အခန်း (၃-၄)
Vol. 1 Ch. 3-4
Chapter 3: ကျင့်စဥ်တစ်ခုကို ရွေးချယ်ခြင်း
နာရီဝက်ကျော်လွန်သွားပြီးနောက်။
ဒုတိယအချီ အမွှေးတိုင်များက လောင်စာကုန်ဆုံးသွား၏။
တောင်သခင်၏အနောက်တွင် ရပ်နေကြသော တပည့်များမှာ အတန်းကိုးတန်းရှိနေကြပြီဖြစ်ရာ လူပေါင်း ငါးရာနီးပါးဟာ အောင်မြင်စွာ ချီစုဆောင်းနိုင်သွားကြပေပြီ။
အခြားသော လူငါးရာကျော်ကတော့ ကျရှုံးနေဆဲဖြစ်ပြီး ထပ်မံကြိုးစားရန် တတိယအချီကိုသာ စောင့်ဆိုင်းနေကြသည်။
တောင်သခင်က တပည့်တစ်ဦးကို ဆင့်ခေါ်လိုက်ပြီး ဝိညာဉ်ညှို့ယူခြင်း အမွှေးတိုင်ဆယ့်နှစ်ချောင်းကို ပေးလိုက်၏။ ထို့နောက် သူ့ကို ထိုအမွှေးတိုင်တို့ကို တောက်လောင်စေလျက် ချီစုဆောင်းခြင်း တတိယအချီကို စတင်စေတော့သည်။
ထို့နောက် တောင်သခင်က ကျေနပ်နေသောအပြုံးတစ်ခုဖြင့် အောင်မြင်စွာချီစုဆောင်းပြီးသောတပည့်များကို ပြောလာသည်။
“အခု၊ ငါမင်းတို့ကို မင်းတို့ရဲ့ကနေဦးကျင့်ကြံရေးနည်းလမ်းကို ရွေးချယ်နိုင်ဖို့ ကျမ်းဂန်နန်းဆောင်ကို ခေါ်သွားပေးမယ်။”
တောင်သခင် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့်အတူ အစိမ်းရောင်အလင်းတစ်စကလည်း လူတိုင်းအပေါ် ကျရောက်သွားတော့သည်။
စုယွမ်မှာ ထိုအလင်းတန်းဆီမှာ စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရသည်။ တချိန်တည်းတွင်ပင် သူ့အစာအိမ်ထဲရှိ ဆာလောင်မှုမှာ လုံးဝပျောက်ကွယ်သွားရပြီး ခွန်အားတို့မှာ အပြည့်ပြန်ဖြစ်သွားသည်။
“ကျစ်၊ ကျင့်ကြံရေးက အရမ်းမိုက်တာပဲ။”
စုယွမ် မိမိဘာသာတွေးလိုက်မိတော့သည်။
လူအိုကြီးက လေထဲပျံတက်သွားပြီး မိုင်ပေါင်းများစွာကွာဝေးသော အဆောက်အအုံဆီကို ပျံသန်းသွားသည်။
မကြာမီတွင် ငါးရာ သို့မဟုတ် ငါးရာထက်ကျော်သောလူတို့ဟာ လွယ်ကူစွာဖြင့် ကျမ်းဂန်နန်းဆောင်ဟု အမည်ထိုးထားသော အဆောက်အအုံရှေ့ ရောက်ရှိသွားကြသည်။
“ပထမအတန်းက တပည့်တွေ အရင်လာခဲ့ကြ။”
လူအိုကြီးက တပည့်များထံ ဆိုလာ၏။
ထို့ကြောင့် ပထမတန်းရှိ တပည့်ငါးဆယ်မှာ တည်ငြိမ်စွာဖြင့် ရှေ့သို့လျှောက်လာကြသည်။
ကျန်ရှိသည့် တပည့်များကတော့ မနာလိုခြင်းများဖြင့်သာ စိုက်ကြည့်နေမိတော့၏။
တောင်သခင် အတွင်းသို့ဝင်သွားသည်နှင့် လူအချို့က စတင် တီးတိုးပြောလာလေသည်။
“ကျစ်၊ ငါကြားတာတော့ ဒီတစ်ခေါက်ထိပ်တန်းလူတွေထဲမှာ နှစ်ခုတွဲ၊သုံးခုတွဲအခြေခံဝိဥာဥ်အရင်းအမြစ်ရှိတဲ့ လူနှစ်ယောက်ရှိတယ်ဆို။”
“တစ်ယောက်က ယဲ့ပိဖန်လို့ခေါ်ပြီး နှစ်ခုတွဲ ဝိညာဉ်အရင်းအမြစ်ရှိတယ်။နောက်တစ်ယောက်က လျှိုမူဝမ်၊သုံးခုတွဲ ဝိညာဉ်အရင်းအမြစ်ရှိတာတဲ့။ တစ်ယောက်မှ တစ်ခုတည်းသောဝိညာဉ်အရင်းအမြစ်မရှိတာ နှမြောစရာပဲ။ သူတို့အတွက်က စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ကို ရောက်ဖို့က ခက်တော့မှာ။”
“မင်းက သူများကို သွားစိတ်ပူနေသေးတာလား။ မင်းမှာက အလတ်တန်းစားဝိဥာဥ်ရင်းမြစ်ပဲရှိတာ၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကိုတောင် ရောက်နိုင်မှာမဟုတ်ဘူး။”
“ဟ၊ အဲ့ဒါက အနည်းဆုံးတော့ အညံ့စားဝိညာဉ်ရင်းမြစ်ရှိတာထက်တော့ သာသေးပါတယ်ကွာ။”
အခြားသူများကလည်း ရေရွတ်လာကြသည်။
“ငါလည်း အပြင်ဆောင်တပည့်ဖြစ်မှဖြစ်မယ်၊ မဟုတ်ရင် ချီစုဆောင်းခြင်းအဆင့်ရဲ့စတုတ္ထအဆင့်ရောက်ဖို့တောင် ရှစ်နှစ်၊ကိုးနှစ်လောက် ကြာနေလိမ့်မယ်။ တကယ်လို့ ငါသာ အပြင်ဆောင်တပည့်ဖြစ်ရင် အဲ့ဒီအဆင့်ဆိုတာ သုံးနှစ်ပဲ အချိန်ယူရတော့မှာ။”
“ခြေတစ်လှမ်းသာတာနဲ့ ခြေလှမ်းတိုင်းသာတော့မှာပဲ။ ကျေးဇူးပြုပြီး ငါ သာလွန်အဆင့်ကျင့်စဥ်လေးရသွားရင်ကောင်းမယ်ကွာ။”
လူတိုင်းက ကျင့်စဥ်ရွေးချယ်ခြင်းအတွက် ဆုတောင်းနေကြလေသည်။
စုယွမ်လည်း တိတ်တဆိတ်သာ နားထောင်နေရင်း တပည့်များအကြားရှိ တင်းမာနေသောလေထုကို ခံစားနေမိသည်။ အထူးသဖြင့် သူရောက်ရှိနေသော ဆဋ္ဌမမြောက်အတန်းနှင့် အရှေ့ရှိ ပဥ္စမြောက်အတန်းပင်။ လူတိုင်းမှာ တောင့်တင်းနေလျက် အဆုံးသတ်အကဲဖြတ်ပွဲတွင် ထိပ်ဆုံးနှစ်ရာအတွင်းသို့ ဝင်ဖို့ ကြိုးစားရန် စိတ်ပိုင်းဖြတ်ထားကြသည်။ ကိစ္စများဟာ ကျင့်တောင်မကျင့်ကြံရသေးခင်မှာတင် အလွန် ပြိုင်ဆိုင်မှုပြင်းထန်နေပြီပင်။
သည်တပည့်များ ဤသို့ဖြစ်နေသည်မှာလည်း မဆန်းတော့။
အပြင်ဆောင်တပည့်နှင့် အစေခံတပည့်ဟူသော အဆင့်တန်းနှစ်ခုကြားက ကွာဟမှုမှာ ရယ်သွမ်းဖွယ်ကောင်းလောက်ပင် ကွာခြားနေလှသည်။
တာဝန်များ၏ခက်ခဲလေးလံမှုမှစ၍ ကျင့်ကြံရေးအရင်းအမြစ်များ ရရှိမှု၊ စီနီယာများ၏လမ်းညွှန်မှုတို့အထိ နေရာတိုင်းတွင် ကြီးမားသော ကွာဟမှုကြီးရှိနေမည်သာ။
စုယွမ်တောင်မှ အပြင်ဆောင်တပည့် အလွန်ဖြစ်ချင်နေမိပါ၏။
တစ်ခဏစောင့်ပြီးတော့ ပထမတန်းတပည့်များက တစ်ယောက်ပြီးတစ်ယောက် အပြင်ပြန်ထွက်လာကြသည်။
ထို့အတူ ဆူညံသံများကလည်း ရှေ့မှ ပျံလွှင့်လာလေ၏။
“ဟ၊ ယဲ့ပိဖန်က မြေကမ္ဘာအဆင့်ထိပ်တန်းကျင့်စဥ်ကို ရသွားတာတဲ့။”
“အရမ်းတော်တာပဲ။ အခြားဝိညာဉ်အရင်းမြစ်ကောင်းကောင်းရှိတဲ့သူတွေတောင် မြေကမ္ဘာအဆင့်အမြင့်တန်းကျင့်စဥ်ကိုပဲ ရနိုင်တာကို။ မနာလိုချင်စရာကောင်းချက်ကွာ။”
အံ့သြတကြီးရေရွတ်သံများက တစ်နေရာပြီးတစ်နေရာ၌ ထွက်ပေါ်လာ၏။ ထိပ်တန်းအခြေခံဝိညာဉ်အရင်းအမြစ်ရှိသူ တပည့်နှစ်ဦးမှာတော့ ဝံ့ကြွားစွာဖြင့် ထိပ်ဆုံးတွင် ရပ်နေလေသည်။ အမျိုးသားကျင့်ကြံသူတစ်ဦးဖြစ်သော ယဲ့ပိဖန်သည်ကား သဘာဝအလျောက်ကို ဖြာထွက်နေသော အံ့လောက်ဖွယ်အရှိန်အဝါကို ပိုင်ဆိုင်ထား၏။
ထိပ်တန်းအခြေခံဝိညာဉ်အရင်းအမြစ်ရှိသော ထိုသူတို့အပြင် အခြားသောအဆင့်မြင့်အခြေခံဝိညာဉ်အရင်းအမြစ်ရှိသူများကလည်း မြေကမ္ဘာအဆင့်အနိမ့်တန်းကျင့်ကြံရေးနည်းလမ်းများကို ရရှိခဲ့ရာ လူထု၏ဝန်တိုအကြည့်များကို ဆွဲဆောင်နေမိတော့သည်။ သို့သော် အဆင့်မြင့်အခြေခံဝိဥာဥ်အရင်းအမြစ်ရှိသူအများစုက သာလွန်ထိပ်တန်းအဆင့်ကိုသာ ရရှိခဲ့ကြခြင်းဖြစ်သည်။
ဤကျင့်စဥ်များမှာ ကွာဟမှုများစွာမရှိသလို ထင်ရသော်ငြား ပိုမိုမြင့်မားသော ကျင့်စဥ်ဆိုသည်မှာ အကန့်အသတ်ပိုမဲ့ရုံသာမက ပို၍အရေးကြီးသည်မှာ ယင်းတို့က အစောပိုင်းကာလကျင့်ကြံရေးအပေါ် များစွာအကျိုးသက်ရောက်နိုင်ခြင်းပေ။ အခြားသူများက ချီစွမ်းအင်ကို ဖွဲ့စည်းနိုင်ရုံသာရှိသေးချိန် ယင်းတို့က ကျင့်ကြံရေးအရှိန်ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည်။ ၎င်းက အချိန်နှင့်စွမ်းအင်ကိုအလွန်သက်သာစေသောကြောင့် အခြားသော သာမန်အဆင့်ကျင့်ကြံရေးနည်းလမ်းများနှင့် ယှဥ်မရခြင်းဖြစ်သည်။
“ဒုတိယတန်းက တပည့်တွေ၊ ဝင်လာခဲ့ကြ”
တောင်သခင်၏အသံက အဆောက်အဦးအတွင်းမှပျံ့နှံ့လာ၏။
ဒုတိယတန်းရှိတပည့်များကလည်း ချက်ချင်းကိုပင် စိတ်လှုပ်ရှားစွာဖြင့် ဝင်သွားကြသည်။
စုယွမ် ကျမ်းဂန်နန်းဆောင်ကို စိုက်ကြည့်နေရင်း သူ့ဘေးရှိ လူတစ်ဦးက သူ့ကို လာထိသည်။
သူ လှည့်ကြည်လိုက်သောအခါ အထက်တန်းစားအဝတ်အစားကောင်းများဝတ်ထားသော လူငယ်တစ်ဦးကိုတွေ့လိုက်ရသည်။
“ဟေး၊ကောင်လေး မင်းနာမည်ဘာလဲ။”
လူငယ်လေးက မေးလာသည်။
“စုယွမ်။ မင်းကရော။”
စုယွမ်ပြန်ဖြေလိုက်သည်။
“ငါက ကျန်းဝေ့၊ ကျန်းမိသားစုရဲ့ ခြောက်ယောက်မြောက်သခင်လေးပဲ။ ငါ့မိသားစုက ကျင့်ကြံရေးပစ္စည်းအရောင်းအဝယ်ကို လုပ်တာလေ။”
လူငယ်လေးက ဝံ့ကြွားစွာဖြင့် ပြောလာသည်။
စုယွမ်လည်း တစ်ခဏမျှစောင့်နေလိုက်သည်။ သို့သော် ထပ်မံပြောလာသည်မရှိရာ ခေါင်းကုတ်ပြီး ပြန်လည်မေးမြန်းလိုက်သည်။
“အဲ့ဒီတော့။”
ကျန်းဝေ့မှာ ကြောင်အသွားရလျက်။ အဘယ်ကြောင့်များ စုယွမ်၏တုံ့ပြန်ပုံမှာ သူ၏အစ်ကိုကြီးပြောသည်နှင့် ကွာခြားနေရပါနည်း။ ထိုသူက ချက်ချင်းလက်ငင်း ဖားယားလာသင့်သည်မဟုတ်ပါလော။
“ငါ့မိသားစုစီးပွားရေးက အရမ်းကြီးတာနော်။ နေ့တိုင်း ဝိညာဉ်ကျောက်တုံးသိန်းချီဝင်နေကြ။”
ကျန်းဝေ့မှာ လက်မလျော့လိုသဖြင့် ထပ်မံပြောလိုက်သည်။
“အခုလက်ရှိရော မင်းမှာ ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရှိနေလို့လဲ။”
စုယွမ်၏အကြည့်မှာ တောက်ပသွားလျက် မေးလိုက်သည်။
“... မရှိဘူးလေ။”
“ဒါများ။”
စုယွမ်တစ်ယောက် မျက်လုံးလှန်လိုက်မိ၏။
ကျန်းဝေ့မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားရလျက်။
“မဟုတ်ဘူးလေ၊ အဲ့ဒါက မသေမျိုးမျိုးစေ့တောင်ကြားရဲ့စည်းမျဥ်းပဲကို၊ ဘယ်ပစ္စည်းကိုမှ ယူလာလို့မှမရဘဲ။”
“ကောင်းပြီ။ ငါ မင်းကိုယုံပေးလိုက်ပါ့မယ်။ အဲ့ဒီတော့ မင်းငါ့ကို ဒါတွေလာပြောနေတာ ဘာလို့လဲ။”
စုယွမ် ကွေ့ဝှက်ပြောမနေချင်တော့။
ကျန်းဝေ့ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ကိုယ်ကိုညွတ်ကာ တီးတိုးဆိုလာသည်။
“ဒီမသေမျိုးအမတတောင်ကြားက ဝိညာဉ်ကျောက်တုံးအစိတ်အပိုင်းတွေကို နေ့တိုင်းပေးဝေတယ်တဲ့။ အဲ့ဒီအခါ ငါက မင်းရဲ့ဝိညာဉ်ကျောက်တုံးတွေကို လိုချင်တာ။ ငါတို့အပြင်ပြန်ရောက်တဲ့အခါ ငါမင်းကို အဆတစ်ထောင်ပြန်ဆပ်ပါ့မယ်။”
စုယွမ်မှာ ဘာကိုမှမတုံ့ပြန်။
သူ ထပ်ပြောလိုက်သည်။
“မင်းက အခုက အပြင်ဆောင်တပည့်ဖြစ်ဖို့တောင် တော်တော်လေးဝေးနေတာ။ အပြင်ဆောင်တပည့်ဖြစ်ဖို့လမ်းမရှိဘူးလေ၊ အဲ့ဒီအစား အစေခံတပည့်ပဲဖြစ်လာတော့မှာ။ တန်ဖိုးနည်းဝိညာဉ်ကျောက်တုံးအပိုင်းအစနည်းနည်းပေးတာနဲ့ တန်ဖိုးရှိအနိမ့်စားဝိညာဥ်ကျောက်တုံးတွေကပြန်ရမှာလေ။ မကောင်းဘူးလား။”
ဝိညာဥ်ကျောက်တုံးအပိုင်းအစဆိုသည်မှာ ဝိညာဉ်ကျောက်တုံး၏အစိတ်အပိုင်းများသာဖြစ်ကြပြီး ချီစွမ်းအင်ပါဝင်မှုနည်းပါးကာ တန်ဖိုးလည်းနိမ့်၏။ ထိုအပိုင်းအစများ အခုတစ်ရာစုမှသာ ဝိညာဥ်ကျောက်တုံးတစ်ခုနှင့်ညီမျှသည်။ ကျန်းဝေ့က ပုံမှန်ဆိုလျှင် ၎င်းတို့ကို အကြည့်တစ်ချက်ပင် စွန့်ကြဲမည်မဟုတ်။ သို့သော် ဤမသေမျိုးမျိုးစေ့တောင်ကြားတွင်တော့ ၎င်းတို့က အဖိုးထိုက်တန်ဆုံးသော ကျင့်ကြံရေးအရင်းအမြစ်များဖြစ်လာခဲ့ပြီပင်။
စုယွမ်မှာ အံ့သြစွာ မေးမြန်းလိုက်သည်။
“အကြီးအကဲတွေက ဒါတွေကိုဂရုမစိုက်ဘူးလား။”
“အပေါ်ယံမှာတော့ သူတို့က ဂရုစိုက်ပုံပြတာပေါ့။ ဒါပေမဲ့ တကယ်တမ်းမှာ မျက်ကွယ်ပြုထားကြတာလေ။ ပြောရရင် ဒီလိုပေးကမ်းတယ်ဆိုတာ ပါရမီနိမ့်တဲ့တပည့်တွေကို ဝိညာဉ်ကျောက်တုံးကတဆင့် အဆင့်မြန်မြန်တက်ဖို့ကူညီပေးသလိုပဲလေ။ အဲ့ဒီတော့ ဒါကို အကြီးအကဲတွေကလည်း ခွင့်ပြုပါတယ်။ ဒါ့အပြင် ဒါက တပည့်တစ်ယောက်ရဲ့ပေါင်းဆက်ဆံနိုင်စွမ်း၊ လက်လျော့ညီထွေနေနိုင်စွမ်းနဲ့ အနာဂတ်အတွက် အစီအစဥ်ဆွဲနိုင်တာတွေကိုလည်း စမ်းသပ်တဲ့သဘောပဲ။”
“မင်းကို ဘယ်သူဒါတွေသင်ပေးလိုက်တာလဲ။”
“ငါ့အစ်ကိုလေ။”
ကျန်းဝေ့မှာ လွှတ်ကနဲထွက်သွားပြီးတော့မှ ပြန်သတိဝင်သွား၏။
“မဟုတ်ပါဘူး။ ငါ့ဟာငါ သိထားတာ။”
စုယွမ် သူ့ကို သံသယရှိစွာ ကြည့်လိုက်မိ၏။
ကျန်းဝေ့၏မျက်နှာမှာ အနည်းငယ်ပျက်ယွင်းနေပေသည်။
“ငါတစ်ယောက်တည်းကို တောင်းတာက လုံလောက်မှာမဟုတ်ဘူး။ ဒီမှာ အစေခံတပည့်ရှစ်ရာကျော်တောင်ရှိတာ။”
စုယွမ်ပြောလိုက်သည်။
“အနည်းဆုံးပြောရရင် ဝိညာဉ်ကျောက်တုံးလေးငါးခုက လုံလောက်ပါပြီကွာ။ အဆင်ပြေဖို့ဆိုရင် အခုနှစ်ဆယ်လောက်ဆို လုံလောက်ပြီ။”
ကျန်းဝေ့က အလေးအနက်ပြောလာ၏။
ဒါကိုလည်း ပြိုင်ဆိုင်ကြသေးတာလား။
စုယွမ် ပြောစရာစကားပျောက်ရှသွားရ၏။
သူ မနေနိုင်ဘဲ တွေးတောကြည့်မိတော့သည်။ အခြေအနေများမှာ သူတွေးထားသည်ထက် ပို၍ခက်ခဲနေလေသည်။ သူက အပြင်ဆောင်တပည့်အဖြစ်ဝင်ချင်သည်ဖြစ်ရာ သူ၏အရင်းအမြစ်များကို မပေးပစ်နိုင်။ ယခင်ကတော့ သူ အရည်အချင်းနှင့်နားလည်သဘောပေါက်နိုင်စွမ်းကိုသာ လိုအပ်သည်ဟုတွေးထင်ခဲ့သည်။ ယခုပြန်တွေးကြည့်လျှင် ထိုအတွေးမှာ အလွန်ရိုးအပေ၏၊ သူ့တွင် အခြားသူများဝိုင်းဝန်းထောက်ပံ့လောက်မည့် နောက်ခံရော၊ အရည်အချင်းရော ဘာမှရှိမနေခဲ့။
“တော်တော်လေးလက်တွေ့ကျတဲ့ ကျင့်ကြံရေးလောကပဲ။ ငါရဲ့ပါရမီစွမ်းရည်လေး အစွမ်းပြဖို့ကိုပဲ မျှော်လင်ရတော့မယ်။”
စုယွမ် တွေးလိုက်၏။
သူ ကျန်းဝေ့ကို ခေါင်းခါပြလိုက်ပြီး ဆိုသည်။
“အားနာပါတယ်။ ငါလည်း အပြင်ဆောင်တပည့်ဖြစ်ချင်တယ်လေ။”
ကျန်းဝေ့က စုယွမ်ကို အံ့သြတကြီးကြည့်လာ၏၊ သူ၏အမူအရာတော့ မကျေနပ်သည်မှာ အထင်အရှား။
“ငါ့မှာက အနိမ့်စားနှစ်ခုစပ်အခြေခံဝိညာဉ်ရင်းမြစ်ရှိလို့ ကြိုးစားကြည့်လို့ရသေးတယ်။ ဒါပေမဲ့ မင်းကရော။”
ကျန်းဝေက ခေါင်းတခါခါပြုလိုက်သည်။
ဤသည်မှာ တကယ်ကို မတန်မရာမှန်းတာပင်။
စုယွမ်လည်း စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။
【အမည်】: စုယွမ်
【နယ်မြေ】: ချင်းခယ်ကုန်းမြေ
【အဆင့်】: သိသူမရှိသေး (1 / 100)
【ကျင့်ကြံမှုအဆင့်】: ချီစုဆောင်းခြင်းအဆင့်တစ် (0 / 100)
【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: သင်က အလုပ်နဲ့နားနေမှု ပေါင်းစပ်မှုအချိုးမှာ အလွန်တော်လာမည်။ သင် ပို၍ကြာကြာနားနေလေ၊ ကျင့်ကြံမှု၏အကျိုးသက်ရောက်မှု ပိုကောင်းလာမည်။
【ပါရမီစွမ်းရည်နှစ်】: မရရှိသေး။
စုယွမ် ချက်ချင်း ငြိမ်ကျသွား၏။ ဤစနစ်နှင့်ဆိုလျှင် သူ သာမန်အပြင်ဆောင်တပည့်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လွယ်ကူလွန်းသည်မဟုတ်လား။ သူသာ အဆင့်မြင့်လာပါက အတွင်းဆောင်သို့ဝင်ရန်ဆိုသည်မှာ မဖြစ်နိုင်သည်မဟမရရှိသေး
သူဟာ တကယ်ကို ယုံကြည်မှုရှိနေပေသည်။
Chapter 4
ကျန်းဝေ့က စုယွမ်ကို သံသယရှိစွာ စိုက်ကြည့်လာ၏။ ထို့နောက် အခြားသူများကို စတင်မိတ်ဖွဲ့နေတော့သည်။
စုယွမ်နှင့် စကားပြောပြီးနောက် ကျန်းဝေ့က ပို၍စကားပြော ချောမွေ့လာသည်။ သူ့ဘေးပတ်လည်ရှိ လူအနည်းအငယ်ကိုပြောဆိုပြီးနောက် သဘောတူညီမှုအချို့ရရှိသွားသည့်ပုံပင်။
စုယွမ်သည် ကျန်းဝေ့မျက်နှာပေါ်ရှိ အပြုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
ဒါက ကျင့်ကြံရေးလောကရဲ့ ချမ်းသာတဲ့ဒုတိယမျိုးဆက်သခင်လေးဗားရှင်းများလား။
ကျန်းဝေ့အပြင် အခြားသော သူ့ကဲ့သို့ လိုက်လံညှိနှိုင်းနေသည့်သူများလည်းရှိ၏။ ဤနေရာတွင် ချမ်းသာသူများ အလွန်များလှသည်ပင်။
သတိမမူမိချိန်တွင်ပဲ ဆဋ္ဌမမြောက်တန်းရှိတပည့်များ၏အလှည့်ကျရောက်လာလေသည်။
စုယွမ်လည်း လူအုပ်နှင့်အတူ ကျမ်းဂန်နန်းဆောင်အတွင်း ဝင်ရောက်လိုက်၏။
သူတွေးထားသည်နှင့်မတူ၊ အတွင်းတွင် မိန်ဖျော့လှသောအလင်းစွမ်းအင်လုံးများဖြင့် လင်းနေ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထိုအလင်းလုံးတို့မှာ တစ်ထောင်ကျော်ရှိကြောင်းသိလိုက်ရသည်။
တောင်သခင်က ဆိုလာ၏။
“မင်းတို့ အဲ့ဒီအလင်းလုံးတွေကို မင်းတို့ရဲ့အခြေခံဝိညာဉ်အရင်းအမြစ်ရဲ့အရည်အချင်းအတိုင်း စမ်းထိကြည့်လို့ရတယ်။ တကယ်လို့ အဲ့ဒါတွေသာ လင်းလာရင် မင်းကအဲ့ဒီကျင့်စဥ်ကို ကျင့်ဖို့အရည်အချင်းပြည့်မှီတယ်။ ပိုလင်းလင်းလေလေ၊ ကျင့်ကြံဖို့ပို့သင့်တော်လေပဲ။ အခုမင်းတို့သွားပြီး ရွေးချယ်ကြတော့။”
စုယွမ် ကြောင်အသွားရသည်။ ဒါက ... ဒီလောက်လွယ်လား။
သူ အခြားတပည့်များက အလင်းလုံးများဆီသွားကာ ထိတွေ့နေကြသည်ကိုတွေ့လိုင်ရသည်။ အလင်းလုံးတို့မှာ မှိန်ဖျော့ဖျော့အလင်းသာထုတ်နေလျက်ရှိ၏။
ကျန်းဝေ့က တည်ငြိမ်စွာပင် ရှေ့သို့လျှောက်၍ ရေနှင့်သတ္ထုဝိညာဉ်အရင်းအမြစ်အတွက် ကျင့်စဥ်များထားရာနေရာသို့ လျှောက်လာသည်။ ထို့နောက် လျင်မြန်စွာဖြင့် လမ်းတစ်လျှောက်ရှိ အလင်းလုံးများကို ထိတွေ့ကြည့်တော့သည်။
စုယွမ်လည်း မီး၊သတ္ထု၊သစ်သားသုံးခုတွဲအခြေခံဝိညာဉ်အရင်းအမြစ်များအတွက်ကျင့်စဥ်ထားရှိရာ နေရာကို သွားလိုက်သည်။ သူ အလင်းလုံးများ၏အောက်၌ မိတ်ဆက်စာများကိုမြင်လိုက်ရသည်။
အချို့မှာ မီးစွမ်းအင်တစ်ခုတည်းသီးသန့်အတွက် ကျင့်စဥ်များဖြစ်သလို အချို့ကတော့ မီးနှင့်သစ်သားနှစ်ခုစွမ်းအင်အတွက်ပင်။ ဒါ့အပြင် သုံးခုတွဲအခြေခံဝိညာဉ်အရင်းအမြစ်တို့အတွက် ကျင့်စဥ်များလည်းပါရှိ၏။
စုယွမ်လည်း ယင်းတို့ကို တစ်ခုချင်းစီလိုက်ထိကြည့်လိုက်သည်။
ဝိညာဉ်စွမ်းအင်အလင်းလုံးတို့မှာ မှိန်သွားလိုက်၊ ဖျော့သွားလိုက်။ သို့သော် ရှေ့သို့လျှောက်လေလေ ပို၍လင်းလာလေလေပေ။ သူ နေရာ၏ငါးပုံတစ်ပုံခန့်လျှောက်လှမ်းပြီးနောက်တွင် တောက်ပမှုမှာ အထွဋ်အထိပ်ရောက်ရှိသွားသည့်ဟန်၊ ရှေ့ဆက်၍သွားပါက တောက်ပမှုမှာ ပြန်လျော့သွားလေသည်။
စုယွမ်လည်း အရှေ့ရှိကျင့်စဥ်များသည်ကား ပို၍ပါရမီကောင်းကောင်းလိုကြောင်း သိလိုက်ရသည်။ ထို့အတွက် သူ ရှေ့ဆက်လျှောက်လျှင် သဘောဝကျကျကို အလင်းလည်းမှိန်ဖျော့သွားမည်သာ။
တွေ့မြင်နေကြရဆိုလျှင် ကူးပြောင်းလာသူတစ်ဦးအနေဖြင့် စုယွမ်က ရှေ့ဆက်လျှောက်သင့်သည်။ ထို့နောက် ကျင့်စဥ်မြင့်မြင့်ကိုရယူနိုင်သွားပြီး အကြီးအကဲတွေကို မကျေနပ်ဖြစ်စေလိမ့်မည်။ များစွာသောတပည့်များ၏အာရုံကိုလည်းဆွဲဆောင်မိမည်ဖြစ်ပြီး သူ၏ဂုဏ်သတင်းကလည်း သေချာပေါက်မြင့်တက်သွားပေမည်။ ထို့နောက်တွင် ဒုတိယမြောက်ပါရမီစွမ်းရည်ကို အရယူ၊ ကျင့်ကြံမှုကို အဆင့်မြှင့်ကာ လူတိုင်းကို အံ့သြစေလျက် ဂိုဏ်းအတွင်း ကျော်စောလာမည်သာ။ ထိုအတိုင်းက ထပ်ခါတလဲတလဲဖြစ်နေပြီး နောက်ဆုံးတွင်တော့ ... သူ အသတ်ခံလိုက်ရပေမည်။
စုယွမ်လည်း ကျမ်းဂန်နန်းဆောင်၏အတွင်းပိုင်းကို သေချာတစ်ချက်ကြည့်ကာ ခေါင်းကိုလှည့်ပြီး ပြန်လျှောက်လာခဲ့လိုက်တော့သည်။
တောက်ပမှုအမြင့်ဆုံးဖြစ်နေသည့်နေရာကို ပြန်ရောက်လာချိန် သူ အမြင့်ဆုံးဖြစ်နေသည့်အလင်းလုံးသုံးခုကိုတွေ့လိုက်ရသည်၊ ယင်းတို့မှာ မီးစွမ်းအင်သီးသန့်အတွက် လောင်မြိုက်သစ်သားကျင့်စဥ်၊ သတ္ထုမီးနှစ်ခုတွဲစွမ်းအင်အတွက် ဝိညာဉ်စုစည်းခြင်းကျင့်စဥ်နှင့် မီးသတ္ထုသစ်သားသုံးခုတွဲစွမ်းအင်အတွက် မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ် ဖြစ်၏။
စုယွမ် ထိုကျင့်စဥ်များကို ကြောင်အစွာစိုက်ကြည့်မိသည်။
ဒါတွေက ဘာတွေလဲ။ တစ်ခုချင်းစီတောင် ခွဲရှိသေးတာလား။
သူ တစ်ခါတည်းပေါင်းထားတဲ့ကျင့်စဥ်ကိုပဲ ယူလိုက်တော့မယ်။
စုယွမ်လည်း “မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်”အရှေ့တွင် ရပ်လိုက်ပြီး နှဖူးကို အလင်းလုံးလေးထံထိထားလိုက်သည်။
နောက်တစ်ခိုက်တန့်တွင် များပြားလှသော အချက်အလက်များမှာ သူ၏စိတ်အတွင်းသို့ဝင်ရောက်လာပြီး မူးဝေသွားစေသည်။ သို့သော် ယင်းက ကျင့်စဥ်ကို တစ်ခါတည်းနှင့် ရှင်းရှင်းလင်းလင်းမှတ်မိသွားစေပါ၏။
“မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်က အဝါရောင်ထိပ်တန်းအဆင့်ကျင့်စဥ်လားဟ။”
ကျင့်စဥ်၏အဆင့်မှာ အဝါရောင်အဆင့်သာလျှင်ရှိ၏။ သို့သော်ကံကောာင်းသည်က ထိပ်တန်းအဆင့်ဖြစ်နေခြင်းပေ။ သူ အများစုက အဝါရောင်အဆင့်ကို အလတ်တန်းစားအဆင့်သာ ဖြစ်ကြောင်းတွေ့ခဲ့ပြီးဖြစ်သည်။
“မင်းရွေးချယ်ပြီးတာနဲ့ ထွက်သွားလို့ရပြီ။”
တောင်သခင်၏အသံက စုယွမ်၏နားအတွင်းသို့ ဝင်ရောက်လာ၏။
စုယွမ်လည်း မြန်မြန်ပြန်လှည့်လာပြီး တောင်သခင်ကိုဦးညွတ်လိုက်ကာ ကျမ်းဂန်နန်းဆောင်ထဲမှပြန်ထွက်လာလိုက်သည်။ ထိုအချိန်တွင်ပဲ ကျန်းဝေ့ကို ဝင်ပေါက်နား၌ မြင်လိုက်ရသည်။
သူ့ကိုမြင်တော့ ကျန်းဝေ့ကိုမျက်လုံးများအရောင်တောက်သွားပြီး မေးလာ၏။
“မင်း ဘယ်ကျင့်စဥ်အဆင့်ကို ရသွားလဲ။”
“အဝါရောင်ထိပ်တန်းအဆင့်။”
စုယွမ်ပြုံးလိုက်သည်။
“ငါ သာလွန်အဆင့်အနိမ့်တန်းကျင့်စဥ်ကို ရွေးခဲ့တာ။ ငါ့အတွက် အသင့်တော်ဆုံးက သာလွန်အဆင့်အနိမ့်တန်းကျင့်စဥ်ဖြစ်မယ်လို့ထင်မထားဘူး။ အခုဆိုရင် အပြင်ဆောင်တပည့်ဖြစ်ဖို့က ပိုသေချာသွားပြီ။”
စုယွမ်၏အပြုံးမှာ ကွယ်ပျောက်သွားရပြီး ချက်ချင်း လှည့်ထွက်သွားတော့၏။
“ဟေး၊ ငါ့ကိုစောင့်ဦးလေ။”