သေလမ်းရှာနေတာပဲ
Vol. 86-89 Ch. 1312
“ငါက ငရဲပဲ”
ထိုစကားအဆုံး၌ အနီရောင်ဝတ်ရုံနှင့်လူသည် ကောင်းကင်ယံမှ အအေးလှိုင်းကို ခံစားမိကာ ဓာတ်လိုက်သကဲ့သို့ တုန်တက်သွားသည်။ သူ၏ မသိစိတ်က ဤလူ နောက်နေခြင်း မဟုတ်ကြောင်း ပြောနေ၏။
*သူ တကယ် ငရဲက လာတာပဲ*
ထိုစကားကြောင့် အနီရောင်ဝတ်ရုံနှင့်လူ တိုက်ခိုက်ချင်စိတ် ပျောက်သွားသည်။
*မနိုင်နိုင်ဘူး*
သူ့အရှေ့မှလူကို သူ နိုင်နိုင်ချေ မရှိပါ။ ငရဲမှ ထွက်လာသော အမည်မသိ သတ္တဝါတစ်ကောင်။ တစ်ဖက်လူသည် လုံးဝ လူမဟုတ်ပါ။
*ဒီလိုမိစ္ဆာမျိုးကို ပြိုင်ဘက်ကင်းတဲ့ ကျောင်းတော်သခင်ပဲ ယှဉ်နိုင်လောက်တယ်*
*ထွက်ပြေးရမယ်*
ထိုအတွေးဝင်လာသည်နှင့် အနီရောင်ဝတ်ရုံနှင့်လူသည် ချက်ချင်း သတိဝင်လာပြီး နောက်ဆုတ်ကာ လေဟာနယ်တွင်း၌ ပျောက်ကွယ်သွားသည်။ အစအနပင် မရှိဘဲ ပျောက်ကွယ်သွား၏။ လေဟာနယ်၏ အစွမ်းကိုသုံး၍ သူ အဝေးသို့ ထွက်ပြေးရန် ကြံစည်ထားသည်။
လေဟာနယ်တွင်း၌ ပုန်းအောင်းပြီးနောက် သူသည် ယဲ့ဖန်ဘေးမှ ဖြတ်သွားရင်း အေးစက် ခက်ထန်သော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် တစ်ကိုယ်တည်း ကြုံးဝါးလိုက်သည်။
*ခွေးကောင် နောက်တစ်ခါ ငါ မင်းနဲ့တွေ့ရင် မင်းခေါင်းကို ငါ အရယူပြမယ်ကွ”
သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က အနီရောင်ဝတ်ရုံနှင့်လူ စိတ်မွန်းကြပ်သွားစေမည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လာသည်။ ယဲ့ဖန်က သူ့ဘက်သို့ တဖြည်းဖြည်း လှည့်လာပြီး စိုက်ကြည့်လာ၏။
ထိုအကြည့်များက လေးနက်ပြီး ချောက်နက်သဖွယ် အဆုံးမရှိသော အမှောင်ထု ရှိနေပုံရပြီး သူ့စိတ်ဝိညာဉ်ကို ဝါးမျိုသွားသလိုပင်။
အနီရောင်ဝတ်ရုံနှင့်လူ မျက်လုံးပြူးသွားပြီး စိတ်ထဲ၌ ကျယ်လောင်စွာ အော်ဟစ်နေမိသည်။
*မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး*
*ငါ လေဟာနယ်ထဲမှာ ပုန်းနေတာကို ဘယ်လိုလုပ် ယဲ့ဖန်က ငါ့တည်နေရာကို သိနေတာလဲ*
*ထင်ယောင်ထင်မှား ဖြစ်တာ*
*ဒါ ထင်ယောင်ထင်မှား ဖြစ်တာပဲ ဖြစ်ရမယ်*
သို့သော် ယဲ့ဖန် ဆက်ပြောလာသည့် စကားက သူ့ကို ဆောက်တည်ရာမရ ဖြစ်သွားစေသည်။
“နတ်ဆိုးရဲ့ မျက်လုံးအောက်ကနေ ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား”
“မင်း ငါ့အမျိုးသမီးကို ထိခိုက်အောင် လုပ်ပြီးသွားမှ ထွက်ပြေးနိုင်မယ်လို့ ထင်နေသေးတာလား”
“ငါ မင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား”
ထိုစကားအဆုံး၌ ယဲ့ဖန်က လေဟာနယ်အား ဒေါသတကြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။
“ဝုန်း”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အနီရောင်ဝတ်ရုံနှင့်လူ ရှိနေသော လေဟာနယ်က အက်ကွဲသွား လေသည်။
“အား …”
သူ အော်ဟစ်ရင်း လဲကျသွားသည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး သွေးများ တတောက်တောက် စီးကျနေကာ ကွဲသွားသည့် ကြွေထည်ကဲ့သို့ ပျက်စီးလုမတတ် ဖြစ်လာ၏။
အနီရောင်ဝတ်ရုံနှင့်လူသည် ယဲ့ဖန်အား သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ မယုံနိုင်သလို ကြည့်လာသည်။
*သူ လက်သီးနဲ့ လေဟာနယ်ကို ဖျက်ဆီးလိုက်တာလား*
လက်ရှိတွင် သူ့မျက်လုံး၌ အထင်သေးမှုများ ပျောက်ကွယ်သွားပြီး မယုံနိုင်ဟန်နှင့် ကြောက်စိတ် တစ်စွန်းတစ ပေါ်နေသည်။
သူ အမှားကြီးတစ်ခုကို ကျူးလွန်လိုက်မိပြီဖြစ်ကြောင်း ရိပ်မိသွားပြီး ကျားနှုတ်ခမ်းမွေးကို သွားဆွဲနုတ်လိုက်မိပြီဟု သိလိုက်လေသည်။ ဖြစ်လာမည့် အကျိုးဆက်ကို သူ တောင့်မခံနိုင်ပါ။
*ဒီလူက ကြောက်ဖို့ကောင်းတယ်*
“ငါ့အမျိုးသမီးကို ထိခိုက်အောင် လုပ်ခဲ့မှတော့ မင်း သေကိုသေရမယ်၊ သတ်ဖြတ်ခြင်း ကျောင်းတော်လည်း သေရမယ်၊ မင်းတို့အားလုံး သေကိုသေရမယ်”
ယဲ့ဖန်က ထိုသို့ပြောပြီးနောက် နေရာမှာ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ ထို့နောက် အနီရောင်ဝတ်ရုံနှင့်လူရှေ့သို့ ပြန်ပေါ်လာသည်။ အနီရောင်ဝတ်ရုံနှင့်လူသည် အတွေးထဲ ဗလာဖြစ်သွားလေ၏။
*အရမ်း မြန်လွန်းတယ်၊ ဘယ်လိုလုပ် ဒီကောင်က ဒီလောက် မြန်တာလဲ*
သူ တုန့်ပြန်ချိန်ပင် မရလိုက်ဘဲ လက်သီးတစ်လုံးက သူ့ရင်ဘတ်ပေါ် ကျရောက်လာသည်။
“ဝုန်း”
အနီရောင်ဝတ်ရုံနှင့်လူ လွင့်ထွက်သွားပြီး ပါးစပ်ထဲမှ သွေးအန်လာကာ ခန္ဓာကိုယ်မှ ဒဏ်ရာများကလည်း ပိုမို ပြင်းထန်လာသည်။ အနီရောင်ဝတ်ရုံနှင့်လူ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။
သူ နာမည်ကျော်လာပြီးကတည်းက ဤသို့သော ကြောက်စရာကောင်းသည့်လူမျိုးနှင့် တစ်ခါမှ မကြုံဖူးပါ။ ယခုအခါ၌ သူသည် ခွေးသဖွယ်၊ ဝက်သဖွဘ် အသတ်ခံနေရပြီး ပြန်ခုခံနိုင်သည့် အင်အားလည်း မရှိပေ။
သူ့မျက်နှာ ပြာနှမ်းနေပြီး လက်ရှိတွင် သူ၏ မောက်မာခြင်းများအားလုံး မရှိတော့ချေ။ သူသည် လက်ကျန် ခွန်အားကို အကုန်သုံး၍ အသည်းအသန် ထွက်ပြေးနေမိသည်။
သူ မသေချင်သေးသဖြင့် ဤနတ်ဆိုးထံမှ လွတ်အောင် ပြေးချင်နေ၏။ ယခုအခါ၌ သူသည် လေဟာနယ်ကိုသုံး၍ ထွက်မပြေးရဲတော့ဘဲ ပုန်းကွယ်ခြင်း သိုင်းပညာကိုသုံးလိုက်သည်။ သူတော်စင်သခင်အဆင့်၏ ပုန်းကွယ်ခြင်း သိုင်းပညာက သာမန်ထက် ထူးခြားလွန်းပေသည်။ တစ်ခဏအတွင်း သူ ဆယ်မိုင်အကွာသို့ ရောက်ရှိသွားသည်။
ယဲ့ဖန် သူ့နောက် မလိုက်လာသည်ကို မြင်ပြီး သူ့မျက်နှာ၌ ပျော်ရွှင်ဟန် ပေါ်လာ၏။
*အရူး*
*တကယ့် သောက်ရူး*
*ဒါ တကယ့် အရှုံးနဲ့ ကြုံရမယ့် ကိစ္စပဲ၊ ပိုက်ဆံ ဘယ်လောက်ပဲ ပေးပေး နောက်ပိုင်း သူ့ကို သတ်ဖို့ ကျုံးကျိုး အင်ပါယာကို ခြေမချတော့ဘူး*
ထိုသို့တွေးတောနေပြီးနောက် အနီရောင်ဝတ်ရုံနှင့်လူသည် မြောက်ဘက်မှ မြန်မြန် ထွက်ပြေးချင်ကာ အင်ပါယာတွင်းမှ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးချင်နေလေသည်။
သို့သော် သူ့အရှေ့မှ ကောင်းကင်ယံကို ကြည့်ပြီး ဘာကြောင့်မှန်းမသိဘဲ သူ့အပျော်များ ပျောက်ပျက်သွားသည်။ သူ့အရှေ့၌ အလင်းပင် တိုးမပေါက်နိုင်သည့် အမှောင်ထု ရှိနေပြီး ထိုအမှောင်ထုတွင်း၌ လူတစ်ယောက်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ရပ်နေ၏။
ရုတ်ချည်းဆိုသလိုပင် အနီရောင်ဝတ်ရုံနှင့်လူသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်ကာ တစ်ကိုယ်လုံး ကြက်သီးထ လာသည်။
လျင်မြန်မှုပိုင်း၌ သတ်ဖြတ်ချင်း ကျောင်းတော်မှ ဆရာသခင်များသာလျင် အချင်းချင်း ယှဉ်ပြိုင်နိုင်၏။ အဘယ်ကြောင့် ဤလူငယ်လေးက သူ၏ ပုန်းကွယ်ခြင်း သိုင်းပညာကို သိမြင်ပြီး ကြို၍ တားဆီးနိုင်နေရသနည်း။
“မင်းက ငါ့ကို ငရဲပွင့်လာအောင် ဖိအားပေးခဲ့ပြီးမှ ထွက်ပြေးချင်နေတာလား”
ယဲ့ဖန်က အေးတိအေးစက် အသံဖြင့် မေး၍ သူ့ထံသို့ တစ်လှမ်းချင်း လှမ်းလာသည်။ ငရဲက သူ့အား လက်ယပ်ခေါ် နေသည်ဟု ထင်မှတ်ရသည်။
“မဟုတ်ဘူး ငါနဲ့ ဝေးဝေးနေ”
အနီရောင်ဝတ်ရုံနှင့်လူ ကြောက်လန့်သွားသည်။ သူသည် နှစ်ထောင်ချီ၍ အသက်ရှင်နေခဲ့သော်လည်း ယခုလောက်အထိ တစ်ခါမှ ဆောက်တည်ရာမရ ဖြစ်ပြီး မကြောက်လန့်ဖူးပါ။ သူ့အရှေ့မှ လူငယ်လေးက သူ့အား အဆုံးစွန်အထိ ရူးသွပ်အောင် လုပ်နေလေသည်။
သူသည် သတ်ဖြတ်ခြင်း ကျောင်းတော်၏ လေးစားရသူ ဖြစ်သည်။ ကြမ်းကြုတ်သော နာမည်နှင့် ကျော်ကြားသည့် အနီရောင်ဝတ်ရုံနှင့်လူ ဖြစ်သည်။ လောက၌ လူအများသည် သူ့နာမည်ကြားရုံနှင့် ကြောက်လန့်ရသော်လည်း အဘယ်ကြောင့် ဤလူငယ်လေးက သူ့အား အလွန် အားမရှိအောင် ခံစားရစေသနည်း။
သူ ထွက်ပြေးချင်ပါသော်လည်း သူ့ခြေထောက်များက အမြစ်တွယ်သကဲ့သို့ ဖြစ်ကာ ခြေလှမ်းတစ်ဝက်ပင် လှမ်းရန် ခက်ခဲနေ၏။
ထို့ကြောင့် ယဲ့ဖန်တစ်ယောက် နတ်ဆိုးတစ်ကောင်သဖွယ် လျှောက်လှမ်းလာနေသည်ကိုသာ သူ မတတ်သာဘဲ ကြည့်နေရသည်။
“ဒုန်း”
ဘာအပိုစကားမှ မဆိုဘဲ သူ့ကို ထိုးနှက်လာ၏။ အနီရောင်ဝတ်ရုံနှင့်လူသည် နံရိုးဆယ်ချောင်းကျော် ကျိုးကြေ သွားပြီး သွေးများနှင့်အတူ အသားစတစ်ချို့ အန်လာသဖြင့် သူ့အဝတ်အစားက အနီရောင် ခြယ်ထားသကဲ့သို့ ရဲရဲနီလာသည်။
သူ မြေကြီးပေါ် လဲကျကာ အသက်ကို မနည်းရှူနေရသည်။ လက်သီးတစ်ချက်က သူ့အား ဒဏ်ရာ အပြင်းအထ် ရစေပြီး နောက်လက်သီးတစ်ချက်က သူ့အား ဒုက္ခိတဖြစ်အောင် လုပ်နိုင်လေသည်။
ယခု သူ တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ ခွေးသေတစ်ကောင်သကဲ့သို့ မလှုပ်မယှက် လဲနေသည်။ သူ မချိပြုံး ပြုံးနေမိသည်။
*အချက်အလက်က မှားနေတာပဲ၊ ဒီလူက သူတော်စင်သခင်အဆင့် မပြောနဲ့ လူတောင် မဟုတ်ဘူး*
သူ မောက်မာစွာ မရယ်မောနိုင်တော့ပါ၊ ယခင်က သူ ယဲ့ဖန်ကို အရိုးချိုး၍ ပြာဖြစ်အောင် လုပ်ခဲ့မည်ဟု ခြိမ်းခြောက်ခဲ့သည့်အတွက် ရှက်ရွံ့နေမိသည်။ သူ အပိုစကားများ ပြောခဲ့သည်ဟု ခံစားမိနေ၏။ ဤသို့သော နတ်ဆိုးမျိုးရှေ့၌ ပြာဖြစ်အောင် လုပ်မည်ဟု သူ ပြောခဲ့သည်တဲ့လား။ အဓိပ္ပာယ် မရှိလိုက်လေခြင်း။ မသေခင် ရန်သူထံမှ လှောင်ပြောင်ခံခြင်းက ခံရခက်လှပေသည်။
“ဒါနဲ့ ပြီးသွားလိမ့်မယ်လို့ မင်း ထင်နေလား၊ မင်း ငါ့ကို သတ်နိုင်ပင်မယ့် မင်းကောင်မလေးနဲ့ သူ့မိသားစုအားလုံး သေမှာကွ”
အနီရောင်ဝတ်ရုံနှင့်လူက သူ ပြေးမလွတ်နိုင်မှန်း သိနေသဖြင့် ယဲ့ဖန်အား လှောင်ပြောင်သရော်စကား ပြောလိုက်သည်။
ယဲ့ဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြန်ပြောလိုက် လေသည်။
“သူတို့ မသေဘူး၊ မင်းကတော့ သတ်ဖြတ်ခြင်းကျောင်းတောင်နဲ့အတူ သေရလိမ့်မယ်”
“ဒုန်း ဝုန်း”
မြေဆီလွှာက မီတာတစ်ရာအထိ အက်ကွဲသွားပြီး လေပြင်းများ တိုက်ခိုက်သွားလေသည်။ အနီရောင်ဝတ်ရုံနှင့်လူ စိစိညက်ညက် ကြေသွားလေပြီ။
ယဲ့ဖန်၏ ခါးက ဖြောင့်မတ်နေပြီး တစ်ကိုယ်လုံးမှ နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်နေကာ မျက်လုံးများက သွေးဆာနေသော နတ်ဆိုးတစ်ကောင်၏ မျက်လုံးသဖွယ် စွေးစွေးနီနေ၏။
“ဘာလို့ မင်းတို့က သေချင်နေရတာလဲ”
…
တစ်ချိန်တည်းမှာပင် အိမ်တစ်အိမ်တွင်း၌ သတ်ဖြတ်ခြင်း ကျောင်းတော်မှ အရှင်သခင်သုံးယောက်သည် စားပွဲရှေ့၌ ထိုင်နေပြီး သူတို့ဘေး၌ သတ်ဖြတ်ခြင်း ကျောင်းတော်မှ ထူးချွန်သော လုပ်ကြံရေးသမားများလည်း ရှိနေသည်။
တစ်ဖက်တွင်မူ ကျုံးလီအာ၏ မိဘများက သွေးအလိမ်းလိမ်းနှင့် ကြမ်းပြင်ပေါ် လဲနေကာ သေလုမျောပါး ဖြစ်နေ၏။ သူတို့သည် သွေးဆုံးရှုံးမှုများနေသဖြင့် မကြာခင် သေရပေတော့မည်။
သို့သော် စုဝမ်ချင်းနှင့် ဝမ်ကျန်းကျုံးက ဤအဖြစ်ကို မမြင်သကဲ့သို့ ထိုလူသုံးယောက်အား နွေးထွေးပျူငှာစွာ ဧည့်ခံနေသည်။
“အနီရောင်ဝတ်ရုံ ထွက်သွားတာ ကြာနေပြီ ဘာလို့ ပြန်မလာသေးတာလဲ”
တုတ်ကောက်နှင့် အဘိုးအိုက မေးခွန်းထုတ်သလို ပြောလာ၏။ အနီရောင်ဝတ်ရုံနှင့်လူအကြောင်း သူ သိထားသလောက်ဆိုလျင် လွန်ခဲ့သော နာရီဝက်ကတည်းက ပြန်လာသင့်နေလေပြီ။
“မတော်တဆမှုနဲ့များ ကြုံနေရတာများလား”
ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်၊ နှစ်လိုဖွယ်ကောင်းသော မျက်နှာနှင့် အရောင်စုံ အဝတ်အစားနှင့် ဆံပင်ဆိုးကာ မိတ်ကပ်ထူလပျစ် လိမ်းထားသည့် ကလူတတ်သော အမျိုးသမီးတစ်ယောက်က ပြောလာသည်။ သူမ၏ နာမည်ပြောင်မှာ မြွေပွေးမိန်းမလှလေး ဖြစ်သည်။
သူမခန္ဓာကိုယ်တစ်ခုလုံး၌ မမြင်ရသော သေစေနိုင်သည့် အဆိပ်များနှင့် ပြည့်နေသည်။ သတ်ဖြတ်ခြင်း ကျောင်းတော်က အနီရောင်ဝတ်ရုံနှင့်လူ မအောင်မြင်ခဲ့လျင် လိုလိုမယ်မယ်ဟူ၍ ဤလူသုံးယောက်ကိုပါ ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
သူမအရှေ့မှ ကောင်လေးတစ်ယောက်က အေးစက်စက် ပြန်ခနဲ့လာသည်။
“ခင်ဗျား အတွေးလွန်မနေဘူးလား၊ အနီရောင်ဝတ်ရုံက ကျုပ်တို့လေးယောက်ထဲမှာ အသန်မာဆုံးပဲ၊ ပြီးတော့ သူ့ရဲ့ လုပ်ကြံရေး ပညာကလည်း ပိုပြီးတော့ ဆရာကျသေးတယ်၊ ဘယ်လိုလုပ် မတော်တဆ ထိခိုက်နိုင်မှာလဲ”
ဤကောင်လေးအား သူတော်စင်သခင် ကလေးငယ်ဟု ခေါ်သည်။ သူသည် ခေါင်းမာသော လူငယ်တစ်ယောက် ဖြစ်ကာ သန္ဓေပါ နတ်ဆိုးဖြစ်ပြီး မွေးကတည်းက သူ့မိဘများကို ပြန်စားခဲ့သူ ဖြစ်လေသည်။ သူသည် လူသား စားရသည်ကို နှစ်ခြိုက်၏။ သူ၏ မိစ္ဆာလမ်းစဉ်ဖြင့် အောင်မြင်လာခဲ့သူ ဖြစ်ပြီး လောက၏ မိစ္ဆာတစ်ကောင် ဖြစ်သည်။ သူ့အသက်က နှစ်သုံးထောင်ကျော်နေသော်လည်း ယခုအထိ ကလေးတစ်ယောက်၏ ပုံစံအတိုင်းသာ ရှိနေသည်။
သူ့စကားကို ကြားသော် စုဝမ်ချင်းက တောက်ပစွာ ပြုံးလိုက်ပြီး မနာလိုဝန်တိုစွာ ပြောလိုက်သည်။
“ဟုတ်ပါတယ်၊ အကြီးအကဲတို့က သိပ်စွမ်းတာပဲကို၊ ယဲ့ဘုရင်မှာ နည်းတစ်ချို့ ရှိတယ်ဆိုရင်တောင်မှ ဘယ်လိုလုပ် ရှင်တို့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ”
သူတို့သုံးယောက်က သူမကို ထူးဆန်းသလို ကြည့်ကာ မေးလာ၏။
“မင်းက အဲ့ကောင်ရဲ့ အဒေါ် မဟုတ်ဘူးလား၊ မင်းက သူ့ကို သေစေချင်နေတယ်လို့ ငါ ဘာလို့ တွေးမိနေရတာလဲ”
စုဝမ်ချင်းက သူတို့ကို မျက်နှာလုပ်ချင်၍ ပြောခြင်း မဟုတ်ဘဲ ယဲ့ဖန်ကို တကယ် သေစေချင်နေမှန်း သူတို့ ခံစားမိသည်။
“ကျွန်မက သူ့အဒေါ်ဆိုပင်မယ့် အဲ့မျိုးမစစ်ကောင်က ကျွန်မကို မလေးမစားလုပ်တဲ့အပြင် အရှက်ခွဲသေးတယ်လေ၊ ကျွန်မ သူ့ကို စတွေ့တုန်းက အကန်တွေ ပြောလိုက်မိတယ်၊ ကျွန်မဆီကနေ အငြင်းခံလိုက်ရတော့ သူက ပိုဒေါသထွက်လာပြီး ကျွန်မကို သတ်ချင်တယ်လေ၊ ကျွန်မ ဘယ်လိုလုပ် သူ့ကို မမုန်းဘဲ နေမှာလဲ”
စုဝမ်ချင်း အံကြိတ်ထားမိသည်။ ယဲ့ဖန်က သူ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး သူမအား အမြင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ပေးရန် ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် ယဲ့ဖန် သေကိုသေသင့်ပေသည်။ သူမစိတ်ထဲရှိ မနာလိုခြင်းမှ အမုန်းတရားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျုံးလီအာ၏ မိသားစုက ယဲ့ဖန်ကဲ့သို့ နာမည်ကျော်တစ်ယောက်နှင့် အလွန် ရင်းနှီးခွင့်ရသည်အထိ ကံကောင်းလွန်း သဖြင့် သူမ မနာလိုဖြစ်မိသည်။ သို့သော် သူတို့က ထိုသို့သောလူနှင့် ရင်းနှီးသော်လည်း သူမတို့အား ချမ်းသာ၍ စည်းစိမ်ခံနိုင်မည့် အခွင့်အရေးမျိုး ပေးမလာသည့်အတွက် သူမ မုန်းတီးစိတ် ဝင်လာရသည်။
အထူးသဖြင့် ယဲ့ဖန်က သူမကို ယခုထိ သတ်ချင်နေဆဲပင်။ သူမ ဘာမှမလုပ်ရဲသော်လည်း စိတ်ပျက်ကာ မုန်းတီးမိသည်။
“ဘာ … အဲ့ယဲ့ဘုရင်က တကယ့် တိရစ္ဆာန်ပဲ၊ သူ့အဒေါ်ကိုတောင် အလွတ်မပေးပါလား”
တုတ်ကောက်နှင့် အဘိုးအိုက လှောင်ရယ်၍ ယဲ့ဖန်အား လူ့အမှိုက်ဟု ပြောဆိုနေ၏။
“အဲ့ဒါကြောင့် လူကြီးမင်းတို့သုံးယောက် ကျွန်အတွက် တရားမျှတမှု ရှာပေးရမယ်နော်”
စုဝမ်ချင်းက ချက်ချင်း မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သနားကမားပုံ ဖမ်းကာ ပြောလိုက်သည်။ ထိုအကြည့်က ယဲ့ဖန်ထံမှ တကယ် အသားယူခံခဲ့ရသည်ဟုပင် ထင်မှတ်မှားရသည်။
“စိတ်မပူနဲ့ လူတစ်ယောက် အဲ့ကောင်ရဲ့ ခေါင်းပြတ်ကို ကိုင်ပြီး ရောက်လာဖို့ သိပ်မကြာတော့ဘူး”
မြွေပွေး မိန်းမလှလေးက တခစ်ခစ် ရယ်လေသည်။ ထိုရယ်သံက ဝမ်ကျန်းကျုံးအား မသိမသာ ရူးသွပ်သွားစေ၏။
“ဒီလိုဆိုရင်တော့ လူကြီးမင်းတို့သုံးယောက်ကို အထူး ကျေးဇူးတင်ပါတယ်”
စုဝမ်ချင်းက သူတို့သုံးယောက်ရှေ့၌ ချက်ချင်း ဒူးထောက်ကာ စိတ်လှုပ်ရှားစွာ ဝပ်တွား၍ အရိုအသေ ပေးလိုက်သည်။ သူမစိတ်ထဲ၌ အလွန်အမင်း ပျော်ရွှင်နေလေသည်။
*မျိုးမစစ်ကောင် ဒီတစ်ခါတော့ နင် မသေဘဲ ရှိရိုးလား*