အခန်း (၁-၂)
Vol. 1 Ch. 1-2
Chapter 1: စနစ်က ငါ့ကိုကျော်ကြားစေချင်နေတယ်။
ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်း။
အမတမျိုးစေ့တောင်ကြား။
ကျင့်ကြံရန် အရည်အချင်းရှိသောလူငယ်အုပ်စုမှာ ကျင့်ကြံရေးမြို့အသီးသီးမှ ခေါ်ယူလာခံရ၏။ ဤသည်မှာ ဂိုဏ်းအတွင်း တောင်ထိပ်အသီးသီးသို့ မဝင်ရောက်နိုင်မီ သုံးလကြာ ကျင့်ကြံရေးလေ့ကျင့်ရန် စုဝေးခံထားရခြင်းဖြစ်သည်။
ပြီးဆုံးချိန်တွင် ထိပ်ဆုံးအယောက်ငါးဆယ်မှာ ဂိုဏ်း၏အတွင်းဆောင်တပည့်များဖြစ်လာမည်ဖြစ်ပြီး ထိပ်ဆုံးနှစ်ရာကတော့ အပြင်ဆောင်တပည့်များဖြစ်လာမည်။ ထို့နောက် ကျန်ရှိသူများကတော့ အစေခံတပည့်များသာ ဖြစ်လာမည်ပင်။
သောင်းချီသော ဆယ့်လေး၊ဆယ့်ငါးနှစ်အရွယ် လူငယ်တို့မှာ ကွင်းပြင်ကျယ်ကြီးထဲ စုစည်းခံထားရလျက်၊ အမျိုးမျိုးသော စကားသံတို့က စဥ်ဆက်မပြတ် စုယွမ်၏နားအတွင်းသို့ တိုးဝင်လာကြသည်။
စုယွမ်မှာ သူ၏ဘေးပတ်လည်ရှိ ဝတ်ဆင်ပုံအမျိုးမျိုးဖြင့် လူငယ်တို့ကို ကြောင်အစွာ ငေးငိုင်ကြည့်နေမိသည်။ အချို့က အဆင့်တန်းမြင့်စွာ ဝတ်ဆင်ထားကြပြီး အချို့ကတော့ ပေါက်ပြဲနေသော အင်္ကျီတို့ ဆင်ယင်ထားကြ၏၊ သဘောထားပုံစံတို့မှာလည်း အလွန်ကို ကွဲပြားကြလှသည်။
“ငါဘယ်သူလဲ။ ငါဘယ်ရောက်နေတာလဲ။ ငါဘာလုပ်ရမှာလဲ။”
စုယွမ်မှာ ဤမေးခွန်းသုံးခုကို အတွင်းစိတ်ဝိညာဉ်တွင်းသို့ မေးမြန်းမိတော့သည်။ ထို့နောက် များပြားလှသော မှတ်ဥာဏ်အပိုင်းအစတို့မှာ ပြင်းပြစွာ စီးဝင်လာကြပြီး စုယွမ်၏ခေါင်းကို နာကျင်လာတော့၏။
တစ်ခဏကြာပြီးနောက် စုယွမ်မှာ ဖော်ပြ၍မရအောင်ပင် ထိတ်လန့်သွားရသည်၊ သူဟာ အမှန်တကယ်ကို ကူပြောင်းလာသည်လေ၊ ထိုသည်မှာလည်း ကျင့်ကြံရေးလောကအတွင်းသို့ပင်။
ပြင်းထန်လှသော စိတ်လှုပ်ရှားမှုအဟုန်မှာ စုယွမ်၏ နှလုံးသားထဲ ထိုးတက်လာ၏။ ယခင်ဘဝ၌ သူ၏ဆန္ဒမှာ အမတဖြစ်လာ၍ ပြောင်မြောက်လှသော မန္တန်များကို ဖန်တီးစုဆောင်းရန်ဖြစ်သည်။ သို့သော် ကျင့်ကြံရေးလောကဆိုသည်မှာ အလွန်အန္တရယ်များသည့်နေရာဖြစ်ကြောင်းကိုလည်း နားလည်ထားပါ၏။
သူ၏မှတ်ဥာဏ်အရ သိရှိရသည်မှာ သူဟာ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းသို့ လာသည့်လမ်းတစ်လျှောက် အန္တာရယ်နှစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ပထမတစ်ခုမှာ ယောင်မိစ္ဆာတစ်ကောင်ထံမှာ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အခြားတစ်ခုမှာတော့ ယုတ်မာလှသော ကျင့်ကြံသူတချို့ထံမှာ ဝိုင်းဝန်းတိုက်ခိုက်ခံရခြင်းပေ။ အချို့သောအရည်အချင်းရှိလူငယ်များဆိုလျှင် ဂိုဏ်းသို့မရောက်မီတွင်ပင် သေရွာသို့ ကူးပြောင်းသွားရကြောင်း ကြားသိရ၏။ ဤသည်မှာ ကျင့်ကြံရေးလောက၏အန္တရာယ်ကြီးမားပုံကို ပြသနေ၏။
စုယွမ်တစ်ယောက် မှတ်ဥာဏ်များကို စုစည်းနေခိုက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ခြင်းအတိဖြစ်သွား၏။
စုယွမ်လည်း ကြောင်အသွားပြီး မော့ကြည့်လိုက်မိသည်။
လူအိုကြီးတစ်ယောက်က ဓားပျံတစ်လက်ကို စီးဆင်းလျက် ပျံသန်းလာသည်ကို အားလုံးက မြင်တွေ့လိုက်ကြရ၏။ ကျင့်ကြံသူလူအိုကြီးမှာ မသေမျိုးတို့၏အရောင်အဝါတို့သယ်ဆောင်ထားလျက်။ ထိုသူ၏ဆံနွယ်တို့ ဝတ်ရုံနှင့်အတူ လေနှင့်အတူ လွှင့်မြောနေပုံမှာ ကျင့်ကြံဆင့်မြင့်မားသော အဆင့်မြင့်ဆရာသခင်တစ်ဦးနှယ်အတိုင်း။
စုယွမ်၏မျက်ဝန်းတို့ထဲ၌ စိတ်အားထက်သန်မှုတို့ အဟုန်ပြန်ပေါ်လာရသည်၊ ဤသည်မှာ လေထဲပျံသန်းနေခြင်းပါပေ။
ကျင့်ကြံသူလူအိုကြီးက စင်မြင့်ထက်ဆင်းသက်လာ၏။ သူ၏ မှုတ်ဆိတ်မွှေးကို သပ်လျက် ခပ်ဖွဖွပြုံးပြသည်။
“ငါက အမတမျိုးစေ့တောင်ကြားရဲ့ ဆရာသခင်ပဲ။ ဒီနေ့ ငါမင်းတို့ကို ကျင့်ကြံရေးလမ်းစဥ်ထဲ ဝင်ရောက်နိုင်ဖို့အတွက် ချီစုဆောင်းခြင်းတည်ဆောက်ပုံကို ဖွင့်လှစ်ပေးမယ်။အခုချက်ချင်း ထိုင်လိုက်ကြပြီး ကျင့်ကြံဖို့အတွက် တရားစထိုင်ဖို့ ပြင်လိုက်။”
အဲ့ဒီလောက် မြန်မြန်ကြီးလား။
စုယွမ်သည် လူငယ်တွေအကုန်လုံးက တရားထိုင်ရန် နေရာရှာနေသည်ကို တွေ့လိုက်ရသည်မို့ သူလည်း အနီးအနား တစ်နေရာမှာ အမြန်ဝင်ထိုင်လိုက်သည်။
သူ ကျင့်ကြံသူလူအိုကြီး၏လက်တွင်း၌ မြင်းမှီးယပ်တံတစ်ခုပေါ်မလာခင်အထိ ချီမည်သို့စုဆောင်းရမည်ကို တွေးတောနေမိသည်။ ထိုလူကြီးမှာ တစ်ချက်ဝှေ့ယမ်းလိုက်ရာ သောင်းချီသောဝိညာဉ်စွမ်းအင်အလင်းတန်းတို့က လူအုပ်အတွင်း တိုးဝင်ကျရောက်လာလေသည်။
စုယွမ်တစ်ယောက် ဝိညာဉ်စွမ်းအင် အလင်းတစ်ခုက သူ၏မျက်ခုံးနှစ်ခုကြား အလယ်တည့်တည့်သို့ တိုးဝင်လာကြောင်း မြင်လိုက်ရသည်။ ထို့နောက် ခန္ဓာကိုယ်အတွင်း ချီညှို့ယူခြင်းနှင့် ချီဖွဲ့စည်းခြင်းနည်းလမ်းများက စိတ်သန္တန်အတွင်းဝင်ရောက်လာသည်။သူလည်း ချက်ချင်းကိုပင် အကြောင်းအရာတစ်ခုလုံးကို မှတ်သားလိုက်၏။
ဤနည်းလမ်းများမှာ စုယွမ် ကို ကြောင်အသွားလျက်၊ ဤသည်များက ကျင့်ကြံရေးနည်းနာများဖြစ်သည့်အတွက်ကြောင့်ပေ။
“ချီစုဆောင်ခြင်းအစီအရင် ၊ စတင်စေ။”
လူအိုကြီးက လက်ကို ချုပ်ပိတ်ဟန်လုပ်လိုက်ရာ ဟင်းလင်းပြင်တစ်ဝန်း အရောင်စုံအလင်းရောင်တို့ ပျံ့နှံ့သွားပြီး တစ်နေရာတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ဆက်တိုက်အားဖြင့် ရောင်စဥ်တန်းများ၊ ဖောက်မြင်နိုင်သော အလင်းတန်းတို့မှာ ကျဆင်းလာပြီး လူငယ်များပေါ်သို့ ပြီးပြည့်စုံစွာလွှမ်းမိုးသွား၏။ စုယွမ်တစ်ယောက် ဘေးပတ်ဝန်းကျင်မှာ ချက်ချင်း တိတ်ဆိတ်သွားကြောင်း သိလိုက်ရသည်၊ တိတ်ဆိတ်သွားလွန်းသည်မှာ လေသံ၊ငှက်သံတို့တောင် မကြားနိုင်သည်အထိ၊ တစ်ပါးတည်း သူ၏စိတ်အစဥ်သည်လည်း ပို၍ ရှင်းလင်းလာရတော့သည်။
“ဝိညာဉ်ညှို့ယူခြင်း အမွှေးတိုင်ထွန်းညှိစေ။”
ထို့နောက် လူအိုကြီးက သူ၏လက်ကို ထပ်မံဝေးယမ်းလိုက်သည်။ ဆယ်နှစ်ချောင်းသော ရှည်လျားသည့် အမွှေးတိုင်တို့မှာ သူ၏လက်တွင်းပေါ်လာလျက် မီးညှိစရာပင်မလိုဘဲ တောက်လောင်လာတော့သည်။
လူအိုကြီးက ထပ်မံ သူ၏ဝတ်ရုံကိုဝေ့ယမ်းလိုက်သည်။ အမွှေးတိုင်ရှည်ကြီးဆယ့်နှစ်ချောင်းမှာ ခန်းမပတ်လည်သို့ တိုင်များအလား စိုက်ဝင်သွားကြသည်။ အမွှေးရနံ့တစ်ခုမှာလည်း ဟင်းလင်းခန်းမပြင်ကြီးထဲ တဟုန်ထိုး တိုးဝင်လာတော့သည်။
စုယွမ်မှာ ကြီးစွာသောအံ့သြမှုတို့ဖြင့်သာ စိုက်ကြည့်နေမိတော့သည်။
သူ သတိပြန်ဝင်လာတော့ လူငယ်လေးအများစုက မျက်လုံးများမှိတ်ကာ ဝင်လေထွက်လေရှုရှိုက်လျက် သူတို့၏ခန္ဓာအတွင်း ချီစုဆောင်းရန် အသင့်ပြင်နေကြကြောင်း မြင်လိုက်ရသည်။
“ငါလည်း စမှဖြစ်မယ်။”
စုယွမ်လည်း မြန်မြန် မျက်လုံးမှိတ်လိုက်ပြီး စိတ်အတွင်း၌ ချီစုဆောင်းခြင်းနည်းလမ်းဖြင့် စတင်တရားထိုင်လိုက်သည်။ သို့သော်လည်း အချိန်တစ်ခဏအထိ သူ့မှာ စိတ်နှလုံးမငြိမ်သက်နိုင်ပေ။ ကံကောင်းစွာဖြင့် ဝိညာဉ်ညှို့ယူခြင်း အမွှေးတိုင်၏ရနံ့က ပျံ့နှံ့လာလေရာ သူတောင် မသိလိုက်ဘာသာဖြင့် တရားထိုင်ခြင်းစိတ်အခြေအနေသို့ ဝင်ရောက်လာနိုင်တော့သည်။
အမှောင်ထုအတွင်း သူ ချီစုဆောင်းခြင်း နည်းလမ်းအတိုင်း ကောင်းကင်နှင့်မြေကြီး၏ဝိညာဉ်ချီစွမ်းအင်ကို လိုက်လံခံစားနေမိသည်။ လေဟာပြင်ထဲ၌ သူ သေးငယ်လှသော အနီ၊ အစိမ်း၊ ထို့အပြင် ဖျော့တော့သော အစက်အပြောက်တို့ကို မြင်ရဟန် ပြုလာသည်။
သူ ထိုအစက်ကလေးများထံ အကြိမ်အနည်းငယ် စိတ်အာရုံပြုကာ ဆက်သွယ်လိုက်၏။သို့သော် ယင်းတို့က အနည်းငယ်အဝေးသို့ ရောက်သွားကြသည်၊ ကြည့်ရသည်မှာ ၎င်းတို့က စုယွမ်ထံ ချဥ်းကပ်လာချင်ဟန် မတူ။
သူ ၎င်းတို့ကို မဆွဲဆောင်နိုင်ခင် အမှောင်ထုမှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး သူလည်း နိုးထလာရသည်။
စုယွမ်တစ်ယောက် ရှုပ်ထွေးစွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ မြင်လိုက်ရသည်မှာတော့ အမွှေးတိုင်ဆယ့်နှစ်ချောင်းမှာ မီးစာအကုန်ကုန်သွားကြောင်းကိုပင်။
သူ ရှေ့သို့ကြည့်လိုက်တော့ ဒါဇင်မကသော လူငယ်တို့က လူအိုကြီး၏အနောက်ဘက်တွင် ပေါ်လာကြောင်းတွေ့လိုက်ရ၏။ ထိုလူတို့မှာ တရားထိုင်နေဆဲလူတို့ကို စိတ်ဝင်တစားဖြင့် ကြည့်နေကြလေသည်။
ထိုရပ်နေသူတို့မှာ ချီကို အောင်မြင်စွာ စုဆောင်းပြီးသည့် တပည့်များ ဖြစ်ဖို့များ၏။
“ခဏလောက် နားကြတာပေါ့။ ပြီးရင် တရားထိုင်ပြီး ချီစုဆောင်းတာကို ဒုတိယအချီထပ်လုပ်ကြမယ်။”
တောင်သခင်ဆရာလန်က တည်ငြိမ်စွာ ဆို၏၊ ထို့နောက် မျက်လုံးမှိတ်သွားပြီး မည်သည့်စကားမှ ထပ်မဆိုတော့။
စုယွမ်ကတော့ အချိန်ကို ယခုလေးတင်ခံစားခဲ့ရသော ခံစားချက်ကို ပြန်၍ တွေးတောရန် အခွင့်ကောင်းယူလိုက်သည်။
သူ ကောင်းကင်နှင့်မြေကြီးရှိ ဝိညာဉ်ချီစွမ်းအင်များကို ခံစားမိပြီးဖြစ်ရာ နောက်တစ်ဆင့်မှာတော့ ထိုချီစွမ်းအင်တို့ကို ခန္ဓာအတွင်း စုပ်ယူဖို့ရန်ဖြစ်၏။
“ခုနလေးက ငါ့ရွေးချယ်မှုက မှားသွားတာပဲ။ ငါ အမျိုးအစားတစ်ခုကိုပဲ စုပ်ယူပြီး တစ်ခုကိုပဲ အာရုံစိုက်ခဲ့သင့်တာ။ အနီရောင်အလင်းက မီးစွမ်းအင်ဖြစ်မယ်၊ ရွှေရောင်ဖျော့ဖျော့ကကျ သတ္တုစွမ်းအင်ဖြစ်ပြီး အစိမ်းကတော့ သစ်သားစွမ်းအင်ပဲဖြစ်ရမယ်။ အဲ့ဒီတော့ ငါ ဘယ်တစ်ခုကို စုပ်ယူသင့်လဲ။”
စုယွမ်လည်း သေချာစွာ တွေးတောပြီးနောက် သစ်သားစွမ်းအင်ကို စုပ်ယူရန် ဆုံးဖြတ်လိုက်တော့သည်။
သူ့ယခင်ဘဝ၌ စာဖတ်အတွေ့အကြုံအရ မီးစွမ်းအင်ဆိုသည်မှာ အများနှင့်ယှဥ်ရလျှင် အားကောင်းသော်ငြား ထိန်းချုပ်ရခက်လှ၏။ သတ္ထုစွမ်းအင်မူကား အလွန်ခက်ခဲကာ ခေါင်းမာသည့်သဘောရှိ၏။ ထို့အတွက် ၎င်းကို သေချာပေါက်စုပ်ယူရန် လွယ်မည်မဟုတ်။
သစ်သားချီစွမ်းအင်ကတော့ အဆင်ပြေ၏။ ၎င်းက လွန်စွာပြင်းထန်လွန်းခြင်းမရှိဘဲ တက်ကြွသည့်အထဲပါသည်၊ ထို့အပြင် သဘာဝတရားနှင့်လည်း ပို၍လိုက်လျောညီထွေရှိပေသည်။
Chapter 2
တစ်ခဏကြာပြီးနောက် လူအိုကြီးက တည်ငြိမ်စွာ ဆိုလာပြန်၏။
“ကောင်းပြီ။ဒုတိယအချီစမယ်။”
လူအိုကြီးက လက်ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ညှို့ယူခြင်း အမွှေးတိုင်ဆယ့်နှစ်ချောင်း ထပ်မံ၍ထွက်လာပြီး တိုင်များအသွင် စိုက်ဝင်သွား၏။
စုယွမ်လည်း ချက်ချင်း မျက်လုံးပိတ်လိုက်ပြီး စတင် တရားထိုင်လိုက်၏။
မကြာမီတွင် ယင်းအမှောင်ထုမှာ တဖန် ပြန်ရောက်ရှိလာ၏။ ဝေးဝါးနေသော ဟင်းလင်ပြင်အလယ်တွင် သူ အနီ၊ အစိမ်းနှင့် ရွှေဝါရောင်ဖျော့တော့တော့ အစက်တို့ကို ပြန်တွေ့လိုက်ရသည်။
စုယွမ် တုံ့ဆိုင်းမနေတော့။ သူ စိတ်ကို စုစည်းလိုက်ပြီး အစိမ်းရောင်အစက်ကလေးကို လှမ်းဆက်သွယ်လိုက်သည်။
သူ၏စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်မှုဖြင့် ၎င်းအစိမ်းရောင် အစက်တို့မှာ ဖြေးညင်းစွာ လွယ်ကူစွာဖြင့် စုယွမ်ထံ ချဥ်းကပ်လာကြလေသည်။
စုယွမ်မှာ အလွန်တည်ငြိမ်နေ၏။ သူ စိတ်လှုပ်ရှားမှုကြောင့် တရားထိုင်နေသည့်အခြေအနေအတွင်းမှ မထွက်မိဘဲ ၎င်းတို့ကို ဖြေးညင်းစွာသာ လမ်းပြနေခဲ့သည်။
မကြာခင်တွင် အစိမ်းရောင်စွမ်းအင်အစက်အချို့က သူ့ကို ထိတွေ့လာကြ၏။
ရုတ်ချည်းပင်၊ အေးမြသော ခံစားမှုတစ်ခုက သူ၏နှဖူးအလယ်မှာ စတင်ကာ သူ၏မရီဒျာန်တစ်လျှောက်ဖြတ်သန်းသွားကြပြီး နောက်ဆုံး၌ ဝမ်းဗိုက်အောက်တွင် ရပ်တန့်သွားကြသည်။ အေးမြသော ခံစားမှုမှာ နွေးထွေးသောခံစားချက်အသွင်ပြောင်းသွားပြီး စုယွမ်ကို အောင်မြင်သွားစေခဲ့ပြီပင်။
“အောင်မြင်သွားတာလား။”
စုယွမ် ရုတ်တရက် သူ အမှောင်ထုတွင်းမှာ ထွက်လိုက်ပြီဖြစ်ကြောင်း နားလည်လိုက်ရသည်။
သူ မျက်လုံးဖွင့်လိုက်တော့ လူအိုကြီးက သူ့ကို အပြုံးတစ်ခုဖြင့် ကြည့်နေခဲ့သည်။
စုယွမ်မှာ ကြောင်အသွားပြီးမှ ချက်ချင်း လက်နှစ်ဖက်ကို ယှက်လိုက်သည်။
“စုယွမ်၊ တောင်သခင်ကို ဂါဝရပြုပါတယ်။”
လူအိုကြီးက ပြုံး၍ ခေါင်းညိတ်လာသည်။
“မဆိုးပါဘူး။ မင်းက နှစ်ရာနဲ့ ကိုးဆယ့်ကိုးယောက်မြောက်အောင်မြင်တဲ့ တပည့်ပဲ။ မင်းရဲ့ဝိညာဉ်အခြေခံနဲ့ယှဥ်ကြည့်ရရင် ဒါက တော်တော်မြန်ပြီး မင်းရဲ့ သဘောပေါက်နားလည်နိုင်စွမ်းကလည်း အံ့မခန်းပဲ။ သွား။ အနောက်မှာရပ်နေချေ။”
“ဟုတ်ကဲ့ပါ။”
စုယွမ် ဦးညွတ်လိုက်၏။
ထို့နောက် သူ နာခံစွာဖြင့် အနောက်ကို လျှောက်သွားလိုက်သည်။
လူအိုကြီး၏အနောက်တွင်မူ လူပေါင်းခြောက်ရာ စုဆောင်းမိနေပြီးဖြစ်ကာ အတန်းခြောက်တန်းအဖြစ် တန်းစီရပ်နေကြသည်။
ပထမတန်းရှိ လူငယ်ငါးဆယ်က သိသာထင်ရှားလှသော ဘဝင့်မြင့်မှု၊ ယုံကြည်မှုနှင့် ဂုဏ်မောက်မှုဟူသော အမူအရာများကို ချိတ်ဆွဲထားကြသည်။
ဒုတိယတန်းရှိ တပည့်များကမူ ပျော်ရွှင်မှုများဖြင့် ရပ်နေသူရှိသလို အချို့ကတော့ စိုးရိမ်ပူပန်မှုများဖြင့်။ သူတို့အကြည့်များမှာ ပထမတန်းရှိတပည့်များကိုသာ စဥ်ဆက်မပြတ်စိုက်ကြည့်နေကြလေသည်။
တတိယတန်းရှိ တပည့်များကတော့ စိတ်လှုပ်ရှားမှုတစ်စိုးတစ်စိမှမရှိဘဲ စိတ်သက်သာရာရှိသည့်အမူအရာများကိုသာ ချိတ်ဆွဲထားလျက်ရှိသည်။
စတုတ္ထအတန်းတွင်တော့ တပည့်များက အနည်းငယ်ပျော်ရွှင်နေကြသော်ငြား အနည်းငယ်သော တောင့်တင်းမှုနှင့် စိုးရိမ်စိတ်ကို သယ်ဆောင်ထားကြသည်။
ပဥ္စမနှင့် ဆဋ္ဌမတန်းက တပည့်များကတော့ သိသိသာသာကို စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေသည်။
စုယွမ် အကြောင်းအရင်းကို သိပေ၏။ သုံးလအကြာ ကျင့်ကြံရေးအကဲဖြတ်မှုက သူတို့ကို မည်သူက အတွင်းဆောင်သို့ဝင်မည်၊ မည်သူက အပြင်ဆောင်တွင် ကျရောက်မည်ကို ဆုံးဖြတ်ပေးမည်ဖြစ်သောကြောင့်သာ။
ယခုက အစသာရှိသေးသည်တောင်မှ တစ်ဦးချင်းစီ၏ပင်ကိုပါရမီ၊ နားလည်နိုင်စွမ်းနှင့် ချီစုဆောင်းရန်လိုအပ်သည့် အခြားအချက်များမှာ ထင်သာမြင်သာရှိလှပြီပင်။ ယခုအစပိုင်းအဆင့်များမှာ နောက်ဆုံးအဆင့်များနှင့် သိပ်၍ကွာမည်မဟုတ်။
စုယွမ် ဆဋ္ဌမမြောက်တန်း၏ အဆုံးတွင်ရပ်လိုက်သည်၊ သူ၏အမူအရာမှာလည်း အတော်လေး စိုးရိမ်နေမိ၏။ သူ တရားထိုင်ကာ ရှုရှိုက်နေဆဲဖြစ်သော တပည့်များကို ကြည့်လိုက်သည်။ သူက တကယ်ကို လျင်မြန်စွာအောင်မြင်ခဲ့ခြင်းဖြစ်၏၊ သို့သော်ငြား လက်တွေ့၌မူ သူ၏အဆင့်မှာ လွန်စွာ ဆိုးဝါးနေပေသေးသည်။
ရလဒ်အနေဖြင့် သူက အစေခံတပည့်ဖြစ်လာမည်ဟု သတ်မှတ်ခံလိုက်သည့်နှယ်။ အစေခံတပည့်ဖြစ်လာခြင်းမှာ အလွန်ဝမ်းနည်းစရာပင်၊ ထိုသို့ဖြစ်လာပါက သူ မဆုံးနိုင်သောအလုပ်များစွာကို လုပ်ရရုံသာမက အကျိုးမှာလည်း များစွာမရှိလှ။
ပဥ္စမအတန်းရှိ တပည့်တို့မှာ အားစိုက်ထုတ်ကာ ထိပ်ဆုံးနှစ်ရာအတွင်းသို့ အတင်းတိုးဝင်နိုင်သေးသည်။ သို့သော် သူ၊ ဆဋ္ဌမအတန်း၏နောက်ဆုံးကလူကတော့ အပြင်ဆောင်တပည့်ဖြစ်လာခြင်းမှာ မလွဲဧကန် ကံ၏မျက်နှာသာပေး ကံကောင်းမှုကြောင့်သာ ဖြစ်လာပေမည်။
သူ ဘာလုပ်ရမလဲ?
【ဒင်၊ ကျော်ကြားမှုအမှတ်+1】
စုယွမ်တစ်ယောက် မျက်လုံးများကျယ်သွားရလျက် သူ့အရှေ့ ရုတ်တရက် ပေါ်ပေါက်စာသားကို ကြည့်နေမိ၏။
ကျော်ကြားမှုအမှတ်တဲ့လား။
သူ မြန်မြန် အခြားသူများကို လှည့်ကြည့်လိုက်သည်၊ အထူးသဖြင့် တောင်သခင်ကိုပင်။ တောင်သခင်မှာ ဘာကိုမှ သတိမထားမိကြောင်း သိလိုက်ရသည်။ ထို့အပြင် သူ့ဘေးရှိ တပည့်များကလည်း မည့်သည့် မူမမှန်မှုကိုမှ သတိမူမိဟန်မတူ။ ထို့ကြောင့် သူ ပြောင်းလဲမှုများကို သေချာလေ့လာကြည့်လိုက်သည်။
မကြာမီ သူ၏စိတ်အတွင်း၌ စနစ်မျက်နှာပြင်တစ်ခုကို တွေ့လိုက်ရသည်။
【အမည်】: စုယွမ်
【နယ်မြေ】: ချင်းခယ်ကုန်းမြေ
【အဆင့်】: သိသူမရှိသေး (1 / 100)
【ကျင့်ကြံမှုအဆင့်】: ချီစုဆောင်းခြင်းအဆင့်တစ် (0 / 100)
【ပါရမီစွမ်းရည်တစ်】: ရွေးချယ်ရန်။
【ပါရမီစွမ်းရည်နှစ်】: မရရှိသေး။
စုယွမ် ကြောင်အသွားရသည်။ သူ၏အမည်ကို အဆင့်ဇယားတွင် မြင်လိုက်ရခြင်းကြောင့် အနည်းငယ် ရှုပ်ထွေးသွားရ၏။ ဤစနစ်မှာ အဆင့်ကို ကျော်ကြားမှုပေါ်တွင် အခြေခံသည်လား။
လူသားတို့ ကျော်ကြားမည်ကို ကြောက်ရွံ့မှုသည် ဝက်တို့ ဝမည်ကို ကြောက်ရွံ့မှုနှင့် တူညီလှသည်။ ဤကျင့်ကြံရေးလောကတွင်မူ ဤစကားသည် ပို၍ပင် မှန်ကန်လှသေးသည်။ ကျော်ကြားမှုပို၍မြင့်လေလေ၊ ပို၍မြန်မြန်သေမည်သာ။ အမှန်တကယ် ခွန်အားသာမရှိပါက ကျော်ကြားမှု၏အကျိုးဆက်သည် သေရွာသို့ အမြန်ရောက်မည်သာဖြစ်၏။
“စနစ်၊ မင်း ရှင်းပြလို့ရလား။”
သူ့အမေးမှာ မည်သည့်တုံ့ပြန်မှုမှ ပြန်မရ၊ ကြည့်ရသည်မှာ ဤစနစ်က မည်သည့် ဥာဏ်ရည်မှ မရှိသည့်ပုံ။
စုယွမ် ပါရမီစွမ်းရည်တစ်ကို ထိရန်လုပ်လိုက်သည်။
မကြာမီ စာပိုဒ်သုံးခုမှာ သူ့အရှေ့၌ ပေါ်လာ၏။
သူ အခြားသူများကို လှည့်ကြည့်လိုက်သော်ငြား မည်သူမှ သူ၏မူမမှန်မှုကို ရိပ်မိဟန်မပေါ်။ ထို့ကြောင့် သူ သေချာ ယင်းကိုဖတ်ကြည့်လိုက်သည်။
【ပါရမီစွမ်းရည်တစ်ခုကိုရွေးချယ်ပါ။】
【နှောင်းပိုင်းထူးချွန်သူ】: သင့်ရဲ့ကံကြမ္မာက နှောင်းပိုင်းထူးချွန်သူတစ်ဦးလိုပါပဲ။ သက်တမ်းကုန်ဖို့နီးကပ်လာသရွေ့ ကျင့်ကြံမှုဟာ ပို၍မြင့်တက်လာမည်ဖြစ်ပြီး အဆင့်တက်နိုင်စွမ်းကလည်း ပို၍ တိုးပွားလာမည်။
【အလုပ်နှင့်နားနေဖလှယ်မှု】:သင်က အလုပ်နဲ့နားနေမှု ပေါင်းစပ်မှုအချိုးမှာ အလွန်တော်လာမည်။ သင် ပို၍ကြာကြာနားနေလေ၊ ကျင့်ကြံမှု၏အကျိုးသက်ရောက်မှု ပိုကောင်းလာမည်။
【ထူးချွန်ဓါးကျင့်ကြံသူထ
】 သင်က ဓားကျင့်ကြံရာ၌ အလွန်တော်သူဖြစ်သည်။ သင့်ရဲ့ ဓါးစွမ်းရည် မြင့်မားလာလေလေ၊ နားလည်သဘောပေါက်မှုစွမ်းအားကလည်း ပိုကောင်းလာလေမည်။
“သုံးခုထဲကတစ်ခုကိုရွေးရမှာလား။”
စုယွမ် မျက်မှောင်ကြုတ်လျက် တွေးတောနေမိ၏။ အမှန်တကယ်ဆိုလျှင် ပထမတစ်ခုမှာ အလွန်ကောင်း၏။ ကျင့်ကြံရေးလမ်းစဥ်တွင် မည်သည်က အခက်ခဲဆုံးဖြစ်မည်နည်း။ ယင်းမှာ ကျင့်ကြံမှုနှုန်းပင် ဖြစ်မည်မဟုတ်လား။
မဟုတ်၊ ယင်းမှာ အဆင့်တက်ရန်အကြပ်တည်းကို ကျော်လွှားခြင်းပင်။
နှောင်းပိုင်းထူးချွန်သူတွင် အဆင့်တက်ရန် အခက်ခဲကို ချိုးဖြတ်နိုင်သည့် အစွမ်းပါဝင်ရာ ထိုသည်မှာ သိသာသော အကျိုးမြတ်ဖြစ်၏။ လူတစ်ဦးက ၎င်းတို့၏ဘဝသက်တမ်းအဆုံးထိသာ ဘေးကင်းစွာ အသက်ရှင်နိုင်ပါက အဆင့်တက်ရန်မှာလည်း ကိစ္စတစ်ခုပင် မဟုတ်တော့ဟုလည်း ပြောရိုးစကားရှိလေသေး၏။
သို့သော် ဤသည်မှာ ကျင့်ကြံရေးလောကဖြစ်၏။လူဆယ်ဦးတွင် တစ်ဦး၊နှစ်ဦးတောင်မှ ၎င်းတို့၏ဘဝသက်တမ်းကုန်သည်အထိ ရှင်သန်သွားနိုင်သည်ရှိပါရဲ့လား။
ဤပါရမီစွမ်းရည်မှာ ကောင်းလှသော်ငြား အကျိုးကျေးဇူးမှာ နောက်ကျမှ ရပေမည်။
တတိယတစ်ခုကလည်း အဆင်ပြေ၏။ ဓါးကျင့်ကြံသူဆိုသည်မှာ ကျင့်ကြံရေးလောက၌ အမြန်နှင့်ခွန်အားအရာတွင် ကျော်ကြားလှသော ကျင့်စဥ်တစ်ခုဖြစ်သည်။
သို့သော် ဓါးကျင့်ကြံသူဆိုသည်မှာ သူ့ကိုအမြဲ အသက်တိုခြင်း၊အန္တာရယ်များခြင်းဟူသော ခံစားချက်ပေးနေ၏။
ထို့အပြင် ဤစွမ်းရည်မှာ အစောပိုင်းကာလများတွင် သက်ရောက်မှုရှိမည်မဟုတ်၊ အကြောင်းမှာ သူ ထိုသို့မန္တန်များလေ့ကျင်ရန် အချိန်တစ်ခုအထိတတ်စွမ်းမည်မဟုတ်။ ကျင့်ကြံရေး၏အစောပိုင်းကာလတွင်အရေးကြီးဆုံးမှာ အခြေခံကျင့်စဥ်များကို ကျင့်ကြံရန်သာဖြစ်လေသည်။
ယခုဆိုလျှင် သူ အပြင်ဆောင်တပည့်ဟူသောနေရာရန် အလျင်လိုနေသည်ဖြစ်ရာ သူ အလုပ်များစွာလည်း မလုပ်လို။ ယခင်ဘဝတွင် သူ အောက်ခြေအလုပ်သမားတစ်ဦးသာဖြစ်ခဲ့ရာ ယခုဘဝတွင်လည်း ထပ်မံ၍မဖြစ်လိုတော့။
ထို့ကြောင့် သူ ဒုတိယတစ်ခုကို ရွေးချယ်လိုက်၏။
【အလုပ်နှင့်နားနေဖလှယ်မှု】
【အလုပ်နှင့်နားနေဖလှယ်မှု】:သင်က အလုပ်နဲ့နားနေမှု ပေါင်းစပ်မှုအချိုးမှာ အလွန်တော်လာမည်။ သင် ပို၍ကြာကြာနားနေလေ၊ ကျင့်ကြံမှု၏အကျိုးသက်ရောက်မှု ပိုကောင်းလာမည်။
ဤစွမ်းရည်က ပြည့်စုံသည်၊ ယင်းက အစောပိုင်းကာလကိုလည်း အားဖြည့်ပေးမည်ဖြစ်သလို ကျင့်ကြံမှုအလယ်အဆင့်ရှိ မန္တန်ကျင့်ကြံရေးများတွင်လည်း အထောက်အကူပြုမည်သာ။ ထို့အတူ အတိဒုက္ခကို ကျော်ဖြတ်ရန်အတွက်လည်း သေချာပေါက် အကျိုးပြုလိမ့်ပေမည်။ ထိုသည်သာမက ပျင်းရိ၍လည်း ရဦးမည်ဖြစ်ရာ ယင်းမှာ အစောပိုင်းကာလအတွက် အသင့်တော်ဆုံးရွေးချယ်မှုဖြစ်လေမည်။
သူ စိတ်နှင့်ပင် ဒုတိယပါရမီစွမ်းရည်ကို ရွေးချယ်လိုက်သည်။ အခြားသော ပါရမီစွမ်းရည်တို့မှာ ပျောက်ကွယ်သွားလျက်【အလုပ်နှင့်နားနေဖလှယ်မှု】သာလျှင် စနစ်မျက်နှာပြင်ပေါ်တွင် ကျန်ရစ်ခဲ့တော့၏။