← Chapters

ဂုဏ်သရေ

Vol. 165 Ch. 2369

ဂုဏ်သရေ

Vol. 165 Ch. 2369

ဆောဒုံးခရိုင်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ချောင်ဒမ်ဒုံသည် ချမ်းသာသည့် ခရိုင်တစ်ခုပင်။ ဤနေရာတွင် အဆင့်အတန်းမြင့်သည့် မောလ်များနှင့် လက်ဇရီဘရန်းမျိုးစုံကို ရှာဖွေတွေ့ရှိနိုင်သည်။ လက်ထဲ ငွေသာ လုံလောက်စွာ ရှိသရွေ့ နတ်ဘုရားတစ်ဦးကဲ့သို့ နေရန်လည်း မခက်ခဲချေ။

အထူးသဖြင့် ကိုးရီးယားလို နေရာမျိုးတွင် ဖြစ်၏။

မိသားစု သုံးဦးနေသည့် ဗီလာတစ်ခုတွင်။

ဗီလာက နှစ်ထပ်မြင့် ဗီလာဆိုသော်လည်း အကျယ်အဝန်းက ၂၀၀ စတုရန်း မီတာပင် မပြည့်ပေ။ သို့ပေမယ့် မိသားစုဝင် သုံးဦးအတွက်ကတော့ ဂျွမ်းထိုးနေလို့ရသည်အထိကို အဆင်ပြေသည်။

အသက် လေးဆယ်အရွယ် သက်လတ်ပိုင်း အမျိုးသား တစ်ဦးက ဆိုဖာထက်တွင် ထိုင်နေပြီး ဆေးလိပ်သောက်နေလျက် ရှိ၏။ တစ်စုံတစ်ရာကြောင့် စိတ်ရှုပ်ထွေးနေသည့်နှယ် သူ့မျက်ခုံးများကိုလည်း တင်းကြပ်စွာ ကြုတ်ထားလျက် ရှိသည်။

ဤလူကတော့ အသင်း ၇ ၏ ခေါင်းဆောင် ဟန်ရှန့်ယွီပင်။

“ ကျွန်မတို့ ဒီရောက်တာ ရက်အတော်ကြာနေပြီကို ရှင့်ပုံစံက အခုထိ ဘာဖြစ်နေသေးတာလဲ ….”

အေပရွတ်ဝတ်ထားသည့် သက်လတ်ပိုင်း အမျိုးသမီးက မီးဖိုချောင်ထဲက ထွက်လာပြီး ပြောလိုက်သည်။

သူမက ဆံပင်အတိုနှင့် ဟန်ရှန့်ယွီနှင့် သက်တူ ရွယ်တူ နီးပါးခန့်ရှိသည်။ သူမကတော့ ဇနီးဖြစ်သူ စွန်းကျားပင်။

“ ဒီလောက်ကြီးကြီးမားမား ဖြစ်ပျက်သွားတာကို ငါက ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲကွာ ….” ဟန်ရှန့်ယွီက သုန်မှုန်နေသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်၏။ “ မင်းလည်း ငါ့ အထောက်အထားက ဘယ်သူဆိုတာ သိရဲ့သားနဲ့ ….”

“ ဒါပေမယ့် ကျွန်မတို့က ဒီကို တိတ်တိတ်လေး ရောက်လာတာလေ … ပြီးတော့ ကျွန်မတို့ ကိုးရီးယားကို ရောက်လာမှန်းရော ဘယ်သူက သိမှာမို့လို့ ….”

“ ဒါပေမယ့် အခု ကျုံးဝေ့တပ်ဖွဲ့က အလုပ်တွေများနေတဲ့အချိန် ငါက အခုလိုမျိုး ရုတ်တရက်ကြီး ပျောက်သွားတော့ အကြီးအကဲလုက စုံစမ်းလာမှာ ကျိန်းသေတယ် ….”

“ ရှင်ပြောတဲ့ စကားထဲမှာကိုက အဖြေပါနေပြီးသား … ရှင်က ရုတ်တရက် ပျောက်သွားခဲ့တာ … သူတို့ သိဖို့ အခွင့်အရေးလေးတောင် ရှိလိုက်မှာ မဟုတ်ဘူး … ကျွန်မ ပြောတဲ့အတိုင်းပဲ ကျွန်မတို့ ကိုးရီးယား ရောက်လာတယ်ဆိုတာ ဘယ်သူမှ သိကြမှာ မဟုတ်ပါဘူးဆိုနေ ….” စွန်းကျားက ခင်ပွန်းဖြစ်သူကို နှစ်သိမ့်ပေးလိုက်သည်။

“ ရှင့်စိတ်ကို အေးအေးသက်သာ နေစမ်းပါ .. ကျွန်မတို့ ဒီနေရာမှာ ဘဝအသစ် ထူထောင်ကြမယ် … နှစ်နည်းနည်း ကြာပြီးရင် အမေရိကားကို ပြောင်းကြမယ် …. ကျွန်မလည်း ဟွာရှမှာ နေရတာ ငြီးငွေ့လွန်းလှပြီ ….”

“ ဒါပေမယ့် မင်းနားလည်ထားရမှာက ငါ အလုပ်လုပ်ခဲတဲ့ နေရာက ကျုံးဝေ့တပ်ဖွဲ့ …. တော်ရုံနေရာ မဟုတ်ဘူး … ဖမ်းမိလို့ကတော့ ငါတော့ သွားပြီ ….”

“ ကျုံးဝေ့တပ်ဖွဲ့ကလည်း လူသားပဲလေ … အကုန်လုံး သိနေတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး ….” စွန်းကျား ပြန်လည်ချေပလိုက်ပြီး “ သဲလွန်စတွေ တစ်ခုမှ မရှိဘဲ ကျွန်မတို့ ဒီရောက်လာတယ်ဆိုတာကို သိနေမယ်လို့ ကျွန်မ မယုံဘူး ….”

ဟန်ရှန့်ယွီ ဘာမျှ ပြန်မပြောချေ။ စီးကရက်ကိုသာ ခပ်ပြင်းပြင်း ရှိုက်လိုက်၏။

“ ငါ တစ်ခြား ဘယ်သူ့ကိုမှ မကြောက်ဘူး … တစ်ယောက်က လွဲလို့ပေါ့ …..”

“ တစ်ယောက်ကလွဲလို့ …. ဘယ်တစ်ယောက်ကို ပြောနေတာ ….”

“ အသင်းတစ်ရဲ့ ခေါင်းဆောင် ….”

စွန်းကျား မျက်မှောင်ကြုတ်သွားခဲ့ပြီး “ သူ့နာမည် ရှင် ပြောတာကို ကြားဖူးသလားလို့ … ကျွန်မ နည်းနည်း သိတယ် ထင်တယ် ….”

“ အဲ့လူက လုံးဝကို ထူးခြားတဲ့လူ … ကျုံးဝေ့တပ်ဖွဲ့ အသင်းတစ်ရဲ့ ခေါင်းဆောင်ရာထူးကို ရထားတာ နယ်နယ်ရရ မဟုတ်ဘူး … တစ်ခြားလူတွေ ငါ့ကို စုံစမ်းလာမှာ ငါ မကြောက်ဘူး … ဒါပေမယ့် သူသာ ဆိုလို့ကတော့ ငါ သတိထားမှ ဖြစ်မှာ …..”

“ ကျွန်မကတော့ ကိစ္စမရှိဘူးလို့ ထင်တယ် …. ဒီမှာက အစိုးရရဲ့ အကာအကွယ်လည်း ရှိတယ် … သူ ရောက်လာခဲ့ရင်တောင် ရှင့်ကို မထိရဲပါဘူး ….” စွန်းကျား ပြောလိုက်ပြီး “ ပြီးတော့ ကျွန်မတို့နဲ့ စကားပြောခဲ့တဲ့ လီရှန်ကျန့်ကလည်း မပြန်ခင် အပြင်မှာ အစောင့်တွေ လွှတ်ထားပေးတယ်လို့ ပြောသွားသေးတယ် … သာမန်လူတွေဆို အနားတောင် ကပ်လို့ရမှာ မဟုတ်ဘူး … ဒီတော့ လုံခြုံရေးကိစ္စ စိတ်ပူမနေနဲ့ …. အတွေးလည်း လွန်မနေနဲ့ … အခု အခြေအနေမှာ ကိုယ်လုပ်နိုင်တာကို အကောင်းဆုံး လုပ်ရုံပဲလေ ….”

“ အင်း …. ငါလည်း အဲ့လို မျှော်လင့်မိတာပဲ မိန်းမရာ ….”

“ လာတော့ …. ညစာ အဆင်သင့် ဖြစ်ပြီ … ရွှင်ရွှင်ပြပြလေး နေစမ်းပါ … ကလေးကို ရှင့်ရဲ့ မျက်နှာသိုးကြီး မမြင်ခိုင်းချင်စမ်းနဲ့ ….”

“ အေးပါဟ ….”

ဟန်ရှန့်ယွီသည် ညစာ ထမင်းဝိုင်းသို့ လျှောက်လှမ်းလာခဲ့ပြီး စွန်းကျားက ဟင်းလျာများကို တည်ခင်းပေးသည်။

မူလတန်း တက်နေသည့် သူတို့သားက အောက်ထပ်သို့ ဆင်းလာပြီး မိသားစု ဆုံသည်နှင့် ထမင်းစားဖို့ ဟန်ပြင်ကြ၏။

“ အိုး … ညစာ စားနေကြပြီလား ….”

ဟန်ရှန့်ယွီ စားဖို့ တူကိုင်သည့် အချိန်မှာပဲ တစ်စုံတစ်ယောက်၏ စကားပြောသံကို ကြားလိုက်ရသဖြင့် မသိစိတ်အလျောက် အသံလားရာဘက်သို့ လှည့်ကြည့်လိုက်မိသည်။

သူ မမှတ်မိသည့် လူတစ်ယောက်က အပြင်တွင် မတ်တပ်ရပ်နေသည်။

“ မင်း ဘယ်သူလဲ …” ဟန်ရှန့်ယွီ အသံနိမ့်ပြီး မေးလိုက်၏။

စိတ်ထဲတွင် ကိုးရီးယား၏ အစိုးရ အရာရှိ တစ်ဦးဦး ဖြစ်လိမ့်မည်ဟု တွေးတောနေမိသည်။

အကြောင်းမူကား သာမန်လူဆိုပါက သူ ဤနေရာ၌ ရှိနေသည်ကို သိလိမ့်မှာ မဟုတ်သောကြောင့်ပင်။ နောက်ပြီး အပြင်တွင်လည်း လုံခြုံရေး အစောင့်များ ရှိနေပြီး သူစိမ်းများ ဝင်ရောက်လာမှာကို အလိုအလျောက် ဟန့်တားထားပြီး ဖြစ်၏။

“ ကျုပ်တို့ချင်း များများစားစား မတွေ့ဖူးတော့ ခင်များကတော့ ကျုပ်ကို မှတ်မိမှာ မဟုတ်ဘူး … ဒါပေမယ့် အဆင်ပြေပါတယ် ….”

လင်းရီ ပြုံးလိုက်ပြီး သူ ရုပ်ဖျက်ထားသည်အား ပယ်ဖျက်လိုက်သည်။

လင်းရီ၏ မျက်နှာသွင်ပြင် အစစ်အမှန်ကို မြင်တွေ့လိုက်ရတော့ ဟန်ရှန့်ယွီ၏ တစ်ကိုယ်လုံး အေးခဲသွားခဲ့ပြီး ကြမ်းပြင်သို့ ရွှံ့ပျော့တစ်ခုနှယ် လဲပုံကျသွားခဲ့သည်။

“ လင်း … ခေါင်းဆောင်လင်း ….”

“ သူပဲ ….”

လင်းရီ၏ အထောက်အထားကို သိလိုက်ရတော့ စွန်းကျား၏ မျက်နှာအမူအရာသည်လည်း သိသိသာသာ ပြောင်းလဲတုန်လှုပ်သွားခဲ့သည်။

သူမတို့တွေ စောနလေးတုန်းကပဲ ဒီလူအကြောင်း ပြောနေကြတာလေ … ဒီကို ရောက်လာဖို့ မဖြစ်နိုင်ဘူးဆိုပြီးမှ‌ပေါ့ ….

ဒါပေမယ့် သူ အခု ဒီရောက်လာနေပြီ …

“ ခေါင်းဆောင်ဟန်ရာ … အဲ့လောက်ထိလည်း စိတ်လှုပ်ရှားဖို့ မလိုပါဘူးဗျာ ….”

လင်းရီ ရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီး သူ့အား ကြမ်းပြင်ပေါ်မှ ထူမ ပေးလိုက်၏။

“ ကလေးလည်း ဒီမှာ ရှိနေတာကို ကလေးလန့်သွားမယ်လေ …”

လင်းရီ၏ ပံ့ပိုးပေးမှုဖြင့် ဟန်ရှန့်ယွီ ကုလားထိုင်သို့ ပြန်ထိုင်နိုင်သွားခဲ့သည်။ သို့သော် သူ့ပုံစံ ကြည့်ရသည်မှာ စိတ်ဝိဉာဏ် ပျောက်ဆုံးသွားပုံရပြီး မျက်လုံးနှစ်ဖက်ကလည်း အနက်ရောင် တွင်းပေါက်ကြီးနှင့် တူနေခဲ့၏။

“ အချိန်အများကြီး မရှိဘူး … ဒီမှာ စားနေတာတော်ပြီး ကျုပ်နဲ့ အရင် လိုက်ခဲ့ …”

“ နား … နားလည်ပါပြီ ….”

ဟန်ရှန့်ယွီ ကြက်သေသေနေခဲ့သည်။ ယခု လင်းရီက ဤနေရာသို့ ရောက်လာခဲ့ပြီ ဖြစ်သဖြင့် သူ့မှာ ခုခံဝံ့သည့် သတ္တိလေးပင် မမွေးဖွားနိုင်တော့ချေ။

“ မရီးလည်း သွားပြီး အဝတ်အစားလဲတော့ … ကျုပ်တို့ ခဏလောက် အပြင်ထွက်ကြမယ် ….”

“ အိုကေ ..”

“ ဦးလေးက သားအမေနဲ့ အဖေကို ဘယ်ခေါ်သွားမလို့လဲ ….” ဟန်ရှန့်ယွီ၏ သား ၊ ဟန်ဇီချန်က မေးလိုက်သည်။

“ ဦးက မင်းအဖေရဲ့ လုပ်ဖော်ကိုင်ဖက်လေ … အပြင်မှာ ထမင်းအတူ သွားစားကြမလို့ … စားကောင်းသောက်ဖွယ်တွေပေါ့ …..” လင်းရီ ပြုံးလျက် ဆိုလိုက်သည်။

“ ရေး … သားလည်း လိုက်မယ် … အဝတ်အစား သွားလဲမယ် … အရသာရှိတာတွေ သွားစားကြမယ် ….” ဟန်ဇီချန်က ရွှင်ပြတက်ကြွစွာ ပြောဆိုလိုက်၏။

“ ဒီနေရာက လုံးဝ အမှိုက်ပဲ … နေ့တိုင်းနေ့ အပြင်လည်း ထွက်လို့မရဘူး … သားတော့ လုံးဝ ကြိုက်ကို မကြိုက်တာ … ဟွာရှကမှ ပိုကောင်းသေးတယ် ….”

“ဒါပေါ့ …. အိမ်ထက် ပိုကောင်းတဲ့နေရာ ဘယ်ရှိနိုင်မှာ …” လင်းရီသည် ဟန်ရှန့်ယွီ၏ ပခုံးကို ခပ်ဆတ်ဆတ် ပုတ်လိုက်ပြီး “ ဟုတ်တယ်မလား ခေါင်းဆောင်ဟန် … ခင်များရော အဲ့လို မထင်ဘူးလား …..”

“ ဒါပေါ့ ဒါပေါ့ …..”

“ အဝတ်အစား သွားလဲတော့ … ကလေးကို လန့်အောင် မလုပ်နဲ့ ….”

စုံတွဲမှာ သေမင်းနှင့်အတူ ငရဲသို့ လိုက်ပါရတော့မည့် မျက်နှာအမူအရာများနှင့် အဝတ်လဲလိုက်ကြသည်။ ဘာမျှမသိသည့် ဟန်ဇီချန်လေးသာ တက်ကြွလို့နေသည်။

ဟန်ရှန့်ယွီမှာ သူ သေရတော့မှာကို သိရှိနေခဲ့သည်။

စွန်းကျားကတော့ သူမ သေမှာမဟုတ်ပေမယ့် အပြစ်ပေးခံရမှာကိုတော့ သိ၏။

ဟန်ဇီချန်လေးကတော့ သူတို့တွေ စားကောင်းသောက်ဖွယ်များ စားရတော့မှာကို တွေးတောပြီး သူ့အဖေနှင့်အမေကို မြန်မြန်လုပ်ဖို့ တိုက်တွန်းနေလေသည်။

လူသားများ၏ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုတို့က တူညီခြင်း မရှိကြပေ။ ထိုခံစားချက်များကိုလည်း ဤမိသားစု သုံးဦးတွင် ထင်သာရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။

မကြာမီ သုံးဦးလုံး အဆင်သင့် ဖြစ်သွားခဲ့ကြ၏။ လင်းရီ သူတို့ကို အပြင်သို့ ထွက်ရန် ပျူငှာလိုက်သည်။

ဟန်ရှန့်ယွီမှာ အရှေ့ဘက် တံခါးပေါက်ဝတွင် အချိန်ခေတ္တကြာအောင် တုံ့ဆိုင်းနေမိပြီး နောက်သို့ လှည့်ကြည့်လိုက်မိ၏။

စားပွဲထက်ရှိ ဟင်းပွဲများက အငွေ့တထောင်းထောင်း ထနေလျက်ဆဲ ရှိပြီး မထိတွေ့ရသေးပေ။

လူ့ဘဝကား ခန့်မှန်း၍ မရပေ။ ကံစက်ဝန်းဆိုသည်မှာ အသိမပေးဘဲ ရုတ်တရက်ရောက်ချလာသည့် ဒီရေကဲ့သို့ အရာအားလုံးကို တိုက်စား သယ်ဆောင်သွားခဲ့၏။ လူကို တုံ့ပြန်ရန်ပင် အခွင့်အရေး မပေးပေ။

လင်းရီ လူများကို အပြင်သို့ ခေါ်ဆောင်လာခဲ့ပြီး ဟန်ရှန့်ယွီ မျက်လုံးထောင့်ကပ်၍ တစ်ချက် ကြည့်လိုက်တော့ လူအများအပြားက ထိုနေရာတွင် လဲလျောင်းနေကြသည်။

သူက ဒီလူတွေ အကုန်လုံးကို အသံ တစ်ချက် မထွက်စေဘဲ အမှောက်သိပ်လိုက်တာပဲ ….

“ ဟားဟား ….”

ဟန်ရှန့်ယွီသည် သူ့ကိုယ်သူ လှောင်ပြောင်နေသည့်နှယ် ခါးသက်စွာ ရယ်မောမိလိုက်၏။

“ ဘာလဲ … သိသွားပြီလား ….”

“ ခေါင်းဆောင်လင်း ကိုယ်တိုင်တောင် ရောက်လာခဲ့တယ်ဆိုတော့ ငါ ဟန်ရှန့်ယွီက လွှမ်းမိုးမှု တစ်ချို့တော့ ရှိနေတာပဲ ….”

“ အဲ့တာကတော့ ပြောနေစရာ လိုသေးလို့လား …..”

မိသားစုသုံးဦးက ကားထဲသို့ ဝင်လာခဲ့ပြီး ဟန်ရှန့်ယွီက ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ လင်းရီက ကားမောင်းပြီး ကိုးရီးယားရှိ ဟွာရှ သံရုံးသို့ ဦးတည်လိုက်၏။

လမ်းတွင် လင်းရီ ဖုန်းတစ်ချက် ထုတ်ကြည့်လိုက်တော့ အမည်မသိ နံပါတ် တစ်ခုထံမှ လွတ်သွားသည့် ဖုန်းကော နှစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ လင်းရီ လျစ်လျူရှုထားလိုက်၏။ ပြီးသည့်နောက် သံရုံး၏ တာဝန်ခံထံသို့ ဖုန်းခေါ်လိုက်သည်။

“ ခေါင်းဆောင် … အခု ပြောနေတာ လင်းရီပါ ….”

“ ဟယ်လို ခေါင်းဆောင်လင်း … ငါတို့ မင်းကို မျှော်နေတာ … အကြီးအကဲလု ငါတို့ကို ဆက်သွယ်ပြီး ပူးပေါင်းပေးဖို့ အမိန့်ပေးထားတာ … စောနကတည်းက နှစ်ခါတောင် ဆက်သွယ်နေတာ ဖုန်းက မဝင်သွားဘူး ….”

“ ဒါဆိုလည်း ကျုပ် အပိုစကားတွေ ပြောပြီး လေကုန်ခံမနေတော့ဘူးဗျာ … ကျုပ် မိနစ် နှစ်ဆယ်အတွင်း အဲ့ဒီကို ရောက်မယ် … ရောက်မှ စကားပြောကြတာပေါ့ ….”

“ အိုကေ အိုကေ … တွေ့မှပဲ အသေးစိတ် ပြောကြတာပေါ့ ….”

ကလေးကို ငဲ့ညှာ၍ လင်းရီ အခြား မည်သည့် အပိုစကားတို့မျှ မပြောဆိုခဲ့ချေ။

လူကြီးများက မည်သည့် အရာကိုပဲ ဖြတ်ကျော်ရပါစေ၊ ကလေးမျာကတော့ အမြဲတစေ အဖြူထည်ဆန်ပြီး အပြစ်ကင်းစင်ကြ၏။

All Chapters