← Chapters

နင်က စကားပြောကောင်းတဲ့ ကောင်ဆိုးလေးပဲ

Vol. 165 Ch. 2375

နင်က စကားပြောကောင်းတဲ့ ကောင်ဆိုးလေးပဲ

Vol. 165 Ch. 2375

“ အဲ့လောက်တောင် သန်မာတယ်ပေါ့ ….”

လင်းရီ အပါအဝင် သုံးဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။

“ အင်း … ရူးလောက်အောင် သန်မာတယ် ….” လုယွဲ့က ခွက်ကို မွေ့ရင်း ပြောလိုက်ပြီး “ နင့်အဖေရဲ့ လက်အောက်မှာ အမှိုက်တစ်ယောက်မှ မပါဘူး ….”

“ အဲ့တာလည်း နားလည်ပေးလို့ရပါတယ် …. နိုင်ငံခြား အဖွဲ့အစည်းကြီးတွေရဲ့ သဘောသဘာဝက ငါတို့နဲ့ တူမှမတူဘဲလေ ….”

“ အမှန်ပဲ …. ကျွန်တော်တို့မှာက ပါရမီရှင်တွေကို ဆက်တိုက်မွေးထုတ်ပေးနိုင်တယ်ဆိုတဲ့ အားသာချက် နည်းနည်းလေးတော့ ရှိပါတယ် ….”

လင်းရီ သူ့ခွက်ကို မြှောက်လိုက်ပြီး “ ကဲ အစ်မလု … ချီးယား …..”

“ ကောင်စုတ်လေး … စကားကို ဘယ်လိုလှအောင် ပြောရမလဲ သိပ်သိတာပဲ ….” လုယွဲ့က အားပါးတရ ရယ်မော၍ လင်းရီနှင့် ခွက်ချင်းတိုက်လိုက်ကာ နှစ်ဦးလုံး တစ်ကျိုက်တည်း အပြတ်ဖြတ်လိုက်ကြသည်။

“ ကျွန်တော် အစ်မကို အဖွဲ့အစည်း တစ်ခုအကြောင်း မေးချင်တယ် ….”

“ အင်း ပြောလေ ….”

“ မာမွန်းအဖွဲ့အစည်းအကြောင်း ကြားဖူးလား …..”

“ မာမွန်း ….”

လုယွီ၏ အမူအရာမှာ ရုတ်ချည်း ထူးဆန်းသွားခဲ့ပြီး “ ရုတ်တရက်ကြီး ဘာလို့ သူတို့အကြောင်းလဲ ….”

“ ကျွန်တော် အရင်က သူတို့ အဖွဲ့အစည်းအကြောင်း ကြားဖူးလို့ ဒီတိုင်း သိချင်ရုံပါ ….”

လုယွဲ့ ပခုံးတွန့်လိုက်၏။ “ ငါလည်း နင့်လိုပဲ .. သူတို့နဲ့ တိုက်ရိုက်တော့ မထိတွေ့ဖူးဘူး ….”

ထိုသို့ပြောပြီးသည့်နောက် လုယွဲ့၏ အမူအရာက လေးနက်တည်ကြည်လာခဲ့ကာ “ မာမွန်း အဖွဲ့အစည်းဆိုတာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဖွဲ့အစည်းကြီး တစ်ခုပဲ … ဒါပေမယ့် သိပ်ပြီးမှလည်း ဆန်းကြယ်တယ် … လူနည်းစုလောက်ပဲ သူတို့ ဘယ်နေရာမှာ ရှိလဲဆိုတာ သိကြတယ် … ယုံကြည်ကိုးကွယ်မှုလိုမျိုး ပုံမှန်မဟုတ်တဲ့ လမ်းစဉ်ကို လျှောက်လှမ်းကြတယ် … တကယ်လို့ နင် တစ်နေ့ မာမွန်း အဖွဲ့အစည်းက တစ်ယောက်ယောက်နဲ့ ဆုံဖြစ်ခဲ့ရင် … ကိုယ့်ဘက်ကလည်း အလေးမသာဘူးဆိုလို့ကတော့ လွတ်အောင်သာပြေး … အတင်းအကြပ် မကြိုးစားနဲ့ ….”

လင်းရီ မသိစိတ်အလျောက် တဆတ်ဆတ် ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ရာကို အတွေးနက်နေလျက် ရှိသည်။

“ နင် သိပ်သိချင်နေတယ်ဆိုလည်း နင့်အဖေကို မေးလိုက်လေ … သူက နိုင်ငံခြားမှာ နှစ်တွေအကြာကြီး နေလာခဲ့တဲ့လူဆိုတော့ ငါသိတာထက်တော့ ပိုသိလောက်မှာပေါ့ ….”

“ သူ သိသာကလည်း အကန့်အသတ်နဲ့မို့ပါ ….”

“ သူလည်း မသိဘူးပေါ့ …” နင်ချဲ့ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ အင်း … အမှန်ပဲ ….”

“ ဒီငနဲတွေက အပုန်း သိပ်ကောင်းလွန်းတယ် ….”

“ တော်လောက်ပြီ … အဲ့အကြောင်း ဆက်မပြောကြစို့ ….” လုယွီက အနည်းငယ် ခံစားချက် ပြင်းထန်နေပြီး “ လက်ရှိ အခွင့်အရေးကို တန်ဖိုးထား … ငါ့အထင် အလုပ်များမယ့် နေ့ရက်တွေက မဝေးလောက်တော့ဘူး … ဒီလိုမျိုး အတူစုံပြီး သောက်နိုင်မယ့် အခွင့်အရေးကလည်း ထပ်ရှိဦးမယ်လို့ မပြောနိုင်ဘူး ….”

“ မမလု ပြောချင်နေတာက နိုင်ငံတကာရေးရာ အခြေအနေအကြောင်းလား ….” ချိုးယွီလော့ မေးမြန်းလိုက်သည်။

“ အဲ့လိုမျိုးပါပဲ … သူတို့ဘက်က ပြဿနာ ရှာလာမှာတော့ ကျိန်းသေတယ် … ပြီးတော့ သူတို့သုံးတဲ့ နည်းလမ်းတွေကလည်း အောက်တန်းကျလိမ့်မယ် … ငါတို့ မသိနိုင်ဘူး … ငါတို့ လုပ်ဖို့လိုတာက သတိထားဖို့ပဲ ….” လုယွီ ပြောလိုက်သည်။

“ နားလည်ပါပြီ ….”

ကျုံးဝေ့တပ်ဖွဲ့အကြောင်း ခေတ္တ ပြောဆိုပြီးနောက် လေးဦးသားမှာ စိတ်ကို လုံးဝ လွှတ်ပေးလိုက်ကြတော့သည်။

ဤနေရာသို့ စိတ်အပန်းဖြေရန် ရောက်လာခဲ့ကြသဖြင့် မည်သူကမျှ အလုပ်ကိစ္စအကြောင်း တွေးတောမနေကြတော့ချေ။

သူတို့ ထွက်ခွာသွားသည့် အချိန်၌ ည ဆယ့်တစ် ကျော်နေလေပြီ။

သဘာဝအလျောက် … လေးဦးမှာ နှစ်အုပ်စု ခွဲ၍ နင်ချဲ့နှင့် လင်းရီတို့ကတော့ ဟိုတယ်သို့ ဦးတည်လိုက်ကြသည်။

သူတို့ ပြုလုပ်နေကြတဲ့ ပြင်းထန်သည့် ကိုယ်လက်တိုက်ပွဲ နွှဲပြီးနောက် နှစ်ယောက်မှာ အိပ်ရာပေါ်တွင် ဘေးချင်းကပ် လဲလျောင်းရင်း နင်ချဲ့က စီးကရက် တစ်လိပ်ကို မီးညှိလိုက်သည်။ ဆေးလိပ်ငွေ့များက လေထဲတွင် ဝေ့ဝဲလို့နေလေသည်။

“ အကြီးအကဲလုပြောတာ သုံးလ လေ့ကျင့်ရေးဆင်းပြီးရင် ကျွန်းပေါ် သွားရမယ့် အချိန်ရောက်ပြီတဲ့ … ဒါပေမယ့် နင် ဒီမှာမရှိတုန်း ငါ မမလုနဲ့ စကားပြောကြည့်တာ သူပြောတာတော့ သုံးလဆိုတဲ့အချိန်က အတိအကျ မဟုတ်ဘူးတဲ့ … ငါတို့တွေ အချိန်မရွေး ကျွန်းပေါ် သွားရနိုင်တယ် ….”

“ ငါကတော့ သူတို့တွေ ကိုယ်ယောင်ဖျောက်ဖို့ ပြန်လာတယ်ထင်နေတာ ….”

“ ကိုယ်ယောင်ဖျောက်တာက တစ်ကဏ္ဍ ၊ ဒါပေမယ့် အကြီးအကဲလုကလည်း သူတို့ကို တကယ်ပဲ ပြန်လာစေချင်နေတာလေ … ကျွန်းပေါ်မှာ အဲ့လောက် အချိန်အကြာကြီး နေပြီးမှ ပြန်မလာဘူးဆိုရင် စိတ်ကျန်းမာရေး ပြဿနာတစ်ချို့ ရှိလာနိုင်တယ် …..”

“ အဲ့ဒီတော့ … မင်း ပြောချင်နေတာက ……”

နင်ချဲ့ ရယ်မောလိုက်ရင်း “ တကယ်လို့ တစ်နေ့ ငါ ကျွန်းပေါ်မှာ အသက်ပျောက်သွားခဲ့ရင် ငါ့ကိုယ်စား နင်မိသားစုကို ဂရုစိုက်ပေးပါလို့ ….”

“ တကယ်ပဲ အဲ့လို အချိန်ရောက်လာခဲ့ရင်တော့ ငါ့ကို မရှာနဲ့ ….” လင်းရီသည် နင်ချဲ့၏ ဆံနွယ်များကို ဆော့ကစားရင်း “ အရူးမလေး … ငါက မင်းကို ငါ့ရှေ့မှာ သေခွင့် ဘယ်ပြုနိုင်မှာ ….”

“ နင်က တကယ့်လူဆိုးပဲ ….” နင်ချဲ့ ရယ်သွမ်းလျက် “ လူကို အချိုတွေ အရမ်း ကျွေးလွန်းတယ် …”

လင်းရီ ထပ်ပြောချင်သော်လည်း မျက်ရည်လဲ့နေသည့် နင်ချဲ့၏ မျက်ဝန်းများကို ရုတ်တရက် သတိထားမိသွားခဲ့သည်။

“ ဘာလို့ ငိုနေတာလဲ … ရူးကြောင်ကြောင်နိုင်အောင်လို့ ….” လင်းရီ သူမ၏ ခေါင်းကို ပုတ်ပေးလိုက်ပြီး “ ကဲ ထ … နားလို့ဝပြီမလား … နောက်တစ်ချီ ဆက်သွားကြမယ် ….”

….

နောက်တစ်နေ့နံနက်ခင်း။

ထုံးစံအတိုင်း လင်းဆွဲတစ်ချီ လေ့ကျင့်ခန်းလုပ်ပြီးနောက် နှစ်ယောက်မှာ ဟိုတယ်မှာပဲ မနက်စာ စားလိုက်ကြပြီး ကိုယ်စီ နေရာများသို့ ထွက်ခွာသွားခဲ့ကြသည်။

ရန်ကျင်းသို့ ရောက်တုန်းရောက်ခိုက် … ကျုံးဝေ့တပ်ဖွဲ့ ကိစ္စများအပြင် လူမှုဆက်ဆံရေး တစ်ချို့ကိုလည်း ထိန်းသိမ်းထားဖို့လိုသည်။

ဤနှစ်များတစ်လျှောက် အချို့သော ခေါင်းဆောင်များက လင်းရီ လိုအပ်သည့်အချိန်တွင် မဆိုင်းမတွ အကူအညီ ပေးလာခဲ့ကြသည်။

ထို့ကြောင့် ယခုအချိန်ကို အခွင့်ကောင်းယူ၍ ထိုသူတို့ထံ သွားရောက်လည်ပတ်သည်က လုပ်ကို လုပ်သင့်သည့် ကိစ္စရပ်ဖြစ်၏။ တစ်စုံတစ်ယောက်ကို စိတ်ပျက်စေမည်ဆိုပါက မကောင်းပေ။

သို့သော် ဤအရာများအားလုံးက ရှန်းရှုရီ၏ ဦးဆောင်ပေးမှုဖြင့် ဖြစ်ပေါ်လာသည့် အဆက်အသွယ်များ ဖြစ်၏။ မဟုတ်ပါက ၎င်းတို့၏ မတူကွဲပြားသည့် အဆင့်အတန်းနှင့် လွယ်ကူမှာ မဟုတ်ချေ။

ထို့ပြင် လျန်ကျင်းမင်၏ မိသားစုနှင့် ပတ်သက်၍လည်း လင်းရီ နောက်တစ်ကြိမ် ထပ်ပြီး စကားကောင်းတစ်ချို့ ပြောထားပေးလိုက်၏။ ပြဿနာ မရှိကြောင်း သေချာတော့ နောက်ဆုံးတွင် ကိစ္စများအားလုံး အဆင်ပြေချောမွေ့စွာနှင့် အဆုံးသတ်နိုင်လိုက်လေသည်။

ရန်ကျင်းက မထွက်ခွာမီ လျန်ရူရွှယ်ကို အဖော်ပြုပေး၍ ပြည်ထောင်စု ဆေးရုံသို့ ဆေးသွားစစ်ပေးသေး၏။

ရင်သွေး၏ နှလုံးခုန်နှုန်းနှင့် အခြေတည် အစပျိုးမှုအဆင့်ကလည်း ကောင်းမွန်သည်။ မနက်ခင်း ပျို့အန်လိုစိတ်ကလည်း သိပ်မပြင်းထန်တော့ပဲ အရာအားလုံးက ပုံမှန် ပြန်ဖြစ်လာခဲ့၏။

လက်ထဲရှိသည့် ကိစ္စရပ်များကို ကိုင်တွယ်နေရင်းဖြင့် မသိလိုက်ခင်မှာပဲ အချိန်တစ်ပတ် ကုန်ဆုံးသွားခဲ့သည်။

ဤအတောအတွင်း လင်းရီသည် ကျုံးဝေ့တပ်ဖွဲ့သို့ သွား၍လည်း အသင်းတစ် အဖွဲ့သားများအပေါ် စောင့်ကြည့်စစ်ဆေးမှုတို့ ပြုလုပ်ခဲ့သေးသည်။

ရှောင်ပင်းနှင့် အခြားသူများမှာ သနားဖွယ်ရာ ကောင်းသည့် အခြေအနေသို့ ကျရောက်သည့်တိုင်အောင် လေ့ကျင့်ရေး ဆင်းနေကြပြီး စွေ့ချန်ပင် ထိုမျှ ပြင်းထန်သည့် လေ့ကျင့်ရေးကို တောင့်မခံနိုင်ခဲ့ပေ။

ဤသည်ကို မြင်တော့ လင်းရီသည် လုယွဲ့နှင့် တွေ့ဆုံပြီး တွေးပေးတတ်စွာဖြင့် လေ့ကျင့်ရေးကို တိုးမြင့်ပေးဖို့ ပြောလိုက်၏။

ထိုအကြောင်း သိရှိသွားခဲ့တော့ ရှောင်ပင်းနှင့် လော့ချီတို့မှာ အိပ်ရာထဲ၌ လူမဆန်စွာ နှိပ်စက်ခံနေရသည့် ဇနီးသည်များကဲ့သို့ လင်းရီအား ကျိန်ဆဲလေကြတော့သည်။

သို့သော် အခြေအနေကို နားလည်သည့် လင်းရီကတော့ နှုတ်ဆိတ်လျက်သာ ရှိနေခဲ့၏။ အကယ်၍ သူ့တွင် အခွင့်အရေး ရှိခဲ့မည်ဆိုပါက သူသည်လည်း အပူအပင်ကင်းပြီး ပျော်ရွှင်သည့် ဘဝမျိုးတွင် နေလိုသည်။

သို့ပေမယ့် နင်ချဲ့ပင် ကျွန်းပေါ်၌ သေမည့် အခြေအနေအထိ စဉ်းစားနေမိတော့ တိလိရာ့ကျွန်းသည် မည်မျှ အန္တရာယ်များသည့် နေရာဖြစ်လိမ့်မည်နည်း။

ထို့ကြောင့် ချွေးထွက်များမှ သွေးထွက်နည်းမည်ဆိုသည့် စစ်တပ်စကားအတိုင်း ပိုတိုး၍ လေ့ကျင့်ခိုင်းရုံသာ ရှိတော့သည်။

သို့သော် ယခုတိုင် မရှင်းလင်းသေးသည့် အရာတစ်ခုကတော့ … ဤရေစီးကြောင်းတို့က မည်သည့်နေရာတွင် သွားဆုံမည်နည်း။

မည်သို့ပင်ဆိုစေကာမူ … ရန်ကျင်းတွင် လဝက်ခန့်နေပြီးနောက် ကျိုးဟိုင်သို့ လင်းရီ ပြန်လာခဲ့သည်။ ရာသီဥတုက ဖြည်းဖြည်းချင်း နွေးထွေးလာနေပြီး နှစ်ယောက်မှာ သီးသန့်လေယာဉ်တစ်စင်းဖြင့် ကျိုးဟိုင်သို့ ပြန်လာခဲ့ကြ၏။

သူတို့တွေ လေယာဉ်ပေါ်ကဆင်းတော့ မွန်းလွဲသုံးနာရီ ကျော်နေလေပြီ။

စူပါမားကတ်က ပစ္စည်းတစ်ချို့ ဝယ်ယူပြီး လျန်ရူရွှယ်အတွက် ခမ်းနားသည့် ညစာစားပွဲတစ်ခု လင်းရီပြင်ဆင်ပေးလိုက်သည်။ ထိုညတွင်တော့ လျန်ရူရွှယ်၏ နေရာမှာပဲ အိပ်ပြီး နောက်တစ်နေ့မှပဲ အိမ်သို့ ပြန်သွားလိုက်လေသည်။

….

နောက်တစ်နေ့ နေ့လည်ခင်း။ လင်းရီသည် ချောင်ရန်အုပ်စုသို့ ကားမောင်းထွက်လာခဲ့၏။

“ ရန်ကျင်းက ကိစ္စတွေ အကုန် ပြီးပြတ်ခဲ့ပြီပေါ့ ….”

လင်းရီ ဝင်လာတာကို မြင်တော့ ကျီချင်းရန်က သူ့ထံ ပြေးလာနှုတ်ဆက်ပြီး လင်းရီကလည်း သူမကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်သည်။

“ ဒါပေါ့ …” ပြုံးလျက် ပြန်ဖြေ၍ “ လင်းကတော် ပြောသမျှကို အကုန်ရှင်းရှင်းလုပ်ရမှာ ကျွန်တော်မျိုးကြီးရဲ့ တာဝန်ပဲလေ ….”

“ အမယ်လေး … စကားနားထောင်တတ်နေလိုက်တာ ….”

ကျီချင်းရန် သူမ၏ ဆံပင်ကို သပ်ရပ်အောင် ပြုလုပ်၍ “ ကိုယ့်ဘာကိုယ် ကြိုက်တဲ့နေရာဝင်ထိုင်လိုက် … ငါအခု အလုပ်များနေတယ် ….”

“ အိုကေ ….”

ကျီချင်းရန်၏ ရုံးခန်းထဲတွင် ခေတ္တထိုင်ပြီး သူမနှင့်အတူ နေ့လည်စာ စားပြီးနောက် မွန်းလွဲညနေပိုင်း စခန်းသို့ ထွက်လာခဲ့လိုက်၏။

အလုပ်ရှုပ်လှသည့် နှစ်သစ်ကူးနေ့နှင့် ယှဉ်ကြည့်လိုက်လျှင် အခြေအနေတို့က အနည်းငယ် တည်ငြိမ်သွားပုံရ၏။

ရာဇဝတ်မှု စုံစမ်းရေး ဌာနက ခေတ္တ အနားရနေချိန်တွင် အရပ်သား ပြဿနာ ဖြေရှင်းပေးရေး ဌာနတွင်တော့ အသေးအမွှား ကိစ္စ အနည်းငယ်တစ်ချို့ကို ကိုင်တွယ်နေရဆဲပင်။

စနစ်မစ်ရှင်ကို လှုံ့ဆော်မိလို လှုံ့ဆော်ငြားဆိုသည့် စိတ်ဖြင့် လင်းရီသည် တစ်ညနေခင်းလုံးကို အရပ်သားပြဿနာ ဖြေရှင်းပေးရေး ဌာနမှာပဲ အချိန်ကုန်ဆုံးခဲ့သည်။

ဌာနကလည်း သူ့ကို စိတ်မပျက်စေပေ။ သူတို့တွေ ကတ်ဂိမ်းတစ်ပွဲ ဆော့လို့ မပြီးခင်မှာပဲ အမှုတစ်ခုက ရောက်လို့လာခဲ့၏။

“ သားရီးရေ … အမှုတော့ ပေါ်လာပြီ … မင်း လိုက်မယ်မလား ….” ကျန်းဖန့်က ဖုန်းချပြီးနောက် လင်းရီကို ကြည့်ပြီး ပြောလိုက်သည်။

“ ဘယ်လိုအမှုမျိုးလဲ ….”

“ ရွာလူမိုက် တစ်ယောက်က ပြဿနာရှာနေပုံရတယ် … မင်းအားတယ်ဆို အတူသွားကြည့်ကြတာပေါ့ ….”

“ သွားစို့ ….”

လင်းရီ ၊ ကျန်းဖန်နှင့် ကျန်းဇီရှင်းတို့ သုံးယောက် ကားအတူစီးပြီး ကျိုးဟိုင်မြို့ပြင်ရှိ ရှင်းရန်ကျေးရွာသို့ ဦးတည်လိုက်သည်။

ဤနေရာကို ဆင်ခြေဖုံးနေရာတစ်ခုဟု သတ်မှတ်၍ မရပေ။ ကျေးလက်နယ်စစ်စစ်ဖြစ်၏။ လင်းရီ၏ မွေးရပ်မြေနှင့်ပင် ဆင်တူသည်။

သူတို့ ရွာဝင်ပေါက်ကို ရောက်တော့ လူတစ်ဦးက မြေပြင်တွင် ထိုင်နေသည်ကို မြင်တွေ့လိုက်ရပြီး ထိုသူ၏ လက်နှင့် မျက်နှာထက်တွင်လည်း သွေးစသွေးနတို့ ပေကျံနေသည်။

မြေပြင်အခြေအနေမှာ သူ စိတ်ကူးထားသည်ထက်ပင် ပို၍ ပြင်းထန်နေတော့၏။

စာစဉ်(၁၆၅)ပြီး၏။

( 4 May 2026 , 10:10 PM. )

နောက်လာမယ့် စာအုပ်မှာတော့ ထူးဆန်းတဲ့ အမှုတစ်ခုအကြောင်း ဖတ်ရှုရပါလိမ့်မယ်။

All Chapters