← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

Chapter 7: သင်ခန်းစာသင်ယူခြင်း။

စုယွမ် ကျင့်ကြံရေးခန်းရှိ နာရီကိုကြည့်လိုက်ရာ တစ်နာရီတောင် ကုန်လွန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

"တစ်ရှီချန်ရဲ့လေးပုံသုံးပုံတောင် ကြာသွားတာပဲ။"

စုယွမ် ရုတ်တရက် စွမ်းရည်၏အကျိုးသက်ရောက်သည့်အချိန်က နားနေချိန်၏ဆယ်ပုံတစ်ပုံဖြစ်ကြောင်း သဘောပေါက်သွားရသည်။

ဤသို့ဆိုလျှင် စုယွမ် ခန့်မှန်း၍ရလေပြီ။

ငုံ့ကြည့်လိုက်တော့ သူ၏လက်ထဲရှိ ဝိညာဉ်ကျောက်တုံးအပိုင်းအစလေးမှာ အမှုန့်အသွင်ဘဝပြောင်းသွားကြောင်းတွေ့လိုက်သည်။ ဝိညာဉ်ကျောက်တုံးအပိုင်းစလေးမှာ အလွန်အသုံးဝင်၏၊ ၎င်းသာမရှိပါက သူ တတိယအကြိမ်ချီစုစည်းခြင်းကို ပြီးဆုံးသည်အထိ လုပ်နိုင်မည်မဟုတ်။

စုယွမ် တစ်ခဏမျှတွေးတောနေပြီးနောက် မိမိဘာသာ ကြိုးစားကျင့်ကြံကြည့်ရန်ဆုံးဖြတ်လိုက်သည်။

သူ ကျင့်စဥ်ကို စတင်လိုက်သည့်အချိန်တွင်ပဲ ပြဿနာများမှာ စတင်လာတော့၏။ သူ့မှာ ချီစွမ်းအင်ကို အနည်းငယ်ပမာဏသာ လည်ပတ်နိုင်လေသည်၊ ဝိညာဉ်မျှင်တန်းသုံးခုလုံးကို လည်ပတ်နိုင်ရန်ကိုတော့ တွေးတောမနေနိုင်တော့။ ဝိညာဉ်မျှင်တန်းတစ်ခုကိုသာ လည်ပတ်သည်တောင်မှ ယခင်ကနှင့်ယှဥ်လျှင် အရှိန်နှစ်ဆလျော့သွားရသည်။

ချီစုစည်းလည်ပတ်ခြင်းပြီးသွားသည့်အခါ သူ နောက်ထပ် ဝိဉာဉ်ချီမျှင်တစ်ခုနှင့်တစ်ဝက်ထပ်၍ရလာခဲ့သည်။ သူ၏ပါရမီစွမ်းရည်က ရပ်တန့်သွားပြီးဖြစ်သော်ငြား အခြားသောအဆင့်နိမ့်အခြေခံဝိညာဉ်အရင်းအမြစ်များနှင့် ယှဥ်ပါက ဤသည်မှာ သာလွန်နေဆဲ။

စုယွမ် စိတ်သက်သာရာရသွားသည်။

"စွမ်းရည်မရှိတော့တာတောင် အတွေ့အကြုံကကျန်နေခဲ့သေးတာပဲ။ ငါရဲ့ကျင့်ကြံရေးအပေါ် ကျွမ်းကျင်မှုကလည်း ပိုကောင်းလာပြီ။ ငါသာ ချီစွမ်းအင်ကို သေချာထိန်းချုပ်ပြီး စုလည်းစုဆောင်းမယ်ဆို တစ်ချိန် အရင်းအမြစ်သာသေချာရှိရင် စွမ်းရည်ရှိနေချိန် ကျင့်ကြံသလို ကျင့်ကြံနိုင်တော့မှာ။"

တစ်ချိန်တည်းမှာပင် စုယွမ် ပြဿနာတစ်ခုကို ရှာတွေ့သွား၏။ ချီစုစည်းနေစဥ်အတွင်း သူ့မှာ အတွေ့အကြုံမရှိသည့်အတွက်ကြောင့် မရီဒျာန်အပေါ် အနည်းငယ်ထိခိုက်သွားခဲ့သေးသည်။ ယခုတွင်တော့ မရီဒျာန်အတွင်းမှ နာကျင်မှုက စိမ့်တက်လာရာ တစ်ရှီရှန်၏တစ်ဝက်လောက်တော့ အနားယူပေမည်။

"ဒီစွမ်းရည်က တကယ်ကို သဘာဝတရားကိုဖီဆန်နေတာ၊ ဒီဟာကိုသုံးလိုက်တာနဲ့ ကျင့်ကြံရေးကို သိသိသာသာကိုတိုးလာတာ။ ဒါကိုရွေးလိုက်တာ တကယ်မှန်သွားတယ်။"

ထိုအချိန်မှာပဲ ကျင့်ကြံရေးအခန်းအတွင်းသို့ အလင်းတစ်စဝင်ရောက်လာ၏။ ဤသည်မှာ အပြင်တွင် တစ်ယောက်ယောက်ရောက်နေကြောင်း အချက်ပြနေခြင်းပင်။

စုယွမ်လည်း အခန်းထဲထွက်ပြီး ခြံထဲသွားလိုက်ရာ ကျန်းဝေ့ကိုသာ ထပ်မံတွေ့လိုက်ရ၏။

စုယွမ်လည်း စိတ်ရှုပ်သွားလျက် မေးလိုက်၏။

"ကျန်းဝေ့၊ မင်းကျင့်ကြံနေတာမဟုတ်ဘူးလား။"

"ငါ ကျမ်းဂန်ခန်းမကနေ သတင်းပို့တာတွေ့လိုက်လို့။ အတွင်းဆောင်ရဲ့ဂိုဏ်းတူအစ်ကိုက ခဏနေရင် ဒီကိုလာပြီး သင်တန်းပို့ချမလို့တဲ့လေ။ မင်းရော သွားနားထောင်ချင်လား။"

"ဟုတ်လား။ ငါလည်းအားနေတာပဲ။ သွားမယ်လေ။"

စုယွမ် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

သူတို့နှစ်ဦးသားလည်း ကျမ်းဂန်နန်းဆောင်သို့ ဦးတည်လျှောက်လာလိုက်ကြသည်။

လမ်းတစ်ဝက်ရောက်တော့ စုယွမ် ကျိုးဝူယိုကို ထပ်တွေ့လိုက်ရသည်။ ဤတစ်ခေါက်တွင်တော့ သူ့နောက်တွင် လူခုနစ်တောင်လိုက်နေလေရာ အတော်လေးလူရှိန်စရာပင်။

ကျိုးဝူယိုလည်း စုယွမ်နှင့်ကျန်းဝေ့ကို မြင်သွားရာ သူ၏မျက်ဝန်းထဲ၌ အထင်သေးမှုတစ်စထွက်ပေါ်လာ၏။

"လမ်းဖယ်စမ်း။"

ကျိုးဝူယိုက ဆိုလာသည်။

စုယွမ်နှင့် ကျန်းဝေ့လည်း လမ်းဘေးကိုသာ ရှောင်ပေးရလျက် သူတို့အဖွဲ့ထွက်သွားသည်ကိုသာ ကြည့်နေမိ၏။

"တော်တော်မောက်မာတဲ့ကောင်။"

ကျန်းဝေ့မှာ ဒေါသထွက်သွားရလျက်။

"သူတို့ဘက်မှာ လူအများကြီးသာရှိမနေဘူးဆိုရင် ငါ ဒီမှာတင် တစ်ခါတည်း သူ့ကိုဆော်ပစ်လိုက်ပါတယ်။"

စုယွမ်လည်း သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။

"မင်းကရော အဲ့ဒီလိုနောက်လိုက်အဖွဲ့ရှိတာပဲမဟုတ်ဘူးလား။"

ကျန်းဝေ့လည်း ကြောင်အသွားရလျက် ပြန်ပြောလာသည်။

"ငါ့မှာ ဘယ်ချိန်တုန်းက နောက်လိုက်ရှိသွားတာလဲ။"

"မင်း အဲ့ဒီလူတွေဆီကပဲ ဝိညာဉ်ကျောက်တုံးအပိုင်းအစတွေရလာတာမဟုတ်ဘူးလား။"

စုယွမ် ပြန်မေးလိုက်၏။

"အဲ့ဒါက အပေးအယူသက်သက်ပဲလေကွာ။ ငါက ပြီးရင် သူတို့ကို အဆထောင်ချီပြန်ပေးမှာပဲကို။ နောက်လိုက်စုတာက ပိုပြီးကုန်တယ်ကွ။ ငါကအဲ့ဒီလောက် မတုံးပါဘူး။"

ကျန်းဝေ့က ဂုဏ်ယူစွာပြန်ဖြေလာသည်။

"ဒါကရော မင်းအစ်ကိုသင်ပေးလိုက်တာပဲလား။"

ကျန်းဝေ့ကြည့်ရသည်မှာ အနည်းငယ် ဘဝင်ဟပ်သွားသည့်ပုံ။

"ဒီလောက်လေးက သင်ဖို့လိုသေးလို့လား။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ငါနားလည်သားပဲ။"

စုယွမ်: "..."

"ကောင်းပြီ။ ဆက်သွားကြစို့။"

မကြာခင်တွင် သူတို့နှစ်ဦး ကျမ်းဂန်ခန်းမသို့ ရောက်ရှိသွား၏။

ဤသည်မှာ ပထမဆုံးသင်ခန်းစာပို့ချခြင်းဖြစ်ရာ လူများစွာ ရောက်ရှိနေကြ၏။ သို့လင့်ကစား အတွင်းတွင်တော့ ထိုင်ခုံမှာ လူ၃၆၀စာအတွက်သာ ရှိနေသည်။ ကံကောင်းသည်ကတော့ သူတို့က အချိန်မီရောက်ခဲ့သည့်အတွက် နောက်ဆုံးတန်းတွင် နေရာလွတ်ကျန်နေသေးသည်။ သိပ်၍မကြာလိုက် လူအားလုံးပြည့်သွား၏။

ကျမ်းဂန်ခန်းမရဲ့တံခါးက ပိတ်သွားပြီး အချိန်မီမရောက်သည့် တပည့်များမှာ စိတ်ပျက်လက်ပျက်ဖြစ်ရုံသာ တတ်နိုင်ပေသည်။

ကျမ်းဂန်ခန်းမ၏အပေါ်၌ လူတစ်ဦးက ဓါးကိုစီးလျက် ရောက်လာ၏။ ထိုလူက ခန်းမတစ်ပတ်လည်လုံးအပေါ် ပျံသန်းပြီးတော့မှ ခန်းမ၏စင်မြင့်ထက်သို့ ဆင်းသက်လာ၏။ ထိုလူမှာ ခန့်ညားသည့်အသွင်ရှိပြီး ဆင်းသက်လာပုံမှာလည်း သစ်ရွက်တစ်ရွက် ကြွေလွှင့်လာသည့်အတိုင်း သပ်ရပ်လှပေနေ၏။

"ဟိတ်ကြီးဟန်ကြီးနဲ့ကွာ။"

ကျန်းဝေ့မှာ မနာလိုစိတ်ဖြင့်သာ ဆိုမိ၏။

စုယွမ်လည်း ခေါင်းညိတ်လိုက်သည်။ ဤကျင့်ကြံသူများမှာ အလွန်ကိုဟိတ်ကြီးဟန်ကြီးဖြင့် ပေါ်ထွက်လာလေ့ရှိရာ အောက်ရှိတပည့်များကို အမြဲတစေ ရင်သပ်ရှူမောဖြစ်သွားစေမြဲ။

"နှုတ်ခွန်းဆက်သပါတယ်၊ ဂိုဏ်တူညီလေး ညီမလေးတို့။ ငါက အတွင်းဆောင်က တပည့် ကျူးကောကျန့်ပဲဖြစ်တယ်။ ချီစုစည်းခြင်းအဆင့်ကိုးကိုရောက်ရှိနေပြီး အချိန်မရွေး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ချိုးဖောက်ဖို့ ပြင်နေတာပဲ။ ဒီနေ့ ငါမင်းတို့က ပထမဆုံးသင်မှာတော့ ချီစုဆောင်းခြင်းနည်းလမ်းပဲ။"

"ချီစွမ်းအင်ဆိုတာ သတ္တဝါအားလုံးဖွားမြင်ရာ ကောင်းကင်နဲ့မြေကြီးကနေ ပေါ်ပေါက်လာတာ။ အဲ့ဒီစွမ်းအင်တွေက ဆက်တိုက်ကိုနေရာတိုင်းစီးဆင်းနေတယ်။ အစုအဖွဲ့အဖြစ်သာ အမြဲရှိနေပြီး ပြန်ကျဲ့မသွားခဲ့ဖူးဘူး ... "

ကျူးကောကျန့်က ချက်ချင်းကို သင်ခန်းစာပို့ချလာ၏။ ထိုခက်ခဲနက်နဲသောစကားလုံးတို့ကလည်း စုယွမ်၏နားအတွင်း ဝင်ရောက်လာကြသည်။ စုယွမ်မှာ ရှုပ်ထွေးစွာဖြင့်သာ နားထောင်နေရ၏။

ဤသည်မှာ တွေးထားသော သင်ခန်းစာပို့ချပုံနှင့် ကွဲပြားနေလေသည်။

သူ ကျန်းဝေ့ကိုလှည့်ကြည့်လိုက်တော့ အနှီသူမှာ အလေးအနက်အာရုံစိုက် တွေးတောနေသည့်ပုံ။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်လည်း တစ်ချို့မှာ စိတ်အားထက်သန်စွာ နားထောင်နေကြပြီး တချို့မှာတော့ သူ့ကဲ့သို့ ကြောင်အနေကြ၏။

မကြာမီတွင် စုယွမ် သတိထားမိသွား၏။ သူ အသားအရည်ချော့မွေ့ကောင်းမွန်သောလူတို့မှာ နားလည်ကြပြီး အသားအရည်ညစ်နွမ်းနေသောလူတို့မှာ နားလည်ဟန်မရကြောင်းသိလိုက်ရသည်။ အမှန်စင်စစ် ဤသည်မှာ အသားအရည်ဆိုသည်ထက် နောက်ခံမိသားစုကို ညွှန်ပြနေခြင်းပင်။

မိသားစုကောင်းကောင်းမှ ဆင်းသက်လာသောတပည့်များမှာ ဗဟုသုတလည်းများပြားသလို ကောင်းမွန်စွာလည်း သင်ကြားခံထားရသည့်အတွက် ယခုသင်ကြားနေသော အကြောင်းအရာကိုလည်း လွယ်ကူစွာနားလည်နိုင်ကြသည်။ မိသားစုနောက်ခံမကောင်းသည့်လူများမူကား အချို့ဆိုလျှင် စာပင်မဖတ်တတ်ကြပေ။ သူတို့မှာ ကျင့်စဥ်ကို အပြင်းထန်ဆုံးသော အာရုံစိုက်မှုများဖြင့်သာ အလွတ်ကျက်မှတ်ထားကြခြင်းဖြစ်သည်။ သို့သော် ယခုအခါတွင်တော့ သူတို့၏နားလည်မှုစွမ်းရည်မှာ ဖုံးကွယ်၍မရနိုင်တော့။

ပြန်တွေးကြည့်စရာပင်မလို၊ စုယွမ်ဟာ ယခင်ဘဝရော ယခုဘဝတွင်ပါ နောက်ခံမကောင်းသည့်ကျောင်းသားဖြစ်ခဲ့သည်။ စုယွမ်လည်း သူ၏ပါရမီစွမ်းရည်ကို အသုံးချ၍ရနိုင်ရန် စစ်ဆေးကြည့်လိုက်၏။ သို့သော် အနားယူချိန်မများသေးရာ အကျိုးပြုချိန်လည်းများမည်မဟုတ်။ ထို့အတွက် သူလည်း ယင်းကို အသုံးချဖို့ လက်လျော့လိုက်သည်။ သူလည်း စိတ်ကိုသာဖြေလျော့ပေးလိုက်ပြီး ရောက်တက်ရာရာသာ တွေးတောနေလိုက်တော့သည်။

Chapter 8

မည်မျှကြာသွားသည်ကို သတိမထားမိလိုက်။

သူ တစ်စုံတစ်ယောက်က သူ့ပုခုံးကို ပုတ်လာကြောင်း ခံစားမိလိုက်သည်။

ထိုအခါမှ စုယွမ်လည်း အသိဝင်ပြန်ဝင်လာပြီး ကျန်းဝေ့ကို ကြောင်အအလှည့်ကြည့်လိုက်မိသည်။

ကျန်းဝေ့က ပြောစရာစကားမရှိတော့သည့်ပုံဖြင့် အရှေ့ကို ညွှန်ပြလာ၏။

စုယွမ် မော့ကြည့်လိုက်တော့ ကျမ်းဂန်ခန်းမမှာ ရှင်းလင်းသွားကြောင်းသိလိုက်ရသည်။ အတွင်းဆောင်တပည့်ဖြစ်သူ ဂိုဏ်းတူအစ်ကိုကြီးမှာလည်း ထွက်ခွာသွားပြီဖြစ်သလို ကျန်တပည့်ထက်ဝက်ကျော်ကလည်း မရှိတော့။

"ပြီးသွားပြီလား။"

"မင်းဘာတွေတွေးနေတာလဲ။ ပြီးသွားတာမှ တစ်နာရီတောင်ရှိနေပြီ။"

ကျန်းဝေ့ မျက်လုံးကိုသာ လှန်လိုက်မိတော့သည်။

စုယွမ်လည်း ချောင်းဟန့်၍ မေးလိုက်သည်။

"မင်း ဘယ်လောက်နားလည်လိုက်လဲ။"

"ဆယ်ပုံပုံရင် နှစ်ပုံသုံးပုံလောက်ပေါ့။"

ကျန်းဝေ့က ဂုဏ်ယူစွာပြောလာသည်။

"အဓိကက ဂိုဏ်းတူအစ်ကိုကြီးက တော်တော်လေးမြင့်မြင့်ကို ရှင်းသွားတာ။ နောက်ပိုင်းအကြောင်းအရာတွေဆိုတာ ခက်လွန်းတာဆိုတာများ။ ဒါပေမဲ့ ငါ အဲ့ဒါတွေအကုန်လုံး အသေကျက်ပစ်ခဲ့တယ်။ နောက်ကျ ငါ ကျင့်ကြံတဲ့အခါ ပြန်တွေးပြီး လေ့ကျင့်လို့ရတယ်။ အဲ့ဒီလိုဆို ငါ ပိုနားလည်လာမယ်ထင်တာပဲ။"

"ပြောရရင် ငါက အဆင့်မြင့်အခြေခံဝိညာဥ်အရင်းအမြစ်ရှိတဲ့သူနဲ့ သိပ်ကွာတာမှမဟုတ်တာ။ ငါတော့ ငါ့ရဲ့နားလည်နိုင်စွမ်းအပေါ် တော်တော်လေး ယုံကြည်ချက်ရှိတယ်။ ငါ့အစ်ကိုတောင် ငါ့ကိုချီးကျူးဖူးတယ်။"

စုယွမ်လည်း ဝတ်ကျေတန်းကျေ ပြန်ပြောလိုက်သည်။

"အဲ့ဒါဆိုရင်လည်း မင်းအတွက် ဝမ်းသာပါတယ်ကွာ။"

ကျန်းဝေ့က သူ့ကိုနှစ်သိမ့်လာ၏။

"မင်း ဒါတွေကို နားမလည်ဘူးဆိုတာသိပါတယ်။ ဒါပေမဲ့ လက်မလျော့လိုက်နဲ့နော်။ မင်းဒါတွေအကုန်လုံးကို နားလည်ရင်လည်း ကျင့်ကြံနှုန်းကို ဆယ်ပုံနှစ်ပုံသုံးပုံလောက်ပဲ မြှင့်ပေးမှာ။ ပြောရရင် ဒီဟာက အများကြီးသက်ရောက်မှု မရှိပါဘူးကွာ။"

ကျန်းဝေ့က ရယ်လျက်ဆိုလာသည်။

စုယွမ် သူ့ကိုကြည့်၍ ပြောလိုက်သည်။

"တစ်ယောက်ယောက်ကများ မင်းကို ဆွဲထိုးချင်စရာကောင်းတယ်လို့ ပြောဖူးလား။ လူတော်တော်များများ မင်းကိုသည်းမခံနိုင်တာ ငါအခုတော့ နားလည်ပြီ။"

ကျန်းဝေက သက်ပြင်းချလာသည်။

"ငါက အမှန်တရားကိုပြောနေရုံပဲလေ။ ငါက လက်တွေ့ကျကျပြောနေတာ။ ပြောရရင် မင်းသိတယ်မလား .. ငါက ကြင်နာတတ်တာကို။"

"သွားကြတာပေါ့။"

စုယွမ်လည်း လှည့်ထွက်ကာ လျှောက်လာခဲ့တော့သည်။

"ဟေး ၊ငါ့ကိုစောင့်ဦးလေ။"

ထိုသို့ဖြင့် အတူတူပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက် ကျန်းဝေ့မှာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် သင်ခန်းစာအကြောင်း ပြောနေဆဲဖြစ်သည်။

စုယွမ်လည်း နည်းနည်းနားထောင်ကြည့်ပြီး အနည်းငယ်ကို နားလည်လာသည်။

အပြန်လမ်းတွင် စုယွမ်က ပေါ်ကူဆေးလုံးတစ်လုံး၊ ဝိညာဉ်ကျောက်တုံးအစိတ်အပိုင်းတစ်ခုနှင့်အတူ မရီဒျာန်ကို ပြန်လည်အားဖြည့်ရန်အတွက် ဝိညာဉ်ဆေးရည်တို့ကို ဝင်ယူလိုက်သည်။ ကျန်းဝေ့ကတော့ အခြားသူများထံ အရင်းအမြစ်များကို လိုက်လံတောင်းနေဆဲ။ စုယွမ်လည်း ခေါင်းခါ၍သာ သူ့နေရာသို့ပြန်လာလိုက်သည်။

သူ စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။

【အလုပ်နှင့်နားနေဖလှယ်မှု】: နားနေချိန်: 1.8 ရှီချန်။

စုယွမ်လည်း ခဏလောက်တွေးကြည့်ပြီး နောက်တစ်ရှီချန်ထပ်စောင့်လိုက်သည်။

အနားယူချိန်မှာ သုံးရှီချန်ပြည့်သွားချိန်တွင် သူလည်း ချက်ချင်း စွမ်းရည်ကို အသက်သွင်းလိုက်သည်။

သူ ပါရမီစွမ်းရည်မှာ သုံးတာကြာလေ ပိုမိုအစွမ်းထက်လာခြင်းလား၊ သို့မဟုတ် အနားယူချိန်အပေါ်တွင် မူတည်နေသည်လားကို စမ်းသပ်ချင်ခြင်းဖြစ်သည်။ ယခုတစ်ခေါက်တွင် သုံးရှီချန်ကို စစ်ဆေးမည်။ နောက်တစ်ကြိမ်တွင်တော့ ခြောက်ရှီချန်ဖြင့် စစ်ဆေးမည်။ဤသို့ဆိုလျှင် စွမ်းရည်၏သက်ရောက်မှုအကြောင်းကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပေပြီ။

သူ စွမ်းရည်ကို အသက်သွင်းလိုက်သည့်အချိန်တွင်

အတွင်းဆောင်၏ဂိုဏ်းတူအစ်ကိုကြီးက ပြောခဲ့သောအကြောင်းအရာများက ခေါင်းထဲသို့ အလိုအလျောက် ဆက်တိုက်ဝင်ရောက်လာခဲ့သည်။ ထိုအချိန်တုန်းက သူ သေချာနားမထောင်ခဲ့သည်တောင်မှ သူ၏ဦးနှောက်က အလိုအလျောက် မှတ်သားထားခဲ့ပြီးသည်ဖြစ်ရာ ယခု သူ့အလိုလိုပြန်ပေါ်လာကြသည်။ ယခင်က စုယွမ် ရှုပ်ထွေးနေခဲ့သော အကြောင်းအရာတို့မှာ ပို၍ရှင်းလင်းလာ၏။ တခါတည်းတွင် ကျန်းဝေ့ပြောခဲ့သောစကားများနှင့် ရောစပ်လိုက်ရာ နားလည်ရန်လွယ်ကူသွားတော့၏။

သူ၏ကျင့်စဥ်အပေါ်နားလည်နိုင်စွမ်းမှာ နှေးကွေးလင့်ကစား တိုးတက်မှုမှာတော့ နက်နဲခိုင်မာလှ၏။

စုယွမ်မှာ 【အလုပ်နှင့်နားနေဖလှယ်မှု】တွင် ဤသို့သော အကျိုးကျေးဇူးများပါ ရှိနေမည်ဟု မထင်မှတ်ခဲ့ထားပါချေ။

သူ ချက်ချင်းကို ချီစွမ်းအင်ကို စတင်လည်ပတ်စေလျက် ကျင့်ကြံတော့သည်။

အံ့ဩရသည်မှာ ဤတစ်ကြိမ်တွင် သူ ဝိဉာဉ်ချီမျှင်တစ်ခုဖြင့်သာ လည်ပတ်နိုင်ခဲ့သည်။ သို့သော်ငြား ထိုသို့လည်ပတ်နေရသည်မှာ အလွန်ချောမွတ်နေ၏။ လည်ပတ်စုစည်းခြင်းပြီးဆုံးသွားသည့်အခါ သူလည်း ဝိဉာဉ်ချီမျှင်နှစ်ခု အောင်မြင်စွာ ထပ်မံတည်ဆောက်နိုင်ခဲ့သည်။

ဤအကျိုးသက်ရောက်မှုမှာ သူ့ဘာသာ ကျင့်ကြံခြင်းထက် ပို၍ကောင်းသည်။ အချိန်ကုန်ဆုံးမှုမှာ များစွာ တိုတောင်းသွားပြီး မရီဒျာန်အတွင်းရှိ ဒဏ်ရာမှာလည်း သေးငယ်သွား၏။

"သုံးရှီချန်ရဲ့အစွမ်းကလည်း မဆိုးဘူးပဲ။ ဒါပေမဲ့ ရှစ်ရှီချန်နဲ့တော့ ယှဥ်မရဘူး။"

အချိန်အနည်းငယ်ဖြင့်ပင် စုယွမ်မှာ ယနေ့ပို့ချသွားသော သင်ခန်းစာကို နားလည်လာ၏။

မိနစ်အနည်းငယ်ထပ်မံ ကုန်ဆုံးသွား၏။

စုယွမ်လည်း စွမ်းအင်အသုံးချမှုကို ရပ်လိုက်သည်။ သူ၏ဦးနှောက်မှာ ထပ်မံမူးဝေကာ မတည်ငြိမ်ဖြစ်လာ၏။ သို့လင်ကစား လက်တွေ့တွင်တော့ မည်သည်မှဖြစ်ခြင်းမဟုတ်၊ အလွန်ရှင်းလင်းနေသည့်စိတ်အခြေအနေမှ မူလအခြေအနေသို့ ပြန်ထွက်လိုက်ခြင်းကြောင့် ထင်ယောင်ထင်မှားဖြစ်သွားခြင်းသာ။

စုယွမ်လည်း စွမ်းရည်ကို အသုံးချနေစဥ် ခံစားချက်ကို ပြန်တွေးနေရင်း အတွေးနက်နေမိ၏။

"【အလုပ်နှင့်နားနေဖလှယ်မှု】ကိုသာသေချာသုံးသပ်ကြည့်ရမယ်ဆိုရင် ငါ အဲ့ဒါကို ပိုသုံးလေလေ၊ ငါ့ရဲ့ကျင့်ကြံရေးကလည်း သေချာပေါက် ပိုမြင့်လာမှာပဲ။ ဒီစွမ်းရည်က ဘာမှကိုတောင် သေချာနားလည်စရာမလိုဘူး၊ အလွတ်ကျက်ထားရင်ကို လုံလောက်တယ်။ ဥပမာ သင်ခန်းစာပို့ချတာကို သာမာန်လျှံကာ နားထောင်ရုံ၊ စာအုပ်လေးကို အပေါ်ယံဖတ်လိုက်ရုံလေးနဲ့ အဆင်ပြေတယ်။ ဒီဟာတွေအကုန်လုံးက တကယ်ကျင့်ကြံချိန်ကျရင် ကျင့်ကြံရေးအရင်းအမြစ်အဖြစ် ပြောင်းသွားမှာပဲ။"

စောစောတုန်းကဆိုလျှင် သူ ဂိုဏ်းတူအစ်ကိုကြီး၏ပို့ချချက် ငါးဆယ်ရာခိုင်နှုန်းလောက်ကို နားလည်သွားပြီဖြစ်သည်။ သူသာ နောက်တစ်ကြိမ် ထပ်မံကျင့်ကြံလိုက်ပါက နားလည်မှု တစ်ဆယ်ရာခိုင်နှုန်းထပ် တိုးလာမည်ဟု ခန့်မှန်းမိ၏။ ဤသည်မှာ မမျှော်လင့်ထားသော တိုးတက်မှုပါပင်။

စုယွမ်၏မျက်ဝန်းများမှာ ပါရမီစွမ်းရည်ကို အသုံးချတတ်သွားသည့်အတွက် တောက်ပလာတော့သည်။

ဤအတွေးဖြင့် စုယွမ် အပြင်ထွက်သွား၏။

သိပ်၍မကြာလိုက် သူ အဆောက်အအုံတစ်ခုရှေ့သို့ ရောက်လာသည်။

၎င်းမှာ စာကြည့်တိုက် ဖြစ်၏။

စာကြည့်တိုက်နှင့် ကျမ်းဂန်နန်းဆောင်မှာ အမည်အားဖြင့်တော့ ဆင်တူကြ၏၊ သို့သော် အမှန်တွင်တော့ ကွဲပြားချက်မှာတော့ ကြီးမားလှသည်။ ကျမ်းဂန်နန်းဆောင်တွင် ကျင့်စဥ်များ၊မန္တန်များကို သိမ်းဆည်းထားပြီး ၎င်းတို့ကိုရရှိရန် ငွေကြေး သို့မဟုတ်ဝိညာဉ်ကျောက်တုံးဖြင့် လဲလှယ်ရန် လိုအပ်သည်။ ယခင်က သူတို့ကို အခမဲ့ဝင်ခွင့်ပေးခဲ့သည်မှာ လူသစ်အခွင့်အရေးတစ်ခုသာဖြစ်၏။

စာကြည့်တိုက်ကတော့ မတူ။ ယင်းအတွင်းတွင် များပြားလှသော ကျမ်းစာ၊စာစောင်တို့ရှိသည်။ အချို့မှာ ကျင့်ကြံရေးဆိုင်ရာစာစောင်တို့ဖြစ်ပြီး အချို့က အတ္ထုပတ္တိများဖြစ်၏။ ထို့အပြင် ရိုးရာနှင့်ဒေသအခြေအနေအကြောင်းရေးသားထားသည်များနှင့် ကဗျာ၊စာပေများရှိသေးသည်။ အချုပ်အားဖြင့် ယင်းတို့မှာ အမျိုးမျိုးသော စာအုပ်များသာဖြစ်ပြီး မည်သည်မှ ပေးဆောင်ရန်မလို။ ဤသည်မှာ တပည့်များအတွက် အခွင့်ထူးတစ်ခုဖြစ်၏။

စုယွမ်လည်း စာကြည့်တိုက်ထဲ ဝင်လာလိုက်ရာ အစေခံတပည့်ဝတ်စုံဝတ်ထားသောလူတစ်ဦးတွေ့လိုက်သည်။

"ဂိုဏ်းတူအစ်ကိုကြီး"

စုယွမ်ခေါ်လိုက်သည်။

ထိုသူမှာ နိုးလာပြီး သမ်းဝေလျက် စုယွမ်၏တပည့်ကတ်ပြားကိုကြည့်ကာ ပြောလာသည်။

"မင်းကြိုက်သလို လျှောက်ကြည့်လို့ရတယ်။ လျှောက်သာမဖွနဲ့။"

"ကျေးဇူးပါ။ ဂိုဏ်းတူအစ်ကိုကြီး။"

စုယွမ်လည်း ဦးညွတ်လိုက်ပြီး စာကြည့်တိုက် အတွင်းပိုင်းသို့ ဝင်လာလိုက်သည်။

ဂိုဏ်းတူအစ်ကိုမှာ စုယွမ်ကို တိတ်တဆိတ်အကဲခတ်နေပြီး တွေးလိုက်သည်။

"တောင်ကြားက အခုမှဖွင့်လိုက်ရုံရှိသေး။ ဒီကလေးက ဒီမှာတောင် လာစာဖတ်နေပြီလား။ ကြည့်ရတာ အပြင်ဆောင်တောင်ဝင်ဖို့မတွေးတော့ဘူးထင်တယ်။ တစ်ရက်လေးနဲ့လက်လျော့လိုက်တာလား။ ငါ့တုန်းကဆိုရင် သုံးလလောက်တောင် အပတ်တကုတ်ကြိုးစားခဲ့သေးတာ ... "

သူ အတိတ်နေ့ရက်များကို ပြန်လည်တွေးတောမိသွားတော့သည်။

All Chapters