက်သွားကာ အေးစက်စွာ ပြောလိုက်သည်။
“တကယ်လို့ မင်း မသွားဘူးဆိုရင်လည်း၊ တခြားလူကို စေလွှတ်ဖို့ ငါ့မှာ နည်းလမ်းတွေ အများကြီး ရှိသေးတယ်”
သက်တော်စောင့်မှာ အလွန်အမင်း ကြောက်လန့်သွားပုံရပြီး ခေါင်းညိတ်ပြလိုက်လေသည်။
“သွားပါ့မယ်၊ သွားပါ့မယ်၊ ကျွန်တော် အခုပဲ သွားပြောလိုက်ပါ့မယ်”
ထိုသို့ပြောပြီးနောက် သူက ထိုအဘိုးအိုအား နောက်တစ်ကြိမ် လှည့်မကြည့်ဝံ့တော့ဘဲ တတိယထပ်ရှိ ခိုင်ယဲ့၏ ရုံးခန်းဆီသို့ အပြေးအလွှား သွားတော့သည်။
လေးငါးမိနစ်ခန့် ကြာပြီးနောက် :
ခိုင်ယဲ့မှာ လူအုပ်စုကို ဦးဆောင်လျက် အောက်ထပ်သို့ အလျင်အမြန် ဆင်းလာခဲ့လေသည်။
သို့သော် သူတို့ အောက်ထပ်သို့ ရောက်ရှိချိန်တွင် လူတိုင်း မှင်သက်သွားကြရသည်။ တော်ဝင်နံပါတ်တစ် ၏ ဧည့်သည်များအားလုံး ထွက်ပြေးသွားကြရုံတင်မကဘဲ၊ ပထမထပ် တစ်ခုလုံးမှာလည်း ရှုပ်ပွနေချေသည်
ပထမထပ်ရှိ လုံခြုံရေးဝန်ထမ်းများနှင့် သက်တော်စောင့်များ အားလုံးမှာလည်း နာကျင်သော အမူအရာများဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းကာ အော်ဟစ်နေကြလေသည်။
ထို့အပြင် ပထမထပ်ရှိ ဧည့်ခန်းမဆောင်၏ အလယ်တည့်တည့်တွင် လူတစ်ဦး ထိုင်နေသည် မဟုတ်ပါလား။
စားပွဲတွင် ထိုင်နေသူမှာ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် ခန္ဓာကိုယ် ပိန်ပါးသော အဘိုးအိုတစ်ဦး ဖြစ်လေ၏။ သူသည် ခိုင်ယဲ့နှင့် သူ၏လူများ လှေကားပေါ်မှ ဆင်းလာသည်ကို အေးစက်စွာ စိုက်ကြည့်နေချေသည်။
“မာစတာခိုင်... သူပါပဲ”
သတင်းပေးပို့ခဲ့သော သက်တော်စောင့်က ထိုအဘိုးအိုအား လက်ညှိုးထိုးပြကာ ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် ပြောလာသည်။
“သူက စကားတစ်ခွန်းမှ မပြောဘဲနဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေကို မြေပြင်ပေါ် လဲကျသွားအောင် လုပ်လိုက်တာပါ၊ ပြီးတော့ မာစတာခိုင် ကို တွေ့ချင်တယ်လို့လည်း ပြောနေပါတယ်”
သက်တော်စောင့် စကားမဆုံးမီမှာပင် ထိုအဘိုးအိုက အေးစက်စွာ တုံ့ပြန်လိုက်သည်။
“မင်းတို့လူတွေက တော်တော်လေး အားနည်းတာပဲ ငါ သွေးတောင် မနွေးသေးဘူး၊ မင်းတို့တွေက မြေပြင်ပေါ် ရောက်နေကြပြီ”
ထိုသက်တော်စောင့်မှာ ဒေါသထွက်လွန်းသဖြင့် အသက်ပင် မရှူနိုင်လောက်အောင် ဖြစ်သွားခဲ့ရပြီး နှာခေါင်းပင် ရှုံ့ပွသွားခဲ့၏။
သူတို့၏ တော်ဝင်နံပါတ်တစ်တွင် ဤမျှအထိ မောက်မာပြီး ရိုင်းစိုင်းသူမျိုးကို သူ ပထမဆုံး မြင်ဖူးခြင်းပင် ဖြစ်၏။
ခိုင်ယဲ့က လက်ယမ်းပြကာ သက်တော်စောင့်အား စိတ်မလောရန် အချက်ပြလိုက်ပြီးနောက်၊ စားပွဲတွင် ထိုင်နေသော အဘိုးအိုအား တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
“ကျွန်တော် မေးပါရစေ၊ လူကြီးမင်းက ဘယ်သူပါလဲ”
အဘိုးအိုက အေးစက်စွာ ပြန်လည်ဖြေလိုက်သည်။
“ငါက ကျန်းရိရှန် ပဲ”
“ကျန်းရိရှန်”
ခိုင်ယဲ့ မျက်မှောင်ကြုတ်လိုက်၏။
“လူကြီးမင်း... ကျွန်တော် လူကြီးမင်းကို သိပုံမရဘူးနော်”
ကျန်းရိရှန်က ပြုံးလိုက်လေသည်။
“မကြာခင် သိရမှာပေါ့”
ခိုင်ယဲ့ : “ဘာဖြစ်လို့လဲ”
ကျန်းရိရှန်က လက်ခုပ်တစ်ချက် တီးလိုက်လျှင် သူ၏ခန္ဓာကိုယ်က လေထဲသို့ ရုတ်တရက် ခုန်တက်သွားခဲ့ပြီး ပြတ်သားသောအသံဖြင့် အော်ဟစ်လိုက်သည်။
“ဘာလို့လဲဆိုတော့ ငါက မင်းကို သတ်ဖို့ လာခဲ့တာမလို့ပဲ”
*
အခန်း(106)
ကျန်းရိရှန်က ကြိုတင်သတိပေးခြင်းမရှိဘဲ ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
“လမ်းဖယ်ကြစမ်း”
မာစတာခိုင်၏တုံ့ပြန်မှုက လျင်မြန်ပေသည်။ ကျန်းရိရှန် စတင်တိုက်ခိုက်လိုက်သည့် ခဏမှာပင် သူက အော်ဟစ်လိုက်ပြီး နောက်သို့ ဆယ်ပေခန့် ဆုတ်ခွာလိုက်၏။
မာစတာခိုင်၏ လူများမှာလည်း ထိတ်လန့်သွားကြပြီး ချက်ချင်းပင် နောက်သို့ ပျာယာခတ်စွာ ဆုတ်ခွာကြတော့သည်။
သို့သော်ဘည်း လူနှစ်ဦးမှာ တုံ့ပြန်မှု နှေးကွေးသွားခဲ့သည့်အတွက် ကျန်းရိရှန်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရလေသည်။ သူက တစ်ယောက်ကိုတစ်ဖက်စီကိုင်ကာ အမှိုက်သရိုက်များကဲ့သို့ ဘေးသို့ လွှင့်ပစ်လိုက်လေသည်။
ဝုန်း!
ဝုန်း!
ပြင်းထန်သော အသံကြီးနှစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ကျန်းရိရှန် လွှင့်ပစ်လိုက်သော ထိုလူနှစ်ဦးမှာ နံရံကို ပြင်းထန်စွာ ဆောင့်မိသွားပြီး နံရံတွင် တွင်းကြီးနှစ်တွင်း ဖြစ်သွားစေခဲ့ပြီးမှ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားခဲ့တော့သည်။
မြေပြင်ပေါ်သို့ ပြုတ်ကျပြီးနောက် မာစတာခိုင်၏ လူနှစ်ဦးမှာ မည်သည့်အချိတ်တွင်မျှ ပြန်ထနိုင်တော့မည်မဟုတ်ပါချေ။
ထို့နောက် ချက်ချင်းပင် ထိုလူနှစ်ဦး ဆောင့်မိသွားသော နံရံမှာ အနည်းငယ် တုန်ခါသွားပြီးနောက် တစ်ခုလုံးနီးပါး ပြိုကျသွားခဲ့လေသည်။
ဖုန်မှုန့်တိမ်တိုက်တစ်ခုမှာလည်း ရုတ်ခြည်း လွင့်ပျံလာခဲ့၏။
တိတ်ဆိတ်သွားခဲ့သည်။
တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေ၏။
လူတိုင်းက ဆွံ့အမှင်သက်သွားကြရပေသည်။
ကျန်းရိရှန်မှာ အသက် ၇၀၊ ၈၀ ခန့် ရှိပုံရပြီး အလွန်ပင် ပိန်လှီလွန်းသောကြောင့် လေတိုက်ရုံနှင့် လွင့်ပါသွားနိုင်သူဟု ထင်ရပေသည်။ သို့သော် မမျှော်လင့်ဘဲ သူ၏အတွင်းအားမှာ ဤမျှအထိ ပြင်းထန်လွန်းနေသည်။
ခိုင်ယဲ့၏ လူယုံတော်နှစ်ဦး ပေါင်းလိုက်လျှင် ပေါင်ချိန် သုံးလေးရာခန့် ရှိသော်လည်း၊ သူသည်က မျက်တောင်တစ်ချက်မခတ်ဘဲ အေးအေးဆေးဆေးပင် လွှင့်ပစ်နိုင်ခဲ့သည် မဟုတ်ပါလား။
သူက နံရံကိုပင် ဖြိုချနိုင်ခဲ့ချေပြီ။
“စောက်ကျိုးနည်း... အဘိုးကြီး၊ ခင်ဗျားက တမင်တကာ ပြဿနာရှာနေတာပဲ ကျုပ် ခင်ဗျားနဲ့ အသေတိုက်မယ်”
ပြောင်ဇီမှာ ခဏမျှ မှင်သက်သွားပြီးနောက် ချက်ချင်းပင် ဒေါသအလိပ်လိုက်ထွက်လာကာ၊ လေပွေတစ်ခုကဲ့သို့ ရှေ့သို့ ပြေးဝင်ရင်း ဆဲဆိုလိုက်လေသည်။
“ဒါက လွန်လွန်းပြီ”
ပြောင်ဇီ ရှေ့သို့ တိုးသွားသည်ကို မြင်လျှင် ခိုင်ယဲ့၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူ့အား တားဆီးရန် ချက်ချင်း လှမ်းခေါ်လိုက်သည်။
“ပြောင်ဇီ ပြန်လာခဲ့စမ်း”
ဤကျန်းရိရှန်မှာ အလွန်အမင်း အစွမ်းထက်လွန်းသောကြောင့် ပြောင်ဇီက သူ၏ပြိုင်ဘက် မဟုတ်ပေ။
သို့သော် ခိုင်ယဲ့ ဝင်ရောက်တားဆီးချိန်တွင် နောက်ကျသွားခဲ့ပြီဖြစ်၏။
ပြောင်ဇီမှာ လေပြင်းတစ်ခုကဲ့သို့ အရှေ့သို့ ပြေးဝင်သွားခဲ့ပြီဖြစ်ကာ ကျန်းရိရှန်မှာတော့ မည်သည့်အမူအရာမျှ မရှိဘဲ တည်ငြိမ်စွာ ရပ်နေဆဲပင်။
ပြောင်ဇီ ရှေ့သို့ ရောက်သွားသောအခါတွင် ကျန်းရိရှန်မှာ မည်သို့မျှပင် လှုပ်ရှားခြင်း မပြုခဲ့ပေ။
သူတို့နှစ်ဦး ခဏမျှ ထိတွေ့မိလိုက်ပြီးနောက်၊ ပုံရိပ်တစ်ခုက သူ၏နောက်ဘက်ရှိ စားပွဲဆီသို့ ခေါင်းစိုက်ကာ လွင့်စင်သွားပြီး စားပွဲကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့လေသည်။
ပြောင်ဇီမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ကျသွားခဲ့ပြီး၊ ပြန်ထရန် ကြိုးစားသော်လည်း မထနိုင်တော့ပေ။
ခိုင်ယဲ့၏ မျက်ဝန်းအိမ်မှာ အနည်းငယ် ကျုံ့သွားခဲ့ပြီး သူ၏ရင်ထဲမှာလည်း တင်းကျပ်လာခဲ့၏။
သူသည်က ပြောင်ဇီနှင့် ရင်းနှီးလာခဲ့သည်မှာ အကြာဆုံး ဖြစ်သကဲ့သို့၊ သူ၏ အရည်အချင်းများကိုလည်း တခြားသူများထက် ပို၍ သိရှိပေသည်။
ပြောင်ဇီသည်က အသင့်အတင့်သော သိုင်းပညာရှိပြီး ခွန်အားကြီးမားသူဖြစ်၍ လူအတော်များများမှာ သူ၏ပြိုင်ဘက် မဟုတ်ကြပေ။
သို့သော် ကျန်းရိရှန်နှင့် ရင်ဆိုင်ရချိန်တွင်တော့ ပြောင်ဇီမှာ ကြက်ကလေးတစ်ကောင်ကဲ့သို့ အလွယ်တကူ လွှင့်ပစ်ခြင်းကို ခံလိုက်ရပြီး ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးပင် မရရှိခဲ့ပေ။
ဤအချက်က ကျန်းရိရှန်၏ အစွမ်း မည်မျှအထိ ကြောက်စရာကောင်းကြောင်း ဖော်ပြနေချေပြီ။
ခိုင်ယဲ့ သူ၏ဦးနှောက်ကို အစွမ်းကုန် အသုံးချ၍ စဉ်းစားနေမိ၏။
သို့သော် နောက်ဆုံးတွင် ကျန်းရိရှန်၏ အမည်ကို ကြားဖူးရုံမျှသာ မှတ်မိပြီး၊ သူ့အား စော်ကားမိဖူးခြင်း မရှိကြောင်း သေချာနေခဲ့သည်။
သို့ဆိုလျှင် သူသည်က အဘယ်ကြောင့် ‘တော်ဝင်နံပါတ်တစ်’ အတွင်းသို့ ရုတ်တရက် ဝင်ရောက်လာပြီး သူ့ကို သတ်ရန် ကြိုးစားရသနည်း။
အကယ်၍ ထိုသို့ဆိုလျှင် ကျန်းရိရှန်မှာ သူ့အား ရှင်းပစ်ရန်အတွက် တစ်စုံတစ်ယောက်၏ ငှားရမ်းခြင်းကို ခံထားရသူ ဖြစ်ရပေမည်။
ထို့အပြင် တစ်ဖက်လူမှာ သူ့အတွက် ထွက်ပေါက် လုံးဝ ချန်ထားရန် စိတ်ကူးမရှိပေ။
ထို့ကြောင့်ပင် ကျန်းရိရှန်၏ ပထမဆုံး လှုပ်ရှားမှုမှာ သေစေနိုင်သော တိုက်ကွက် ဖြစ်နေခြင်းပင်။
“ကဲ... မင်းအလှည့်ပဲ”
ခိုင်ယဲ့တစ်ယောက် အံ့အားသင့်ကာ သံသယဖြစ်နေချိန်မှာပင်၊ ကျန်းရိရှန်က သူ၏မေးစေ့ကို ပင့်မ၍ မောက်မာစွာ ပြောလိုက်လေသည်။
သူ၏ အမူအရာမှာ မောက်မာရုံတင်မကဘဲ အလွန်အမင်းလည်း ဘဝင်မြင့်နေချေသည်။
မာစတာခိုင် သွားကို တင်းတင်းစေ့ကာ အရှေ့သို့ ပြေးဝင်၍ တိုက်ခိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးမှာ ရောထွေးသွားကြပြီး လက်သီးချက်၊ ခြေကန်ချက် ပေါင်းများစွာကို အပြန်အလှန် လှဲလှယ်နေကြတော့သည်။
ကျန်းရိရှန်၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို သိရှိထားသဖြင့် မာစတာခိုင်မှာ အနည်းငယ်မျှပင် ပေါ့ဆခြင်းမရှိဘဲ၊ သူ၏ အရည်အချင်းအားလုံးကို အသုံးပြု၍ ကျန်းရိရှန်အား ရင်ဆိုင်တိုက်ခိုက်နေခြင်း ဖြစ်၏။
သူတို့နှစ်ဦး၏ လှုပ်ရှားမှုမှာ အလွန်လျင်မြန်လွန်းသဖြင့် ဘေးမှကြည့်နေသူများမှာ ပထမထပ်အတွင်း၌ ပုံရိပ်နှစ်ခု ဟိုဟိုဒီဒီ လွင့်ပျံလှုပ်ရှားနေသည်ကိုသာ မြင်တွေ့ရလေ၏။
လက်သီးချက် ခြေကန်ချက်တိုင်းမှာလည်း ပြင်းထန်သော အားအဟုန်များ ပါဝင်နေချေသည်။
ဒုန်း!
ခွမ်း!
ဘုန်း!
…
ပထမထပ်အတွင်း၌ ရင်တုန်စရာကောင်းသော အသံပေါင်းများစွာ ထွက်ပေါ်နေခဲ့သည်။
မာစတာခိုင်နှင့် ကျန်းရိရှန်တို့ ရောက်ရှိသွားသည့် နေရာတိုင်းတွင် စားပွဲများ၊ ဆိုဖာများ၊ လက်ဖက်ရည်စားပွဲများ၊ ပန်းအိုးများနှင့် အခြားသော အလှဆင်ပစ္စည်းများမှာ လေအဟုန်၏ ဒဏ်ကြောင့် မြေပြင်ပေါ်သို့ လဲကျကုန်ပြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။
ပထမထပ်တစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် မွှေနှောက်ဖျက်ဆီးခံထားရသည့်အတိုင်း ပြောင်းလဲသွားခဲ့ရပေသည်။
ခိုင်ယဲ့၏ လူများသည်က သူတို့၏ရှေ့မှ ပုံရိပ်နှစ်ခုကို စူးစိုက်ကြည့်နေကြပြီး၊ ခိုင်ယဲ့အနေဖြင့် ထိုမောက်မာလှသော ကျန်းရိရှန်အား အနိုင်ယူနိုင်ပါစေဟု စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းပေးနေကြ၏။
သို့မဟုတ်ပါက ၎င်းတို့အားလုံး အဆုံးသတ်သွားကြရပေလိမ့်မည်။
ဘုန်း!
နောက်ထပ် ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာပြန်သည်။
ရောထွေးနေသော ပုံရိပ်နှစ်ခုမှာ ရုတ်ခြည်း ကွဲကွာသွားခဲ့၏။
ထိတ်လန့်ဖွယ်ကောင်းစွာပင် ခိုင်ယဲ့ လွင့်စင်သွားခဲ့ပြီးနောက်၊ ပထမထပ်ရှိ အလှဆင်နံရံကို ပြင်းထန်စွာ ဆောင့်မိကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားသည်ကို လူတိုင်း မြင်လိုက်ကြရလေသည်။
ဝုန်း!
ထိုနံရံ၏ အစိတ်အပိုင်း အတော်များများမှာ ချက်ချင်းပင် ပျက်စီးသွားခဲ့ရချေပြီ
“ခိုင်ယဲ့”
“ဘော့စ်”
သူ၏လူများမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး၊ ခိုင်ယဲ့၏ အနားသို့ အလျင်အမြန် ဝိုင်းရံလိုက်ကြသည်။
မည်သူတစ်ဦးတစ်ယောက်ကမျှ ထွက်ပြေးခြင်း မရှိကြပေ။
ယခုကဲ့သို့ အခြေအနေမျိုးတွင်ပင် သူတို့သည် ခိုင်ယဲ့အား ကာကွယ်ပေးနေခဲ့ကြသည်။
ဤသည်က သူတို့၏ တာဝန်ပင် မဟုတ်ပါလား။
“ကျင်းကျုံးရဲ့ခိုင်ယဲ့ ဆိုတာကလည်း ဘာမှမဟုတ်ပါလား၊ အားနည်းလိုက်တာ၊ စကားပဲရှိပြီး တကယ်အင်အားမရှိတဲ့ကောင်ပဲ”
ကျန်းရိရှန်က လှောင်ပြုံးပြုံးကာ ပြောဆိုလိုက်ပြီးနောက်၊ လက်နှစ်ဖက်ကို နောက်ပစ်လျက် ခိုင်ယဲ့ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လာလေသည်။
သက်တော်စောင့်များနှင့် လုံခြုံရေးဝန်ထမ်းများ အားလုံးမှာ မာစတာခိုင်၏ ရှေ့တွင် ခိုင်ခိုင်မာမာ ရပ်တန့်လိုက်ကြပြီး ကျန်းရိရှန်၏ လမ်းကို ပိတ်ဆို့လိုက်ကြသည်။
“မာစတာခိုင်... ကျွန်တော်တို့ သူ့ကို တားထားပါ့မယ်၊ ဘော့စ် အမြန်ပြေးပါတော့”
သူတို့၏ အသွေးအသားများမှာ ကျန်းရိရှန်အား ခေတ္တမျှတော့ နှောင့်နှေးအောင်တော့ လုပ်ဆောင်နိုင်ပေလိမ့်မည်။
မာစတာခိုင် အသက်ရှင်ဖို့ အခွင့်အရေး တစ်ခုရမည်ဆိုလျှင် ဤသည်မှာ ထိုက်တန်ပေသည်။
“မင်းတို့က ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား”
ကျန်းရိရှန်က လှောင်ပြုံးပြုံးလိုက်ရင်း၊ သူ၏ပုံရိပ်မှာ အတောင်ပံဖြန့်ထားသော သိန်းငှက်တစ်ကောင်ကဲ့သို့ လျင်မြန်စွာပျံသွားပြီး၊ မာစတာခိုင်အား ကာကွယ်ထားသော သက်တော်စောင့်များကြားထဲမှ လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့လေသည်။
ထို့နောက် သူ၏ပုံရိပ်မှာ ရုတ်တရက် ကြီးမားလာခဲ့၏။
အနက်ရောင် မီးခိုးငွေ့တစ်ခုမှာ သူ၏ပတ်ဝန်းကျင်၌ ရုတ်ခြည်း ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။
“အား”
“စောက်ကျိုးနည်းပဲ”
…
ကျန်းရိရှန် မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်ချိန်တွင်၊ မာစတာခိုင်၏ လမ်းကို ပိတ်ဆို့ထားသော သက်တော်စောင့်နှင့် လုံခြုံရေးဝန်ထမ်း အားလုံးမှာ မြေပြင်ပေါ်သို့ လဲကျကုန်ကြပြီး အချိန်အတော်ကြာသည်အထိ ပြန်မထနိုင်ဖြစ်နေကြလေပြီ။
သူတို့၏ မျက်လုံးများမှာ မျှော်လင့်ချက် ကင်းမဲ့မှုများဖြင့် ပြည့်နှက်နေချေပြီ။
ဤကျန်းရိရှန်မှာ တကယ့်ကို ကြောက်စရာ ကောင်းလွန်းသည်။
သူတို့ လူအများကြီး ရှိနေလျှင်ပင် သူ့အား ခဏမျှပင် မတားဆီးနိုင်ခဲ့ပါချေ။
ဟမ့်!
ကျန်းရိရှန်က နောက်တစ်ကြိမ် နှာခေါင်းရှုံ့လိုက်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော မာစတာခိုင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။
ခိုင်ယဲ့မှာ နံရံကိုမှီ၍ ထိုင်နိုင်ရန် အသည်းအသန် ကြိုးစားလိုက်ရ၏။
သူသည်က သူ၏အဝတ်အစားများကို ပြန်လည် ပြင်ဆင်လိုက်ပြီး၊ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်လေသည်။
ထို့နောက် သူ့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသော ကျန်းရိရှန်အား အေးစက်သော အပြုံးဖြင့် စိုက်ကြည့်နေခဲ့၏။
“မင်း သေရမှာကို မကြောက်ဘူးလား”
ကျန်းရိရှန်က ခြေလှမ်းရပ်လိုက်ပြီး အနည်းငယ် အံ့အားသင့်စွာ မေးမြန်းလိုက်လေသည်။
သူသည်ကား မသေခင်မှာ ကြောက်လန့်တကြား အော်ဟစ် ငိုယိုနေသူများကို များစွာမြင်ဖူးခဲ့သော်လည်း၊ ခိုင်ယဲ့ကဲ့သို့ တည်ငြိမ်နေသူမျိုးကို မြင်တွေ့ရခြင်းမှာ ပထမဆုံးဖြစ်လေ၏။
“ကြောက်တာပေါ့”
မာစတာခိုင်က ဆေးလိပ်ကို ခပ်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး မီးခိုးငွေ့များကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ကာ ရယ်မောလိုက်လေသည်။
“ဒါပေမဲ့ ငါ့မှာ မူတစ်ခုရှိတယ်”
ကျန်းရိရှန်က မေးလိုက်သည်။
“ဘာမူလဲ”
ခိုင်ယဲ့က ခေါင်းကို နောက်သို့ လှန်လိုက်ကာ သူ့အား အေးစက်သော အပြုံးဖြင့်ဆိုလိုက်လေသည်။
“ဘာကို ကြောက်ရမှာလဲ၊ တခြားလူတစ်ယောက်ရဲ့ ခွေးကိုတော့ ကြောက်နေစရာမလိုပါဘူး”
*