ခြောက်လုံးမြောက်မီးအိမ်ကို ငြှိမ်းခြင်း
Vol. 96 Ch. 1332
မန်ဟို၏အသံသည် ပြိုကျပျက်စီးနေသော ဒိုင်မေးရှင်းထဲတွင် ပဲ့တင်ထပ်သွား၏။ အဋ္ဌမကြယ်ကို ထိန်းသိမ်းပေးထားသည့် ဧရိယာပြိုကျသွားခဲ့သည့်အတွက် တစ်ကမ္ဘာလုံးမှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးနေလေပြီ။
မြေကြီးများ ကျွံကျသွားပြီး ဒေါသတကြီးဟိန်းဟောက်သံကြီးတစ်သံ လေတွင် ပြည့်နှက်သွားသည်။ ကမ္ဘာပျက်မည့်နေ့သို့ ရောက်လာခဲ့သည့်အလား မိုးကြိုးများက အဆက်မပြတ် တဂျိန်းဂျိန်း ပစ်ချနေသည်။
မန်ဟိုကမူ မြေကြီးကိုလည်း မထိ၊ ကောင်းကင်ထက်သို့လည်း မတက်ဘဲ လေထဲတွင် ဖြေးညင်းစွာ ပျံဝဲနေသည်။ သူ့ဆံပင်များသည် ပျံ့လွင့်နေပြီး သူ၏အဝတ်အစားများ လူးလွန့်နေသည်။ တစ်ချိန်တည်းမှာပင် ထူးဆန်းသောအလင်းရောင်တစ်ရောင်က သူ၏မျက်လုံးများတွင် တောက်ပလာသည်။
“အခု ငါ ဝိညာဉ်မီးအိမ်တွေကို ငြှိမ်းဖို့ စုဆောင်းထားတဲ့ ချီနဲ့သွေးကို စုစည်းဖို့ အချိန်ကျပြီ” သူက အင်္ကျီလက်စကို ခါပြီးနောက် ညာလက်ခလယ်ကို သူ့ရင်ဘတ်ပေါ် ဖိချလိုက်သည်။
ထိုသို့လုပ်လိုက်ခြင်းက သူ့ကိုယ်ထဲတွင် ပိတ်ဆို့ခံထားရသော ချီနှင့်သွေးကို ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်လေသည်။ ပွက်ပွက်ဆူနေသော ချီနှင့်သွေးစွမ်းအားပင်လယ်ကြီးသည် အရှိန်အဟုန်ဖြင့် ဝုန်းခနဲ ပေါက်ကွဲထွက်လာတော့၏။
ယခုတွင် မီတာရာချီမြင့်မားနေပြီဖြစ်သော သူ၏ခန္ဓာကိုယ်ကြီးမှာ ယခင်ထက်ပင်ပို၍ ရှိန်လောက်ဖွယ်ကောင်းလာသည်။ တစ်ချိန်တည်းမှာပင် သူ၏အပြင်အားကိုယ်ခွန်အားက လျင်မြန်စွာ မြင့်တက်သွား၏။ နတ်ဘုရားသွေးကို စုပ်ယူခဲ့တုန်းကကဲ့သို့ တိုးတက်မလာခဲ့သော်လည်း မယုံနိုင်လောက်အောင် သန်မာသေးလေသည်။
သူ့နှလုံးခုန်နှုန်းသည် မြန်သထက် မြန်လာ၏။ သူ့အရိုးများက ပိုမိုတောင့်တင်းမာကြောလာသည်။ သူ့အသွေးအသားသည် စွမ်းအားတို့ဖြင့် တရွရွလှုပ်နေပြီး တဂျွတ်ဂျွတ်မြည်သံများကား ပို၍ကျယ်လောင်လာ၏။
ဤအခိုက်အတန့်တွင် သူ့အပြင်အားကိုယ်ခွန်အားက ထပ်မံမြင့်တက်ကာ အနှစ်သာရ ၅ ခု အလယ်အလတ်အဆင့်ကို ကျော်လွန်သွားသည်။
မန်ဟိုက မျက်လုံးများတောက်ပနေလျက် သူ၏ညာလက်ကို မြှောက်ကာ ဤတစ်ကြိမ်တွင် သူ့နဖူးပေါ် ဖိချလိုက်သည်။ သူ့ကိုယ်တွင်း၌ ငုပ်လျှိုးနေခဲ့သည့် ဒုတိယချီနှင့်သွေးလှိုင်းက ဝုန်းခနဲ သူ့ကို ဖြတ်၍ စီးဆင်းသွားသည်။ သူ့ခန္ဓာကိုယ်သည် ကြီးမားသထက် ကြီးမားလာပြီး ယခုတွင် မီတာ ၁၈၀၀ မြင့်မားနေ၍ ကြောက်စရာကောင်းနေတော့၏။
သူ၏အပြင်အားကိုယ်ကား အနှစ်သာရ ၅ ခု နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားလေပြီ။
“ငါ့မှာ ထုတ်လွှတ်နိုင်တဲ့ သိုလှောင်စွမ်းအားနှစ်သုတ်ရှိနေသေးတယ်” သူက ပြောသည်။ မီးငြိမ်းဝိညာဉ်ငါးလုံးမှ စုဆောင်းထားသော ချီနှင့်သွေးတို့ သူ့တွင် ရှိသေးသည့်အပြင် ထိုအသုတ်များထဲမှ သုံးသုတ်ကိုသာ ထုတ်လွှတ်ရသေးသည်။ ယခုတွင် သူသည် တွန့်ဆုတ်မနေဘဲ မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ သူ့နဖူးအပေါ် ဖိချလိုက်၏။
တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်လာပြီး မန်ဟို့အမြင်အာရုံတို့ ဝေဝါးလာသည်။ တစ်ချိန်တည်းမှာပင် မယုံကြည်နိုင်ဖွယ် ချီနှင့်သွေးစွမ်းအားတို့က သူ၏ငယ်ထိပ်မှ ထွက်လာသည်။ ၎င်း သူ့ကိုယ်ထဲတွင် ပြည့်နှက်နေစဉ် သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ သူ့အရပ်ကား မီတာ ၂၁၀၀ အမြင့်သို့ ရောက်ရှိသွားလေပြီ။ သူ့အသွေးအသားတို့ ပြိုကွဲတော့မည့်အလား ခံစားနေရသဖြင့် သူ့မှာ တဆတ်ဆတ် တုန်ရီနေသလို သူ့နှလုံးသားမှာလည်း ပေါက်ကွဲတော့မလို ဖြစ်နေသည်။
ပြင်းထန်သော အရှိန်အဝါတစ်ခု ပျံ့နှံ့လာသဖြင့် မိုးကောင်းကင်နှင့်မြေကြီးသည် တွန့်လိမ်နေပြီး သူ့ပတ်ပတ်လည်ရှိ လေထုမှာ တဝုန်းဝုန်း တုန်ခါလာသည်။
ဤအခိုက်အတန့်တွင် မန်ဟို၏အပြင်အားကိုယ်ခွန်အားက အနှစ်သာရ ၅ ခုအဆင့်နှင့် ညီမျှသွားလေပြီ။ သူသည် ... အနှစ်သာရ ၆ ခု တာအိုဥသျှောင်အဆင့်မှ ခြေတစ်လှမ်းသာ ကွာဝေးတော့၏။
ထိုအဆင့်သို့ တက်သွားပြီး သူသာ သူ့အပြင်အားကိုယ်ခွန်အားကို ကျင့်ကြံခြင်းအခြေခံစွမ်းအားနှင့် ပေါင်းစည်းလိုက်ပါက သူ၏ကြောက်မခန်းလိလိအတိုက်အခိုက်စွမ်းရည်က သူ့ကို တာအိုဥသျှောင်အဆင့်၏ အထွတ်အထိပ်နှင့် ညီမျှသွားစေလိမ့်မည်။ ပါရာဂွန်တစ်ပိုင်းအဆင့်ဟုတော့ မဆိုနိုင်သေးသော်လည်း ယင်းနှင့် လွန်စွာနီးကပ်နေလေပြီ။
“နောက်ဆုံးတစ်သုတ်” သူက ဟိန်းဟောက်ရင်း လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် သူ့ရင်ဘတ်နှင့် ဒန်တျန်အပေါ် ဆက်တိုက် ဖိချလိုက်သည်။ သူ၏စွမ်းအားအလုံးစုံ ထုတ်လွှတ်ခံလိုက်ရပြီး ၎င်းက ပင်လယ်သမုဒ္ဒရာကြီးသဖွယ် သူ့ကို ဖြတ်၍စီးဆင်းသွားသည်။
သူသည် ယခုတွင် မီတာ ၂၄၀၀ မြင့်မားနေပြီဖြစ်၏။ တစ်ချိန်တည်းမှာပင် သူ့အရေပြားက စုတ်ပြတ်ပေါက်ပြဲလာရာ သွေးများကို တဖွဲဖွဲ ရွာကျနေစေသည်။ နာကျင်မှုက သူ့ကို စိုးမိုးသွားပြီး သူ၏ခိုင်မာသော စိတ်စွမ်းအားကြောင့်သာမဟုတ်လျှင် သေချာပေါက် တောင့်ခံနိုင်မည်မဟုတ်ပေ။
မီတာ ၂၇၀၀ အမြင့်သို့ ရောက်ရှိသွားသည့်အခါ သူက ကျယ်လောင်စွာ မာန်သွင်းဟိန်းဟောက်လိုက်သည်။ သူ့ထဲရှိ စွမ်းအား၏အထိအတွေ့က .... သခင်အဖြူကို ယခုရင်ဆိုင်ရလျှင် လက်သီးတစ်ချက်တည်းနှင့် သူ့အား အလဲသိပ်ပစ်နိုင်လိမ့်မည်ဟု မန်ဟို့အား ယုံကြည်သွားစေသည်။
လက်သီးတစ်ချက်သည် ကြယ်တာရာကောင်းကင်ကို ကိုင်လှုပ်ပစ်နိုင်၏။ လက်သီးတစ်ချက်သည် ကြယ်တာရာများကို ခွဲခြေပစ်နိုင်၏။ လက်သီးတစ်ချက်သည် .... တောင်ပင်လယ်သခင်များကို ဇီဝိန်ချုပ်ပစ်နိုင်၏။
မိုးကောင်းကင်နှင့် မြေကြီးတွင် တဂျိန်းဂျိန်းမြည်သံများ ပြည့်နေပြီး ဒိုင်မန်းရှင်းမှာ ပြင်းထန်စွာ တုန်ခါနေသည်။ မန်ဟိုသည် ယခုတွင် ... တာအိုတစ်ခုကို ခံစားလိုက်ရ၏။
၎င်းက သူ ထိရုံလေးသာ ထိနိုင်သော တာအိုစွမ်းအား၊ မိုးနှင့်မြေ၏တာအိုတစ်ခု ဖြစ်သည်....
သို့သော် သူ့မှာ အနှစ်သာရ ၅ ခုအဆင့်၌သာ ရှိသေးလေသည်။ သူ၏အပြင်အားကိုယ်က အနှစ်သာရ ၆ ခု အဆင့်မဟုတ်သေးကြောင်း သူ ခံစားနေရသည်။ အနှစ်သာရ ၆ ခုအဆင့်သာဆိုလျှင် ထိုတာအိုကို ထိရုံလေးတင်မဟုတ်ဘဲ လက်ဝါးထဲတွင် ကိုင်ထားနိုင်လိမ့်မည်။
ထိုကဲ့သို့စွမ်းအားမျိုးနှင့်သာ အနှစ်သာရ ၇ ခု ပါရာဂွန်တစ်ဦးကို ရင်ဆိုင်ရပ်တည်၍ အသက်ရှင်ဆက်နိုင်မည့် အရည်အချင်းရှိလိမ့်မည်။ အမှန်တွင် သူ့အနေဖြင့် ပါရာဂွန်တစ်ဦး၏ နှလုံးသားထဲသို့ပင် အကြောက်တရားတို့ ရိုက်ထည့်နိုင်ကောင်း ရိုက်ထည့်နိုင်လိမ့်မည်။
“အနှစ်သာရ ၆ ခုအဆင့် အပြင်အားကိုယ်ကို ရရှိဖို့က ဒီလောက်ခက်ခဲနေတာ ယုံတောင် မယုံနိုင်ဘူး ... ဒါပေမဲ့ ကြိမ်းဝါးထားပြီးပြီဆိုမှတော့ သေချာပေါက် တာအိုဥသျှောင် အထွတ်အထိပ်အဆင့် အပြင်အားကိုယ်ကို ရယူပြမယ်”
ဝုန်း
ချီနှင့်သွေးစွမ်းအား သူ့ကို ဖြတ်၍စီးဆင်းနေစဉ် မန်ဟို၏ခန္ဓာကိုယ်သည် အဆက်မပြတ် ပြောင်းလဲနေ၏။ ဤအခိုက်အတန့်တွင် သူကား ... ၂၉၉၇ မီတာတိတိ မြင့်မားသွားလေပြီ။
သုံးမီတာမျှသာ ကွာဟတော့သော်လည်း ထိုကွာဟမှုသည် မိုးနှင့်မြေပမာ ဖြစ်၏။ ထိုအဟသေးသေးလေးက ၂၉၉၇ မီတာတစ်လျှောက်လုံး ဖြတ်သန်းရသကဲ့သို့ ခက်ခဲလိမ့်မည်။
“ရှေးဟောင်းမီးအိမ်တို့ လာလေလော့” မန်ဟို့မျက်လုံးများက ရူးမိုက်စွာ တောက်ပနေသည်။ သူ အင်္ကျီလက်စခါလိုက်သည့်အခါ ဝိညာဉ်မီးအိမ် ၃၃ လုံး ပေါ်လာသဖြင့် သူ့ပတ်ပတ်လည်ရှိ လေထုသည် တုန်ခါလာ၏။
၅ လုံးက မီးငြိမ်း၍ ၂၈ လုံးက တောက်လောင်နေသည်။ မန်ဟို့အပေါ် ကျရောက်နေသော မီးအလင်းရောင်က သူ့ကို အင်မော်တယ်နတ်မင်းကြီးတစ်ပါးနှင့် တူသွားစေသည်။ သူသည် အင်္ကျီလက်စကို ခါလိုက်ပြီး မျက်လုံးများက ခြောက်လုံးမြောက်ဝိညာဉ်မီးအိမ်အပေါ် ကျရောက်လာ၏။
“ငါ ပျက်စီးခြင်းခုနစ်မျိုးထဲက ပထမတစ်ခုကို ကျော်ဖြတ်ပြီးသွားပြီ။ ဒုတိယပျက်စီးခြင်းက အပြင်အားကိုယ်နဲ့ပတ်သက်တယ်။ ငါ့အနေနဲ့ ဒီခြောက်လုံးမြောက်ဝိညာဉ်မီးအိမ်ကို ငြှိမ်းနိုင်သင့်ပြီ” ခိုင်မာပြတ်သားမှုတို့ မျက်ဝန်းများတွင် တောက်ပနေလျက် ၊ သူသည် တွန့်ဆုတ်မနေဘဲ သူ့လက်ကို ခြောက်လုံးမြောက်ဝိညာဉ်မီးအိမ်ထံ ဝှေ့ယမ်းလိုက်၏။
“ငြိမ်းစမ်း”
သူ၏နတ်ဘုရားစိတ်ဆန္ဒ ပေါ်ထွက်လာပြီး ခြောက်လုံးမြောက် ဝိညာဉ်မီးအိမ် ငြိမ်းသွားသည့်အခါ တဂျိန်းဂျိန်းထစ်ချုန်းသံများကို ကြားရနိုင်သည်။ ပေါ်လာသည့် အစိမ်းရောင်အငွေ့အမြောက်အမြားကို မန်ဟိုက ချက်ချင်းဆိုသလို စုပ်ယူလိုက်သည်။
အငွေ့များ သူ့ကိုယ်ထဲ ဝင်လာသည့်အခိုက်အတန့်တွင် သူသည် တဆတ်ဆတ် တုန်လာ၏။ သူ့တစ်ကိုယ်လုံး တိုက်စားခံနေရသလို သူ ခံစားလာရသည်။ သို့သော် တဖျဉ်းဖျဉ်းခြောက်ကပ်လာနေသော အတွေ့အထိက မန်ဟို့ကို ပြုံးလိုက်မိစေသည်။
နာကျင်သော်လည်း သည့်ထက်ဆိုးရွားသော နာကျင်မှုကို အတိတ်တုန်းက သူ ခံစားခဲ့ဖူးလေသည်။
ပုံမှန်အားဖြင့် ပျက်စီးခြင်းခုနစ်မျိုးသည် ဂရုတစိုက် စောင့်ရှောက်ပေးမည့် ဓမ္မအစောင့်တစ်ယောက်နှင့် တံခါးပိတ်ကျင့်ကြံရင်း သတိကြီးကြီး ကျော်ဖြတ်ရမည့်အရာ ဖြစ်၏။ သို့သော် နာကျင်မှုနှင့် အကျွမ်းဝင်နေပြီဖြစ်သော မန်ဟိုက ဒုတိယပျက်စီးခြင်း၏ ပထမဆုံးပြစ်ဒဏ်ကို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
သူ့အပြင်အားကိုယ်သည် အပြင်အားကိုယ်ပျက်စီးခြင်းပင် လုံးဝမတုန်လှုပ်စေနိုင်သည်အထိ မယုံနိုင်လောက်အောင် သန်မာ၏။ သူ့ခန္ဓာကိုယ်မှာ ဆက်လက်တိုက်စားခံနေရပြီး သူ၏ရိုးတွင်းခြင်ဆီများလည်း ခမ်းခြောက်လာသည်။ သူ့ကိုယ်ထဲရှိ တွင်းနက်ကြီးတစ်တွင်းက သူ့ကို စုပ်ယူရင်း ပိန်ချုံးခြောက်ကပ်လာနေစေသည့်အလားပင်။
သို့သော် ပိန်ချုံးခြောက်ကပ်မှုက သူ့အတွက် အနှောင့်အယှက်မဖြစ်ပေ။
ဤအခိုက်အတန့်တွင် သူ့ပတ်ပတ်လည်ရှိ ဒိုင်မန်းရှင်းသည် လုံးလုံးလျားလျား ပြိုကျသွားခဲ့လေပြီ။ မြေပြင်များ ကြေမွနေပြီး မိုးကောင်းကင်လည်း ပျက်စီးသွားသည်။ နတ်ဘုရားသင်္ချိုင်းလျှိုမှာလည်း အက်ကွဲနေသည်။ မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ အသားခြောက်ကပ်လာမှုက သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားကိုယ်ခွန်အားကို နည်းနည်းလေးမှ မထိခိုက်စေပေ။ သူက ညာလက်ကို မြှောက်၍ ယွီဝမ်ကျန်းကို လှမ်းဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူသည် လေကိုခွင်းရင်း နတ်ဘုရားသင်္ချိုင်းလျှို၏အပြင်၊ သတ္တမတောင်ပင်လယ်လောက၏ ကြယ်တာရာကောင်းကင်ထဲတွင် ဘွားခနဲ ပေါ်လာ၏။
သူ အပြင်၌ ပေါ်လာလျှင်ချင်း ပြစ်ဒဏ်စွမ်းအားက သူ့အပေါ် ထိုးဆင်းဖို့ ဟန်ပြင်သည်။ ၎င်းကား အပြင်အားကိုယ် တာအိုအဆင့်သို့ တက်လှမ်းသည့်အခါ ကျရောက်လာမည့် အပြင်အားကိုယ်တာအိုပြစ်ဒဏ်မှတစ်ပါး အခြားမဟုတ်ပေ။
သို့သော် ပြစ်ဒဏ်နှင့်ပတ်သက်၍ တစ်စုံတစ်ခုက ထူးဆန်းနေသည်။ တောင်ပင်လယ်လောကနှင့် ကောင်းကင်ဘုံ (၁) ၏ စစ်ပွဲကြောင့် သို့မဟုတ် ကောင်းကင်ဘုံ (၁) ၏ တည်ရှိမှုကြောင့် ဖြစ်နိုင်သည်၊ တာအိုနယ်ပယ်ပြစ်ဒဏ်ကား သက်ဆင်းမလာခဲ့ပေ။
မန်ဟိုက မျက်မှောင်ကြုတ်၍ စဉ်းစားကြည့်သော်လည်း ခေါင်းထဲမှ ထုတ်လိုက်သည်။ ဒုတိယပျက်စီးခြင်း သူ့ကိုယ်ထဲ၌ ရှိနေလင့်ကစား လက်ရှိအပြင်အားကိုယ်ကြောင့် သူ့အတွက် ကျရောက်လာမည့်ပြစ်ဒဏ်ကို ကျော်လွှားနိုင်ဖို့က ခက်ခဲမည်မဟုတ်ပေ။
သူ့အနောက်၌ နတ်ဘုရားသင်္ချိုင်းလျှို၏ ဝင်ပေါက်ပလ္လင်မှာ အက်ကွဲပြိုကျလာသည်။ နတ်ဘုရားသင်္ချိုင်းလျှို တည်ရှိခဲ့သော ဒိုင်မန်းရှင်းကား ဖုန်မှုန့်ထက် မပိုတော့ပေ။
ယွီဝမ်ကျန်းမှာ သတိလစ်နေသော်လည်း နတ်ဘုရားသွေး၏အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ပို၍ပင် သတိပြုစရာကောင်းသည်မှာ သူ၏လက်ခလယ်မှာ ယခုတွင် ယခင်နှင့် ကွဲပြားနေပြီး ကြောက်မက်ဖွယ်အခိုးအငွေ့များ ပါဝင်နေလေသည်။
“ဆိုတော့ အဲဒါက သူ ရှာဖွေနေတဲ့ ကံကြမ္မာကောင်းပေါ့လေ” မန်ဟိုက တွေးသည်။ သူသည် အကြည့်လွှဲရင်း အင်္ကျီလက်စကို ခါကာ ယွီဝမ်ကျန်းနှင့်အတူ ပျောက်ကွယ်သွား၏။ ပြန်ပေါ်လာသောအခါ ကျားလှောင်အိမ်ဂြိုဟ်သို့ ပြန်ရောက်နေလေပြီ။ ယွီဝမ်ကျန်းကို ထိုနေရာရှိ ကျင့်ကြံသူများ လက်ထဲ ထည့်ပေးပြီးနောက် သူက ထွက်သွားသည်။ ဂြိုဟ်ကို နောက်ဆုံးတစ်ခေါက် ကြည့်ပြီးနောက် သူသည် ကြယ်တာရာကောင်းကင်ထဲသို့ ဖျတ်ခနဲ ထွက်သွား၏။
သူ့ကိုယ်ထဲတွင် ယခင်တုန်းက ထုတ်ဖော်နိုင်ခဲ့သည်ထက် ကြောက်မက်ဖွယ်ကောင်းသော အပြင်အားကိုယ်ခွန်အားကို သူ ရှင်းလင်းပြတ်သားစွာ ခံစားလိုက်ရသည်။ သူသည် ကြယ်တာရာကောင်းကင်ကို ဖြတ်၍ ခရီးနှင်နေစဉ် လက်နှစ်ဖက်လုံးကို လက်သီးဆုပ်လိုက်ရာ လှိုင်းလုံးကြီးများ လိမ့်ဖြာထွက်သွားသဖြင့် သူ့ပတ်ပတ်လည်ရှိ အရာအားလုံး တုန်ခါလာသည်။
“ပျက်စီးခြင်း.... ပြီးဆုံးဖို့ နည်းနည်းလိုသေးတယ်” မန်ဟို သွားနေသော အရပ်မျက်နှာအရ သူ၏နောက်ဆုံးပန်းတိုင်မှာ စတုတ္ထတောင်ပင်လယ်ဖြစ်ကြောင်း သိသာသည်။
သူ့မှာ ရှုချင်ကို တွေ့ချင်လွန်း၍ ရူးပေတော့မည်။ ရှုချင်ကို တွေ့ပြီးလျှင် တောင်ပင်လယ်လောကနှင့် ကောင်းကင်ဘုံ ၃၃ ဘုံကိုပါ တုန်လှုပ်သွားစေမည့် အရာတစ်ခုကို သူ လုပ်မည်။
အောင်မြင်ပါက တောင်ပင်လယ်လောက၏ စိတ်ဓာတ်အားမာန် မြင့်တက်လာပြီး သူ့နာမည်သည် ကောင်းကင်ဘုံ ၃၃ ဘုံတစ်ခွင် ဟိုးလေးကျော်သွားလိမ့်မည်။ ထို့နောက် တောင်ပင်လယ်လောကတွင် မန်ဟိုဆိုသော ကျင့်ကြံသူတစ်ယောက်ရှိကြောင်း အကုန်လုံး သိသွားကြလိမ့်မည်။
သူက ကြယ်တာရာကောင်းကင်ကို မော့ကြည့်ပြီးနောက် အဝေးသို့ ထွက်သွားသည်။ မကြာမီ သတ္တမနှင့် ဆဋ္ဌမတောင်ပင်လယ်ကို ပိုင်းခြားထားသော အတားအဆီးအနား ရောက်လာခဲ့၏။ မန်ဟို့အတွက် ထိုအတားအဆီးမှာ စာဖွဲ့နေစရာပင် မလိုပေ။ သူက ချက်ချင်းလက်ငင်း ထိုးဖောက်၍ အခြားတစ်ဖက်ရှိ ထွက်ပေါက်ကို ရှာတွေ့သွားပြီး ဆဋ္ဌမတောင်ပင်လယ်သို့ ဝင်ရောက်သွားတော့သည်။
ဤသည်မှာ ဆဋ္ဌမတောင်ပင်လယ်သို့ သူ ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်သည်။ ဤနေရာနှင့် မရင်းနှီးသော်လည်း လွန်စွာရင်းနှီးသော အရှိန်အဝါများ .... ဤနေရာတွင် ရှိနေ၏။၊ ယင်းကား ... အပြင်သူများ၏အရှိန်အဝါပင်။
သတ္တမတောင်ပင်လယ်နည်းတူ ဆဋ္ဌမတောင်ပင်လယ်မှာလည်း အပြင်သူများလက်ထဲ ကျရောက်လုနီးနီး ဖြစ်နေသည်။
ဤတောင်ပင်လယ်ထဲ ဝင်ရောက်လိုက်သည်နှင့် မန်ဟို့ခန္ဓာကိုယ်သည် ပို၍ပင် ပိန်ချုံးခြောက်ကပ်သွား၏။ သို့ရာတွင် သူ၏အတိုက်အခိုက်စွမ်းရည်ကတော့ လျော့ကျမသွားဘဲ မြင့်မားလာနေသည်။ ပျက်စီးခြင်း ပြီးဆုံးခါနီးလေပြီ။
ပျက်စီးခြင်း ပြီးဆုံးသောအခါ သူ၏အပြင်အားကိုယ်ခွန်အားသည် ဝုန်းခနဲ မြင့်တက်ပြီး တာအိုဥသျှောင်အဆင့်သို့ အပြည့်အဝရောက်ရှိသွားလိမ့်မည်။
ယခုတွင် သူကား ပျက်စီးခြင်းကို အာရုံပင်မရှိပေ။ သူ၏နတ်ဘုရားအာရုံက ကြယ်တာရာကောင်းကင်ထဲသို့ ဖြာထွက်သွားပြီး မရေမတွက်နိုင်သော အနက်ရောင်ကုဗတုံးများကို တွေ့ရှိသွားသည်။ ဤနေရာတွင် တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်၏။ အထူးသဖြင့် တစ်ခုသောနေရာတွင် အမှန်အကန်ဆန်းပြားသော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားနေသည်။
ထိုနေရာတွင် ခရမ်းရောင်ဝတ်ရုံအရှည်နှင့် သက်လတ်ပိုင်းလူတစ်ယောက်ကို မြင်ရနိုင်သည်။ အနီရောင်အလင်းဒိုင်းက သူ့ကို ဝန်းရံလှည့်ပတ်နေပြီး သူ့မျက်လုံးများက ပိတ်နေသည်။ သူ့မှာ ဒဏ်ရာအပြင်းအထန် ရထားသည့်အလား မျက်နှာဖြူဖျော့နေလျက် မလှုပ်မယှက် တင်ပျဉ်ခွေထိုင်နေသည်။
သူ့ကို ကာကွယ်ပေးထားသော ဒိုင်း၏အပြင်တွင် ထိုဒိုင်းကို ချိုးဖျက်နေသော အပြင်သူတစ်ယောက်ရှိသည်။ အပြင်သူကို အဘိုးအိုတစ်ယောက်က ကူညီပေးနေ၏။ အဘိုးအို၏အမူအရာသည် တည်ငြိမ်အေးဆေးနေသော်လည်း ဒိုင်းထဲရှိ လူကို ကြည့်နေစဉ် သူ၏မျက်လုံးများတွင် လေးစားမှုတို့ ပြည့်နေသည်။
ဤအပြင်သူကို မန်ဟို သိသည်။ ၎င်းက အပြင်သူတာအိုဥသျှောင်၏ ကိုယ်ပွားငါးကိုယ်ထဲမှ တစ်ကိုယ်ပင်။
သူ့ကို ကူညီပေးနေသော အဘိုးအိုမှာမူ တောင်ပင်လယ်စွမ်းအားငွေ့ငွေ့ကို ထုတ်လွှတ်နေရာ မန်ဟို့အား သူ့ကို ချက်ချင်း မှတ်မိသွားစေသည်။
ဤလူသည် သခင်အဖြူနည်းတူ သစ္စာဖောက်တစ်ယောက် ဖြစ်သော ... ဆဋ္ဌမတောင်ပင်လယ်သခင်ပင်။