← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

33

တစ်မိနစ်ဆိုသည်မှာ အလွန်တိုတောင်းလှပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။

ဝေ့ရှီယုလည်း ဆက်ပြီး တွယ်ကပ်မနေတော့ဘဲ သူမ၏ လက်မောင်းများကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။ ထိုခဏ၌ ကျိုးဟောက်ယွီမှာ ကြောင်အမ်းအမ်းဖြစ်နေပြီး ဝေ့ရှီယု၏လက်ကို ပြန်လည်ဆုပ်ကိုင်ချင်စိတ် ဖြစ်ပေါ်လာသော်လည်း တွန့်ဆုတ်သွားကာ လက်လွှတ်လိုက်၏။

"မြန်မြန် လှဲအိပ်လိုက်တော့၊ ကောင်းကောင်းအိပ်ပြီးရင် မနက်ဖြန်မှာ လှပတဲ့နေ့သစ်တစ်ခုကို နိုးထနိုင်မှာပါ"

ကျိုးဟောက်ယွီ ခပ်ဖွဖွပြုံးပြရင်း ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင် ဝေ့ရှီယု အလွန်လိမ္မာသွားပြီး ခုတင်ပေါ်တွင် လှဲအိပ်လိုက်သည်။ သူမ၏ တောက်ပသော မျက်လုံးများထဲတွင် တောင်းပန်တိုးလျှိုးမှုများ ပေါ်လွင်နေပြီး ဆို၏။

"ငါ့ကို ခဏလောက် စကားပြောပေးပါဦးလား"

သူမ၏ အပြစ်ကင်းစင်သော ပုံစံလေးမှာ အလွန်သနားစရာကောင်းလှသဖြင့် ငြင်းပယ်ရန် အကြောင်းပြချက် မရှိတော့ပေ။

"ဒါဆိုရင် မျက်လုံးလေးမှိတ်ထား၊ ငါ ပုံပြင်တစ်ပုဒ် ပြောပြမယ်"

ကျိုးဟောက်ယွီ ညင်သာစွာ ပြောလိုက်သည်။

ဝေ့ရှီယုမှာ အိပ်ရာဝင်ပုံပြင် နားထောင်ချင်သော ကလေးငယ်တစ်ယောက်ကဲ့သို့ပင် လိမ္မာပါးနပ်စွာ မျက်လုံးလေးမှိတ်လိုက်၏။

"ဟိုးရှေးရှေးတုန်းက"

ကျိုးဟောက်ယွီ ခုတင်ဘေးတွင် ထိုင်ကာ သူမကို ပုံပြင်ဖြည်းဖြည်းချင်း ပြောပြနေခဲ့သည်။

ပုံပြင်၏ အလယ်လောက်သို့ ရောက်သောအခါ ဝေ့ရှီယု အိပ်ပျော်သွားပြီဖြစ်ကြောင်း သူ တွေ့လိုက်ရ၏။

သူ စောင်ကို သေချာခြုံပေးလိုက်ပြီး မျက်နှာသွားသစ်လိုက်သည်။

"ရွှီး"

ဖုန်းမြည်သံကို ကြားလိုက်ရသဖြင့် ဝေ့ရှီယု နိုးသွားမည်စိုးသောကြောင့် ကျိုးဟောက်ယွီသည် အခန်းပြင်သို့ အမြန်ပြေးထွက်ကာ ဖုန်းဖြေလိုက်၏။

"ဟောက်ကျိ ငါ့ကို လာကယ်ပါဦး"

ဖုန်းအခြားတစ်ဖက်မှ ဆွန်းချန်၏အသံမှာ ငိုသံပါပြီး တုန်ယင်နေသည်။

"ချန်ကျိ မင်း ဘာဖြစ်တာလဲ"

ကျိုးဟောက်ယွီ အလောတကြီး မေးလိုက်၏။

"ငါ့ကို Nightshade ဘားမှာ ဖမ်းထားတယ်၊ ငါ့ကို လာကယ်ပါဦး"

ဆွန်းချန် အဘယ်ကြောင့် Nightshade ဘားကို ရောက်နေရသည်ကို ကျိုးဟောက်ယွီ ဇဝေဇဝါဖြစ်နေမိသည်။

သို့သော် ယခုအချိန်မှာ ထိုအကြောင်းများကို တွေးနေရမည့် အချိန်မဟုတ်ပေ။ ကျိုးဟောက်ယွီ ဖုန်းထဲသို့ စိုးရိမ်တကြီး ပြောလိုက်၏။

"စိတ်မပူနဲ့၊ ငါ အခုချက်ချင်း လာခဲ့မယ်"

ဆွန်းချန်မည်သို့ပင် ဖြစ်နေပါစေ သူတို့၏ နှစ်ရှည်လများ သူငယ်ချင်းသံယောဇဉ်အရ ကျိုးဟောက်ယွီ သူ့ကို ကယ်တင်ရန် မည်သည့်အရာမဆို လုပ်ရန် အသင့်ပင်။

ဖုန်းချပြီးနောက် ကျိုးဟောက်ယွီ အခန်းပြင်သို့ ချက်ချင်း ပြေးထွက်ခဲ့သည်။

Nightshadeဘားသို့ ရောက်သောအခါ သီချင်းသံများ ရပ်တန့်နေပြီး မီးများအားလုံး လင်းနေသည်။ ကျိုးဟောက်ယွီ ဤနေရာမှာ စောစောက သူရောက်ခဲ့သည့် နေရာ ဟုတ်ပါ့မလားဟုပင် သံသယဝင်မိသွား၏။

ဆိုင်ထဲတွင် အသက်ငါးဆယ်ဝန်းကျင်၊ ထိပ်ပြောင်ပြီး ဗိုက်ရွှဲရွှဲနှင့် လူတစ်ယောက် ကျယ်ဝန်းသောဆိုဖာပေါ်တွင် အေးဆေးစွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ထိုထိပ်ပြောင်နှင့်လူမှာ ဘားပိုင်ရှင် ချန်တာ့ရှန်း ဖြစ်၏။

သူ့အနောက်တွင်တော့ ဝတ်စုံနက်ဝတ်ထားသော ကိုယ်ရံတော် ဆယ်ယောက်ကျော်ခန့် ရပ်နေကြသည်။

ဆွန်းချန်မှာမူ ကိုယ်ရံတော်တစ်ယောက်၏ ဖိနှိပ်ခြင်းကို ခံထားရပြီး စားပွဲပေါ်တွင် မှောက်လျက်သား ဖြစ်နေ၏။

အံ့ဩစရာကောင်းသည်မှာ သူ့ကို ကျန်းမာရေးဌာနသို့ လိမ်ခေါ်သွားခဲ့သော ကောင်မလေးသည်လည်း ထိုနေရာတွင် ရှိနေခြင်းပင်။

ထိုကောင်မလေးသည် ကျိုးဟောက်ယွီကို မြင်သောအခါ မျက်နှာတွင် ထိတ်လန့်ရိပ်များ ပေါ်လာပြီး ထွက်ပြေးရန် ပြင်တော့သည်။

"ဘယ်ကို သွားမလို့လဲ"

ကိုယ်ရံတော်တစ်ယောက်မှ ရုတ်တရက် လှမ်းအော်လိုက်၏။

"ညီမ ညီမ အိမ်သာသွားချင်လို့ပါ"

ထိုကောင်မလေး ခေါင်းငုံ့ကာ ဗလုံးဗထွေး ပြောလိုက်သည်။

"အောင့်ထားစမ်း"

ကိုယ်ရံတော်မှ ထပ်မံအော်ဟစ်လိုက်ပြန်၏။

ထိုကောင်မလေးမှာ တုန်ယင်သွားပြီး ခေါင်းငုံ့ကာ ဘေးသို့ ပြန်ကပ်သွားတော့သည်။

အခြေအနေကို ကြည့်ခြင်းအားဖြင့် ဆွန်းချန်သည် ဒုက္ခတစ်ခုခု ရောက်နေပြီဖြစ်ကြောင်းနှင့် ၎င်းမှာ ထိုကောင်မလေးနှင့် ပတ်သက်နေနိုင်ကြောင်း ကျိုးဟောက်ယွီ သိလိုက်၏။

"ကလေး မင်း ပိုက်ဆံယူလာရဲ့လား"

ချန်တာရှန်း ကျိုးဟောက်ယွီကို မေးလိုက်သည်။

ကျိုးဟောက်ယွီသည် ယခုအချိန်တွင် ထိတ်လန့်နေ၍ မဖြစ်မှန်းသိသဖြင့် စိတ်ကို တည်ငြိမ်အောင် ထားလိုက်၏။

"ငါ အခုမှ ဝင်လာတာ ဘာမှတောင် မလုပ်ရသေးဘူး၊ မင်းက ပိုက်ဆံ တောင်းနေပြီလား၊ ဒါက ဘယ်လို စီးပွားရေးမျိုးလဲ"

ကျိုးဟောက်ယွီ တစ်ခုခုကို စဉ်းစားနေဟန်ဖြင့် သူ့ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ ဆိုလိုက်သည်။

"ဒါက ဟိုပြောပြောနေကြတဲ့ ငွေညှစ်တာမျိုးလား"

ကျိုးဟောက်ယွီ၏ တည်ငြိမ်လှသော အမူအရာနှင့် စကားများကို ကြားလိုက်ရသောအခါ ဆွန်းချန်မှာ လုံးဝကို ကြောင်သွားတော့၏။

သူသည် သူတို့ ပထမနှစ် စစ်သင်တန်းက အကြောင်းကို ပြန်သတိရသွားသည်။ ထိုစဉ်က နည်းပြ၏ အမိန့်များကို အားလုံး မကျေနပ်ကြသဖြင့် သင်ခန်းစာပေးရန် ကြံစည်ခဲ့ကြဖူးသည်။

အားလုံး ရှေ့သို့ ပြေးတက်သွားချိန်တွင် ကျိုးဟောက်ယွီမှာမူ အမြန်ဆုံး နောက်ပြန်ပြေးခဲ့သူ ဖြစ်၏။

သို့သော် ယခုအခါတွင်မူ သူသည် ဤလူများရှေ့တွင် ဤကဲ့သို့ စကားမျိုးကို ပြောရဲနေသည်။ ဆွန်းချန် ပြန်တွေးကြည့်ပြီးနောက် ကျိုးဟောက်ယွီ၏ စကားများမှာ အလိမ်အညာများသာ ဖြစ်လိမ့်မည်ဟု ထင်သွားသည်။

သူသည် ကျိုးဟောက်ယွီအနေဖြင့် ဤနေရာတွင် နာမည်တစ်လုံး ရထားသော်လည်း သူ့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်မည်စိုး၍ မပြောပြခြင်း ဖြစ်လိမ့်မည်ဟု ယူဆလိုက်မိ၏။

အကယ်၍ ဝန်ထုပ်ဝန်ပိုးဖြစ်မှာ ကြောက်လျှင် ယခု သူ လာကယ်မည်မဟုတ်ပေ။

ထို့ကြောင့် ဆွန်းချန် ကျိုးဟောက်ယွီ၏ လုပ်ရပ်များကို နားမလည်နိုင်အောင် ဖြစ်နေရသည်။

"အို တော်တော် မာနကြီးတဲ့ ကလေးပဲ"

ချန်တာ့ရှန်း နှာခေါင်းရှုံ့လိုက်၏။

ချန်တာ့ရှန်းမှာ ဂိုဏ်းစတားနောက်ခံရှိသူဖြစ်ပြီး ဤနယ်မြေတွင် လူသိများသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ကျိုးဟောက်ယွီကဲ့သို့သော လူငယ်လေးတစ်ယောက်က သူ့ရှေ့တွင် မာနထောင်လွှားနေသည်ကို မတွေ့ရသည်မှာ ကြာလှပြီ ဖြစ်၏။

"မှန်တာပေါ့၊ ဘာဖြစ်လို့ ဖြစ်မှန်းတောင် ငါမသိသေးဘူး၊ မင်းက ပိုက်ဆံတောင်းနေပြီ၊ ဒါက ငွေညှစ်တာ မဟုတ်ရင် ဘာလဲ"

ကျိုးဟောက်ယွီ မည်သည်ကိုမှ မကြောက်သကဲ့သို့ တည်ငြိမ်နေဆဲပင်။

အကယ်၍ သူသာ သူ၏ မျက်နှာပေးကို မြင်ရလျှင် သူကိုယ်တိုင်ပင် အံ့ဩသွားပေလိမ့်မည်။

သူ အလွန်အမင်း ထိတ်လန့်နေသော်လည်း အခြားသူများက သူ၏ကြောက်ရွံ့မှုကို သိသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

"စိတ်ဝင်စားဖို့ ကောင်းသားပဲ"

ချန်တာ့ရှန်း စီးကရက်တစ်လိပ် ညှိလိုက်ပြီး ဘေးက မန်နေဂျာကို လက်ယမ်းပြလိုက်၏။

မန်နေဂျာမှ စာရင်းစာအုပ်ကို ထုတ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

"မင်းရဲ့ သူငယ်ချင်းလို့ ပြောတဲ့ ဒီလူက ဒီမှာ စုစုပေါင်း ယွမ် ၂၀၀၀၀ ဖိုး သုံးထားတယ်၊ ပြီးတော့ ငါတို့လူအချို့ကိုလည်း ဒဏ်ရာရအောင် လုပ်ခဲ့သေးတယ်၊ ဆေးကုသစရိတ်တွေ အပါအဝင်ဆိုရင် စုစုပေါင်း ယွမ် ၁၀၀၀၀၀ ကျသင့်ပါတယ်"

"မင်း ကတ်နဲ့ ပေးမလား၊ ဒါမှမဟုတ် ငွေသားနဲ့ ပေးမလား"

မန်နေဂျာမှ စာရင်းစာအုပ်ကို ပိတ်လိုက်ပြီး ကျိုးဟောက်ယွီကို အမူအရာမရှိ စိုက်ကြည့်နေ၏။

ဤကိန်းဂဏန်းကို ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီ၏မေးစေ့မှာ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။ သူ ရင်ထဲမှာ ကျိန်ဆဲနေမိသည်။

‘တောက် ဒါက ခေါင်းပုံဖြတ်တာပဲ၊ အရက်နည်းနည်းကို ဒီလောက်အထိ ပိုက်ဆံယူရလား၊ ချန်ကျိကလည်း တကယ့်လူပဲ၊ ဒီလိုနေရာမျိုးကို လာရဲတယ်’

အခြားသူများ တည်ငြိမ်နေကြသော်လည်း သူတို့မှာ လူကောင်းများမဟုတ်မှန်း ကျိုးဟောက်ယွီ သိ၏။

ဆွန်းချန် သူတို့၏လူများကို ဒဏ်ရာရအောင် လုပ်ခဲ့လျှင်ပင် ဆေးရုံစရိတ်က ဤမျှအထိ များပြားလွန်းခြင်းမှာ ငွေညှစ်နေခြင်းသာ ဖြစ်သည်။

"မင်းတို့က ကြိုပြီး ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူးလေ၊ ငါက ဘီယာနည်းနည်းပဲ သောက်တာ၊ ဘာလို့ ဒီလောက်အထိ ပိုက်ဆံပေးရမှာလဲ၊ ပြီးတော့ မင်းတို့လူတွေကိုလည်း ငါ မသေမချင်း ရိုက်ခဲ့တာ မဟုတ်ဘူး၊ ဘယ်လိုလုပ် ဆေးရုံစရိတ်က ဒီလောက်အထိ များနိုင်မှာလဲ"

ဆွန်းချန် သူ့ကိုယ်သူ ပြန်လည် ခုခံပြောဆိုတော့၏။

"ပါးစပ်ပိတ်စမ်း"

ဆွန်းချန်ကို ဖမ်းထားသော ကိုယ်ရံတော်မှ သူ့ခေါင်းအား အားဖြင့် ဖိနှိပ်လိုက်သည်။

ချန်တာ့ရှန်း ထိုကိုယ်ရံတော်ကို အင်အားမသုံးရန် လက်ယမ်းပြလိုက်ပြီး ကျိုးဟောက်ယွီကို ကြည့်ကာဆို၏။

"ဒီလူငယ်လေးက အကြောင်းပြချက်နဲ့ စကားပြောရတာ ကြိုက်ပုံရတယ်၊ ငါတို့ကလည်း အကျိုးအကြောင်း မရှိတဲ့သူတွေ မဟုတ်ပါဘူး၊ သူ့ကို သေချာ ရှင်းပြလိုက်စမ်း"

မန်နေဂျာမှ ခေါင်းညိတ်ပြပြီး ကျိုးဟောက်ယွီကို တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ငါတို့ဆီက အစားအသောက်တွေက ဈေးကြီးပေမဲ့ ဈေးနှုန်းတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်၊ ဘယ်ဖောက်သည်ကိုမှလည်း အတင်းအကျပ် ဝယ်ခိုင်းတာမျိုး မရှိဘူး၊ အကယ်၍ မင်းမှာ တစ်ခုခု ပြဿနာရှိတယ်ဆိုရင်တော့ အရင်ဆုံး ပိုက်ဆံပေးလိုက်၊ ပြီးမှ ငါတို့ကို တရားရုံးမှာ တရားစွဲပေါ့"

သူတို့မှာ နောက်ခံအင်အား ရှိနေသဖြင့် တရားစွဲလျှင်ပင် အနိုင်ရရန် မလွယ်ကူမှန်း ကျိုးဟောက်ယွီ သိသည်။ အစားအသောက် စားပြီးမှ ဈေးကြီးလွန်း၍ ပိုက်ဆံမပေးနိုင်ပါဟု ဆိုရုံဖြင့် တရားစွဲ၍ မရနိုင်ပေ။

ထို့အပြင် ဆွန်းချန်၏အကျင့်ကိုလည်း ကျိုးဟောက်ယွီ သိသည်။ အရက်ကလေး အနည်းငယ် ဝင်သွားလျှင် သူကိုယ်သူ မည်သူ့ကိုမှ မကြောက်တော့ဘူးဟု ထင်တတ်သူ ဖြစ်၏။

ဆွန်းချန် မူးနေစဉ်တွင် သူတို့က ဈေးနှုန်းဖြင့် ခေါင်းပုံဖြတ်နေသည်ဟု ထင်ကာ ရန်စခဲ့ခြင်း ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းမိလိုက်သည်။

"မလိုတော့ဘူး"

ကျိုးဟောက်ယွီ လက်ယမ်းပြကာ ပြောလိုက်၏။

ကျိုးဟောက်ယွီ ပိုက်ဆံပေးတော့မည်ဟု ချန်တာ့ရှန်း ထင်သွားသဖြင့် မန်နေဂျာကို စာရင်းပေးရန် မျက်စိမှိတ်ပြလိုက်သည်။

ကျိုးဟောက်ယွီ စာရင်းစာအုပ်ကို တစ်ချက်ပင် မကြည့်ဘဲ လှမ်းယူလိုက်ပြီး သူ့ရှေ့မှ စားပွဲပေါ်သို့ ပစ်တင်လိုက်၏။

သူ ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်ပြီး ပြောလိုက်သည်။

"ဒီလူက လူမိုက်လောကမှာ အဆက်အသွယ်တွေ ရှိပုံရတယ်ဆိုတော့ ဒီကိစ္စကို လူမိုက်လောကရဲ့ စည်းမျဉ်းတွေအတိုင်းပဲ ဖြေရှင်းကြရအောင်လေ"

34

ကျိုးဟောက်ယွီ၏ လေသံကို ကြားလိုက်ရသောအခါ အားလုံးက သူသည်လည်း လူမိုက်လောကနှင့် ပတ်သက်နေသူဟု ထင်မှတ်သွားကြသည်။

အထူးသဖြင့် ဆွန်းချန်မှာ ပါးစပ်အဟောင်းသားနှင့် အံ့ဩသွားပြီး တွေးနေ၏။

'ဒီကောင်က တကယ်ပဲ ဂိုဏ်းစတား ဖြစ်နေတာလား၊ သူ့ရဲ့ ထူးခြားတဲ့ အဆင့်အတန်းကြောင့် ငါ့ကို အမှန်အတိုင်း မပြောပြဘဲ ဖုံးကွယ်ထားတာ ဖြစ်မှာပဲ’

ချန်တာ့ရှန်း မျက်မှောင်ကြုတ်ကာ ကျိုးဟောက်ယွီကို သေချာ စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

သို့သော်လည်း သူ၏ မှတ်ဉာဏ်ထဲတွင် ဤလူမျိုးကို တစ်ခါမှ မမြင်ဖူးသလို၊ မကြာသေးမီက ထွက်ပေါ်လာသည့် နာမည်ကြီး လူငယ်လူမိုက်စာရင်းတွင်လည်း မကြားဖူးပေ။

"ဒီကောင်က ဘယ်သူ့လူလဲ"

ချန်တာ့ရှန်း မန်နေဂျာကို တိုးတိုးလေး မေးလိုက်သည်။

မန်နေဂျာလည်း ကျိုးဟောက်ယွီကို အကဲခတ်ကြည့်ပြီး ခေါင်းခါပြကာ ပြန်ဖြေ၏။

"မသိဘူးခင်ဗျ၊ တစ်ခါမှ မကြားဖူးဘူး"

"ကောင်လေး ဒါဆို ပြောစမ်းပါဦး၊ ဒီကိစ္စကို ဖြေရှင်းဖို့ လူမိုက်လောကရဲ့ ဘယ်လို စည်းမျဉ်းမျိုးကို သုံးချင်တာလဲ"

ချန်တာ့ရှန်း အကဲစမ်းသော သဘောဖြင့် မေးလိုက်သည်။

သူတို့အားလုံးမှာ လူမိုက်လောကသားများ ဖြစ်ကြသဖြင့် စည်းမျဉ်းများကို နားလည်ကြ၏။

အကျိုးအကြောင်း မမေးဘဲ ဇွတ်အတင်း နှိပ်ကွပ်လိုက်လျှင် နောင်တွင် ပြဿနာကြီးသွားမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။

ချန်တာ့ရှန်း၏ ချဉ်းကပ်ပုံကို ကြည့်ပြီး ကျိုးဟောက်ယွီသည် သူ၏ လောင်းကြေးမှာ မှန်ကန်သွားကြောင်း သိလိုက်သဖြင့် ပို၍ သတိထားလိုက်၏။

“ဒီလောကက လူတွေက ဂုဏ်သိက္ခာ ကို အလေးထားဆုံးဆိုတာ ငါသိပါတယ်၊ ငါ့ညီက မင်းတို့လူကို ရိုက်လိုက်တာ အမှန်ပဲ၊ ဆေးကုသစရိတ် ပေးဖို့လည်း လိုတာပေါ့၊ ဒါပေမဲ့ မင်းတို့လူတွေကလည်း ငါ့ညီကို ဒဏ်ရာဒဏ်ချက်တွေ ဗလပွဖြစ်အောင် ပြန်ရိုက်ထားကြတယ်လေ၊ ဒါကိုကျတော့ ဘယ်လို ရှင်းကြမလဲ”

ကျိုးဟောက်ယွီ ကြီးမားသော ဖိအားများအောက်တွင် ရှိနေသော်လည်း တည်ငြိမ်စွာပင် ပြောလိုက်သည်။

ခိုင်မာသော ဟန်ပန်မရှိလျှင် ဤလူများကို ခြောက်လှန့်နိုင်မည် မဟုတ်ကြောင်း သူသိ၏။

ထို့ကြောင့် သူသည် အစွမ်းကုန် တည်ငြိမ်အောင် ကြိုးစားပြီး မည်သည်ကိုမှ မကြောက်သကဲ့သို့ ဟန်ဆောင်နေခြင်း ဖြစ်သည်။

ထိုအရာကို ကြားလိုက်ရသောအခါ ချန်တာ့ရှန်း ရယ်လည်းရယ်ချင်၊ စိတ်လည်းတိုသွားပြီး သူ၏ နဖူးကို လက်ဝါးဖြင့် ရိုက်ကာ မေးလိုက်၏။

“မင်းပြောချင်တာက ငါက မင်းရဲ့ညီအတွက် ဆေးဖိုးပြန်ပေးရမယ်ပေါ့ ဟုတ်လား”

“ဒါပေါ့၊ ဒါပေမဲ့ တစ်ခုချင်းစီ သီးသန့်ရှင်းရအောင်၊ ခုနက မင်းက ယွမ်တစ်သိန်း တောင်းတယ်နော်၊ ဒါပေမဲ့ ငါ့ညီရဲ့ ဒဏ်ရာတွေက ယွမ်တစ်သိန်းထက် အများကြီး ပိုတန်ဖိုးရှိတယ်”

ကျိုးဟောက်ယွီ အေးအေးဆေးဆေးပင် ဆိုသည်။

ဤအခြေအနေမှာ ရှိနေသူအားလုံးကို ဇဝေဇဝါ ဖြစ်သွားစေ၏။

သူတို့က ကျိုးဟောက်ယွီအနေဖြင့် ပိုက်ဆံပေးပြီး ကိစ္စဖြတ်မည်ဟု ထင်ထားကြခြင်း ဖြစ်သည်။

သို့သော် ယခုမူ သူက ပိုက်ဆံပေးမည့်အစား သူတို့ထံမှ ပိုက်ဆံပြန်တောင်းနေ၏။

ချန်တာ့ရှန်းကျိုးဟောက်ယွီ မည်သည့်အရာအား ကြံစည်နေသည်ကို ရိပ်မိသွားသည်။

"အော် ဒါဆို ပြောစမ်းပါဦး၊ မင်းညီရဲ့ မျက်နှာအတွက် လျော်ကြေး ဘယ်လောက်အထိ တောင်းချင်လို့လဲ"

ချန်တာ့ရှန်း ဆေးလိပ်ငွေ့တစ်ချက် မှုတ်ထုတ်လိုက်ပြီး ကျိုးဟောက်ယွီကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

ချန်တာ့ရှန်း ယခုထက်ထိ ယဉ်ကျေးစွာ စကားပြောနေရခြင်းမှာ ကျိုးဟောက်ယွီ၏ တကယ့်အဆင့်အတန်းကို မသိသေးသောကြောင့် ဖြစ်ကြောင်း ကျိုးဟောက်ယွီ နားလည်လိုက်သည်။

တကယ်တော့ သူ့တွင် မည်သည့်အဆင့်အတန်းမှ မရှိပေ။ သူသည် နာမည်မရှိသော ဒရိုင်ဘာတစ်ဦးသာ ဖြစ်၏။

အကယ်၍ ချန်တာ့ရှန်းသာ အမှန်တရားကို သိသွားလျှင် သူ၏ အသက်ဘေးမှာ စိုးရိမ်စရာ ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ကျိုးဟောက်ယွီသည် ဤလျှို့ဝှက်ဆန်းကြယ်သော အခန်းကဏ္ဍကို ဆက်လက် သရုပ်ဆောင်နေရမည် ဖြစ်သည်။

"ငါ့ညီရဲ့ မျက်နှာက ဘယ်လောက်တန်သလဲဆိုတာ ငါအတိအကျ မသိသလို၊ မင်းတို့လို လူကြီးတွေကိုလည်း လေးစားတဲ့အတွက် ပိုက်ဆံကိစ္စကို ထားလိုက်ပါတော့မယ်"

ကျိုးဟောက်ယွီ စကားပြောနေရင်း ဘေးက ကိုယ်ရံတော်တစ်ယောက်၏ ခေါင်းကို ဘီယာပုလင်းနှင့် ရိုက်ခွဲလိုက်၏။

ထိုကိုယ်ရံတော်မှာ ခေါင်းက သွေးများထွက်လာပြီး ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

"ဒါကြောင့် ငါ့ညီရဲ့ မျက်နှာအတွက် ဒီအစေအပါးတွေဆီကပဲ ပြန်တောင်းရတော့မှာပေါ့"

ကျိုးဟောက်ယွီ ကြမ်းပြင်ပေါ်မှ ကိုယ်ရံတော်ကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ပေါ့ပေါ့ပါးပါးပင် လက်ပြန်ခါလိုက်၏။

ဤလုပ်ရပ်ကြောင့် အားလုံးမှာ ဆွံ့အသွားကြရသည်။

အထူးသဖြင့် ချန်တာ့ရှန်းမှာ ပါးစပ်ထဲက ဆေးလိပ်ကိုပင် ဆက်သောက်ရန် မေ့သွားပြီး ကျိုးဟောက်ယွီကို စိုက်ကြည့်နေမိ၏။

"တောက် မင်းက ငါတို့ကို လှည့်စားနေတာပဲ၊ တကယ် သတ္တိရှိရင် မင်းနာမည်ကို ပြောစမ်းပါဦး"

ထိုအချိန်တွင် ကိုယ်ရံတော်တစ်ယောက် ကျိုးဟောက်ယွီကို တုတ်နှင့် ထိုးပြကာ အော်ဟစ်လိုက်သည်။

"အနောက်ဆုတ်စမ်း"

မန်နေဂျာမှာ အသံနက်ကြီးနှင့် လှမ်းတားလိုက်၏။

ဦးနှောက်ရှိသူတိုင်း စဉ်းစားကြည့်လျှင် ကျိုးဟောက်ယွီသည် တစ်ယောက်တည်း ဝင်လာပြီး ဤကဲ့သို့ စကားမျိုး ပြောရဲကာ၊ လူအများရှေ့မှာ လက်ရဲဇရဲ ရိုက်ရဲခြင်းမှာ သတ္တိရှိရုံနှင့် မရနိုင်မှန်း သိကြသည်။

ထို့ကြောင့် ကျိုးဟောက်ယွီသည် အင်အားကြီးသော နောက်ခံတစ်ခုခု ရှိလိမ့်မည်ဟု မန်နေဂျာက ယူဆလိုက်မိ၏။

အကယ်၍ အလျင်စလို လုပ်မိပြီး မထိရဲသော လူကို သွားထိမိလျှင် အကျိုးဆက်မှာ မတွေးရဲစရာပင်။

ကျိုးဟောက်ယွီ သူတို့၏ သံသယမျက်နှာများကို မြင်လိုက်သောအခါ သရုပ်ဆောင်မှု မပြီးသေးကြောင်း သိလိုက်သည်။

"ကြည့်ရတာ မင်းတို့က သိပ်မကျေနပ်သေးတဲ့ပုံပဲ၊ လာလေ ဒီကိုထွက်ခဲ့၊ မင်း ငါ့ကို နိုင်အောင် တိုက်နိုင်ရင် ဒီနေ့ မင်းတို့ ဘယ်လောက်ရမလဲဆိုတာ မင်းဘာသာ ဆုံးဖြတ်လိုက်"

ကျိုးဟောက်ယွီ ခုနက အော်လိုက်သော ကိုယ်ရံတော်ကို လက်ယမ်းခေါ်လိုက်၏။

ထိုခဏ၌ ချန်တာ့ရှန်း မည်သည်ကိုမှဝင်မပြောပေ။ သူ ကန့်ကွက်ခြင်း မပြုခြင်းမှာ ဤကိစ္စကို ထောက်ခံသည်ဟု အဓိပ္ပာယ်ရသည်။

သူသည်လည်း ကျိုးဟောက်ယွီ၏ အရည်အချင်းကို စမ်းသပ်ကြည့်ချင်နေသည် မဟုတ်ပါလား။

ထိုကိုယ်ရံတော်မှာ ကျိုးဟောက်ယွီ၏ မာနကြီးသော အမူအရာကို မကျေနပ်ဖြစ်နေသူဖြစ်ရာ လည်ပင်းကို ဟိုဘက်ဒီဘက် လှည့်ကာ ရှေ့သို့ တိုးလာခဲ့၏။

"ကောင်လေး မင်းကို ငါ သတိပေးလိုက်မယ်"

ကိုယ်ရံတော် စကားမဆုံးခင်မှာပင် ကျိုးဟောက်ယွီ သူ့ကို လက်သီးဖြင့် ထိုးချလိုက်ရာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်။

"ရန်သူနဲ့ ရင်ဆိုင်ရချိန်မှာ စကားများပြီး အချိန်မဖြုန်းနဲ့၊ ငါသာ လက်မနှေးခဲ့ရင် မင်း အခုလောက်ဆို မသာပေါ်နေပြီ"

ကျိုးဟောက်ယွီ ကိုယ်ရံတော်၏တုတ်ကို ဘေးသို့ ပစ်ချလိုက်ပြီး ရက်စက်သော လူသတ်သမားတစ်ယောက်ကဲ့သို့ အေးစက်စွာ ပြောလိုက်၏။

သူ၏ လှုပ်ရှားမှုမှာ အလွန်မြန်ဆန်လှသဖြင့် မည်သူမှ သေချာပင် မမြင်လိုက်ရပေ။

အချို့ဆိုလျှင် ကျိုးဟောက်ယွီ တကယ်ပဲ တိုက်ခိုက်လိုက်သလားဟုပင် ဇဝေဇဝါ ဖြစ်သွားကြသည်။

ဤတစ်ကြိမ်တွင် ချန်တာ့ရှန်း၏ မျက်နှာမှာလည်း အတော်လေး ပျက်သွားခဲ့ရ၏။

ထိုအရာက ကျိုးဟောက်ယွီ အလိုရှိနေသော ‘တစ်ချက်တည်းနှင့် အလဲထိုး’ သည့် ပြကွက်ပင် ဖြစ်သည်။

ထိုအချိန်တွင် ဝေ့ရှီယုအတွက် အရက်ပုလင်း ဖွင့်ပေးခဲ့သော စားပွဲထိုးလေးက မန်နေဂျာအနားသို့ တိုးသွားပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။

"သူက ဝါးဟားဟားကုမ္ပဏီအုပ်စုက မမလေးဝေ့နဲ့အတူ ဝင်လာတာကို ကျွန်တော် မြင်ခဲ့ပါတယ်၊ သူတို့နှစ်ယောက်က တော်တော်လေး ရင်းနှီးတဲ့ ပုံစံမျိုးပါ"

ယင်းအား ကြားလိုက်ရသောအခါ မန်နေဂျာ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ချန်တာ့ရှန်းထံသို့ သတင်းပို့ကာ သူ၏ အမြင်ကိုလည်း ပြောပြလိုက်၏။

"ဆရာချန် ကျွန်တော့်အမြင်အရ ဒီကောင်လေးက သာမန်တော့ မဟုတ်ဘူး၊ နောက်ခံမရှိဘဲနဲ့တော့ ဒီလိုနေရာမှာ ဒီလောက်အထိ ရဲရဲတင်းတင်း လုပ်ရဲမှာ မဟုတ်ဘူး"

ချန်တာ့ရှန်း၏ ဘားမှာ ဤနယ်မြေတွင် နာမည်ကြီးပြီးသား ဖြစ်သဖြင့် သူ့ရှေ့တွင် သူ့လူကို ရိုက်ရဲသူ မရှိသလောက်ပင်။

ကျိုးဟောက်ယွီက မည်သူမှ မလုပ်ရဲသောအရာများကို လုပ်ပြလိုက်သဖြင့် ချန်တာ့ရှန်းသည်လည်း အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။

"ဒီကောင်လေးက တကယ့်ကို သတ္တိရှိတာပဲ၊ နောက်ခံမရှိဘဲနဲ့တော့ အသက်ဆယ်ချောင်း ရှိရင်တောင် ဒါမျိုး လုပ်ရဲမှာ မဟုတ်ဘူး"

ချန်တာ့ရှန်း မန်နေဂျာ၏စကားကို ထောက်ခံလိုက်၏။

သူတို့၏ မျက်နှာများကို ကြည့်ပြီး ကျိုးဟောက်ယွီသည် စားပွဲထိုးမှ ဝေ့ရှီယုနှင့် သူ ရောက်လာသည့်အကြောင်း ပြောပြလိုက်ပြီဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။

ဝါးဟားဟားကုမ္ပဏီအုပ်စု၏ အရှိန်အဝါကို သူတို့ ကြောက်ရွံ့နေမှန်း သိလိုက်သဖြင့် ကျိုးဟောက်ယွီ ရင်ထဲမှာ ကျေနပ်သွားပြီး တွေးလိုက်မိ၏။

'ဝေ့မိသားစုရဲ့ နာမည်က ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ထားဘူး၊ အခုတော့ သူတို့ ငါ့ကို သံသယဝင်ရဲတော့မှာ မဟုတ်ဘူး’

"တကယ်ကိုပဲ နောင်လာနောက်သားတွေက ပိုတော်ကြတာပဲ"

ချန်တာ့ရှန်း ဆေးလိပ်ကို ကိုင်ထားရင်း ကျိုးဟောက်ယွီကို ကြည့်ကာ လက်ခုပ်တီးလိုက်သည်။

ကျိုးဟောက်ယွီ ရင်ထဲမှ သက်ပြင်းခိုးချလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။

"ကြည့်ရတာ လူကြီးမင်းက ငါ့ရဲ့ ဖြေရှင်းပုံကို ကျေနပ်ပုံရတယ်နော်"

"ကျေနပ်တာပေါ့၊ တော်တော်လေးကို ကျေနပ်ပါတယ်"

ချန်တာ့ရှန်း သူ့ကို အသိအမှတ်ပြုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဒါဆို ငါတို့ သွားလို့ ရပြီလား"

ကျိုးဟောက်ယွီ ဆက်မေး၏။

ချန်တာ့ရှန်း လက်ယမ်းပြကာ သူတို့ကို လွှတ်ပေးရန် အချက်ပြလိုက်၏။ ဆွန်းချန်သည် အင်အားကြီးသော သူငယ်ချင်း၏ အကာအကွယ်ကို ရရှိထားသဖြင့် ပခုံးကိုတွန့်ကာ ဂုဏ်ယူဝင့်ကြွားစွာနှင့် သူတို့ကို ပြန်လည် စိုက်ကြည့်လိုက်သေးသည်။

"လူကြီးမင်း ကျွန်တော် နောက်ထပ် လူတစ်ယောက်ကိုပါ ခေါ်သွားချင်ပါတယ်၊ ခွင့်ပြုနိုင်မလား"

ကျိုးဟောက်ယွီ ရိုသေစွာ မေးလိုက်၏။

ယခုတစ်ကြိမ် သူခေါ်သွားမည့်သူမှာ သူနှင့် လုံးဝ မသက်ဆိုင်သူ ဖြစ်သဖြင့် အခြားသူများကို အရင်တိုင်ပင်ရန် လိုအပ်သည် မဟုတ်ပါလား။

"ခေါ်သွားလေ"

ချန်တာ့ရှန်း ဂရုမစိုက်သကဲ့သို့ ပုခုံးတွန့်ကာ ပြောလိုက်သည်။

All Chapters