သိပ်များမှားသွားလား
Vol. 96 Ch. 1333
ဆဋ္ဌမတောင်ပင်လယ်သခင်က ဒိုင်း၏အနောက်ရှိ ခရမ်းရောင်ဝတ်ရုံနှင့်လူကို ကြည့်ကာ အေးစက်စက် ပြောသည်။ “သခင်ဝူ ၊ မအောင်မြင်နိုင်ဘူးဆိုတာ မင်း သေချာပေါက် သိသားပဲ။ ဘာကြောင့် ကြိုးစားနေသေးတာလဲ”
ဘေးရှိ အပြင်သူတာအိုဥသျှောင်၏ကိုယ်ပွားက ပြုံးလိုက်ပြီး လှောင်ပြောင်နေသော အရိပ်အယောင်က သူ့မျက်လုံးများတွင် ထင်ရှားနေသည်။
ဒိုင်းအထဲရှိ ခရမ်းရောင်ဝတ်ရုံနှင့်လူ၊ သခင်ဝူက ဘာမှပြန်မပြော။ သူ့မျက်လုံးများက တင်းတင်းပိတ်ထားပြီး သူ့မျက်နှာသည် သွေးဆုပ်ဖြူလျော်နေ၏။ သူ့ကို ရစ်သိုင်းနေသော ကျင့်ကြံခြင်းအခြေခံစွမ်းအားအရ အဆင့်တက်ဖို့ ကြိုးစားနေကြောင်း ပေါ်လွင်သည်။
စောစောက သူသည် ဆဋ္ဌမတောင်ပင်လယ်၏ သခင်အဖြူနှင့် တိုက်ခိုက်နေခဲ့ပြီး နှစ်ယောက်လုံး လက်ရည်တူနေခဲ့သည်။ သို့သော် အပြင်သူတာအိုဥသျှောင်၏ကိုယ်ပွားက ရုတ်တရက် ပေါ်လာပြီး ဆဋ္ဌမတောင်ပင်လယ်နှင့် ပူးပေါင်းလိုက်သောအခါ သူတို့နှစ်ယောက်မှာ လွန်စွာအင်အားကြီးမားလာခဲ့သည်။ သခင်ဝူမှာ လောလောဆယ် သူ့ကို ဘေးကင်းအောင် ကာကွယ်ထားသော ဒိုင်းကို ဖန်ဆင်းဖို့ ပဉ္စမတောင်ပင်လယ်သခင်ဆိုသည့် သူ့ရာထူးကို သုံးကာ တောင်ပင်လယ်သရဖူကို ခွဲပစ်ခဲ့ရသည်။ ထို့နောက် ထိုအခိုက်အတန့်လေးကို အခွင့်အကောင်းယူကာ အဆင့်တက်ဖို့ ကြိုးစားနေခြင်းဖြစ်၏။
ဆက်လက်တိုက်ခိုက်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ အနှစ်သာရ ၅ ခုအဆင့်မှ အနှစ်သာရ ၆ ခုအဆင့်သို့ တက်လှမ်းရုံသာ ရှိကြောင်း သူ သိသည်။ အဆင့်မတက်နိုင်လျှင် .... သူ ဖန်ဆင်းထားသည့် တောင်ပင်လယ်ဒိုင်း ပျက်စီးပြီး သူလည်း သူတို့ပြုသမျှ နုရပေလိမ့်မည်။
ယခုတွင် ဒိုင်းထဲတွင် ဖြစ်၍ သူ့မှာ ရွေးချယ်စရာအနည်းအကျဉ်းသာ ဖြစ်သည်။ အမှန်တွင် သူ့မှာ ပိတ်မိနေပြီဖြစ်သည့်အပြင် ဆဋ္ဌမတောင်ပင်လယ်သခင်နှင့် အပြင်သူတာအိုဥသျှောင်ကိုယ်ပွားတွင်လည်း သူ့ကို ဖြည်းဖြည်းချင်း သန့်စင်နိုင်မည့်နည်းလမ်းများစွာ ရှိထားပေသည်။
တကယ်လည်း သူတို့က ယခု ထိုအတိုင်း လုပ်နေလေသည်။ ကိုယ်ပွားထံမှ အနက်ရောင်မီးတောက်များက ဒိုင်းကို ဝိုင်းထားသည်။ တဟုန်းဟုန်းတောက်နေသော မီးလျှံများက ဖျစ်ဖျစ်ဖျောက်ဖျောက်ပင် မြည်နေ၏။ သခင်အဖြူမှာ ဆေးလုံးတစ်လုံးအဖြစ် ဖြည်းဖြည်းချင်း သန့်စင်ပြောင်းလဲခံနေရလေသည်။
ဆဋ္ဌမတောင်ပင်လယ်သခင်က တဟားဟား အော်ရယ်သည်။ “မင်းက တောင်ပင်လယ်သခင်သရဖူကို ဖျက်စီးပစ်ခဲ့ပေမယ့် တောင်ပင်လယ်သခင်တစ်ဦး ဖြစ်နေတုန်းပဲနော်။ မင်းကို တောင်ပင်လယ်ဆေးလုံးအဖြစ် ပြောင်းလဲပြီးရင် ငါ မင်းကို စားပြီး တောင်ပင်လယ်စွမ်းအားကို နောက်တစ်ကြိမ် ကိုင်စွဲနိုင်လိမ့်မယ်”
ကောင်းကင်ဘုံ (၁) သက်ဆင်းလာသည်နှင့်တစ်ပြိုင်နက် ဆဋ္ဌမတောင်ပင်လယ်သခင်မှာ တောင်ပင်လယ်သခင်ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။ သို့သော် သခင်ဝူကိုသာ စားလိုက်လျှင် တောင်ပင်လယ်စွမ်းအားကို ထပ်မံထုတ်လွှတ်နိုင်မည်။
သခင်ဝူ သူ့ကို အဖက်မလုပ်သောအခါ ဆဋ္ဌမတောင်ပင်လယ်သခင်က အေးစက်စက် နှာမှုတ်လိုက်သည်။ “ခေါင်းမာနေတဲ့ သောက်ရူး”
သခင်ဝူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး အဘိုးအိုကို စူးစူးရဲရဲ ကြည့်သည်။ “ငါက ခေါင်းမာတဲ့အရူး ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမဲ့ မင်းလို တောင်ပင်လယ်လောကရဲ့ သစ္စာဖောက်ဖြစ်ရတာထက်စာရင် တော်သေးတယ်”
သူတို့တိုက်ခိုက်နေခဲ့စဉ်အတောအတွင်း ဆဋ္ဌမတောင်ပင်လယ်မှာ အပြင်သူတစ်ယောက်မဟုတ်ဘဲ တောင်ပင်လယ်လောကသား ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားလာခဲ့သည်။
သတ္တမတောင်ပင်လယ်၏ သခင်အဖြူက ကလစ်ကကျစ် အကွက်ဉာဏ်ဆင်၍ တောင်ပင်လယ်သခင်ရာထူးအထိ တက်လာခဲ့သော အယောင်ဆောင်အပြင်သူတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် ဆဋ္ဌမတောင်ပင်လယ်သခင်ကမူ သစ္စာဖောက်လုံးလုံးဖြစ်၏။
“သစ္စာဖောက်ဟုတ်လား” ဆဋ္ဌမတောင်ပင်လယ်သခင်က တိတ်ဆိတ်စွာ ခဏရပ်နေပြီးနောက် ခေါင်းနောက်လှန်ကာ ဟားတိုက်ရယ်သည်။ ၎င်းက ရူးသွပ်မှု၊ စွဲလမ်းမှုတို့ ပြည့်နေသော ရယ်သံကြီးဖြစ်ပေသည်။ “အေး ဟုတ်တယ် ငါက သစ္စာဖောက်။ အဲဒီတော့ ဘာဖြစ်လဲ
“ငါ့ပင်ကိုယ်ပါရမီနဲ့ ကံတရားအရ ငါသာ တောင်ပင်လယ်လောကမှ မွေးမလာခဲ့ရင် ၊ ငါ့ရာထူးနဲ့ သွေးဆက်ရဲ့ ချုပ်နှောင်ထားတာ မခံရရင် အနှစ်သာရ ၆ ခု အဆင့်တက်တာဖြင့် ကြာခဲ့ပြီ။ တကယ်တော့ ငါဟာ ပါရာဂွန်တောင် ဖြစ်လာနိုင်တယ်
“ငါ ကျင့်ကြံအားထုတ်ခဲ့တာ ဘယ်နှနှစ်ရှိပြီလဲ သိလား။ နှစ်ပေါင်း သုံးသောင်းသုံးထောင်ကွ။ ငါက အနှစ်သာရ ၅ ခုအဆင့် တောင်ပင်လယ်သခင်။ အဲဒီတော့ ဘာပြန်ရလဲ
“တောင်ပင်လယ်လောကဟာ ကောင်းကင်ဘုံ ၃၃ ဘုံရဲ့ ချုပ်နှောင်ခံထားရတာ၊ ကျိန်စာတိုက်ခံထားရတာလေ။ အမြင့်ဆုံးကျင့်ကြံအဆင့်က အနှစ်သာရ ၅ ခု အထွတ်အထိပ်အဆင့်ပဲ။ ငါ့ကျင့်ကြံအဆင့်ကို တက်စေချင်လို့ သစ္စာဖောက်ခဲ့မိတာက သိပ်များမှားသွားလား
“ကျင့်ကြံသူတွေဆိုတာ ကိုယ့်အတွက်ကိုယ်ပဲ ကျင့်ကြံအားထုတ်ကြတာ။ ဘယ်သူက မိသားစုတွေ၊ လူတွေကို ဂရုစိုက်နေလို့လဲ။ မဟာတာအိုလမ်းစဉ်နောက်လိုက်တဲ့အခါ အရာအားလုံးကို ဘေးချိတ်ထားနိုင်ရတယ်။ ငါ့ကျင့်ကြံခြင်းလမ်းစဉ်အတွက် ငါဟာ ကံပတ်သက်မှုတွေအားလုံးကို ဖယ်ခွာခဲ့ပြီးသား
“ဒါ့အပြင် တောင်ပင်လယ်လောကအနေနဲ့ .... ဒီစစ်ပွဲကို နိုင်နိုင်ခြေမရှိဘူး။ ဉာဏ်ရှိတဲ့သူဟာ ရေလိုက်ငါးလိုက်နေတတ်တယ်တဲ့။ ငါ့ရွေးချယ်မှုမှာ အမှားပါသွားသလား” ဆဋ္ဌမတောင်ပင်လယ်သခင်စကားပြောနေစဉ် သူ့အသံသည် အော်ဟစ်နေသံပေါက်လာသည့်တိုင်အောင် ကျယ်သထက် ကျယ်လာ၏။ သူကား ခရမ်းရောင်ဝတ်ရုံနှင့် သခင်ဝူကို မဟုတ်ဘဲ သူ့ကိုယ်သူ ပြောနေသည့်အလားပင်။
အပြင်သူကိုယ်ပွားက ဘေးတွင် ရပ်လျက် ရယ်နေပြီး သူ့မျက်လုံးထဲရှိ လှောင်ပြောင်နေမှုက ပို၍ထင်ရှားလာသည်။ ကြည့်ရသရွေ့ သူ၏လှောင်ပြောင်အထင်သေးမှုက သခင်ဝူတစ်ယောက်တည်းမဟုတ်ဘဲ ဆဋ္ဌမတောင်ပင်လယ်သခင်ကိုလည်း ရည်ရွယ်နေပုံပေါ်သည်။
ဆဋ္ဌမတောင်ပင်လယ်သခင်ကို ကြည့်နေစဉ် သခင်ဝူသည် ရင်နာနေကြောင်း သိသာ၏။ သူက ပြောသည်။
“ငါတို့အိမ်တွေ ငါတို့လူတွေ မရှိမှတော့ ... အသက်ရှင်နေလဲ ဘာထူးတော့မှာလဲ”
သူသည် ဆဋ္ဌမတောင်ပင်လယ်သခင်သည် နှစ်တစ်သောင်းနီးပါး သိခဲ့၍ သူ့ကို ရင်းနှီးသောမိတ်ဆွေတစ်ယောက်ဟုပင် သတ်မှတ်ခဲ့၏။ သို့ထိတိုင် အဆုံးသတ်က ဤသို့ဖြစ်နေသည်။
“ငါတို့ ချုပ်နှောင်ခံထားရတယ်လို့ မင်းပြောတယ် အေး မှန်တယ်” သူက ဆက်ပြောသည်။ “ဒါပေမဲ့ ငါတို့မှာ ရွေးချယ်စရာမရှိဘူးလို့ မဆိုလိုဘူးကွ။ ခိတိဂဗ္ဗကို ကြည့်လိုက်။ သူက အကောင်းဆုံးစံနမူနာပဲ”
“ခိတိဂဗ္ဗ ဟုတ်လား။ သူက ဘဝပြန်ဝင်စားသံသရာကို အုပ်စိုးတယ်လေ။ စတုတ္ထတောင်ပင်လယ်ကလည်း ထူးခြားတယ်မဟုတ်လား။ ဘဝပြန်ဝင်စားစွမ်းအားကြောင့်ပဲ သူက ကောင်းကင်ဘုံ ၃၃ ဘုံရဲ့ ချုပ်နှောင်မှုကို ရှောင်ရှားနိုင်ခဲ့တာလေ။ သူ့မှာ ကိုယ်ပိုင်တာအိုရှိတာကို ထည့်တွက်ရင် တာအိုအရင်းအမြစ်အဆင့်ကိုတောင် တက်နိုင်သင့်တယ်
“တောင်ပင်လယ်လောကမှာ သူက လွဲပြီး ဘယ်သူ အဲဒီလိုလုပ်နိုင်သေးလို့လဲ။ ဘယ်သူမှမရှိဘူးကွ။ တစ်ယောက်မှကို တာအိုဥသျှောင်အဆင့်စစ်စစ်ကို မတက်နိုင်ခဲ့ဘူး
“အေး ဟိုလူအိုကြီးတွေတော့ ရှိပေမယ့် သူတို့ရဲ့ချီနှင့်သွေးက အားနည်းနေပြီ။ သူတို့ရဲ့သက်တမ်းကို အထိခိုက်ခံမှပဲ စွမ်းအားကို ထုတ်ဖော်နိုင်ကြတယ်။ အဲဒါကရော ဘာကောင်းနေလို့လဲ ဟမ်
“ငါကတော့ တောင်ပင်လယ်လောကကနေ ထွက်သွားမယ်။ ကောင်းကင်ဘုံ ၃၃ ဘုံသား ဖြစ်လာမယ်။ ငါ့အဆင့််အတန်းနဲ့ လွတ်လပ်မှုကိုတော့ လက်လွှတ်ကောင်း လက်လွှတ်ရလိမ့်မယ်။ ဒါပေမဲ့ အနည်းဆုံးတော့ မဟာတာအိုတစ်ပါးကို ရရှိနိုင်မယ်
“သိပ်ကြာမှာမဟုတ်ဘူး။ နှစ်ထောင်ဂဏန်းလောက်အတွင်း တောင်ပင်လယ်လောကဟာ ပျက်သုဉ်းပျောက်ကွယ်သွားလိမ့်မယ်။ ငါကတော့ ဒီမှာ ရှိနေဦးမှာ။ အနည်းဆုံးတော့ ငါဟာ တာအိုဥသျှောင်အစစ်ဖြစ်နေလိမ့်မယ်။ ကံတရားက ငါ့ဘက်မှာ ရရှိရင်တော့ ပါရာဂွန်တစ်ဦး ဖြစ်လာလောက်တယ်။ ငါဟာ ကောင်းကင်ဘုံ ၃၃ ဘုံမှာ သေချာပေါက် အရေးပါတဲ့နေရာတစ်နေရာ ရလိမ့်မယ်” ဆဋ္ဌမတောင်ပင်လယ်သခင်က ကျယ်လောင်စွာ ဟားတိုက်ရယ်သည်။
သခင်ဝူမှာ ခါးသီးနာကြည်းစွာသာ ကြည့်နေနိုင်သည်။ သူ့ကျင့်ကြံခြင်းအခြေခံ မည်မျှမြန်မြန် လည်ပတ်နေစေကာမူ အနှစ်သာရ ၆ ခုအဆင့်နှင့် သူ၏ကျင့်ကြံခြင်းအဆင့်၏ ကွာဟမှုက လွန်စွာကြီးမားလွန်းလေသည်။
တကယ်တော့ သူ့အတွက် ယခုလိုအခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းမဟုတ်ပေ။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတုန်းက သူသည် အဆင့်တက်လုဆဲဆဲ ပထမဆုံးဖြစ်ခဲ့၏။၊ သို့သော် မည်မျှပင်ကြိုးစားအားထုတ်ခဲ့စေကာမူ တစ်ခါမှ မအောင်မြင်ခဲ့ပေ။
ယခုလို ချောင်ပိတ်မိနေသည့်အချိန် အရာအားလုံးကို ပုံအောပြီးသည့်တိုင် သူ့မှာ ကျင့်ကြံခြင်းအဆင့်ကို မမြှင့်တင်နိုင်ဖြစ်နေဆဲပင်။ ကောင်းကင်ဘုံ ၃၃ ဘုံ၏ ချုပ်နှောင်မှုက မမြင်ရသောဖိအားကို ထုတ်လွှတ်ရင်း အမြဲရှိနေခဲ့သည်။ ထို့ကြောင့်လည်း သူတို့ မောက်မာဝင့်ကြွားနေခြင်းဖြစ်သည်။
အပြင်သူကိုယ်ပွားက ရက်စက်မှု၊ အထင်သေးမှုအပြည့်ဖြင့် ဝမ်းသာအားရ ရယ်နေသည်။ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသကဲ့သို့ပင်။ တောင်ပင်လယ်သခင်များ ယခုလို တစ်ယောက်ကိုတစ်ယောက် သတ်နေသည်ကို မြင်ရခြင်းက သူ့အတွက် အင်မတန် ကျေနပ်အားရစရာကောင်းသည်။ တစ်ယောက်က သစ္စာဖောက်အဖြစ် ဘက်ကူးခဲ့ပြီး တစ်ယောက်က အဆင့်တက်ဖို့ ကြိုးစားနေလေသည်။ ထိုအဖြစ်မျိုးကို သူ သဘောကျသည်။
အတိတ်တုန်းက အင်မော်တယ်များသည် အမြဲတမ်း မောက်မာထောင်လွှားခဲ့ကြ၏။ သို့သော် ယခုတော့ သူက သူတို့ကို ရန်တိုက်ပေးနိုင်နေလေပြီ။ အလွန်ခံစား၍ကောင်းလွန်းသဖြင့် သူ့မှာ ကြည့်မဝနိုင်ဖြစ်နေတော့သည်။
အပြင်သူတာအိုဥသျှောင်ကိုယ်ပွားက တဟားဟားရယ်ရင်း ဆဋ္ဌမတောင်ပင်လယ်သခင်ကို လှည့်ကြည့်ကာ ပြောသည်။ “ကောင်းကင်ဘုံ ၃၃ ဘုံကို သစ္စာခံတဲ့ ကျင့်ကြံသူအားလုံး အဆင့်တက်ခွင့်ရပါတယ်။ တာအိုရောင်ရင်းချိုင် ၊ ခင်ဗျားတော့ သိပ်မကြာခင်မှာပဲ ကျုပ်နဲ့ တစ်ဆင့်တည်း ရပ်တည်နိုင်တော့မှာပါ
“ဒီလူကို မြန်မြန်အဆုံးသတ်ပြီး တောင်ပင်လယ်ဆေးလုံးကို စားလိုက်ပါတော့။ ပြီးရင် ကျန်တဲ့တောင်ပင်လယ်သခင်တွေကို ကူသတ်ပေးပါ။ ဒါဆို ခင်ဗျား စွမ်းဆောင်ရည်ရမှတ်တွေ ချီးမြှင့်ခံရလိမ့်မယ်”
ဆဋ္ဌမတောင်ပင်လယ်သခင်ချိုင်က အသက်ပြင်းပြင်းရှူသွင်းပြီးနောက် စိတ်လည်းလှုပ်ရှားနေသလို၊ ဒွိဟလည်း ဖြစ်နေသောခံစားချက်များနှင့်အတူ အပြင်သူကို လက်ယှက်အရိုအသေပေးလိုက်သည်။
သခင်ဝူ၏ဒိုင်းမျက်နှာပြင်တွင် အက်ကွဲကြောင်းများ ပိုမိုပျံ့နှံ့လာသည်။ သခင်ဝူမှာ ထပ်မံ၍ မအောင်မြင်ခဲ့မှန်း သဘောပေါက်လိုက်သဖြင့် ခါးသီးစွာ ရယ်တော့သည်။
“ငါ ပြောခဲ့သလိုပဲ ဘယ်နည်းနဲ့မှ မင်း မအောင်မြင်နိုင်ဘူး” သခင်ချိုင်က အေးစက်စွာ ပြောသည်။ “ဘယ်လောက်ခေါင်းမာလိုက်တဲ့ အရူးလဲ။ ခိတိဂဗ္ဗက လွဲရင် တောင်ပင်လယ်လောကမှာ ဘယ်သူမှ တာအိုဥသျှောင်အစစ် ဖြစ်မလာနိုင်ဘူး" ထို့နောက် သူသည် အင်္ကျီလက်စကို ခါကာ သခင်ဝူကို စားဖို့ အဆင်သင့်ပြင်လိုက်၏။
သို့သော် သူ ပြောခဲ့သည့်စကား ပဲ့တင်နေစဉ်မှာပင် အေးစက်စက်အသံတစ်သံက ကြယ်တာရာကောင်းကင်တစ်လျှောက် ဟိန်းထွက်သွားသည်။
“ခိတိဂဗ္ဗတစ်ယောက်ပဲ တာအိုဥသျှောင်အစစ် ဖြစ်လာနိုင်တယ်ထင်လား”
အသံက သခင်ချိုင်နှင့် အပြင်သူကို ထိတ်လန့်သွားစေသည်။ သူတို့နှစ်ယောက်လုံး တစ်ယောက်ယောက် ချဉ်းကပ်လာသည်ကို သတိမထားမိခဲ့ပေ။ အပြင်သူတာအိုဥသျှောင်ကိုယ်ပွားမှာ ပါးစပ်အဟောင်းသားနှင့် ခေါင်းလှည့်ကြည့်လိုက်သည်။
သခင်ချိုင်၏မျက်လုံးများလည်း ပြူးကျယ်သွားသည်။ သူက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လျက် ချာခနဲ လှည့်လိုက်သည်။
သခင်ဝူပင်လျှင် ရုတ်တရက် မော့ကြည့်လိုက်သည်။
သုံးယောက်လုံး၏အကြည့်များသည် ကြယ်တာရာကောင်းကင်ကို ဖြတ်လျှောက်လာနေသော လူရိပ်တစ်ခုအပေါ် ကျရောက်သွား၏။
ထိုလူရိပ်က ရေအလျဉ်ပမာ အိစင်းနေသော ဆံပင်ရှည်ရှည်များဖြင့် ... အစိမ်းရောင်ဝတ်ရုံအရှည်ကို ဝတ်ဆင်ထားသည့် ခပ်ချောချော လူငယ်တစ်ယောက်ဖြစ်သည်။ သူသည် ကျင့်ကြံသူနှင့်မတူဘဲ စာပေသမားနှင့် ပိုတူ၏။ စာပေသမားခရီးသွားအိတ်ကို လွယ်ထားလျှင် သူ့အား အင်ပါယာစာမေးပွဲ သွားဖြေမည့်လူဟုပင် အထင်မှားမိကြလိမ့်မည်။
၎င်းကား မန်ဟိုအပြင် တခြားလူမဟုတ်ပေ။
သူ ချဉ်းကပ်လာနေစဉ် မည်သည့်လှိုင်းဂယက်မှ ကြယ်တာရာကောင်းကင်ထဲသို့ ဖြာထွက်နေခြင်းမရှိ။ သို့ထိတိုင် သူ ဖြတ်လျှောက်လာသည့်နေရာတိုင်းတွင် သဘာဝနိယာမများ ဖယ်ရှားခံလိုက်ရပြီး မဖော်ပြနိုင်သော ဖိအားသည် သူ့ထံမှ လိမ့်ထွက်နေ၏။
သူကား မည်သည့်အရာကိုမဆို စိစိညက်ညက်ခြေပစ်နိုင်သော ဧရာမလှိုင်းလုံးကြီးများဖြင့် ဧရာမပင်လယ်ကြီးတစ်စင်းအလားပင်။
သူ့ကို မှတ်မိလိုက်သည့် ပထမဆုံးလူမှာတော့ မျက်စိမျက်နှာပျက်စွာဖြင့် ပြောလိုက်သော အပြင်သူတာအိုဥသျှောင်ကိုယ်ပွားဖြစ်သည်။ "မန်ဟို”
တောင်ပင်လယ်လောကတစ်ခုလုံးတွင် ပါရာဂွန်ပင်လယ်အိပ်မက်နှင့် ခိတိဂဗ္ဗအပြင် သူ ကြောက်သည့်လူမှာတော့ ... မန်ဟိုဖြစ်သည်။
အဋ္ဌမတောင်မှာတုန်းက သူ၏ကိုယ်ပွားတစ်ကိုယ်မှာ မန်ဟိုနှင့် အဋ္ဌမတောင်ပင်လယ်သခင်၏ ပေါင်းသတ်ခြင်း ခံခဲ့ရသည်။
သခင်ချိုင်အတွက်မူ မန်ဟို့ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ မန်ဟို့ကျင့်ကြံခြင်းအခြေခံ၏ အခိုးအငွေ့များကို အာရုံခံပြီးနောက် သူ့မျက်လုံးများ မှေးကျဉ်းသွားလေ၏။ “အနှစ်သာရ ၅ ခု အထွတ်အထိပ်အဆင့်”
မန်ဟိုသည် တောင်ပင်လယ်သခင်မဟုတ်သော်လည်း သူ့ကိုယ်ပေါ်တွင် တောင်ပင်လယ်စွမ်းအား ရှိနေသေးသည်။ ထို့အပြင် အနှစ်သာရများ ကင်းမဲ့နေသော်ငြား မန်ဟိုက အနှစ်သာရ ၅ ခု အထွတ်အထိပ်အဆင့်တွင် ဖြစ်ကြောင်း သခင်ချိုင် ပြောနိုင်သည်။
မန်ဟို ပေါ်လာသောအခိုက်အတန့်တွင် အပြင်သူသည် မန်ဟို့ထံမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ် အသတ်အဖြတ်အရှိန်အဝါကိုလည်း ခံစားလိုက်ရ၍ မျက်လုံးများ မီးဝင်းဝင်းတောက်လာ၏။
၎င်းက အပြင်သူများကြောင့် ဖြစ်တည်လာခဲ့သော အသတ်အဖြတ်အရှိန်အဝါ၊ သူတို့အပြင် တခြားဘယ်သူမှ ခံစား၍မရသော အရှိန်အဝါဖြစ်သည်။
လူတစ်ယောက်အနေဖြင့် ထိုမျှကြောက်မက်ဖွယ် အသတ်အဖြတ်အရှိန်အဝါကို ထုတ်လွှတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ..... အပြင်သူပေါင်းမရေမတွက်နိုင်အောင် သတ်ဖို့သာ ရှိသည်။
“သေချင်နေလား” ကိုယ်ပွားက ပြောရင်းဆိုရင်း ခုန်တက်ကာ မုဒြာလက်ကွက်တစ်ကွက်ဖော်၍ အနှစ်သာရစွမ်းအားအပြည့်ဖြင့် အနက်ရောင်မီးပင်လယ်တစ်စင်းအား စေလွှတ်လိုက်သည်။ မီးပင်လယ်ကြီးသည် ပါးစပ်ကြီးဟလျက် မန်ဟို့ကို လှမ်းဟပ်လိုက်သော အနက်ရောင်မီးမြွေကြီးတစ်ကောင် ဖြစ်သွား၏။
“ခင်ဗျားသာ ကိုယ်အစစ်နဲ့ ဒီရောက်နေရင် ကျုပ် စိုးရိမ်မိကောင်း စိုးရိမ်မိလိမ့်မယ်” မန်ဟိုက အေးအေးလူလူ ပြောသည်။ “ဒါပေမဲ့ အခုက ကိုယ်ပွားလေးသက်သက်ပဲလေ။ ကျုပ်လမ်းကို ခင်ဗျား ပိတ်နိုင်မယ်ထင်လား” ထို့နောက် သူက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
သာမန်ကာလျှံကာ လှုပ်ရှားမှုလေးဖြစ်သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံ လည်ပတ်ပြီး သူ၏အပြင်အားကိုယ်ခွန်အား ထုတ်လွှတ်ခံလိုက်ရသောအခါ တုန်ခါလှိုင်းလုံးကြီးများ ကြယ်တာရာကောင်းကင်တစ်ခွင် ဖြာထွက်သွားသည်။ အနက်ရောင်မြွေမီးတောက်ကြီးမှာ မမြင်ရသောတံတိုင်းကြီးတစ်ခုနှင့် ဆောင့်တိုက်ခံလိုက်ရသကဲ့သို့ နာကျင်စွာ အော်ဟစ်ပြီးနောက် ရစရာမရှိအောင် ပေါက်ကွဲသွားတော့သည်။
ကိုယ်ပွားမှာ မျက်နှာပျက်သွားပြီး ရင်တဒိန်းဒိန်းခုန်လာသော်လည်း နောက်မဆုတ်ပေ။ ထိုအစား သူ့ကိုယ်ပေါ်ရှိ အကြေးခွံများ ကျွတ်ထွက်သွားပြီး လေမုန်တိုင်းတစ်လုံး ဖြစ်လာသည်။ လျှပ်ပန်းလျှပ်နွယ်များ ယိမ်းနွဲ့ကခုန်ကာ မိုးခြိမ်းသံများ တဂျိန်းဂျိန်းမြည်လာပြီး လေပြင်းများ တဝေါဝေါ တိုက်ခတ်လာ၏။ မိုးလည်း သည်းထန်စွာ ရွာကျလာသည်။ မီးတောက်များသည်လည်း တဟုန်းဟုန်း တောက်လျက်ရှိပြီး ဗလာနတ္ထိစွမ်းအားက သူ၏ခန္ဓာကိုယ်ကို ပုံရိပ်ယောင်ပြောင်းသွားစေကာ အင်အားကြီးမားသော အသေတိုက်ကွက်ဖြင့် ပေါင်းစည်းလိုက်သည်။
လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးစွမ်းအားတို့သည် နဂါးရိုင်းလေးကောင်အသွင် ပြောင်းလဲသွား၏။ တစ်ချိန်တည်းမှာပင် အနက်ရောင်မီးတောက်များက မန်ဟို့အပေါ် ထိုးဆင်းလာသော မျက်နှာကြီးဖြစ်လာတော့သည်။