← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

35

"မင်း၊ ဒီကိုလာခဲ့"

ကျိုးဟောက်ယွီ ကောင်မလေးကို လက်ညှိုးထိုးပြီး ခက်ထန်သောအမူအရာဖြင့် ဟောက်လိုက်၏။

ကောင်မလေးမှာ တုန်တုန်ရင်ရင်နှင့် ကျိုးဟောက်ယွီ၏ အမိန့်ကို မလွန်ဆန်ရဲဘဲ သူ့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

ကျိုးဟောက်ယွီ ဤကဲ့သို့သော ကောင်မလေးတစ်ယောက်အား ခေါ်ထုတ်သွားသည်ကို ကြည့်ပြီး အားလုံး အံ့ဩနေကြသလို သူတို့နှစ်ဦး မည်သို့ပတ်သက်သည်ကိုလည်း အမျိုးမျိုး ခန့်မှန်းနေကြ၏။

ကျိုးဟောက်ယွီ သူတို့၏ သံသယအကြည့်များကို သတိပြုမိလိုက်သဖြင့် ကောင်မလေး၏ ခေါင်းကို အားဖြင့် ဖိနှိပ်လိုက်ပြီး ငေါက်ငမ်းလိုက်သည်။

"ငါက မင်းကို ပညာတတ်အောင် အပင်ပန်းခံပြီး ထောက်ပံ့ပေးနေတာကို၊ မင်းက ဒီအရွယ်နဲ့ ဒီလိုနေရာမျိုးကို လာရဲတယ်ပေါ့လေ မင်း အစ်ကိုမျက်နှာကို ဘယ်လိုကြည့်မလဲ"

ကျိုးဟောက်ယွီ ထိုကောင်မလေး၏ အစ်ကိုဖြစ်ကြောင်း ကြားလိုက်ရသောအခါ ချန်တာရှန်း၏ မျက်နှာမှာ နားလည်သွားသော အမူအရာ ချက်ချင်း ပေါ်လာသည်။

အစ်ကိုတစ်ယောက်အနေဖြင့် မိမိညီမလေးက ဤကဲ့သို့ ရှုပ်ထွေးလှသော နေရာမျိုးတွင် ဆွဲဆောင်မှုရှိသော အဝတ်အစားများ ဝတ်ဆင်ထားသည်ကို မြင်လျှင် ဒေါသထွက်မည်မှာ သဘာဝပင် မဟုတ်ပါလား။

သို့သော် ဤသတင်းကြောင့် အံ့ဩဆုံးလူမှာ ဆွန်းချန် ဖြစ်၏။

သူသည် ကျိုးဟောက်ယွီကို ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားရပြီး တွေးနေမိသည်။

'သူ့မှာ ဘယ်တုန်းက ညီမလေး ရသွားတာလဲ၊ သူက တစ်ဦးတည်းသောသား မဟုတ်ဘူးလား’

ကောင်မလေးမှာမူ ကျိုးဟောက်ယွီ၏ ကြောက်စရာကောင်းသော အမူအရာကို မြင်ထားပြီးဖြစ်ရာ မည်သည့်အသံမှ ထွက်မရဲပေ။

ကျိုးဟောက်ယွီ သူတို့ကို ခေါ်ဆောင်ကာ Nightshade ဘားထဲမှ ခန့်ခန့်ညားညား ထွက်လာခဲ့၏။

အပေါက်ဝနှင့် မလှမ်းမကမ်းသို့ ရောက်သောအခါ ကျိုးဟောက်ယွီသည် ရုတ်တရက် ရပ်လိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။

တကယ်တမ်းတွင် အချိန်အတော်ကြာ ဟန်ဆောင်နေခဲ့ရသဖြင့် သူ၏အဝတ်အစားများမှာ ချွေးအေးများဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်၏။

"ပြောစမ်း မနေ့က ငါ့ကို ဘာလို့ လိမ်ခဲ့တာလဲ"

ကျိုးဟောက်ယွီ ရုတ်တရက် လှည့်လိုက်ပြီး ကောင်မလေးကို နံရံတွင် ကပ်ကာ ဖိထားလိုက်သည်။

ထိုအရာကို ကြားလိုက်ရသောအခါ ဆွန်းချန် အနည်းငယ် ကြောင်သွားပြီး ကျိုးဟောက်ယွီနှင့် ဤကောင်မလေးမှာ မောင်နှမ မဟုတ်မှန်း ချက်ချင်း ရိပ်မိသွား၏။

"ဟောက်ကျိ ဒါကို ငါပဲ ကိုင်တွယ်ပါရစေ"

ဆွန်းချန် ကျိုးဟောက်ယွီကို တွန်းထုတ်လိုက်ပြီး ကောင်မလေးကို ရွံစရာကောင်းသော ပုံစံဖြင့် လက်ဝါးချင်း ပွတ်ကာ ချဉ်းကပ်လိုက်သည်။

ကျိုးဟောက်ယွီ သူ၏ ခေါင်းနောက်စေ့ကို အားဖြင့် ရိုက်ပြီး အော်လိုက်၏။

"ဖယ်စမ်း မင်းနဲ့ ကိစ္စကို နောက်မှ ရှင်းမယ်"

ကျိုးဟောက်ယွီ တကယ် ဒေါသထွက်နေသည်ကို မြင်သောအခါ ဆွန်းချန် ခေါင်းကိုကုတ်ပြီး ဘေးသို့ ကြောင်စီစီဖြင့် ဆုတ်သွားသည်။

"ပြော၊ မင်း အမှန်အတိုင်း မပြောရင် ဒီနေ့ည ဒီလူယုတ်မာနဲ့ မင်းကို တစ်ခန်းတည်း ပိတ်ထားလိုက်မှာနော်"

ကျိုးဟောက်ယွီက ဘေးက ဆွန်းချန်ကို လက်ညှိုးထိုးပြရင်း အေးစက်စွာ ဟောက်လိုက်၏။

ဆွန်းချန် ယင်းအား ကြားသောအခါ ဝမ်းသာအားရ ပြုံးလိုက်ပြီး တိုးတိုးလေး ဆိုသည်။

"မင်းက တကယ့် ညီအစ်ကိုကောင်းပဲ၊ ဒီလို အခြေအနေမျိုးမှာတောင် ငါ့အတွက် ထည့်စဉ်းစားပေးတယ်"

ကျိုးဟောက်ယွီ လှည့်ပြီး စိုက်ကြည့်လိုက်သဖြင့် သူ ချက်ချင်းပင် ငြိမ်သွားရ၏။

ကောင်မလေးမှာမူ အလွန်အမင်း ထိတ်လန့်သွားပြီး မျက်ရည်များ ဝိုင်းလာတော့သည်။

"ညီမ ညီမလည်း အလိမ်ခံရတာပါ"

သူမ ရှိုက်ကြီးတငင် ပြောလိုက်၏။

သူမ ဤမျှ ဝမ်းနည်းပန်းနည်း ငိုနေသည်ကို မြင်သောအခါ ကျိုးဟောက်ယွီ အနည်းငယ် အံ့ဩသွားမိ၏။ သူ အမှန်တရား သိရုံမျှသာ သူမကို ခြောက်လှန့်ချင်ခြင်း ဖြစ်သည်။

သူသည် အမျိုးသမီးများ မိမိရှေ့တွင် ငိုသည်ကို မကြည့်ရက်သူ ဖြစ်ရာ ချက်ချင်းပင် စိတ်ပျော့သွားရ၏။

"မငိုပါနဲ့တော့၊ အဲဒီနေ့က ဘာဖြစ်ခဲ့သလဲဆိုတာ သေသေချာချာ ပြောပြစမ်း၊ အဲဒါက ဘယ်လို အဖွဲ့အစည်းမျိုးလဲ"

ကျိုးဟောက်ယွီ လေသံကို ပြောင်းကာ အေးဆေးစွာ မေးလိုက်သည်။

"အဖွဲ့အစည်း" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ဆွန်းချန် ကောင်မလေးကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး တွေးမိ၏။

'ဒီကောင်မလေးက လူမိုက်လောကနဲ့ ပတ်သက်နေတာလား’

သူ မေးချင်သော်လည်း ကျိုးဟောက်ယွီ အရေးကြီးသော ကိစ္စတစ်ခုကို စုံစမ်းနေမှန်း သိသဖြင့် တိတ်တိတ်လေးသာ နေလိုက်သည်။

ကောင်မလေး ရှိုက်ကြီးတငင်နှင့် ဗလုံးဗထွေး ပြောပြ၏။

"တကယ်တော့ ညီမလည်း သူတို့က ဘယ်သူတွေလဲ၊ ဘယ်လို အဖွဲ့အစည်းလဲဆိုတာ မသိပါဘူး၊ အဲဒီနေ့က လမ်းပေါ်မှာ ညီမကို တားပြီး ရှင့်ရဲ့ ဓာတ်ပုံကို ပေးတယ်၊ ရှင့်ကို အဲဒီနေရာကို ခေါ်သွားပေးရင် ယွမ်တစ်ထောင်ပေးမယ်လို့ ပြောတာပါ၊ အဲဒါအပြင် ညီမတကယ် ဘာမှမသိပါဘူး"

သူမ၏ရိုးသားသော မျက်နှာကို ကြည့်ပြီး သူမ လိမ်နေပုံမရကြောင်း ကျိုးဟောက်ယွီ သတိပြုမိလိုက်သည်။

သို့သော် သူမ၏ စကားများမှာ ထူးဆန်းနေသည်။ သူ တွေးနေမိ၏။

'သူတို့ဆီမှာ ငါ့ဓာတ်ပုံ ရှိနေတယ်ဆိုတော့ ငါ့ကို တိုက်ရိုက် ပစ်မှတ်ထားတာပဲ၊ ဒါပေမဲ့ ဘာလို့ ငါ့ကျောက်ကပ်ကိုပဲ လိုချင်နေရတာလဲ၊ ငါ့ကျောက်ကပ်က ထူးထူးခြားခြား အစွမ်းထက်နေမှန်း သူတို့ သိလို့လား'

သူ ခေါင်းခြောက်အောင် စဉ်းစားသော်လည်း မည်သူက ထိုအရာကို လုပ်ချင်နေသည်ကို မသိနိုင်ပေ။

"ဒါ ဟိုလူယုတ်မာ လုဟန်ရဲ့လက်ချက်လား"

ကျိုးဟောက်ယွီ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

ဆွန်းချန် သူ့ကို အံ့ဩတကြီး စိုက်ကြည့်နေသည်ကို မြင်သောအခါ ကျိုးဟောက်ယွီ ချောင်းအနည်းငယ် ဟန့်လိုက်ပြီး ဆက်မေးလိုက်၏။

"မင်း သူတို့ရဲ့ နောက်ခံကို တကယ် မသိဘူးလား"

"ညီမ ကျိန်ရဲပါတယ်၊ တကယ် မသိပါဘူး၊ အဲဒီနေ့က အလုပ်သွားမလို့ လုပ်နေတုန်း သူတို့က တားတာပါ၊ မယုံရင် ညီမ သက်သေပြနိုင်ပါတယ်"

ကောင်မလေးက သူမ၏အိတ်ကပ်ထဲမှ ကျောင်းသားကတ်ကိုထုတ်ပြီး ကျိုးဟောက်ယွီကို ပေးလိုက်သည်။

ကျိုးဟောက်ယွီ ကတ်ကို ယူကြည့်လိုက်သောအခါ ထိုကောင်မလေးသည် ပင်းဟိုင်မြို့ရှိ နာမည်ကြီး တက္ကသိုလ်တစ်ခုမှ ပထမနှစ် ကျောင်းသူလေး ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

"လီယုဝမ်"

ကျိုးဟောက်ယွီ ကတ်ကို သူမအား ပြန်ပေးလိုက်ပြီး ဆိုသည်။

"ငါ မင်းကို မှတ်ထားမယ်၊ မင်း ငါ့ကို လိမ်နေတာ သိရင်တော့ အကျိုးဆက်က တော်တော်ဆိုးလိမ့်မယ်"

"မဟုတ်ပါဘူး၊ ညီမ ဘယ်တော့မှ မလိမ်ပါဘူး"

လီယုဝမ် သူမ၏ အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ခေါင်းကို အပြင်းအထန် ခါပြလိုက်၏။

သူမ လိမ်လိမ့်မည်မဟုတ်ဟု ကျိုးဟောက်ယွီ ယုံကြည်သွားသဖြင့် အေးဆေးစွာပင် ပြောလိုက်သည်။

"ကောင်းပါပြီ၊ သွားလို့ ရပြီ၊ နောင်ဆိုရင် ဒီလိုနေရာမျိုးတွေကို မလာနဲ့တော့၊ အထူးသဖြင့် မင်းတို့လို မိန်းကလေးတွေအတွက် အန္တရာယ်ရှိတယ်"

ကျိုးဟောက်ယွီ၏ ဂရုစိုက်မှုကို ခံလိုက်ရသောအခါ လီယုဝမ်မှာ အလွန်ပင် ကျေးဇူးတင်သွား၏။

"ကျေးဇူးတင်ပါတယ် အစ်ကို"

လီယုဝမ် သူမ၏ကျေးဇူးတင်မှုကို ဖော်ပြရန် ကျိုးဟောက်ယွီကို ကိုးဆယ်ဒီဂရီ ကုန်းညွှတ်ကာ ဂါရဝပြုလိုက်သည်။

ကျိုးဟောက်ယွီ အနည်းငယ် ပြုံးပြလိုက်ပြီး သူမကို ဂရုမစိုက်တော့ပေ။

သူ့ကို မည်သည့်အဖွဲ့အစည်းမှ ဖမ်းခဲ့သည်မှာ ခဏထားဦး၊ ယခု သူ့အတွက် အခက်ခဲဆုံးမှာ ဆွန်းချန် ဖြစ်နေ၏။

"ကဲ အခု မင်းကိစ္စကို ပြောရအောင်"

ကျိုးဟောက်ယွီ ဆွန်းချန်ကို အေးစက်စွာ စိုက်ကြည့်ပြီး မေးလိုက်သည်။

"ဘာလို့ ဒီဘားကို လာတာလဲ၊ ပြီးတော့ ဘာလို့ ဒီလောက်အထိ အကုန်အကျ များရတာလဲ"

"ဟဲဟဲ ငါက သူဌေးမတွေကို လိုက်ချိတ်မလို့ပါကွာ"

ဆွန်းချန် ကျိုးဟောက်ယွီ၏ပုခုံးကို ဝင်တိုက်ကာ ဖော်လံဖား လုပ်နေ၏။

ယင်းအား ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီ ဒေါသထွက်သွားပြီး ကျယ်လောင်စွာ ငေါက်လိုက်သည်။

"မင်း ဒီအကျင့်ဟောင်းကို မပြင်ရင် တစ်နေ့ကျရင် မိန်းမ‌တွေလက်ထဲမှာပဲ အသက်ပျောက်လိမ့်မယ်"

ဤအကြောင်းကို ပြောလိုက်သောအခါ ဆွန်းချန်လည်း စိတ်တိုသွားပုံရ၏။

"အဲဒါ အားလုံး သူမကြောင့်ပဲ"

ဆွန်းချန် လီယုဝမ်ကို ဆွဲကာ မကျေမချမ်းနှင့် ဆိုသည်။

"ငါ ဆိုင်ထဲဝင်ရုံပဲ ရှိသေးတယ်၊ သူဌေးမကိုတောင် မတွေ့ရသေးဘူး၊ သူမက ရောက်လာပြီး ငါ့ကို ဘီယာတွေ လာရောင်းတာ၊ သူမက သနားစရာ ကောင်မလေးတစ်ယောက်လို ထင်ရလို့သာ ငါက သောက်ပေးလိုက်တာပါ၊ ဒါပေမဲ့ ဘယ်သူသိမှာလဲ ဘီယာနည်းနည်း သောက်ပြီးတာနဲ့ သူမက ယွမ်ထောင်နဲ့ချီ တောင်းတော့တာပဲ၊ ငါက သူမနဲ့ စကားများနေတုန်း ဆိုင်ကလူတွေ ရောက်လာပြီး ရန်ပွဲ ဖြစ်သွားတာပေါ့"

လီယုဝမ်၏ ချစ်စရာကောင်းသော ပုံစံလေးကို အခွင့်ကောင်းယူပြီး သောက်ခဲ့ပြီးမှ ယခုကျတော့ လူကြီးလူကောင်းကဲ့သို့ ဟန်ဆောင်နေသော ဆွန်းချန်၏ အရှက်မရှိမှုကို ကျိုးဟောက်ယွီ တကယ်ပင် အံ့ဩမိ၏။

"ဒါ ဘယ်လိုနေရာမျိုးလဲဆိုတာ မင်းမသိဘူးလား၊ သူဌေးမ လိုက်ချိတ်ချင်ရင်တောင် နေရာရွေးရဦးမယ်လေ၊ ဒီနေရာက လူတွေက သူဌေးသားတွေချည်းပဲ၊ တစ်နေ့ကို ယွမ်သောင်းနဲ့ချီ သုံးနေကြတာ၊ မင်းကတော့ ကိုယ့်အခြေအနေကိုယ် မသိဘူး"

ကျိုးဟောက်ယွီ သူ့ကို ဆူပူလိုက်ပြီး လီယုဝမ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ဒါနဲ့ မင်းကရော ဘာဖြစ်နေတာလဲ၊ ဘာလို့ ဒီလိုနေရာမျိုးမှာ ဘီယာ လာရောင်းနေရတာလဲ"

လီယုဝမ် ငိုတော့မည့်အမူအရာဖြင့် နှုတ်ခမ်းလေးဆူကာ ပြန်ဖြေ၏။

"ညီမပိုက်ဆံရှာဖို့ လိုအပ်လို့ပါ"

"ကျောင်းသူတစ်ယောက်အနေနဲ့ ဘာပိုက်ဆံရှာဖို့ လိုနေလို့လဲ၊ မင်းတို့အရွယ်မှာ အရေးကြီးဆုံးက စာကို ကြိုးကြိုးစားစား သင်ယူဖို့ပဲ"

ကျိုးဟောက်ယွီ လီယုဝမ်၏ အစ်ကိုအရင်းတစ်ယောက်ကဲ့သို့ ဆုံးမစကား ပြောလိုက်သည်။

36

ကျိုးဟောက်ယွီ၏ ဆုံးမစကားကို ကြားပြီးနောက် လီယုဝမ် မခံချိမခံသာဖြစ်ကာ ငိုချလိုက်တော့သည်။

"ညီမတို့ မိသားစုက ဆင်းရဲပါတယ်၊ ဖေဖေဆုံးသွားတာလည်း ကြာပြီ၊ မေမေ့ကျန်းမာရေးကလည်း သိပ်မကောင်းဘူး၊ အခုက နွေရာသီကျောင်းပိတ်ရက်ဆိုတော့ ပညာသင်ဆုလည်း မရနိုင်ဘူးလေ၊ အပြင်ထွက်ပြီး ပိုက်ဆံမရှာရင် သမီးတို့မိသားစု ဘယ်လိုမှ အသက်ဆက်လို့ မရတော့ဘူး၊ သမီးမောင်လေးကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေရတော့မယ်၊ အခုအချိန်မှာ သူ ကျူရှင်မတက်ရရင်၊ သမီးက သူ့ကို မကူညီပေးနိုင်ရင် သူ သမီးနဲ့ တစ်ကျောင်းတည်း တက်ခွင့်ရမှာ မဟုတ်ဘူး၊ သမီး မောင်လေးနဲ့ မခွဲချင်ဘူး၊ အီးဟီး"

လီယုဝမ် သူမ၏ အခက်အခဲများကို ရင်ဖွင့်ရင်း ရှိုက်ကြီးတငင် ငိုကြွေးနေ၏။

ထိုအရာကို ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီ၏ မျက်နှာမှာ အံ့ဩတုန်လှုပ်မှုကြောင့် အေးခဲသွားရသည်။

လီယုဝမ်ကဲ့သို့ တက်ကြွရွှင်လန်းပုံရသော ကောင်မလေးတစ်ယောက်တွင် ဤမျှ ဝမ်းနည်းစရာကောင်းသော အတိတ်ရှိလိမ့်မည်ဟု သူ မည်သို့မှ မထင်ထားခဲ့ပေ။

လီယုဝမ်၏ မျက်ရည်များမှာ အစစ်အမှန်ဖြစ်နေသဖြင့် သူမပြောသည်ကို မယုံဘဲ မနေနိုင်ခဲ့ပေ။

သို့သော် ဆွန်းချန်မှာတော့ ထိုအရာကို ကြားသောအခါ ဂုဏ်ယူသလို ပြောလိုက်၏။

"တွေ့လား၊ ငါ တကယ်ပဲ သူမကို သနားလို့ လုပ်ပေးခဲ့တာပါ၊ ဒါပေမဲ့ သနားတဲ့တန်ဖိုးကတော့ နည်းနည်းကြီးသွားတာပေါ့"

"ပါးစပ်ပိတ်စမ်း"

ကျိုးဟောက်ယွီ လှည့်ပြီး ငေါက်လိုက်သည်။

ယခုအချိန်မှာ ထိုကဲ့သို့ ရွဲ့ပြောရမည့်အချိန် မဟုတ်ပေ။

ကျိုးဟောက်ယွီ လီယုဝမ်၏အခြေအနေကို သနားသွားသဖြင့် သူမကို ကူညီရန် ဆုံးဖြတ်လိုက်၏။

"ကဲ မငိုနဲ့တော့၊ ငါ့ကတ်ထဲမှာ ပိုက်ဆံနည်းနည်း ရှိသေးတယ်၊ အဲဒါကို ထုတ်ပြီး မင်းကို ပေးမယ်၊ နောက်ဆိုရင် ဒီလိုနေရာမျိုးတွေမှာ ဘီယာအရောင်းစာရေးမအဖြစ် သွားမလုပ်ပါနဲ့တော့”

ကျိုးဟောက်ယွီ အလေးအနက် ပြောလိုက်သည်။

ကျိုးဟောက်ယွီ၏ တည်ကြည်သော မျက်နှာကို မြင်သောအခါ ဆွန်းချန်သည်လည်း အစကတည်းက ရက်စက်သူမဟုတ်ရာ လီယုဝမ်အတွက် စိတ်မကောင်း ဖြစ်သွားရ၏။

သို့သော် သူကိုယ်တိုင်မှာလည်း တစ်ပြားမှမရှိတော့ပေ။ သူ၏ စုဆောင်းထားသမျှမှာ ခုနက အကုန်ပါသွားခဲ့ပြီ မဟုတ်ပါလား။

ထို့ကြောင့် သူလည်း မည်သည်ကိုမှ မကူညီနိုင်ခဲ့ပေ။

"ဟင့်အင်း မဟုတ်တာ၊ အစ်ကို့ဆီက ပိုက်ဆံကို ညီမ ဘယ်လိုလုပ်ယူရမှာလဲ၊ ညီမမှာ လက်နဲ့ ခြေထောက်ရှိပါသေးတယ်၊ ကိုယ့်ဘာသာကိုယ် ရှာနိုင်ပါတယ်"

လီယုဝမ် လက်ယမ်းကာ ကျိုးဟောက်ယွီ၏ စေတနာကို ငြင်းပယ်နေသည်။

သူမနှင့် ကျိုးဟောက်ယွီမှာ မည်သည်မှမတော်စပ်သည့်အပြင် အစက သူမက သူ့ကို လိမ်ခဲ့ဖူးသဖြင့် အားနာစိတ်လည်း ဖြစ်နေမိသည်။ ထိုသို့သော အခြေအနေတွင် သူ့ထံမှ အကူအညီကို မည်သို့ ယူနိုင်ပါ့မည်နည်း။

သူမ၏မိသားစုမှာ ဆင်းရဲသော်လည်း သူမတွင် မာနတော့ ရှိ‌သေးသည်။

"မင်းရဲ့ လက်နဲ့ ခြေက ဘာလုပ်လို့ရမှာလဲ၊ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ၊ လုပ်ငန်းအတွေ့အကြုံရော ရှိလား၊ ဒါမှမဟုတ် ဒီလိုနေရာမျိုးမှာ မင်းရဲ့ ခန္ဓာကိုယ်ကို ရောင်းစားချင်တာလား၊ ဒါမှမဟုတ် မင်းရဲ့ အခြေအနေကို သုံးပြီး လူတွေရဲ့ သနားမှုကို ယူချင်တာလား"

ကျိုးဟောက်ယွီ၏စကားများမှာ ကြမ်းတမ်းလွန်းသဖြင့် လီယုဝမ် ရင်ထဲ၌ မကောင်းဖြစ်သွားရ၏။

သို့သော် ကျိုးဟောက်ယွီ ပြောသည်မှာ မှန်ကန်ကြောင်း သူမသိသဖြင့် မည်သည်ကိုမှပြန်မချေပနိုင်ဘဲ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားမိသည်။

"ဟိုရှေ့မှာ ဘဏ်ရှိတယ်၊ ငါနဲ့ အခုလိုက်ခဲ့"

ကျိုးဟောက်ယွီ၏ လေသံမှာ အမိန့်ပေးသလိုဖြစ်နေသဖြင့် လီယုဝမ် ငြင်းဆန်ရန် အခွင့်အရေး မရှိတော့ပေ။

လီယုဝမ် ကျိုးဟောက်ယွီကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့ကာ သူ့အနောက်မှ ကြောက်ကြောက်လန့်လန့်နှင့် လိုက်လာခဲ့၏။

ဒီဒီ မောင်းရသည့် အလုပ်မှာ အစကတည်းက ဝင်ငွေအများကြီးရသည့် အလုပ်မဟုတ်သဖြင့် သူ၏ ကတ်ထဲတွင် ရှိနေသော ယွမ်ငါးထောင်မှာ သူ ခြိုးခြံချွေတာပြီး စုထားသည့် ပိုက်ဆံများ ဖြစ်သည်။

ပိုက်ဆံထုတ်နေစဉ်တွင် သူ ခဏတာ တွန့်ဆုတ်သွားမိသည်။ စားစရိတ်အတွက် ရာဂဏန်းအချို့ ချန်ထားရန် ကြံသော်လည်း နောက်ဆုံးတွင် အံကြိတ်ကာ အကုန်လုံးကို ထုတ်ယူလိုက်တော့၏။

"ဒါက ငါစုထားသမျှ အကုန်ပဲ၊ မနက်ဖြန်ကျရင် အိမ်ကို ပို့လိုက်၊ နောက်ဆိုရင် ဒီလိုနေရာမျိုးတွေမှာ အလုပ်သွားမရှာနဲ့တော့"

ကျိုးဟောက်ယွီ ပိုက်ဆံများကို လီယုဝမ်ထံ ကမ်းပေးလိုက်သည်။

သို့သော် လီယုဝမ် တွန့်ဆုတ်နေပြီး ပိုက်ဆံကို လှမ်းယူရန် ဝန်လေးနေ၏။

"ယူလိုက်စမ်းပါ"

ကျိုးဟောက်ယွီ သူမ၏လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

ကျိုးဟောက်ယွီ ပိုက်ဆံပေးလိုက်ချိန်တွင် လီယုဝမ်မှာ တုန်ယင်သွားပြီး အလိုအလျောက်ပင် နောက်သို့ တစ်လှမ်းဆုတ်သွားမိ၏။

ဆွန်းချန်သည် ပိုက်ဆံမှာ ယွမ်အနည်းငယ်သာ ရှိလိမ့်မည်ဟု ခန့်မှန်းလိုက်ပြီး ကျိုးဟောက်ယွီ၏ ပုခုံးကို ဖက်ကာ ဆိုသည်။

"ဟေး ညီအစ်ကို ဒါကတော့ မတရားဘူးနော်၊ မင်းက လူမိုက်လောကမှာ ဒီလောက် အခြေအနေကောင်းနေတာ၊ ဘယ်လိုလုပ် ဒီယွမ်အနည်းငယ်ပဲ ရှိရမှာလဲ၊ ဒီကောင်မလေးက သနားစရာကောင်းပါတယ်၊ မင်း ပိုပေးသင့်တာပေါ့"

ထိုအရာကို ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီ ဒေါသထွက်သွားပြီး သူ့လက်အား တွန်းထုတ်ကာ အော်လိုက်၏။

"ငါ့ကို ဘယ်သူက လူမိုက်လို့ ပြောလဲ"

ဤအော်သံကြောင့် ဆွန်းချန်မှာ ကြောင်အမ်းသွားပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာခဲ့သည်။

"မဟုတ်ဘူးလေ၊ မင်းက လူမိုက်မဟုတ်ရင် ခုနက ဘားမှာကျတော့ ဘာလို့ လူမိုက်လောကရဲ့ စည်းမျဉ်းတွေအတိုင်း ရှင်းမယ်လို့ ပြောတာလဲ၊ ပြီးတော့ မင်းရဲ့ တိုက်ခိုက်ရေး အရည်အချင်းတွေကလည်း တော်တော်တိုးတက်လာတယ်၊ မင်းရဲ့ အရှိန်အဝါနဲ့ မာနကြီးတဲ့ မျက်လုံးတွေက အားလုံးကို ခြောက်လှန့်နိုင်ခဲ့တာပဲ၊ ဒါက လူမိုက်ဂိုဏ်းစတား ခေါင်းဆောင်တစ်ယောက်ရဲ့ ပုံစံမျိုးပဲလေ"

ဆွန်းချန် ပြုံးစစဖြင့် ဆက်ပြော၏။

"ငါတို့က ညီအစ်ကိုတွေဖြစ်တာ ကြာလှပြီ၊ ငါ့ကို လာမလိမ်ပါနဲ့၊ ငါ မင်းကို သစ္စာမဖောက်ပါဘူး"

ကျိုးဟောက်ယွီ အတော်လေး စိတ်ညစ်သွားပြီး တွေးမိသည်။

'ဒီကောင်က ဘယ်တုန်းက ဒီလောက်အထိ စိတ်ကူးယဉ်တတ်သွားတာလဲ'

"လူမိုက်ဟုတ်လား၊ ခုနက ငါသာ အဲဒီလို အရှိန်အဝါမျိုး မထုတ်ခဲ့ရင်၊ အဲဒီလို မလုပ်ခဲ့ရင် ငါတို့ ဒီနေရာကနေ အနာအဆာမရှိ ထွက်လာနိုင်ပါ့မလား၊ ဟို ယွမ်တစ်သိန်းကိုရော ဘယ်ကရမှာလဲ၊ မင်းက ငါ့ကို ရောင်းစားချင်နေတာလား"

ကျိုးဟောက်ယွီ ဒေါသထွက်နေသဖြင့် ဤငတုံး ဆွန်းချန်ကို ရိုက်ပစ်ချင်စိတ် ပေါက်နေမိ၏။

ဆွန်းချန်၏မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး သူ၏ခံစားချက်များကို ဖော်ပြရန်ပင် ခက်ခဲနေသည်။

အချိန်အတော်ကြာ စဉ်းစားပြီးမှ သူအကုန်လုံးကို နားလည်သွားခဲ့၏။

"ဒါဆို ခုနက မင်းလုပ်ခဲ့တာတွေက အကုန်လုံးက ဟန်ဆောင်တာပေါ့ ဟုတ်လား"

ဆွန်းချန် ကျိုးဟောက်ယွီကို မယုံနိုင်သကဲ့သို့ စိုက်ကြည့်နေမိသည်။

ကျိုးဟောက်ယွီ သူ၏ဆံပင်ကို ခါယမ်းလိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်၏။

"ဒါကို စစ်ပွဲဗျူဟာလို့ ခေါ်တယ်လေ"

ဆွန်းချန် အံ့ဩတကြီးနှင့် လက်မထောင်ပြလိုက်သည်။

ဆွန်းချန်၏ အားကျသောအကြည့်ကို မြင်သောအခါ ကျိုးဟောက်ယွီ ပို၍ ဘဝင်မြင့်သွားကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"ငါ့ရဲ့ ဉာဏ်ရည်ကိုတော့ အားမကျပါနဲ့၊ မင်းမှာ ရှိလာမှာ မဟုတ်ဘူး၊ ငါ့ကိုပဲ အားကျလိုက်ပါ"

"ငါက မင်းရဲ့ သတ္တိကို အားကျတာပါ၊ ဉာဏ်ရည်ကို မဟုတ်ဘူး၊ ခုနကသာ ငါတို့ အလိမ်အညာမိသွားရင် နှစ်ယောက်လုံး ဒီနေရာမှာတင် အသက်ပျောက်နေလောက်ပြီ"

ဆွန်းချန် အမှန်အတိုင်းပြောလိုက်ခြင်း ဖြစ်သည်။

ချန်တာ့ရှန်းနှင့် သူ၏အပေါင်းအပါများမှာ တကယ်ပင် ရင်ဆိုင်ရန် မလွယ်ကူသော လူများ မဟုတ်ပါလား။

"ဒါကို စွန့်စားမှုလို့ ခေါ်တယ်၊ မင်းကို ရှင်းပြရင်လည်း နားလည်မှာ မဟုတ်ပါဘူး"

ကျိုးဟောက်ယွီ ဆွန်းချန်၏ပုခုံးကို ပုတ်ကာ ဆို၏။

"ဘာပဲဖြစ်ဖြစ် အခု ငါတို့ ဘေးကင်းသွားပြီ၊ ငါ မင်းကို အသားကင်နဲ့ အရက် သွားတိုက်မယ်"

ထို့နောက် သူ လီယုဝမ်ကို အရင်ပြန်နှင့်ရန် ပြောလိုက်သည်။

"ငါ့ဟိုတယ်နားမှာ အသားကင်ဆိုင်တွေ ရှိပုံရတယ်၊ အဲဒီမှာပဲ သွားစားကြရအောင်"

ဆွန်းချန်က ပြုံးဖြဲဖြဲနှင့် ပြောလိုက်၏။

ကျိုးဟောက်ယွီ ခေါင်းညိတ်လိုက်ပြီး ဆွန်းချန်၏ ပုခုံးကို ဖက်လိုက်သည်။

‘ကျောင်းတုန်းက အချိန်များကို ပြန်ရောက်သွားသလိုပဲ’

သို့သော် လမ်းအနည်းငယ် လျှောက်ပြီးနောက် တစ်ယောက်ယောက် အနောက်မီ လိုက်လာသည်ကို သတိပြုမိလိုက်၏။

"မင်းကို ပြန်တော့လို့ ပြောထားတယ် မဟုတ်လား၊ ဘာလို့ လိုက်လာတာလဲ"

ကျိုးဟောက်ယွီ လှည့်ကြည့်လိုက်သောအခါ လီယုဝမ် ဖြစ်နေသည်ကို တွေ့ရသဖြင့် ထူးဆန်းစွာ မေးလိုက်သည်။

လီယုဝမ် မည်သည်ကိုမှမပြောဘဲ ကျိုးဟောက်ယွီကို သနားစရာပုံစံလေးဖြင့် ကြည့်နေသည်။ သူမ၏ဗိုက်ထဲမှလည်း တဂူးဂူးနှင့် အသံများ မြည်နေ၏။

"ဗိုက်ဆာလို့လား၊ ဒါဆိုလည်း လာ ငါတို့နဲ့အတူ တစ်ခုခု လိုက်စားလေ"

ကျိုးဟောက်ယွီက နွေးထွေးစွာ ပြုံးပြလိုက်သည်။

ခုနက ရုတ်ရုတ်သဲသဲ ဖြစ်ရပ်များကြောင့် စောစောက သောက်ထားသမျှ အရက်ရှိန်များ အကုန်ပြယ်သွားခဲ့ပြီ ဖြစ်၏။

ကျိုးဟောက်ယွီ ယခင်ကထက် နှစ်ဆလောက် ပိုသောက်နိုင်သည်ဟု ခံစားနေရသည်။

သို့သော် ယခုတော့ လာဖိုက်အရက်ကို မဝယ်နိုင်တော့သဖြင့် တစ်ပုလင်းကို ယွမ်အနည်းငယ်သာ တန်သော ဘီယာကိုသာ သောက်နိုင်တော့၏။

သူ့အိတ်ကပ်ထဲတွင် အသားကင်စားရန် လုံလောက်သော ယွမ်ရာဂဏန်းအချို့တော့ ကျန်ပါသေးသည်။

ဆွန်းချန်ပြောသော ဟိုတယ်အနားမှ အသားကင်ဆိုင်သို့ ရောက်သောအခါ သူတို့ သုံးယောက်လုံး ကားပေါ်က ဆင်းပြီး ပြေးသွားကြ၏။

"သူဌေး သိုးကျောက်ကပ် ဆယ်တုတ်လောက် ပေးပါဦး"

"သူဌေး ပြောင်းဖူးကင် တစ်ပွဲ"

"သူဌေး ဘီယာ နှစ်ဖာ အရင်ချပေး"

သူတို့ သုံးယောက်လုံး အသားကင်ဆိုင်တွင် အော်ဟစ်ဆူညံကာ မှာယူနေကြသည်။

All Chapters