မင်းကို နောက်ထပ် အခွင့်အရေး တစ်ခု ပေးနေတာ
Vol. 165 Ch. 2367
“ မင်းက တာဝန်ခံ မဟုတ်ဘူးပေါ့ ….” လင်းရီ အံ့အားသင့်သည့် လေသံဖြင့် မေးမြန်းလိုက်သည်။
“ နင်က ဆမ်ဆောင်းကို အပေါ်ယံလောက်သိတာ … ငါက ဥက္ကဌဆိုပေမယ့် လုပ်ပိုင်ခွင့်က အပြည့်အဝ ရှိတာမဟုတ်ဘူး ….”
လင်းရီ သူ့သောက်စရာကို မော့လိုက်ပြီး လီရုံဂျင်း စကားဆက်မှာကို ဆက်လက်စောင့်ဆိုင်းနေသည်။
“ ကုမ္ပဏီထဲမှာ အင်အားစု သုံးခု ရှိတယ် … ပထမတစ်ခုက ငါ … ဒုတိယက ကိုးရီးယား အစိုးရ … တတိယက နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ ….”
လင်းရီ တိတ်ဆိတ်သွားခဲ့၏။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ ကိစ္စနှင့် ပတ်သက်၍ သူ အတော်လေး ရင်းနှီးနေသည်။
ဆမ်ဆောင်း၏ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများက ကိုင်ဆောင်ထားကြသည်။
အဆိုပါ ၅၅ ရာခိုင်နှုန်းအနက် ၈၀ ရာခိုင်နှုန်းလောက်က JpMorgan နှင့် ဟွာချီကဲ့သို့သော ဂျိုင်းရက်ကြီးများ၏ လက်ထဲတွင် ရှိနေသည်။ ထို့ကြောင့် ၎င်းတို့က ဆမ်ဆောင်း၏ အတွင်းရေး ကိစ္စရပ်များတွင် အတိုင်းအတာ တစ်ခုအထိ ပြောဆိုပိုင်ခွင့် ရှိနေကြသည်။
၎င်းတို့နောက်တွင် ကိုးရီးယား အစိုးရက ဒုတိယလိုက်ပြီး ဆမ်ဆောင်းနှင့် အချစ်အမုန်း ဆက်ဆံရေး ရှိနေသူများဟု ပြောလျှင်လည်း မများပေ။
ဆမ်ဆောင်းက နိုင်ငံအတွက် အခွန်ကြီးကြီးမားမား ပေးဆောင်ပြီး နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေသည့်အတွက် ချစ်ခင်ကြသည်။ သို့သော် ဆမ်ဆောင်း၏ လွှမ်းမိုးမှုက ကြီးမားလွန်းလာပြီး နိုင်ငံရေး ချိန်ခွင်လျှာကိုပင် ပြောင်းလဲပစ်နိုင်သည်အထိ မြင့်တက်လာသည်။
ထို့ကြောင့်လည်းပဲ ၎င်းတို့ကို ပံ့ပိုးပေးရင်း တစ်ချိန်တည်း၌ တစ်ချို့သော ကန့်သတ်မှုများကိုလည်း လုပ်ဆောင်နေလျက် ရှိသည်။
လီရုံဂျင်းမှာ အုပ်စုသုံးခု၏ အာဏာဝဲဂယက်တွင် နစ်မြုပ်နေသည့်တိုင် သူမကိုယ်သူမ ပြဿနာ မတက်အောင် နေနိုင်နေသည်။ ထိုသည်ကို ကြည့်ချင်းအားဖြင့် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သိသာလှသည်။
“ အဲ့ဒီရဲ့ ဓာတ်ခွဲခန်းကို အစိုးရက ဦးဆောင်တာ … ပြီးတော့ တာဝန်ခံကလည်း အထွေထွေ မန်နေဂျာဖြစ်တဲ့ ငါ့ရဲ့ တတိယ ဦးလေး လီဂျွန်မင်း၊ ဒီနှစ်တွေ တစ်လျှောက်လုံး အစိုးရနဲ့ နီးနီးကပ်ကပ် ရှိနေတဲ့လူလေ … ဒီတော့ ငါ့မှာလည်း ပြောပိုင်ခွင့်က သိပ်မရှိဘူးရယ် …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ အကုန်လုံးက သူ တွက်ချက်ထားသည့် အတွင်းထဲမှာပဲ ရှိ၏။
လီရုံဂျင်းက ဤအရေးကိစ္စတွင် ပြောရေးဆိုပိုင်ခွင့် များများစားစား မရှိပေ။ ပူးတွဲလုပ်ဆောင်သည့် ပရောဂျက်ဆိုသော်လည်း ယင်းက နာမည်အရပင်။ တကယ့်လက်တွေ့၌ အစိုးရ၏ ကိုယ်ပိုင် ပရောဂျက်နှင့် မခြားနားပေ။
ထိုအချိန်၌ လီရုံဂျင်း၏ အကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့၏။
“ ဒီကိစ္စ မေးဖို့ ဒီရောက်လာတာတော့ မဟုတ်ဘူးမလား …”
“ အတိအကျပဲ ….” လင်းရီ ခေါင်းညိတ်ပြီး “ မင်း တတိယဦးလေးရဲ့ အချက်အလက်တွေ ငါ့ကိုပေး ….”
“ နင် ဘာလုပ်ချင်တာလဲ ….” လီရုံဂျင်းမှာ အနည်းငယ် ရန်လိုလာသည်။
လင်းရီ သူမကို ပြုံးလျက် ကြည့်လိုက်ပြီး “ ငါ သူ့ကို မင်းအစား ဖြိုလဲပေးမယ်ဆိုရင် မင်းငါ့ကို ကျေးဇူးတင်မှာလား ….”
“ နင် သူ့ကို တကယ်ပဲ အဲ့လို လုပ်မယ်ဆိုရင် ငါ တစ်ယောက်ယောက်လွှတ်ပြီး နင့်ကို သတ်ခိုင်းလိုက်မယ်….” လီရုံဂျင်း ပြောလိုက်၏။
“ လိုလို့လား …. ငါတို့ အချင်းချင်းက တစ်ယောက်ကိုယ်တစ်ယောက် ရင်းနှီးနေပြီးသားတွေလေ …”
“ တကယ်လို့ သူသေသွားရင် အစိုးရက ငါ့ကို လွှတ်ပေးမယ်လို့ နင်ထင်လား ….”
“ အဲ့တာကြောင့်မို့လည်း ငါနဲ့ ပူးပေါင်းပေးပါလို့ … ဒီကိစ္စက ငါ့အတွက် သိပ်အရေးကြီးတယ် …” ဝီစကီကို နောက်ဆုံး တစ်ကျိုက် မော့လိုက်ပြီး လင်းရီ အသံနိမ့်၍ “ မဟုတ်လို့ကတော့ သူ တကယ်ပဲ ကြာကြာနေရမှာ မဟုတ်ဘူး … ငါ မညာတတ်တာ မင်းလည်း သိပါတယ် …”
“ ငါ ငြင်းလို့ရလား ….”
“ နိုး ….”
“ နင် ဒီက ထွက်သွားလိုက်တော့ … နောက်ကျ သူ့ရဲ့ အချက်အလက်တွေ ပို့ပေးလိုက်မယ် ….”
“ လီရုံဂျင်း … မင်းက တစ်ခုခုတော့ တစ်ခုခုပဲ … တစ်ခြား အမျိုးသမီးတွေက ငါ ညဘက် သူတို့နဲ့ နေပေးမှာကို မစောင့်နိုင်ကြဘူး … မင်းကတော့ ငါ့ကို မောင်းထုတ်ဖို့ လောနေတယ် … ဘယ်လောက် နှမြောဖို့ ကောင်းလိုက်လဲ ….”
“ ငါ မလိုဘူး ….”
“ ငါက ဒေါက်တာ … ငါအကြံပေးတာကို ယူ … အိပ်ရာအတွေ့အကြုံ မရှိတာကြာရင် သွေးဆုံးသားဆုံးက ပိုပြီး စောတတ်တယ် …..”
“ ဖျော်ဖြေရေး နယ်ပယ်ထဲက စတားသရုပ်ဆောင်တွေတောင် ငါ့ အိပ်ရာပေါ် တက်ဖို့ တန်းစီနေကြတာကို အဲ့ကိစ္စ နင်ပူပေးစရာ မလိုပါဘူး ….”
“ သောက်ကြမ်းကြီးပဲ …”
လင်းရီ လက်မထောင်ပြလိုက်သည်။ ပြီးသည့်နောက် လီရုံဂျင်း၏ အိမ်ထဲမှ ထွက်ခွာသွားခဲ့၏။
မကြာမီ လီဂျွန်မင်း၏ အချက်အလက်များ သူ့လက်ထဲသို့ ရောက်ရှိလာပြီး ညအမှောင်ထုအတွင်း တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
….
နောက်တစ်နေ့ နံနက်ခင်း။
အနည်းငယ် အဝလွန်နေသည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးက မျက်မှန်တစ်လက်ကို တပ်ဆင်၍ စစ်လ်တွန် ဟိုတယ်ထဲကနေ ထွက်လာသည်။ ဒရိုင်ဘာက ကားတံခါးကို သူ့အတွက် ဖွင့်ပေးထားပြီး ကားထဲသို့ ရောက်သည်နှင့် ချက်ချင်း မောင်းထွက်တော့သည်။
“ ဒါရိုက်တာလီ … လုံခြုံရေးဌာနက ငွေတွေ ကျွန်တော်တို့ အကောင့်ထဲ လွှဲပေးလာပါပြီ … ဓာတ်ခွဲခန်းကို မြန်မြန် အပြီးသတ်ဖို့လည်း လောနေတယ် .. သူတို့ ကြည့်ရတာ အတော်လေး အလျင်လိုနေတဲ့ ပုံစံပဲ ….”
လီဂျွန်မင်းက တည်ကြည်သည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး စက္ကန့်အနည်းငယ်မျှကြာအောင် တိတ်ဆိတ်ပြီးနောက် “ ငါ သတိထားမိတယ် … ဒီကောင်တွေ ငါ့ကို ဒီရက်ပိုင်း ဆက်တိုက် ဖိအားပေးနေကြတာ … ဒါပေမယ့် ငါ သိချင်တာက ကိုးရီးယားစစ်တပ်က တကယ်ပဲ ဘာလုပ်ချင်နေတာ …. အရင် ပူးတွဲ ပရောဂျက်တွေ လုပ်တုန်းက ဒီလိုပုံစံမျိုး မဟုတ်ပါဘူး …..”
“ ကျွန်တော်လည်း မသိဘူး … ဒါပေမယ့် ဒီကိစ္စကို သူတို့ဘက်က အတော်လေး အလေးထားတာကိုတော့ ခန့်မှန်းလို့ရတယ် … ပြီးတော့ သူတို့ ကြည့်ရတာ မမလေး လီရုံဂျင်းကို ရည်ရွယ်ချက်ရှိရှိ ရှောင်ဖယ်နေကြသလိုပဲ … သူ့ကို ဒီကိစ္စထဲ သိပ်ပြီးမှ မပတ်သက်စေချင်ကြဘူး ….”
“ အဲ့တာကို ငါလည်း သတိထားမိတယ် … ဒါပေမယ့် ဘာကြောင့်ဆိုတာတော့ ခန့်မှန်းလို့ မရဘူး … လီရုံဂျင်းအပေါ် အရမ်း ရန်လိုနေလို့လည်း သူတို့အတွက်က ကောင်းမှာမှ မဟုတ်တာ ….”
“ ကျွန်တော်တို့ မသိတဲ့ တစ်ခြား ဖုံးကွယ်ထားတဲ့ အခြေအနေတွေများ ….. ဟမ် ….”
“ ဘာဖြစ်တာလဲ ….” လီဂျွန်မင်းက အသံနိမ့်ပြီး မေးလိုက်၏။
“ အနောက်မှာ ကားတစ်စင်း ပါလာတယ် … ကြည့်ရတာ ကျွန်တော်တို့နောက် လိုက်နေတဲ့ပုံပဲ ….”
“ နောက်ယောင်ခံ လိုက်တာလား ….”
လီဂျွန်မင်း နောက်လှည့်ကြည့်လိုက်ပြီး “ အဲ့ဒီ ဟွင်သိုင်း ဆီဒင်ကို ပြောနေတာလား ….”
“ ဟုတ်ကဲ့ ….”
“ ဘယ်သူမှ မရှိတဲ့ တစ်နေရာရှာပြီး ကားရပ်လိုက် … ဘာတွေ ဖြစ်နေလဲ ကြည့်တာပေါ့ ….”
“ နားလည်ပါပြီ ….”
ဘတ်ဒုံကျွင်းက ကားအရှိန်ကို မြင့်တင်လိုက်ပြီး အဝေးတစ်နေရာသို့ မောင်းနှင်လိုက်သည်။ နာရီဝက်ခန့်ကြာပြီးနောက် မြို့ပြင်ပိုင်း ပြန်လည် ပြုပြင်နေဆဲ ဧရိယာတွင် ကားကို ရပ်တန့်လိုက်၏။
နောက်မှ လိုက်ပါလာသည့် လင်းရီသည်လည်း ကားကို ရပ်တန့်လိုက်သည်။
ဘတ်ဒုံကျွင်း ကားထဲက ထွက်လာပြီး သူ့အကြည့်က ကားထဲတွင် ရှိနေသည့် လင်းရီထံသို့ ရောက်ရှိသွားခဲ့သည်။
“ ဟေ့ကောင် … မင်း ငါတို့နောက် လိုက်နေတာ ကြာပြီ … မင်းကို ဘယ်သူ လွှတ်လိုက်တာလဲပြော ….”
“ ဘယ်သူမှ မလွှတ်ဘူး … လီဂျွန်မင်းနဲ့ ငါနဲ့ ဆွေးနွေးစရာ ရှိတယ် … မင်းနဲ့ မဆိုင်ရင် ဘေးဖယ်နေလိုက် ….”
“ ဟက် ….”
ဘတ်ဒုံကျွင်းက အေးစက်စက် ရယ်မောလိုက်ပြီး “ မင်းကိုယ်မင်း ဘာကောင်ထင်နေလို့ …. မင်းကများ ငါတို့ ဒါရိုက်တာလီနဲ့ ဆွေးနွေးချင်တယ်ပေါ့ … ပြောစမ်း … မင်းကို လီရုံဂျင်း လွှတ်လိုက်တာမလား …..”
“ အဲ့တာ အရေးမကြီးဘူး … သူ့ကို ကားထဲက ထွက်လာခဲ့ဖို့ ပြောလိုက် ….”
ထိုအချိန်မှာပဲ ကားမှန်ပြတင်းပေါက် ကျလာခဲ့ပြီး လီဂျွန်မင်းက အသံကို နိမ့်၍ “ စကားနဲ့ ပြောမရရင် လက်သီးနဲ့ ပြောလိုက် … နောက်မှ ဖြည်းဖြည်းချင်း စစ်မေးလည်း ရတယ် ….”
“ နားလည်ပါပြီ ဒါရိုက်တာလီ ….”
ဘတ်ဒုံကျွင်းက အမှိုက်စကားများ ပြောနေသည်ကို ရပ်တန့်လိုက်ပြီး သူ့မျက်လုံး သူငယ်အိမ်တို့ ကျုံ့ဝင်သွားခဲ့ကာ လင်းရီထံသို့ ပြေးဝင်လာသည်။
“ ဒီနေ့ မင်းကို ဘယ်သူ လွှတ်လိုက်လဲ အရေးမကြီးတော့ဘူး .. မင်း ပြန်မသွားနိုင်တော့မှာကိုပဲ စိုးရိမ်တယ် ….”
သူ့စကားဆုံးသည်နှင့် ဘတ်ဒုံကျွင်း၏ လက်သီးက လင်းရီ၏ မျက်နှာတည့်တည့်သို့ ချိန်ရွယ်လာခဲ့သည်။
ခေါင်းကို သာမန်လျှံကာ ငဲ့စောင်း၍ လင်းရီ ရှောင်တိမ်းလိုက်၏။
ပြီးသည့်နောက် လက်ကို ဆန့်တန်းပြီး ဘတ်ဒုံကျွင်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ အားပြင်းပြင်းနှင့် အပေါ်သို့ လိမ်ဆွဲလိုက်၏။
ဘတ်ဒုံကျွင်း၏ နာကျင်သည့် အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ချက်ချင်းပဲ ဒူးထောက်ကျသွားခဲ့ပြီး ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ လင်းရီ သူ၏ ခေါင်းကို ကားတံခါးဖြင့် ရိုက်နှက်လိုက်၏။
တစ်ဖက်သူမှာ ချက်ချင်း သတိလစ်သွားခဲ့ပြီး မြေပြင်တွင် အသေကောင်ကြီးကဲ့သို့ လှုပ်ရှားမှု ကင်းမဲ့သွားတော့သည်။
ကားထဲထိုင်နေသည့် လီဂျွန်မင်းမှာ ကြက်သေသေသွားခဲ့၏။ ချွေးစေးများ တစ်လှိမ့်ပြီးတစ်လှိမ့် စီးကျလာခဲ့ပြီး တစ်ကိုယ်လုံးက နေရာမှာတင် အေးခဲနေသည်။ ဘတ်ဒုံကျွင်း၏ စကေးလယ်ဗယ်ကို သူ ကောင်းကောင်းကြီး သိထားပြီး ဤလူလက်ချက်ကြောင့် သတိလစ်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
တစ်လှမ်းချင်းတစ်လှမ်း …. လင်းရီ လမ်းလျှောက်ရင်း လီဂျွန်မင်းထံသို့ ရောက်ရှိလာခဲ့သည်။ ကားတံခါးကို ဆွဲဖွင့်၍ ၎င်းဘေးတွင် ဝင်ထိုင်လိုက်သည်။
လီဂျွန်မင်း တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်ဝန်းများထဲ ကြောက်ရွံ့မှုတို့ ပြည့်နှက်နေသည်။
“ ကြောက်စရာ မလိုဘူး … ကျုပ် ဒီလာခဲ့တာ လူသတ်ဖို့ မဟုတ်ဘူး … ဒီတိုင်း တစ်ချို့ အရာလေးတွေကို ခင်များဆီကနေ နားလည်ချင်ရုံသပ်သပ်ပဲ ….”
“ မင်း … မင်း … ဘာသိချင်တာလဲ ….”
“ ခင်များနဲ့ ကိုးရီးယား အစိုးရတို့ ပူးပေါင်းပြီး ဇီဝဓာတ်ခွဲခန်း တစ်ခု တည်ဆောက်နေတယ်လို့ ကြားမိတယ် .. အဲ့အကြောင်း အသေးစိတ် ပြောပြပေးရင်တော့ အကောင်းဆုံးပေါ့ …..”
“ အ .. အသေးစိတ်တော့ ငါလည်း မသိဘူး … အဲ့တာကို အစိုးရကပဲ ဦးဆောင်တာ ….”
လင်းရီ လီဂျွန်မင်းကို စိုက်ကြည့်လိုက်၏။ ဖိအားက တောင်တစ်လုံးနှယ် လေးလံလာပြီး မြွေဟောက်တစ်ကောင်က စိုက်ကြည့်နေသည့်နှယ် တစ်ကိုယ်လုံးကို ချမ်းတုန်သွားစေသည်။
“ ခင်များက ငွေနဲ့ လူအင်အားတွေ ရင်းနှီးထားတာကို ဘာမှမသိဘူးလို့ ပြောရင် ကျုပ် မယုံဘူး ….”
“ ဓာတ်ခွဲခန်းက အခုမှ ဆောက်နေတုန်း ရှိသေးတယ် … ပြီးတော့ အဲ့တာက လျှို့ဝှက်ချက် …. အနည်းဆုံးတော့ အခု အဆင့်မှာ ငါ တကယ်ပဲ ဘာမှ မသိသေးတာပါကွာ ….”
“ မဟုတ်သေးပါဘူး … ခင်များက ဘာ သုတေသန လုပ်နေလဲဆိုတာတောင် မသိဘူးလား ….” လင်းရီ ပြုံးလိုက်ပြီး “ ဆမ်ဆောင်းလို အင်အားကြီး ကုမ္ပဏီကြီး တစ်ခုက တစ်ခြားလူအတွက် အလကား အလုပ်လုပ်ပေးမယ်လို့တော့ ကျုပ် မယုံဘူး …..”
“ ငါ … ငါ တကယ်ကြီး ဘာမှ မသိတာပါကွာ …. သူတို့ ပြောတာတော့ နောက်ပိုင်းကျရင် တစ်ယောက်ယောက် တာဝန်ယူလာလိမ့်မယ်တဲ့ …. ငါတို့အတွက်ကတော့ ဒါက အစိုးရနဲ့ ရင်းနှီးဖို့ အခွင့်အရေးကောင်းပဲ … ဒါကြောင့်မို့ အကျိုးအမြတ်တွေ ရတာ မရတာကို ဂရုမစိုက်ဘူး …”
လင်းရီ မျက်မှောင်ကြုတ်သွားခဲ့ပြီး စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့သည်။
“ ဒီကိစ္စကို ခင်များနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့လူက ဘယ်သူလဲ …”
“ ငါ … ငါ ပြောလို့မရဘူး … အဲ့တာ ထိပ်တန်းလျှို့ဝှက်ချက် ….”
အေးစက်သည့် အရိပ်တစ်ခုက လျှပ်တစ်ပြက် လင်းလက်သွားခဲ့ပြီး လင်းရီ၏ ဓားမြောင်က လီဂျွန်မင်း၏ ဝမ်းဗိုက်သို့ ထောက်ထား၏။
အားအနည်းငယ် ပြုရုံမျှနှင့် ပါးလျသည့် အဝတ်အစားများကို ဖောက်ထွင်းသွားတော့မည့်နှယ်ပင်။
“ ကျုပ်ခင်များကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ် … ဒီကိစ္စက ပြောမရတဲ့ လျှို့ဝှက်ချက်လား ….”