သာမန်အမြင်ကို ဆန့်ကျင်၍
Vol. 165 Ch. 2373
လုယွီက အခိုင်အမာ ပြောလာပြီဖြစ်သဖြင့် လုပေချိန်လည်း ထွေထူးလုပ်၍ ငြင်းဆန်မနေတော့ချေ။
ထို့ပြင် လုယွီ ဘာကြောင့် ယခုလို အကြံပြုလာရလဲဆိုတာ လုပေချိန် နားလည်သည်။
“ မင်းနဲ့ ကျိန်းနန်တို့က ဒီ လေ့ကျင့်ရေးကို တာဝန်ယူပေးရမယ့်လူတွေပဲ … ဘယ်လို လေ့ကျင့်ပေးမလဲဆိုတာကတော့ မင်းတို့ နှစ်ယောက်အပေါ်မှာပဲ မူတည်တယ် ….”
လုပေချိန် စကားဆုံးတော့ လုယွီက ခေါင်းဆောင်လေးဦးကို သိမ်းကျုံးကြည့်ပြီး အမိန့်ပေးလိုက်သ်ည။
“ မင်းတို့ လေးယောက် … ရှေ့တက်လာခဲ့ကြ ….”
လင်းရီနှင့် အခြားသူများမှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လုယွီ ဘာလုပ်ချင်နေလဲဆိုတာကို ရေးတေးတေး ခန့်မှန်းမိနေကြသည်။
“ မမလု … တကယ်ပဲ ဒီလောက်ထိ လုပ်စရာ လိုလို့လား …”
နင်ချဲ့က မဝံ့မရဲလေး မေးလိုက်၏။
“ ဘာကို လိုတာမလိုတာတွေ လာပြောနေတာ … အသင်းခေါင်းဆောင်တွေလည်း ချန်ရစ်ထားလို့ ဘယ်ဖြစ်မှာ .. ငါတို့ရဲ့ အရည်အချင်းကို တိုးမြင့်ထားဖို့လိုတယ် … မဟုတ်ရင် ငါတို့ မတိုက်ခိုက်နိုင်တော့တဲ့အချိန်ကျ ငါတို့ရဲ့ နေရာကို ဘယ်သူက အစားဝင်ပေးမှာလဲ ….”
ထိုသို့ပြောပြီးသည့်နောက် လုယွီ၏ အကြည့်က ရှန်းလုံအသင်းသို့ ရောက်ရှိသွားခဲ့သည်။
“ ပထမတန်း … ထွက်ခဲ့ ….”
ကျိန်းထောင်နှင့် သူ့အသင်းသား သုံးဦးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရှေ့သို့ တက်လာခဲ့ကြသည်။
“ မင်းတို့ တစ်ယောက်ချင်းတစ်ယောက် ၊ ခေါင်းဆောင်လေးယောက်ကို သူတို့ အသင်းသားတွေအတွက် ဥပမာကောင်းဖြစ်အောင် ပြပေးခိုင်းလိုက်ကြ ….”
“ ဟုတ်ကဲ့ ….”
ရှန်းလုံ အသင်းသားလေးဦးလုံး လင်းရီနှင့် အခြားသူများရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လိုက်ကြသည်။
သို့သော် လင်းရီ၏ ရှေ့မှောက်တွင် မတ်တပ်ရပ်နေသူက ကျန်းထောင်မဟုတ်။ အမျိုးသမီး တစ်ဦး ဖြစ်၏။ ဆံပင်အတိုနှင့် ဆွဲဆောင်မှု ရှိသည့် အမျိုးသမီး တစ်ဦးပင်။
“ အစ်မလုက ငါ့ကို သေအောင် ရိုက်နှက်စေချင်တယ်လို့ မင်း မထင်ဘူးလား ….”
လုယွီ၏ သေးငယ်သော ရည်ရွယ်ချက်လေးကို လင်းရီ အချိန်အတော်ကြာကတည်း ရိပ်မိပြီး ဖြစ်၏။ သွယ်ဝိုက်ပြီး မပြောရုံတမယ်မျှပင်။
“ သေအောင် ရိုက်နှက်ဖို့လား … မဟုတ်လောက်ပါဘူး … ဒါပေမယ့် နင်က စောနလေးတင် သူ့ကို အရှက်ခွဲထားတယ်ဆိုတော့ မျက်နှာပြန်လိုချင်တာ နေမှာပေါ့ ….” ဆံပင်အတိုနှင့် အမျိုးသမီးက ဆိုလိုက်၏။
“ ဒါပေမယ့် စိတ်ချ … ငါ သက်ညှာပေးမယ် …. ဒီတိုင်း ထောက်ပြရုံလောက်ပါပဲ … မကြမ်းစေရပါဘူး …..”
“ ဒါဆိုရင် ပြောချင်တဲ့ သဘောက ငါ့မျက်နှာပျက်ရမယ်ပေါ့ …..”
“ အဲ့တာတော့ ဘယ်တတ်နိုင်မှာ … သူက အေ အဆင့် ၊ ပြီးတော့ ငါက ဘီအဆင့် …. ရာထူးဝါစဉ်အရ ကြည့်မယ်ဆိုရင်တောင် အဘက်ဘက်မှာ ငါတို့နှစ်ယောက်က နင့်အထက်မှာ ရှိတယ် …. တကယ်လို့ မျက်နှာပျက်ရမယ်ဆိုရင်လည်း ဒီတိုင်း သည်းခံလိုက် … တောတွင်းဥပဒေသကို နင်လည်း နားလည်ပါတယ် ….”
“ နားလည်ပြီ …” လင်းရီ ပြုံးလျက် ပြောလိုက်သည်။
“ ကဲ အခု ပထမအသင်းကနေ စကြမယ် … သေချာလုပ်ပြပြီး ကိုယ့်အသင်းအတွက် စံနမူနာကောင်း ဖြစ်ပါစေ ….” လုယွဲ့က စိတ်အားထက်သန်စွာဖြင့် ပြောဆိုလိုက်၏။
“ ဟုတ်ကဲ့ …..”
လင်းရီ၏ ဂရုမထားသည့် သာမန်အမူအရာကို မြင်တော့ လုယွဲ့က သူ့အား ဘဝင်မကျ ကြည့်ရှုလာသည်။
အကယ်၍ သူမကိုယ်တိုင် လင်းရီနှင့် လက်ရည်ဖလှယ်မည်ဆိုပါက အနိုင်ကျင့်သည့်သဘော သက်ရောက်သွားမှာ ဖြစ်ပြီး အနိုင်ရရှိလျှင်ပင် ထည့်တွက်လို့ရမှာ မဟုတ်ချေ။
သို့သော် လီရွှယ်ကျောင်းက နည်းပြနေရာဝင်ယူ၍ သူနှင့် လက်ရည်ချင်း ဖလှယ်မည်ဆိုလျှင်တော့ သင့်လျော်သည်။ သို့သော် တစ်ဖက်ရှိ အသင်းတစ် အဖွဲ့သားများနှင့် နင်ချဲ့တို့ကတော့ ထိုသို့ မစဉ်းစားမိကြပေ။
သူတို့အကုန်လုံးက ဘေးရှိ ပွဲကြည့်ပရိသတ်များ ဖြစ်လာပြီး လင်းရီ၏ အရည်အချင်းကိုလည်း ကောင်းစွာ သိရှိထားကြသည်။
“ လာကြ လာကြ … အားလုံး နေရာဖယ်ပေးလိုက်ကြ ….”
နင်ချဲ့က ဆော်ဩလိုက်၏။ “ လက်ရည်ဖလှယ်မှာက ခေါင်းဆောင်လင်းဆိုပေမယ့် အကုန်လုံး သေချာအာရုံစိုက်ထားကြ … ကြည့်ပြီး သင်ယူစရာတွေ အများကြီးရှိတယ် ….”
“ ဟုတ်ကဲ့ ….”
လူအုပ်ကြီးက သံပြိုင် တုံ့ပြန်လိုက်ကြသည်။
အလယ်ဗဟိုတွင်၊ လီရွှယ်ကျောင်းက သူမ၏ တိုက်ခိုက်ရေးကိုယ်ဟန်ကို အသွင်ယူပြီး မေးမြန်းလိုက်၏။
“ ခေါင်းဆောင်လင်း … အဆင်သင့် ဖြစ်နေပြီလား …..”
“ အဆင်သင့်ပဲ ….”
လင်းရီ အလေးအနက် ဖြစ်နေခဲ့သည်။ ဘီအဆင့် ကျွမ်းကျင်သူ လီရွှယ်ကျောင်းက စကေးပိုင်းဆိုင်ရာတွင် သူ့ထက် သာလွန်သူ တစ်ဦး ဖြစ်၏။
ထို့ပြင် ကျုံးဝေ့တပ်ဖွဲ့၏ ခိုင်မာသည့် လေ့ကျင့်ရေး စနစ်နှင့် သူမ၏ စကေးလယ်ဗယ်က ဖရီးမေဆင်၏ ကျွမ်းကျင်သူများကို ဖိနှိပ်ထားနိုင်မည်မှာ ကျိန်းသေသဖြင့် သူ့ဘက်က သတိကပ်ထားဖို့လိုသည်။
လီရွှယ်ကျောင်းက စတင်တိုက်ခိုက်လိုက်ပြီး အချိန်ကောင်းတွင် လင်းရီထံသို့ တန်းမတ်စွာ ပြေးဝင်လာခဲ့၏။
လုယွီကဲ့သို့ ပေါက်ကွဲအား မပြင်းထန်သော်ငြား ခွန်အားမှာတော့ မခေပေ။ လင်းရီထံသို့ ချဉ်းကပ်လာရင်း လီရွှယ်ကျောင်းက ဘယ်ခြေကိုထောက်၍ ညာခြေကို လေပေါ်သို့ ဝှေ့ယမ်းကာ ခြေကန်ချက်တစ်ခုကို ပြုလုပ်လိုက်သည်။
လင်းရီ၏ မျက်လုံးအကြည့်တို့ ထက်ရှသွားခဲ့၏။ သူ့ခန္ဓာကိုယ်က ရုတ်ချည်း နောက်သို့ ယိမ်းသွားခဲ့ပြီး လီရွှယ်ကျောင်း၏ တိုက်ခိုက်မှုကို လှလှပပလေး ရှောင်တိမ်းပြသွားခဲ့သည်။
ထိုအခိုက်အတန့်မှာပဲ ကန်လာသည့် အင်အား၏ အဟုန်က ထက်ရှသည့် ဓားသွားတစ်စင်းနှယ် သူ့မျက်နှာအနီးကပ်မှတစ်ဆင့် ဖြတ်သန်းသွားခဲ့၏
ကျန်းကျိန်းနန်နှင့် လုယွီတို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။ ဤအကွက်ကို ရှောင်တိမ်းနိုင်သည်ကပင် လင်းရီသည် အသင်းခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်း ပြည့်မီကြောင်း မျက်လုံးချင်း စကားပြောနေလေသည်။
ပထမဆုံး တိုက်ခိုက်မှုက မအောင်မြင်တာမြင်တော့ လီရွှယ်ကျောင်းသည် ကျင်လည်စွာဖြင့် ခြေလှည့်အကွက်ကို ဖော်ဆောင်လိုက်ကာ လင်းရီ၏ အောက်ပိုင်းတည့်တည့်ကို ပစ်မှတ်ထား တိုက်ခိုက်လာခဲ့သည်။
အနှီ လှုပ်ရှားမှုက လင်းရီမျှော်လင့်ထားသည့်အထဲတွင် လုံးလုံးလျားလျား ပါဝင်နေသဖြင့် အံ့အားသင့်သွားခြင်း မရှိဘဲ ပထမတိုက်ကွက်ကို ရှောင်တိမ်းပြီးသည်နှင့် ခြေထောက်နှစ်ချောင်းလုံး လေပေါ်သို့ စုံခုန်ပြီးသား ဖြစ်နေသည်။
ကျန်းကျိန်းနန် မဆိုစလောက်လေး မျက်မှောင်ကြုတ်သွားခဲ့သည်။ လင်းရီ၏ ထက်ရှသည့် အာရုံခံစားမှုက ချီးကျူးလောက်စရာပင်။
လီရွှယ်ကျောင်း၏ လှုပ်ရှားကွက်များကို ကြိုတင်ခန့်မှန်းနေနိုင်သဖြင့် လင်းရီက နောက်လာမည့် တိုက်ခိုက်မှုတွင် အသာစီးရနေပြီး ခံစစ်မှ တိုက်စစ်သို့ ကူးပြောင်းလိုက်၏။
လေပေါ်သို့ ခုန်တက်ပြီးနောက် တစ်ပတ်လည် ခြေကန်ချက်ကို ပြုလုပ်လိုက်သည်။ လီရွှယ်ကျောင်း အံ့အားသင့်သွားခဲ့၏။ လင်းရီ၏ တုံ့ပြန်မှု အမြန်နှုန်းက သူမ ထင်မှတ်ထားသည်ထက်ပင် များစွာ ကျော်လွန်နေသည်။
အလျင်အမြန်ပဲ သူမ၏ လက်မောင်းနှစ်ဖက်ကို မြှောက်၍ လင်းရီ၏ တိုက်ခိုက်မှုကို ကာစီးထားလိုက်သည်။
ဘန်း …
ခပ်အုပ်အုပ် အသံတစ်ခု ထွက်ပေါ်လာသည်။
ဤသည်က နှစ်ဦးကြားတွင် ပထမဦးဆုံးအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပြီး လီရွှယ်ကျောင်း၏ လက်မောင်းတစ်ခုလုံး ထုံကျဉ်သွားခဲ့၏။
အံ့အားသင့်မှုက သူမ၏ အတွင်းထဲ ဒီရေလှိုင်းပုတ်သည့်နှယ် ခက်ထန်သွားခဲ့သည်။
စီအဆင့်မျှသာ ရှိသေးသည့် လင်းရီတွင် ဤသို့သော ခွန်အားမျိုး ပိုင်ဆိုင်ထားသည်ကို မည်သို့မျှ မယုံကြည်နိုင် ဖြစ်နေသည်။
သို့သော် ထိုအချိန်မှာပဲ လင်းရီ၏ တိုက်ခိုက်မှုများက တစ်ခုပြီး တစ်ခု တရစပ် ဝင်ရောက်လာခဲ့ကာ သူမအား တုံ့ပြန်ရန် အခွင့်အရေး မပေးပေ။
တိုက်ကွက်မျိုးစုံက မိုးသီးမုန်တိုင်း ကျရောက်သည့်နှယ် ဆင်းသက်လာသည်။
တစ်ချိန်တည်းတွင် လင်းရီသည် သူ၏ နည်းစနစ်များကို ဆက်တိုက် ပြောင်းလဲနေလျက် ရှိ၏။
ယုံချွမ်၊ ဟွမ်ကာ၊ ကျဲ့ချွမ်တောက်၊ MMA ….
မတူကွဲပြားသည့် တိုက်ကွက်များက သူမထံ ရောက်ရှိလာချိန်တွင် လီရွှယ်ကျောင်းမှာ ကိုင်တွယ်ဖို့ကို အနိုင်နိုင် ဖြစ်နေရသည်။
နောက်ပြီး ဤသည်က ကြည့်ရှုသူများကို အံ့ဩဘနန်း ဖြစ်သွားစေခဲ့လေသည်။
စီ အဆင့်ပဲ ရှိတဲ့ ခေါင်းဆောင်လင်းက ရှန်းလုံအသင်းရဲ့ ဘီအဆင့် အသင်းသားနဲ့ အသာစီးကနေ လက်ရည်ဖလှယ်နေတယ် …
သူတို့မေးတွေ အောက်ပြုတ်ကျသွားခဲ့ပြီး မြေပြင်နှင့် ထိစပ်လုနီးပါး ဖြစ်နေမိကြ၏။
“ မင်း သူ့ကို ဘယ်လိုထင်လဲ ….” လုပေချိန် မေးလိုက်သည်။
“ စီအဆင့်တည်းရှိသေးတယ်ဆိုပေမယ့် သူ့ရဲ့ တိုက်ပွဲ အတွေ့အကြုံကတော့ ရွှယ်ကျောင်းထက် အများကြီးသာနေတယ် ….” ကျန်းကျိန်းနန် ပြောလိုက်ပြီး “ ပထမ တိုက်ကွက်ကတည်းကနေ ရွှယ်ကျောင်းရဲ့ နောက် ဒုတိယ အကွက်ကို ကြိုသိပြီးနေပြီ …. တတိယအကွက်ကနေစပြီး လက်ဦးမှု ယူလိုက်တာ အခု အကွက်ပေါင်း တစ်ရာကျော်လာနေပြီ … တိုက်ပွဲကို ထိန်းချုပ်ထားတဲ့လူကလည်း သူပဲ …. ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ …. ရှန်းလုံးအသင်းထဲဝင်ဖို့ အရည်အချင်းမီတယ် ….”
လုယွီကတော့ တည်တံ့သည့် မျက်နှာအမူအရာကိုသာ ဆက်လက်ထိန်းသိမ်းထားပြီး မည်သို့သော မှတ်ချက်မျှ ဝင်မပေးပေ။
သူမ၏ အတွေးကလည်း ကျန်းကျိန်းနန်နှင့် ဆင်တူသည်။ သို့သော် မျက်နှာထိန်းလိုသည့်အတွက် နှုတ်ဆိတ်ပြီးနေဖို့ကိုသာ ရွေးချယ်ခဲ့သည်။
မကြာမီ လီရွှယ်ကျောင်းမှာ သက်လှုံကျချင်သလို ဖြစ်လာသည်။ ဤအတိုင်း ဆက်သွား၍ မဖြစ်တော့ကြောင်းကို စိတ်ထဲ နားလည်လာခဲ့၏။
ချက်ချင်းပဲ ကျယ်လောင်စွာ မာန်သွင်း၍ ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းကို ရွေးချယ်လိုက်ကာ လင်းရီကို လက်သီးတစ်ချက်ထိုးပြီး နောက်သို့ ဆုတ်သွားစေသည်။ ၎င်းအနောက်တွင် ခြေကန်ချက်တစ်ခုက ကပ်လျက် လိုက်ပါလာခဲ့၏။
လင်းရီ ဘေးဘက်သို့ တိမ်းရှောင်လိုက်ပြီး လီရွှယ်ကျောင်း၏ ရှည်လျားသည့် ခြေတံက သူ့ရင်ဘက်နားသို့ ယှက်သန်းသွားခဲ့၏။
ထိုအချိန် ချက်ချင်းပဲ လင်းရီ ညာဘက်လက်ဖြင့် လီရွှယ်ကျောင်း၏ ဒူးကို ခုတ်ပိုင်းလိုက်ကာ သူမ၏ ခန္ဓာကိုယ်ကို ထုံကျဉ်သွားစေသည်။ သူမ ထိန်းသိမ်းထားသည့် တင်းအားလည်း လေလျှော့ခံလိုက်ရသည့် ပူဖောင်းနှယ် တစ်မဟုတ်ချင်း ပျောက်ကွယ်သွားခဲ့သည်။
အဆိုပါ အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ လင်းရီသည် ကိုယ်လုံးနှင့် လီရွှယ်ကျောင်း၏ ရင်ဘက်ကို ဝင်တိုက်ပြီး သူမအား ခြေလှမ်းများစွာ နောက်ဆုတ်သွားစေလိုက်သည်။ လင်းရီကတော့ နောက်ကို ပြန်ဆုတ်သွားခဲ့၏။
လက်ရည်ဖလှယ်ပွဲက ပြီးဆုံးသွားခဲ့လေပြီ။
နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေတော့၏။
သီအိုရီအရဆိုပါက လင်းရီအတွက် နိုင်ချေအခွင့်အရေးက အင်မတန်ကျဉ်းမြောင်းလှ၏။ ဤသို့သော အခြေအနေမျိုးကို အကုန်လုံးက အားပါးတရ ကျယ်လောင်စွာ အားပေးချီးမြှောက်သင့်သော်လည်း တော်တော်များများမှာ တုန်လှုပ် အံ့အားမှုထဲ နစ်မြောနေမိကြသည်။
သူတို့အားလုံး လင်းရီကို မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် ကြည့်နေမိကြ၏။
စီ အဆင့် တစ်ယောက်က ဘီအဆင့်ကို တကယ်ပဲ အနိုင်ယူလိုက်တယ် ….
ကိုယ့်ထက် အဆင့်မြင့်တဲ့တစ်ယောက်ကို အနိုင်ယူတာက ဒါ ကျုံးဝေ့တပ်ဖွဲ့သမိုင်းမှာ ပထမဆုံး ဖြစ်လောက်တယ် ….
“ အံ့ဩလောက်စရာပါပဲ …. ပါရမီရှင် ပီသပါပေတယ် ….” ကျန်းကျိန်းနန် လက်ခုပ်တီးပြီး ချီးမွမ်းလိုက်၏။
သို့သော် လုယွီ၏ အမူအရာတော့ ဆက်တိုက်ပြောင်းလဲနေပြီး သူမ၏ ရင်ဘက်တစ်ခုလုံး ရှော့ခ်ရမှုတို့ဖြင့် ပြည့်လွှမ်းလို့နေသည်။
“ ရပြီ … လူပြန်စုကြတော့ ….” လုပေချိန် ထိုသို့ ပြောလိုက်တော့ လူတိုင်းက တစ်ဖန် လူပြန်စုလိုက်ကြသည်။
လူစုလူဝေးကို ကြည့်လျက် လုပေချိန်က “ လေ့ကျင့်မယ့် နည်းလမ်းကတော့ လုယွီပြောတဲ့အတိုင်းပဲ … မင်းတို့တွေ သေချာ ပြင်ဆင်ထားကြ …. တရားဝင် လေ့ကျင့်ရေးက မနက်ဖြန်စမယ် …”