← Chapters

လျှပ်တစ်ပြက် တိုက်ခိုက်ခြင်း

Vol. 86-89 Ch. 1311

လျှပ်တစ်ပြက် တိုက်ခိုက်ခြင်း

Vol. 86-89 Ch. 1311

စုဝမ်ချင်း သူမအပြုအမူများကို နောင်တရလာသည်။ သူမ ယဲ့ဘုရင်နှင့် အလွန် ရင်းနှီး၍ သာယာသော ဘဝကို နေနိုင်ခွင့် ရှိခဲ့သည်။ သို့သော် ယခုအခါ၌ သူမ၏ သွေးကြီးမွေးကြီးနိုင်ခြင်းကြောင့် ဘာမှ မရှိတော့ဘဲ အရာအားလုံး ပျက်စီးသွားလေပြီ။ ယဲ့ဖန်က သူမကို လုံးဝ ခွင့်မလွှတ်နိုင်တော့သဖြင့် သူမ၏ စိတ်ကူးယဉ်အိပ်မက်လည်း ပျောက်ပျက်သွားလေသည်။

“ဖြောင်း”

လက်ရှိတွင် စုဝမ်ချင်း ထပ်မံ၍ ကိုယ့်ပါးကိုယ် ပြန်ရိုက်လိုက်မိသည်။

“ဖြောင်း”

သူမ နောက်တစ်ချက် ထပ်ချလိုက်သည်။ သူမ၏ ကိုယ့်ကိုယ်ကိုယ် ဘယ်ပြန်ညာပြန် ပါးရိုက်နေခြင်းအား လမ်းသွားလမ်းလာများ မြင်သွားပြီး ရူးများသွားလေသလား ဟူသော အကြည့်ဖြင့် ကြည့်လာကြသည်။

ထိုအခိုက်တွင် ယဲ့ဖန်နှင့် ကျုံးလီအာတို့သည် မြစ်ကမ်းနံဘေး၌ လမ်းလျှောက်နေ၏။ ညနေခင်း လေညင်းက အနည်းငယ် အေးမြပြီး ကျုံးလီအာ၏ ပိုးသားသဖွယ် နူးညံ့ရှည်လျားသော ဆံနွယ်များကို ဖရိုဖရဲ ဖြစ်သွားစေသည်။ သို့သော် သူမက ပိုမို၍ ပျော်ရွှင်ဟန်နှင့် ရယ်မောနေသည်။

“မင်းက ဘာလို့ ပျားရည်စားထားတဲ့ပုံ ပေါက်နေတာလဲ”

ယဲ့ဖန်က သူ့ရင်ခွင်ထဲ၌ ဆက်တိုက် ကျိတ်ရယ်နေသော ကျုံးလီအာကို ကြည့်ပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။ ကျုံးလီအာက ခေါင်းလေးမော့၍ ကြည်နူးဖွယ် အချိန်လေးကို ဖျက်လိုဖျက်စီး လုပ်သဖြင့် အပြစ်တင်လိုသော အကြည့်မျိုးနှင့် ယဲ့ဖန်ကို စိုက်ကြည့်လာသည်။ ထို့နောက် ခေါင်းငုံ့၍ ဆက်ကာ ခိုးရယ်နေ၏။ သူမပုံစံက ပျားရည် စားထားသည်နှင့် မတူဘဲ ပျားရည်ကို ခိုးလာသည့်ဟန်နှင့် တူနေလေသည်။

“မင်း ငါ့ခံ့ညားမှုကို မင်း စွဲလမ်းနေတာ ကြာပြီဆိုတာကို ငါ သိပင်မယ့် မင်းကိုယ်မင်း နည်းနည်း ထိန်းပါဦးလား၊ ရှိသင့်တဲ့ မိန်းကလေး ဟန်ပန်လေးတော့ ရှိဦးလေ၊ နည်းနည်းပါးပါး ဣန္ဒြေဆယ်ဦးမှပေါ့၊ ပြီးတော့ မင်းသွားရည်တွေ ငါ့အင်္ကျီပေါ် မပေစေနဲ့နော်၊ အရမ်း ညစ်ပတ်တယ်”

“မုန်းဖို့ကောင်းလိုက်တာ”

ကျုံးလီအာက ယဲ့ဖန်၏ ရင်ဘတ်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ထုလေသည်။ သူမ၏ စိတ်ဆိုးနေသည့်ပုံလေးကပင် ချစ်စဖွယ် ကောင်းနေ၏။

သူမ အလွန် ပျော်ရွှင်နေရသည့် အကြောင်းရင်းမှာ ယခုတစ်ခေါက် တွေ့ဆုံမှု၌ သူမနှင့် ယဲ့ဖန်၏ ဆက်ဆံရေးက ပိုမိုနွေးထွေးလာကြောင်း သိလို့ရသောကြောင့်ပင်။

ယခင်တုန်းကဆိုလျင် သူမ အမြဲ စိတ်ကူးမိသော်လည်း ယဲ့ဖန်၏ ရင်ခွင်တွင်း၌ ဝင်ပုန်းရဲသည့် သတ္တိမရှိခဲ့ပေ။ ထို့ကြောင့် ယခုအခါ၌ သူမ အလွန် ပျော်ရွှင်နေမိသည်။

သတိရတမ်းတစိတ်၏ ခွန်အားက အရာအားလုံးကို လျစ်လျူရှု၍ သူမနှလုံးသားအား မြင်သာအောင် ကြည့်ရဲစေခြင်းမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ယဲ့ဖန်က ငြင်းပယ်ခြင်း မပြုသည့်အတွက်လည်း သူမ အလွန် ဝမ်းသာသွားသည်။

“ချမ်းနေလား”

ယဲ့ဖန် မေးလိုက်သည်။ ကျုံးလီအာက ယနေ့ညတွင်အတော်လေး ပါးလျပေါ့ပါးသော ညနေခင်း ပွဲတက်ဝတ်စုံ ဝတ်ထားသည် မဟုတ်ပါတကား။

“ချမ်းတယ်”

ကျုံးလီအာက ခေါင်းညိတ်လိုက်ပြီးနောက် မူရာမာယာများဟန်ဖြင့် ပြုံးလိုက်သည်။

“အဲ့ဒါကြောင့် ရှင် တင်းနေအောင် ဖက်ထားပေးရမယ်နော်၊ ရှင် တင်းနေအောင် ဖက်ထားပေးမှ ကျွန်မ ထပ်မချမ်းတော့မှာ”

“မင်းက ပေါ်တင်ကို လူဆိုးမလေး လုပ်နေတာပဲ”

ယဲ့ဖန် စနောက်လိုက်သော်လည်း သူမ၏ ကြည်နူးဖွယ် တောင်းဆိုမှုကို မငြင်းဆန်ဘဲ သူမအား တင်းနေအောင် ပွေ့ဖက်လိုက်သည်။

နှစ်ဦးသား၏ ကိုယ်အပူချိန်က တဖြည်းဖြည်း တိုးမြင့်လာပြီး ရင်ခုန်သံ နှစ်သံက အချင်းချင်း ကြားနိုင်လောက် သည်အထိ မြန်ဆန် ကျယ်လောင်လာ၏။

ကျုံးလီအာက ယဲ့ဖန်၏ ရင်ဘတ်ကို ခေါင်းမီ၍ အနည်းငယ် မူးဝေဟန်ဖြင့် မျက်လုံးမှိတ်လိုက်သည်။

“ဒီလိုမျိုးလေး တစ်သက်လုံး နေရရင် သိပ်ကောင်းမှာပဲနော်”

ယဲ့ဖန်က ဘာမှမပြောဘဲ ပြုံးနေသည်။

“တကယ်တော့ ကျွန်မ ငယ်ငယ်တုန်းက ကမ္ဘာကျော် ပန်းချီဆရာတစ်ယောက် ဖြစ်လာရမယ်ဆိုတဲ့ အိပ်မက် ရှိခဲ့တယ်၊ အခုတော့ ကျွန်မမှာ နောက်အိပ်မက်တစ်ခု ရှိလာပြီ”

“ဘာအိပ်မက်လဲ”

ယဲ့ဖန် ပြန်မေးလိုက်မိသည်။

“ရှင်နဲ့ တစ်သက်လုံး အတူနေချင်တဲ့ အိပ်မက်လေ”

ကျုံးလီအာ အခိုင်အမာ ပြောလိုက်သည်။ သူမ ခေါင်းမမော့သော်လည်း သူမ၏ အလေးအနက် ထားသောစိတ်ကို ယဲ့ဖန် ခံစားမိပါသည်။ ချက်ချင်းဆိုသလိုပင် သူ မချိပြုံး ပြုံးလိုက်မိသည်။

“ငါ့လိုလူမျိုးက အန္တရာယ်တွေနဲ့ ဆက်တိုက် ကြုံတွေ့ဖို့ ကံပါလာတာကို မင်း သိသင့်တယ်”

“ကျွန်မ သိပါတယ်၊ အဲ့ဒါကြောင့် ရှင်နဲ့ ဝေးနေတဲ့အချိန်ဆို ကျွန်မ ရှင့်အတွက် တစ်ချိန်လုံး စိုးရိမ်နေခဲ့ရတာ၊ ပြီးတော့ ကျွန်မ ရှင့်ကို ဘယ်တော့မှ မတွေ့ရတော့မှာကို ပိုကြောက်ခဲ့တယ်၊ ကျွန်မကို ထပ်ပြီး အဝေးကို တွန်းမထုတ်တော့ပါဘူးလို့ ကတိပေးပါ၊ ဘာလို့လဲဆိုတော့ ကျွန်မ သေရမယ်ဆိုရင်တောင်မှ ရှင်နဲ့အတူ သေချင်တယ်”

ကျုံးလီအာက ရုတ်တရက် ခေါင်းမော့လာပြီး ယဲ့ဖန်ကို မျက်လုံးတလက်လက်နှင့် မော့ကြည့်လေသည်။ ထိုမျက်ဝန်းထဲမှ မျှော်လင့်နေဟန်လေးက ကြေကွဲဖွယ်ကောင်းလှသည်။ လက်ရှိတွင် သူမ ယဲ့ဖန်နှင့် ခွဲမနေချင်ပါ။ ထိုမျက်ဝန်းကို ကြည့်ပြီး ယဲ့ဖန် ငြင်းဆန်ချင်ပါသော်လည်း မငြင်းရက်ပေ။

ထိုအခိုက်တွင် ပတ်ဝန်းကျင် အခြေအနေက ပြောင်းလဲလာသည်။ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်က တိတ်တဆိတ် ပျံ့လွင့်လာပြီး မြစ်ထဲမှနေ၍ တစ္ဆေဆန်ဆန် ပုံရိပ်တစ်ခု ထွက်လာ၏။

ချက်ချင်းဆိုသလိုပင် ထက်ရှလှသော ဓားတစ်လက်က ကျုံးလီအာ၏ ကျောပြင်ကို ဦးတည်၍ ထိုးစိုက်လာသည်။ ယဲ့ဖန်၏ မျက်လုံးများက မီးဝင်းဝင်းတောက်ကာ ချက်ချင်း ဓားသွားအား လက်ဖြင့် ဖမ်းဆုပ်၍ တစ်လက်မမျှ တိုးမလာအောင် ကာကွယ်လိုက်သည်။ သို့သော် နောက်ကျသွားလေပြီ။ ဓားသွားက သုံးပုံတစ်ပုံခန့် ကျုံးလီအာ၏ ကိုယ်ထဲသို့ ထိုးစိုက်သွားသည်။

“ဟေ့ မင်းဆန္ဒကို ငါ မင်းအတွက် ဖြည့်ဆည်းပေးလိုက်ပြီ၊ ဒီနေ့ မင်းတို့ အတူတူ သေလို့ရပြီ”

တိုက်ခိုက်လာသူသည် သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာ ဖြူရော်ကာ မျက်တွင်းများ ချိုင့်နေသဖြင့် ရောဂါကျွမ်းနေသော လူနာတစ်ယောက်နှင့် တူနေသည်။ သူ့စကားနှင့် လုပ်ရပ်က ထူးဆန်းသော စွဲလမ်းမှု ရှိကြောင်း ပြသနေကော အလွန် ရူးနေကြောင်း ပြသနေ၏။

“ဂျွတ်”

ယဲ့ဖန်က ဓားသွားကို ချိုးလိုက်ပြီးနောက် ကျုံးလီအာ၏ နူးညံ့သော ခန္ဓာကိုယ်ထဲသို့ ယန်စွမ်းအင်များ ထည့်သွင်း၍ သူမ၏ နှလုံးသားကို ကာကွယ်လိုက်သည်။ ထိုအခါတွင်မှ သူမကိုယ်ထဲမှ ဓားချီစွမ်းအင် ငြိမ်ကျသွားသည်။

သို့မဟုတ်ပါက တစ်ခဏအတွင်း ထိုဓားချီစွမ်းအင်က သူမ၏ ကိုယ်တွင်းအင်္ဂါများကို စုတ်ဖြဲလာနိုင်ပြီး သူမအား ကယ်ရခက်သွားနိုင်စေလောက်သည်။

“မင်းမှာ အရည်အချင်းတော့ ရှိသားပဲ၊ သတ်ဖြတ်ခြင်းကျောင်းတော်ကို မင်း စိန်ခေါ်ရဲတာကို ငါ မအံ့ဩတော့ဘူး၊ ဒါပေမဲ့ တစ္ဆေအဆင့် လုပ်ကြံရေးသမား ငါနဲ့ လာတိုးတာတော့ စိတ်မကောင်းစရာပဲ၊ မင်း သေခြင်းတရားကနေ လွတ်အောင် မပြေးနိုင်ပါဘူး”

တစ်ဖက်လူက အားပါးတရ ရယ်မောလာသည်။ တစ္ဆေအဆင့် လုပ်ကြံရေးသမားတိုင်းသည် သူတော်စင်သခင် အဆင့်များ ဖြစ်လေသည်။

သူတို့ ထိုအဆင့်သို့ ရောက်လာချိန်တွင် သူတို့၏ ကိုယ်ပိုင် လုပ်ကြံရေးနည်းလမ်းများကို တီထွင်နိုင်ခဲ့ပြီး နည်းလမ်းတိုင်းက စဉ်းလဲကောက်ကျစ်ကာ ဉာဏ်များပြီး ခုခံရ ခက်ပေသည်။ ထို့အပြင် ကျုံးလီအာ၏ စကားများက ယဲ့ဖန်ကို တစ်ဒင်္ဂမျှ စိတ်လွတ်အောင် လုပ်ခဲ့သဖြင့် ဤလူ၏ အစီအစဉ် အောင်မြင်သွားခြင်း ဖြစ်သည်။

ဤမြေခွေးအိုကြီးသည် အလွန် ဉာဏ်များက မြစ်ထဲ၌ တစ်စက်လေးမှ မလှုပ်ဘဲ ယဲ့ဖန် ပေါ်လာသည်အထိ စောင့်နေခဲ့သည်။

ကျုံးလီအာ၏ စိတ်ရင်းအတိုင်း ဖွင့်ပြောချက်သာ မရှိလျင် ယဲ့ဖန် အသိစိတ် လွတ်မည် မဟုတ်ပါ။ ထိုသို့ဖြစ်လာလျင် ဤလုပ်ကြံရေးသမား၏ အခွင့်အရေးပင် မရနိုင်ပေ။ သူသည် ကျုံးလီအာ၏ ယဲ့ဖန်အပေါ် ထားသောအချစ်ကို အသုံးချကာ ကျုံးလီအာကို သတ်ခြင်း ဖြစ်ပေသည်။

ယဲ့ဖန်သည် ဒဏ်ရာ အပြင်းအထန်ရကာ အားနည်းနေသော ကျုံးလီအာကို ပွေ့ထားရင်း မျက်လုံးများ တုန်လှုပ်နေကာ ဖြစ်ပေါ်လာမည့် တစ်စုံတစ်ရာကို ဖိနှိပ်ထားရပုံ ပေါက်နေ၏။

မုန်တိုင်းမထန်ခင် လေငြိမ်နေသကဲ့သို့သော အဖြစ်နှင့် ဆင်တူသလို မီးတောင် မပေါက်ကွဲခင် ကြောက်စရာ ကောင်းလောက်အောင် ငြိမ်သက်နေသလိုပင်။

“ဖြောင်း ဖြောင်း ဖြောင်း”

တစ်ဖက်လူထံမှ ခေါင်းတခါခါနှင့် လက်ခုပ်တီးသံ ထွက်ပေါ်လာသည်။

“ကြည်နူးစရာပဲ၊ တကယ့်ကို ကြည်နူးစရာပဲ၊ ငါ လောကထဲမှာ နေလာတာ နှစ်ထောင်ချီလောက် ရှိနေပြီ၊ ဒီလို အရူးအမူး စွဲလမ်းတဲ့ မိန်းမမျိုးကို အခုမှ မြင်ဖူးတာပဲ”

ထို့နောက် သူ့လေသံ ပြောင်းလဲသွားသလို မျက်နှာကလည်း မာကြော အေးစက်လာ၏။

“ဆုချတဲ့အနေနဲ့ ငါ သူ့ကို နုတ်နုတ်စင်းပစ်မယ်၊ ပြီးရင် မင်းကို အရိုးချိုးပြီး ပြာဖြစ်အောင် လုပ်မယ်၊ မင်းတို့က အမြဲ အတူတူ ရှိချင်တာ မဟုတ်လား၊ ငါ မင်းတို့အလောင်းထဲက တစ်လောင်းကို တောင်ပေါ်ကနေ ပစ်ချပေးမယ်၊ နောက်တစ်လောင်းကို ပင်လယ်ထဲ ပစ်ချမယ်၊ ဒါဆို မင်းတို့ ဘယ်တော့မှ မတွေ့နိုင်တော့ဘူးပေါ့”

သတ်ဖြတ်ခြင်းကျောင်းတော်ကို ရန်စရဲသဖြင့် ဤသို့သော အဆုံးသတ်ရပေမည်။ ဤလောက၌ သတ်ဖြတ်ခြင်း ကျောင်းတော်မှ မသတ်နိုင်သည့်လူဟူ၍ မရှိချေ။ ယဲ့ဖန်က သူတို့ကို ခုခံရဲသဖြင့် သတ်ဖြတ်ခြင်း ကျောင်းတော် အတွက် အတော်လေး အရှက်ရစရာ ဖြစ်ခဲ့သည်။

သွေးနီရောင်ဝတ်ရုံနှင့်လူသည် သတ်ဖြတ်ခြင်း ကျောင်းတော်၏ အကြီးအကဲ ရှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်ပြီး သတ်ဖြတ်ခြင်း ကျောင်းတော်သို့ နောက်ဆုံးမှ ဝင်ရောက်လာသူ ဖြစ်သလို နာမည်အကြီးဆုံးသူလည်း ဖြစ်သည်။

အကြောင်းမှာ သူ၏ အထူးချွန်ဆုံးက သူတော်စင်သခင်ကို အမဲလိုက်ခြင်း ဖြစ်နေသောကြောင့်ပင်။ သူ၏ ပစ်မှတ်က သူတော်စင်သခင်အဆင့်အောက်ဆိုလျင် လက်မခံပေ။ ပစ်မှတ်က လူတစ်သိန်းအောက် ဖြစ်နေလျင်လည်း လက်မခံချေ။

သို့သော် သူ လက်ခံလျင်လည်း တစ်ရာရာခိုင်နှုန်း အောင်မြင်ကြောင်း အာမခံနိုင်သဖြင့် မယုံနိုင်စရာ ကောင်းလှသည်။

ထို့အပြင် သူသည် သတ်ဖြတ်ခြင်း ကျောင်းတော်ကို ကူညီပံ့ပိုးခဲ့ပြီး နတ်ဘုရားအဆင့် တာဝန်များကို ပြီးမြောက်‌အောင် လုပ်ပေးခဲ့သည်။

ထို့ကြောင့် ယဲ့ဖန်ကို သတ်ဖြတ်ရမည့် တာဝန် အောင်မြင်ရန်အတွက် သတ်ဖြတ်ခြင်းကျောင်းတော်သည် ဤဝှက်ဖဲကို ထုတ်သုံးကာ သူ့အား ကျုံးကျိုးအင်ပါယာတွင်းသို့ ဝင်ရောက်၍ ယဲ့ဖန်၏ တည်နေရာကို ရှာဖွေစေ ခဲ့သည်။

သို့သော် ယဲ့ဖန်က သူ့စကားကို ကြားဟန်မတူဘဲ ယန်စွမ်းအင်ကို သုံး၍ ကျုံးလီအာ၏ ဒဏ်ရာကို ဆက်လက် ကုသနေသည်။ သူ့ပုံစံက တည်ငြိမ်၍ ထူးဆန်းလွန်းသည်။

ထိုအခါ သွေးနီရောင်ဝတ်ရုံနှင့်လူဒေါသထွက်သွားလေသည်။ သူ့ဘက်က ပြောနေသော်လည်း ယဲ့ဖန်က သူ့ကို မသိချင်ယောင်ဆောင်ထားသည်။ သူ့မျက်နှာ မည်းမှောင်လာပြီး အေးစက်စွာ ပြောလိုက်သည်။

“မင်း အချိန်ဖြုန်းမနေနဲ့၊ သူက ငါ့ဓားချက် ထိထားတာ၊ ကြာကြာ အသက်ရှင်မှာ မဟုတ်ဘူး”

သူ၏ ဓားချက်သည် အလွန် အားပြင်းသည်။ ကျုံးလီအာကဲ့သို့ သာမန်လူ မဆိုထားနှင့် သူတော်စင်သခင် အဆင့်တောင်မှ ဓားချက် တစ်ချက်တည်းဖြင့် ဒဏ်ရာ အပြင်းအထန် ရနိုင်သည်။ သို့သော် ယဲ့ဖန်က တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။

“ဟေ့ကောင် ငါ မင်းကို ပြောနေတာလေ၊ မင်း မကြားဘူးလား”

ယဲ့ဖန်က သူ့ကို ထပ်မံ၍ မသိကျိုးကျွန် ပြုနေသည်ကို မြင်ပြီး သွေးနီရောင်ဝတ်ရုံနှင့်လူ ဒေါသူပုန် ထသွားသည်။

“ကောင်းပြီလေ မင်းက သူ့ကို ဒီလောက် ချစ်နေမှ‌တော့ မင်းရှေ့မှာ ငါ သူ့ကို နုတ်နုတ်စင်းပစ်မယ်”

မြေဆီလွှာ အက်ကွဲပေါက်ကွဲလာပြီး သွေးနီရောင်ဝတ်ရုံနှင့်လူက လေးမှပစ်ခွင်းလိုက်သော မြားတစ်စင်းကဲ့သို့ လျင်မြန်စွာ ပြေးတက်လာပြီး လက်ထဲ၌ ချွန်ထက်သော ဓားသစ်တစ်လက်ကို ကိုင်ဆွဲထားသည်။ သူသည် ကြမ်းကြုတ်သော အမူအရာနှင့်အတူ သတိလစ်နေသော ကျုံးလီအာအား ဓားဖြင့် ထပ်ထိုးလေသည်။

သူ့မျက်နှာတွင် စိတ္တဇဆန်သော အပြုံးတစ်ခု ရှိနေသည်။ ယဲ့ဖန်က ကျုံးလီအာကို အလွန် ဂရုစိုက်သဖြင့် သူ့ရှေ့၌ သူမကို နုတ်နုတ်စင်းပြသည်က အလွန် စိတ်ဝင်စားစရာ ကောင်းလောက်သည်။ ယဲ့ဖန်၏ ဝမ်းနည်းကြေကွဲသော အမူအရာကို မြင်ရရန် သူ မစောင့်နိုင်တော့ချေ။

“ရွှစ်”

ချွန်ထက်သော ဓားသွားက လေကိုခွင်း၍ ကျရောက်သွားသည်။ သို့သော် တစ်ခဏအတွင်းမှာပင် သူ၏ အပြုံး အေးခဲသွားလေသည်။

“ဒေါင်”

ထိုအသံနှင့်အတူ ချွန်ထက်သော ဓားသွားသည် ယဲ့ဖန်၏ လက်ချောင်း နှစ်ချောင်းကြားထဲ၌ ညပ်နေပြီး ရှေ့သို့ ထပ်မတိုးတော့ပေ။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး”

သွေးနီရောင်ဝတ်ရုံနှင့်လူ မှင်တက်သွားသည်။ သူ၏ ဓားသည် လျင်မြန်ထက်ရှကာ အေးစက်လာပြီး သိုင်းအဆင့်တူသူထဲမှ လူတစ်ချို့သာ ခုခံနိုင်သည်။ သို့သော် ယဲ့ဖန်က လက်ချောင်းနှစ်ချောင်းတည်းဖြင့် တားခဲ့သည်။ သူ ဤအရာကို လက်မခံနိုင်ပါ။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

“ထွက်သွား”

ထို့နောက်တွင်မူ မိုးပြိုမတတ် နတ်ဆိုးအော်သံ ထွက်ပေါ်လာပြီး နတ်ဆိုးစွမ်းအင်လှိုင်းများက သွေးနီရောင် ဝတ်ရုံနှင့်လူထံသို့ ပျံ့လွင့်လာ၏။

သွေးနီရောင်ဝတ်ရုံနှင့်လူသည် သည်းခြေပျက်မတတ် လန့်သွားပြီး ဓားကိုစွန့်ပစ်၍ ထွက်ပြေးလေသည်။ သူသည် အမြန်ဆုံးနည်းဖြင့် ယဲ့ဖန်နှင့် ဝေးရာ ဆယ်မီတာကျော်သို့ ချက်ချင်း ရှောင်တိမ်းလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မြစ်ကမ်းတစ်လျောက် ကတ္တရာ လမ်းမကြီး အက်ကွဲပျက်စီးသွားပြီး အလျား မီတာတစ်ရာနှင့် နှစ်မီတာနက်သော တွင်းချိုင့်တစ်ခု ဖြစ်ပေါ်လာသည်။

*ဒါက*

သွေးနီရောင်ဝတ်ရုံနှင့်လူ တံတွေးကို မနည်းမျိုချလိုက်မိသည်။

*နတ်ဆိုးလိုအော်သံမှာ ဒီလို ကြောက်စရာကောင်းတဲ့ စွမ်းအင် ရှိတာလား*

*ဒီကောင် … လူမှဟုတ်ရဲ့လား*

တစ်ခုခု မူမမှန်ကြောင်း သူ ခံစားမိစ ပြုလာသည်။ ဤလူငယ်လေးက ရက်စက်ပုံပေါ်ကာ တစ်ခုခု မှားယွင်းသလို ဖြစ်နေသောကြောင့် သူ စိတ်မသက်မသာ ဖြစ်လာ၏။

ထိုစဉ် ငရဲတစ္ဆေနှင့် မိစ္ဆာအိုကြီး ဟွမ်ချွမ်တို့ ရောက်လာသည်။ ထိုအလောင်းကောင် နှစ်ကောင်လုံးသည် သွေးများနှင့် ရွဲနစ်နေပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ပြုလုပ်ခဲ့ပုံ ပေါ်သည်။

“သူ့ကို စောင့်ရှောက်ထား”

ယဲ့ဖန်က အမိန့်ပေးလိုက်ပြီးနောက် ကျုံးလီအာကို အသာချလိုက်သည်။ ထို့နောက် သွေးနီရောင်ဝတ်ရုံနှင့်လူထံသို့ လျှောက်သွားလိုက်သည်။

သူသည် ဒေါသထွက်ကာ ရက်စက်၍ ရူးမတတ် လူသတ်တော့မည့်ပုံ ပေါ်နေသည်။ ယနေ့ည ယဲ့ဖန် အလွန် ဒေါကန်ကာ တစ်လောကလုံးကို လှုပ်ခါတော့မည့်ပုံပင်။

“မင်း…”

သွေးနီရောင်ဝတ်ရုံနှင့်လူ၏ အသံက သွေးပျက်သောအသံဖြင့် ပြောင်းလဲသွားပြီး သူ့မျက်လုံးတွင် ကြောက်စိတ်များ ပေါ်လာသည်။

*ငါ့ရှေ့ကလူကို ဘာတွေ မြင်နေမိတာလဲ*

ယဲ့ဖန် တစ်လှမ်းချင်း လျှောက်လာနေသည်ကို သူ မြင်နေရပြီး ယဲ့ဖန်၏ အနောက်၌ ငရဲမှ မြင်ကွင်းတစ်ခု ပေါ်နေကာ ကြောက်စရာကောင်းသော တစ္ဆေများ ထွက်လာပြီး သူ့ကျောနောက်၌ ဒူးထောက်နေကြသည်။

*ဒီလူက လမ်းလျှောက်နေရင်း ငရဲကနေ ထွက်လာသလိုပဲ*

“မင်းက ဘာကောင်လဲ”

သွေးနီရောင်ဝတ်ရုံနှင့်လူ ဒေါသတကြီး အော်ဟစ်လိုက်မိသည်။ သူ့ပုံစံက ငရဲကျတော့မလို ဖြစ်နေသဖြင့် ကြောက်လန့်ပုံ ပေါက်နေ၏။

*သူတော်စင်သခင်အဆင့်တောင်မှ ဒီလို ကြောက်စရာကောင်းတဲ့ ပုံရိပ်ကို မလုပ်နိုင်ဘူး*

*ဒီကောင်က လူမဟုတ်ဘူးပဲ*

ယြ့ဖန်က သူ့ကို ကြည့်ကာ တည်ငြိမ်၍ နတ်ဆိုးဆန်သော လေသံဖြင့် ပြောလိုက်သည်။

“ငါက ငရဲပဲ”

All Chapters