နှလုံးသား၌ ကျော့ရှင်းမှု
Vol. 165 Ch. 2366
“ ဘယ်သူကပဲ ဖမ်းဖမ်း လက်ထောက်ကြီးကြပ်ရေးမှူး အဆင့်ရှိတဲ့ လူတစ်ယောက်ကို ဖမ်းနိုင်တယ်ဆိုတာက အထင်ကြီးဖို့ကောင်းတာပဲလေ ….”
နင်ချဲ့ တခစ်ခစ် ရယ်မောရင်း ပြောလိုက်၏။ သို့ပေမယ့် သူမ လင်းရီကို လှမ်းကြည့်သည့် အချိန်တွင်တော့ သူမ မျက်ဝန်းတို့ထဲ လေးစားအားကျမှုတို့ ဖြစ်ပေါ်နေသည်။
လင်းရီ နေကြာစေ့ လက်တစ်ကုပ်စာခန့် ကုပ်ယူလိုက်ပြီး သူ့ဘာသူ စတင်စားသောက်လိုက်သည်။
“ တပ်ဖွဲ့မှာ လတ်တလော ဘာတွေ ထူးသေးတုန်း ….”
“ လောလောဆယ်တော့ ဘာမှ မရှိသေးပါဘူး ….” နင်ချဲ့ ပြောလိုက်ပြီး “ ဒါပေမယ့် အကြီးအကဲလုက ရှန်းလုံ အသင်းကို ပြန်ခေါ်ပြီး အသင်း ပြန်လည်ဖွဲ့စည်းဖို့ လိုတယ် ပြောတယ် ….”
“ ရှန်းလုံ အသင်း …..”
လင်းရီ သူ့ဘာသူ ရေရွတ်လိုက်သည်။ ထိုအသင်းကို သူ တစ်ခါမှ မတွေ့ဖူးသော်လည်း ၎င်းတို့အကြောင်းကိုတော့ အတော်လေး ကြားဖူးနားဝရှိသည်။ အသင်းလေးသင်း အထက် လျှို့ဝှက်အသင်း အင်အားစု တစ်ခု ဖြစ်၏။
အဖွဲ့ဝင် ဆယ့်နှစ်ဦးလုံးက ဘီအဆင့်များ ဖြစ်ကြပြီး ကျုံးဝေ့တပ်ဖွဲ့၏ ဝှက်ဖဲ တစ်ချပ်ဟု ခေါ်ဆိုလျှင်လည်း မမှားပေ။
ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ရောက်စဉ်ကတည်းက နိုင်ငံရပ်ခြား မစ်ရှင်များကို ထပ်ဆောင်နေခဲ့ပြီး ယခုတွင်တော့ ထင်မှတ်မထားစွာဖြင့် ပြန်လာရတော့မည်။
“ အကြီးအကဲလုက ကျွန်းပေါ်မှာရှိတဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးကို စိတ်ပူလို့ ဖြစ်လိမ့်မယ် ဟုတ်တယ်မလား ….”
ချိုးယွီလော့ ခေါင်းညိတ်လိုက်သည်။ “ ငါတို့က တစ်ကမ္ဘာလုံးရဲ့ အမြင်မှာ အသားထဲ နစ်ဝင်နေတဲ့ ဆူးတစ်ချောင်း ဖြစ်လာနေပြီလေ … သူတို့ကို နိုင်ငံခြားမှာ လွှတ်ထားတာ ကျိန်းသေပေါက် အန္တရာယ်များတာပေါ့ … ဒါကြောင့်မို့ အကြီးအကဲလုက သူတို့ကို ပြန်လာခိုင်းလိုက်တာ … နောက်ရက်နည်းနည်းလောက်ဆို ရန်ကျင်းကို ပြန်ရောက်ပြီ ….”
“ ယုတ္တိရှိပါတယ် ….”
“ ကဲပါ … ဒီအကြောင်းတွေ မပြောကြစို့ ….” နင်ချဲ့ ပြောလိုက်ပြီး “ နင် ငါ့ကို ဒီမှာတွေ့ဖို့ ချိန်းလိုက်တာ ဘာအရေးကြီး ကိစ္စရှိလို့လဲ ….”
“ အရေးကြီးကိစ္စ ကိုင်တွယ်စရာ တစ်ခု ရှိတယ် …. မင်းရဲ့ အကူအညီနဲ့ ရုပ်ဖျက်ဖို့ လိုတယ် ….”
“ ဟမ် ….”
အမျိုးသမီးနှစ်ဦးလုံး အကြည့်ချင်း ဖလှယ်မိသွားခဲ့ကြသည်။ သူမတို့ ပြုလုပ်နေသည်များအား လုံးဝ ရပ်တန့်လိုက်ပြီး လင်းရီအပေါ်မှာပဲ အာရုံစူးစိုက်ထားကြတော့၏။
“ လျှို့ဝှက် မစ်ရှင်တစ်ခု ရထားတယ်ပေါ့ … အဲ့တာကို ဘယ်လိုဖြစ်ပြီး ငါတို့က မသိရတာလဲ ….”
“ အဲ့လောက်လည်း သံသယ ပွားမနေစမ်းပါနဲ့ ….”
“ ဒီခုဟာက သီးသန့် ကိုယ်ရေးကိုယ်တာ ကိစ္စ … တပ်ဖွဲ့နဲ့ ဘာမှ မဆိုင်ဘူး …..”
ဟန်ရှန့်ယွီ ကိစ္စက လင်းရီ၊ လျန်ရှန့်ဟော်နှင့် လုပေချိန်တို့ သုံးဦးတည်း သိသည့် ကိစ္စရပ်ပင်။ လျန်ရှန့်ဟော်၏ ဂုဏ်သတင်းကို ထောက်ထား၍ အခြား မည်သူကိုမျှ ဤအကြောင်းကိစ္စများ ပြောပြစရာ အကြောင်း မရှိပေ။
“ နင် အကူအညီလိုတယ်ဆိုလည်း ငါတို့ကို ပြောလော ….”
လင်းရီ ပြုံးလိုက်ပြီး “ လိုလို့ပဲ အခု ရောက်လာပြီလေ ….”
“ ပါမွှားလေးပါ ….”
နင်ချဲ့၏ မိတ်ကပ် စကေးတို့က လင်းရီပင် လေးစားရသည့် အရည်အချင်းပင်။
နာရီဝက်ခန့် ကြာပြီးနောက် လုံးလုံးလျားလျား မမှတ်မိနိုင်တော့သည်အထိတော့ မဟုတ်သော်လည်း သူတို့ရှေ့ရှိလူက လင်းရီဆိုတာကိုတော့ ပြောဖို့ အတော်လေး ခဲယဉ်းသွားပြီ ဖြစ်၏။
“ အိုကေ … လုံးဝ perfect ပဲ …”
ရုပ်ဖျက်ပြီးနောက် လင်းရီ ပြောလိုက်၏။
“ ငါ အရင်သွားနှင့်ပြီ … နောက်ရက်နည်းနည်းကြာရင် ထမင်းစားဖို့ ပြန်လာခဲ့မယ် ….”
“ ငါ လိုက်ပို့ပေးမယ် ….”
“ ရတယ် … တက္ကစီ စီးသွားလိုက်မယ် … အပြင်မှာက အေးတယ် .. လမ်းကလည်း ချော်တယ် … မင်းတို့နှစ်ယောက်က ဒီမှာပဲ နွေးနွေးထွေးထွေးလေးနေကြ ….”
ချိုးယွီလော့နှင့် နင်ချဲ့တို့လည်း ခေါင်းမာမနေကြဘဲ လင်းရီကို တံခါးဝအထိသာ လိုက်ပို့လိုက်ကြသည်။
“ ဒါလေး ဆောင်သွား …”
ချိုးယွီလော့က သူမ အမြဲတမ်း ဆောင်ထားနေကြ Beretta 92F ကို ကမ်းပေးလာသည်။
“ တကယ့် အချိန်တွေကျရင် နင့်ဓားမြောင်က ဒီဟာလောက် အသုံးမဝင်ဘူး ….”
“ ကျွတ် ကျွတ် … အမြဲ ဂရုစိုက်ပေးတတ်လွန်းတယ် ….”
“ ဒါတော့ လာယှဉ်လို့ ဘယ်ရမှာ … ဘာပဲဆိုဆို ပတ်သက်မှုချင်းက မတူဘူးလေ …” နင်ချဲ့က ချိုးယွီလော့ကို အရွှန်းဖောက်စွာ ကြည့်၍ “ တကယ်လို့ နင်သာ သူနဲ့ တစ်ညလောက် အချိန်အတူ ဖြုန်းလိုက်ရင် ယွီလော့လည်း အိုကေလာလိမ့်မယ် ….”
“ တော်လိုက်တော့ … နင်တို့နှစ်ယောက် ငါ့ကို လာကြပ်မနေကြစမ်းနဲ့ … ငါက အပေါ်ယံဆန်တဲ့ လူစားမျိုး မဟုတ်ဘူး ….”
“ ငါတို့က ဒီတိုင်း စကားအဖြစ် ပြောနေတာပါဟယ် … နင် ဘာကို စိတ်ဝင်စားလဲ ငါတို့ကို ပြောလေ …. လင်းရီက နင်စိတ်ဝင်စားတာကို စိတ်ကျေနပ်အောင် လုပ်ပေးလိမ့်မယ် ….”
“ ငါ ဘာကိုမှ စိတ်မဝငစားဘူး … နင်တို့နှစ်ယောက်ပဲ ချိုမြိန်နေလိုက်ကြ … ငါတော့ သွားပြီ …”
ချိုးယွီလော့ ထွက်ခွာသွားပြီးနောက် နင်ချဲ့က လင်းရီ၏ ကော်လံအင်္ကျီကို အနည်းငယ် ပြုပြင်ပေးလိုက်သည်။
“ အပြင်မှာ ဂရုစိုက်ဦး …”
လင်းရီသည် နင်ချဲ့၏ နဖူးကို ညင်သာစွာ နမ်းလိုက်ပြီး “ ငါ အဆင်ပြေမှာပါ … အထဲဝင်တော့ ….”
“ အွန်း ….”
ကျုံးဝေ့တပ်ဖွဲ့မှ ထွက်လာခဲ့ပြီးနောက် လင်းရီသည် လေဆိပ်သို့ ဦးတည်လာခဲ့သည်။
ဤအတောအတွင်း လျန်ရှန့်ဟော်က ဟန်ရှန့်ယွီနှင့် ပတ်သက်သည့် ဖိုင်တွဲများ ပေးပို့လာသည်။
တစ်ချက် အမြန် ဖတ်ကြည့်ပြီးနောက် အသုံးဝင်သည့် အရာဟူ၍ တစ်ခုတစ်လေမျှပင် မတွေ့ခဲ့ရပေ။ အချိန်တိုအတွင်း ၎င်း၏ တည်နေရာကို သိရဖို့အတွက်ကတော့ အတော်လေး ကြိုးပမ်းအားထုတ်ရမည့်ပုံပင်။
ထိုင်ခုံနောက်ကျောသို့ မှီရင်း လင်းရီ မျက်လုံးမှိတ်ထားလျက် အနားယူနေသည်။ သို့သော် သူ့ဦးနှောက်ကတော့ စဉ်ဆက်မပြတ် လည်ပတ်နေပြီး စိတ်ထဲတွင် အရာအားလုံးကို ပြန်လည် သုံးသပ်ကြည့်နေလျက်ရှိသည်။
ဤကိစ္စကို သူ မျှော်လင့်ထားပြီး အင်မတန် တည်တည်ငြိမ်ငြိမ်နှင့် ကိုင်တွယ်နိုင်သည်။
တစ်ကမ္ဘာလုံးက အနှီ ရှေးဟောင်းပစ္စည်းကို စောင့်ကြည့်နေကြသည်။ သို့သော် ယေဘုယျကျကျ ပြောဆိုမည်ဆိုပါက အုပ်စုနှစ်ခုက ယင်းအတွက် ယှဉ်ပြိုင်နေကြ၏။
တစ်အုပ်စုက အမေရိကန် ဦးဆောင်သည့် အစိုးရ အဖွဲ့အစည်းများနှင့် ကျန်တစ်အုပ်စုက ဖရီးမေဆင် ဦးဆောင်သည့် နိုင်ငံခြား အဖွဲ့စည်းများပင်။
လုပေချိန်၏ လတ်တလော လုပ်ရပ်များကြောင့် နိုင်ငံခြား အဖွဲ့အစည်းများကတော့ ယခုလောလောဆယ်တွင် မည်သည့် လှုပ်ရှားမှုတို့မျှ ပြုလုပ်ဝံ့မှာ မဟုတ်ပေ။ သို့သော် အစိုးရ အဖွဲ့အစည်းများကတော့ အရှုံးပေးကြမှာ မဟုတ်သည်မှာ သေချာသည်။
သူတို့၏ ချဉ်းကပ်နည်းလမ်းက ဖရီးမေဆင်ကဲ့သို့ လျှို့ဝှက်နေမှာလည်း မဟုတ်ပေ။ အများ၏ အမြင်ကို အသုံးချ၍ ဟွာရှအပေါ် ဖိအားပေးပြီး အဆိုပါ စာရွက်စာတမ်းများကို ကမ်းလှမ်းပေးလာဖို့ ပြုလုပ်မည်မှာ ကျိန်းသေသည်။
လက်ရှိတွင် ကိုးရီးယားက အဘယ်ကြောင့် ယခုလို ပြုလုပ်ရသလဲဆိုတာ လုံးဝ နားလည်ပေးနိုင်သည်။ အကယ်၍ အမေရိကန်တို့ လက်ထဲ ထိုပစ္စည်း ရောက်ရှိသွားခဲ့မည်ဆိုပါက ဂျပန်နှင့် ကိုးရီးယားတို့ နှစ်ဘက်လုံး စားကြွင်းစားကျန်လေးပင် မြင်လိုက်ရမှာ မဟုတ်ချေ။ ထို့ကြောင့် ဤပစ္စည်းကို သူတို့နည်း သူတို့ဟန်နှင့် ပိုင်ဆိုင်ဖို့အတွက် ကြိုးပမ်းဖို့လိုသည်။
သို့သော် ဟွာရှအပေါ် ဖိအားပေးနိုင်စွမ်း ကင်းမဲ့ခြင်းနှင့် အောက်တန်းကျသည့် နည်းလမ်းများအပေါ် စက်ဆုပ်ခြင်းတို့ကြောင့် လာဘ်ထိုးသည့် နည်းလမ်းကိုသာ အသုံးချပြီး သူတို့အတွက် ကိုယ်ပိုင် အခွင့်အရေး တစ်ခုကို ဖန်တီးသွားခဲ့သည်။
လင်းရီ ဖုန်းကို ပွတ်ကစားရင်း သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်၏။
“ ကြည့်ရတာ လီရုံဂျင်းကို ဒီကိစ္စထဲ ဝင်ပါခိုင်းရတော့မှာပဲ ….”
လေယာဉ်က ချောချောမွေ့မွေ့နှင့် ပျံသန်းပြီး နှစ်နာရီအတွင်းမှာပဲ တောင်ကိုးရီးယားလေဆိပ်သို့ ဆင်းသက်လာသည်။
ထိုအချိန်၌ ကိုးရီးယား စံတော်ချိန် ည ရှစ်နာရီ ထိုးနေပြီ ဖြစ်၏။
လင်းရီ အခြား မည်သည့်နေရာသို့မျှ သွားမနေဘဲ တက္ကစီငှား၍ လီရုံဂျင်း၏ အိမ်သို့ ဦးတည်လာခဲ့လိုက်သည်။
ကျန်းနန် လူချမ်းသာ ရပ်ကွက်ရှိ ဗီလာတစ်ခုတွင်။
မီးများက ထိန်ထိန်လင်းနေပြီး အနီးနားရှိ အရာရာတိုင်းက တလက်လက် တောက်ပနေသည်။
ဗီလာ ရေချိုးခန်းထဲတွင် ရေစက်ကျဆင်းသံသဲ့သဲ့မှာ အတင်းအကြပ် ရပ်တန့်ခံလိုက်ရ၏။ ပြီးနောက် များမကြာမီ အချိန်တွင် လီရုံဂျင်းက တဘက် ပတ်လျက်သားဖြင့် အပြင်သို့ ထွက်လာသည်။
အသက် သုံးဆယ် အလတ်ပိုင်းတွင် ရှိနေပြီ ဆိုသော်လည်း ကိုယ်လုံးကိုယ်ပေါက်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အဆီပို ဟူ၍ တစ်စက်လေးမျှပင် မမြင်တွေ့ရချေ။
အကယ်၍များ တစ်စုံတစ်ယောက်က ‘ အကြီးဆုံး မင်းသမီး’ ဆိုသည့် ဘွဲ့နှင့် ထိုက်တန်ဖို့ ရှိခဲ့မည်ဆိုလျှင် ထိုဘွဲ့ထူးက လီရုံဂျင်းအတွက်ပဲ ဖြစ်မည်မှာ ကျိန်းသေသည်။
လင်းရီ ပြောသည့်အတိုင်း ဤအမျိုးသမီးက ရင်ဘက် အနည်းငယ် သွယ်လျသွားသည်ကလွဲ၍ ကျန်သည့် နေရာမျိုးစုံတွင် သူမတူ ထူးခြားသည့်လူ ဖြစ်သည်။
ရေချိုးပြီးနောက် စကင်းကဲ ပစ္စည်း အနည်းငယ် အသုံးပြု၍ အသားအရေကို ပုံမှန်အတိုင်း ထိန်းသိမ်းသည်။ ပြီးသည့်နောက် အရက်သိုလှောင်သည့် အခန်းသို့ တစ်ဦးတည်း ထွက်လာပြီး ဝီစကီ တစ်ခွက် ငှဲ့လိုက်သည်။ ပြီးသည့်နောက် ဆိုဖာပေါ်ထိုင်၍ အတွေးများထဲ နစ်မြောနေသည်။
ထောက် …
စီးကရက်တစ်လိပ်ကိုပါ မီးညှိလိုက်ပြီး မီးခိုးငွေ့များကို တိတ်တဆိတ် ရှိုက်လိုက်၏။
လီရုံဂျင်း၏ ကျော့ရှင်းမှုတို့က အရိုးထဲထိတိုင် နစ်ဝင်လို့နေသည်။ ဆိုဖာပေါ် ထိုင်နေရင်း သွယ်လျသည့် ခြေတံများနှင့် ပြီးပြည့်စုံသည့် ကောက်ကြောင်းခန္ဓာက သူမ၏ အပြုအမူတိုင်းကို ဆွဲဆောင်မှု ရှိနေစေတော့သည်။
လီရုံဂျင်း မျက်လုံးပိတ်လျက် အနားယူနေသည်။ သူမ၏ နားထင်များကို နှိပ်နှယ်ရင်း တင့်တယ်သည့် မျက်ခုံးတို့က မျက်လုံးမဖွင့်ထားပါလျက် တင်းကြုတ်နေလျက်ရှိသည်။
“ ဒါရိုက်တာလီက အကြိုက်က အတော်ထူးခြားတာပဲ … ရင့်ကျက်တဲ့ အမျိုးသမီးနဲ့ ဝီစကီဆိုတာ သိပ်ကို လိုက်ဖက်လွန်းတယ် …”
တံခါးပေါက်ဝရှိ အသံကိုကြားတော့ လီရုံဂျင်းမှာ ရုတ်ချည်း မတ်တပ်ထရပ်မိသွားခဲ့ပြီး သူမခန္ဓာကိုယ်ရှိ တဘက်ကို တင်းတင်းကြပ်ကြပ် ပြုထားလိုက်မိသည်။ စီးကရက်တိုကိုလည်း ဝီစကီခွက်ထဲသို့ ပစ်ထည့်ပြီး မျက်ဝန်းများထဲ သတိကပ်မှုတို့ ပြည့်နှက်နေသည်။
“ မကြောက်ပါနဲ့ .. ငါပါ …”
လင်းရီ သူ၏ ရုပ်ဖျက်ထားမှုကို ပယ်ဖျက်လိုက်၏။ လင်းရီဖြစ်နေတာကို မြင်တော့ လီရုံဂျင်းမှာ အနည်းငယ် သက်တောင့်သက်သာ ဖြစ်သွားခဲ့သော်လည်းပဲ မျက်လုံးထဲ၌ သတိထားမှု အရိပ်အမြွက်တို့ အနည်းငယ် ကျန်ရစ်နေဆဲပင်။
“ ဒါရိုက်တာလင်းက အသိမပေး ဘာမပေးနဲ့ ဒီကို ရုတ်တရက်ကြီး ဘာလာလုပ်တာလဲ …..”
ဝီစကီ ပုလင်းကို ကိုင်၍ လင်းရီ သူ့အတွက်သူ တစ်ခွက်ငှဲ့လိုက်၏။
“ မင်းရဲ့ အကူအညီကို လိုလို့ ….”
“ နင်တောင် မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုရင် ငါလည်း ကူညီပေးနိုင်မယ်လို့ မထင်ဘူးနော် ဒါရိုက်တာလင်း …..”
လင်းရီ ပခုံးတွန့်လျက် “ ဒါပေမယ့် ကိုးရီးယားမှာကျတော့ ငါ သိတဲ့လူဆိုလို့ မင်းတစ်ယောက်တည်း ရှိတာလေ … မင်းဆီမှ အကူအညီ မတောင်းရင် တစ်ခြား ဘယ်သူ့ကို သွားတောင်းရမှာ …..”
“ ငါက ဘာကူညီပေးရမှာလဲ ….”
လင်းရီ ခေတ္တ ရပ်တန့်လိုက်ပြီး “ လတ်တလော အစိုးရက ဆမ်ဆောင်းကို တာဝန်တွေ ဘာတွေများ ပေးလာသေးလား ….”
ထိုစကားကြားတော့ လီရုံဂျင်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး လင်းရီကို စေ့စေ့စပ်စပ် အကဲခတ်လိုက်သည်။
“ နင်က ဘာလို့ မေးတာ ….”
လင်းရီ ဝီစကီကို တစ်ကျိုက်မော့လိုက်ပြီး “ ဒီတိုင်း ခန့်မှန်းကြည့်ရုံပါပဲ … ငါမေးတာကိုပဲဖြေပါ … လိမ်ဖို့တော့ မကြိုးစားနဲ့ ….”
“ ရှိတယ် ….”
“ ဘာတာဝန်လဲ …..”
“ ပူးတွဲ ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ဖို့ …..”
“ ပူးတွဲဓာတ်ခွဲခန်း ဟုတ်လား … အသေးစိတ် ပြောစမ်းပါဦး ….”
“ အာဏာပိုင်တွေက ဆမ်ဆောင်းရဲ့ ဇီဝသိပ္ပံ အစွမ်းအစတွေကို ဓာတ်ခွဲခန်း အသစ်တစ်ခုမှာ ငှားယမ်း အသုံးချချင်နေတယ်လေ ….”
“ ဆမ်ဆောင်း ဇီဝ …..”
လင်းရီ တီးတိုးရေရွတ်ရင်း တစ်စုံတစ်ရာကို ဆက်စပ်မိသွားခဲ့ဟန်ရသည်။
“ မင်း သဘောတူလိုက်လား ….”
“ သဘောမတူစရာ အကြောင်းမှ မရှိတာ … ဒါပေမယ့် တာဝန်ခံကတော့ ငါ မဟုတ်ဘူး … သည့်ထက်ပိုပြီးလည်း နင့်ကို ပြောပြပိုင်ခွင့် မရှိဘူး …”