ကျွန်းပေါ်သို့ အခြေကျမည့် အစီအစဉ်
Vol. 165 Ch. 2374
ညွှန်ကြားစရာရှိသည်များကို ညွှန်ကြားပြီးနောက် လူအုပ်စုလည်း တစ်ဖန်လူပြန်ခွဲသွားခဲ့ကြသည်။
ကျန်းကျိန်းနန်က ဘေးရှိ လုယွီကို တံတောင်ဖြင့် အသာတွတ်လိုက်၏။
“ အရူးလိုမျိုး ရပ်မနေစမ်းနဲ့ … ဆရာက မင်းကို လုံလောက်အောင် မျက်နှာသာပေးပြီးပြီ … ဒီလောက်နဲ့ တော်တော့ … အစည်းအဝေးသွားမယ် ….”
“ ချီးပဲ … ဒီကောင်စုတ်က ဘယ်လိုလူစားမျိုးပါလိမ့် … သူ့ရဲ့ ပါရမီက တကယ့်ကို မယုံကြည်နိုင်ချင်စရာပဲ … သူ ဘီအဆင့်ကို ရောက်လာတဲ့အချိန်ကျရင် ငါတောင် သူ့ကို နိုင်တော့မှာ မဟုတ်ဘူး….”
“ သူ့အဖေ ဘယ်သူလဲဆိုတာ မင်းသိရင် ဒီလိုစကားမျိုး မင်းမေးမှာ မဟုတ်ဘူး ….”
“ သူ့အဖေက ဘယ်သူမို့လို့ ….”
“ ဂျိုကာလေ …”
“ တကယ် ….” လုယွီ မျက်လုံးပြူး မျက်ဆံပြူးဖြင့် မေးခွန်းထုတ်လိုက်မိသည်။
“ ငါ အခုလေးတင် အဘိုးကြီးလုကို မေးကြည့်လိုက်တာ သူ ငါ့ကို ပြောပြတာပဲ … အလိမ်အညာတော့ မဖြစ်နိုင်ဘူး ….”
လုယွီ ကျောချမ်းသွားခဲ့၏။ “ တကယ်လို့ သူက ဂျိုကာရဲ့သားဆိုရင်တော့ ငါ ဘာမှ ပြောစရာ မရှိတော့ပါဘူး …..”
“ ဒီတော့ တွေးနေတာတွေ တော်တော့ … အထဲသွားကြမယ် ….”
“ သွားကြစို့ ….”
အုပ်စုက အစည်းအဝေးခန်းထဲသို့ ရောက်လာခဲ့ကြသည်။ လင်းရီနှင့် အသင်းခေါင်းဆောင် သုံးယောက်တို့လည်း လိုက်ပါလာသည်။
အစည်းအဝေးခန်းထဲသို့ ရောက်သည်နှင့် လုပေချိန်၏ အမူအရာက လေးနက်တည်ကြည်လာခဲ့ပြီး အပြင်ဘက်ခြမ်းတွင် ရှိစဉ်အခါကကဲ့သို့ သိမ်မွေ့မနေတော့ချေ။
“ မင်းတို့ချင်း သိထားကြပြီလို့ ငါယူဆတယ် … ဒီတော့ မိတ်ဆက်တာကို ကျော်လိုက်ကြစို့ .. ဒီနေ့ အစည်းအဝေးမှာ အဓိက ပြောချင်တဲ့ အကြောင်းကတော့ ကျွန်းပေါ်က တိုက်ပွဲအစီအစဉ်နဲ့ ပတ်သက်တဲ့ကိစ္စပဲ ….”
ထိုသို့ပြောပြီးနောက် လုပေချိန်က ကျန်းကျိန်းနန်ကို ကြည့်လိုက်သည်။ “ အသေးစိတ်ကို မင်းပဲ ရှင်းပြလိုက် ….”
ကျန်းကျိန်းနန် မတ်တပ်ရပ်ပြီး အနက်ရောင် မာကာတစ်ချောင်းယူကာ ဝှိုက်ဘုတ်ပေါ်တွင် စုတ်ချက်တစ်ချို့ ရေးခြစ်လိုက်သည်။
“ လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းက ရုရှားရဲ့ အလံကို ခန်ဒါရာ သစ်တောရဲ့ ရှေးဟောင်းအပျက်အစီးနယ်မြေ ဝင်ပေါက်ဝမှာ ပေါ်လာတယ် … နှစ်ဝက်လောက် စူးစမ်းရှာဖွေပြီးတဲ့နောက်မှာ အဲ့တာကလည်း တိလိရာ့ အဖွဲ့အစည်းရဲ့ အမွေအနှစ် တစ်စိတ်တစ်ပိုင်း ဟုတ်တယ်ဆိုတာ အတည်ပြုလိုက်နိုင်တယ် … လောလောဆယ်တော့ ခန်ဒါရာ အပျက်အစီးနယ်မြေဆိုပြီး နာမည်ပေးထားတယ် … ကြည့်ရသလောက်ကတော့ ကျွန်းနေ ဌာနေတိုင်းရင်းသား တစ်ဦးဦးရဲ့ သိုလှောင်နေရာတစ်ခု ဖြစ်တဲ့ပုံပဲ … အထဲမှာ ဘာတွေ ရှိနေမလဲ ဘယ်သူမှ အတိအကျ မသိကြသေးဘူး …..”
ကျန်းကျိန်းနန် စကားကို ခေတ္တရပ်တန့်ပြီးနောက် လင်းရီနှင့် အခြားသူများကို ကြည့်လိုက်သည်။
“ မင်းတို့ ဂျပန်တွေလက်ထဲက လုယူလာခဲ့တဲ့ ရှေးဟောင်းနည်းစနစ်က အဲ့ကနေ တွေ့ခဲ့တဲ့ဥစ္စာပဲ …..”
လင်းရီ၏ အကြည့်တို့ လေးနက်သွားခဲ့ပြီး ခေတ္တမျှ အတွေးနက်သွားခဲ့ကာ “ အခု ကျုပ်တို့ခေတ်ကလည်း ဌာနေတိုင်းရင်းသားတွေလိုမျိုး ရှင်သန်နေထိုင်ကြတာ မတော်လို့ အသစ်ရှာဖွေတွေ့ရှိတဲ့ အပျက်အစီးနယ်မြေက တကယ်ပဲ ဌာနေတိုင်းရင်းသား တစ်ဦးဦးရဲ့ သိုလှောင်နေရာ တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် အဲ့လိုမျိုး အရေးပါတဲ့ ရှေးဟောင်းနည်းစနစ်က အဲ့ဒီလိုနေရာမျိုးမှာ ဘာလို့ သိုလှောင်ထားရတာလဲ ….”
လင်းရီ စကားဆုံးတော့ နင်ချဲ့ ဝင်ပြောလိုက်သည်။
“ လင်းရီရဲ့ အမြင်ကို ကျွန်မလည်း ထောက်ခံတယ် …. အရေးကြီးတဲ့ ပစ္စည်းတွေကို သိုလှောင်တဲ့ လျှို့ဝှက် အခန်းတစ်ခုများ ဖြစ်နေမလားနော် ….”
“ မင်းတို့ အဲ့လို မြင်နေတယ်ဆိုရင် တိလိရာ့ကျွန်းရဲ့ တန်ဖိုးကို လျှော့တွက်လိုက်တာပဲ ….” ကျန်းကျိန်းနန် ပြောလိုက်ပြီး “ အဲ့ဒီ ရှေးဟောင်းနည်းစနစ်က ငါတို့အတွက် အင်မတန် အရေးပါတယ်ဆိုပေမယ့် ဌာနေတိုင်းရင်းသားတွေအတွက်ကတော့ အဲ့လောက်ကြီး မဟုတ်ဘူး …. လူသားတွေ ပိုပြီး အသက်ရှည်ရှည်နေနိုင်ဖို့အတွက် တီထွင်ခဲ့တဲ့ ကာကွယ်ဆေးနဲ့ ပိုပြီးဆင်တူတယ် … သူတို့ရဲ့ လူ့အဖွဲ့အစည်းကြီးမှာ အဲ့ဒီ ရှေးဟောင်းနည်းစနစ်ဆိုတာလည်း ထင်သလောက်ကောင်းနေတဲ့ ပစ္စည်းမျိုး မဟုတ်ဘူး ….”
ကျန်းကျိန်းနန်၏ စကားကို လင်းရီကို စိတ်ထဲ နာကျင်သွားစေခဲ့သည်။
သို့သော် လျင်လျင်မြန်မြန်ပဲ ထိုအမြင်သဘောတရားကို လက်ခံသွားနိုင်ခဲ့၏။
သူ့တွင် ရှိနေသည့် စနစ်သည်ပင် အဆိုပါ လူ့အဖွဲ့အစည်းထံမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်၏။
၎င်းနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ဂျပန်လက်ထဲမှ လုယူလာခဲ့သည့် ရှေးဟောင်းနည်းစနစ်ဆိုသည်မှာ ပြောပလောက်သည့် အရာမဟုတ်တော့ချေ။
“ လတ်တလော နိုင်ငံတကာ ရေးရာ အခြေအနေက မတည်ငြိမ်ဘူး … ကျွန်းပေါ်မှာ ရှိတဲ့ အင်အားစုတွေကလည်း ခန်ဒါရာ အပျက်အစီးကို မျက်စောင်းထိုးနေကြတယ် … ငါခန့်မှန်းထားတဲ့အတိုင်းဆိုရင် တစ်နှစ်အတွင်းမှာ အင်အားစု အားလုံးက စပြီး လှုပ်ရှားလာကြလိမ့်မယ် …. ကမ္ဘာရဲ့ ချိန်ခွင်လျှာကလည်း အချိန်မရွေးပြောင်းလဲသွားနိုင်တယ် … ငါတို့အားလုံး အဲ့အတွက် ပြင်ဆင်ထားဖို့ လိုတယ် … “
“ နားလည်ပါပြီ ….” အကုန်လုံး သံပြိုင် တုံ့ပြန်လိုက်ကြ၏။
သူ့အပိုင်းပြီးအောင် ပြောဆိုပြီးနောက် ကျန်းကျိန်းနန်သည် လုပေချိန်ကို အချက်ပြပြီး သူ့ထိုင်ခုံသို့ ပြန်ထိုင်ချသွားခဲ့သည်။ ကျန်သည်ကတော့ အဘိုးကြီးလုအပေါ်မှာပဲ မူတည်သည်။
“ ငါ့ ကနေဦး အကြံက သုံးလေးလေ့ကျင့်ရေး ပြီးတာနဲ့ မင်းတို့ လေးသင်းကို ကျွန်းပေါ် တစ်ဖွဲ့ပြီး တစ်ဖွဲ့ စေလွှတ်ဖို့ပဲ …. ပြီးတော့ တစ်ခြားလူတွေကို လက်ဦးမှု ရယူခွင့် ပြုလို့ မရဘူး ….”
“ နားလည်ပါပြီ ….”
“ အခုလောလောဆယ် ငါတို့လက်ထဲမှာ လင်းရီတို့ ယူလာခဲ့ပေးတဲ့ ရှေးဟောင်းနည်းစနစ်ရှိတယ်… အပြည့်အဝ အသုံးချနိုင်ဖို့ဆိုတာ အချိန်တစ်ခုတော့ ပေးရမယ် … ဒါပေမယ့် ငါ့အထင် ဒီပစ္စည်းကို မျက်စိကျနေတဲ့လူတွေ မပျောက်သေးလောက်ဘူး … အားလုံး အချိန်မရွေး အသင့်ပြင်ထားပြီး ကိုယ့်ရဲ့ သတိကို မပေါ့ဆကြနဲ့ ….”
“ ပြည်တွင်းရေးအရ ကိစ္စမရှိပေမယ့် နိုင်ငံရပ်ခြားကလာတဲ့ သူတို့ရဲ့ ပူးပေါင်းဖိအားပေးမှုကိုတော့ ကျွန်မတို့တွေ ခုခံနိုင်မယ်မထင်ဘူး ….” လုယွဲ့ ပြောလိုက်သည်။
“ ပြောင်းလဲမှုတွေကြားမှာ မပြောင်းလဲပဲ ကျန်ရစ်နေနိုင်အောင် ငါတို့ ကြိုးစားရမယ် … ငါတို့က ဒီအတိုင်း ကိုယ့်ဘာကိုယ် ကြိုးစားပြီး နေနေတယ်ဆိုပေမယ့် ဖိအားတွေက တစ်ကမ္ဘာလုံးအနှံ့ကနေ ရောက်လာနေတယ် …”
လူတိုင်း တိတ်ဆိတ်သွားခဲ့ကြသည်။ သူတို့ ရင်ဆိုင်ရမယ့် ဖိအားစိန်ခေါ်မှုကိုလည်း လူတိုင်းက အပြည့်အဝ သတိပြုမိကြ၏။
အစည်းအဝေးက နှစ်နာရီနီးပါးခန့် ကြာမြင့်ခဲ့ပြီး ကိစ္စရပ်တော်တော်များများကို ဂရုတစိုက်နှင့် ဆင်ခြင်သုံးသပ်ကာ အစီအစဉ်များ ချမှတ်ရေးဆွဲခဲ့ကြသည်။ ကျန်ရစ်တော့သည်က အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ရာပင်။
အစည်းအဝေးပြီးနောက် လင်းရီ အပြင်သို့ ထွက်လာခဲ့ပြီး သူ့ရုံးခန်းသို့ ဦးတည်လိုက်သည်။
တပ်ဖွဲ့ထဲ ရှိသည့်အချိန်မှာ ခပ်ရှားရှား ဆိုသော်လည်း လင်းရီတွင်လည်း ကိုယ်ပိုင် ရုံးခန်း တစ်ခုရှိ၏။ အသင်းတစ် အဖွဲ့ဝင်များက ထိုနေရာတွင် သူ့အား စောင့်ဆိုင်းလို့နေသည်။
“ ခေါင်းဆောင် …. အစည်းအဝေးမှာ ဘာအကြောင်းတွေ ပြောကြတာလဲတဲ့ဟင် ….” ရှောင်ပင်းက ရှေ့သို့ ထွက်လာပြီး လင်းရီကို မေးမြန်းစပ်စုလိုက်သည်။
“ ဒီသုံးလအတွင်း ကြိုးစားလေ့ကျင့်ရမယ် … ပြီးတာနဲ့ ကျွန်းပေါ် အခြေချရမယ် ….”
ကျွန်းပေါ် အခြေချရမယ်ဆိုသည့် စကားကိုကြားတော့ လူတိုင်း လေးနက်လာခဲ့ကြသည်။
“ ဒါပေမယ့် ခေါင်းဆောင်ကဖြင့် ရှန်းလုံအသင်းသားတွေကိုတောင် အနိုင်ယူနိုင်ခဲ့တာ ရှင့်ကို ဘယ်သူက လေ့ကျင့်ပေးဖို့ အရည်အချင်း ပြည့်မီမှာမို့လို့ ….”
“ ဒီတိုင်း စကားအဖြစ် ပြောတာလေ …. ဟိုက ရှန်းလုံ အသင်းရဲ့ လက်ထောက်ခေါင်းဆောင်ပါဆိုနေ မျက်နှာသာ တစ်ချို့တော့ ပေးရမှာပေါ့ … ခေါင်းဆောင်ပြောသွားတဲ့ သွယ်ဝိုက်ပါတဲ့နေတဲ့ စကားအဓိပ္ပာယ်တွေ မင်း နားမလည်ဘူးလား ….”
ရှောင်ပင်း တခစ်ခစ် ရယ်မောလိုက်၏။ ဤသို့သော ကိစ္စများတွင် သူမက တကယ်ကို အပါးမနပ်ပေ။
“ ရပြီ … မင်းတို့လည်း လူခွဲကြတော့ … ကောင်းကောင်း ပြင်ဆင်ထားကြ …. မနက်ဖြန်ဆို တရားဝင် လေ့ကျင့်ရေးက စတင်တော့မယ်မလား ….” လင်းရီ ပြောလိုက်ပြီး “ လေ့ကျင့်ရေးကို လေးလေးနက်နက် သဘောထားကြ … ငါမင်းတို့ကို အချိန်မရွေး လာစစ်မှာနော် …. ပေါ့တီးပေါ့ဆ လုပ်မနေကြနဲ့ ….”
“ ဟုတ်ကဲ့ …..”
သူတို့တွေက မကြာခင် အန္တရာယ်များ ပြည့်နှက်နေသည့် ကျွန်းပေါ်သို့ အခြေချရတော့မည်။ သူ ပြန်လာလိုလျှင်ပင် မပြန်လာနိုင်မှာကို လင်းရီ စိုးရိမ်မိ၏။ သို့သော် သူ့ နောက်ကျောတွင် မစ်ရှင်တစ်ခုကို ထမ်းပိုးထားပြီး ခက်ခဲမှုများ ရှိနိုင်သော်လည်း ကြံ့ကြံ့ခိုင်ပြီး ရှေ့သို့ တက်လှမ်းရပေမည်။
သူ တတ်နိုင်သည့် အရာကား ဤလူများကို ကောင်းမွန်စွာ လေ့ကျင့်ရန် တိုက်တွန်း၍ ကိုယ့်အသက်ကိုယ် ကယ်တင်ဖို့ ၎င်းတို့၏ အရည်အချင်းများ တိုးတက်လာဖို့ပင်။
“ ကောင်းပြီ … လူခွဲတော့ …..”
အသင်းသားများ ပြန်သွားကြပြီးနောက် လင်းရီလည်း လျန်ရူရွှယ်ထံသို့ ထွက်ခွာလာခဲ့သည်။ သူမကို အပြင်သို့ ခေါ်၍ မုန့်တစ်ချို့ လိုက်ကျွေးပြီး ရုပ်ရှင် ဇာတ်ကားတစ်ကားကြည့်ကာ အိမ်သို့ ပြန်လာသည်။
ည ခုနစ်နာရီ ဝန်းကျင်လောက်တွင် နင်ချဲ့က လင်းရီကို နိုက်ကလပ်သို့ လာဖို့ ဖုန်းဆက်၏။
သူမနှင့် ချိုးယွီလော့အပြင် လုယွဲ့လည်း ထိုနေရာတွင် ရှိနေသည်။
“ အမြန်လာ … မမလုက နင့်ကို စောင့်နေတာကြာပြီ …..”
“ မဟုတ်လောက်ပါဘူးနောက် … လူကဖြင့် အလုပ်တောင် ဆင်းနေပြီကို အပြင်မှာပါ လူကို စာရင်းရှင်းချင်နေတာတော့ မဟုတ်ဘူးမလား …..” လင်းရီ ရယ်မောရင်း အရွှန်းဖောက်သည့် လေသံဖြင့် ဆိုလိုက်၏။
“ ငါအစကတော့ နင့်ကို သင်ခန်းစာ တစ်ခုလောက် ပေးမလို့ပါပဲ … ဒါပေမယ့် နင့်အဖေက ဂျိုကာဆိုတာကို သိလိုက်ရတော့ အဲ့အကြံဉာဏ်ကို လက်လျှော့လိုက်ပြီ … မတော်လို့များ နင့်အဖေကို သွားတိုင်ပြီး ငါ့ကို ကျွန်းပေါ်မှာ သင်ခန်းစာ ပေးခိုင်းနေရင် ဒုက္ခရောက်နေပါဦးမယ် ….”
“ ဘယ်နားကသာ …. S အဆင့်က သူတစ်ယောက်တည်းလေ … ကျန်တဲ့ သူ့အောက်က လူတွေကဖြင့် အေ အဆင့်တွေချည်းကိုပဲ အစ်မလုက သူတို့နဲ့ လက်ရည်တူ ယှဉ်နိုင်လောက်ပါတယ် ….”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … အေအဆင့်မှာပဲတောင် စကေးလယ်ဗယ်က စကားပြောသေးတယ် …” လုယွီက သူမ၏ ကော့တေးကို တစ်ကျိုက်မော့လိုက်ပြီး “ နင်က အခု စီအဆင့်မှာ ဘီအဆင့်တွေကို အနိုင်ယူနိုင်နေပြီ …. ဒါပေမယ့် နင် ဘီအဆင့် ရောက်တဲ့အချိန်မှာ အေအဆင့် တစ်ယောက်ယောက်ကို အနိုင်ယူတာမျိုး … မဟုတ်လည်း တစ်ယောက်ယောက်က ချက်ချင်းပဲ နင့်ကို အနိုင်ယူသွားနိုင်တာမျိုးပေါ့ … သဘောပေါက်တယ်မလား ….”
“ အေအဆင့်တွေကြားထဲမှာတောင် စကေးလယ်ဗယ် ကွာဟမှုတွေက အကြီးကြီး ရှိတယ်လို့ ပြောချင်တာလား ….”
“ အတိအကျပဲ …” လုယွီ ပြောလိုက်ပြီး “ ငါ တစ်ခါက စုန့်ကျင်းမင်နဲ့ တွေ့ဖူးတယ် .. နင်သူ့ကို သိလောက်မှာပါ … နင့်အဖေရဲ့ လက်အောက်ငယ်သား တစ်ယောက်ပဲလေ … ကုတ်နာမည်က Ace of Spades ….”
“ သိတယ် … ဆေးလိပ်ဂျိုးကြီးလေ….”
“ ဟုတ်တယ် … သူပဲ …” လုယွီ ပြောလိုက်ပြီး “အဲ့ဒီတုန်းက အစ်ကိုကျန်းနဲ့ ငါနဲ့ အတူပေါင်းတိုက်တာတောင် သူ့ကို မနိုင်ဘူး ….”
( ဒီ Note ရေးတာ အချိန်အတော် နောက်ကျနေပြီလား မသိပေမယ့် စာစဉ်ကို ပိုပြီး နားလည်နိုင်အောင်လို့ ရေးသားလိုက်ရပါတယ်။
ဒီထဲမှာ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ ကိစ္စတစ်ချို့ ရှိနေပေမယ့် နားလည်လွယ်အောင် အကြမ်းဖျင်း ဒီလိုပဲ မှတ်သားထားလိုက်ပါ။ စာစဉ်ထဲမှာ မူရင်းစာရေးသူ ဖော်ပြချင်တဲ့ သာမန်နိုင်ငံရေးအမြင်က အခုလိုပါ။
တရုတ်က အင်အားကြီးတယ်။ အမေရိကန်က သူတို့အပေါ် နိုင်ငံရေးအမြင်မတူ၊ ဒီမိုကရေစီနဲ့ ကွန်မြူနစ် ဖြစ်နေတာကြောင့် နေမှာပေါ့။ နောက်ပြီး တစထက်တစ အင်အားကြီးမားလာပြီး ရင်ဘောင်တန်းလာနိုင်တဲ့ တရုတ်ရဲ့ အခြေအနေက သူတို့အပေါ် ခြိမ်းခြောက်မှု ရှိတယ်လို့ ခံစားရတယ်။ ဒါကြောင့်မို့ ဖိအားပေးတာတွေ လုပ်တယ်။ အမေရိကန်ရဲ့ နည်းပညာမြင့် ချစ်ပ်တွေကို တရုတ်ဆီ ရောင်းချခွင့် ပြုတာမျိုး တားမြစ်တယ်။ ဒါတွေက စာစဉ် အစောပိုင်းမှာ ပါခဲ့ပြီးပါပြီ။ အမေရိကန်က ကမ္ဘာ့နံပါတ်တစ်ဆိုတော့ ကမ္ဘာ့နိုင်ငံတော်တော်များများကလည်း အမေရိကန်ရဲ့ မဟာမိတ်တွေလို့ ပြောရင်မမှားဘူး။ ဒီတော့ အမေရိကန်ဘက်လိုက်ပြီး သူတို့အပေါ် ပူးပေါင်း ဖိအားပေးတာတွေ ရှိတယ်။ ဒီလောက် အကြမ်းဖျင်း သိထားရင် ရပါပြီဗျ။ စာစဉ်ဖတ်ရတာ အဆင်ပြေပါစေ။ တစ်ချို့နေရာတွေမှာ နားရှုပ်နေသလို ဖြစ်မှာစိုးလို့ပါ။ )