တစ်သက်လုံး ပါးစပ်ပိတ်လိုက်တော့
Vol. 86-89 Ch. 1314
သူတော်စင်သခင် ကလေးငယ် လက်အရိုးများ ကျိုးသွားသည်။ တုတ်ကောက်နှင့် အဘိုးအိုက ရင်ညွန့်ရိုး ကျိုးသွားကာ မြေပွေး မိန်းမလှလေးက ပခုံးရိုး ကျိုးသွားလေသည်။
ရက်စက် ကြမ်းကြုတ်လှပေသည်။ ပို၍ အထူးဆန်းဆုံး ကိစ္စမှာ ထိုလူသုံးယောက်က ဤအဖြစ်ကို နောက်မှ သတိပြုမိခြင်း ဖြစ်သည်။
လက်ရှိတွင် ယဲ့ဖန်သည် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ရှေ့သို့ ရောက်နေပြီး တည်ငြိမ်၍ အရေးမစိုက်ဟန်ဖြင့် လက်ဆန့်ကာ ယန်ချီစွမ်းအင်ဖြင့် သူ့ဒဏ်ရာများကို ကုသပေးနေသည်။
သူတော်စင်သခင်အဆင့် သုံးယောက်ကို ဒဏ်ရာ အပြင်းအထန်ရအောင် လုပ်ခဲ့သူက သူ မဟုတ်သလိုပင်။ သူတော်စင်သခင်အဆင့် သုံးယောက်လုံး မှင်တက်သွားသည်။
သူတို့သုံးယောက်လုံး တိတ်တဆိတ် တိုက်ခိုက်ခံ လိုက်ရသည်တဲ့လား။ သို့ရာတွင် သူတို့ ဤသည်ကို တစ်ချက်ကလေးမှ သတိမထားမိခဲ့သဖြင့် မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလိုပင်။
*သူ ဘယ်လိုလုပ်လိုက်တာလဲ*
လက်ရှိတွင် သူတို့မျက်လုံးထဲမှ အထင်သေးဟန်များ ပျောက်ကွယ်သွားပြီး သတိထားဟန်များ ပေါ်လာသည်။ လုပ်ကြံသူက မည်သူ ဖြစ်မလဲဟု သူတို့ သိချင်နေ၏။
ယဲ့ဖန်က သူတို့ကို လုံးဝ ဥပေက္ခာ ပြုထားသည်ကိုမြင်ပြီး သုံးယောက်လုံး မကျေနပ်ဟန် ပြလာသည်။ သူတို့သည် သတ်ဖြတ်ခြင်းကျောင်းတော်၌ အဆင့်အတန်း မြင့်မားသူများ ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ လျစ်လျူရှု ထားခံရသနည်း။
*ယဲ့ဖန်က ငါတို့ကို အထင်သေးရဲတာလား*
*သေချင်နေတာပဲ*
*ဒါ တကယ်ကို သေချင်နေတာ*
“အချိန်ဖြုန်းမနေနဲ့၊ သူ အခု မသေလည်း ခဏနေ သေမှာပဲ၊ မင်းနဲ့အတူတူ သေမှာလေ”
သူတော်စင်သခင် ကလေးငယ်က ထပ်ခါထပ်ခါ လှောင်ရယ်နေပြီး သူ့ခန္ဓာကိုယ်မှ ရောင်စုံအလင်းများ ဖြာထွက်လာသည်။ သူ့ကိုယ်မှ ဒဏ်ရာကလည်း သိသိသာသာ လျင်မြန်စွာ ပျောက်ကင်းလာ၏။
“မျိုးမစစ်ကောင်၊ မင်းမှာ လှည့်ကွက်တော့ ရှိသားပဲ၊ ဒါပေမဲ့ အဲ့ဒါကလည်း ဒီမှာတင် ရပ်သွားမှာ၊ အခု ငါ မင်းကို နုတ်နုတ်စင်းပြမယ်”
“မောင်ငယ်လေး မင်း မိန်းကလေးတစ်ယောက်ကို ဘယ်လို တန်ဖိုးထားမလဲ မသိဘူးပဲ၊ ဒီအစ်မကြီး စိတ်ဆိုးလာပြီ အဲ့ဒါကြောင့် … ငါ နင့်ရင်ခွင်ထဲက မိန်းမကို တစ်စစီ စုတ်ဖြဲပစ်မယ်၊ ဒါမှ မင်း ဒီအစ်မကြီးကို သေချာ ကြည့်လာမှာ မလား”
မြွေပွေး မိန်းမလှလေးက တခစ်ခစ် ရယ်လာသည်။ သူမကိုယ်မှ အဆိပ်ငွေ့များ ထွက်ပေါ်လာလေသည်။ အရောင်မဲ့၍ အနံ့မရှိသော အဆိပ်ငွေ့များက ယဲ့ဖန်ကို ဖုံးအုပ်လာသည်။ သို့သော် ယဲ့ဖန်က သတိမမူသကဲ့သို့ မလှုပ်မယှက် ရှိနေသည်။
ထိုအခါ မြွေပွေး မိန်းမလှလေးက ပို၍ ပီပြင်စွာ ပြုံးရယ်လာပြီး သူမမျက်နှာပေါ်မှ ရက်စက်ဟန်က ပီပြင်လာ၏။ ထို့နောက် သူမက ယဲ့ဖန်တစ်ယောက် သူမ၏ အဆိပ်မိသွားပြီဟု ပြောချင်ဟန်ဖြင့် အဖော်နှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။
ဤသည်ကိုမြင်သော် သူတော်စင်သခင် ကလေးငယ်နှင့် တုတ်ကောက်နှင့် အဘိုးအိုတို့က အထင်သေးသလို ကြည့်လာကြသည်။ စိန်ခေါ်မှုမရှိဘဲ ဤမျှ လွယ်ကူစွာ အနိုင်ရလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
ဤသည်မှာလည်း မြွေပွေး မိန်းမလှလေး၏ အစွမ်းကို သူတို့ မျက်စိမှိတ် ယုံကြည်သောကြောင့် ဖြစ်သည်။ သူမသည် ကိုးမျိုးယင်အဆိပ် ခန္ဓာကိုယ်ဖြင့် မွေးဖွားလာသူ ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ အဆိပ်များဖြင့် ပြည့်နှက်နေ၏။
မနှစ်တုန်းကဆိုလျင် သူမသည် မြို့တံတိုင်းထိပ်၌ ရပ်ကာ သူမတစ်ကိုယ်လုံးမှ အဝတ်အစားများ ချွတ်ချခဲ့သည်။ ထိုအချိန်မှာပင် လေတိုက်လာသဖြင့် သူမကိုယ်မှ အဆိပ်ငွေ့များ ပျံ့လွင့်လာပြီး ထောင်သောင်းချီသော လူများ အဆိပ်မိကာ သေကြေခဲ့သည်။
ထို့အပြင် ကိုးမျိုးယင်အဆိပ် ခန္ဓာကိုယ်၏ အဆိပ်အတွက် ဖြေဆေးမရှိပေ။ ထိမိသူတိုင်း သေရပေလိမ့်မည်။ ထို့ကြောင့် သူတို့စိတ်ထဲ၌ ယဲ့ဖန် သေသွားပြီဟု တွက်ထားကြသည်။
“ယဲ့ဖန် အကြီးအကဲ သုံးယောက်လုံး ရှိနေတာကို နင် ဘယ်လိုတောင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်ရဲတာလဲ၊ နင် မြန်မြန် ဒူးထောက်လိုက်ရင် ကောင်းကောင်း သေနိုင်ဦးမှာနော်”
သူတော်စင်သခင်အဆင့် သုံးယောက်က ယဲ့ဖန်ကို တိုက်ခိုက်နေသည်ကို မြင်သောအခါ စုဝမ်ချင်း အပျော်လွန် သွားလေသည်။ သူမ စဉ်းလဲစွာ ပြုံး၍ ယဲ့ဖန်အား အထင်သေးသလို ကြည့်နေ၏။ ယဲ့ဖန်က ငြိမ်မြဲ ငြိမ်နေဆဲပင်။
“ဟေ့ကောင် မင်းကို ပြောနေတာလေ၊ မင်း နားကန်းနေသလား”
တုတ်ကောက်နှင့် အဘိုးအိုက ငေါက်ငမ်းလိုက်သည်။ သူတို့သုံးယောက်ထဲတွင် သူက စိတ်အတိုဆုံးနှင့် အရက်စက်ဆုံးပင်။ ယဲ့ဖန်က သူ့အား မသိချင်ယောင်ဆောင်ထားသည်ကို မြင်ပြီး သူ အလွန် ဒေါကန်လာ၏။
“လူကြီးမင်းတို့ မြင်တဲ့အတိုင်းပါပဲ၊ ဒီကောင်က အရမ်း မောက်မာပြီး ရိုင်းစိုင်းပါတယ်၊ သူက လူကြီးမင်း တို့ကိုတောင် မလေးမစား လုပ်ရဲတာပါ၊ လူကြီးမင်းတို့ သူ့ကို အရေးမပါတာတွေ ပြောမနေဘဲ သူ့ကို သတ်လိုက် သင့်ပါတယ်”
စုဝမ်ချင်းက မီးစာကို လောင်စာထပ်ဖြည့်ပေးလိုက်သည်။
“ပါးစပ်ပိတ်ထား”
ယဲ့ဖန်က အေးစက်စွာ ပြန်တုံ့ပြန်လေ၏။ ထိုစကားကို ကြားသော် တုတ်ကောက်နှင့် အဘိုးအို ဒေါကန်သွားသည်။
*သေခါနီးနေတဲ့ အရူးကများ လာအော်ရဲသေးတာလား*
“မင်း သေလိုက်တော့”
တုတ်ကောက်နှင့် အဘိုးအိုက ရုတ်တရက် ကိုယ်ကိုခါလိုက်သဖြင့် စွမ်းအင်လှိုင်းတစ်ခုက ယဲ့ဖန်နှင့် အခြားသူထံသို့ ပျံ့လွင့်လာသည်။ သူက အားလုံးကို တစ်ပြိုင်တည်းသတ်ရန် ကြံစည်ထားလေသည်။
ဤသည်ကိုမြင်သော် စုဝမ်ချင်း၏ မျက်နှာတွင် ဝမ်းသာစိတ်များဖြင့် ပြည့်နှက်လာကာ စိတ်ထဲ၌ “သူ့ကိုသတ်၊ သူတို့ကိုသတ်” ဟု ရေရွတ်နေမိသည်။
သို့သော် ယဲ့ဖန်က လက်တစ်ဖက်ဖြင့် ပုတ်ထုတ်လိုက်သလို သူ့ကိုယ်မှ အနက်ရောင် စွမ်းအင်လှိုင်း ထွက်ပေါ်လာပြီး နီးကပ်လာသည့် စွမ်းအင်လှိုင်းကို ဖျက်ဆီးသွားလေသည်။
တုတ်ကောက်နှင့် အဘိုးအိုသည် အနက်ရောင် စွမ်းအင်လှိုင်းကြောင့် နောက်သို့ အနည်းငယ် ဆုတ်လိုက်ရပြီး မျက်နှာက မသိမသာ သုန်မှုန်လာ၏။
ချက်ချင်းဆိုသလိုပင် သူ အပြုံးကြီး ပြုံးလာ၏။ အဘယ်ကြောင့်ဆိုသော် မြွေပွေး မိန်းမလှလေး၏ အဆိပ်က ထူးခြားမှန်း သူ သိနေသောကြောင့်ပင်။
ယခု ယဲ့ဖန် အစွမ်းထက်ချင်ထက်နိုင်သော်လည်း လာမည့် မိနစ်ပိုင်းအတွင်း ခွေးသေတစ်ကောင် ဖြစ်သွားနိုင် ခြင်းကြောင့်ပင်။
ထို့နောက်တွင်မူ ယဲ့ဖန်က သူတော်စင်သခင် အလောင်းကောင် နှစ်ကောင်အား ကျုံးလီအာနှင့် အခြားသူတို့အား စောင့်ရှောက်ထားခိုင်းလိုက်သည်။ ပြီးနောက်တွင်မူ တဖြည်းဖြည်း ထရပ်၍ သူ့ရှေ့မှ သုံးယောက်အား တည်ငြိမ်စွာ ကြည့်လေသည်။
“မင်းတို့ ဘာလို့ ဒီလောက် မြန်မြန် သေချင်ရတာလဲ”
ထိုစကားက သူတို့သုံးယောက်၏ နားထဲတွင် ဟာသသဖွယ် ဖြစ်နေ၏။
“ကျွတ်စ် ကျွတ်စ် ကျွတ်စ် ကြောက်စရာကောင်းလိုက်တာ၊ ကြောက်လွန်းလို့ သေရပါတော့မယ်၊ အရှင် ယဲ့ဘုရင်က ဒဏ္ဍာရီထဲကလို ကြောက်ဖို့ကောင်းတာပဲ”
သူတော်စင်သခင် ကလေးငယ်က ခနဲ့ပြော ပြောလိုက်ပြီး သူ့မျက်လုံးများက ခက်ထန် မာကြောလာသည်။
“မောင်ငယ်လေးက အရမ်း လွှမ်းမိုးနိုင်တာပဲ၊ ဒီလိုလူမျိုးကို မမကြီးက သိပ်သဘောကျတာ”
မြွေပွေး မိန်းမလှလေးက နှစ်လိုဖွယ်ကောင်းသော မျက်နှာဖြင့် ညုတုတု ပြောလိုက်သည်။ သူမအသွင်အပြင်က ဖြားယောင်းနိုင်ပြီး မကောင်းမှု ကျူးလွန်ချင်လာအောင် ဆွပေးနေသလိုပင်။
သို့သော် ယဲ့ဖန်က တစ်ချက်သာ ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
“ခင်ဗျား ပါးစပ်ပိတ်ထားပါလား၊ ခင်ဗျားအသံက မိတ်လိုက်ချင်တဲ့ ကြောင်အော်သံလို အရမ်း နားကလောတယ်လို့ ဘယ်သူမှ မပြောဖူးဘူးလား”
*ကြောင်မိတ်လိုက်ချင်တဲ့အသံ*
မြွေပွေးမိန်းမလှလေး ချက်ချင်း စိတ်တိုသွားပြီး ယဲ့ဖန်အား မကျေမနပ် ကြည့်နေကာ သူမမျက်နှာက မည်းမှောင်လာ၏။
“သောက်ကောင် အစက ငါ နင့်ကို ပျော်ပျော်ရွှင်ရွှင် သေရအောင် လုပ်ပေးမလို့ စဉ်းစားထားတာ၊ အခုတော့ ငါ စိတ်ပြောင်းသွားပြီ၊ ငါ နင့်ကို အဆိုးဆုံးနဲ့ အရှက်အကွဲဆုံးနည်းနဲ့ သေရအောင် လုပ်မယ်”
တစ်ခဏအတွင်းမှာပင် သူမက တောက်ပသော အလင်းရောင်သဖွယ် ပြောင်းလဲကာ အရိပ်သဖွယ် လျင်မြန်စွာ လှုပ်ရှား၍ ယဲ့ဖန်ထံ ပြေးဝင်သွားသောကြောင့် နေရာ၌ အရောင်စုံ အလင်းများသာ ကျန်ခဲ့လေသည်။
ထို့နောက် သူမက လက်ဝါးဖြင့် ယဲ့ဖန်၏ ရင်ဘတ်ကို အားဖြင့် ရိုက်ချလိုက်သည်။ သူမလက်ဝါးက ရောင်စုံဖြစ်လာပြီး လှပသော မြွေပေါက်လေးသဖွယ် ဖြစ်ကာ ကြည့်ကောင်းသော်လည်း အလွန် အဆိပ်ပြင်းလာ၏။
အဆိပ်လက်ဝါး၊ ကိုးမျိုးယင်အဆိပ် ခန္ဓာကိုယ်၏ တစ်ကိုယ်လုံးမှ အပြင်းဆုံး အဆိပ်များ စုဝေးထားသည့် လက်ဝါးချက် ဖြစ်ပေသည်။
ထိုအခိုက်တွင် သူတော်စင်သခင်အဆင့် ကလေးငယ်နှင့် တုတ်ကောက်နှင့် အဘိုးအိုတို့ မျက်နှာပျက်ကာ ကြောက်ရွံ့ဟန် ပေါ်လာ၏။ ဤတိုက်ကွက်ကြောင့် သူတို့ ထိတ်လန့်နေမှန်း သိသာလှသည်။
ဤတိုက်ကွက်က သူတို့ကိုတောင်မှ ခေါင်းခဲစေ၏။ ဤသည်ကိုကြည့်ခြင်းအားဖြင့် မြွေပွေးမိန်းမလှလေး တကယ် ဒေါသထွက်နေမှန်း သိသွားကြသည်။
“ဘယ်သူမှ မိန်းမတစ်ယောက်ကို ရန်စလို့ မရနိုင်ဘူးလို့ ငါ ပြောခဲ့သားပဲ၊ မိန်းမတစ်ယောက်ရဲ့ နှလုံးသားက အဆိပ် အပြင်းဆုံးပဲ၊ ဒီကောင်က ဒီအမှန်တရားကို မသိတာတော့ စိတ်မကောင်းစရာပဲ”
သူတော်စင်သခင် ကလေးငယ်က နောက်ပြောင်လေသည်။
မဟုတ်ဘူး သူ ရန်စမိတာ မိန်းမတစ်ယောက် ဖြစ်ရုံတင်မကဘူး လှပတဲ့ မြွေတစ်ကောင်လည်း ဖြစ်နေသေးတယ်၊ သူ ခဏနေရင် ဆိုးဆိုးရွားရွား သေလောက်တယ်၊ သူ့အဆိပ်ကြောင့် အရိုးတောင် ဆွေးသွားလောက်မှာ”
တုတ်ကောက်နှင့် အဘိုးအိုကလည်း ဝင်ပြောလာသည်။ ယဲ့ဖန်အား သူတို့မျက်လုံးထဲ၌ အချိန်မရွေး သူတို့ ဆော့ကစားနိုင်သော သားကောင် ဖြစ်ပြီး ကစားရတာ ပျင်းလာလျင် သတ်ပစ်နိုင်သည်ဟု ထင်နေကြသည်။
ထိုအခိုက်တွင် ယဲ့ဖန်၏ လှုပ်ရှားမှုက အားလုံး ထင်ထားသည်ထက် ကျော်လွန်သော လှုပ်ရှားမှု ဖြစ်လာ၏။ ယဲ့ဖန်က လက်ဆန့်၍ မြွေပွေး မိန်းမလှလေး၏ လက်ကို အားဖြင့် ရိုက်ထုတ်တော့မည့်ပုံပင်။
“ဘာလဲ လက်ကို ရိုက်ထုတ်မလို့လား၊ ဒီကောင့် ဦးနှောက် တစ်ခုခု မှားနေတာလား”
“ဟားဟားဟား ဒီလောက် ကြာပြီးမှ သူက အရူးမှန်း သိတော့တယ်၊ မြွေပွေး မိန်းမလှလေးရဲ့ အဆိပ်က ဘယ်လောက် အဆိပ်ပြင်းလိုက်လဲ၊ ကျောင်းတော်သခင်တောင် မရိုက်ထုတ်ရဲတာ၊ သူက ဘယ်လို လုပ်နိုင်မှာလဲ”
သူတော်စင်သခင် ကလေးငယ်က ခေါင်းခါလေသည်။
“ကြည့်ရတာ ငါ လှုပ်ရှားစရာ မလိုတော့တဲ့ပုံပဲ”
တုတ်ကောက်နှင့် အဘိုးအိုကလည်း အထင်သေးသလို ပြုံးလေသည်။
“ကျုံးကျိုးအင်ပါယာက သိုင်းသမားတွေက လေသမားတွေ ဖြစ်ရုံတင်မကဘဲ အရူးလည်း ရှိနေတဲ့ပုံပဲ၊ ဒီလိုအရူးကို မရှင်းနိုင်ရင် ငါတို့ သိက္ခာကျမှာပဲ”
ယဲ့ဖန်က သူမ၏ အဆိပ်လက်ဝါးအား ပြန်ရိုက်ထုတ်ချင်နေသည်ကို မြင်ပြီး မြွေပွေးမိန်းမလှလေး စိတ်လှုပ်ရှားကာ သတိလွတ်လုနီးပါး ဖြစ်သွားသည်။
ယဲ့ဖန် ရှောင်မည်ကို စိုးရိမ်၍ သူမ ယဲ့ဖန်ကို သတ်ရန် ပိုအားထုတ်ထားခဲ့သည်။ မမျှော်လင့်ဘဲ ယဲ့ဖန်က မိုက်ရူးရဲ ဆန်နေ၏။
သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားဟန်များ ပေါ်လာပြီး မကျေနပ်သော အကြည့်များဖြင့် ကြည့်ကာ လက်ဝါးချက်က ပို၍ အားပါလာသည်။
“ဝုန်း”
“ဂျွတ်”
လက်ဝါးနှစ်ဖက် ထိပ်တိုက် တွေ့မိသွားချိန်တွင် အရိုးကျိုးသံများ ထွက်ပေါ်လာ၏။ မြွေပွေး မိန်းမလှလေးသည် နောက်သို့ အနည်းငယ် ဆုတ်သွားပြီးမှ ဒယိမ်းဒယိုင် ဖြစ်နေသော သူမကိုယ်သူမအား ပြန်ထိန်းလိုက်နိုင်သည်။ သူမ ခြေတစ်လှမ်း ဆုတ်လိုက်ရတိုင်း မြားတစ်စင်း ထိုးစိုက်လာသကဲ့သို့ ခံစားရကာ နာကျင်လာရသည်။
သူမ နားဝေတိမ်တောင် ဖြစ်နေ၏။ သူမ၏ အဆိပ်လက်ဝါးအောက်၌ တစ်ဖက်လူက သူမလက်ဝါးကို တားဆီးနိုင်ရုံသာမက နောက်ဆုတ်အောင်ပါ လုပ်နိုင်နေသည်။ ယဲ့ဖန်ကမူ တစ်ချက်ကလေးမှ မရွေ့ပေ။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ငါ့အဆိပ်လက်ဝါးက ယဲ့ဖန်ရဲ့လက်ဝါးကို တစ်စစီ ဖြစ်အောင် လုပ်လိုက်ရမှာလေ*
သူမ အစွမ်းကုန် ထုတ်သုံးလိုက်သော်လည်း ယဲ့ဖန်ကို ဒဏ်ရာ အပြင်းအထန် ရအောင် မလုပ်နိုင်ဘဲ သူမကသာ ဒဏ်ရာ အပြင်းအထန် ရသွားရသူ ဖြစ်နေ၏။
သူမ မဆိုထားနှင့် သူတော်စင်သခင် ကလေးငယ်တို့ နှစ်ယောက်လည်း မှင်တက်နေသည်။ အဆိပ်လက်ဝါး မည်မျျ ကြောက်စရာကောင်းမှန်း သူတို့ သိထားသည်။ ဤကြောက်စရာကောင်းသော လက်ဝါးချက်က မည်သည့် သတ္တဝါကိုမဆို အဆိပ်မိသွားစေရန် လုံလောက်ပေသည်။
*တားလိုက်တာလား*
*ဒီလောက် ကြောက်စရာကောင်းတဲ့ အဆိပ်လက်ဝါးကို ယဲ့ဖန်က ဘာမှမဖြစ်သလို တားလိုက်တာလား*
*အိပ်မက်လိုပဲ*
သူတို့သာ ကိုယ်တိုင် မမြင်ခဲ့ရလျင် ယုံမိမည် မဟုတ်ပါ။ သူတို့သည် ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေပြီး သူ့ကို ထိုးထွင်းသိမြင်ချင်စိတ် ပေါက်နေသည်။
သို့သော် ယဲ့ဖန်၏ မျက်နှာက ခံစားချက် ကင်းမဲ့နေပြီး မျက်လုံးများက ဗလာဖြစ်ကာ အလွန် တည်ငြိမ်နေ၏။ မကြာခင်မှာပင် မြွေပြွေး အမျိုးသမီး သတိဝင်လာပြီး ခနဲ့လိုက်သည်။
“နင်က တော်သားပဲ၊ ဒီလောက် နှစ်တွေထဲမှာ နင်က ငါ ကြုံဖူးသမျှထဲက အသန်မာဆုံး ရန်သူပဲ”
“နင်ရဲ့ အရည်အချင်းနဲ့ အပြုအမူအရဆို နောက်ထပ် ဆယ်နှစ်သာ အချိန်ရရင် နင် ငါတို့အားလုံးရဲ့ အထက်ကို ရောက်နိုင်တယ်၊ သတ်ဖြတ်ခြင်းကျောင်းတော်တောင် နင့်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
“သနားစရာပဲ”
မြွေပြွေးအမျိုးသမီးက သက်ပြင်းချလိုက်ပြီးနောက် ရယ်မောလေသည်။
“နင် ငါနဲ့ လာဆုံမိတာက သနားစရာပဲ၊ နင် မမောက်မာသင့်သလို ငါ့ကိုလည်း ပြန်မရိုက်သင့်ဘူး၊ အခု နင် ငါ့ကိုယ်ထဲ အဆိပ်ကြောင့် ဆွေးမြည့်ပြီး သွေးအိုင် ဖြစ်တော့မယ်”
သူတော်စင်သခင်အဆင့်တွင်းမှာတောင်မှ သူမ၏ အဆိပ်လက်ဝါးကို ပြန်ရိုက်ထုတ်ရဲသူ မရှိပေ။ ယဲ့ဖန်က ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ ဖြစ်ပေသည်။
“ပြောလို့ပြီးပြီလား”
ယဲ့ဖန်က ယခုထိ တည်ငြိမ်နေဆဲဖြစ်ကာ မျက်လုံးများက ခံစားချက် ကင်းမဲ့နေ၏။ ပြင်းထန်သော အဆိပ်က သူ့အတွက် စကားထဲ ထည့်ပြောရန် မထိုက်တန်သလိုပင်။
“နင် …”
ယဲ့ဖန်၏ အပြုအမူကိုကြည့်ပြီး သုံးယောက်လုံး ဒေါသထွက်ကာ ရူးမတတ် ဖြစ်လာ၏။
*ဘာလို့လဲ၊ ဘာလို့ ဒီကောင်က အထင်သေးပြီး တည်ငြိမ်နေရတာလဲ*
*ဒါ ပုံမှန် မဟုတ်ဘူး*
အခြားသူများဆိုလျင် မကြာခင် သေရတော့မည်ဟု သိလာပါက ကြံရာမရ ဖြစ်လာခြင်း သို့မဟုတ် စိတ်တိုလားခြင်း ဖြစ်လာတတ်သည်။
သို့သော် ယဲ့ဖန်က ထူးဆန်းစွာပင် တည်ငြိမ်၍ သူတို့အား လူပြက်သုံးယောက်ကို ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်နေ၏။ ယဲ့ဖန် တည်ငြိမ်လေ သူတို့သုံးယောက် ပိုစဉ်းစားမရလေ ဖြစ်လာရသည်။
*ဒီကောင်က အဆိပ်ပြီးတာများလား*
*မဟုတ်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး*
*ကိုးမျိုးယင်အဆိပ် ခန္ဓာကိုယ်ရဲ့ အဆိပ်က လောကမှာ နာမည်ကြီးပဲ အရမ်း ကြောက်ဖို့ကောင်းတာ၊ ဘာလို့ ဒီကောင်က မကြောက်ဘဲ ဖြစ်နေတာလဲ*
ယဲ့ဖန်က သူတို့သုံးယောက်ထံ တစ်လှမ်းချင်း လှမ်းလာ၏။
“ခင်ဗျားတို့က အရမ်း ဆူညံတာပဲ၊ အခု တစ်သက်လုံး ပါးစပ်ပိတ်ထားလိုက်တော့”