ဆန်းကြယ်တဲ့ မစ်ရှင်
Vol. 165 Ch. 2370
သံရုံးအတွင်း၌ ခန္ဓာကိုယ် ပိန်ပါးသည့် လူရိပ်တစ်ခုက လင်းရီနှင့် ဖုန်းပြောပြီးသည်နှင့် အပြင်သို့ ကသုတ်ကရိုက် ထွက်ခွာလာခဲ့သည်။ အမျိုးသား၏ နာမည်က ဝမ်ကျီးဖြစ်ပြီး သံရုံး တာဝန်ခံပင်။
သူ့ရုံးခန်းထဲက ထွက်လာခဲ့ပြီးနောက် ဝမ်ကျီးသည် အောက်ထပ်အခန်းသို့ ဆင်းလာခဲ့ပြီး အစည်းအဝေးခန်းဟု ရေးထိုးထားသည့် အခန်းတစ်ခုထဲသို့ ဝင်ရောက်လာခဲ့၏။
ဝမ်ကျီးက တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်တော့ လူနှစ်ယောက်က အထဲတွင် ထိုင်နေသည်။
တစ်ယောက်က အားကစားသမားပုံစံ ဆံပင်အတိုနှင့် ဖြစ်ပြီး အသားညိုသည်။ အသက်သုံးဆယ်အရွယ်ရှိ၏။
ကျန်တစ်ယောက်က လေးဆယ်အရွယ်ခန့်ရှိပြီး မုတ်ဆိတ်မွေးကားကားနှင့် အသက်မရှူတမ်း ဆဲဆိုနေလျက် ရှိသည်။
“ မြေနိုး Roamer … ငါ့နား ကာဗာမပေးဘဲ ယီးတွေ လျှောက်သွားနေတာလား ….”
“ ချီးပဲ ချီးပဲ ချီးပဲ … မင်းရဲ့ jungle ကလည်း ယီးလိုတွေ ဆော့ကစားနေတယ် ….”
“ မြေနိုးကောင် … marksman ကိုင်ပြီး KDA 0-8-0 နဲ့ ကောင်ကများ ပြောရတယ်ရှိသေး …”
နှစ်ယောက်က အချင်းချင်း ဆဲဆိုနေကြစဉ် ဝမ်ကျီးဝင်လာတာကို မြင်တော့ သူတို့ဖုန်းများကို မြန်မြန် သိမ်းလိုက်ကြပြီး မတ်တပ်ရပ်လျက် နှုတ်ဆက်လိုက်၏။
“ ခေါင်းဆောင် ….”
ဝမ်ကျီးပြုံးလိုက်သည်။ “ ယဉ်ကျေးနေဖို့ မလိုပါဘူးကွာ … မင်းတို့နဲ့ ပြောစရာရှိလို့ လာခဲ့လိုက်တာ …”
“ ရတယ်လေ … ပြောပါ ….”
“ ခေါင်းဆောင်လင်း အခုလေးတင် ဖုန်းဆက်လာတယ် … ပြောတာ သူ ခဏနေရင် ရောက်လာတော့မယ်တဲ့ …. ပြဿနာ တစ်ချို့ တက်လာလို့ ဖြစ်လိမ့်မယ် … အချိန်ကျရင် လူကြီးမင်းတို့နှစ်ယောက်က ကူညီပေးကြပါဦး ….”
“ ပြဿနာ မရှိဘူး ….” မုတ်ဆိတ်နှင့် အမျိုးသားက ပြောလိုက်ပြီး “ ငါတို့ ဒီရောက်လာတာကလည်း အဲ့အတွက်ပဲလေ ….”
ဝမ်ကျီးက သူ့နာရီကို တစ်ချက် ကြည့်လိုက်ပြီး “ အခုလေးတင် ဖုန်းခေါ်လာတာ မိနစ် ၂၀ နေရင် ရောက်လာမယ်လို့ ပြောထားတယ် … အသင့်ပြင်ပြီး သူနဲ့ ထွက်တွေ့ကြတာပေါ့ ….”
“ ကောင်းတယ် … ငါလည်း သူနဲ့ တွေ့ချင်နေတာ ကြာပြီ ….”
အသိပေးပြီးနောက် ဝမ်ကျီးက ပြန်လည် ထွက်ခွာသွားခဲ့ပြီး နှစ်ယောက်ကို အခန်းထဲ ချန်ရစ်ထားလိုက်၏။
“ ကပ္ပတိန် … အဲ့လူက ခဏနေဆို ရောက်လာတော့မယ် … ဘယ်လိုခံစားနေရလဲ ….”
“ တော်တော်လေး စိတ်လှုပ်ရှားမိသားကွ ….” မုတ်ဆိတ်နှင့်အမျိုးသားက စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး “ ငါ အဘိုးကြီးလုနဲ့ တွေ့တော့ ဆရာက သူ့ကို ရှယ်ချီးမွမ်းနေတာ … တစ်ခြားလူတွေကလည်း သူ့ကို ကျုံးဝေ့တပ်ဖွဲ့ရဲ့ အတော်ဆုံး အသင်းခေါင်းဆောင်လို့ ပြောသံကြားတယ် … သူ ဘယ်လိုလူစားမျိုး ဖြစ်မလဲဆိုတာ တွေ့ချင်နေတာ ကြာပြီ ….”
“ ဒါပေမယ့် အထက်က ပေးတဲ့ တာဝန်ကို မကိုင်တွယ်နိုင်ဘဲ ပြင်ပ အကူအညီ လာတောင်းနေတာကို ကြည့်ရင် ငါကတော့ သာမန်ပဲလို့ ထင်တယ် ….”
“ ပုံမှန်ပါပဲ … ဘာပဲဆိုဆို သူက စီအဆင့်တည်း ရှိသေးတာကိုး … ကျုံးဝေ့တပ်ဖွဲ့ထဲ ရောက်တာလည်း မကြာသေးဘူး … ထူးချွန်တယ်ဆိုပေမယ့် အရာရာ သိနေတာမှ မဟုတ်တာ ….” မုတ်ဆိတ်နှင့်လူက မှတ်ချက်ပေးလိုက်ပြီး “ ဒီတာဝန်က သဲလွန်စ လုံးဝ မရှိဘူး … ငါတို့ကို ပေးလာခဲ့ရင်တောင် ကိုင်တွယ်ဖို့ ခက်မှာ သေချာတယ် … သူ အကူအညီတောင်းလာတာလည်း နားလည်ပေးလို့ ရပါတယ် ….”
“ ကပ္ပတိန် ပြောတာ မှန်တယ် … သူ ရောက်လာတာကို စောင့်ပြီး ကြည့်ကြတာပေါ့ …”
နှစ်ယောက်က စီးကရက် တစ်လိပ်ကို ကုန်အောင် သောက်ပြီးနောက် အစည်းအဝေးခန်းထဲက ထွက်လာခဲ့ကြပြီး ဝမ်ကျီးနှင့်အတူ ပူးပေါင်း၍ သံရုံးဝင်ပေါက်ဝတွင် လင်းရီ ရောက်အလာကို အတူ စောင့်ဆိုင်းနေကြသည်။
မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် အနက်ရောင် ဟွင်သိုင်းဆီဒန် တစ်စီးက ဝင်ပေါက်ဝတွင် ထိုးရပ်လာခဲ့လေသည်။ ဝမ်ကျီးနှင့် လူအများအပြား ဝင်ပေါက်ဝတွင် မတ်တပ်ရပ်နေတာကို မြင်တော့ လင်းရီ ကားထဲက အရင်ဆုံး ထွက်လာခဲ့လိုက်သည်။
“ အားနာလိုက်တာ ခေါင်းဆောင်ရာ … အနှောင့်အယှက်ပေးမိပြီ ….” လင်းရီ ယဉ်ကျေးစွာ ပြောဆိုလိုက်၏။
“ ပြဿနာ များတယ်လို့ ဘယ်ဆိုလို့ရမှာ …. ငါတို့အားလုံးက ပြည်သူ့ဝန်ထမ်းတွေပဲလေ … ဒါတွေက လုပ်သင့်လုပ်ထိုက်တာတွေပါပဲ ….”
လင်းရီ ပြုံးလိုက်ပြီး “ ကျုပ် …. “
စကားပြောနေရင်းဖြင့် ရုတ်ချည်း ရပ်တန့်မိသွားခဲ့သည်။
အကြည့်နှစ်ခုက သူ့ထံ စူးစိုက်နေတာကို ခံစားမိပြီး မသိစိတ်အလျောက် လှည့်ကြည့်လိုက်မိတော့ ဖိုသီဖပ်သီနှင့် လူနှစ်ယောက်ကို မြင်တွေ့လိုက်ရသည်။
တဒင်္ဂမျှ မုတ်ဆိတ်နှင့်လူနှင့် အကြည့်ချင်းဆုံမိသွားခဲ့ပြီး လင်းရီကို မသိမသာ မျက်မှောင်ကြုတ်သွားစေသည်။
ဤအမျိုးသားက အင်မတန် အန္တရာယ်များသည်ဟုသော ခံစားချက်မျိုး ပေးစွမ်းနေပြီး သန်မာသည့် ဖိအားတို့ဖြင့် ပြည့်နှက်နေလျက် ရှိသည်။
ထိုကဲ့သို့သော ခံစားချက်မျိုးကို ယခင်က စုန့်ကျင်းမင်ထံကပဲ တွေ့ကြုံခံစားဖူးသေး၏။
“ ဪ ဒါနဲ့ ခေါင်းဆောင်လင်း … မိတ်ဆက်ပေးရဦးမယ် ….” ဝမ်ကျီးက မုတ်ဆိတ်နှင့်လူကို ညွှန်ပြ၍ “ ဒါက ကပ္ပတိန် ကျန်းကျိန်းနန် … ဘေးက သူ့အသင်းသား ကျန်းထောင် ….”
“ ကျန်းကျိန်းနန် ….”
လင်းရီ၏ မျက်လုံးသူငယ်အိမ်တို့က တစ်စုံတစ်ရာ အတွေးနက်သွားသည့်နှယ် ကျုံ့ဝင်သွားခဲ့သည်။ ကျုံးဝေ့တပ်ဖွဲ့အတွင်း ဤနာမည်ကို သူ ကြားဖူး၏။
ရှန်းလုံး အသင်း၏ ခေါင်းဆောင်က အေ-အဆင့် ကျွမ်းကျင်သူ ကျန်းကျိန်းနန်ပင်။
ကျန်းကျိန်းနန် ပြုံးလိုက်ပြီး “ ကြည့်ရတာ ငါ ဘယ်သူဆိုတာ သိနေတယ်နဲ့တူတယ် … ဒီတော့ ငါ့ကိုယ်ငါ မိတ်မဆက်တော့ဘူးကွာ ….”
ဟန်ရှန့်ယွီကို ဖမ်းဆီးမည့် မစ်ရှင်က တင်းကြပ်စွာ လျှို့ဝှက်ထားပြီး အင်မတန် နည်းပါးသည့် လက်တစ်ဆုပ်စာ လူတစ်ချို့သာလျှင် သိရှိကြသည်။
သို့သော် လုပေချိန်က ဟန်ရှန့်ယွီသည် ယခု ကိုးရီးယား အစိုးရ၏ ကာကွယ်ပေးမှုအောက်တွင် ရှိနေပြီး ခြေရာလက်ရာ မကျန်ရစ်ပဲ ပျောက်ကွယ်သွားခဲ့သည်က တာဝန်ကို အလွန်အမင်း စိန်ခေါ်မှု များစေသည်။
ထို့ကြောင့် ရှန်းလုံအသင်း ရန်ကျင်းသို့ ပြန်ရောက်လာခဲ့ပြီးနောက် လုပေချိန်က ကျန်းကျိန်းနန်ကို ဤနေရာသို့ စေလွှတ်လာခဲ့ခြင်းပင်။
ကျန်းကျိန်းနန်နှင့် ကျန်းထောင်တို့က သူ လေ့ကျင့်ပေးထားသည့်လူများဖြစ်ပြီး သူ ဂုဏ်ယူရသည့် တပည့်များလည်း ဖြစ်သည်။ ထို့ကြောင့် ဤမစ်ရှင်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်လိမ့်မည် ဖြစ်ကြောင်း ယုံကြည်သည်။
မဟုတ်ဘူးဆိုပါက လင်းရီသည် သူတို့နှင့် ဤနေရာတွင် တွေ့ဖို့ ဖြစ်နိုင်ချေ အလားအလာက အင်မတန် နည်း၏။
ကျန်းကျိန်းနန်က သူ့လက်ကို ဆန့်တန်းလာခဲ့ပြီး လင်းရီလည်း ပြုံးလျက် လက်ဆွဲ နှုတ်ဆက်လိုက်၏။
“ ကပ္ပတိန်ကျန်း … ကြားဖူးနေတာကြာပါပြီ …”
“ ဒီကလည်း အတူတူပါပဲ …..”
“ ခေါင်းဆောင်လင်း … ကပ္ပတိန်ကျန်း … အထဲဝင်ပြီး စကားပြောကြတာပေါ့ … ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းဖို့ ကြိုးစားကြမယ် ….” ဝမ်ကျီးက အကြံပြုလိုက်သည်။
“ ကိစ္စက ကိုင်တွယ်ပြီးပြီ … လူက ကားထဲမှာ ….” လင်းရီ တစ်ဖက်သို့လှည့်၍ ဟွင်သိုင်းဆီဒန်ကို ညွှန်ပြလိုက်၏။
“ ဒါပေမယ့် ကလေးလည်း အထဲမှာ ပါနေတယ် … တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ကလေးရဲ့ ခံစားချက်ကို နည်းနည်း ငဲ့ညှာပေးလိုက်ပါ … လူကြီးတွေက အပြစ်ရှိတယ်ဆိုပေမယ့် ကလေးကတော့ အပြစ်ကင်းတယ်လေ ….”
“ လူက ဖမ်းပြီးသွားပြီ ဟုတ်လား ….”
ဝမ်ကျီးနှင့် ကျန်းကျိန်းနန်တို့ အကုန်လုံး အတော်လေး အံ့အားသင့်သွားခဲ့ကြသည်။
လုပေချိန် ပြောသည့်အတိုင်းဆိုပါက လင်းရီသည် မနေ့ကမှ ကိုးရီးယားသို့ ရောက်လာပြီး ၂၄ နာရီပင် မပြည့်သေးပေ။ သို့တိုင် တာဝန်က ထမ်းဆောင်ပြီးသွားပြီတဲ့လော။
ကျန်းကျိန်းနန် စိတ်ထဲ တွက်ချက်ကြည့်လိုက်၏။
သူပင်လျှင် ဤမျှ မမြန်ဆန်နိုင်မည်မှာတော့ ကျိန်းသေသည်။
အကြီးအကဲလု မြင့်မြင့်မှန်းထားသည့် ဤလူငယ်လေး ။ ကျုံးဝေ့တပ်ဖွဲ့၏ အတော်ဆုံး အသင်းခေါင်းဆောင်ပါဟု လူအများ ဆိုစမှတ်ပြုနေကြသည်မှာ ယခုတော့ အရာအားလုံးက အဓိပ္ပာယ်ရှိသွားခဲ့ပုံရ၏။
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ လူက ကားထဲမှာ …. ကျန်တာကိုတော့ ခေါင်းဆောင်ကို ဒုက္ခပေးရတော့မယ် ….”
ဤသည်က ကျုံးဝေ့တပ်ဖွဲ့၏ လုပ်ရိုးလုပ်စဉ်ပင်။ လူကို သတ်ဖို့သာလိုပြီး မြေမြုပ်သည့်ကိစ္စကိုတော့ လုပ်ဆောင်စရာ မလိုပေ။
မစ်ရှင်ကို ထမ်းဆောင်ပြီးသည့်နောက် ၊ နောက်ဆက်တွဲ ကိစ္စရပ်များကို သံရုံးက တာဝန်ယူ ဖြေရှင်းပေးမှာ ဖြစ်၏။
ဝမ်ကျီး အသိစိတ် ပြန်ဝင်လာခဲ့ပြီး သူ့လူများကို ဟန်ရှန့်ယွီနှင့် စွန်းကျားတို့အား ကားထဲမှ ခေါ်လာခဲ့ဖို့ အမိန့်ပေးလိုက်၏။
နောက်ဆက်တွဲ ကိစ္စရပ်များကို ဝမ်ကျီးကပဲ တာဝန်ယူပြီး လင်းရီတို့သုံးဦးမှာ အတူ စုဝေးကြသည်။
“ မင်းကတော့ တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ လင်းရီ …. ကျန်းကျိန်းနန်က လင်းရီ၏ ပခုံးကို ခပ်သာသာ ပုတ်လိုက်ပြီး “ အကြီးအကဲလုက မင်းကို အမြဲတမ်း ချီးမွမ်းနေတာ မဆန်းတော့ပါဘူး … မင်းက တကယ်လည်း ချီးကျူးဖို့ ထိုက်တန်တဲ့ ကောင်ပဲ …..”
“ ဒီတိုင်း ကံကောင်းသွားရုံပါဗျာ … မဟုတ်ရင် မစ်ရှင်က အချိန်အတော်ကြာသွားမှာ …..”
“ နိမ့်ချမနေစမ်းပါနဲ့ … ကိုယ်တိုင်က အထင်ကြီးစရာကောင်းနေရင် နှိမ့်ချနေစရာ မလိုဘူး ….” ကျန်းထောင်က ရယ်မောပြီး ပြောလာသည်။
“ ငါတို့ မင်းကို တကယ် ကျေးဇူးတင်ရမှာ …. အဲ့ဒီ ရှေးဟောင်းပစ္စည်းကိုသာ မင်းတို့ မရခဲ့ဘူးဆိုရင် ငါတို့ကောင်တွေ ပြန်မလာခင် ကျွန်းပေါ်မှာ ခဏလောက် ဆက်နေရဦးမှာ …..”
“ ကျွန်းပေါ်မှာရော အခု အခြေအနေ ဘယ်လိုရှိနေပြီလဲ … အတော်လေး ပြင်းထန်နေရောပေါ့ ….”
“ မေးမနေစမ်းနဲ့ … လူတိုင်းက ခွေးရူးတွေလိုပဲ … မစဉ်းစားဘဲ ရှေ့ချည်း တစ်ဟုန်ထိုး ပြေးတက်နေကြတာ …. “ ကျန်းကျိန်းနန် ပြောလိုက်ပြီး “ ဒါပေမယ့် မင်းက ရှေးဟောင်းပစ္စည်းကို ယူသွားခဲ့တော့ အာရုံလွှဲပေးသလို ဖြစ်သွားခဲ့တယ် … ဖိအားကလည်း တော်တော်လျော့သွားတယ် ….”
“ မရည်ရွယ်ဘဲ ကောင်းကျိုးဆောင်မိသလို ဖြစ်သွားသလား ….”
“ ဘာကို ကောင်းရမှာ …. ကျွန်းပေါ်က ပဋိပက္ခတွေ လျော့နည်းသွားတယ်ဆိုတာ သူတို့ရဲ့ အာရုံက ငါတို့ဆီ ရောက်လာလို့ကွ ….” ကျန်းကျိန်းနန် ပြောလိုက်ပြီး “ အကြီးအကဲလု ငါတို့ကို ပြန်လာခွင့် မပေးရင်တောင် အစီရင်ခံစာတင်ပြီး ပြန်လာဖို့ လုပ်နေပြီ … မဟုတ်ရင် ရှန်းလုံအသင်းတော့ သူတို့ရဲ့ ပစ်မှတ်ဖြစ်ပြီပဲ ….”
“ ငါကတော့ ကောင်းတဲ့ကိစ္စလို့ ထင်တယ် … နောက်ဆုံးတော့ နားလို့ရပြီလေ … မိန်းမနဲ့ ဒုတိယ ကလေး ယူဖို့ ပြောမယ် … မဟုတ်ရင် ငါ့မိသားစုရဲ့ ဘီလီယမ်ချီတဲ့ ကြွယ်ဝမှုတွေက အမွေဆက်ခံသူ မရှိဘဲ ဖြစ်နေတော့မှာ ….” ကျန်းထောင်က အားပါးတရ ရယ်မောပြီး ပြောဆိုလိုက်သည်။