← Chapters

အခန်း (၂၅၆-၂၅၇)

Vol. 21 Ch. 256-257

အခန်း (၂၅၆-၂၅၇)

Vol. 21 Ch. 256-257

အခန်း ၂၅၆ - သုံးနှစ်ကြာပြီးနောက်

ဘာသာပြန်၏ အမှာစာ ။ ။ ကျွန်တော်မအားသေးတဲ့အတွက် မရေးအားသေးတာပါခင်ဗျာ။ အခုလည်း မအားသေးပါဘူး။ ဒါလေးက ဒီရက်ပိုင်းရေးထားတာလေးပါ။ free ပဲ တင်ပေးသွားတော့မှာ ဖြစ်တဲ့အတွက် ဒီapp မှာပဲ ဖတ်ရှုနိုင်ပါမယ်။ ၅ ပိုင်း ၁၀ အစရှိသလို အဆင်ပြေသလိုပဲ တင်ပေးသွားမှာ ဖြစ်တဲ့အတွက် ဝယ်ယူဖတ်ရှုဖူးသူ လူတစ်ဦးစီတိုင်းအား အလေးအနက် ဦးညွှတ်တောင်းပန်လိုက်ပါတယ် ခင်ဗျာ။ ဝေဖန်သူတိုင်းအားလည်း အလေးအနက် တောင်းပန်ပါတယ်ခင်ဗျာ။

.....

ဖန့်ရန်သည် အကြိမ် (၃၀) မြောက် ဆင့်ကဲဖြစ်စဉ်ပြီးဆုံးပြီးနောက် သူ၏ အဆင့်သည် အဆင့် (၃၁) ဖြစ်သွားခဲ့ပြီး ကျွမ်းကျင်မှုရမှတ် (၃၀) ကို ဆုလာဘ်အဖြစ် ရရှိခဲ့သည်။

လူသားမဟာမိတ်၏ အဆက်မပြတ် တိုးတက်လာသော နည်းပညာများကြောင့် သူသည် ကျွမ်းကျင်မှုရမှတ်များကို စွမ်းအင်ဒိုင်ကာကို အဆင့်မြှင့်တင်ရာတွင် အသုံးပြုခဲ့သည်။

အဆင့် (၂) သို့ အဆင့်မြှင့်တင်ပြီးနောက် စွမ်းအင်ဒိုင်ကာ လွှမ်းခြုံနိုင်သော နယ်ပယ်သည် (၁) ကီလိုမီတာမှ (၅) ကီလိုမီတာအထိ တိုးလာခဲ့ပြီး လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်မှုအားလည်း ပိုများလာခဲ့သည်။ အကယ်၍ သာမန်လေယာဉ်တစ်စင်းသာ ဤနယ်ပယ်အတွင်း ဝင်ရောက်လာမည်ဆိုလျှင် ပျက်ကျသွားခြင်း သို့မဟုတ် ပေါက်ကွဲသွားခြင်းတို့သည် ဖြစ်နိုင်ခြေ အလွန်များသည်။

သို့သော် လူသားမဟာမိတ်သည် လျှပ်စစ်သံလိုက်လှိုင်း တန်ပြန်နည်းပညာအသစ်တွေ စတင်စမ်းသပ်နေပြီဆိုတာကို ဖန့်ရန် သိထားသည်။ သို့ပေမဲ့ သူသည် ဤစွမ်းရည်ကို အဆက်မပြက် အဆင့်မြှင့်တင်ခြင်းဖြင့် ၎င်းတို့၏ တန်ပြန်နည်းပညာများပင် သူ၏ စွမ်းရည်အစွမ်းကို ကာကွယ်နိုင်တော့မည် မဟုတ်ဟု သူယုံကြည်သည်။

သူ၏ ဤစွမ်းရည်ကို အဆင့်မြှင့်တင်ရခြင်းသည် လူသားမဟာမိတ်၏ ရန်က ကြိုတင်ကာကွယ်မှုရရှိရန်ပင် ဖြစ်သည်။ သူတို့သည် လက်ရှိအခြေအနေ၌ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွင် ရှိနေသော်လည်း နောက်ဆုံးတော့ သူက သားရဲတစ်ကောင်သာ ဖြစ်သည်။ သူသည် ကမ္ဘာပေါ်ရှိ သားရဲအားလုံးကို သုတ်သင်ရန်အတွက် အစွန်းရောက်သည့် ပါတီများအကြောင်း သိသောကြောင့် သဘဝအတိုင်း သတိထားရမည် ဖြစ်သည်။

ဤအတောအတွင်း လူသားမဟာမိတ်သည် အနီးအနားရှိ ကျွန်းများစွာကို ရှင်းလင်းခဲ့ပြီး ဒိုင်နိုဆောများစွာနှင့် ရှေးဟောင်း သားရဲ၊ သန္ဓေပြောင်းသားရဲများစွာကို သုတ်သင်ရှင်းလင်းခဲ့သည်။ ထို့အပြင် ကိုင်းဂျူး သားရဲများ ဦးဆောင်သည့် သားရဲဒီရေလှိုင်း၏ တိုက်ခိုက်မှုခံခဲ့ကြရသည်။ ထိုအတောအတွင်း ဖန့်ရန်သည် ၎င်းတို့၏ တိုက်ပွဲအကျိုးအမြတ်ကို အရှက်မဲ့စွာ လိုက်လံသိမ်းယူခဲ့သည်။

သို့သော် ဖန့်ရန်သည် အချိန်ပြည့် တိုက်ပွဲအကျိုးအမြတ်ကို သိမ်းယူနေခြင်းတော့ မဟုတ်ပေ။ သူသည် တစ်ခါတစ်ရံတွင် ကိုင်းဂျူး သားရဲများကို တိုက်ခိုက်တတ်ပြီး အထူးသဖြင့် ၎င်းတို့ မကိုင်တွယ်နိုင်သော အဆင့် (၆) ကိုင်းဂျူး သားရဲများ ဖြစ်သည်။ ဤသို့ ပြုလုပ်ခြင်းသည် လူသားမဟာမိတ်ကို အကူအညီပေးခြင်း ဖြစ်ကာ လူသေဆုံးမှုများနှင့် ရုပ်ဝတ္ထုအရင်းအမြစ်များ ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးသည်။ ၎င်းသည် နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေ ဖြစ်သည်။

ဂြိုလ်သားများသည် သူ့ကို ပစ်မှတ်ထားနေသော်လည်း ဖိအားမျှဝေနိုင်သော လူသားမဟာမိတ် ရှိနေသောကြောင့် အထူးအဆန်း ခံစားရခြင်း မရှိ​ပေ။ သို့သော် လူသားမဟာမိတ် ကျရှုံးနိမ့်သွားမည်ဆိုလျှင် ဂြိုလ်သားများသည် ၎င်းတို့၏ အင်အားစုများကို အသုံးပြုကာ သူ့အပေါ်အာရုံစိုက်လာမည် ဖြစ်သည်။ ဤသို့ဖြင့် သူ့တွင် အန္တရာယ်များ ရှိလာနိုင်သည်။

လက်ရှိအချိန်တွင်။

ဆင့်ကဲဖြစ်စဉ်အပြီးတွင် ကျွမ်းကျင်မှုရမှတ်များအပြင် သူ၏ အရွယ်အစားလည်း များစွာတိုးလာခဲ့သည်။ ယခင် အဆင့် (၃၀) တွင် သူ၏ အလျားသည် မီတာ (၃၅၀) သာရှိသော်လည်း ဆင့်ကဲဖြစ်စဉ်အပြီး၊ အဆင့် (၃၁) ဖြစ်သွားပြီးနောက် သူ၏ အရွယ်အစားသည် တစ်ကြိမ်တည်းဖြင့် မီတာ (၅၀) တိုးလာပြီး အလျားမီတာ (၄၀၀) ဖြစ်လာခဲ့သည်။ ထို့အပြင် သူ၏ အချင်းသည်လည်း (၁၃) မီတာ အဖြစ် ရောက်ရှိခဲ့သည်။

မီတာ (၄၀၀) အလျားသည် မိုးမျှော်တိုက် အများစု၏ အမြင့် ဖြစ်သည်။ ထို့အပြင် သူ၏ ဂုဏ်သတ္တိကော်လံတွင် ဂုဏ်သတ္တိများစွာ တိုးလာခဲ့သည်။ သူ၏ ဂုဏ်သတ္တိတစ်ခုစီသည် အမှတ်တစ်ရာကျော် တိုးလာပြီး အထူးသဖြင့် သူ၏ ခွန်အား ဂုဏ်သတ္တိသည် တစ်ထောင်ကျော် တိုးလာသည်။

သူ၏ ပိုမိုကြီးမားသော အရွယ်အစားနှင့် သူ၏ စွမ်းရည်များကို ပေါင်းစပ်လိုက်သောအခါ ဖန့်ရန်၏ စိတ်ထဲတွင် သူ၏ ခွန်အားနှင့် ရှင်သန်နိုင်စွမ်းအပေါ် ယုံကြည်မှုများစွာ တိုးလာခဲ့သည်။

ဤသို့ဖြင့် ရက်များကုန်ဆုံးလာပြီး ဤအတောအတွင်း သူသည် ပင်လယ်ကြမ်းပြင်သို့ တစ်ခါတစ်လေ စုံစမ်းစူးစမ်းရန်သွားခြင်း၊ အစိမ်းရောင်ပင်လယ်ပြင်၏ နက်ရှိုင်းသော အပိုင်းသို့ ဝင်ရောက်ခြင်းတို့ပြုလုပ်ကာ ရန်သူ့အခြေအနေကို စူးစမ်းထောက်လှန့်​နေတတ်သည်။

သို့သော်လည်း ဤအစိမ်း​ရောင်ပင်လယ်​ပြင်၏ ဧရိယာသည် အလွန် ကြီးမားသည်။ တစ်ခါက သူသည် မရပ်မနား ငါးရက်ကျော်ကြာ အဆက်မပြတ် ကူးခတ်ပြီး ကီလိုမီတာ ထောင်ပေါင်းများစွာကို ​ကျော်ဖြတ်ခဲ့သော်လည်း ၎င်း၏ အဆုံးကို မမြင်ခဲ့ရပေ။

ဤသို့​ဖြင့် နူကလီးယား ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ၎င်း၏ ဖျက်ဆီးခံခဲ့ရသော အာကာသ လမ်းကြောင်းသည် ဤအစိမ်း​ရောင်ပင်လယ်​ပြင်နှင့် ထပ်တူကျနေခြင်း ဖြစ်ကြောင်း သူသေချာသွားခဲ့သည်။

ဖန့်ရန်သည် ဂါးဒီးဝမ်းကို လှည့်ပတ်ကူးခတ်နေသည်။

သစ်တောအများစုကို ကျွန်းပေါ်က ခုတ်ထွင်ဖယ်ရှားခဲ့ပြီးနောက် အဆောင်အဦးများစွာနှင့် အခြားအရာဝတ္ထုများစွာကို တည်ဆောက်ခဲ့သည်။

လေယာဉ်များ၏ ဆင်းသက်ခြင်း သို့မဟုတ် ပျံသန်းခြင်းနှင့် အင်ဂျင်များ၏ ဟိန်းဟောက်သံများ အဆက်မပြတ် ကျွန်းပေါ်ကနေ ထွက်ပေါ်လျက်ရှိသည်။ ဂါးဒီးဝမ်းကို လှည့်ပတ် ကူးခတ်ပြီးနောက် ဖန့်ရန်သည် အခြားကျွန်းများဆီသို့ ကူးခတ်သွားပြီး သူ၏ နယ်မြေကို လှည့်လည်ကင်းပတ်နေသော ခြင်္သေ့ဘုရင်ကဲ့သို့ အခြေအနေကို စစ်ဆေးသည်။

ဤအပြာရောင်ဂြိုလ်၏ လူသားများသည် သူ့ကို မြင်သောအခါ အံ့ဩခြင်း၊ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းတို့ မရှိတော့ပေ။

လွန်ခဲ့သော လများက လူသားများသည် သူ၏ တည်ရှိမှုကို အသားကျလာခဲ့သည်။ အရပ်သားများစွာ ပါဝင်သော ယာဉ်များသည် ၎င်းတို့ သိမ်းပိုက်ထားသော ကျွန်းများဆီသို့ ​ရွေ့ပြောင်းရွှေ့လာခဲ့​​ကြသည်။

အစောပိုင်းကာလတွင် နိုင်ငံများစွာသည် ၎င်းတို့နိုင်ငံများဆီက အရပ်သားများကို စုဆောင်းခဲ့ကြသည်။ ထိုကာလတွင် ပါဝင်လိုသူ အရပ်သားများ အလွန်နည်းပါးခဲ့သည်။ သို့သော် နောက်ပိုင်းကာလတွင် အစိမ်း​ရောင်ပင်လယ်​ပြင်၏ ပတ်ဝန်းကျင်အခြေအနေ လက်ရှိအပြာရောင်ဂြိုလ်ထက် ပိုမိုကောင်းမွန်နေသည်ကို တွေ့ရှိခဲ့ကြသည်။

ဤနေရာတွင် ဗိုင်းရပ်စ်များ၊ သေစေနိုင်သော ဓာတ်ငွေ့များ မရှိသလို အခြေစိုက်စခန်းများကို တိုက်ခိုက်နေသော သားရဲများကိုလည်း အမြဲတစေ ရှင်းလင်းပေး​နေသည်။ ထို့အပြင် ဧရာမမြွေကြီးသည် ဤနေရာတွင် ရှိနေပြီး အဆင့် (၆) ကိုင်းဂျူးသားရဲများ တိုက်ခိုက်လာခြင်းရန်က နောက်တန်းအကာအကွယ်အဖြစ် တည်ရှိနေသည်။

ဤနေရာ၏ အခြေအနေအကြောင်း ပြင်ပကမ္ဘာတွင် ပြန့်နှံ့လာပြီးနောက် လာရောက်နေထိုင်လိုသူ ပို၍ များလာပြီး နေထိုင်ခွင့် လျှောက်ထားမှုများပင် ရှိလာခဲ့သည်။

ဤသုံးလအတွင်း လူသားများသည် ကျွန်းငါးကျွန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် ဤအရေအတွက်သည် အစပျိုးအဆင့်တွင်သာ ရှိသေးသည်။

"နောင်အနာဂတ်မှာ ဒီနေရာက နိုင်ငံအသစ်တစ်ခု ဖြစ်တည်လာနိုင်တယ်"

လူသားမဟာမိတ်၏ အခြေစိုက်စခန်းတစ်ခုကို လှည့်လည်ပြီးစီးခဲ့သော ဖန့်ရန်က တွေးလိုက်သည်။

ပြင်ပကမ္ဘာ၏ အခြေအနေသာ ပိုမိုဆိုးရွားလာမည်ဆိုလျှင် ၎င်းက အမှန်တကယ် ဖြစ်လာနိုင်သည်။ ဤအရာသည် မနှစ်မြို့ဖွယ် ဖြစ်နိုင်သော်လည်း ဤကဲ့သို့ အခြေအနေမျိုး ဖြစ်လာရန်အတွက် မျှော်လင့်နေသည်။

ဤကဲ့သို့ ဖြစ်လာခဲ့လျှင် လူသားမဟာမိတ်သည် တီထွင်ဖန်တီးမှု အသစ်များ၊ နယ်မြေချဲ့ထွင်ခြင်း အစရှိသော မမြင်နိုင်သည့် တွန်းအားတစ်ခုကို ခံစားရမည် ဖြစ်သည်။ ထိုအခါ လူသားများနှင့် သားရဲများကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဦးမည် ဖြစ်သည်။

သူ၏ ပူးပေါင်းပါဝင်မှုဖြင့်ဆို လူသားမဟာမိတ်သည် ဤစစ်ပွဲကို အနိုင်ရရှိနိုင်မည့် အခွင့်အလမ်းကြီး ရှိလိမ့်မည်ဟု ဖန့်ရန် ယူဆသည်။ သူ၏ အဓိက စိုးရိမ်ပူပန်မှုမှာ တောင်​ကြီးကဲ့သို့ ကြီးမားသော ဧရာမပင့်ကူ​ကြီးနှင့် ဂြိုလ်သားများပင် ဖြစ်သည်။

ပင်လယ်ပြင်၏ အနက်ရှိုင်းဆုံးနေရာတွင် ကမ္ဘာနှစ်ခုကို ချိတ်ဆက်ထားသော လမ်းကြောင်းတစ်ခု ရှိနေပြီး သူက ၎င်းကို ဖြတ်သန်းကာ စူးစမ်းရန် အလျင်စလို လုပ်ဆောင်မည် မဟုတ်သော်လည်း လူသားဆိုတာက စူးစမ်းလိုစိတ် အလွန်ကြီးမားသော သက်ရှိ ဖြစ်သည်။

တစ်ယောက်က ဦးဆောင်ပြီး အာကာသလမ်းကြောင်းထဲ ဝင်ရောက်မည်ဆိုသည်နှင့် အခြားလူများက ဤဂြိုလ်သားကမ္ဘာသို့ နောက်က ဆက်လက်လိုက်ပါနိုင်ခြေက ရာခိုင်နှုန်းအတော်များသည်။

ဖန့်ရန်သည် ဤပင်လယ်​ပြင် ဧရိယာတွင် ဆက်လက်လှည့်ပတ်နေသည်။ သူသည် လူသားမဟာမိတ် ရှေ့ဆက်ရွေ့လျားမည်ဆိုပါက လိုက်ပါသွားမည်ဖြစ်ပြီး သို့မဟုတ်လျှင်တော့ ဤဧရိယာတွင်သာ ဆက်လက် လှည့်လည်နေဦးမည် ဖြစ်သည်။

ဤသို့ဖြင့် သုံးနှစ်တာဟာ ကုန်လွန်သွားခဲ့သည်။

ဤကာလအတွင်း သူသည် သုံးကြိမ်တိုင်တိုင် ဆင့်ကဲပြောင်းလဲခဲ့ပြီး အဆင့် (၃၄) သို့ ရောက်ရှိခဲ့သည်။

သူ၏ ခန္ဓာကိုယ် အရွယ်အစားဟာလည်း အလွန်ကြီးမားလာခဲ့ပြီး အလျားက (၅၅၀) မီတာသို့ ရောက်ရှိခဲ့ကာ အချင်းဟာလည်း (၁၇) မီတာသို့ ရောက်ရှိခဲ့သည်။

ထိုကာလအတွင်းလူသားမဟာမိတ်သည်လည်း အံ့အားသင့်စရာကောင်းလောက်အောင် ဧရာမကျွန်းကြီး (၁၅) ကျွန်းနှင့် အသေးစား ကျွန်းများစွာအထိ ထိန်းချုပ်နိုင်ခဲ့သည်။

ထို့အပြင် နည်းပညာသည်လည်း အလွန်တိုးတက်လာခဲ့သည်။ ၎င်းတို့သည် လျှပ်စစ်သံလိုက်လှိုင်းများဖြင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်တွင် အီလက်ထရွန်းနစ်များဖြင့် ဆက်သွယ်ပြောဆိုလာနိုင်ခဲ့ပြီး ကျွန်းများ၏ အောက်တွင်လည်း ဧရာမအင်ဂျင်များ တပ်ဆင်ကာ တစ်နာရီလျှင် (၅၀) ကီလိုမီတာနှုန်းအထိ ရွေ့လျားစေနိုင်ခဲ့သည်။

သူမျှော်လင့်ထားသည့်အတိုင်း ဤနေရာသည် နိုင်ငံတစ်ခုအလား ဖြစ်လာခဲ့ပြီး ဤပင်လယ်ဒေသ၏ အပြင်ဘက်တွင်တော့ အခြေအနေများဟာ ပို၍ ဆိုးရွားလာနေခဲ့သည်။

ဗိုင်းရပ်စ်သည် ကမ္ဘာ့နိုင်ငံများတွင် ပြန့်ပွားနေပြီး နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့သော်လည်း ယခုထိတိုင် ဤဗိုင်းရပ်စ်ကို ကုသရန်နည်းကို ရှာမတွေ့သေးပေ။

ဆေးဝါးတစ်မျိုးကို သုတေသနပြု​ပြီးတိုင်း ဗိုင်းရပ်စ်သည် ချက်ချင်းပင် သန္ဓေပြောင်းသွားပြီး ထိုဆေးဝါးအာနိသင်ကို အကျိုးမဲ့သွားစေသည်။ ဤတွင် အဆိုးရွားဆုံးက ကိစ္စရပ်က စူပါအင်အားကြီး နိုင်ငံများသည် ဤအရာအား ဂရုစိုက်ခြင်း မရှိတော့တာပင် ဖြစ်သည်။ ထိုကြောင့် ပြင်ပကမ္ဘာ၏ လူဦးရေ သန်း (၂၀၀၀) ခန့်သည် စွန့်ပစ်လိုက်ရသလို ဖြစ်နေသည်။

ဂါးဒီးဝမ်းသည် လက်ရှိတွင် လူသားမဟာမိတ် ထိန်းချုပ်ထားသော အကြီးဆုံးကျွန်း မဟုတ်တော့သော်လည်း ၎င်း၏ အဆင့်အတန်းက ပြောင်းလဲခြင်းမရှိပေ။ သို့သော် ၎င်း၏ ပထဝီအနေအထားသည် ကြီးစွာပြောင်းလဲသွားပြီး ကီလိုမီတာ (၃၀၀၀) ကျော်အထိ နက်ရှိုင်းစွာ တိုးချဲ့လာခဲ့၏။ ၎င်းတွင် ဧရာမပန်ကာကြီးများနှင့် လက်နက်အမျိုးမျိုးကို တပ်ဆင်ထားပြီး ၎င်းသည် ဧရာမမိခင်သင်္ဘောတစ်စင်းနှင့် ပို၍ ဆင်တူလာနေခဲ့သည်။

ဟွာရှသည် လက်ရှိအချိန်၌ လေဆာလက်နက် သုတေသနတွင် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိ​နေခဲ့ပြီ ဖြစ်သည်။ ၎င်းသည် သုံးချက် ပစ်ရုံဖြင့် အဆင့် (၃) ကိုင်းဂျူး သားရဲကို သတ်​ဖြတ်နိုင်သော လေဆာလက်နက်များကို တီထွင်နိုင်ခဲ့ကြသည်။ ထို့အပြင် အဆင့် (၆) ကိုင်းဂျူး သားရဲများသည်လည်း ယခင်ကကဲ့သို့ ပြိုင်ဘက်ကင်းသော အခြေအနေတွင် ရှိမနေတော့ပေ။

......

အခန်း ၂၅၇ - စူးစမ်းရှာဖွေသူများ အဖွဲ့

ယခင်က လူသားမဟာမိတ်အတွက် အဆင့် (၅) ကိုင်းဂျူး သားရဲများသည် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ပြီး အဆင့် (၆) ကိုင်းဂျူး သားရဲများသည် မဖြေရှင်းနိုင်သော ပုစ္ဆာတစ်ခုနှယ် ပြဿနာတစ်ရပ် ဖြစ်ခဲ့သည်။

လွန်ခဲ့သော သုံးနှစ်တာကာလတွင် ကိုင်းဂျူး သားရဲများ၏ တိုက်ခိုက်​ခြင်းကို အကြိမ်​ရေမည်မျှ ခံခဲ့ရသည်ကိုပင် မသိတော့ပေ။ ယခုထိတိုင် ခံနိုင်ရည်ရှိခဲ့သည့် တစ်ခုတည်း​သော အကြောင်းပြချက်မှာ ဧရာမမြွေကြီးပင် ဖြစ်သည်။

ဖန့်ရန်သည် လူသားမဟာမိတ်ကို ကိုယ်ကျိုးမဖက်ဘဲ ကူညီနေသည်တော့ မဟုတ်ပေ။ သူသည် စစ်ပွဲပြီးတိုင်း ကျဆုံးခဲ့သော သားရဲများ၏ ရုပ်ခန္ဓာများကို အဓိက အာရုံစိုက်ခဲ့ပြီး လူသားမဟာမိတ်ကိုလည်း ဒိုင်းကာအဖြစ် အသုံးပြုလိုသောကြောင့် အကူအညီများ ပေးနေခဲ့ခြင်း ဖြစ်သည်။

ဖန့်ရန်က ကိုင်းဂျူး သားရဲများသည် သူ့အား ရည်ရွယ်ပစ်မှတ်ထားကာ တိုက်ခိုက်ခြင်းကို အကြိမ်များစွာ ခံခဲ့ရသည်။ သူသည် ဤဧရိယာတစ်ဝိုက်တွင် လှည့်ပတ်နေစဉ် အဆင့် (၆) ကိုင်းဂျူး သားရဲသုံးကောင် ဦးဆောင်သော ကိုင်းဂျူးသားရဲတပ်ဖွဲ့၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရသည်။

သို့သော် ဆင့်ကဲ​ပြောင်းလဲမှုများ​ပြုလုပ်ပြီးနောက် အဆင့် (၆) ကိုင်းဂျူး သားရဲသုံးကောင်သည်ပင် သူ့ကို ယှဉ်​ပြိုင်နိုင်ခြင်း မရှိတော့ပေ။

သူသည် ဤကာလအတွင်း သုံးကြိမ်တိုင် ဆင့်ကဲပြောင်းလဲခဲ့ပြီး ကျွမ်းကျင်မှုရမှတ် စုစုပေါင်း (၉၆) မှတ် ရရှိခဲ့သည်။ သူသည် ၎င်းအား စွမ်းအင်ဒိုင်ကာ တစ်ကြိမ်နှင့် စွမ်းအင်ရောင်ခြည် (လေဆာတန်း) နှစ်ကြိမ် အဆင့်မြှင့်တင်ရန် အသုံးပြုခဲ့သည်။ ဤသို့ဖြင့် ဤစွမ်းရည်နှစ်ခုသည် စွမ်းအင်ဒိုင်ကာ (၃/၅) နှင့် စွမ်းအင်ရောင်ခြည် (၄/၅) ဖြစ်လာသည်။

ထို့အပြင် ဤသုံးနှစ်တာ ကာလအတွင်း သူ့အတွက် အံ့သြဖွယ်ကောင်းသော စွမ်းရည်အသစ် တစ်ခု ပေါ်​ပေါက်လာခဲ့သည်။ ၎င်းသည် 'ပလာစမာ တိမ်တိုက်' ဖြစ်ပြီး၊ ၎င်း၏ အမည်အတိုင်းပင် အသက်သွင်းပြီးနောက် ဖန့်ရန်သည် နည်းပညာ ထုတ်ကုန်များကို အကြီးအကျယ် ဝင်ရောက်စွက်ဖက်နိုင်သည့် ပလာစမာဒြပ်စင်များဖြင့် ဖွဲ့စည်းထားသော တိမ်တိုက်တစ်ခုကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

ဒုံးကျည်၊ လေယာဉ်၊ လေသင်္ဘော အစရှိသည်တို့သည် ပလာစမာ တိမ်တိုက်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော ဝင်ရောက်စွက်ဖက်မှုတစ်ခု ခံရမည် ဖြစ်သည်။ ၎င်းသည် လေဆင်နှာမောင်းနှင့် ဆင်တူသော အရာ၏ ဗဟိုဆွဲအားကြောင့် ဆုတ်ဖြဲခံရမည် ဖြစ်သည်။.

သို့သော်လည်း သူသည် သူ၏ လက်ရှိစွမ်းအင်ဒိုင်ကာဖြင့် လုံလောက်နေသေးသောကြောင့် ဤစွမ်းရည်ကို အဆင့်မြှင့်တင်ခြင်း မပြုခဲ့ပေ။ ဤစွမ်းရည်သည် အကာအကွယ် စွမ်းရည်ထက် လူသားများ၏ နည်းပညာကို တန်ပြန်နိုင်သော အမျိုးအစား ဖြစ်သည်။ သူသည် လက်ရှိအချိန်၌ ယဉ်ကျေးမှုနှစ်ခုနှင့် ရင်ဆိုင်နေရပြီး၊ ၎င်းက လျို့ဝှက်ဆန်းကြယ်သော ဂြိုလ်သားများ၏ ဇိဝဗေဒနှင့် လူသားယဉ်ကျေးမှု၏ နည်းပညာများဖြစ်သည်၊ သို့သော်လည်း အခြေအနေသည် ဆိုးရွားခြင်း မရှိသောကြောင့် ပလစမာ တိမ်တိုက်ကို အသုံးပြုရန် မလိုအပ်သေးပေ။

ဝူး...

ဖန့်ရန်သည် ဂါးဒီးဝမ်း အနားတွင် လှည့်ပတ်နေသည်။ သူသည် လေယာဉ်အင်ဂျင် ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး လေယာဉ်တစ်စင်း ပျံတက်သွားပြီဖြစ်ကြောင်း သိရှိလိုက်သည်။ သူသည် ဘေးပတ်ဝန်းကျင်ရှိ သက်ဝင်လှုပ်ရှားနေသော ကျွန်းများကို တစ်ချက်ကြည့်လိုက်ကာ ထိုနေရာက အဝေးသို့ ကူးခတ်သွားခဲ့သည်။

သူသည် ယခုထိတိုင် လူသားမဟာမိတ် ရှေ့ဆက်သွားခြင်း ရှိမရှိကို မသိသေးပေ။ ထိုကြောင့် ကိုင်းဂျူး သားရဲများ၏ မိခင်ဖြစ်နိုင်သော တောင်အရွယ်အစားရှိသည့် မိခင်ပင့်ကူ၏ စွမ်းရည်များအကြောင်း မသိရသေးပေ။

သူသည် လူသားများနှင့် စကားပြောဆိုဆက်သွယ်နိုင်သည့် စွမ်းရည် မရှိခြင်းမှာ ဝမ်းနည်းဖွယ်ရာ ကောင်းလှ၏။ သို့မဟုတ်ပါက သူသည် ထိုအကြောင်း ၎င်းတို့ကို ပြောပြပြီး ဖြစ်လိမ့်မည်။

အမှန်တွင် သူ့ဆီ၌ ထိုဧရာမမိခင်ပင့်ကူ လှုပ်ရှားနိုင်ပါ့မလားဟူသော သံသယ အနည်းငယ်ရှိနေသည်။ သို့မဟုတ်ဘူးဆိုလျှင် အဘယ့်ကြောင့် ၎င်းသည် ယခုအချိန်အထိ လူသားများကို လာရောက် တိုက်ခိုက်ခြင်း မပြုသေးသနည်း။

ဖန့်ရန် တွေး​တောနေစဉ်တွင် မိုင်ပေါင်း (၂၀၀၀၀) အကွာ၌ လေသင်္ဘောသုံးစင်း ရှေ့သို့ ပျံသန်းနေသည်။ နှစ်စင်းသည် ထောက်ပံ့ရေးသင်္ဘောဖြစ်ပြီး ကျန်တစ်စင်းက စစ်သင်္ဘော ဖြစ်သည်။

စစ်သင်္ဘော၏ ကွပ်ကဲရေးခန်းမတွင် ဧရာမ မော်နီတာများက အပြင်ဘက် လက်ရှိအခြေအနေကို ပြသနေပြီး မော်နီတာ တစ်လုံးစီ၏ ရှေ့တွင် လူတစ်ယောက် ထိုင်နေသည်။ ထိုသူတို့သည် ၎င်းတို့အရှေ့ရှိ မော်နီတာတစ်ခုစီကို ကြည့်​နေရင်းမှ အပြင်ဘက် အခြေအနေကို စူးစမ်းလေ့လာနေကြသည်။

ဧရာမ မော်နီတာများ၏ အထက်တွင် စစ်သင်္ဘော၏ အခြေအနေကို ပြသထားသည့် သေးငယ်သော မျက်နှာပြင်များစွာ ရှိသည်။

ဤအဖွဲ့သည် ဂြိုလ်သားများ၏ အခြေစိုက်စခန်းကို စုံစမ်းရန်အတွက် ထွက်လာ​ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် နှစ်ရက်နီးပါး ခရီးနှင်လာခဲ့ပြီ ဖြစ်ပြီး ဂါးဒီးဝမ်းက ထွက်လာခဲ့သော စူးစမ်းရှာဖွေရန်အဖွဲ့များထဲက ဂါးဒီးဝမ်းနှင့် အဝေးဆုံးရောက်နေသည့် လေယာဉ်အုပ်စုလည်း ဖြစ်သည်။ စီမံကိန်းအရ ၎င်းတို့သည် ကီလိုမီတာ (၁၀၀) ရှေ့ဆက်သွားဦးမည် ဖြစ်ကာ အကယ်၍ ဘာမှရှာမတွေ့ဘူးဆိုလျှင်တော့ ပြန်လှည့်သွားရမည် ဖြစ်သည်။

"ဆရာ ကျွန်တော်တို့ စူးစမ်းရှာဖွေရေး ကန့်သတ်ချက်ကို ရောက်ပါတော့မယ်။ ပြန်လှည့်ဖို့အတွက် ပြင်ရတော့မလား"

ကွပ်ကဲရေးခန်းမ၏ အလယ်တွင် ရှိနေသော နားကြပ်တပ်ထားသည့် စစ်သားတစ်ယောက်က ရုတ်တရက် လှည့်ကာ ထိန်းချုပ်ခန်း၏ အလယ်တွင် ထိုင်နေသော သတ်လတ်အရွယ် အမျိုးသားတစ်ယောက်ကို ပြောလိုက်သည်။

ထိုသတ်လတ်အရွယ် အမျိုးသားက ဤစစ်သင်္ဘော၏ ဗိုလ်ကြီး မိုနန် ဖြစ်သည်။

ဗိုလ်ကြီး မိုနန်က ခဏမျှ တွေး​တောပြီးနောက် အမိန့်ပေးလိုက်သည်။

"ပြန်လှည့်ဖို့ ပြင်ဆင်ပါ။"

ဤသို့ပြောလိုက်စဉ် မိုနန်က ကူကယ်ရာမဲ့စွာ ခေါင်းခါမိသည်။

"ဒီပင်လယ်ဧရိယာက ဘယ်လောင်တောင် ကျယ်လွန်းသလဲ..."

လက်ရှိ တွေ့ရှိထားသော ဧရိယာသည်ပင် ပစိဖိတ်သမုဒ္ဒရာထက် များစွာ ပိုကြီး၏။ ဤတွင် နောက်ထက်ရှာမတွေ့သေးသော ဧရိယာမပါသေးပေ။

"အားလုံး စိတ်လျှော့ထားကျ အရမ်း စိတ်ပူမ​​နေကြနဲ့"

မိုနန်သည် ကွပ်ကဲရေးခန်းမရှိ တင်းမာနေသော လေထုကြောင့် စိတ်​လျှော့ရန် ပြောလိုက်သည်။ ဤရက်များတွင် ဂြိုလ်သားများ၏ တိုက်ခိုက်မှုများ သို့မဟုတ် အဆင့် (၆) ကိုင်းဂျူး သားရဲများ တိုက်ခိုက်လာမည် စိုးရိမ်သောကြောင့် အားလုံးသည် သတိထားနေခဲ့ကြသည်။

ယခုအချိန်တွင် အိမ်ပြန်ရန် အသင့်ဖြစ်နေပြီ ဖြစ်သောကြောင့် ပြဿနာ တစ်စုံတစ်ရာ မရှိစေရန်အတွက် မိုနန်သည် ၎င်းတို့အား အနည်းငယ် စိတ်လျှော့ရန် တိုက်တွန်းခဲ့သည်။ အချိန်ကြာမြင့်စွာ တင်းမာနေခြင်းသည် ကျန်းမာရေးအတွက် မကောင်းပေ။

"မို ဦးလေး ဂြိုလ်သားတွေရဲ့ အခြေစိုက်စခန်းက ဒီပင်လယ်ပြင်ကြီးရဲ အဆုံးမှာ ရှိတယ်လို့ ဦးလေး ထင်လား"

ရုတ်တရက် မိုနန်၏ ဘေးက လူငယ်စစ်သား မေးလိုက်သည်။ ကြည့်ရသည်မှာ ၎င်းတို့၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ပုံ​ပေါ်​လေသည်။

"ဘာဖြစ်လို့လဲ မင်း ပင်ပန်းမခံနိုင်တော့ဘူးလား"

မိုနန်က ရယ်မောပြီး ပြောသည်။

"ငါ ပြောပြမယ် ရှောင်ကျိုး။ မင်းကို ရေတပ်ကနေ လေတပ်ကို ပြောင်း​ပေးနိုင်ဖို့အတွက် ငါ့ရဲ့ အဆက်အသွယ်တွေကို အသုံးချခဲ့ရတယ်။ မင်း ဒီဒုက္ခလေးကိုတောင် မခံနိုင်ဘူးလား"

မိုနန်၏ ရှောင်ကျိုးဟု အခေါ်ခံသော လူငယ်စစ်သား၏ အမည်မှာ ကျန့်ကျိုး ဖြစ်သည်။ သူသည် ယခင်က ရေတပ်လေယာဉ်တင်သင်္ဘောအုပ်စု၏ အမှုထမ်းတစ်ယောက် ဖြစ်သော်လည်း နောက်ပိုင်းတွင် ဤစစ်သင်္ဘောဆီသို့ နည်းပညာရှင်အဖြစ် ပြောင်းရွှေ့​ခြင်းခံခဲ့ရသည်။ ဤနေရာ၏ ဘေးကင်းလုံ​ခြုံ​ခြင်းသည် ယခင်ထက် များစွာမြင့်မား၏။

ဤရှောင်ကျိုးသည် သူ၏ ချစ်ရသူ မဒ်တိုက်ဂါးကို ထိန်းချုပ်မောင်းနှင်သူအတွက် အဆင့် (၅) မိကျောင်း ကိုင်းဂျူးကို တိုက်ခိုက်ခဲ့သော လူငယ်စစ်သားပင် ဖြစ်သည်။

"မဟုတ်ပါဘူး ကျွန်တော်က စပ်စုချင်ရုံပါ"

ကျန့်ကျိုးက ရှက်ရွံ့စွာပြုံးပြီး မိုနန်ကို ထပ်မေးလိုက်​ပြန်သည်။

"မို ဦးလေး။ ကျွန်တော်တို့ ဂြိုလ်သားတွေရဲ့ အခြေစိုက်စခန်းကို အကယ်၍ တွေ့ခဲ့ရင် သူတို့ကို တိုက်ခိုက်ရမှာလား"

"အင်း သူတို့ကို စမ်းသပ်တိုက်ခိုက်ရမယ်"

မိုနန်က ပြုံးကာ ပြောလိုက်သည်။

"မင်း မေးချင်နေတာ ငါသိတယ်။ တကယ်တော့ ဂြိုလ်သားတွေက ကြောက်စရာသိပ်မကောင်းဘူး။ အခုလို လက်နက်တွေ ရှိလာတဲ့ အချိန်ဆို ပိုဆိုးပေါ့"

"မင်း စဉ်းစားကြည့်လေ အကယ်၍ ဂြိုလ်သားတွေသာ အရမ်းသန်မာနေမယ်ဆို သူတို့ရဲ့ အသိုက်ဆီ ငါတို့လာနေတာကို ထိုင်ကြည့်နေမှာလား"

"ငါတို့တွေ ဒီဂြိုလ်သားတွေကို အမြန်ဆုံး ဖယ်ရှားပစ်ရမယ်။ ဒါမှသာ ငါတို့ရဲ့ အပြာရောင်ဂြိုလ်က အရင်အခြေအနေကို ပြန်ရောက်နိုင်လိမ့်မယ်"

သူ၏ စကားကို ကျန့်ကျိုးက အပေါ်ယံတွင် ခေါင်းညိတ်​ထောက်ခံလိုက်သော်လည်း သူ၏ စိတ်ထဲတွင်တော့ ၎င်းကို သဘောမတူပေ။ သူသည် အပြာရောင်ဂြိုလ်က ယခင်အခြေအနေသို့ ပြန်ရောက်လိမ့်မည်ဟု မထင်ပေ။ အထူးသဖြင့် ကမ္ဘာ့လူဦးရေ တစ်ဝက်ကျော် သေဆုံးပြီးနောက်ပိုင်းမှာ ဖြစ်သည်။

"ဗိုလ်ကြီး ဒီဟာကို ကြည့်ပါအုံး"

နားကြပ်တပ်ထားသော စစ်သားတစ်ယောက်က ရုတ်တရက် လှည့်ကာ မိုနန်ကို ပြောလာသည်၊ သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။

မိုနန်က ထိုစစ်သား၏ နေရာသို့ တစ်ချက်လှမ်းကြည့်ပြီး အမြန်လျှောက်သွားလိုက်သည်။ ကျန့်ကျိုးလည်း မိုနန်၏ အနောက်မှ လိုက်လာခဲ့သည်။ သို့သော် ၎င်းကို မိုနန်က ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် မျက်နှာပြင်ပေါ်တွင် သူမြင်လိုက်ရသော အရာသည် သူ၏ အာရုံကို လုံးဝဆွဲဆောင်သွားခဲ့သောကြောင့် ဖြစ်သည်။

"မို ဦးလေး ဘာဖြစ်တာလဲ"

ကျန့်ကျိုးက မိုနန်နှင့် စစ်သား၏ တုံ့ပြန်မှုကြောင့် သိချင်စိတ်ဖြင့် သူ၏ ခေါင်းကို တိုးကာ မျက်နှာပြင်သို့ ကြည့်လိုက်သည်။

ထို့နောက် သူသည် ချက်ချင်းပင် တောင့်တင်းသွားတော့သည်။

......

All Chapters