အခန်း (၉-၁၀)
Vol. 1 Ch. 9-10
Chapter 9: စာကြမ်းပိုး စုယွမ်။
သူ၏မှတ်ဥာဏ်များအကြား နှစ်မြှပ်သွားရာ အချိန်များစွာ မသိလိုက်ဘာသာနှင့် ကုန်ဆုံးသွား၏။
ယင်းချင် ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး အနည်းငယ်သိချင်စိတ်ဖြစ်လာတော့သည်။
ကောင်းကင်မှာ မဲမှောင်နေပြီပင်။
သူလည်း မနေနိုင်ဘဲ အထဲကိုလှမ်းကြည့်လိုက်ရာ စာအုပ်အမျိုးမျိုးကြား စိတ်ဝင်တစား ခေါင်းစိုက်နေသော လူငယ်လေးကိုသာ တွေ့လိုက်ရသည်။
သူ သေချာအနားကပ်ထိ သွားကြည့်လိုက်၏။
“ယုန်ဝိဥာဥ်သားရဲစိမ်းကို ချက်ပြုတ်နည်းသုံးဆယ့်ခြောက်သွယ်”
သူ၏ပါးစပ်တောင် ဆန့်တငင်ငင်ဖြစ်သွားရသည်။
ဒီကလေးတော့ ....
ယင်းချင် ချောင်းဟန့်လိုက်၏။
စုယွမ်လည်း ခေါင်းမော့ပြီး ပြန်ကြည့်လာသည်။
ယင်းချင်က ရယ်သွေးသံဖြင့် ဆိုလာ၏။
“ဂိုဏ်းတူညီလေး၊ ဒီစာကြည့်တိုက်မှာက စာအုပ်ပေါင်းစုံကိုရှိတာ။ ဒီထဲမှာ ကျင့်ကြံရေးနဲ့ဆိုင်တဲ့စာအုပ်တွေတောင်ရှိတယ်။ ဥပမာအားဖြင့် စာအုပ်စင်ခုနစ်ခုမြောက်က ခုနစ်အုပ်မြောက်စာအုပ်ဆိုရင် မိုးပြာသစ်သားကျင့်စဥ်ကို အသေးစိတ်ရှင်းထားတဲ့စာအုပ်ပဲ။ အဲ့ဒီအထဲမှာ သစ်သားဝိဥာဥ်ရင်းမြစ်အတွက် အသေးစိတ်ကျင့်စဥ်တွေပါတယ်။ အဲ့ဒါကျင့်စဥ်က အဝါရောင်အနိမ့်တန်းအဆင့်ပဲရှိပေမဲ့ ကျင့်စဥ်ဆိုတာ များများရှိလေကောင်းတာပဲ။ ကျင့်စဥ်တစ်ခုနားလည်တာနဲ့ အခြားကျင့်စဥ်တွေလည်း နားလည်ဖို့လွယ်သွားတယ်။ ဒီထဲမှာရှိတဲ့အများစုက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွေပဲ။ ဒါတွေဖတ်တာက အကျိုးရှိတယ်။ မင်းလက်ထဲကစာအုပ်ကတော့ကွာ။ ဟားဟား။”
“ခင်ဗျား ဘယ်လိုလုပ်အဲ့ဒါတွေသိတာလဲ။”
“အတင်းအဖျင်းတွေက... “
ယင်းချင်က စုယွမ်ကို အကြည့်စိမ်းတစ်ချက် ပို့လိုက်၏။
“ကောင်စုတ်လေး၊ မင်း အရိုက်ခံချင်နေတာလား။”
စုယွမ်လည်း ခြောက်ကပ်ကပ်ဖြင့်သာ ရယ်လိုက်၏။
“တောင်းပန်ပါတယ်။ ဒီအတိုင်းလွှတ်ခနဲထွက်သွားတာပါ။ ကျွန်တော် အစ်ကိုပြောတာတွေကို အခုပဲဖတ်လိုက်ပါမယ်။”
“ဟုတ်ပါပြီ။ ဒီထဲမှာ ဒီလိုစာအုပ်မျိုးတွေ အများကြီးရှိတယ်။ မင်း သေချာရှာကြည့်လိုက်။ တာအိုပညာရဲ့နက်နဲမှုကို ရှာဖွေနိုင်တဲ့ မျက်လုံးတွေရှိမှရမှာနော်။”
ယင်းချင် ကျေကျေနပ်နပ်ပြုံးလိုက်သည်မှာ အမွေအနှစ်တစ်ခုခုကို စာကြည့်တိုက်ထဲ သိမ်းဆည်းထားလေသည့်အတိုင်း။
ရုတ်တရက် သူ အာရုံမစိုက်လိုက်မိ။ တစ်ခဏ ပြန်သတိထားလိုက်ချိန်တွင် စုယွမ်က ထိုစာအုပ်ကို ရှာတွေ့သွားပြီး တစ်ရွက်ချင်းလှန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ လှန်ကြည့်နေပုံမှာ စာအုပ်ထဲရေးသားထားသည်က စာသားများမဟုတ်ဘဲ ရုပ်ပြပုံများသာ ဖြစ်လေသည့်အတိုင်းပင်။ သိပ်၍မကြာလိုက်၊ သူ တစ်အုပ်လုံးကို လှန်ပြီးသွားရာ ထိုစာအုပ်ကို စင်ပေါ်သို့ ပြန်ထားလိုက်သည်။ ထို့နောက် အလွန်လေး ပွင့်ပွင်လင်းလင်းရေးထားသော စာအုပ်အမည်ဖြင့် စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။
ယင်းမှာ ရာချီသွေးကြောဖွင့်ခြင်း၏အစနှင့်အဆုံးဟူ၍။ သို့သော် ...
သူ စုယွမ်က ထိုစာအုပ်ကို အလျင်အမြန်သာ လှန်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရပြန်သည်။ ဤသည်မှာ စာဖတ်နေခြင်းမဟုတ်၊ ရောက်တက်ရာရာ လာကစားနေခြင်းပါပေ။
ယင်းချင်လည်း မျက်လုံးများပင် ပိတ်လိုက်မိပြီး သက်ပြင်းတစ်ချက်ချလိုက်၏။
“တကယ်ကိုပဲ၊ ပုပ်ဆွေးနေတဲ့သစ်သားဆိုတာ ကယ်တင်လို့မရနိုင်ဘူးပဲ။”
“ဂိုဏ်းတူအစ်ကို ဘယ်သူ့ကို ပြောနေတာလဲ။”
“ငါက ဒီတိုင်း ... “
ယင်းချင် မျက်လုံးဖွင့်လိုက်သော် စုယွမ်မှာ ဘယ်အချိန်ကမှန်းမသိ သူ၏အရှေ့သို့ရောက်နေမှန်း သိလိုက်ရ၏။
“ဂိုဏ်းတူအစ်ကို၊ ကျွန်တော် ဒီစာအုပ်တွေကို ဖတ်ဖို့ပြန်ယူသွားလို့ရမလား။”
စုယွမ် မေးလာသည်။
သူက စာအုပ်အနည်းငယ်ကို ကိုင်ဆောင်ထား၏။ အပေါ်ဆုံးရှိစာအုပ်၏ခေါင်းစဥ်မှာမူ စံအိမ်နီအကြောင်းအနည်းငယ်ဟူ၍ ရေးသားထားလျက်။
ယင်းချင် မျက်နှာသေဖြင့်သာ ပြောလိုက်၏။
“ယူလို့မရဘူး။ ပြန်ထားလိုက်စမ်း။ ဒါဘယ်လို အပြုအမူမျိုးတုန်းဟ။”
“နှမြောစရာပဲ။ နက်ဖြန်ထပ်လာရတော့မယ်။”
စုယွမ်မှာ ဝမ်းနည်းတကြီးဖြင့်သာ စာအုပ်များကို သူ့နေရာသူ ပြန်ထားလိုက်သည်။
စုယွမ်လည်း စာကြည့်တိုက်ထဲက ထွက်ရန်ပြင်လိုက်သည်။
“မင်းနာမည်ဘာတဲ့လဲ။”
အသံတစ်သံက အနောက်မှ ပြန့်လွှင့်လာ၏။
“စုယွမ်ပါ၊ ဂိုဏ်းတူအစ်ကို။”
“ကောင်းပြီ၊ ငါ မင်းကိုမှတ်ထားလိုက်ပြီ။”
【ဒင်! ကျော်ကြားမှုအမှတ် + 1!】
စုယွမ်လည်း ကြောင်အသွားပြီး ဂိုဏ်းတူအစ်ကို ပြန်လှည့်ကြည့်လိုက်သည်။
ထိုဂိုဏ်းတူအစ်ကိုမှာ မျက်လုံးများကို ထပ်ပိတ်သွားကာ ပြန်၍ငိုက်မြည်းနေလေသည်။
ခြံဝန်းကိုပြန်ရောက်တော့ စုယွမ်လည်း ခဏလောက်နားနေလိုက်သည်။ နားနေချိန် ၆နာရီပြည့်သွားတော့မှာ သူလည်း ပါရမီစွမ်းရည်ကို အသက်သွင်းလိုက်၏။
အစပိုင်း၌ သူ ယနေ့ဖတ်ခဲ့သော အကြောင်းအရာများမှာ ခေါင်းထဲ ဒီရေအလား ဝင်ရောက်လာကြ၏။ ထိုအကြောင်းအရာများမှာ သူတစ်ချက်မျှသာ ကြည့်ခဲ့ခြင်းဖြစ်သော်လည်း လျင်မြန်မှတ်သားနိုင်သွားသလို နားလည်စလည်းပြုလာသည်။ သူ၏ကျင့်ကြံရေးအပေါ် နားလည်ထားမှုက တဖြည်းဖြည်းတိုးတက်လာ၏။ သူ တစ်စုံတစ်ခု ခပ်ခပ်ရေးမြင်လာဟန်ရှိသော်ငြား အလွန်ပြန့်ကျဲနေလွန်း၏။
စုယွမ်လည်း ဂရုမထားပါပေ။ သူ ဤအရာများကို နားလည်ဖို့ထက် ချီကိုသာ စတင်လည်ပတ်စေလိုက်သည်။
ဤတစ်ကြိမ်တွင်မူ သူ ပထမဆုံးအခေါက်မှာတင် ဝိဉာဉ်ချီမျှင်သုံးမျှင်ဖြင့် လည်ပတ်နိုင်ခဲ့ပြီး သုံးမျှင်လိမ်ကျင့်စဥ်ကိုလည်း အသုံးပြုနိုင်ခဲ့၏။ ချီစုစည်းခြင်း ပြီးဆုံးသွားသည့်အခါ ဝိဉာဉ်ချီမျှင်ငါးမျှင် ထပ်မံစုဆောင်းနိုင်ခဲ့၏။
ဤသည်မှာ သူ၏ထိန်းချုပ်မှု ပိုကောင်းလာခြင်း၏ရလဒ်ပါပင်။
“ကြည့်ရတာ နားချိန်ကြာလေလေ၊ ကျင့်ကြံနှုန်းက ပိုကောင်းလေလေလားမသိဘူး။ ဒါပေမဲ့ အကန့်သတ်တစ်ခုခုတော့ ရှိဦးမယ်ထင်တယ်။ မဟုတ်ရင်လည်း အရမ်းလွယ်လွန်းနေမှာလေ။”
စုယွမ် တွေးလိုက်မိ၏။ သူလည်း ပါရမီစွမ်းရည်ကို ပြန်လည်သိမ်းဆည်းပြီး အိပ်မောကျသွားတော့၏။
မနက်စောစော၌။
စုယွမ် အလိုအလျောက် နိုးထလာသည်။ သူ အေးအေးဆေးဆေးပင် သန့်စင်ဆေးကြောနေလိုက်သည်။ ပြီးလျှင် သူ ပေါ်ကူဆေးလုံးကို မြိုချလိုက်၏။
“ဒီဆေးက တော်တော်ဆိုးတာပဲ။”
စုယွမ်မှာ ရှုံ့မဲ့လိုက်မိပြီး ရေနှင့်သာ မျိုချလိုက်ရသည်။ ဤတစ်ကြိမ်တွင် သူ ဝါးမစားလိုက်သည်တောင်မှ ခါးသောအရသာမှာ ပါးစပ်ထဲတွင် စွဲထင်နေဆဲ။ တကယ်ကို အံ့မခန်းပါပေ။
“ဘယ် ပညာရှင်ကများဖော်စပ်ထားပါလိမ့်။ နည်းနည်းပါးပါးလေးတောင် အချိုထည့်လို့မရဘူးလား မသိဘူး။”
စုယွမ်လည်း ဆေးဖော်စပ်သူဖြစ်လာနိုင်မည့် ဖြစ်နိုင်ချေကို တွေးနေမိသည်။ သို့သော် ယခုအချိန်အတွက်တော့ မဖြစ်နိုင်သေးပါချေ။
သူ ကောင်းမွန်သန့်စင်သော ပါဝင်ပစ္စည်းရရှိရန် မပြောပါနှင့်၊ သူ့တွင် ဝိညာဉ်ကျောက်တုံးအပိုင်းအစကလေးတောင် မရှိပါချေ။ ဝယ်လို့ရမည့်နေရာရှိမည်ဆိုလျှင်တောင် သူ့မှာ ပိုက်ဆံမရှိ။
စုယွမ်မှာ မိမိဘဝကို တွေးကာ ဝမ်းနည်းနေစဥ် ကျန်းဝေ့က ထပ်မံ ရောက်ရှိလာ၏။ စုယွမ်လည်း မျှော်လင့်ထားပြီးသားဖြစ်ရာ တံခါးကိုတောင် ပိတ်မထားခဲ့။
ကျန်းဝေ့လည်း တံခါးဖွင့်ပြီး ဝင်လာသည်။ သူ့မျက်နှာတွင်တော့ အပြုံးကအပြည့်ပင်။
“ဒီနေ့ရော ဘာပျော်စရာရှိလို့လဲ။”
စုယွမ် မေးလိုက်သည်။
“ဟားဟား။ အခု ငါ ဒန်ထျန်ထဲမှာ ဝိဉာဉ်ချီမျှင်ဘယ်လောက်ရှိပြီ ထင်လဲ။”
“သုံးဆယ်မျှင်လား။”
စုယွမ် မှန်းကြည့်လိုက်သည်။
“သုံးဆယ့်ငါးမျှင်ကွ။”
ကျန်းဝေ့က ခါးထောက်ကာ ဆိုလာသည်။
“ငါ တိတ်တိတ်လေးစုံစမ်းခဲ့တာ။ အဲ့ဒီငတုံးကောင်ကျိုးဝူယိုက အခုမှ ဆယ့်ရှစ်မျှင်ပဲ ဖွဲ့စည်းနိုင်သေးတာတဲ့။ အဲ့ဒီလောက်လေးနဲ့ တအားဘဝင်မြင့်နေတာလေ။ တကယ်ကိုရယ်စရာပဲ။ သူ့ကိုယ့်သူ ဘယ်လောက်ရယ်စရာဖြစ်နေလဲတောင် သိမှာမဟုတ်ဘူး။ ဟန့်၊ ငါနဲ့ကွာပါ့ကွာ။ သာလွန်အဆင့်ကျင့်စဥ်ကတောင် မိုက်လွန်းနေပြီကို၊ နားလည်နိုင်စွမ်းမြင့်တာရော ငါရဲ့ နှစ်ခုတွဲအခြေခံဝိညာဉ်အရင်းအမြစ်နဲ့ကို ဒီလောက် မြန်မြန်ကျင့်ကြံနိုင်တာရောဆိုရင် အလတ်တန်းအဆင့်ဝိညာဉ်အရင်းအမြစ်ရှိတဲ့လူတွေကို သေချာပေါက်လိုက်မီတော့မှာ။”
ကျန်းဝေ့၏မျက်နှာပေါ်ရှိ ဝံ့ကြွားမှုမှာ ဖုံးကွယ်၍မရပါချေ။ ဤအကြောင်းကြောင့်သာ သူ့ကို လာကြွားရခြင်းဖြစ်ချေမည်။
စုယွမ် သိချင်သွားရသည်။ အနှီသူမှာ အဘယ်ကြောင့် သူတစ်ယောက်ကိုသာ လာကြွားဝါနေရပါနည်း။
စင်စစ် ကျန်းဝေ့ကိုယ်တိုင်လည်း ဘာကြောင့်မှန်းမသိပါချေ။ သူ အမြဲတမ်း စုယွမ်ကို အခြားသူများနှင့်မတူ၊ ထူးခြားကြောင်းကိုသာ ခံစားနေရခြင်းဖြစ်၏။ သို့သော် မည်သည်က ထူးခြားနေကြောင်းကို မပြောတတ်ပေ။
အမှန်တကယ်တော့ ဤသည်မှာ စုယွမ်က ကူးပြောင်းလာသူဖြစ်သောကြောင့် ဖြစ်ရမည်။ သူ့တွင် အခြားသူများကဲ့သို့ ဒုတိယမျိုးဆက်သခင်လေးများအပေါ် အထင်သေးနှိမ့်ချနေခြင်းမျိုးမရှိ။ ထိုအစား သူက သူ့ကို ပုံမှန်အတိုင်းသာ ဆက်ဆံ၏။ စုယွမ်၏စနစ်ရှိသောအားသားချက်ကိုပါထည့်ပေါင်းထားသည့်အတွက် သူ၏မိမိကိုယ်ကိုယုံကြည်ချက်မှာ မသေးသည့်အပြင် စကားပြောဟန်မှာလည်း ဒဲ့တိုးဆန်လှ၏။ တစ်ခါတရံ အနှီသူက စကားလုံးအသစ်အဆန်းများ ပြောလာတတ်သေးရာ ကျန်းဝေ့မှာ သိချင်စိတ်များ ဖြစ်လာရ၏။
စုယွမ်လည်း ကိုယ်ပိုင်ချီစွမ်းအင်ကို အာရုံခံကြည့်လိုက်သည်။ ၎င်းမှာ ဝိဉာဉ်ချီမျှင်သုံးဆယ်ခန့်သာ ရှိသည်။ သူ ကျန်းဝေ့ထက် နောက်ကောက်ကျနေဟန်ရှိသော်ငြား အမှန်စင်စစ် စုယွမ်၏ကျင့်ကြံချိန်က ကျန်းဝေ့ထက် များစွာနည်းပါးသည့်အပြင် ရရှိထားသော အရင်းအမြစ်ပမာဏာကလည်း ကွာခြားလှ၏။ ယခုတွင် သူ ကျိုးဝူယိုကို ကျော်သွားပြီဖြစ်သလို ကျန်းဝေ့ကို ကျော်နိုင်ရန်မှာလည်း အချိန်တစ်ခုအတွင်းသာ ဖြစ်လာလိမ့်မည်။
“စကားမစပ်၊ ဒီနေ့ရော သင်ခန်းစာပိုချတာရှိသေးလား။”
“ရှိတာပေါ့။ ငါ မနေ့တည်းက ကြည့်ထားပြီးသား။ အတန်းနှစ်ခုတောင်ရှိတယ်။ တစ်ခုက မီးစွမ်းအင်လီကျင့်စဥ်ကို ကျင့်ကြံတာရဲ့အတွေ့အကြုံကိုရှင်းကြမှာတဲ့။ နောက်တစ်ခုက ထူထပ်မြေကမ္ဘာကျင့်စဥ်အတွက် မရှိမဖြစ်လိုအပ်တာတွေပြောမှာ။ ငါ့မှာက သတ္တုနဲ့ရေဝိညာဥ်အရင်းအမြစ်ရှိတာတာလေ။ အဲ့ဒီတော့ သွားနားမထောင်တော့ဘူး။”
ကျန်းဝေ့က ပုံမှန်အတိုင်းသာ ဆိုလာသည်။
“အဲ့ဒါတော့ မင်းမှားနေပြီ။ ငါ ဂိုဏ်းတူအစ်ကိုတစ်ယောက်ပြောတာကြားဖူးတယ်။ ကျင့်စဥ်တစ်ခုကို နားလည်သွားရင် ကျန်တာတွေအကုန်လုံးနားလည်ဖို့လွယ်သွားမယ်တဲ့။ ဒီကျင့်စဥ်တွေက မင်းနဲ့မဆိုင်ပေမဲ့ အဲ့ဒီအထဲပါတဲ့ နည်းလမ်းတွေက အချင်းချင်းဆက်စပ်နေတာပဲကို။ နောက်ပြီး အဲ့ဒါတွေအကုန်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်စဥ်တွေချည်းပဲကို။ သွားနားထောင်တာက တစ်ခုခုတော့ အကျိုးရှိမှာပဲ။”
စုယွမ် ပြန်ပြောလိုက်၏။
“မင်းကို ဘယ်သူက ပြောတာလဲ။”
ကျန်းဝေ့က အံ့သြတကြီးပြန်မေး၏။
“စာကြည့်တိုက်က ဂိုဏ်းတူအစ်ကိုပြောပြတာ။”
စုယွမ်လည်း ပြန်ဖြေလိုက်သည်။
ကျန်းဝေလည်း အနည်းငယ် ရှုပ်ထွေးသွားရသည်။
“အဲ့ဒီတော့ မင်းက ဘာလို့ စာကြည့်တိုက်သွားတာလဲ။”
“အဲ့ဒါက အရေးမကြီးပါဘူး။”
စုယွမ်ဆက်ပြောလိုက်သည်။
“ငါကတော့ သွားမှာပဲ။ မင်းလိုက်မှာလား၊ မလိုက်ဘူးလား။”
“ကောင်းသားပဲ။ ငါလည်း မရီဒျာန်တွေကို အနားပေးတယ်ပဲ မှတ်လိုက်မယ်။ နောက်ပြီးလေ ဝိညာဉ်ဆေးရည်က တအားကောင်းတာပဲနော်။”
ကျန်းဝေ့လည်း သဘောတူလာ၏။
Chapter 10
သူတို့နှစ်ဦးသား သင်ခန်းစာပို့ချရာ နေရာကို အောင်မြင်စွာ ရောက်သွားခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ မနေ့ကထက် လူဦးရေနည်းသွားခဲ့သည်။ သို့သော်လည်း လူကတော့ များနေဆဲပါပင်။ ဤသည်မှာ ကျင့်ကြံသူအသစ်လေးများ၏စိတ်အားထက်သန်မှုကို ပြသနေပေသည်။
အချိန်ကျလာတော့ ဆယ်မီတာလောက်ရှည်လျားသော အလင်းရောင်စဥ်တန်းကြီးမှာ စင်မြင့်ပေါ်၌ထွက်ပေါ်လာရာ ကြည့်ရှုသူများမှာ အံ့သြထိတ်လန့်သံများ ထွက်ပေါ်လာရသည်။ လှပသော အမျိုးသမီးတစ်ဦးက နီရဲရဲငှက်မွှေးထိုးဝတ်ရုံကို ဝတ်ဆင်၍ အလင်းရောင်စဥ်တို့အကြား ထွက်ပေါ်လာ၏။ သူမ၏နှင်းဖြူရောင်အသားအရည်မှာ အနီရောင်ဝတ်စုံနှင့် လိုက်ဖက်နေသလို သူမ၏အလှတရားမှာလည်း အများကို ကြောင်အသွားစေသည်အတွက် ပြည့်စုံလွန်းလှ၏။
ရောင်စဥ်များက ပျောက်ကွယ်သွားပြီး ထိိုလှပသည့်အမျိုးသမီးက အနည်းငယ်ပြုံးလိုက်သည်။ ထို့နောက် ရင့်ကျက်ဟန်ရသော အသံတစ်ခုက ခန်းမတခွင် ပျံ့လွှင့်လာ၏။
“ငါက အတွင်းဆောင်က ဒုတိယဂိုဏ်းတူအစ်မ၊ နန်ကုန်းဟော်ယွီပါ။ ဒီနေ့ ငါ ဒုတိယသင်ခန်းစာအဖြစ် မီးစွမ်းအင်လီကျင့်စဥ်ကို သင်ပေးမယ်။ ဒီကျင့်စဥ်က တွေ့ရများပြီး အဆင့်လည်းနိမ့်ပေမဲ့ အကျိုးကတော့ တော်တော်များတယ်။”
“မီးဆိုတာ ပေါက်ကွဲလွယ်တယ်။ ဒါပေမဲ့ မရှိမဖြစ်အရေးပါတယ်။ မီးဆိုတာ အရာအားလုံးကို လောင်ကျွမ်းနိုင်ပေမဲ့လည်း သက်ရှိတွေကို ရှင်သန်စေနိုင်ပြန်တယ်။ ဒီနေ့ ငါ ပြောမဲ့မီးစွမ်းအင်လီကျင့်စဥ်က ပေါက်ကွဲနိုင်တဲ့ဝိသေသလက္ခဏာရှိတယ်။ ခေါ်ကြတာကတော့ ... “
ကျန်းဝေ့က သေချာအာရုံစိုက် နားထောင်နေ၏။ အစတွင် သူ မီးစွမ်းအင်လီကျင့်စဥ်က သူနှင့်ဘာမှမသက်ဆိုင်ဟု တွေးထင်ခဲ့သည်။ သို့သော် သူ နားထောင်ပြီးမှသာ ကျင့်စဥ်တစ်ခုကို တတ်မြောက်ခြင်းက အခြားကျင့်စဥ်များအပေါ်ပါ တတ်မြောက်မှုတိုးစေကြောင်းသိလိုက်ရသည်။ သက်ရောက်မှုမှာ အလွန်မများသည်တောင်မှ သူ့ဘာသာလေ့လာနေခြင်းထက်တော့ အကျိုးရှိသည်။ ထို့ကြောင့် သူ ပို၍ပင် အာရုံစိုက်နားထောင်လိုက်တော့၏။
အကြည့်တစ်ချက်ဖြင့်သာ ကြည့်မည်ဆိုလျှင် စုယွမ်က ခေါင်းအနည်းငယ်ငုံကာ ခေါင်းတညိတ်ညိတ်ဖြင့် သေချာလိုက်နားထောင်နေသည့်ပုံစံ။ သို့သော် သေချာကြည့်လိုက်ရင်တော့ သူဟာက စီးချက်ကျနေသော ဟောက်သံများပင် ထွက်နေကြောင်း သိလိုက်ရပေမည် ... အနှီလူမှာ အိပ်ပျော်နေခြင်းပေ။
ကျန်းဝေ့မှာ တစ်ခဏလောက် ကြောင်အသွားရလျက်။ ပြီးနောက် သူ စုယွမ်ကို နှိုးလိုက်ရာ ကြောင်အနေသောမျက်ဝန်းများဖြင့် ပြန်ကြည့်လာ၏။
ကျန်းဝေ့မှာ ဆဲဆိုချင်စိတ်ကို ပြန်ထိန်းလိုက်ပြီး သင်ခန်းစာကိုသာ ဆက်နားထောင်နေလိုက်သည်။
စုယွမ် ကျန်းဝေ့ကို စိတ်ရှုပ်စွာကြည့်မိ၏၊ ထို့နောက် နှာခေါင်းတစ်ချက်ရှုံ့ပြီး ပြန်အိပ်နေလိုက်၏။
ကျင့်စဥ်ကို လိုက်နားထောင်နေခြင်းမှာ အချိန်ကုန်လှသည်ဖြစ်ရာ သူ၏နားချိန်ကို ထိခိုက်သွားလိမ့်မည်။ ထို့ကြောင့် သူ ယခုတွင် ကောင်းကောင်းနားပြီး အားပြည့်မှသာ ကျင့်ကြံလျှင်ပိုကောင်းပေမည်။
ဤတွင် သင်ခန်းစာကိုလာနားထောင်ရသည်ကို ကောင်းသည့်အချက်က ဂိုဏ်းတူအစ်ကို၊အစ်မများမှာ အောက်ရှိလူများ နားထောင်၊နားမထောင်ကို လုံးဝဂရူမစိုက်။ ဆူညံသံထွက်ပေါ်မနေသရွေ့ သူတို့ဘာသာ ဆက်လက်သင်ကြားနေမည်သာ။
ယခုတွင်လည်း ဂိုဏ်းတူအစ်မက သင်ကြားပြီးနောက် မီးတောက်များကြား ပြန်၍တိုးဝင်ပျောက်ကွယ်သွားလေသည်။
ကျစ်၊ကျစ် ဒီပေါ်လာပုံ၊ ပြန်ထွက်သွားပုံကတော့ တကယ်ကို အမှတ်ပြည့်ပဲ။
“သွားရအောင်၊ ပြန်ကျင့်ကြံကြမယ်။”
ကျန်းဝေ့က စုယွမ်ကို နှိုးလာသည်။
“နောက်ထပ်အတန်းရှိသေးတယ် မဟုတ်ဘူးလား။”
စုယွမ်မှာ ရှုပ်ထွေးသွားပြီး မေးလိုက်မိ၏။
“မင်း နားမထောင်တော့ဘူးလား။”
“ဒါက အကျိုးရှိပေမဲ့ အရမ်းမဟုတ်ဘူး။ ငါတော့နားမထောင်ဘဲ ကိုယ့်ဘာသာပဲ ကျင့်ကြံတော့မလားလို့။”
ကျန်းဝေ့က ပြောလာသည်။
စုယွမ်လည်း ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ။ ဒါဆိုရင်လည်း ကံကောင်းပါစေ။”
ကျန်းဝေ့လည်း ထရပ်ပြီးမှ သူလည်း ထွက်မလာတာမြင်တော့ အထူးတဆန်းမေးလာ၏။
“မင်းကရော မပြန်ဘူးလား။”
“မပြန်တော့ဘူး။ ငါ နားထောင်ချင်သေးလို့။ ကျင့်စဥ်တစ်ခုကို နားလည်တာနဲ့ ကျန်တာတွေအားလုံးကိုလည်း နားလည်သွားတာပဲလို့ ဂိုဏ်းတူအစ်ကိုတစ်ယောက်ကပြော ... “
“တော်တော့။”
ကျန်းဝေ့မှာ ကူရာမဲ့စွာသာ ပြုံးလိုက်မိသည်။
“ငါ၊ ကျန်းဝေ့ရဲ့ဘဝမှာ ဘယ်သူ့ကိုမှ မလေးစားဖူးဘူး။ မင်းက ပထမဆုံးပဲ။ မင်းဆက်နားထောင်၊ ငါတော့ပြန်ပြီ။”
“အဲ့ဒါဆိုရင်လည်း နှုတ်ဆက်ပါတယ်။”
စုယွမ် လက်ဝှေ့ယမ်းပြလိုက်သည်။
ကျန်းဝေ့မှာ လျှောက်ထွက်သွားရင်း နှဖူးပေါ်လက်တင်လျက် ခေါင်းခါနေမိတော့သည်။
“မင်းတော့ နောက်စမ်းသပ်မှုတွေကျမှ ငိုနေရမှာ။”
ကျန်းဝေ့ တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
စုယွမ်ကတော့ တည်ငြိမ်ကာ မလှုပ်မရပ်ဖြစ်ဆဲ။ သူ ဒုတိယအတန်းကို စောင့်နေလိုက်သည်။
ခန်းမထဲရှိ တပည်အရေအတွက်တစ်ခုမှာလည်း မပြန်သေးရာ စုယွမ်အပေါ် များစွာ အာရုံမစိုက်ကြပေ။
ထိုသို့ဖြင့်ပင် နာရီဝက်ကုန်ဆုံးသွားပြီး တတိယမြောက် သင်ခန်းစာစတင်လာသည်။
ဤတစ်ကြိမ်တွင် ထိုင်ခုံများမှာ အပြည့်ဖြစ်မနေတော့၊ သို့လင့်ကစား လူသုံးရာကျော်လောက်တော့ ကျန်နေသေးသည်သာ။
ဤတစ်ခေါက် သင်တန်းပို့ချသူမှာ သန်သန်မာမာရှိပုံရှိသော ဂိုဏ်းတူအစ်ကိုတစ်ဦးဖြစ်၏။ သူက ထူထပ်မြေကမ္ဘာကျင့်စဥ်ကို ရိုးရိုးရှင်းရှင်းနှင့် နားလည်လွယ်အောင် ရှင်းပြလာပုံမှာ ရှုပ်ယှက်ခတ်နေသော ကျူးကောကျန့်၏ရှင်းပြပုံနှင့် တခြားစီပင်။ ယခုတစ်ယောက်ကတော့ ပြင်ပပုံစံမှာ ထင်ထင်ရှားရှားမရှိသော်ငြား ပို့ချချက်ကတော့ တကယ်ကောင်း၏။
သို့သော် စုယွမ်ကတော့ နားလည်းမထောင်သလို လိုက်လည်းမတွေး။ တစ်ဖက်နားထဲဝင်ပြီး တစ်ဖက်က ထွက်သွားစေလိုက်သည်။ နောက်မှသာ သူ၏ပါရမီစွမ်းရည်က ဤအရာများကို နားလည်စေလိမ့်မည်။ သင်ခန်းစာပို့ချချက်က တစ်နာရီခွဲကြာမြင့်ပြီးနောက် ပြီးဆုံးသွား၏။
စုယွမ်လည်း စာကြည့်တိုက်ကို ထပ်သွားလိုက်ပြီး မနေ့က ဂိုဏ်းတူအစ်ကိုသာ ထပ်တွေ့လိုက်ရသည်။
“မင်္ဂလာပါ ဂိုဏ်းတူအစ်ကို။ ကျွန်တော် စာအုပ်ဖတ်ချင်လို့ပါ။”
ယင်းချင်မှာ ခေါင်းကိုပင် မြှောက်မလာ၊ ခွင့်ပြုသံတစ်ချက်သာ ထွက်လာ၏။
စုယွမ်လည်း ဦးညွတ်ပြီး စာအုပ်စလှန်တော့သည်။ သူ စာအုပ်အမျိုးမျိုးကြား စိတ်ဝင်စားဖွယ်တစ်အုပ်တွေ့သည်၊ သို့မဟုတ် ကျင့်ကြံရေးစာအုပ်တစ်ခုတွေ့သည်နှင့် စာမျက်နှာတစ်ခုချင်းဆီကို အကြည့်တစ်ချက်ဖြင့်သာ ဦးနှောက်မသုံးဘဲ သေချာကြည့်၏။
ထိုကဲ့သို့သာ သူ နောက်ကျသည်အထိ နေခဲ့ပြီး စာကြည့်တိုက်ပိတ်မှသာ မလိုလားစွာဖြင့် ထွက်လာခဲ့လိုက်၏။
ယင်းချင်မှာ စုယွမ်၏နောက်ကျောကို ကြည့်ကာ ရှုံ့မဲ့လိုက်မိ၏။
“ဒါဘယ်က အရူးကောင်များလဲ။ လုံးဝကိုမကျင့်ကြံတာများ၊ မျှော်လင့်ချက်တကယ်မရှိတာပဲ။”