← Chapters

အခန်း (၂၆၀-၂၆၂)

Vol. 21 Ch. 260-262

အခန်း (၂၆၀-၂၆၂)

Vol. 21 Ch. 260-262

အခန်း ၂၆၀ - အဆုံးအဖြတ် တိုက်ပွဲစတင်မည့် အကြို

ဖန့်ရန်သည် ပင်လယ်​ပြင်၏ လှိုင်းခွက်ငယ်များကြားတွင် ဖြတ်သန်းသွားလာနေ၏။ သူသည် ယခင်ကြားခဲ့ရသော အစည်းအဝေး စကားဝိုင်းက စကားများကို ပြန်လည်ဆန်းစစ်နေ​လေသည်။

"အားလုံးကို ဆုံးဖြတ်ပေးမဲ့ အဆုံးအဖြတ်စစ်ပွဲက မကြာခင်မှာ စတင်တော့မယ်။ လူသားမဟာမိတ်က ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်တယ်"

ဖန့်ရန်သည် ရှေ့သို့ ကူးခတ်​နေရင်း တွေးလိုက်သည်။

သူသည် လွန်ခဲ့သော ရက်အနည်းငယ်က အခြေစိုက်စခန်းရှိ စကားဝိုင်းများကို ခိုးနားထောင်ခြင်းဖြင့် အတော်လေး သိရှိခဲ့သည်။

အပြာရောင်ဂြိုလ်၏ အခြေအနေသည် ပို၍ ဆိုးရွားလာနေသည်။

ဗိုင်းရပ်စ်နှင့် အခြားအရာများအပြင် စွမ်းအင်ပြဿနာသည် ပို၍ ဆိုးရွားလာနေသည်။ အပူချိန်သည် ဆက်တိုက်ကျဆင်းလျက်ရှိကာ ဖုန်မှုန့်တိမ်တိုက်များက မိုးကောင်းကင်ကို ကာဆီးထားသောကြောင့် အပြာရောင်ဂြိုလ်သည် နေရောင်ခြည်ရရှိမှု ပျောက်ဆုံးသွားပြီး အပူချိန်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် နိမ့်ဆင်းသွားခဲ့သည်။

​နေရာဒေသများစွာတွင် သက်ရှိများ ရှင်သန်ရန် ခက်ခဲသော အေးခဲနေသည့် ရေခဲပြင်များ ဖြစ်​ပေါ်လာခဲ့သည်။ ထိုကြောင့် အပြာရောင်ဂြိုလ်သည် ရေခဲခေတ်နှင့် ဆင်တူသော ကပ်ဘေးကြီးတစ်ခုအား ရင်ဆိုင်နေရသည်ဟု ဆိုနိုင်ပေသည်။

ထို့အပြင် ဖန့်ရန်သည် လူသားမဟာမိတ် တီထွင်ထားသော နောက်ဆုံးပေါ် လက်နက်ကိုလည်း မြင်တွေ့ခဲ့ရပေသည်။ သူသည် ဤသည်အား ဂါးဒီးဝမ်းတွင် ၎င်းတို့ ထိုလက်နက်ကို စမ်းသပ်နေစဉ်ကာလတွင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

...

K-1b တိုက်လေယာဉ် တစ်စင်းသည်။ ကျွန်းတစ်ခု၏ ဝေဟင်သို့ ချည်းကပ်လာခဲ့ပြီး လေယာဉ်နောက်ခန်းထဲကနေ လူတစ်ယောက် ခုန်ချလာခဲ့သည်။

ထိုလူသည် အာရှအမျိုးသားတစ်ယောက် ဖြစ်ပြီး ကြမ်းတမ်းခပ်ထန်သော မျက်နှာပေါက်နှင့် ကြံ့ခိုင်ထွားကျိုင်းသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည်။ ထိုလူသည် ထူးဆန်းစွာဖြင့် လေထီး သို့မဟုတ် ကြိုးချိတ်တွယ်ထားခြင်း မရှိဘဲ ခုန်ချလာခြင်းဖြစ်ကာ ၎င်း၏ မျက်နှာသည် တည်ငြမ်နေပြီး တစ်ချက်ကလေးပင် လှုပ်ရှားသွားခြင်း မရှိချေ။

ထိုလူ ခုန်ချလာရာ အောက်ဘက်တွင် သစ်ပင်ကြီး နှစ်ပင်ရှိ၏။ ထိုသစ်ပင်နှစ်ပင်၏ ကြားတွင် အကျယ် (၃) မီတာခန့်ရှိသော မြေကွက်လပ်တစ်ခု ရှိသည်။ အကယ်၍ မတော်တဆမှုတစ်ခုသာ ဖြစ်မလာလျှင် ထိုလူသည် (၃) မီတာ (၄) မီတာမက​သော အမြင့်က ကျဆင်းခြင်း ဖြစ်သည့်အတွက် မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျဆင်း၍ အသားဆိုင်များအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

"လူသား​တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ဒီအဆင့်တောင်ရောက်နေပြီလား"

ဖန့်ရန်က ၎င်းကို ကြည့်ကာ တွေးမိ၏။

သန္ဓေပြောင်း သားရဲများ၏ အသားကို စားသုံးခြင်းဖြင့် လူသားများသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို တိုးမြှင့်နိုင်သည်ကို သူ သိထား​ပြီ ဖြစ်သည်။

သူသည် ကိုင်းဂျူးသားရဲများ၏ ​သွေးနှင့် အသားကို အသုံးပြု၍ အားဖြည့်ဆေး တစ်မျိုး တီထွင်နိုင်ခဲ့သည်ကို ကြားဖူးခဲ့၏။ သာမာန်လူတစ်ယောက်ပင် ထိုဆေးရည်ကို သောက်သုံး၍ လုံလောက်သည့် ကိုယ်လက်လေ့ကျင့်ခန်း လုပ်မည်ဆိုလျှင် တစ်ပတ်အတွင်းမှာပင် စူပါစွမ်းအားရှိသည့် လူတစ်ယောက် ဖြစ်သွားနိုင်ပေသည်။

သို့သော် ထိုဆေးရည်အကြောင်းကို ထိပ်တန်းလျို့ဝှက်ချက်အဖြစ် သိမ်းဆည်းထားပြီး လူသားမျိုးနွယ်၏ ထိပ်တန်းအဆင့်ရှိ လူအနည်းငယ်သာ သိရှိထားလေသည်။ ဖန့်ရန်သည် ထိုအကြောင်းအား သတင်းအချက်အလက်များ သိရှိရန်အတွက် ခိုးနားထောင်နေစဉ် မတော်တဆ ကြားသိခဲ့ရခြင်း ဖြစ်သည်။

တိုက်လေယာဉ်မှ ခုန်ချခဲ့သော အမျိုးသားဆီသို့ ပြန်သွားရလျှင် သူ၏ နောက်ထပ် လုပ်ဆောင်ချက်များသည် သူအမြင်ကို မှားယွင်းနေကြောင်း ဖန့်ရန်ကို သိရှိစေခဲ့သည်။

၎င်းအမျိုးသားသည် သစ်ပင်နှစ်ပင်၏ အထက် (၅) မီတာခန့် အကွာသို့ ရောက်ရှိသောအခါ ၎င်း၏ ခန္ဓာကိုယ်ဆီမှ အရည်ကဲ့သို့ ကြိုးနှစ်ချောင်းသည် ရုတ်တရက် ဆန့်ထွက်လာပြီး သစ်ပင်နှစ်ပင်၏ အကိုင်းအခက်များဆီသို့ ဦးတည်သွားလေတော့သည်။

အရည်ကဲ့သို့ ကြိုးများသည် သစ်ကိုင်းသစ်ခတ်များကို ရစ်ပတ်သွားပြီးနောက် မာကျောသွားသည်။ အမျိုးသားသည် အောက်သို့ကျဆင်းလာသော အရှိန်ကိုအသုံးပြု၍ လေထဲတွင် အကြိမ်အနည်းငယ် ဂျွန်ထိုးလိုက်ပြီးနောက် ပေါ့ပါးစွာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

"အဲ့ဒါက ဘာလဲ"

ဤသည်ကို မြင်တွေ့လိုက်ရသော ဖန့်ရန်သည် ထိုအရာဝတ္ထုက သူ့အရင်ဘဝတွင် တီဗီစီရီးထဲက ဗီနွန်၏ ဇီဝဖွဲ့စည်းပုံနှင့် ဆင်တူသည်ဟု တွေးမိလိုက်​လေသည်။

အမျိုးသားဇာတ်ဆောင်သည် မော်တော်ဆိုင်ကယ်အား မောင်းနှင်၍ ထွက်ပြေးနေစဉ် သူ၏ ဗီနွန်ခေါ် ကပ်ပါးကောင်သည် ၎င်း၏ ပုံစံအား အမျိုးမျိုးပြောင်းလဲ၍ နောက်က လိုက်လံဖမ်းဆီးလျက်ရှိသော ရန်သူများကို တားဆီးခဲ့ကြောင်း သူမှတ်မိနေသေးသည်။

ဖန့်ရန် အံ့အားသင့်နေစဉ်တွင် ရုတ်တရက် လူတစ်​ယောက်သည် လျှပ်စီးကဲ့သို့ ထင်မှားလောက်သော လျင်မြန်မှုဖြင့် သစ်ပင်တစ်ပင်မှ အခြားတစ်ပင်ဆီသို့ ခုန်ကူးလာကာ အာရှအမျိုးသားထံသို့ တိတ်တဆိတ် ချည်းကပ်လာလေ၏။ ထိုလူသည် ၎င်း၏ စက်သေနတ်ကို မြှောက်ကာ အာရှအမျိုးသားကို စတင် ပစ်ခတ်လိုက်သည်။

သေနတ်သံများ ထွက်ပေါ်လာသည့် အချိန်မှာပင် အာရှအမျိုးသား၏ ခန္ဓာကိုယ်ပေါ်ရှိ အရည်သတ္တုသည် ၎င်းအာရှအမျိုးသား၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် လွှမ်း​ခြုံသွားပြီး သံချပ်ကာအဖြစ် ပြောင်းသွားကာ ကျည်ဆန်မိုးများ၏ အန္တရာယ်ကနေ ကာကွယ်ပေးလိုက်သည်။

ထိုအချိန်တွင် အာရှအမျိုးသားသည် ဖန့်ရန် သတ်​ဖြတ်ခဲ့ဖူးသော ဂြိုလ်သားများနှင့် အလွန်ဆင်တူနေလေသည်။

၎င်းကို မြင်တွေ့နေရသော ဖန့်ရန်သည် တွေးတောမိလိုက်ပြန်သည်။

"ဒါက ငါသတ်ဖြတ်ခဲ့ဖူးတဲ့ ဂြိုလ်သားတွေကြောင့် ရှိလာတာများလား"

ထိုအာရှအမျိုးသား၏ ပြောင်းလဲသွားသော ပုံစံကို ကြည့်ကာ ယခင်ကြုံခဲ့ရသော ဖြစ်ရပ်ကို တွေးမိလိုက်သည်။

ထိုစဉ်က သူသည် ဟွာလျန်တွင် ဖြစ်ပြီး အဆင့် (၆) ကိုင်းဂျူး သားရဲသုံးကောင်နှင့် ဂြိုလ်သားတစ်စုက ခြုံခိုတိုက်ခိုက်လာခြင်း ဖြစ်သည်။ ထိုစဉ်က သူသည် ဂြိုလ်သားအများအပြားကို သတ်ဖြတ်ပြီးချိန်တွင် အဆင့် (၆) ကိုင်းဂျူး သားရဲသုံးကောင်နှင့် ကျန်ရှိသော ဂြိုလ်သားများသည် ထွက်ပြေးသွားခဲ့ကြသည်။

ထိုစဉ်က သူရှိရာနေရာသည် ဟွာရှ၏ လေယာဉ်တင်အုပ်စုနှင့် မဝေးပေ။ ဖြစ်နိုင်သည်မှာ ၎င်းတို့သည် သူထွက်သွားသည်နှင့် ဂြိုလ်သားအလောင်းများကို ကောက်ယူခဲ့ခြင်း ဖြစ်ရပေမည်။

ဘန်း... ဘန်း.... ဘန်း...

ကျည်ဆန်များသည် အာရှအမျိုးသား၏ သံချပ်ကာပေါ်သို့ ကျရောက်သွားသည်။ သို့သော် သံမဏိချင်း ထိခတ်သွားသကဲ့သို့ အသံများသာ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။ ဤကျည်ဆန်များသည် မီလီမီတာ အနည်းငယ်သာ အထူရှိသည့် သံချပ်ကာကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။

ဤစက်သေနတ်သည် သာမန်သေနတ်များနှင့် ကွာခြားသော အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသည့် နောက်ဆုံးပေါ် ဗားရှင်း ဖြစ်သည်။ ထို့အပြင် ကျည်ဆန်တွေကလည်း အထူးသတ္တုနှင့် ကိုင်းဂျူး သားရဲအရိုးများ ရောစပ်ဖန်တီးထားသည့် သံချပ်ကာဖောက် ကျည်ဆန်များပင် ဖြစ်သည်။

အကယ်၍ ခေတ်ဟောင်း တင့်ကားများကို ၎င်းရှေ့တွင် ထားပြီး ပစ်ခတ်လိုက်မည်ဆိုပါက အလွယ်တကူ ထိုးဖောက်ဖြတ်သန်းသွားပေလိမ့်မည်။ ထိုကြောင့် ၎င်းကပင် ဤသံချပ်ကာ၏ ကာကွယ်ရေး မည်မျှ အားကောင်းကြောင်းကို သိရှိနိုင်ပေသည်။

"ဒီခုခံကာကွယ်နိုင်စွမ်းက မဆိုးဘူးပဲ"

ဖန့်ရန်က ခေါင်းညိတ်မိသည်။

"ဒီသံချပ်ကာက ငါ့ရဲ့ လျှပ်စီးတိုက်ခိုက်မှုနဲ့ စွမ်းအင်ရောင်ခြည်တန်းကို ခုခံနိုင်မလားဆိုတာ သိချင်မိတယ်"

သူသည် ထိုအမျိုးသားအပေါ် သူ၏ စွမ်းရည်များစမ်းသပ်လိုသည့် စိတ်ကိုထိန်းချုပ်၍ ၎င်းကျွန်းက ထွက်ခွာလာခဲ့တော့သည်။

လူသားမဟာမိတ်သည် ကိုင်းဂျူးသားရဲများ တိုက်ခိုက်လာမည်ကို စောင့်ဆိုင်းရင်း အဆင်သင့်ဖြစ်စေရန် ပြင်ဆင်နေခဲ့သည်။

ထိုအထဲ၌ အရည်သံချပ်ကာသည်လည်း လျို့ဝှက်လက်နက်များထဲက တစ်ခုဖြစ်ပုံပေါ်သည်။ သို့သော် သူသည် ထိုအရည်သတ္တု၏ စွမ်းရည်အပြည့်အစုံကိုတော့ မမြင်ရသေးပေ။ သူ၏ စိတ်ထဲတွင်တော့ ၎င်းတို့သည် လျို့ဝှက်ချက်အချို့ကို ဖုံးကွယ်ထားမှန်း ခံစားမိနေသည်။

"ဘာလို့ အိုင်းယွန်းမင်း ဝတ်စုံလိုမျိုး မဖန်တီးတာလဲ"

ဖန့်ရန်သည် လူသားမဟာမိတ်၌ အိုင်းယွန်းမင်း ဝတ်စုံကဲ့သို့ စစ်ဝတ်စုံကို တီထွင်နိုင်သော စွမ်းရည် ရှိသည်ကို ခံစားမိသည်။ အကယ်၍ ၎င်းတို့သာ နောက်ဆုံးပေါ် နည်းပညာများနှင့် အရည်သတ္တုကို အသုံးပြုမည်ဆိုလျှင် သေချာပေါက် အိုင်းယွန်းမင်း ဝတ်စုံ ခေါ် သံမဏိလူသားစစ်တပ်ကို သေချာပေါက် ဖန်တီးနိုင်ပေမည်။

အမှန်တော့ လူသားမဟာမိတ် သုတေသီများတွင် ဤကဲ့သို့ စိတ်ကူး ရှိခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် ဤကဲ့သို့ သံမဏိဝတ်စုံများ တီထွင်ဖန်တီးရန်အတွက် ဖြေရှင်းရမည့် အခန်းကဏ္ဍများရှိ၏။ ဥပမာအားဖြင့် ထိန်းချုပ်မှုပင်။ တိကျစွာ ဆိုရသော် အသံထက်မြန်သော ရွေ့လျားမှုနှင့် ဖိအားအောက်တွင် သံမဏိဝတ်စုံကို ထိန်းချုပ်ပေးမည့် ဉာဏ်ရည်တုပင်။

ဖန့်ရန်သည် လှည့်ပတ်သွားလာခြင်း မပြုဘဲ အခြေစိုက်စခန်းအနီးတွင်သာ နေထိုင်ခဲ့၏။ သူသည် ပတ်ဝန်းကျင်အခြေအနေကို စူးစမ်းရင်း ဂါးဒီးဝမ်း၏ အနောက်က ဖြည်းညင်းစွာ လိုက်ပါနေခဲ့သည်။

စစ်ပွဲစတင်သည်နှင့် သူသည် ချက်ချင်းပင် လှုပ်ရှားမှု ပြုပေမည်။

လွန်ခဲ့သော ရက်အနည်းငယ်က အမေရိကန်သည် ၎င်းတို့ထိန်းချုပ်နိုင်သည့် အဆင့် (၆) ကိုင်းဂျူးသားရဲဖြင့် စမ်းသပ်လေ့ကျင့်မှု ပြုလုပ်နေသည်ကို သူတွေ့ရှိခဲ့​သေးသည်။

၎င်းကိုင်းဂျူးသားရဲသည် မိုးကောင်းကင်တွင် အသံထက်မြန်သော အမြန်နှုန်းဖြင့် ပျံသန်းနေသည်ကို သူမြင်ခဲ့ရ၏။ ထို့အပြင် ၎င်းကိုင်းဂျူးသားရဲသည် ၎င်း၏ ပါးစပ်ကို ဖွင့်ဟ၍ ထူထဲတုတ်ခိုင်သော ​လေဆာရောင်ခြည်တန်းတစ်ခုကို လွှတ်ထုတ်လိုက်ခြင်းကြောင့် အချင်းတစ်ကီလိုမီတာရှိသော ကျွန်းတစ်ခု ပျက်စီးပျောက်ကွယ်သွားခြင်းကိုလည်း သူမြင်ခဲ့ရသည်။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးလာသော်လည်း သူမျှော်လင့်ထားသည့် အဆုံးအဖြတ်တိုက်ပွဲက ဖြစ်ပွားခြင်း မရှိသေးပေ။ သို့သော် လူသားမဟာမိတ်သည် ၎င်းတို့၏ သတိကို အနည်းငယ်မျှပင် လျှော့ချခြင်း မရှိဘဲ လက်နက်အသစ်များကို အဆက်မပြတ် စမ်းသပ်နေခဲ့ကြ၏။ ၎င်းတို့သည် ရှေ့ပြေးအဖြစ် ဂြိုလ်သားအခြေစိုက်စခန်း ဖြစ်နိုင်ခြေရှိသော ဧရိယာများသို့ လူများစေလွှတ်ကာ စူးစမ်းလေ့လာစေလျက်ရှိသည်။

ဂါးဒီးဝမ်းမှ ဂါးဒီးနိုင်းအထိ အဓိကကျွန်းများ၏ ပတ်ပတ်လည်တွင် ၎င်းတို့ကို စောင့်ကြပ်နေ​ကြသော ရေတပ်စစ်သင်္ဘောများနှင့် လေသင်္ဘောများစွာ ရှိသည်။

သုံးလခန့် ကြာပြီးနောက် ဖန့်ရန်သည် အနည်းငယ် ပျင်းရိလာခဲ့ပြီ ဖြစ်သည်။ သူသည် အခြေစိုက်စခန်းအနီးတွင်သာ အမြဲတမ်းလှည့်ပတ်နေရသောကြောင့် သူ၏ စိတ်ရှည်သီးခံနိုင်စွမ်းပင် ကျဆင်းလာခဲ့ပြီ ဖြစ်သည်။ အမှန်ဆိုလျှင် ဤအချိန်၌ စစ်ပွဲစတင်​နေသင့်ပြီ ဖြစ်သည်။

ဤသို့ဖြင့် တစ်နေ့တွင် တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့သည်။

......

အခန်း ၂၆၁ - အနိုင် နှင့် အရှုံး

"ဦးလေးမို ဒီကိုလာကြည့်အုံး တစ်ခုခု ဖြစ်သွားပြီ"

စောင့်ကြည့်ရေးခန်းမတွင် ကျန့်ကျိုးက မျက်နှာပြင်တစ်ခုကို ကြည့်နေရင်း ရုတ်တရက် အော်ဟစ်ကာ အခြားတစ်ဖက်ရှိလူကို လှမ်းခေါ်လိုက်သည်။ မနီးမဝေးတွင်ရှိ​နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ကျန့်ကျိုးရှိရာသို့ လျှောက်လာပြီး မျက်နှာပြင်ကို ကြည့်လိုက်သည်။

"ရှောင်ကျိုး ဘာကိစ္စလဲ"

မျက်နှာပြင်ကို ကြည့်​နေရင်း မိုနန်က မေးလိုက်သည်။

"ကျွန်တော်တို့ စောင့်ကြည့်ရေးနယ်မြေအတွင်းမှာရှိနေတဲ့ ကိုင်းဂျူးသားရဲမိခင် အနီးက ကိုင်းဂျူးသားရဲ သန္ဓေသားလောင်း (၅၈) ခု နေရာကနေ ပျောက်ကွယ်သွားပါတယ်"

ကျန့်ကျိုးက မျက်နှာပြင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"ဒီလောက်တောင် များတာလား..."

မိုနန် အံ့အားသင့်သွားသည်။ သူနောက်ဆုံးစစ်ဆေးခဲ့သည်က နာရီအနည်းငယ်သာ ရှိသေးသည် မဟုတ်လော။ ဤမျှတိုတောင်းသော အချိန်အတွင်း ကိုင်းဂျူးသားရဲ မိခင်က မည်မျှအထိ မွေးဖွား​ပေးနိုင်မည်နည်း။

ထိုထက်ပို၍ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးအချက်မှာ သူတို့စောင့်ကြည့်နေသော နယ်မြေကဲ့သို့ ကျယ်ဝန်းသော နောက်ထက် နယ်မြေ (၁၉) ခု ကျန်ရှိနေသေးခြင်း ဖြစ်သည်။ ဤနယ်မြေအားလုံး ပေါင်းလိုက်လျှင် ကိုင်းဂျူးသားရဲမည်မျှ မွေးဖွားလာမည်ကို ဘုရားသခင်သာ သိရှိပေလိမ့်မည်။

"ရှောင်ကျိုး ဒီဖြစ်ရပ်ကို စစ်ဦးစီးချုပ်ဆီ ချက်ချင်းသတင်းပို့ဖို့လုပ်ပါ"

မိုနန်က လေးနက်စွာ ပြောလိုက်သည်။ စာရင်းဇယားများအရ ကိုင်းဂျူးသားရဲမိခင်၏ နေ့စဉ်​မွေးဖွားနှုန်းသည် တဖြည်းဖြည်း ပိုမိုများပြားလာ​နေသည်။ ၎င်းသည် ကောင်းသောလက္ခဏာ မဟုတ်ပေ။

"ကောင်းပါပြီ"

ကျန့်ကျိုးသည် ဤကိစ္စ၏ ကြီးလေးမှုကို သိထား၏။ သူသည် လေးနက်စွာ ခေါင်းညိတ်ပြီး စောင့်ကြည့်ရေးခန်းမမှ ထွက်ခွာရန် ပြင်လိုက်သည်။ ထိုစဥ်မှာပင် သူတို့၏ အရှေ့ရှိ မျက်နှာပြင်သည် ရုတ်တရက် မျဉ်းကြောင်းများဖြင့် မှိတ်ချည်မှောင်ချည်း ဖြစ်လာပြီး အမှောင်ကျသွားသည်။

"ဘာတွေဖြစ်ကုန်တာလဲ"

မိုနန် ထိုကဲ့သို့ ရုတ်တရတ်ဆန်​သော မြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။ ကျန့်ကျိုးသည် ထိတ်လန့်အံ့သြသွားသော်လည်း စိတ်တည်ငြမ်အောင်ကြိုးစား၍ ကောက်ချက်ချလိုက်၏။

"အဝေးထိန်း စောင့်ကြည့်ရေးလေယာဉ် ဖျက်ဆီးခံလိုက်ရပြီ"

"နောက်ထပ် အခုချက်ချင်း အခြားတစ်ခုကို ပြောင်းလိုက်ပါ"

သူတို့သည် လက်ရှိအချိန်၌ ကိုင်းဂျူးသားရဲမိခင်၏ အနားတွင် ရှိ​နေ​ခြင်း မဟုတ်ဘဲ ဂါးဒီးယန်း အခြေစိုက်စခန်းတွင် ရှိနေခြင်း ဖြစ်သည်။ သူတို့သည် ထိုနေရာသို့ အဆင့်မြင့် စစ်ဘက်သုံးဒရုန်းများနှင့် ဂြိုလ်သားအခြေစိုက်စခန်း၏ လေသင်္ဘောငယ်များကို အသုံးပြု၍ စောင့်ကြည့်နေ​ကြခြင်း ဖြစ်သည်။

မိုနန်၏ ညွှန်ကြားချက်ကို ကြားလိုက်ရသော ကျန့်ကျိုးသည် ထိန်းချုပ်​ရေးခလုတ်ခုံသို့ စတင်၍ အလျင်အမြန် ရိုက်နှိပ်တော့သည်။ သို့သော် ခေတ္တမျှကြာပြီးနောက် သူ၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားပြီး မိုနန်ကို မော့ကြည့်၍ ပြောလာသည်။

"ဦးလေးမို ကျွန်တော်တို့ နယ်မြေထဲမှာရှိတဲ့ အဝေးထိန်း စောင့်ကြည့်ရေးဒရုန်းတွေ အကုန်လုံး ဖျက်ဆီးခံလိုက်ရပြီ..."

မိုနန်၏ မျက်မှောင်ကြုတ်လိုက်သည်။

ဤကဲ့သို့ ဒရုန်းများ ဖျက်ဆီးခံရသည့် အဖြစ်အပျက်များ ရှိခဲ့ဖူးသော်လည်း ၎င်းတို့သည် အဆင့် (၆) ကိုင်းဂျူးသားရဲများ ဖြတ်သန်းသွားလာမှသာ ဖြစ်တတ်ခြင်း ဖြစ်သည်။ ဂြိုလ်သားအခြေစိုက်စခန်းအနီးတွင် အဆင့် (၆) ကိုင်းဂျူးသားရဲ အများအပြား ရှိနေ​ခြင်းကြောင့်လည်း လူသားများအနေဖြင့် ဂြိုလ်သားအ​​ခြေစိုက်စခန်းသို့ အလောတကြီး မတိုက်ခိုက်ရခြင်း ဖြစ်သည်။

သို့သော် ဤကဲ့သို့ နယ်မြေတစ်ခုလုံးရှိ ဒရုန်းများ တစ်ချိန်တည်းတွင် ဖျက်ဆီးခံရသည့် အဖြစ်အပျက်မျိုး မရှိခဲ့ဖူးပေ။ ဒရုန်းတစ်ခုနှင့် တစ်ခုကြားအကွာအဝေးသည် အနည်းဆုံး (၃ ) ကီလိုမီတာ ကွာဝေးပြီး နယ်မြေတစ်ခုစီတွင် ဒရုန်းများစွာ ထားရှိထားခြင်း ဖြစ်သည်။

တစ်စုံတစ်ခု​တော့ မှားယွင်နေပြီ ဖြစ်ကြောင်း မိုနန်၏ အလိုလိုသိစိတ်က ပြောနေသည်။

မိုနန်သည် လေထုအား ပြင်းပြင်းထန်ထန် ရှူထုတ်လိုက်ပြီးနောက် တင်မာသော မျက်နှာထားဖြင့် အထက်လူကြီးများအား သတင်း​ပေးပို့ရန်အတွက် စောင့်ကြည့်ရေးခန်းမထဲမှ အပြေးထွက်လာခဲ့​တော့သည်။

...

ထိုအချိန်....

ဂါးဒီးဖိုက်တွင် ဖန့်ရန်သည် ဧရာမလိပ်ကြီး၏ ဆွဲဆောင်မှုဒဏ်ခံလိုက်ရ၍ ရောက်ရှိလာသော ရှေးဟောင်းသားရဲများနှင့် သ​န္ဓေပြောင်းသားရဲများအား ဝါးမြိုနေလေသည်။

တစ်ချိန်တည်းမှာပင် ဖန့်ရန်နှင့် မနီးမဝေးရှိ ဂါးဒီးဖိုက်တွင်မူ စစ်တပ်တစ်ခုသည် တိုက်ခိုက်ရေးလေ့ကျင့်ခန်း ပြုလုပ်နေကြ၏။ ၎င်းတို့တစ်ယောက်ချင်းစီသည် သေနတ်အမျိုးမျိုးနှင့် အရည်သတ္တုဝတ်စုံအား ဝတ်ဆင်ထားကြသည်။

လေသင်္ဘော အများစုတွင်လည်း အရည်သတ္တုဖြင့် ပြုလုပ်ထားသော အထူးလက်နက်များ တတ်ဆင်ထားပြီး စစ်သားများသည်တော့ ဝတ်စုံနှင့် လက်နက်များ ဝတ်ဆင်ထားကြသည်။ ထိုဝတ်စုံများသည် ၎င်းအား ဝတ်ဆင်ထားသော စစ်သားတစ်​ယောက်ချင်းစီအား တိုက်ခိုက်ရေးစွမ်းရည် တိုးပွားစေနိုင်ပေသည်။

ပင်လယ်သားရဲများအား စားသောက်နေသော ဖန့်ရန်သည် စစ်သားများ၏ နည်းဗျူဟာကျသော လေ့ကျင့်ခန်းများအား ကြည့်ရှုနေ​လေသည်။ ဤသည်ကပင် သူ၏ လက်တလော အပန်းဖြေနည်းဟု ဆိုနိုင်ပေသည်။

ဖန့်ရန်သည် ပင်လယ်သားရဲများအား တဂျွတ်ဂျွတ်ဝါးစား၍ စူပါစစ်သားများ၏ လေ့ကျင့်ခန်းကို ကြည့်ရှုနေစဉ် ရုတ်တရက် ဆန်စွာထွက်ပေါ်လာသော ရင်းနှီးနေသည့် သက်ရှိဇီဝစွမ်းအင်လှိုင်းများကို (အသက်စွမ်းအင်) ခံစားလိုက်ရသည်။

"ကိုင်းဂျူးသားရဲတွေရဲ့ ဇီဝစွမ်းအင်လှိုင်းတွေပါလား..."

ကိုင်းဂျူးသားရဲများသည် ၎င်းတို့၏ ကိုယ်ခန္ဓာထံမှ ထွက်ပေါ်လာသော ဇီဝစွမ်းအင်လှိုင်းကို ဖုံးကွယ်လာနိုင်​ပြီ​ ဖြစ်​သောကြောင့် ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲလာခဲ့၏။ ထိုကြောင့် ၎င်းတို့ကိုယ် ၎င်းတို့ဖော်ထုတ်ခြင်း မရှိသရွေ့ လူသားများအနေဖြင့် အဆင့်မြင့်ကိုင်းဂျူးသားရဲများကို ရှာဖွေတွေ့ရှိရန် ခက်ခဲလာခဲ့ပြီ ဖြစ်သည်။

ဤဖုံးကွယ်နိုင်စွမ်းကို အသုံးချ၍ ကိုင်းဂျူးသားရဲများသည် လူသားမဟာမိတ်တပ်များဆီသို့ အကြိမ်ကြိမ်အလစ်အငိုက်တိုက်ခိုက်ခဲ့ဖူးပေသည်။ ဤတစ်ကြိမ်သည်လည်း ထိုနည်းလည်း​ကောင်းပင်။ သို့သော် ၎င်းတို့၏ လူသားရေဒါများကို ဖုံးကွယ်ထားနိုင်သော ဤနည်းလမ်းက ဖန့်ရန်အပေါ်တွင် အသုံးမဝင်ချေ။

"ကိုင်းဂျူးသားရဲစစ်တပ် အခြေစိုက်စခန်းဆီ ဦးတည်လာနေပြီ..."

"ရွှီးးးး"

ဖန့်ရန်သည် သူ၏ စိတ်ထဲတွင် တွေး​တောလိုက်ပြီးနောက် ခေါင်းမော့၍ ကောင်းကင်ယံဆီသို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်​၏။ သူ၏ ပါးစပ်မှ ပြင်းထန်သော တုန်ခါလှိုင်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် ရေပြင်ပေါ်တွင် ဧရာမလှိုင်းလုံးကြီးများနှင့် ​လေဂယက်လှိုင်းလုံးများ ထွက်ပေါ်လာခဲ့၏။ သူ၏ အသံသည် ကီလိုမီတာ ဒါဇင်ပေါင်းများစွာအထိ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင် ဒေသရှိ လူသားများ နေထိုင်ရာ ဒေသတစ်ခုလုံးကို လွှမ်းမိုးသွားသည်။

ဂါးဒီးဖိုက်ပေါ်တွင် လေ့ကျင့်နေ​ကြသော စစ်သားများသည် ဖန့်ရန်၏ အလွန်ကျယ်လောင်သော ဟိန်းဟောက်သံကို ပထမဆုံးသော ကြားလိုက်ရသူများ ဖြစ်​ကြသည်။

လေ့ကျင့်ရေးကွင်းတစ်ခုတွင် ဟန်ချိုသည် အရည်သတ္တုဝတ်စုံအား ဝတ်ဆင်ကာ လေ့ကျင့်ခန်း​ပြုလုပ်နေ​ကြသော စစ်သားများကို ​စောင့်ကြည့်နေသည်။ သူတို့သည် ဤစစ်သားများအား စူပါဇီဝစစ်သည်တော်များ ဟု ခေါ်ဆိုကြသည်။

သူသည် ယခုအချိန်၌ အပြေးလေ့ကျင့်ခန်းပြုလုပ်နေ​ကြသော စစ်သားအဖွဲ့တစ်ဖွဲ့ကို ​စောင့်ကြည့်နေခြင်း ဖြစ်၏။

ဤသည်က သာမန် အပြေးလေ့ကျင့်ခန်း မဟုတ်​ချေ။ သူသည် စစ်သားတစ်ယောက်ချင်းစီအား တစ်နာရီလျှင် အမြန်နှုန်း (၁၅၀) ကီလိုမီတာ ပြည့်မှီရမည်ဟု တောင်းဆိုထားခြင်း ဖြစ်သည်။ ထိုအပြင် ၎င်းကလည်း အခြေခံတောင်းဆိုထားခြင်းဟု ဆိုနိုင်ပြီး ၎င်းတို့သည် ပိုမိုမြန်ဆန်သော အမြန်နှုန်းအား ရရှိရန် အပြင်းအထန်ကြိုးစားရမည် ဖြစ်သည်။

ထိုအခါမှသာ ၎င်းတို့၏ ကိုယ်ခန္ဓာပေါ်ရှိ ဂြိုလ်သားဇီဝဝတ်စုံဟု ဆိုနိုင်သော သတ္တုအရည်ဝတ်စုံများနှင့် ပြီးပြည့်စုံစွာ ကိုက်ညီသွားပေမည်။

"ရှောင်ယီ စစ်သားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မှတ်တမ်းတင်ပြီးပြီလား"

အလွန်ပြင်းထန်သည့် အပြေးလေ့ကျင့်ခန်းများကြောင့် မြေပြင်ပေါ်တွင် ရင်ဘက်နိမ့်ချည်းမြင့်ချည်းဖြင့် အသက်ရူနေကြရသော စူပါဇီဝစစ်သည်များအားကြည့်ရင်း ဟန်ချိုက သူ၏ လက်ထောက်ကို မေးလိုက်သည်။

"ဟုတ်ကဲ့ အကုန်လုံး မှတ်တမ်းတင်ထားပြီးပါပြီခင်ဗျာ"

လူငယ်​လေး၏ အဖြေကို ကြားလိုက်ရသော ဟန်ချိုက ခေါင်းညိတ်လိုက်သည်။ သူသည် ဤစီမံကိန်းကို အဓိက တာဝန်ယူထားသော သူဖြစ်၏။ သူထက်မံပြုလုပ်မည့် သုတေသနများအတွက် ဤစစ်သားများ၏ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များကို ကိုယ်တိုင်ရယူရန် လိုအပ်သည်။

ဟန်ချိုသည် သူ၏ လက်ထောက်အား စကားပြောရန်ပြင်လိုက်စဉ်.... ပင်လယ်ပြင်ကြီး၏ နေရာတစ်ခုဆီမှ အလွန်ကျယ်လောင်၍ နားကွဲလုမတတ် စူးရှသော ဟိန်းဟောင်သံကြီး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဟမ်း"

ဤအသံကြောင့် အံအားသင့်သွားသော ဟန်ချိုသည် ၎င်းပေါ်လာသော အရပ်မျက်နှာသို့ လှည့်ကြည့်လိုက်၏။ ထိုအခါ သူသည် သူယခုရှိ​နေ​သော ကျွန်းနှင့် (၅) ကီလိုမီတာထက် ပိုဝေးနိုင်သော နေရာက ပင်လယ်ပြင်ပေါ်တွင် ဧရာမသားရဲကြီတစ်ကောင် ၎င်း၏ ခေါင်းကိုမော့ကာ ၎င်းရှေ့ရှိ ဧရိယာတစ်ခုသို့ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ ၎င်းသားရဲကြီး၏ အလွန်ကြီးမားသော ကိုယ်ခန္ဓာကြောင့် ဟန်ချိုသည် ၎င်း၏ မျက်နှာနှင့် ခန္ဓာကိုယ်ကြီးကိုပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရဆဲပင်။

"ဧရာမမြွေကြီးလား"

ဟန်ချို ဇဝေဇဝါ ဖြစ်သွားသည်။ ဤဧရာမမြွေကြီးသည် သူတို့အား မည်သည့်အခါမျှ အနှောင့်အယှက် မပေးဖူးခဲ့ပေ။ သူတို့သည် တစ်ဦးနှင့်တစ်ဦး အနှောင့်အယှက်မပေးဘဲ မမြင်နိုင်သော နုညံ့သိမ်မွေ့သည့် အခြေအနေတစ်ခုဖြင့် အကျိုးအမြတ်အသီးသီးကို အပြန်အလှန်ယူနေကြခြင်း ဖြစ်သည်။ ထိုကြောင့်ပင် ၎င်း၏ ဤပထမဆုံး​သော ဟိန်းဟောင်သံသည် အဘယ်ကို ဆိုလိုနေပါသနည်း။

ဟန်ချိုသည် ဧရာမမြွေကြီး စိုက်ကြည့်နေသော အရပ်မျက်နှာဆီသို့ မျက်နှာလွှဲလိုက်၏။

"သူက ဘာပြောချင်နေတာလဲ"

ဟန်ချိုသည် တခဏမျှ ဇဝေဇဝါ ဖြစ်သွားသော်လည်း နောက်တစ်စက္ကန့်တွင် သူ၏ မျက်စိသူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွား၏။ ဧရာမမြွေကြီး စိုက်ကြည့်နေသော အရပ်မျက်နှာမှ ဧရာမ အမည်းရောင်အရိပ်ကြီးများသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူတို့၏ အခြေစိုက်စခန်းဆီသို့ ဦးတည်လာနေခဲ့သည်။

"ကိုင်းဂျူးသားရဲ​တွေ အမည်း​ရောင်အရိပ်မဲတွေက ကိုင်းဂျူးသားရဲတွေ"

၎င်းကို သဘောပေါက်သွားသော ဟန်ချိုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"စစ်သားအားလုံး ကိုယ့်နေရာကိုယ်အ​မြန်သွားကြတော့ စစ်ပွဲစတော့မယ် လက်နက်​တွေအသင့်ကိုင်ထား... ကိုင်းဂျူးသားရဲတွေ တိုက်ခိုက်လာပြီ"

"အမြန်လုပ်... အမြန်... လုပ်ကြ"

ဟန်ချို၏ အော်ဟစ်အမိန့်​ပေးသံကို ကြားလိုက်ရသည့် စူပါဇီဝစစ်သည်များသည် ထိတ်လန့်ချောက်ချားစွာဖြင့် အဝေးသို့ လှမ်းကြည့်လိုက်ကြပြီး သူတို့တာဝန်ကျရာ နေရာများဆီသို့ အလျင်အမြန် ပြေးလွှားသွားကြတော့သည်။

ဇီဝစစ်သည်တော်များအား အမိန့်ပေးလိုက်သော တခဏတွင် ကျွန်းပေါ်ရှိ လူများသည် တုန်လှုပ်ခြောက်ခြားနေကြပြီ ဖြစ်သည်။ ၎င်းတို့သည် ဧရာမမြွေကြီး ကြည့်နေရာဆီသို့ ကြည့်နေကြပြီး မြင့်မားသော အရိပ်မဲများမှတဆင့် ကိုင်းဂျူးသားရဲစစ်တပ်ကြီး ကူးခက်လာနေသည်ကို မြင်တွေ့နေရချေပြီ။

"ကိုင်းဂျူးသားရဲတွေ တိုက်ခိုက်လာပြီ ကိုင်းဂျူးသားရဲတွေ တိုက်ခိုက်လာ​နေပြီ... "

ကျွန်း၏ ထောင့်တစ်ခုတွင် လူတစ်ယောက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်စဉ်မှာပင် စူးရှသော အချက်ပေး သံကြီး ထွက်ပေါ်လာခဲ့၏။

"ဝေါင်းးး"

ဧရာမမြွေကြီး၏ အလွန်ကျယ်လောင်သော ဟိန်းဟောင်သံ ထွက်ပေါ်လာပြီးနောက် ကိုင်းဂျူးသားရဲစစ်တပ်သည် ဆက်လက်ဖုံးကွယ်မနေတော့ပေ။ ၎င်းတို့သည် ဧရာမမြွေကြီးနှင့် အပြိုင်ကျယ်လောင်စွာ ဟိန်းဟောင်လိုက်ကြသည်။

ကိုင်းဂျူးသားရဲစစ်တပ်၏ တိုက်ခိုက်ခြင်း ခံရသည်မှာ ဂါးဒီဖိုက် တစ်ခုတည်း မဟုတ်ပေ။ အစိမ်း​ရောင်ပင်လယ်ထဲရှိ လူ​နေထိုင်ရာ ကျွန်းအားလုံးနီးပါးကို ကိုင်းဂျူးသားရဲစစ်တပ်၏ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

အစိမ်း​ရောင်ပင်လယ်ပြင် တစ်ခုလုံးတွင် အချက်ပေးသံများ ဆူညံစွာ မြည်ဟည်းနေပြီး လူသားများသည် သမိုင်းတွင်လောက်သည့် တိုက်ပွဲကြီးတစ်ခုအတွက် ပြင်ဆင်နေကြသည်။

ဤသည်မှာ လူသားမျိုးနွယ်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် စစ်ပွဲတစ်ခု ဖြစ်​နိုင်​ပေသည်။ အောင်နိုင်သည့်ဘက်က အမြင့်သို့ တက်လှမ်းသွားနိုင်မည်ဖြစ်ပြီး ရှုံးနိမ့်သည့်ဘက်ကတော့ မျိုးသုန်းသွားပေလိမ့်မည်။ အရာအားလုံးသည် ဤတိုက်ပွဲအပေါ်တွင် မူတည်နေပေ၏။ လူသားမျိုးနွယ်သည် အောင်နိုင်မည်လား သို့မဟုတ် ရှုံနိမ့်သွားမည်လား။

စစ်ပွဲသည် အလွန်နီးကပ်နေ​လေပြီ။

.....

အခန်း ၂၆၂ - တိုက်ပွဲစတင်ခြင်း

ပြင်းထန်သော အချက်ပေးသံများ ကျွန်းပေါ်ရှိ အခြေစိုက်စခန်းတွင် မြည်ဟည်းနေပြီး လူအများအပြားသည် ၎င်းတို့တာဝန်ကျရာ နေရာများဆီသို့ အပြေးအလွှားသွားရောက်နေကြသည်။ ဤအချိန်တွင်တော့ အချို့သော သူတို့သည် စစ်ပွဲအတွက် ပြင်ဆင်နေကြပြီ ဖြစ်သည်။

"ကျွန်တော်တို့ အခုချက်ချင်း ဒီနေရာကနေ ထွက်သွားမှ ဖြစ်မယ်... ပရော်ဖက်ဆာ"

ဂါးဒီဖိုက်တည်ရှိရာသည် ကိုင်းဂျူးသားရဲစစ်တပ်နှင့် အလွန်နီးကပ်နေခဲ့၏။ ဟန်ချိုသာ ဤကျွန်းပေါ်တွင် ဆက်နေမည်လျှင် သူသေဆုံးသွားနိုင်ခြေ အလွန်များသည်။

"သွားမယ်"

ဟန်ချိုက တုံ့ဆိုင်းခြင်း မရှိဘဲ သူ၏ လက်ထောက် ရှောင်ယွီကို ခေါ်ဆောင်ကာ စူပါဇီဝစစ်သည်တော်များ၏ စောင့်ရှောက်မှုအောက်တွင် အဆင်သင့်ဖြစ်နေသော တိုက်လေယာဉ်ဆီသို့ လျှောက်လှမ်းသွားခဲ့၏။

ဝီး.. ဝီး... ဝီး.... ဝီး..... ဝီး......

အင်ဂျင်ဟိန်းသံများ လေဆိပ်ငယ်လေးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဒေါင်လိုက်အင်ဂျင်ဆီမှ အပြာရောင်မီးလျှံများ ပန်းထွက်လာခဲ့၏။ ထို့နောက် အလျား မီတာ (၁၅၀) ခန့်ရှိမည့် ဧရာမ K-series တိုက်လေယာဉ်ကြီးသည် ဖြည်းညှင်းစွာ ပျံတက်သွားသည်။

ဤဧရာမ K-series တိုက်လေယာဉ်သည် အမြင့် (၃) ကီလိုမီတာသို့ ရောက်ရှိသွားပြီးနောက် အသံထက်မြန်သော အ​မြန်နှုန်းဖြင့် ဝေးလံသော မိုးကုပ်စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

၎င်းဦးတည်ရာ နေရာဟာ ဂါးဒီးဝမ်းဆီသို့ပင် ဖြစ်သည်။

ဂါးဒီးဝမ်းအား အင်အားအကြီးဆုံးသော လက်နက်ကိုင်တပ်ဖွဲ့များက ကာကွယ်ထားပြီး ဟန်ချိုကဲ့သို့ ထိတ်တန်းပရော်ဖက်ဆာများနှင့် ထိပ်သီးခေါင်းဆောင်များနှင့် ထိတ်တန်းသုတေသီများသာ နေထိုင်ခွင့်ရှိသည်။

"ပရော်ဖက်ဆာဟန် မစ္စတာလုက စကားပြောချင်နေပါတယ်"

လေယာဉ်အခန်းတွင် အဖွဲ့ဝင်တစ်ယောက် တက်ဘလက်တစ်ခုကို ကိုင်ဆောင်၍ ဟန်ချိုအနားသို့ ချဉ်းကပ်လာကာ ပြောလိုက်၏။ ဟန်ချို ခေါင်းညိမ့်သ​ဘောတူလိုက်သည်။ ခဏအကြာတွင် တက်ဘလက်မျက်နှာပြင်ပေါ်၌ လူတစ်ယောက်၏ ဟိုလိုဂရပ်ဖစ်ပုံရိပ် ပေါ်လာသည်။

"ပရော်ဖက်ဆာ ဟန်ချို"

လုချန်း၏ မျက်နှာ ပေါ်လာသည်၊ သူက ချက်ချင်းပင် ...

"ကျေးဇူးပြုပြီး ဗဟိုအခြေစိုက်စခန်းက အစည်းအဝေးခန်းမကို အမြန်ဆုံးလာပေးပါ"

"ကောင်းပါပြီ။ ​ခေါင်း​ဆောင်လု"

ဟန်ချို၏ အဖြေကို ကြားလိုက်ရပြီးနောက် လုချန်းက ခေါင်းငြိမ့်​ပြီး ဆက်သွယ်ရေးလိုင်းကို ပိတ်လိုက်သည်။

ဟန်ချို တက်ဘလက်ဖြင့် ကိုင်းဂျူးသားရဲများ ရောက်ရှိနေသော ဧရိယာမြေပုံကို ကြည့်လိုက်သည်။ ခဏအကြာတွင် နောက်ထက် ဟိုလိုဂရပ်ဖစ်ပုံရိပ်တစ်ခု သူ၏ အရှေ့တွင် ပေါ်လာသည်။ ဤဟိုလိုဂရမ်ဖစ်ပုံရိပ်တွင် အဆုံးသတ်ကို မမြင်တွေ့ရသေးသော အစိမ်းရောင် ပင်လယ်ပြင်ကြီး၏ ပုံရိပ်ရှိနေပြီး ၎င်း၏ အပေါ်တွင်တော့ သူတို့စွန့်ခွာလာခဲ့သော ဂါးဒီးဝမ်းရှိနေပြီး ၎င်းဆီသို့ ကိုင်းဂျူးသားရဲများစွာက ချည်းကပ်လာနေကြသည်။

အကြည့်တစ်ချက်ဖြင့် ကိုင်းဂျူးသားရဲ အကောင်ရေ (၄၀၀) ကျော် (၅၀၀) ခန့်ရှိသည်ကို သိနိုင်ပြီး အသေးဆုံးအကောင်ပင် အမြင့် မီတာ (၁၀၀) ကျော်ရှိ​ပေသည်။ ၎င်းတို့သည် ကီလိုမီတာဆယ်ဂဏန်းကျော်ကို နေရာယူထားပြီး မျက်စိတစ်ဆုံး ကိုင်းဂျူးသားရဲများဖြင့် ပြည့်နေလေသည်။

တစ်ချက်ကြည့်ရုံဖြင့်ပင် ကိုင်ဂျူးအကောင်ရေမှာ ၄၀၀ မှ ၅၀၀ ခန့် ရှိနေပြီး အသေးဆုံးအကောင်မှာပင် အမြင့်မီတာ ၁၀၀ ကျော်ရှိသည်။ ၎င်းတို့ နေရာယူထားသော ပင်လယ်ပြင်မှာ ကီလိုမီတာ ဆယ်ဂဏန်းအထိ ကျယ်ဝန်းကာ မျက်စိတစ်ဆုံးမျှပင် ရှိနေသည်။

"ကိုင်းဂျူးသားရဲတွေ အများကြီး တိုက်ခိုက်လာတာပါလား"

ဟန်ချို၏ စိတ်ထဲ လေးလံ​နေခဲ့သည်။ သူသည် ဒရုန်းများ၏ ဘေးမှ လျှင်မြန်စွာ ဖြတ်သန်းသွားသော အရိပ်မည်းများကို သတိပြုမိလိုက်သည်။ ၎င်းတို့အားလုံးသည် အဆင့် (၆) ကိုင်ဂျူးသားရဲများ ဖြစ်ကြ၏။

"ဂြိုဟ်သားတွေ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲဖို့ တကယ်ပဲ ဆုံးဖြတ်လိုက်ကြပြီလား"

ဟန်ချို အတွေးနက်နေစဉ် K-series တိုက်လေယာဉ်သည် အရှိန်လျှော့ကာ သတ်မှတ်ထားသော နေရာဆီသို့ ဆင်းသက်လိုက်သည်။ လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် သူသည် ဂါးဒီဝမ်းရှိ တိုက်လေယာဉ်များနှင့် လေသင်္ဘောများ လေပေါ်ပျံတက်နေ​ကြသည်ကို တွေ့လိုက်ရသည်။

"အခြေအနေက ထင်ထားတာထက် ပိုဆိုးနေပါလား"

ဟန်ချို အခြေစိုက်စခန်းအတွင်းသို့ အမြန်ပြေးသွားလိုက်သည်။

"​ခေါင်း​ဆောင်လု"

အစည်းအဝေးခန်းမသို့ ရောက်သောအခါ ခန်းမထဲတွင် အရေးကြီးပုဂ္ဂိုလ်များနှင့် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များဖြင့် ပြည့်နှက်နေသည်ကို ဟန်ချို တွေ့လိုက်ရသည်။ သူသည် သူ၏ နိုင်ငံ၏ ခေါင်းဆောင်ကို အလေးပြုပြီးနောက် လုချန်းအနားသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။

"​ခေါင်း​ဆောင်လု ဘာတွေဖြစ်နေတာလဲ"

"ဂြိုဟ်သား အခြေစိုက်စခန်းဘက်က ကျုပ်တို့ရဲ့ စောင့်ကြည့်ရေး ဒရုန်းတွေ လေသင်္ဘောတွေနဲ့ ကိုင်းဂျူးသားရဲအတုအားလုံး ဖျက်ဆီးခံလိုက်ရပြီ"

လုချန်းက တင်မာသော မျက်နှာထားဖြင့် အလေးအနက် ပြောလိုက်သောအခါ ဟန်ချို၏ မျက်နှာ မည်းမှောင်သွား၏။

လူသားများသည် ဤအဆုံးအဖြတ်စစ်ပွဲအတွက် အဆင်သင့် မဖြစ်သေးပေ။

ဟန်ချိုက ခါးသီးစွာ ပြုံးလိုက်ပြီး သူ၏ ထိုင်ခုံတွင် ထိုင်ကာ ခါးသက်သက်ဖြင့် နဖူးကို ပွတ်နေမိသည်။

"လူလည်းစုံပြီဆိုတော့ အားလုံးကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းကို ပြောပါရစေ"

လုချန်းက တည်ကြည်စွာ ပြောလိုက်သည်။

"ကျုပ်တို့ရဲ့ စောင့်ကြည့်ကိရိယာတွေ အားလုံးဖျက်ဆီးခံလိုက်ရတဲ့အပြင် ကိုင်းဂျူးသားရဲအကောင် ငါးရာကျော်ကလည်း ကျုပ်တို့ရဲ့ အခြေစိုက်စခန်းကို တိုက်ခိုက်ဖို့ လာနေပါပြီ"

လုချန်းက ခလုတ်တစ်ခုကို နှိပ်လိုက်ရာ စားပွဲအလယ်တွင် ဟိုလိုဂရပ်ဖစ် မျက်နှာပြင်တစ်ခု ပေါ်လာသည်။ ထိုဂရပ်ဖစ်မျက်နှာပြင်တွင် အဆက်မပြတ် ချီတက်လာနေသော ကိုင်းဂျူးသားရဲစစ်တပ်ကြီး ရှိနေ၏။ ထိုကြောက်မက်ဖွယ်ရာကောင်းသော မြင်ကွင်းသည် အစည်းအဝေးခန်းမရှိ လူပုဂ္ဂိုလ်အားလုံး၏ မျက်နှာများကို တင်းမာသွား​စေသည်။

"အဆုံးအဖြတ်တိုက်ပွဲက ဒီနေ့မှာပဲ အောင်နိုင်သူနဲ့ ရှုံးနိမ့်သူကို ဆုံးဖြတ်ပေးဖို့ ရောက်လာခဲ့ပြီ ထင်တယ်"

လူသားမဟာမိတ်၏ ခေါင်းဆောင်များ အစည်းအဝေးထိုင်၍ တန်ပြန်တိုက်ခိုက်နိုင်မည့် နည်းလမ်းများကို စဉ်းစားနေကြစဉ်...။

ဂါးဒီဖိုက်တွင်...

လူသားများသည် ၎င်းတို့နေထိုင်ရာ ကျွန်းများဆီမှ တိုက်လေယာဉ်များနှင့် လေသင်္ဘောများကို အသုံးပြု၍ ကိုင်းဂျူးသားရဲများကို ဂါးဒီဖိုက် ရောက်မလာမီ ကြားဖြတ်တိုက်ခိုက်ရန် စစ်မြေပြင်သစ်ဆီသို့ ဦးတည်သွားကြသည်။

ထိုအချိန်မှာတော့ ဧရာမမြွေကြီး တစ်ကောင်သည် ကိုင်းဂျူးသားရဲစစ်တပ်နှင့် လူသားစစ်သင်္ဘောများကို စဉ်းစားဆင်ခြင်နေသော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

"ဒီတစ်ခါလာတိုက်တဲ့ ကိုင်းဂျူးသားရဲတွေ အရမ်းများလွန်းတယ်။ ပြီးတော့ အားလုံးက အဆင့် (၃) ကိုင်းဂျူးသားရဲထက် မြင့်တဲ့အကောင်တွေချည်းပဲ"

အင်တာနက်ပေါ်တွင် အချိန်အတော်ကြာ ရှာဖွေပြီးနောက် သူသည် လူသားများ၏ ကိုင်းဂျူးသားရဲ အမျိုးအစားခွဲခြား၍ အဆင့်သတ်မှတ်ပုံကို တက်မြောက်​နေခဲ့ပြီ ဖြစ်သည်။ ယခုသူ၏ အာရုံခံစားမှုအောက်တွင် အဆင့် (၃) ကိုင်းဂျူးသားရဲအောက် ကိုင်းဂျူးသားရဲတစ်ကောင်မှ ရှာမတွေ့​သေးချေ။

ထို့အပြင် အဆင့် (၆) ကိုင်းဂျူးသားရဲ (၁၅) ကောင်ကျော်ပင် ပါဝင်နေသေးသည်။

"ဒီတစ်ခါ ကိုင်ဂျူးတွေက တော်တော်များတာပဲ... အားလုံးက အဆင့် (၃) နဲ့ အထက်တွေချည်းပဲ"

"လူသားမဟာမိတ် ဒီအင်အားစုကို တွန်းလှန်နိုင်ပါ့မလား"

ဖန့်ရန်၏ မျက်လုံးအ​ကြည့်သည် ဂါးဒီဝမ်းဆီသို့ ဝေ့ဝဲသွားပြီး လေယာဉ်အမြောက်အများကို ကြည့်ရှုနေခဲ့သည်။ ၎င်းတွင် အဆင့်မြင့် တိုက်လေယာဉ်များ၊ K-series တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ လေသင်္ဘောများနှင့် ဧရာမမိခင်သင်္ဘောများပင် ပါဝင်သည်။

တိုက်လေယာဉ်များသည် အမြင့်တွင် ပျံသန်း​နေကြပြီး ရဟတ်ယာဉ်များသည် အနိမ့်ပိုင်းတွင် ပျံသန်း၍ အဆင့်နိမ့်ကိုင်းဂျူးသားရဲများနှင့် ဖုံးကွယ်တိုက်ခိုက်လာသည့် သန္ဓေပြောင်း သားရဲများကို တိုက်ခိုက်နေကြသည်။

ရဟတ်ယာဉ်များသည် လူသားမဟာမိတ်၏ နောက်ဆုံးပေါ် ထုတ်ကုန်များ ဖြစ်ကြပြီး တောင်ပံပိတ် ရဟတ်ယာဉ်ဟု ခေါ်ဆိုကြသည်။ ဤ​တောင်ပံပိတ် ရဟတ်ယာဉ်များ၏ ပန်ကာများအား သတ္တုကွင်းများဖြင့် ဖုံးအုပ်ထားသောကြောင့် သစ်တောများနှင့် အလွန်နိမ့်ပါးသော နေရာများတွင်ပင် ဘေးကင်းလုံခြုံစွာ ပျံသန်းနိုင်သည်။

K-series တိုက်လေယာဉ်များ အဆင့် (၆) ကိုင်းဂျူးသားရဲများကို ထိတ်တိုက်ရင်ဆိုင်နေချိန်တွင် တောင်ပံပိတ် ရဟတ်ယာဉ်များသည် ပင်လယ်ပြင်ဆီသို့ ထိုးဆင်းကာ ကိုင်းဂျူးသားရဲများကို တိုက်ခိုက်နေကြ၏။ တောင်ပံပိတ်ရဟတ်ယာဉ်များ၏ ယာဉ်တံခါးများသည် ဖွင့်လှစ်ထားပြီး စစ်သားများက ပေါက်ကွဲအားပြင်းသော စက်သေနတ်များဖြင့် ကိုင်းဂျူးသားရဲများကို အဆက်မပြတ် ပစ်ခတ်နေကြသည်။

ပေါက်ကွဲအားပြင်းသော ကျဉ်ဆံများကြောင့် အသားစများ ဖွာစာကြဲနေပြီး သားရဲများစွာ အဆက်မပြက် သေဆုံးနေကြသည်။

ထိုအချိန်မှာပင် အလျားမီတာ (၂၀၀) ကျော်ရှိသော ဧရာမတိုက်လေယာဉ် (၁၀) စီးသည် ကိုင်းဂျူးသားရဲစစ်တပ်၏ အထက်အမြင့် ကီလိုမီတာအနည်းငယ်ကနေ ကီလိုမီတာ (၂၀) ကျော်ရှည်လျားသော ဧရာမဗုံးကြီးများဖြင့် ကြဲချတိုက်ခိုက်နေကြသည်။

.....

All Chapters