← Chapters

ကျောက်ဟိုနှင့်နောက်တစ်ကြိမ်တွေ့ဆုံခြင်း

Vol. 11 Ch. 152

ကျောက်ဟိုနှင့်နောက်တစ်ကြိမ်တွေ့ဆုံခြင်း

Vol. 11 Ch. 152

အခန်း (၁၅၂) ကျောက်ဟိုနှင့်နောက်တစ်ကြိမ်တွေ့ဆုံခြင်း

မြေပုံနှင့် ကျောက်စိမ်းများကို သိမ်းဆီးပြီးနောက် ရန်ကျောက်ကဲက ဖန်ကျွင်းကို စကားဆိုသည်။

“ဒုတိယဆရာဦးလေး ၊ ဂိုဏ်းတူအစ်ကို ရွှီဖေးရော အတူတူမလိုက်လာဘူးလား”

ယခုတစ်ကြိမ်ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ ဝါဒတောင်မှ ပင်မတိုက်ရိုက်တပည့် (၃)ယောက်သာလျှင် တက်ရောက်မည် ဖြစ်သည်။

လုဝမ်က ခုနစ်စဉ်ကြယ်ဓားသိုင်းတွင် သူ့ကို ရှုံးနိမ့်ပြီးနောက် ချက်ချင်းပင် တံခါးပိတ်ကျင့်ကြံသွားခဲ့ရာ ယခုအချိန်ထိ ပြန်ထွက်မလာသေးပေ။

ထို့ကြောင့် ရန်ကျောက်ကဲနှင့် စစ်ခုန်ချင်းအပြင် ရှီတိ၏တပည့် ‘ကောင်းကင်ဂဠုန်’ ရွှီဖေး တို့ (၃)ယောက်သာ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ တက်ရောက်ကြမည် ဖြစ်သည်။

ဖန်ကျွင်းက...

“ရွှီဖေးက အစောကြီးကတည်းက သွားနှင့်ပြီ ၊ အခုဆို ရေကန်နယ်မြေကိုတောင်ရောက်နေပြီ ၊ ငါတို့လည်း အမြန်သွားကြတာပေါ့”

ရန်ကျောက်ကဲ ‌ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဖန်ကျွင်း ၊ စစ်ခုန်ချင်း ၊ အားဟူတို့နှင့်အတူ ဆက်လက်ခရီးထွက်လာခဲ့သည်။

သူတို့ရောက်နေသည့်နေရာမှ ရေကန်နယ်မြေသို့သွားမည်ဆိုလျှင် မြေကမ္ဘာနယ်မြေကို ဖြတ်ကျော်ရမည် ဖြစ်သည်။

ကံကောင်းသည်မှာ ယခင်က မတည်ငြိမ်မှုများဖြစ်ပျက်ခဲ့သည့် မြေကမ္ဘာနယ်မြေသည် ယခုတော့ အနည်းငယ် ငြိမ်သက်နေခြင်းပင်။

ဖန်ကျွင်း၏ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် မြေကမ္ဘာနယ်မြေအတွင်းပိုင် နက်နက်ရှိုင်းရှိုင်းနေရာများသို့ ဝင်ရောက်ခြင်းမဟုတ်ဘဲ သာမန်ဖြတ်သန်းသွားလာခြင်းက မည်သည့်ပြဿနာမှ မရှိပေ။

ဖန်ကျွင်း ၊ ရန်ကျောက်ကဲ ၊ စစ်ခုန်ချင်းနှင့် အားဟူတို့ မြေကမ္ဘာနယ်မြေကို လေပေါ်တွင်ပျံသန်း ဖြတ်ကျော်လာကြသည်။ သူတို့အောက်တွင် တလိမ့်လိမ်လှုပ်ရှားနေသည့် အနက်ရောင်မြူခိုးများကို ကြည့်ရင်း တိတ်ဆိတ်နေသည့် သေမင်းတမန်ကို ခံစားမိကြသည်။ ကျယ်ပြန့်လှသည့် မြေကမ္ဘာနယ်မြေသည် ဤကမ္ဘာ၏ ငရဲပင် ဖြစ်၏။ ထိုနေရာက တိတ်ဆိတ်မှုက သူတို့အားလုံး၏ နှလုံးသားများကို ချောက်ချားစေသည်။

ရန်ကျောက်ကဲက နဂါးချုပ်လှောင်ချောက်နက်မှတစ်ဆင့် မြေကမ္ဘာနယ်မြေအစပ်သို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ခဲ့ဖူးလေရာ ထိုနယ်မြေက သူ့အတွက် အစိမ်းသက်သက် မဟုတ်ပေ။

သို့သော် ယခုကဲ့သို့ ကောင်းကင်ထက်တွင်ပျံသန်းရင်း အောက်ဘက်သို့ ငုံ့ကြည့်ရခြင်းက သူ့နှလုံးသားထဲတွင် ခံစားချက်များစွာကို ဖြစ်ပေါ်စေသည်။

“အဲဒီနေရာကိုကြည့်ရတာ ငရဲကိုးထပ်ကနတ်ဆိုးတွေနဲ့ တကယ့်ကိုဆက်စပ်နေတာပဲ ၊ ဒီနေရာက တခြားကမ္ဘာတွေဆီဦးတည်တဲ့ ဥမင်တွေတည်ရှိရာ အရှေ့ပင်လယ်လိုမျိုး နေရာတစ်ခုပဲ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“ဒါပေမဲ့ အရှေ့ပင်လယ်က မီးတောက်မိစ္ဆာကမ္ဘာဆီကို ဦးတည်တယ် ၊ ဒီနရောကတော့ ငရဲကိုးထပ်ကိုဦးတည်တယ်”

ရန်ကျောက်ကဲ မျက်ခုံးများကိုတွန့်ချိုးကာ တွေးတောနေရင်း မျက်လုံးများက ဖျတ်ခနဲတောက်ပသွားသည်။

“ငရဲကိုးထပ်... အင်း...”

သူတို့အားလုံး တောင်ပိုင်းသို့ ဦးတည်ထွက်ခွာလာစဉ် သူတို့ရှေ့တွင် ပေါ်လာသည့်လူတစ်စုကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုအုပ်စုကလည်း ခရီးပြင်းနှင်လာကြခြင်းဖြစ်ပြီး ဖန်ကျွင်းတို့အုပ်စုကိုတွေ့မြင်သည့်အခါ လှမ်းကြည့်လိုက်ကြသည်။ ဝါဒတောင်မှအုပ်စုဖြစ်ကြောင်း သိသွားသည်နှင့် စိတ်အေးသွားဟန်ဖြင့် ရပ်စောင့်နေကြ၏။

လှမ်းကြည့်လိုက်တော့ အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားပြီး ခပ်ကြမ်းကြမ်းရုပ်ရည်ရှိသည့် အကြီးအကဲတစ်ယောက်ကို တွေ့ရသည်။

ထိုအကြီးအကဲကို ရန်ကျောက်ကဲ တွေ့မြင်ဖူးသည်။ အရှေ့ထန်တိုက်ပွဲတွင် ဝါဒတောင်ဘက်မှ ကူညီပေးသည့် ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲ ဖြစ်၏။

သူ့ အကြည့်များက ရိုင်းစိုင်းသော်လည်း ဆွဲဆောင်မှုရှိသည်။ သူ့နံဘေးတွင် တပည့်ငယ်အချို့ ရှိကြပြီး သူတို့အားလုံးက စိတ်ဓာတ်တက်ကြွနေကြဟန်ပင်။

ထိုတပည့်ငယ်များက ကျောက်စိမ်းပင်လယ်မြို့တော်မှ နောက်ပိုင်းမျိုးဆက်တပည့်များဖြစ်ကြောင်း ရန်ကျောက်ကဲ မှတ်မိသည်။ လွန်ခဲ့သည့် (၃)နှစ် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတုန်းက သူတို့နှင့် တစ်ခေါက်ဆုံဖူးသည်။

ရေကန်နယ်မြေတွင် ကျင်းပမည့် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ လာရောက်သည့် တပည့်ငယ်များကို ထိုအစိမ်းရောင်ဝတ် အကြီးအကဲက ဦးဆောင်လာသည်မှာ ထင်ရှားသည်။

ထိုသူကိုတွေ့တော့ ဖန်ကျွင်းက ပြုံးလိုက်ရင်း...

“အကြီးအကဲ’ချန်’ ပါလား ၊ ခင်ဗျားလည်း ရေကန်နယ်မြေကိုသွားမလို့လား ၊ ဘယ်လိုဖြစ်လို့ မြေကမ္ဘာနယ်မြေကို ဖြတ်လာရတာလဲ”

အစွန်းရောက်ရှစ်ပါးကမ္ဘာကို ယေဘူယျအားဖြင့် နယ်မြေ (၈)ခုဖြင့် ပိုင်းခြားထားသည်။

တောင်တန်းနယ်မြေ ၊ မိုးကြိုးနယ်မြေ ၊ လေနယ်မြေ ၊ ကောင်းကင်နယ်မြေ ၊ မြေကမ္ဘာနယ်မြေ ၊ ရေနယ်မြေ ၊ မီးနယ်မြေနှင့် ရေကန်နယ်မြေတို့ ဖြစ်သည်။

ရေနယ်မြေမှ ရေကန်နယ်မြေသို့သွားရာတွင် ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် ကုန်းလမ်းအတိုင်းသွားလာနိုင်သလို အရှေ့ပင်လယ်ကိုဖြတ်ကာ ရေလမ်းခရီးဖြင့်လည်း သွားလာနိုင်သည်။ ဝါဒတောင်ကဲ့သို့ မြေကမ္ဘာနယ်မြေကို ဖြတ်ကျော်လာစရာ မလိုပေ။

“အစကတော့ တပည့်တွေကို မြေကမ္ဘာနယ်မြေထဲ လေ့လာရေးခရီးလိုက်ပို့တာ...”

အကြီးအကဲ’ချန်’ က ပြန်ပြောသည်။

“အချိန်ကြာသွားတာနဲ့ ကျောက်စိမ်းပင်လယ်မြို့တော်ကို မပြန်တော့ဘဲ မြေကမ္ဘာနယ်မြေကိုဖြတ်ပြီး တောင်ပိုင်းကို ဦးတည်လိုက်တာ ၊ ဒီအဘိုးကြီးကတော့ ကလေးတွေကို တောက်လျှောက်ကာကွယ်ပေးဖို့ လိုက်နေရတာပေါ့”

ဖန်ကျွင်းက ပြုံးလိုက်ရင်း...

“အကြီးအကဲ’ချန်’က နှိမ့်ချနေပြန်ပြီ ၊ ဒါတွေအားလုံးက မင်းအတွက် ခက်ခဲတဲ့အလုပ်တွေ မဟုတ်ပါဘူး”

အကြီးအကဲ’ချန်’က ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း တအံ့တသြဆိုသည်။

“မင်းတောင် ရှန်ထျန်းအဆင့် သိုင်းပညာရှင် ဖြစ်နေပြီလား”

“အရှေ့ထန်မှာတုန်းက မင်းကို လှမ်းတွေ့လိုက်တယ်လေ ၊ အဲဒီကတည်းက မင်းတို့ အလယ်ပိုင်းကောင်းကင်ဒေသ ‘ရန်’ အိမ်တော်ကတော့ နောက်ထပ်နဂါးတစ်ကောင် မွေးထုတ်လိုက်ပြန်ပြီဆိုတာ သိလိုက်တယ် ၊ မင်းက သိုင်းတာအိုမှာ အံ့မခန်းအစွမ်းတွေ ပိုင်ဆိုင်ရုံသာမကဘဲ ဒီကမ္ဘာကြီးရဲ့ အာဏာချိန်ခွင်လျှာကိုလည်း ပြောင်းလဲပစ်နိုင်စွမ်း ရှိတာပဲ”

ရန်ကျောက်ကဲက အကြီးအကဲ’ချန်’ကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း...

“အကြီးအကဲက ချီးကျူးလွန်းနေပါပြီ”

“ဒါနဲ့ ကောင်းကင်မိုးကြိုးခန်းမက လင်ကျိုးက ငါတို့ ကျောက်စိမ်းပင်လယ်မြို့တော်က ယဉ်စွန်းတန်းဓားသိုင်းကို တကယ်တတ်ကျွမ်းတယ်ဆိုတာ သေချာရဲ့လား ၊ သူ အသုံးပြုတာ တကယ်ပဲ ငါတို့ကိုယ်ပိုင်သိုင်းပညာဆိုတာ အမှန်ပဲလား”

အကြီးအကဲ’ချန်’ တည့်ထိုးပင်မေးသည်။

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း...

“သေချာပါတယ် ၊ လင်ကျိုးဖင်ပိတ်ငြင်းမယ်ဆိုရင် သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်နဲ့ စစ်ဆေးခံဝံ့သလား မေးကြည့်ပါ ၊ ကျွန်တော်ကတော့ အချိန်မရွေး အဆင်သင့်ပဲ”

“အဲဒီနေ့က တိုက်ပွဲမြင်ကွင်းကို ပြန်မြင်ရရင် အကြီးအကဲတို့ဆီက ကျွမ်းကျင်သူတွေအနေနဲ့ တကယ်ဟုတ် မဟုတ် အတည်ပြုနိုင်ပါလိမ့်မယ်”

အကြီးအကဲ’ချန်’၏ မျက်နှာက မဲမှောင်နေပြီး ရက်စက်ကြမ်းတမ်းသည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။

“ဟွန်း... အခု ဒီကောင်ကပုန်းနေတာ ၊ အပြင်တောင် ထွက်မလာရဲဘူး ၊ သူ့အပြစ်သူ သိလို့နေမှာပေါ့”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“အမှန်ပဲ ၊ သူ ငြင်းလို့မရနိုင်ဘူးလေ ၊ အဲဒါကို သက်သေပြဖို့က အရမ်းလွယ်နေတာကိုး”

အကြီးအကဲ’ချန်’က မဲမှောင်နေသည့်မျက်နှာဖြင့် မိုးကြိုးနယ်မြေတည်ရှိရာ မြောက်အရပ်သို့ စူးစိုက်ကြည့်လိုက်သည်။

“ဒီကိစ္စအနှေးနဲ့အမြန် စစ်ဆေးရမယ်”

ဖန်ကျွင်းက...

“ကဲ... သွားရင်းလာရင်းလည်း ဆုံကြပြီ ၊ သွားမယ့်ခရီးကလည်း အတူတူပဲဆိုတော့ အကြီးအကဲ’ချန်’ စိတ်မရှိဘူးဆိုရင် ငါတို့ အတူတူ ခရီးထွက်ကြမလား”

ထို့နောက် အကြီးအကဲများက အတူတကွခရီးထွက်ရန် ဆုံးဖြတ်ခဲ့ကြပြီး တပည့်ငယ်များကိုလည်း တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးမှုရစေရန် အချင်းချင်း တွေ့ဆုံစေခဲ့ကြသည်။

အနည်းငယ်ကြမ်းတမ်းသည့်အသွင်အပြင်ရှိသော လူငယ်တစ်ယောက်က...

“ညီလေး’ရန်’ ၊ မင်းကတော့ တစ်နှစ်ကျော်အချိန်အတွင်း လူတိုင်းအံ့အားသင့်အောင် လုပ်ပြနေတာပဲကွ... နော်”

ရန်‌ကျောက်ကဲက ရယ်မောလိုက်ရင်း...

“နှိမ့်နှိမ့်ချချနေရမယ်... နှိမ့်နှိမ့်ချချနေရမယ်...”

ထိုလူငယ်က ရန်ကျောက်ကဲကို လက်ညှိုးထိုးလိုက်ပြီး ရယ်မောလိုက်သည်။

“ဒါတောင် နှိမ့်နှိမ့်ချချနေတာဆိုရင် မင်းများ မနှိမ့်မချများနေရင် ဘာဖြစ်နေမလဲ”

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး မည်သည့်စကားမှ မပြောတော့ဘဲ စစ်ခုန်ချင်းကို လူငယ်နှင့် မိတ်ဆက်‌ပေးသည်။

“ဒီအစ်ကိုက ကျောက်စိမ်းပင်လယ်မြို့တော်က ရဲ့ကျုန်းကျိုးပဲ ၊ သူ့ကို လူတွေက နဂါးနက်လို့ ခေါ်ကြတယ် ၊ သူ့အသက်က ဒီနှစ် (၂၈)နှစ်ပြည့်ပြီ ၊ ငါကြားတာတော့ သိပ်မကြာခင်ကပဲ ကျင့်ကြံခြင်းတစ်ဆို့တာကို ကျော်ဖြတ်ပြီး ရှန်ထျန်းအလယ်ဆင့် သိုင်းပညာရှင် ဖြစ်လာခဲ့တယ် ၊ သူ့ရဲ့လက်သီးသိုင်းကတော့ မိုးမြေတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်အောင် အစွမ်းထက်တယ်ဆိုပြီး ကျော်ကြားတယ်”

“သူက ငါတို့ဂိုဏ်းတူအစ်ကိုကြီးရွှီဖေးနဲ့ သူငယ်ချင်းတွေပေါ့ ၊ ‌သောက်ဖော်သောက်ဖက်တွေလေ”

ရန်ကျောက်ကဲက လုဝမ်နှင့် အဆင်မပြေသော်လည်း ရွှီဖေးနှင့်တော့ အတော်လေး ဆက်ဆံရေးကောင်းသည်။ ထို့ကြောင့် ရွှီဖေး၏ သူငယ်ချင်းဖြစ်သော ရဲ့ကျုန်းကျိုးနှင့်လည်း ရင်းနှီးခင်မင်သည်။

“တကယ်တော့ သူ့မှာ ရေနက်မှော်နဂါးလို့ခေါ်တဲ့ သားရဲတစ်ကောင်ရှိတယ် ၊ အဲဒီသားရဲက အတော်လေးအစွမ်းထက်ပြီး ရှားပါးတယ် ၊ သနားစရာက ပိုင်ရှင်က အပျင်းထူလွန်းတော့ အဲဒီနဂါးကို အစာတောင်မှန်အောင်မကျွေးဘူးလေ”

“အစ်ကို’ရဲ့’ ရဲ့ နဂါးနက်ဆိုတဲ့နာမည်က အဲဒီရှားပါးသားရဲကနေ ဆင်းသက်လာတာပဲ”

ရဲ့ကျုန်းကျိုးက ရန်ကျောက်ကဲကို မကျေမနပ်ဖြစ်ဟန်ဆောင်ကာ စိုက်ကြည့်လိုက်ရင်း...

“ငါ့မှာ နောက်ခံနည်းနည်းလေးပဲ ရှိတာကို... အခုတော့ မင်းကြောင့် အကုန်လုံးမြောင်းထဲရောက်ပါပြီကွာ”

ရန်ကျောက်ကဲကလည်း ဘာမှမတတ်နိုင်ဟန်ဆောင်ပြီး အရွှန်းဖောက်သည်။ ။

“မင်းမျက်နှာက ရိုးသားပွင့်လင်းသယောင်နဲ့ ၊ အခု ငါပြောတာ ဘာမှားလို့လဲ ၊ မှားတယ်ဆိုရင် ပြင်ပေးလေ”

ရဲ့ကျုန်းကျိုးက စိတ်ဆိုးမာန်ဆိုးဟန်ဖြင့် ခေါင်းခါယမ်းရင်း...

“ဒီကောင်ကတော့...”

စစ်ခုန်ချင်းကတော့ ရဲ့ကျုန်းကျိုးကို ဦးညွှတ်ဂါရဝပြုလိုက်၏။ ရဲ့ကျုန်းကျိုးက သူမနှင့် ရန်ကျောက်ကဲကို ကျောက်စိမ်းပင်လယ်မြို့တော်မှ အခြားသောတပည့်များနှင့် မိတ်ဆက်ပေးသည်။

ဖန်ကျွင်းနှင့် အကြီးအကဲ’ချန်’တို့ ဦးဆောင်သောအဖွဲ့သည် မြေကမ္ဘာနယ်မြေကိုလျှင်မြန်စွာ ဖြတ်ကျော်ပြီး ‌‌ရေကန်နယ်မြေသို့ ရောက်ရှိလာကြသည်။

ဖန်ကျွင်းနှင့် အကြီးအကဲ’ချန်’တို့ကဲ့သို့ ဂုဏ်သရေရှိ ထိပ်တန်းအကြီးအကဲများ ရောက်ရှိလာကြလေရာ လှိုင်းနက်ဂေဟာကလည်း သူတို့ကို ကြိုဆိုရန် ထိပ်တန်းအကြီးအကဲတစ်ယောက်ကို စေလွှတ်ခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့ရောက်ပြီး သိပ်မကြာမီ အဆုံးမဲ့တောင်တန်းမှ တပည့်များလည်း ရောက်ရှိလာကြ၏။

လှမ်းကြည့်လိုက်တော့ အဆုံးမဲ့တောင်တန်းမှ တပည့်များအလယ်တွင် ကျောက်ဟိုကို တွေ့လိုက်ရသည်။

ရန်ကျောက်ကဲကိုတွေ့သည်နှင့် ကျောက်ဟို၏အကြည့်များက ချက်ချင်းပင်တင်းမာအေးခဲသွားသည်။

သို့သော် ရန်ကျောက်ကဲ၏စိတ်အာရုံကို တကယ်တမ်းဖမ်းစားနိုင်သည်က ကျောက်ဟို မဟုတ်ပေ။ သူ့ဘေးနားတွင်ရှိနေသည့် အသက် (၃၀)ခန့်တပည့်ကို ဖြစ်သည်။

ထိုသူ၏အကြည့်များက အလွန်တရာရက်စက်ကြမ်းတမ်းပြီး သွေးဆာနေသည့် သားရဲတစ်ကောင်နှင့်ဆင်တူကာ ကြမ်းကြုတ်မှုများနှင့် ပြည့်နက်နေလေ၏။

All Chapters