အချိန်ရှိတယ်ဆိုရင် ဂျပန်ကို လာခဲ့
Vol. 165 Ch. 2368
သူ့ ဝမ်းဗိုက်အောက်ပိုင်းသို့ ထောက်ထားသည့် ဓားမြောင်ကို ခံစားမိတော့ လီဂျွန်မင်း၏ စိတ်ထဲတွင် နက်ရှိုင်းသည့် အကြောက်တရားတစ်ခု မွေးဖွားလာသည်။ သေမင်းက သူ့အရှေ့သို့ ရောက်ရှိလာသည့်နှယ် ခံစားလိုက်ရ၏။
“ မလုပ် … မလုပ်ပါနဲ့ … ငါ ပြောပြပါ့မယ် ….”
“ ဒီပရောဂျက်ကို လုံခြုံရေးဌာနရဲ့ လက်ထောက်ဝန်ကြီးဌာနက ငါ့ကို ဆက်သွယ်လာခဲ့တာ … သူ့နာမည်က လီရှန်ကျန့် …”
“ လီရှန်းကျန်း ….”
လင်းရီ ရေရွတ်ပြီး ထိုနာမည်ကို မှတ်သားထားလိုက်သည်။
“ ကျုပ် ခင်များကို နောက်ထပ် လုပ်ပေးစေချင်တာ တစ်ခု ရှိသေးတယ် … ခင်များက ကောင်းကောင်း နှုတ်လုံပြီး ကျုပ်အကြောင်းတွေ ဘယ်သူ့ကိုမှ မပေါက်ကြားစေဖို့ မျှော်လင့်ရတာပဲ ….”
လီဂျွန်မင်း တရစပ် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် စိတ်ထဲတွင်တော့ အခြေအနေကို မည်သို့ ကိုင်တွယ်ရမလဲဆိုတာ နည်းဗျူဟာတစ်ခု ရေးဆွဲထားပြီး ဖြစ်၏။
ထိုအချိန် လင်းရီ၏ သေမင်းကဲ့သို့ အေးစက်သည့် အသံက တိုးညှင်းစွာ ထွက်ပေါ်လာပြီး သူ့စိတ်အခြေအနေကို ချောက်နက်အောက်ဆုံးသို့ တစ်မဟုတ်ချင်း ရောက်ရှိသွားခဲ့စေသည်။
“ ခင်များတို့လို လူစားမျိုးတွေက မယုံကြည်ရဆုံးပဲ .. ဒီတော့ ကျုပ်လည်း ခင်များရဲ့ ကတိစကားကို မယုံကြည်နိုင်ဘူး ….”
“ မဟုတ် မဟုတ်တာ … ငါ ပြောသမျှ အကုန်လုံးက အမှန်တွေချည်းပါပဲ … မင်းအကြောင်း ငါ တစ်ခွန်းမှ မဟပါဘူး ….”
“ အဲ့လိုမျိုး အာမခံချက်တွေက ကျုပ်အတွက် အလကားပဲ ….”
လင်းရီ ပြောလိုက်သည်။ “ ကျုပ်သိတယ် … ခင်များရဲ့ လက်ရှိ အဆင့်အတန်းနဲ့ မိန်းမတွေက ခင်များအတွက် ဘာမှထက်မပိုဘူး … ဒါပေမယ့် အမေရိကားမှာ ကျောင်းတက်နေတဲ့ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိတယ် …. ပြီးတော့ ခင်များရဲ့ မိဘတွေကလည်း အဲ့မှာ ရှိနေကြတယ်မလား …..”
“ တကယ်လို့ ကျုပ်မှတ်မိတာ မမှားဘူးဆိုရင် နှစ်ယောက်လုံးက ဟားဗက်တက္ကသိုလ် ကျောင်းသားတွေ .. တစ်ယောက်က စိတ်ပညာကို လေ့လာပြီး နောက်တစ်ယောက်က အနုပညာကို လေ့လာနေတယ် … မှန်တယ်နော်….”
လီဂျွန်မင်း၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့သည်။ “ မင်း … မင်း တကယ်ပဲ ငါ့မိသားစုကိုပါ နောက်ယောင်ခံလိုက်ထားတယ် ….”
“ ဟေး … နားဝင်ဆိုးအောင်လို့ အဲ့လို အသုံးအနှုန်းတွေ မသုံးရဘူးလေ …. ဘာပဲပြောပြော ကျုပ်ဘက်က ဘာမှ လုပ်ရသေးတာ မဟုတ်ဘူး …” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး “ ပြီးတော့ ခင်များ သိထားသင့်တာက ကျုပ် ခင်များကို တစ်ခါတွေ့ပြီးတာနဲ့ နောက်တစ်ကြိမ်လည်း ပြန်ရှာတွေ့နိုင်တယ်ဆိုတာပဲ … ကျုပ်သာ ဆန္ဒရှိရင် ဒီည သန်းခေါင်မတိုင်ခင် ခင်များရဲ့ တူလေးနဲ့ အဖော်သွားလုပ်ပေးလို့ ရနေလောက်ပြီ ….”
“ မလုပ်ပါနဲ့ … ငါ ကတိပေးတယ် … ငါ တစ်လုံးမှ မပေါက်ကြားစေရဘူး ….”
လင်းရီသည် လီဂျွန်မင်း၏ ပခုံးကို အသာအယာပုတ်ပေးလိုက်ပြီး “ ကျုပ် မြင်ချင်နေတာလည်း အဲ့လို သဘောထားမျိုးပဲ … ကဲ အခု နောက်ကိစ္စအကြောင်း ပြောကြတာပေါ့ ….”
….
ဆိုလ်း အဖြူရောင် မြင်းစီးကလပ်သည် ဒေသတွင်း အဆင့်အတန်း အမြင့်ဆုံး ဇိမ်ခံ ကလပ် တစ်ခု ဖြစ်၏။
ဤနေရာတွင် ရှိနေသည့် ဝန်ဆောင်မှုတို့ကလည်း ကျယ်ပြန့်ပြီး ထိပ်တန်းအဆင့်ရှိသည်။ ဂေါ့ဖ်၊ gym ၊ လက်ဖက်ရည် အခမ်းအနားအခန်းများနှင့် နေ့ခင်းဘက်တွင် မြင်ရန် မသင့်လျော်သည့် ဝန်ဆောင်မှုများ … စသည့် အရာများအားလုံးကို နာမည်ကြီး အမျိုးသမီး ဆယ်လီများစွာ၏ ပါဝင်ပေးမှုဖြင့် ဤနေရာတွင် အကုန် ရရှိနိုင်သည်။
အထက်တန်းလွှာ အသိုင်းအဝိုင်းရှိ လူများအားလုံး လာရောက်လည်ပတ်ရန် နှစ်သက်ကြသည့် နေရာတစ်ခုလည်း ဖြစ်သည်။
ပြောကြသည်မှာတော့ ဤနေရာတွင် နေ့တိုင်းနေ့ အပြီးသတ်ပြီး လက်မှတ်ထိုးနေကြသည့် ပရောဂျက်စုစုပေါင်း၏ ပမာဏက ဒေါ်လာ ၂ ဘီလီယမ် ကျော်သည်ဆိုပင်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ဤနေရာသို့ မကြာခဏ ဝင်ထွက်သွားလာနေမည်ဆိုပါက ထိုသူသည် ကိုးရိးယားတွင် တမူထူးခြားသည့် အဆင့်အတန်း ရှိခြင်းနှင့် ဩဇာလွှမ်းမိုးခြင်းကို အလိုအလျောက် ကိုယ်စားပြုသည်။
နေ့လည်ခင်း နှစ်နာရီ။
အနက်ရောင် ဆီဒင်ကားတစ်စင်းက ဝင်ပေါက်ဝတွင် ထိုးရပ်လာခဲ့၏။ တာဝန်ကျ လုံခြုံရေး အစောင့်က လိုင်စင် နံပါတ်ပြားကို တစ်ချက်ကြည့်ပြီးသည်နှင့် ဘာမျှ မမေးမမြန်းဘဲ အထဲသို့ ဝင်ခွင့်ပြုလိုက်သည်။
ကားက အဆောက်အဦးရှေ့တွင် ရပ်တန့်သွား၏။ သာမန် အဝတ်အစားနှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး ကားပေါ်က ဆင်းလာသည်။
ပြီးသည့် ဘေးပတ်ဝန်းကျင်ကို မျက်လုံးဖြင့် ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်ပြီး အဆောက်အဦးထဲရှိ လက်ဖက်ရည်ခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
လက်ဖက်ရည်ခန်းက မကြီမားပေ။ သုံးဆယ် စတုရန်းမီတာခန့်မျှသာ ကျယ်ဝန်း၏။
သို့သော် အတွင်းပိုင်း ဒီဇိုင်းက ထူးခြားပြီး အခန်းထဲ သင်းပျံ့နေသည့် လက်ဖက်ရည်နံ့ သင်းသင်းလေးက တစ်နေ့တာ၏ ပင်ပန်းနွမ်းနယ်မှုများကို ပြောပျောက်သွားစေဖို့ လုံလောက်သည်။
လက်ဖက်ရည်ခန်းထဲတွင်တော့ အသက်နှစ်ဆယ်ကျော် အရွယ်ရှိမည့် အမျိုးသမီးငယ် တစ်ဦး ထိုင်နေပြီး အနက်ရောင် ကြိုးသိုင်း ဂါဝန်ကို ဝတ်ဆင်ထားသည်။ ကျော့ရှင်းသည့် ကိုယ်လုံးကိုယ်ပေါက်က လှပသည့် အမျိုးသမီး ဖြစ်ကြောင်း သိသာစေသည်။
အမျိုးသားက အခန်းထဲသို့ အော်ရာအပြည့်နှင့် လှောက်လှမ်းလာခဲ့ပြီး အမျိုးသမီးတစ်ဦးတည်း ရှိနေတာကို မြင်တော့ သူ့အမူအရာမှာ ပြောင်းလဲသွားခဲ့သ်ည။
“ လီဂျွန်မင်း ဘယ်မှာလဲ … သူ ငါ့ကို တွေ့ဖို့ ချိန်းထားတာ ငါ့ဘက်က စောင့်ဆိုင်းရမယ်လို့တော့ လာမပြောနဲ့ …..”
“ ကျေးဇူးပြုပြီး ခေတ္တလောက် စောင့်ပေးပါဦး … ဒါရိုက်တာလီ အခုလေးတင်ပဲ ဖုန်းဆက်လာတယ် … သူပြောတာ ကားလမ်းပိတ်နေလို့တဲ့ … ဒါပေမယ့် မကြာခင် ဒီရောက်လာတော့မှာပါ …. ပြီးတော့ တကယ်လို့ ရှင်သာ စိတ်မရှိဘူးဆိုရင် ကျွန်မ ခဏလောက် အဖော်လုပ်ပေးလို့ရပါတယ် …..”
အမျိုးသမီး၏ လှပသည့် ကိုယ်လုံးကိုယ်ပေါက်ကို မြင်တော့ အမျိုးသား၏ ဒေါသမှာ အများအပြား ပြေလျော့သွားခဲ့သည်။ သူ့နောက်ရှိ လက်ထောက်ကို ပြန်လွှတ်လိုက်ပြီး တံခါးကိုလည်း သူ့ဘာသူ ပိတ်ကာ လက်ဖက်ရည်ခန်းထဲသို့ ဝင်လာသည်။
သို့သော် သူ ထိုင်ချလိုက်သည်နှင့် အခန်းတံခါးက ရုတ်ချည်း တွန်းပွင့်လာခဲ့ပြီး လင်းရီ အပြင်ဘက်က ဝင်ရောက်လာခဲ့၏။
“ မင်းဘယ်သူလဲ ….”
လင်းရီ မတုံ့ပြန်ဘဲ ဂါဝန်နှင့် အမျိုးသမီးကို ကြည့်လိုက်သည်။
“ မင်း ထွက်သွားတော့ … ဒီကိစ္စ မင်းနဲ့ မဆိုင်ဘူး …”
အမျိုးသမီးမှာ ရှုပ်ထွေးသွားခဲ့၏။ ဘာတွေ ဖြစ်နေလဲဆိုတာကို နားမလည်နိုင်ဘဲ မသိစိတ်အလျောက် သက်လတ်ပိုင်း အမျိုးသားထံသို့ ကြည့်လိုက်ရာ တစ်ဖက်သူ၏ အမူအရာ ကင်းမဲ့နေသည့် မျက်နှာထားကို မြင်တော့ ရွေးချယ်စရာမရှိပါဘဲ အရိုအသေပေးကာ ထွက်ခွာသွားခဲ့ရသည်။
“ မင်း ဘယ်သူလဲ … ဒီထဲကို ဘယ်လို ဝင်လာခဲ့တာလဲ ….”
“ အရေးမပါတာတွေ လာမေးနေလို့ အသုံးဝင်တာတွေ သိရမှာ မဟုတ်ဘူးနော်…. “
လင်းရီသည် သက်လတ်ပိုင်း အမျိုးသားနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး သူ့အတွက်သူ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်သည်။ “ ကျုပ် ခင်များကို အတော်လေး အားကျမိတယ် … ရာထူးကြီးကြီး ယူထားပြီး ဒီလိုနေရာမျိုးကိုလည်း ဝင်ထွက်သွားလာနိုင်နေတယ် ….”
“ ငါ ဘယ်သူလဲ သိလား …..”
“ လုံခြုံရေးဌာနက လက်ထောက်ဝန်ကြီး လူကြီးမင်း လီရှန်ကျန့် … ကျုပ် လူတော့ မမှားဘူးမလား ….”
လီရှန်ကျန့်၏ မျက်လုံးများက ရုတ်ချည်း ပြူးကျယ်လာပြီး “ မင်းက လီဂျွန်မင်းရဲ့ လူပဲ ….”
“ ကျုပ် ပြောပြီးပြီလေ … အသုံးမဝင်တာတွေ မမေးပါနဲ့လို့ …..”
လင်းရီသည် လက်ဖက်ရည်ခွက်ကို လက်ထဲ သေချာကိုင်ကြည့်ပြီး သူ့ကိုယ်သူ ရေရွတ်နေဟန်ဖြင့် “ ဒီနှစ်တွေ တစ်လျှောက်လုံး လီဂျွန်မင်းနဲ့ ငွေအပေးအယူတွေ ရှိခဲ့တယ် … ကျုပ်သာ အဲ့ကိစ္စတွေ ထုတ်ဖော်လိုက်ရင် အကျိုးဆက်တွေကတော့ မတွေးရဲစရာပဲ … ခင်များဘက်က ကျုပ်နဲ့ ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ် … အချင်းချင်းတွေကို မိတ်မပျက်စေချင်ဘူး …..”
လီရှန်ကျန့်၏ မျက်နှာအသားအရေမှာ အနည်းငယ် ပြောင်းလဲသွားခဲ့တော့သည်။ သူ့သဘောထားမှာ စစချင်းတုန်းကလောက် မခိုင်မာနိုင်တော့ချေ။
“ မင်း တစ်ခုခု လိုအပ်တယ်ဆိုရင် လီကျိုက်မင်ကတစ်ဆင့် ငါ့ဆီ အသိပေးခိုင်းလိုက် ….”
လင်းရီ လက်ညှိုးယိမ်းခါပြလိုက်၏။ “ ကျုပ် ခင်များဆီက တစ်ခုခု တောင်းဆိုချင်တာ မဟုတ်ဘူး … ဒီလာတာ လူတစ်ယောက်အကြောင်း သိချင်လို့ …”
“ လူတစ်ယောက် အကြောင်း သိချင်လို့ ဟုတ်လား ….”
“ သူ့နာမည်က ဟန်ရှန့်ယွီ …. ခင်များ သူ့ကို သိမယ်လို့ ထင်ပါတယ် ….”
“ ဟန်ရှန့်ယွီ ….”
လီရှန်ကျန့်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သို့သော် စက္ကန့်အနည်းငယ်အတွင်း ပုံမှန် ပြန်ဖြစ်သွားခဲ့၏။
“ မင်း ပြောနေတဲ့လူက ဘယ်သူလဲ ငါ မသိဘူး ….”
လင်းရီ ချက်ချင်း မတုံ့ပြန်ဘဲ သူ့အတွက်သူ နောက်ထပ် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး သတိပေးသည့် လေသံဖြင့် “ ခင်များ ကိုယ့်ရာထူးနဲ့ ကိုယ့်အဆင့်အတန်းကိုယ် သိမှာပါ … ခင်များ ခင်များသိပါတယ် … ခင်များ လုပ်ခဲ့တဲ့ လုပ်ရပ်တွေသာ အပြင်ကို ပေါက်ကြားသွားခဲ့ရင် ခင်များရဲ့ ကံကြမ္မာက ဘယ်လို ဖြစ်သွားမယ် ထင်လဲ ….”
“ နောက်ပြီး … ဒီလိုနေရာမျိုးအထိ တက်လာနိုင်ခဲ့ဖို့ဆိုတာ လွယ်မှမလွယ်တာ … ခင်များက ဉာဏ်ကောင်းတဲ့လူပါ …. ကျုပ်ဘက်က ရာနှုန်းပြည့် မသေချာရင် ခင်များဆီ ရောက်လာမှာတောင် မဟုတ်ဘူး ….”
“ ဒီတော့ ကျုပ်ခင်များကို လက်ဖက်ရည်တစ်ခွက်စာ အချိန်ပေးမယ် … ကျုပ် သောက်လို့ မကုန်ခင် သိချင်တဲ့ အဖြေကို မပေးလို့ကတော့ ဒီနေ့စကားဝိုင်းကို ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့ …. ဒါပေမယ့် အဲ့ဒီရဲ့နောက်မှာ ခင်များဆုံးရှုံးသွားမယ့်အရာက ခင်များရဲ့ ရာထူး ၊ ဂုဏ်သိက္ခာ ၊ အဆင့်အတန်း …. “
“ မင်းကများ ……”
လီရှန်ကျန့် ဒေါသတကြီးနှင့် စားပွဲကို လက်ဝါးနှင့်ရိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
“ မင်းက ကိုးရီးယား သမ္မတ နိုင်ငံကို လာစော်ကားနေတာပဲ …”
“နိုး နိုး နိုး …..”
လင်းရီ လက်ညှိုးခါယမ်းလိုက်ပြီး “ ကျုပ်ဘက်က ဘာမှ မလှုပ်ရှားသေးခင်မှာတောင်မှ ခင်များရဲ့ အဆင့်အတန်းက ဘာမှ ထူးခြားနေတာ မဟုတ်ဘူး … ဒီတိုင်း သာမန်လူတစ်ယောက်လေးပဲ … ခင်များ သေသွားခဲ့ရင်တောင် ကိုးရီးယား အစိုးက ဘာမှ စုံစမ်းနေမှာ မဟုတ်ဘူး ….”
“ လောကကြီးထဲ လူကောင်းလုပ်ရတယ်ဆိုတာ လွယ်တာမှ မဟုတ်တာ … ခင်များ ကိုယ့်အတွက်ကိုယ် မဟုတ်ရင်တောင် ကိုယ့်သားအတွက် စဉ်းစားပေးဦးမှပေါ့ …. ဘာပဲဆိုဆို သူက အခုမှ ကျောင်းတက်နေတုန်း ရှိသေးတယ် … ဘဝမှာ ရှေ့ဆက်ရမယ့် အချိန်တွေက အများကြီး ကျန်သေးတယ် ….”
ထိုသို့ ပြောဆိုပြီးနောက် လင်းရီသည် လက်ဖက်ရည်ခွက်ကို ပြန်ကိုင်လိုက်ပြီး ဇိမ်ပြေနပြေနှင့် စတင် အရသာခံတော့သည်။
“ တော် ….”
လီရှန်ကျန့်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး လင်းရီ သူ၏ လုပ်လတ္တံ့အမူအရာအား ရပ်တန့်လိုက်၏။
နှစ်ဦး အကြည့်ချင်းဆုံ မျက်တောင်မခတ် စိုက်ကြည့်နေကြပြီး လေထုထဲတွင် မီးပွားမီးစများ ဖြစ်ပေါ်လာတော့မယောင် မြင်နေရသည်။
“ ငါ ပြောမယ် ….”
အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးသွားခဲ့၏။ နာရီဝက်၊ တစ်နာရီခန့် ကြာပြီးနောက် …
လင်းရီ မတ်တပ်ရပ်လိုက်ပြီး လီရှန်ကျန့်အား ညင်သာစွာ ပြုံးပြလိုက်သည်။
“ အခုလို ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးပါပဲ … တကယ်လို့ ခင်များ အချိန်ရတယ်ဆိုရင် ဂျပန်ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ….”
လီရှန်ကျန့် “ ??? “
ဂျပန် “ ??? “