လေ့ကျင့်ကြစို့
Vol. 165 Ch. 2371
“ မြေနိုးကောင် …. သောက်ရည်မှန်းချက်ကျ တစ်စက်မှမရှိဘဲ တစ်နေကုန် ကလေးယူဖို့လောက် ထိုင်တွေးနေတယ် … ချီးပဲ …” ကျန်းကျိန်းနန် ကျိန်ဆဲလိုက်၏။
“ ဟေး ဟေး ဟေး … လူကို အဲ့လိုတော့ လာမပြောနဲ့ …. မင်းကျတော့ သားသုံးယောက်တောင် ရှိနေပြီ … ငါ့မှာက တစ်ယောက်တောင် ရှိသေးတာ မဟုတ်ဘူး ….”
“ ကဲ ကဲ … ဒီအကြောင်းတွေ ဆက်မပြောကြစို့ … မစ်ရှင်ကလည်း ပြီးပြီဆိုတော့ အရက်သွားသောက်ကြမယ် ….”
“ သွားစို့ ….”
ထိုညတွင် သုံးယောက်သား မနက်မိုးလင်းပေါက်အထိ အရက်အတူ သောက်နေခဲ့ကြ၏။
လင်းရီလည်း ကျွန်းနှင့် ပတ်သက်၍ အကြမ်းဖျင်း နားလည်သဘောပေါက်သွားခဲ့လေသည်။
လျှို့ဝှက်ချက်များအားလုံးက ရှေးဟောင်းအပျက်အစီးနယ်၏ ဗဟိုဒေသတွင် တည်ရှိနေသည်။ သို့သော် ရှေးဟောင်း အပျက်အစီးနယ်၏ အပြင်ဘက်တွင် ကမ္ဘာဦး သစ်တောကြီး တည်ရှိပြီး ဆယ်ကီလိုမီတာခန့်မျှ ရှည်လျားသည်။ ကျန်းကျိန်းနန်နှင့် အခြာသူများ၏ မျက်လုံးထဲတွင်တော့ ယင်းက မရဏနယ်မြေနှင့် မခြားနားပေ။ ဘာကြောင့်ဆိုတော့ ကျွန်းပေါ်ရှိ အောက်ဆီဂျင်သိပ်သည်းဆက အဆမတန် မြင့်မားသည့် အတွက် တောအုပ်ထဲ ရှင်သန်နေထိုင်ကြသည့် တောရိုင်းတိရစ္ဆာန်များက လူတို့ စိတ်ကူးယဉ်ထားသည်ထက်ကို အဆပေါင်းများစွာ ကြီးမားလို့နေသည်။
ကျန်းကျိန်းနန် ပြောပြသည်မှာ သူ တစ်ခါက လက်ညှိုးတစ်ချောင်း အရွယ်လောက်ရှိသည့် ခြင်တစ်ကောင် ကိုက်တာကို ခံခဲ့ရဖူးသည်။ အကိုက်ခံရပြီးနောက် ခန္ဓာကိုယ်တွင် ပေါက်စီလောက်ကြီးသည့် အဖုကြီး ထလာပြီး ကာကွယ်ဆေးသောက်ပြီးနောက်မှာပင် ပြန်နာလံထူဖို့ကို အချိန် တစ်ပတ်ခန့် ပေးလိုက်ရသေးသည်ဆိုပင်။
သို့သော် ထိုမျှက အကန့်အသတ်မဟုတ်သေး။ ကမ္ဘာဦး သစ်တောကြီး၏ အလွန်တွင် စက်ဝိုင်းမြစ်ကြီး တစ်စင်းရှိ၏။ မီတာရာပေါင်းများစွာ ကျယ်ဝန်းပြီး ထိုနေရာကို ဖြတ်သန်းဖို့က လုံးဝ မလွယ်ကူပေ။
အဆိုပါ အတားအဆီးနှစ်ခုကြောင့်လည်း ရှေးဟောင်း အပျက်အစီးနယ်မြေသည် ယခုအချိန်အထိ ကောင်းကောင်းမွန်မွန်နှင့် ကျန်ရစ်နေဆဲ ဖြစ်၏။
လင်းရီ စိတ်ထဲ ခန့်မှန်းကြည့်လိုက်သည်။
ကျန်းကျိန်းနန်ပင် ကမ္ဘာဦးသစ်တော အကြောင်း ပြောရာ၌ ခေါင်းခါယမ်းမိရာ သူကိုယ်တိုင် ဆိုလို့ကတော့ ဆိုဖွယ်ရာပင် မရှိနိုင်လောက်ချေ။
နောက်တစ်နေ့ နံနက်ခင်း ကိုးနာရီ၌။ သုံးယောက်သား အိပ်ရာနိုးလာကြပြီး တစ်ခုခု စားသောက်လိုက်ကြသည်။ ပြီးနောက် ဝမ်ကျီးကို နှုတ်ဆက်၍ ရန်ကျင်းသို့ ပျံသန်းလာခဲ့ကြ၏။
….
ဤတစ်ကြိမ်တွင်တော့ ကျုံးဝေ့တပ်ဖွဲ့ထဲ စည်ကား သက်ဝင်လှုပ်ရှားလို့နေသည်။
နှစ်သစ်ကူးက လောလောလတ်လတ် ပြီးဆုံးထားသည့် အချိန်ဖြစ်၍ ပွဲတော် အငွေ့အသက်တို့က အပြီးတိုင် ပျောက်ကွယ်မသွားသေးပဲ လူတိုင်း၏ ရင်ဘက်ထဲ ပျော်ရွှင်မှုတစ်ချို့တို့ ကျန်ရစ်နေဆဲ ဖြစ်၏။
ထို့ပြင် အမြဲတစေ လျှို့ဝှက်ဆန်းကြယ်နေခဲ့သည့် ရှန်းလုံအသင်း ကျွန်းမှ ဆုတ်ခွာလာခဲ့သည်ကလည်း အခြားသော အသင်းများအတွက် ပျော်ရွှင်ဖွယ်ရာ ကိစ္စရပ်တစ်ခုပင်။
လူတိုင်းက သူတို့၏ မျက်နှာသွင်ပြင် အစစ်အမှန်ကို မြင်တွေ့ချင်နေကြ၏။
၎င်းအပြင် လုပေချိန်ကလည်း သုံးလ ကြပ်ကြပ်မတ်မတ် လေ့ကျင့်ရေး ကာလတစ်ခု ဖွဲ့စည်းဖို့ အမိန့်ပေးထားသေး၏။
သင်တန်းသားများကတော့ သဘာဝအလျောက် အသင်း ၄ သင်း၏ သာမန် အဖွဲ့ဝင်များပင်။
အင်မတန် ကြမ်းတမ်းပြီး ခက်ခဲပင်ပန်းမည့် လေ့ကျင့်ရေး ဆိုသော်လည်း လူတိုင်းက စိတ်လှုပ်ရှားနေကြ၏။ ဒိတ်ဒိတ်ကျဲ ကျွမ်းကျင်သူတစ်ဦးက နည်းပြပေးမည်ဆိုသဖြင့် စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေကြလေသည်။
996 ခေတ်တွင် ၊ ကျုံးဝေ့တပ်ဖွဲ့သည်လည်း အင်္ကျီလက်မောင်းကို ပင့်လှန်ဖို့ လိုလာပြီ ဖြစ်၏။
ထိုအချိန် … နင်ချဲ့၏ ရုံးခန်းထဲတွင်တော့ လူသုံးဦး ထိုင်နေသည်။
သူမဘေး၌ ချိုးယွီလော့အပြင် အသက် လေးဆယ် အရွယ်ရှိ အမျိုးသမီး တစ်ဦးလည်း ရှိနေသည်။ သူမတို့နှစ်ဦးနှင့် ယှဉ်လိုက်မည်ဆိုပါက ရုပ်ရည်နှင့် အသားအရည်မှာ ပြောစမတ်ပြုရလောက်စရာမရှိပေ။ သူမ၏ မျက်လုံးထောင့်စွန်းတွင် အရေးအကြောင်းတစ်ချို့ကိုပင် မြင်တွေ့နေရ၏။
သို့သော် သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် သွင်ပန်းသဏ္ဌာန်က ဘဝ၏ အကောင်းဆုံး အရွယ်တွင် ရုပ်ဆိုးခဲ့သူ တစ်ဦး မဟုတ်ကြောင်းကို ထင်သာ မြင်သာ ရှိစေသည်။
အမျိုးသမီး၏ နာမည်က လုယွီပင်။ ရှန်းလုံ အသင်း၏ လက်ထောက် အသင်း ခေါင်းဆောင် ဖြစ်၏။
အေအဆင့်ပင်။
“ နင်တို့နှစ်ယောက်က ဘယ်လိုတွေ လုပ်နေကြတာ .. နှစ်ယောက်လုံး သုံးဆယ်နားနီးနေပြီ … အခုထိ လက်တွဲဖော် တစ်ယောက်လေးတောင် မရှိကြသေးဘူး ….”
လုယွီက အသက်အများကြီး ပိုကြီးနေသော်လည်း ရန်ကျင်းကပဲ ဖြစ်သဖြင့် ၎င်းတို့ချင်းကတော့ ရင်းနှီးကြပြီး ကလေးဘဝကတည်းက သိလာခဲ့ကြသူများ ဖြစ်၏။
“ ဒီတိုင်း right person နဲ့ မတွေ့သေးလို့ပါ အစ်မရယ် …” နင်ချဲ့က နေကြာစေ့ခွာရင်း ခွန်းတုံ့ပြန်လိုက်၏။ “ ပြီးတော့ ကျွန်မတို့ နှစ်ယောက်ကို အသာထားဦး … အစ်မဆို သုံးဆယ့်ကိုး ရှိနေပြီ … ကိုယ့်ကိစ္စကိုယ်ပဲ စိတ်ပူစမ်းပါ …”
“ အစ်မရဲ့ လက်ရှိ အနေအထားနဲ့ဆိုရင် အကြီးအကဲလုကို အနားယူဖို့ ကိစ္စသွားပြောရင်တောင် သူ ခွင့်ပြုလောက်မယ် ထင်တာပဲ ….” ချိုးယွီလော့ ပြောလိုက်သည်။
“ ငါက မငယ်တော့ဘူး … လင်ကောင်းသားကောင်း ရှာလို့ရတဲ့ အရွယ် လွန်သွားပြီဆိုတော့ အဲ့ကိစ္စကို ခေါင်းထဲ သိပ်ထည့် စဉ်းစားမနေတော့ဘူး … ဒါပေမယ့် ငါ ကလေးတစ်ယောက်တော့ လိုချင်တယ်ဟာ … ငါတို့ လုမိသားစုကို မျိုးဆက်ပြတ်စေလို့တော့ မဖြစ်ဘူး ….”
“ ကျွန်မနဲ့ စဉ်းစားပုံချင်း တူတယ် ….” နင်ချဲ့ ပြောလိုက်ပြီး “ ကျွန်မဆို စီတောင် စီစဉ်ပြီးပြီ …. တကယ်လို့ အသက် သုံးဆယ့်ငါးရောက်တဲ့အထိ သင့်လျော်မယ့်လူနဲ့ မတွေ့ဘူးဆိုရင် ဒီတိုင်း ကိုယ့်ဘာကိုယ်ပဲ ကလေးတစ်ယောက် မွေးလိုက်တော့မယ် ….”
“ ပေါက်ကရတွေ မပြောစမ်းနဲ့ …. အဆင်ပြေတဲ့ တစ်ယောက်ယောက်ရှိရင် တစ်ခါတည်း တန်းပြီးသာ လက်ထပ်လိုက် … ဘာပဲဆိုဆို နင်က ငယ်သေးတယ် … ငါနဲ့မတူဘူး ….” လုယွီက စီးကရက်တစ်လိပ်ကို မီးညှိရင်း ပြောလိုက်သည်။
“ ငါ အစောပိုင်း အကြီးအကဲလုကို သွားတင်ပြတော့ အသင်းတစ်ရဲ့ ခေါင်းဆောင်အကြောင်း ပြောတာ အများကြီး ကြားခဲ့ရတယ် …. သူ့နာမည်က လင်းရီထင်တယ် ဟုတ်တယ်မလား … သူ့ကြည့်ရတာ တော်တော်လေး ထူးချွန်တဲ့ပုံပဲ … နင်တို့နှစ်ယောက်မှာ ဘာအတွေးမှ မရှိကြဘူးလား ….”
“ ကျွန်မတို့နှစ်ယောက်ကတော့ အဆင်မပြေပါဘူး …. ဒါပေမယ့် နင်ချဲ့ကတော့ တစ်ကွက်လှုပ်ရှားထားပြီးပြီ …..” ချိုးယွီလော့က ပြုံးဖြီးပြီး ပြောလိုက်သည်။
“ နင်က လှုပ်တောင် လှုပ်ရှားပြီးပြီပေါ့ .. ဒါဆို နင် စောစောက ပြောတာ ဘာအထာလဲ …..”
“ သူ့ကောင်မလေးတွေ အကုန်လုံးက ကျွန်မထက် ပိုပြီး လှနေကြတာ ကျွန်မကလည်း သူ့အတွက် လုံလုံလောက်လောက် ကောင်းမနေပါဘူး … ဒါကြောင့်မို့ လက်ထပ်ဖို့အထိတော့ မမှန်းချင်ဘူးရယ် … လောလောဆယ်တော့ ဒီတိုင်း ခန္ဓာကိုယ်ချင်း ထိတွေ့ပြီး မဟုတ်လည်း နောင်ကျရင် ကလေးတစ်ယောက် တောင်းရင် တောင်းလိုက်ရုံပဲ ….”
လုယွီ နင်ချဲ့အား စိုက်ကြည့်လိုက်၏။
“ ဒီလို စိတ်ဓာတ်ကျချင်စရာကောင်းတဲ့ စကားလုံးတွေက နင်နှုတ်ကနေ ထွက်လာတယ်ဆိုတာ ငါ ယုံရခက်ခက်ရယ် ….”
နင်ချဲ့ ရယ်မောလိုက်၏။ “ သူက တကယ် တော်တာ … မဟုတ်ရင် လူတွေက သူ့ကို အတော်ဆုံး အသင်းခေါင်းဆောင်ဆိုပြီး ပြောနေကြပါ့မလား …..”
“ နင်ကတောင် ဒီလိုမျိုး ပြောလာပြီဆိုတော့ ငါ ပိုပြီးတောင် စိတ်ဝင်စားသွားပြီ ….”
“ ဟင် မမလု … မကောင်းဘူးထင်တယ်နော်….” နင်ချဲ့ အဆင်မပြေသည့် လေသံဖြင့် ပြောလိုက်သည်။
“ မမလုက အေ အဆင့် … သူက စီအဆင့်တည်းရှိသေးတာ … သူ့ကို သက်ညှာပေးလိုက်ပါနော်….”
“ အမယ်လေး အမယ်လေး … ဒင်းကို စာနာပေးနေလိုက်တာများ ကြည့်စမ်း ….”
နင်ချဲ့၏ ပါးပြင်မှာ အနည်းငယ် နီစွေးသွားခဲ့သည်။
“ အဓိကက သူ မမလုကို တကယ်ပဲ မနိုင်လို့လေ ….”
“ မပူနဲ့ … ငါ သူ့အဆင့်ကို သိတယ် … ငါတို့အားလုံးက ရဲဘော်ရဲဘက်တွေချည်းကို သေအောင်တော့ မရိုက်ပါဘူးဟဲ့ …..”
ထိုအချိန်မှာပဲ ထောက်ချိန်က အပြင်ဘက်ကနေ ဝင်လာပြီး လုယွီကို နှုတ်ဆက်လိုက်သည်။ ပြီးနောက် နင်ချဲ့နှင့် ချိုးယွီလော့တို့အား ကြည့်ပြီး “ လင်းရီနဲ့ တစ်ခြားလူတွေ ပြန်လာပြီ … သွားကြည့်ကြစို့ ….”
“ သူတို့ အခု ဘယ်မှာလဲ ….” နင်ချဲ့ မတ်တပ်ရပ်ပြီး မေးမြန်းလိုက်သည်။
“ အကြီးအကဲလုနဲ့ အကြီးအကဲလျန်တို့ကို သွားတွေ့နေတယ် … အဲ့ကနေပြီးမှ ဒီကို လာမယ်ထင်တယ် …”
“ သွားစို့ … အပြင်ထွက်ကြမယ် …”
လင်းရီ ပြန်ရောက်လာပြီဆိုသည့် သတင်းကိုကြားတော့ ရှန်းလုံအသင်းနှင့် အခြားလေးသင်း အဖွဲ့ဝင်များအားလုံး မသိစိတ်အလျောက် ရုံးခန်းအဆောက်အဦးထဲက ထွက်လာခဲ့ကြသည်။
“ မင်းကို အုပ်လိုက်ကြီး လာကြိုနေကြတာပဲ …..”
“ မဟုတ်တာ … အစ်ကိုကျန်းတို့ကို တွေ့ချင်လို့ နေမှာပါ ….” လင်းရီ အပြုံးဖြင့် ငြင်းဆန်လိုက်၏။
ထို့နောက် လုယွီ၊ နင်ချဲ့နှင့် ချိုးယွီလော့တို့ လျှောက်လှမ်းလာခဲ့ကြပြီး လုပေချိန်ကို အရင်ဦးဆုံး နှုတ်ဆက်လိုက်၏။ ပြီးသည့်နောက် သူမတို့၏ အကြည့်က လင်းရီထံသို့ ရောက်ရှိသွားခဲ့သည်။
“ အသင်းတစ်ရဲ့ ခေါင်းဆောင်ဆိုတာ သူလား ….”
လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ရောက်ရောက်ချင်း ပစ်မှတ်ထားခံရလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပါချေ။
ကျန်းကျိန်းနန် ခေါင်းညိတ်ပြလိုက်၏။ “ လင်းရီ … ငါ မင်းကို မိတ်ဆက်ပေးရဦးမယ်ကွ … သူက လုယွီ … ရှန်းလုံအသင်းရဲ့ လက်ထောက်ခေါင်းဆောင် … အကြီးအကဲလုနဲ့ မျိုးရိုးနာမည်ချင်း တူတယ်ဆိုပေမယ့် အမျိုးတော့ မတော်ဘူး ….”
သူမကိုယ်တိုင်ကလည်း လုပေချိန်၏ လေ့ကျင့်သင်ကြား ပြသပေးမှုကို ခံယူခဲ့ရသဖြင့် ကျန်းကျိန်းနန်နှင့် ဆရာတူတပည့်ဟု သတ်မှတ်၍ရသည်။
အကျင့်စရိုက်က လင်းရီနှင့် ဆင်တူပြီး စကားကို များများစားစား စဉ်းစားမနေဘဲ ပြောစရာရှိတာကို တစ်ခါတည်း ပြောချတတ်၏။
“ ဟယ်လို … “ လင်းရီ ပြုံးလျက် လက်ဆွဲနှုတ်ဆက်ဖို့ရာအတွက် လက်ကို ဆန့်တန်းလိုက်သည်။
လုယွီလည်း လက်ဆွဲနှုတ်ဆက်လိုက်သည်. “ ငါ နင်ချဲ့ဆီက ကြားထားတာ နင်က အတော်လေး ဖြုံဖို့ကောင်းတဲ့လူဆို …. မစ်ရှင်ကြီးတွေ အများကြီးကိုလည်း ထမ်းဆောင်ခဲ့တယ် … နင့်အကြောင်း တော်တော်လေး သိချင်နေတာ အတော်ပဲ နင့် အရည်အချင်းကို စမ်းသပ်ကြည့်ကြတာပေါ့ ….”
လင်းရီ “ ??? “
အတော်လေး တည့်တိုးဆန်လွန်းတာပဲ …
လုပေချိန်နှင့် ကျန်းကျိန်းနန်တို့ အကြည့်ချင်းဖလှယ်လျက် ပြုံးမိသွားခဲ့ကြသည်။
တွေ့ဆုံသည်နှင့် မီးပွားမီးစများ မြင်တွေ့နေရသည်က ငယ်ရွယ်သည်ဟူသော ခံစားချက်မျိုးကို ပြန်လည်ခံစားရစေသည်။
“ အဟဲ အစ်မလု … ခင်များက အေအဆင့်တောင် ရောက်နေပြီ … ကျွန်တော်က အခုမှ စီအဆင့်လေးရှိသေးတာ … ကျုပ် အစ်မကို ဘယ်လိုလုပ်နိုင်နိုင်မှာလဲဗျ ….”