← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း(107) လောင်ဇီရဲ့အသက်က လောင်ဇီရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ

ကျန်းရိရှန် အံ့သြသွားခဲ့ရသည်။

ထို့နောက် သူ ဒေါသများ ထွက်လာခဲ့၏။

မာစတာခိုင်က သူ့အား သူတစ်ပါး၏ ခွေးတစ်ကောင်ဟု ခေါ်ဆိုရဲနေခဲ့သည်။

“ကျောက်ခိုင်... မင်းကတော့ သေတွင်းကို ကိုယ်တိုင်တူးနေတာပဲ”

သူက ရှေ့သို့ လျင်မြန်စွာ ခုန်ဝင်သွားပြီး မာစတာခိုင်အား တိုက်ရိုက်ပင် အပြတ်ရှင်းရန် ခုန်အုပ်လိုက်လေသည်။

သို့သော် သူ ခုန်အုပ်လိုက်သည့် ခဏမှာပင် မြေပြင်ပေါ်၌ လဲလျောင်းနေသော ပြောင်ဇီက သူ၏ခြေထောက်ကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်လေသည်။

“မာစတာခိုင်... သခင်လေးယောင်ဆီကို မြန်မြန် ဖုန်းဆက်လိုက်ပါ၊ သခင်လေးယောင် တစ်ယောက်တည်းပဲ ကျွန်တော်တို့ကို ကယ်နိုင်မှာ၊ ကျွန်တော် ဒီအဘိုးကြီးကို တားထားပါ့မယ်၊ မာစတာခိုင်... မြန်မြန်လုပ်ပါ”

ပြောင်ဇီက ကျန်းရိရှန်အား တင်းကျပ်စွာ ဖက်ထားရင်း မာစတာခိုင်အား အသည်းအသန် အော်ပြောလိုက်လေသည်။

ပြောင်ဇီက သူ၏ခွန်အား အားလုံးကို ဤဖက်ထားမှုအတွင်း အသုံးပြုခဲ့ခြင်းပင်။

မမျှော်လင့်ဘဲ အဖမ်းခံလိုက်ရသဖြင့် ကျန်းရိရှန်မှာ နောက်သို့ ဆွဲခေါ်ခြင်း ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်မှာလည်း ယိုင်တိယိုင်ထိုး ဖြစ်သွားကာ မြေပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်သွားခဲ့ရ၏။

“မင်းကတော့ သေချင်နေပြီပဲ”

သူ နောက်သို့ လှည့်ကြည့်လိုက်လျှင် သူ၏ခြေထောက်ကို တင်းကျပ်စွာ ဖက်ထားသော ပြောင်ဇီကို မြင်လိုက်ရလေ၏။

ကျန်းရိရှန် နှာခေါင်းရှုံ့လျက် ပြောင်ဇီ၏ ရင်ဘတ်ကို ကန်လိုက်လေသည်။

“လွှတ်စမ်း”

သူ၏ ဒေါသအရှိန်ကြောင့် ကျန်းရိရှန်က ခွန်အားအမြောက်အမြား အသုံးပြုခဲ့သည့်အတွက် ပြောင်ဇီမှာ သွေးများ အန်ထွက်လာခဲ့ရ၏။

“ငါ မလွှတ်ဘူး”

“လွှတ်စမ်း ဒါဆိုရင် မင်းအသက်ကို ငါ ချမ်းသာပေးကောင်း ပေးနိုင်လိမ့်မယ်”

“အဲဒီ ချမ်းသာပေးတာကို ဘယ်သူက ဂရုစိုက်မှာလဲ၊ ငါ့အသက်က ငါ့အသက်ပဲ ၊ ငါ လုပ်ချင်တာကို ငါ လုပ်မှာပဲ”

ပြောင်ဇီမှာ သေလုနီးပါး ဖြစ်နေသော်လည်း ကျန်းရိရှန်၏ ခြေထောက်ကို တင်းကျပ်စွာ ဖက်ထားဆဲ ဖြစ်ပြီး၊ သူ၏မျက်လုံးများမှာလည်း အထင်သေးမှုများဖြင့် ပြည့်နှက်နေချေသည်။

သူသည်က သေရမှာကို မကြောက်သဖြင့် မည်သူကမျှ သူ့ကို ကြောက်အောင်လုပ်နိုင်မည် မဟုတ်ပေ။

“လွှတ်စမ်းလို့ ပြောနေတယ်”

ကျန်းရိရှန်မှာ နောက်ဆုံးတွင် ဒေါသ ပေါက်ကွဲသွားခဲ့လေသည်။

သူသည် ပြောင်ဇီအား မောင်းထုတ်ရန် ထပ်မံ၍ ကန်ကျောက်လိုက်ပြန်၏။

သို့သော်လည်း ပြောင်ဇီက လုံးဝ မလွှတ်ခဲ့ပေ။

“ဟင့်အင်း... မလွှတ်ဘူး”

“မင်းကတော့ တကယ်ကို သေချင်နေတာပဲ”

ပြောင်ဇီ၏ ဦးခေါင်းမှာ နောက်ဆုံးတွင် သူ၏ရင်ဘတ်ပေါ်သို့ ငိုက်ကျသွားခဲ့လေပြီ။

သူ သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း ကျန်းရိရှန်၏ ခြေထောက်ကိုတော့ တင်းကျပ်စွာ ဖက်ထားဆဲပင်။

သူ၏ လက်သည်းများမှာ ကျန်းရိရှန်၏ အသားထဲသို့ပင် စိုက်ဝင်နေခဲ့ကာ နောက်ဆုံးအချိန်ထိ မလွှတ်ခဲ့ပေ။

“ပြောင်ဇီ”

ခိုင်ယဲ့က တိုးညင်းစွာ လှမ်းခေါ်လိုက်၏။

သူ၏မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိဘဲ၊ မျက်လုံးများမှာလည်း ခြောက်ကပ်နေချေသည်။

သူ၏ လက်ဖဝါးထဲတွင်တော့ ဆေးလိပ်တစ်လိပ်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်၏။

ရှဲ...

ဆေးလိပ်မှာ ခိုင်ယဲ့၏ လက်ဖဝါးကို လောင်ကျွမ်းနေပြီး တရှဲရှဲ အသံများ ထွက်ပေါ်နေသော်လည်း သူသည်က နာကျင်မှုကို မခံစားရပုံရသည်။

သို့သော် သူ၏နှလုံးသားမှာတော့ အလွန်အမင်း နာကျင်နေခဲ့ရပေသည်။

နှစ်ပေါင်းများစွာ အတူရှိခဲ့သော သူ၏ညီအစ်ကိုမှာ သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။

သူ တကယ်ကို နာကျင်နေမိသည်။

“တကယ့်ကို သစ္စာရှိတဲ့ ခွေးတစ်ကောင်ပဲ၊ သေသွားတာတောင်မှ ဖက်ထားသေးတယ်”

ကျန်းရိရှန်က သူ၏ခြေထောက်ကို ထပ်မံ မြှင့်လိုက်ပြီး၊ သူ့အား ဖက်ထားသော ပြောင်ဇီ၏ လက်မောင်းနှစ်ဖက်ကို ပြင်းထန်စွာ နင်းခြေလိုက်လေသည်။

ဂျွတ်..

ပြောင်ဇီ၏ လက်မောင်းနှစ်ဖက်လုံးမှာ ကျိုးသွားခဲ့ချေပြီ။

ခိုင်ယဲ့၏ မျက်လုံးများတွင် အမုန်းတရားများ လောင်မြိုက်လာခဲ့၏။

ထိုခဏတွင် သူသည် ကျန်းရိရှန်၏ အသားကို ကိုက်ဖဲ့၍ သူ၏သွေးကို သောက်လိုစိတ်များ ဖြစ်ပေါ်နေမိသည်။

ကျန်းရိရှန်က ပြောင်ဇီ၏ အလောင်းကို ကန်ထုတ်လိုက်ပြီးနောက် ခိုင်ယဲ့ရှိရာသို့ ထပ်မံ လျှောက်လှမ်းလာပြန်သည်။

ခိုင်ယဲ့မှာ နံရံမှနေ၍ မတ်တပ်ရပ်နိုင်ရန်ပင် အသည်းအသန် ကြိုးစားနေရ၏။

သူ သေရမည်ဆိုလျှင်ပင် ကျန်းရိရှန်အား ငရဲပြည်အထိ ဆွဲခေါ်သွားမည်ဟု ဆုံးဖြတ်ထားပေသည်။

တစ်လှမ်းချင်း...

ကျန်းရိရှန်မှာ ပို၍ နီးကပ်လာချေပြီ...

ဒေါက်..

ထိုအချိန်မှာပင် ပထမထပ်တစ်ခုလုံးမှာ မှောင်မည်းသွားခဲ့လေသည်။

အေးစက်လှသော လေပြင်းတစ်ခုမှာလည်း ရုတ်တရက် တိုက်ခတ်လာခဲ့၏။

*

ကျင့်ဟွမ်ကလပ်၏ စျေးအကြီးဆုံးသော သီးသန့်အခန်းအတွင်း၌ :

လျို့ချင်းသည် ဆိုဖာပေါ်တွင် ထိုင်နေပြီး၊ သူ၏ပတ်ဝန်းကျင်တွင်တော့ သက်တော်စောင့် တစ်ဒါဇင်ခန့်နှင့် လှပသော အမျိုးသမီး အဖော်အချို့ ဝန်းရံထားလေသည်။

သူ၏မျက်နှာချင်းဆိုင်တွင် ကျင့်ဟွမ်၏ ပိုင်ရှင်မမလေး ရှောင်ချင်း ထိုင်နေခဲ့သည်။ ရှောင်ချင်းမှာ ယနေ့တွင် ထူးထူးခြားခြား ပြင်ဆင်ထားပုံရပြီး၊ ပုခုံးဟိုက်ကာ ဘေးဘက်တွင် ခွဲထားသော အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားသည်။

သူမ၏ ရုပ်ရည်မှာ အပြစ်ပြောစရာမရှိဘဲ လှပလွန်းလှသလို၊ နီမြန်းသော နှုတ်ခမ်းလွှာနှင့် လှိုင်းတွန့်ဆံပင်များမှာလည်း သူမ၏ ဖြူဖွေ့သော ပုခုံးလေးများပေါ်တွင် ဝဲဖြာကျနေချေသည်။

သူမသည်က သူမ၏ နုနယ်ဖြူစင်သော လက်လေးများဖြင့် ဝိုင်ခွက်ကို ကိုင်ဆောင်ထားပြီး၊ နီမြန်းသော နှုတ်ခမ်းလွှာမှာလည်း အနည်းငယ် ဟနေကာ၊ သူမ၏ အမူအရာမှာလည်း ဆွဲဆောင်မှုအပြည့်ရှိနေပေသည်။

သူမ၏ မျက်ဝန်းများမှာ အလွန်ပင် ပြုစားနိုင်စွမ်းရှိပေသည်။

လျို့ချင်းကဲ့သို့သော ဝါရင့်အမျိုးသားတစ်ဦးပင်လျှင် ရှောင်ချင်းအပေါ် စွဲလန်းသွားခဲ့ရပြီး၊ သူ၏အကြည့်မှာ သူမထံမှ မခွာနိုင် ဖြစ်နေရသည်။

“ပိုင်ရှင်မမလေးက တကယ့်ကို ကြင်နာတတ်တာပဲ”

လျို့ချင်းက သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေသော လှပသည့် အမျိုးသမီးများကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ သူ၏မျက်လုံးများတွင် အရောင်တောက်လျက် အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

“ဒါပေမဲ့ ဘယ်လောက်လှပတဲ့ ပန်းတွေပဲဖြစ်ဖြစ်၊ ပိုင်ရှင်မမလေးရဲ့ အလှကိုတော့ မမီနိုင်ပါဘူး”

ရှောင်ချင်း၏ နှုတ်ခမ်းလွှာလေးမှာ အနည်းငယ် ကွေးညွှတ်သွားခဲ့ပြီး သူမ၏ မျက်ဝန်းများမှာလည်း ဆွဲဆောင်မှု ပိုရှိလာသည်။

“တကယ်လား၊ အစ်ကိုလျို့... ဒါက ကျွန်မကို မြှောက်ပင့်ပြီး ပြောနေတာ မဟုတ်ဘူးမလား၊ ကျွန်မက အိုနေပါပြီ၊ ဒီလို နုပျိုတဲ့ မိန်းကလေးငယ်လေးတွေကို ဘယ်မှာ မီနိုင်ပါ့မလဲ”

သူမ၏ အသံမှာ နူးညံ့သိမ်မွေ့လွန်းပြီး လျို့ချင်း၏ နှလုံးသားကို ယားကျိကျိ ဖြစ်စေခဲ့၏။ လျို့ချင်းက ခပ်တိုးတိုး ရယ်မောလိုက်ရင်း ဘေးနားကို ပုတ်ပြလိုက်သည်။

“ဒါဆိုရလည်း ဒီနားကို လာခဲ့စမ်းပါဦး၊ ကိုယ် မင်းရဲ့အသားကို တစ်ချက်လောက် ဆိတ်ကြည့်ချင်လို့၊ အသားထဲလေးကနေ ရေတွေများ ထွက်လာမလားလို့လေ”

ရှောင်ချင်းမှာ ခဏမျှ တွန့်ဆုတ်နေဟန် ပြုပြီးမှ နောက်ဆုံးတွင် လျို့ချင်း၏ အနားသို့ ယဉ်ကျေးသိမ်မွေ့စွာ လျှောက်သွားလိုက်လေသည်။

အနီရောင်ဂါဝန်လေးမှာ သူမ၏ သွယ်လျသော ခါးလေးကို ပေါ်လွင်စေပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း အလွန်ပင် ဆွဲဆောင်မှု ရှိနေသည်။ လျို့ချင်း၏ မျက်လုံးများမှာ ပို၍ပင် အရောင်တောက်လာခဲ့၏။

ရှောင်ချင်း သူ၏အနားသို့ ရောက်သည်နှင့် လျို့ချင်းက ချက်ချင်းပင် သူမကို ဆွဲယူကာ သူ၏ဘေးမှ ဆိုဖာပေါ်သို့ လှဲချလိုက်လေသည်။

သူက ရယ်မောရင်း ပြောလာသည်။

“အသားလေးက ဒီလောက် နုနေမှတော့... ကိုယ်က စားပစ်လို့ ရမလား”

ဤမေးခွန်းမှာ အလွန်ပင် တိုက်ရိုက်ဆန်လွန်းသည်။ ရှောင်ချင်းသည်လည်း လျို့ချင်း၏ ဆိုလိုရင်းကို သဘာဝကျစွာပင် နားလည်သွားခဲ့ပြီး သူမ၏ မျက်နှာမှာလည်း ရုတ်တရက် နီမြန်းသွားခဲ့ရ၏။

“အစ်ကိုလျို့... ဒီမှာ ကြည့်နေတဲ့ မျက်လုံးတွေ အများကြီးပဲ၊ ကျွန်မက အဲဒီလိုဆိုရင် အသားမကျသေးလို့ပါ”

သူမသည်က သူမ၏ နီမြန်းလှပသော နှုတ်ခမ်းလွှာလေးကို စူထော်ပြလိုက်ရင်း၊ လျို့ချင်း၏ နောက်ကွယ်တွင် ရပ်နေသော သက်တော်စောင့် တစ်ဒါဇင်ကျော်အား လက်ညှိုးထိုးပြလိုက်လေသည်။

*

အတိုင်းအဆမဲ့သော ဆွဲဆောင်မှု။

လျို့ချင်းသည် သူ၏ခေါင်းကို အနည်းငယ် ငုံ့ကြည့်လိုက်ရုံမျှဖြင့် အရှေ့မှ အဆုံးမရှိ ဆွဲဆောင်မှုရှိသော အလှတရားကို မြင်တွေ့နေရချေသည်။

သူ၏ နှလုံးသားထဲတွင် ဝှက်ကွယ်နေသော ရမ္မက်မီးမှာ ရှောင်ချင်းကြောင့် ချက်ချင်းပင် တောက်လောင်လာခဲ့လေ၏။ ထို့နောက် တောမီးကဲ့သို့ ပျံ့နှံ့သွားကာ သူ့တစ်ကိုယ်လုံးကို လျင်မြန်စွာ လွှမ်းခြုံသွားတော့သည်။

ပထမဆုံးအကြိမ်အဖြစ် လျို့ချင်းမှာ အနည်းငယ် ပျာယာခတ်နေခဲ့လေ၏။

“မင်းတို့ အကုန်လုံး အပြင်ထွက်ကြစမ်း!”

လျို့ချင်းက သူ၏ သက်တော်စောင့်အဖွဲ့အား အမိန့်ပေးလိုက်လေသည်။

“အစ်ကိုလျို့” ဖြစ်လာကတည်းက သူသည် သက်တော်စောင့်များ မပါဘဲ နေခဲပေသည်။

သို့သော် ယခုတွင်တော့ သူက အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။

သူ၏ မျက်လုံးများထဲတွင် ဆွဲဆောင်မှုရှိသော မိဖုရားခေါင်ကြီးသာ ရှိနေတော့သည်။

သက်တော်စောင့်ခေါင်းဆောင်မှာ ခဏမျှ တွန့်ဆုတ်နေပြီးမှ တိုးညင်းစွာ လှမ်းခေါ်လိုက်သည်။

“အစ်ကိုလျို့!”

လျို့ချင်း၏ မျက်နှာက ရုတ်တရက် တင်းမာသွားခဲ့ပြီး မကျေမနပ်ဖြစ်သော အမူအရာဖြင့် ပြောလိုက်လေ၏။

“ငါ ပြောတာ မကြားဘူးလား၊ ထွက်သွားကြစမ်း!”

သူ၏ မျက်နှာက ညိုမှောင်သွားသဖြင့် သက်တော်စောင့်ခေါင်းဆောင်မှာ နောက်ထပ် စကားတစ်ခွန်းမျှ မဟဝံ့တော့ဘဲ သူ၏ အဖော်များကို အပြင်သို့ လိုက်ခဲ့ရန် ချက်ချင်း လက်ယမ်းပြ၍ သီးသန့်ခန်းအတွင်းမှ ထွက်ခွာသွားကြတော့သည်။

“မင်းတို့လည်း အကုန်ထွက်သွားကြ!”

လျို့ချင်းက လှပသော အမျိုးသမီး အဖော်အချို့ကိုပါ ထပ်မံ အမိန့်ပေးလိုက်ပြန်သည်။

ကျင့်ဟွမ်၏ ပိုင်ရှင်မမလေးသည်က ဆူးပါသော နှင်းဆီတစ်ပွင့်နှင့် တူသည်ဟု အားလုံးက ပြောကြသည်။ သူက ထိုဆူးပါသော နှင်းဆီကို ခူးဆွတ်၍ သိမ်းပိုက်ရန် ဆုံးဖြတ်ထားပေသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် အနှောင့်အယှက် အပေးမခံရခြင်းမှာ အကောင်းဆုံးပင်။

အမျိုးသမီး အဖော်များက ရှောင်ချင်းအား ကြည့်လိုက်လျှင် သူမက အနည်းငယ် ခေါင်းညိတ်ပြလိုက်သဖြင့် သဘောပေါက်သွားကြကာ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြလေသည်။

သီးသန့်ခန်း၏ တံခါးမှာ ဖြည်းဖြည်းချင်း ပိတ်သွားခဲ့၏။

အခန်းအတွင်း၌ လျို့ချင်းနှင့် ရှောင်ချင်း တို့နှစ်ဦးသာ ကျန်ရှိတော့သည်။

“ကဲ... အခုတော့ မင်းရဲ့အသားထဲကနေ ရေထွက်အောင် ညှစ်လို့ ရ၊ မရ ကိုယ် ကြည့်လို့ ရပြီလား”

လျို့ချင်းက ဆိုဖာပေါ်ရှိ ရှောင်ချင်းအား သူမကို အရည်ပျော်စေနိုင်လောက်သော ရမ္မက်ဇောများဖြင့် ကြည့်လိုက်လေသည်။

သူက ခပ်တိုးတိုး ရယ်မောရင်း သူမ၏ အနားသို့ ချဉ်းကပ်သွား၏။

ရှောင်ချင်းက ချိုမြိန်စွာ ပြုံးပြလိုက်လျှင် သူမ၏ မျက်ဝန်းများမှာ ပြုစားနိုင်စွမ်း ရှိနေခဲ့ပေသည်။

“အစ်ကိုချင်း... အစ်ကိုက ကျွန်မကို တကယ်ပဲ ကြိုက်လို့လားဟင်”

လျို့ချင်းမှာ အနည်းငယ် စိတ်မရှည်တော့ဘဲ ချက်ချင်းပင် အတည်ပြု ခေါင်းညိတ်လိုက်သည်။

“တကယ်ကြိုက်တာပေါ့၊ ပုလဲထက်တောင် ပိုပြီး စစ်မှန်သေးတယ်၊ အခန်းထဲမှာလည်း ဘယ်သူမှ မရှိတော့ဘူးဆိုတော့ အားနာမနေပါနဲ့တော့၊ ကိုယ့်ကို...”

ရှောင်ချင်း၏ ရယ်သံမှာ ကြည်လင်ပြတ်သားပြီး သာယာနာပျော်ဖွယ် ရှိလှပေသည်။

သူမက လျို့ချင်း၏ ကိုယ်ပေါ်သို့ မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်လိုက်လေ၏။

*

အခန်း(108)

လျို့ချင်းမှာ လုံးဝကို ပြုစားခြင်း ခံလိုက်ရချေပြီ။

ရှောင်ချင်းသည်ကား လျို့ချင်းအား တွယ်ကပ်လိုက်သည့် ခဏမှာပင် သူမ၏ အပြုံးများမှာ ပျောက်ကွယ်သွားခဲ့ပြီး၊ အေးစက်လွန်းသော အမူအရာနှင့် အရိုးထဲအထိ စိမ့်အောင် နာကျည်းနေသော အမုန်းတရားများက အစားထိုးဝင်ရောက်လာခဲ့လေသည်။

သူမက လက်တစ်ဖက်ဖြင့် တွန်းထားဟန် ပြုမူလိုက်ရင်း၊ ကျန်လက်တစ်ဖက်မှာတော့ သူမ၏ ခါးကြားမှ ဓားမြှောင်တစ်စင်းကို လျင်မြန်စွာ ဆွဲထုတ်လိုက်၏။

ထို့နောက် ရှောင်ချင်းက ဓားမြှောင်ကို အမြင့်သို့ မြှောက်လိုက်လေသည်။။

တစ်ချက်တည်းနှင့် လျို့ချင်း သွေးထွက်လွန်ပြီး သေရပေမည်။

ဤကဲ့သို့ သေဆုံးခြင်းမှာ လျို့ချင်းအတွက်တော့ လွယ်ကူလွန်းလှသော်လည်း အနည်းဆုံးတော့ သူမ၏ မိသားစုနှင့် ညီမဖြစ်သူအတွက် လက်စားချေနိုင်မည် မဟုတ်ပါလား။

“အချစ်လေး... ကိုယ် လာပြီနော်!”

လျို့ချင်းမှာတော့ ကျရောက်တော့မည့် ဘေးအန္တရာယ်ကို သတိမမူမိဘဲ၊ ပြုံးဖြီးဖြီးနှင့် ရှောင်ချင်းအား ဘေးသို့ တွန်းဖယ်လိုက်လေသည်။

ရှောင်ချင်း ဆိုဖာပေါ်သို့ လဲကျသွားသည့် ခဏမှာပင်၊ သူမ၏ လက်ထဲရှိ ဓားမြှောင်မှာ လျို့ချင်း၏ လည်ပင်းဆီသို့ လျှပ်စီးကဲ့သို့ ဦးတည်သွားခဲ့ချေပြီ။

ရှူး!

မမျှော်လင့်ဘဲ ဓားမြှောင်မှာ လျို့ချင်း၏ လည်ပင်းသို့ ရောက်ရှိခါနီးမှာပင်၊ တုံးတိတိ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

မှိန်ဖျော့သော ရွှေရောင် အလင်းတန်းတစ်ခုမှာ လျို့ချင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့လေသည်။

ထိုရွှေရောင်အလင်းတန်းမှာ ထွက်ပေါ်လာသည့် ခဏမှာပင် စူးရှတောက်ပသော ခေါင်းလောင်းသဏ္ဌာန် အလင်းလွှာတစ်ခုအဖြစ်သို့ ပေါင်းစည်းသွားခဲ့၏။

ရှောင်ချင်း၏ လက်ထဲရှိ ဓားမြှောင်မှာ ကျောက်တုံးတစ်တုံးကို သွားတိုက်မိသကဲ့သို့ ဖြစ်သွားခဲ့ကာ သူမ၏ လက်မှာ တုန်ခါသွားပြီး ဓားမြှောင်မှာ ဆိုဖာပေါ်သို့ အသံကျယ်ကျယ်နှင့်အတူ ပြုတ်ကျသွားတော့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုဓားမြှောင်မှာ လျို့ချင်း၏ ရှေ့တည့်တည့်သို့ ကျရောက်သွားခဲ့၏။

“မင်းလို မိန်းကလေးတစ်ယောက်က ဘာလို့များ ဓားမြှောင်နဲ့ ဆော့ကစားနေရတာလဲ”

လျို့ချင်း၏ မျက်လုံးများအတွင်း၌ ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ဆိုဖာပေါ်မှ ဓားမြှောင်ကို ဖြည်းဖြည်းချင်း ကောက်ယူလိုက်ကာ ရှောင်ချင်းအား ပြုံးလျက် ကြည့်လိုက်လေသည်။

ထို့နောက် ကျောရိုးတစ်လျှောက် စိမ့်သွားစေမည့် လေသံဖြင့် ဖြည်းဖြည်းချင်း ပြောဆိုလိုက်သည်။

“မင်းရဲ့ လက်ချောင်းလေးကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ၊ ဒီလောက် နုနယ်တဲ့ အသားအရေလေးကို ထိခိုက်သွားရင် ကိုယ် စိတ်မကောင်း ဖြစ်ရလိမ့်မယ်”

ရှောင်ချင်း တုန်လှုပ်သွားခဲ့ရပေသည်။

ထို့နောက် ရှောင်ချင်းမှာ သူမ၏ ညီမဖြစ်သူ အဓမ္မပြုကျင့်ခံခဲ့ရသော နေ့ဆီသို့ စိတ်အာရုံက ရုတ်တရက် ရောက်ရှိသွားခဲ့၏။

ထိုအချိန်က လျို့ချင်းသည် ရှောင်ချင်း၏ ညီမအား လူပုံအလယ်တွင် စော်ကားခဲ့ခြင်း ဖြစ်ပေသည်။

အရှက်ခွဲခြင်းကို မခံနိုင်တော့သဖြင့် ရှောင်ချင်း၏ ညီမက တစ်နေရာမှ ဓားမြှောင်တစ်စင်းကို ဆွဲယူကာ အရှက်နှင့် ဒေါသတို့ဖြင့် လျို့ချင်းအား ထိုးနှက်ခဲ့ဖူးလေသည်။

ထိုခဏတွင် လျို့ချင်းက သူမ၏ ညီမလက်ကို ဖမ်းဆုပ်ကာ ကြောက်မက်ဖွယ်ကောင်းသော စကားတစ်ခွန်းကို ပြောခဲ့၏။

ထိုစကားမှာ ယခု ပြောလိုက်သည့် စကားနှင့် တိကျစွာ တူညီနေခဲ့သည်။

ရှောင်ချင်း၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်၍မရအောင် တုန်ရင်လာခဲ့၏။

သူမ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေလျက် လျို့ချင်းအား စိုက်ကြည့်နေမိသည်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက် သူမက အလောင်းတစ်ခုဖြစ်နေပြီ ဆိုသော်ငြားလည်း၊ ရက်စက်လွန်းသော လျို့ချင်း၏ ရှေ့တွင်တော့ သူမက ယခင်က ကြောက်လန့်နေခဲ့သော မိန်းကလေးငယ်လေးအဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့ရပြန်သည်။

လျို့ချင်း၏ ရက်စက်သော မျက်နှာကို မြင်လိုက်ရချိန်တွင် ကြောက်ရွံ့မှုကို ခံစားနေရဆဲပင်။

လျို့ချင်းက သူမကို မှတ်မိသွားခြင်းများလား။

မဟုတ်ရင် ဘာလို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက စကားလုံးအတိုင်း အတိအကျ ပြောရတာလဲ။

တော်ဝင်နံပါတ်တစ်ကလပ်။

ခိုင်ယဲ့မှာ ကျန်းရိရှန်အား အသေတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် မတ်တပ်ရပ်နိုင်ရန် အသည်းအသန် ကြိုးစားနေစဉ်မှာပင် ပထမထပ်ရှိ မီးများအားလုံးမှာ ရုတ်တရက် ငြိမ်းသွားခဲ့လေသည်။

ပထမထပ်တစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်း မှောင်မည်းသွားခဲ့ချေပြီ။

မင်ရည်ကဲ့သို့ မှောင်မည်းနေ၏။

မည်သည့်အရာကိုမျှ မြင်တွေ့နိုင်ခြင်း မရှိတော့ပေ။

အေးစက်လွန်းသော လေပြင်းတစ်ခုမှာလည်း ရုတ်တရက် တိုက်ခတ်လာခဲ့၏။

လူတိုင်းမှာ မသိစိတ်ကပင် တုန်ရင်မိသွားကြရလေသည်။

မာစတာခိုင် နှင့် သူ၏လူများမှာ အစပိုင်းတွင် မှင်သက်သွားကြသော်လည်း၊ ထို့နောက် ၎င်းတို့၏ နှလုံးသားအတွင်း၌ မျှော်လင့်ချက်လှိုင်းတစ်ခု ချက်ချင်း မြင့်တက်လာခဲ့သည်။

အခြေအနေမှာ ထူးဆန်းနေသော်လည်း ၎င်းမှာ ၎င်းတို့အတွက်တော့ သေချာပေါက် အသာစီးရစေမည် မဟုတ်ပါလား။

မည်သို့ပင်ဆိုစေ ပထမထပ်မှာ မှောင်မည်းနေသည် ဖြစ်၍ လူနှစ်ဦး မျက်နှာချင်းဆိုင် ရပ်နေလျှင်ပင် တစ်ဦးကိုတစ်ဦး မြင်နိုင်လိမ့်မည် မဟုတ်ပေ။

ခိုင်ယဲ့မှာ မရေမရာဖြင့် ခြေလှမ်းအနည်းငယ် လှမ်းကြည့်လိုက်၏။

မလှမ်းမကမ်းတွင် ရှိနေသော ကျန်းရိရှန်က မည်သည့် တုံ့ပြန်ခြင်း မရှိပေ။

သူ တမင်တကာပင် ခြေထောက်ဖြင့် ကြမ်းပြင်ကို အသံကျယ်ကျယ် နင်းကြည့်လိုက်၏။

ကျန်းရိရှန် တုံ့ပြန်ခြင်း မရှိသေးပေ။

ထူးဆန်းလိုက်တာ။

ယေဘုယျအားဖြင့်ဆိုလျှင် ကျွမ်းကျင်သူများမှာ မျက်စိရှင်ပြီး နားပါးကြသည်ဖြစ်၍ တစ်ခါတစ်ရံတွင် မျက်စိကို အသုံးမပြုဘဲ မြင်နိုင်စွမ်း ရှိကြပေသည်။

သို့သော် သူသည် တမင်တကာ အသံမြည်အောင် လုပ်ဆောင်ခဲ့သော်လည်း ကျန်းရိရှန် က အဘယ်ကြောင့် တုံ့ပြန်ခြင်း မရှိရသနည်း။

ဘာတွေ ဖြစ်နေတာလဲ။

တစ်ချိန်တည်းမှာပင် ကျန်းရိရှန် သည်လည်း သူ၏ မျက်မှောင်များကို ကြုတ်လျက် ရုတ်တရက် ရပ်တန့်သွားခဲ့၏။

သိုင်းလောကအတွင်း ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ ဖြစ်၍ ဤအခြေအနေမှာ သာမန်မဟုတ်ကြောင်း၊ လျှပ်စစ်မီး ပြတ်တောက်ရုံမျှ မဟုတ်ကြောင်း သူ သဘာဝကျစွာပင် သိရှိပေသည်။

တစ်စုံတစ်ယောက်က တစ်ခုခု လုပ်ဆောင်နေခြင်းဖြစ်မည်။

ထို့အပြင် ထိုတစ်ဖက်လူမှာလည်း အစွမ်းထက်သော ကျွမ်းကျင်သူတစ်ဦး ဖြစ်ရပေမည်။

“ကျင်းကျုံး ရဲ့ ခိုင်ယဲ့ ... မင်းက နာမည်ကျော် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တာတောင် ထွက်ပြေးဖို့အတွက် ဒီလို ယုတ်ညံ့တဲ့ နည်းလမ်းတွေကို သုံးနေတာလား?”

ခဏမျှ ရပ်တန့်ပြီးနောက် ကျန်းရိရှန်က ချက်ချင်းပင် အော်ဟစ်လိုက်သည်။

“ခိုင်ယဲ့က အထူးတပ်ဖွဲ့ဝင်ဟောင်း တစ်ယောက်ဖြစ်ပြီး အစွမ်းထက်တယ်လို့ ငါ ကြားဖူးခဲ့တာ ကြာပြီ၊ ဒါပေမဲ့ ဒီလိုနည်းလမ်းတွေကို သုံးလိမ့်မယ်လို့တော့ လုံးဝ မထင်ထားခဲ့ဘူး! တကယ့်ကို ယုတ်ညံ့လွန်းပါတယ်!”

သူသည် မာစတာခိုင်အား တမင်တကာ ဆွပေးနေခြင်းဖြစ်၏။

အကယ်၍ မာစတာခိုင်က အသံအနည်းငယ်မျှ ထွက်လိုက်မည်ဆိုပါက တစ်ဖက်လူ၏ တည်နေရာကို အတိအကျသိရှိနိုင်လိမ့်မည်။

မှောင်နေလျှင်ပင် အသံကို နားထောင်ခြင်းဖြင့် သူသည် မာစတာခိုင် အား ရှာဖွေ သတ်ဖြတ်ကာ ယနေ့ တာဝန်ကို ပြီးဆုံးအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပါလား။

သို့သော်လည်း သူ၏ လှောင်ပြောင်သော စကားလုံးများမှာ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။

သူ့၏ပတ်ဝန်းကျင်ရှိ လူများ၏ အသက်ရှူသံကိုပင် သူ မကြားရတော့ပေ။

တစ္ဆေဆန်သော လေပြင်းများ၏ အူသံကိုသာ ကြားနေရ၏။

ပထမဆုံးအကြိမ်အဖြစ် ကျန်းရိရှန် သည် နက်ရှိုင်းသော စိုးရိမ်စိတ်ကို ခံစားလိုက်ရပေသည်။

“ဘာလဲ... ခိုင်ယဲ့ လည်း ကြောက်လန့်ပြီး သေသွားပြီလား၊ စကားပြန်ပြောဖို့တောင် ကြောက်နေတာလား”

ကျန်းရိရှန်သည် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်ရင်း ဆက်ပြောနေခဲ့သည်။

“မင်းရဲ့ လက်အောက်ငယ်သားကတော့ သူ့သခင်အတွက် သစ္စာရှိရှိ ကာကွယ်ပေးခဲ့တာပဲ၊ ဒါပေမဲ့ မင်းကတော့ တကယ့်ကို ငကြောက်ဖြစ်နေတာကိုး.. အခြေအနေ မဟန်တာနဲ့ မင်းက ချက်ချင်း ထွက်ပြေးတယ်ပေါ့၊ သူ့အတွက် လက်စားချေပေးဖို့တောင် မဝံ့ရဲဘူးလား...”

မာစတာခိုင်မှာ တိတ်ဆိတ်နေဆဲ ဖြစ်၍ ကျန်းရိရှန်က ပြောင်ဇီ ကို အသုံးချကာ သူ့အား ထပ်မံ ဆွပေးလိုက်ခြင်း ဖြစ်၏။

ဒေါက်...ဒေါက်...ဒေါက်...

နောက်ဆုံးတွင် တုံ့ပြန်မှုတစ်ခု ရှိလာခဲ့ချေပြီ။

ခြေသံပင်။

တစ်စုံတစ်ယောက်က သူ့ထံသို့ ဖြည်းဖြည်းချင်း၊ စမ်းတဝါးဝါးဖြင့် ချဉ်းကပ်လာနေသည့် အသံ ဖြစ်ပေသည်။

ကျန်းရိရှန်က ကျေနပ်စွာ ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ပိုက်လျက်၊ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားလိုက်၏။

အကယ်၍ မာစတာခိုင်က အနည်းငယ်မျှ ပို၍ နီးကပ်လာမည်ဆိုပါက၊ သူ့အနေဖြင့် ရုတ်တရက် တိုက်ခိုက်ကာ မာစတာခိုင်အား သေစေနိုင်သော လက်သီးချက်ပေးလိုက်လိမ့်မည်။

ခဏအကြာတွင် :

ခြေသံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့၏။

ကျန်းရိရှန်က မော့ကြည့်လိုက်ရာ ပေအနည်းငယ် အကွာတွင် ရပ်နေသော အရိပ်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။

“လိမ္မာတဲ့ ကောင်လေးပဲ၊ မင်းကတော့ သတ္တိရှိသားပဲ၊ တကယ်ပဲ သေတွင်းထဲကို လာခဲ့တာပေါ့”

ကျန်းရိရှန်က လှောင်ပြုံးပြုံးလိုက်ရင်း၊ သူ၏လက်သီးကို ထိုအရိပ်ရှိရာ အရပ်ဆီသို့ ရုတ်ခြည်း ပစ်သွင်းလိုက်လေသည်။

ထိုလက်သီးချက်မှာ မိုးကြိုးကဲ့သို့ ပြင်းထန်လှ၏။

တားဆီး၍ မရနိုင်ပေ။

သူ၏လက်သီးမှာ မလှမ်းမကမ်းရှိ ထိုအမှောင်ရိပ်အား အတိအကျ ထိမှန်သွားခဲ့ချေပြီ။

ဤလက်သီးချက် တစ်ချက်တည်းနှင့်တင် တစ်ဖက်လူမှာ သေချာပေါက် သေရပေမည်။

သို့သော်လည်း ကျန်းရိရှန် ၏ လက်သီးမှာ ထိုအမှောင်ရိပ်အား ထိမှန်သွားသည့် ခဏမှာပင် သူ၏မျက်နှာပေါ်မှ အပြုံးများမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရ၏။

အေးစက်သော အထိအတွေ့တစ်ခုမှာ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့လေသည်

သူသည် ထိုပုံရိပ်အား အမှန်တကယ် ထိမှန်ခဲ့သော်လည်း၊ သူ၏လက်သီးချက်မှာ ဂွမ်းပုံတစ်ခုကို သွားရိုက်မိသကဲ့သို့ ခံစားလိုက်ရပြီး မည်သည့် အသက်ဓာတ်မျှ မရှိသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

ထို့အပြင် မလှမ်းမကမ်းရှိ ထိုအမှောင်ရိပ်မှာလည်း မျက်စိတစ်မှိတ်အတွင်း မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ပျောက်ကွယ်သွားခဲ့ချေပြီ။

စောက်ကျိုးနည်းပဲ... ငါ အလိမ်ခံလိုက်ရပြီ!

ကျန်းရိရှန် မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီးနောက်၊ သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ လှုပ်ရှားလျက် နောက်သို့ ဆုတ်ခွာလိုက်လေသည်။

သို့သော် နောက်ဆုတ်လိုက်သည့် ထိုခဏမှာပင် အလွန်အမင်း အစွမ်းထက်သော ခွန်အားတစ်ခုက သူ့အား ဖမ်းဆုပ်ကာ ပြင်းထန်စွာ လွှင့်ပစ်လိုက်သည်ကို သူ ခံစားလိုက်ရ၏။

ဝုန်း!

ကျန်းရိရှန် ၏ ခန္ဓာကိုယ်မှာ မျက်နှာချင်းဆိုင်ရှိ နံရံဆီသို့ ပြင်းထန်စွာ ဆောင့်မိသွားခဲ့လေသည်။

နံရံတွင် တွင်းကြီးတစ်ခု ဖြစ်သွားခဲ့သလို၊ ပထမထပ်၏ ကြမ်းပြင်မှာပင် အနည်းငယ် တုန်ခါသွားခဲ့ရပေသည်။

ကျန်းရိရှန် ၏ ခန္ဓာကိုယ်မှာ နံရံကို ဖောက်ထွက်သွားပြီး၊ ‘တော်ဝင်နံပါတ်တစ်’ ၏ အပြင်ဘက်သို့ လွင့်စင်ထွက်သွားကာ၊ ‘တော်ဝင်နံပါတ်တစ်’ ၏ မျက်နှာချင်းဆိုင်ရှိ လမ်းပေါ်သို့ ကျရောက်သွားခဲ့ချေပြီ။

“ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ အတွင်းအားမျိုး...”

ကျန်းရိရှန်သည် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်အတိုင်း၊ နံရံကို ဖောက်ထွက်သွားပြီးနောက်မှာပင် နောက်သို့ ပေအနည်းငယ်ခန့် ထပ်မံ၍ အလျင်အမြန် ခုန်ဆုတ်လိုက်ပြီးမှ၊ မလှမ်းမကမ်းရှိ ‘တော်ဝင်နံပါတ်တစ်’ ဆီသို့ ထိတ်လန့်တကြား ကြည့်လိုက်လေသည်။

သူ ‘တော်ဝင်နံပါတ်တစ်’ ကို ကြည့်လိုက်သည့်အချိန်တွင် အံ့အားသင့်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။

အပြင်ဘက်တွင် နေရောင်ခြည်မှာ တောက်ပစွာ ထွန်းလင်းနေသော်လည်း၊ ‘တော်ဝင်နံပါတ်တစ်’ အတွင်း၌ မှောင်မည်းနေဆဲပင်။

ဤအခြေအနေမှာ အလွန်ပင် ထူးဆန်းလွန်းလေ၏။

*

All Chapters