လုံးဝ ဖူးယောင်နေစေရမယ်
Vol. 86-89 Ch. 1316
“ဖယ်စမ်း”
တုတ်ကောက်နှင့် အဘိုးအိုက အော်ဟစ်၍ တုတ်ကောက်ကိုမြှောက်ကာ ယဲ့ဖန်၏ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သော လက်သည်းများကို တားဆီးရန် ကြိုးစားလေသည်။
သူ အလွန်ကြောက်လန့်နေသောကြောင့် သတိလစ်လုမတတ် ဖြစ်နေပြီး အားကုန်သုံး၍ ယဲ့ဖန်ကို တွန်းထုတ်ရန် ကြိုးစားလာသည်။
သို့သော် ယဲ့ဖန်၏ တိုက်ခိုက်မှုက ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ကာ မျက်နှာထားက ပိုမို၍ ခံစားချက်မရှိသလို ဖြစ်နေသည်။ ထိုတုတ်ကောက်အား သူ့လက်ဖြင့် ပြန်ရိုက်ချလိုက်သည်။
“ဖြောင်း”
တုတ်ကောက် ကျိုးသွားပြီး ဤနတ်ဆိုး၏ သန်မာသော တိုက်ကွက်ကို တောင့်ခံနိုင်စွမ်း မရှိသဖြင့် ပေါက်ကွဲ ပျက်စီးသွားလေသည်။
ထို့နောက်တွင်မူ လက်သည်းများက သူ့ထံ ဆက်လက်၍ ကျရောက်လာသလို ကြောက်စရာကောင်းသော အကြည့်ကလည်း သူ့ပေါ် ရောက်လာသည်။
“ဂျွတ်”
ထိုလက်ဝါးနှင့်အတူ တုတ်ကောက်နှင့် အဘိုးအို၏ ဦးခေါင်းက ခန္ဓာကိုယ်မှ ပြုတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာ၏။ ရက်စက်ကာ ပြတ်သားလှသည်။ ပုရွက်ဆိတ်တစ်ကောင်ကို ရိုက်သတ်လိုက်သကဲ့သို့ လွယ်ကူလွန်းပေသည်။
*သူတော်စင်သခင်အဆင့်ကို လက်ဝါးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာလား၊ ထူးဆန်းလွန်းတယ်*
စုဝမ်ချင်းနှင့် သူ့ယောက်ျားတို့သည် သေမတတ် ကြောက်လန့်ကာ ထိတ်လန့်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ မျက်တောင်တစ်ခတ်အတွင်း သူတော်စင်သခင်နှစ်ယောက်ကို ယဲ့ဖန် ရှင်းလိုက်သည် မဟုတ်ပါလော။
*ဒါ သတ်ဖြတ်ခြင်းကျောင်းတော်က မဟုတ်ဘူးလား၊ သူတော်စင်သခင်အဆင့် မဟုတ်ဘူးလား၊ အကြီးအကဲတွေ မဟုတ်ကြဘူးလား*
*ဘာလို့ ဒီလောက် ညံ့ကြတာလဲ*
*ဘာလို့ ဒီလောက် အသုံးမကျတာလဲ*
*နင်တို့ ဒီလို သေသွားရင် ငါတို့က ဘာလုပ်ကြရမှာလဲ*
စိတ်ပျက်နေကြသည်။ သူတို့ စိတ်ပျက်လက်ပျက် ဖြစ်နေကြလေသည်။
“မင်းက ငါ့ကို သတ်ချင်တာလား”
ယဲ့ဖန် လှမ်းလာနေသည်ကိုမြင်ပြီး မြေပွေးမိန်းမလှလေး၏ မျက်လုံးတွင် မုန်းတီးရိပ်များ ပေါ်လာသည်။
“မဖြစ်နိုင်ဘူး၊ ငါ နင့်ကို ဒီလိုအခွင့်အရေးမျိုး ဘယ်တော့မှ မပေးဘူး၊ ငါ သေရမယ်ဆိုရင်တောင်မှ နင့်နတ်ဆိုး လက်ထဲမှာ မသေနိုင်ဘူး”
သူမက ထိုသို့ပြောပြီးသည်နှင့် အဆိပ်ငွေ့များ ပြည့်နေသော လက်ဖြင့် သူမမျက်နှာကို အားနှင့် ရိုက်ချလိုက်သည်။
“ဖြောင်း”
ချက်ချင်းဆိုသလိုပင် သူမဦးခေါင်းခွံ ပေါက်ကွဲသွားလေသည်။ မြွေပွေး မိန်းမလှလေးက သူမကိုယ်သူမ သတ်သေရန် ဆုံးဖြတ်သွားခဲ့သည်။
ယဲ့ဖန်ကြောင့် သူမ နှိပ်စက်ခံထားရပြီး ဖြစ်သဖြင့် သူမကိုယ်သူမ ဤသို့ ထူးဆန်းသော နည်းလမ်းဖြင့် သတ်သေရန်သာ ဆုံးဖြတ်လိုက်သည်။
ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါက အနည်းဆုံး သူမ၏ အလောင်း ကျန်ရှိပေဦးမည်။ ထိုသို့မဟုတ်ဘဲ ဤနတ်ဆိုး လက်ထဲသို့သာ ရောက်သွားပါက သူမ၏ သေဆုံးမှုက မည်မျှ အရှက်ကွဲစရာကောင်းပြီး ခံရခက်လိမ့်မလဲ မတွေးဝံ့ချေ။
*ကိုယ့်လက်နဲ့ကိုယ် ခေါင်းပေါက်ကွဲအောင် သတ်သေတယ်တဲ့လား*
*ဒီလို သေနည်းကြီးက ရှက်ဖို့ကောင်းလိုက်တာ*
သူ့ရှေ့၌ လဲကျနေသော အလောင်းသုံးလောင်းအား ကြည့်နေသော ယဲ့ဖန်၏ အမူအရာက တည်ငြိမ်၍ ကြောက်စရာ ကောင်းနေဆဲပင်။ ပုရွက်ဆိတ်အား နင်းသတ်လိုက်သကဲ့သို့ စိတ်ဝင်စားမှု ရှိပုံ မပေါ်ချေ။
စုဝမ်ချင်း ကြောက်လန့်ကာ ကြက်သေ သေသွားပြီး တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ယင်နေကာ သူမစကပ်အောက်မှ အဝါရောင်တစ်ခု ရေစီးကြောင်း စီးကျလာ၏။
*သွားပြီ*
*အားလုံး ပြီးသွားပြီ*
*ငါ လုပ်ခဲ့သမျှအတွက် ယဲ့ဖန်က ငါ့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး*
“ယဲ့ဖန် ဟုတ်တယ်မလား၊ ငါက လီအာရဲ့ ဦးလေးပါ၊ ပြောရရင် မင်း ငါ့ကို ဦးလေးလို့ ခေါ်ရမှာပေါ့၊ ငါတို့က ဆွေမျိုးတွေလေ၊ အဲ့တော့ …”
ဝမ်ကျန်းကျုံးက သတ္တိမွေး၍ စကားစလိုက်သည်။ လက်ရှိတွင် သူ အသတ်မခံရရန် တစ်ခုခု လုပ်သင့်သည်ဟု ခံစားမိနေ၏။ သို့သော် ထိုအချိန်၌ ယဲ့ဖန်က ရွံရှာသလို လက်ခါလာသည်။
“ဖြောင်း”
ဝမ်ကျန်းကျုံး လွင့်ထွက်သွားပြီး နံရံနှင့်ဝင်ဆောင့်ကာ နံရံ၌ အသားပြားသဖွယ် ကပ်သွားလေသည်။
“အား…”
ဤသည်ကိုမြင်သော် စုဝမ်ချင်း ထအော်လိုက်မိပြီး ပို၍ တုန်လှုပ်လာ၏။ ယဲ့ဖန်အတွက်မူ ဝမ်ကျန်းကျုံး၏ ဘာမှမလုပ်ခြင်းက စုဝမ်ချင်း၏ ရက်စက်သော လုပ်ရပ်ထက် ပို၍ လက်ခံနိုင်ဖွယ် မရှိပေ။ ဝမ်ကျန်းကျုံး သေကို သေသင့်ပေသည်။
“ခင်ဗျား သစ္စာဖောက်ပြီး ကျုပ်တို့ နေရာကို ပြောခဲ့တာမလား၊ ခင်ဗျားကြောင့် လီအာ ဒဏ်ရာရသွားခဲ့ရတာ မဟုတ်လား”
ယဲ့ဖန်က သူမအား နဂါးတစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသကဲ့သို့ အထင်သေး၍ အေးစက်စွာ စိုက်ကြည့်လေသည်။ ထိုအကြည့်နှင့်တင် စုဝမ်ချင်း ရူးသွားရန် လုံလောက်နေလေပြီ။
စုဝမ်ချင်း တစ်ခွန်းတောင် မပြောနိုင်ပေ။ ယဲ့ဖန် သေပြီဟု သူမ ထင်ခဲ့သဖြင့် သူမလုပ်ရပ်များကို ရပ်တန်းက မရပ်ခဲ့ချေ။ ယခု သူမ၏ လုပ်ရပ်အတွက် ပြန်ပေးဆပ်ရပေတော့မည်။ ယဲ့ဖန်က သူမကို လုံးဝ ခွင့်လွှတ်မည် မဟုတ်ပါ။
စုဝမ်ချင်း အမှန်တကယ် နောင်တရနေ၏။ ပထမအကြိမ်၌ သူမ အမြင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးတစ်ခုကို မဆုပ်ကိုင်နိုင်ခဲ့ပေ။ ဒုတိယတစ်ကြိမ်၌ သူမ အသက်ရှင်နိုင်မည့် အခွင့်အရေးကို အရမယူနိုင်ခဲ့ပေ။
“ခင်ဗျား … အေးအေးလူလူ မသေစေရဘူး၊ ကျုပ် ကတိပေးတယ်”
ယဲ့ဖန်၏ မျက်လုံးများက ရုတ်တရက် ခက်ထန်လာပြီး သူမအား လည်ပင်းညှစ်၍ လေထဲ မြှောက်လိုက်သည်။ ထို့နောက် နောက်လက်တစ်ဖက်ဖြင့် သူမလက်ကောက်ဝတ်ကို ကိုင်ကာ အားဖြင့် ဖျစ်ညှစ်လိုက်လေသည်။
“ဂျွတ်”
လက်ကောက်ဝတ်တစ်ခုလုံး ယဲ့ဖန်၏ လက်ထဲ၌ လိမ်ဖယ်ရွဲ့စောင်းသွားသည်။
“အ…”
ဝမ်းနည်းနာကျင်စွာ အော်ဟစ်နေသော အသံက နားကွဲမတတ် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ ထို့နောက် ယဲ့ဖန်က အပေါ်သို့ တစ်လက်မ တက်၍ အားဖြင့် ထပ်ညှစ်လိုက်သည်။
“ဂျွတ်”
နောက်ထပ် တစ်လက်မစာ အရိုး ကျိုးကြေသွားပြန်သည်။ လက်ရှိအချိန်တွင် စုဝမ်ချင်းသည် တစ်စုံတစ်ယောက်က သံတိုင်များကိုသုံး၍ သူမအရိုးများကို ဖိချေနေသည်ဟု ခံစားနေရကာ အလွန် နာကျင်နေ၏။
သို့သော် တကယ်တမ်း၌ ယဲ့ဖန်က သူမကို လုံးဝ ထိခြင်းမရှိသည့်အပြင် ခပ်လှမ်းလှမ်းမှရပ်ကာ သူမအား စူးစိုက်ကြည့်နေ၏။ သူ၏ မျက်လုံးတွင် ခရမ်းရောင် အလင်းများ ဖြာထွက်နေသည်။ စိတ်ကိုညှို့၍ လှည့်စားနေခြင်းပင်။
အခြားသူများ၏ စိတ်ညှို့ယူခြင်း အတတ်ပညာနှင့် ယှဉ်လျင် ယဲ့ဖန်၏ စိတ်ညှို့ပညာက အသိစိတ်မှနေ၍ ခန္ဓာကိုယ် ဝေဒနာအား ပြင်းထန်စွာ ခံစားရစေပြီး ထိုဝေဒနာက နှိုင်းယှဉ်မရအောင် ပြင်းထန်လှပေသည်။
ထို့အပြင် ဤစိတ်ညှို့ပညာက ဘယ်သောအခါမှ ရပ်တန့်သွားမည် မဟုတ်ပါ။ စုဝမ်ချင်း မသေသေးသရွေ့ ဤစိတ်ညှို့ခြင်းက ထာဝစဉ် တည်ရှိနေမည် ဖြစ်သည်။
သာမန်လူတစ်ယောက်သည် သုံးရက်တိတိ ရေမသောက်ဘဲ နေရလျင် သေသွားပေလိမ့်မည်။ ထို့ကြောင့် သူမသည် အသုံးရက်အတွင်း စိတ်ညှို့ခြင်းဖြင့် နှိပ်စက်ခံရကာ နောက်ဆုံး၌ အမုန်းတရားတို့ဖြင့် သေဆုံးသွားပေမည်။
နာရီဝက် ကြာပြီးနောက် ကျုံးလီအာသည် ယဲ့ဖန်၏ ရင်ခွင်တွင်းမှ ဖြည်းဖြည်းချင်း သတိရလာ၏။ ထိုအချိန်တွင် သူတို့သည် ရှုကျိုးသို့ ပြန်နေသည့် ကားပေါ်သို့ ရောက်နေလေပြီ။
သူမသည် အိပ်ချင်မူးတူး ဖြစ်နေသော မျက်လုံးများကို ပွတ်၍ ဇဝေဇဝါ ဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
“ကျွန်မ ဘာဖြစ်သွားတာလဲ၊ ဘာလို့ ဒီကို ရောက်နေတာလဲ”
သူမနှင့် ယဲ့ဖန်တို့ မြစ်ကမ်းနံဘေး၌ ရှိနေကြသည်ကို သူမ သေချာ မှတ်မိပါသော်လည်း နောက်ပိုင်း ဘာဖြစ်သွားသလဲကို လုံးဝ မမှတ်မိပေ။
“မင်း အိပ်ပျော်သွားလို့လေ”
ယဲ့ဖန်က ထွေထွေထူးထူး ရှင်းပြမနေတော့ဘဲ အပြုံးနှင့် ပြန်ပြောလိုက်လေသည်။ သူမကို သူ အမှန်အတိုင်း မပြောပြချင်ပါ။ ပြောလိုက်ပါက သူမ ဝမ်းနည်းသွားလောက်သည်။
“ကျွန်မတို့ အခု ဘယ်ကိုသွားနေတာလဲ”
ကျုံးလီအာက သူ့ကို သံသယ မဝင်ဘဲ ပြန်မေးလာသည်။
“အခု ရှုကျိုးကို သွားနေတာ၊ ငါ အနာဂတ်ကို မသိပင်မယ့် နောက်ဆို ငါ သွားမယ့် ဘယ်နေရာကိုမဆို မင်း သွားနိုင်တဘ်”
ယဲ့ဖန်က ပြုံး၍ သူမဆံပင်ကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကျုံးလီအာ ဝမ်းသာစိတ်ကြောင့် မျက်ရည်ကျလာပြီး ယဲ့ဖန်၏ ပေါင်ပေါ်၌ ထိုင်နေရင်း အေးချမ်းစွာ ပြန်အိပ်ပျော်သွားလေသည်။
ယဲ့ဖန် ပြုံးလိုက်ပြီး အပြင်ဘက်မှ ရှုခင်းများကို လှမ်းကြည့်ကာ စိတ်ထဲ၌ ရေရွတ်နေမိသည်။
“ငါ့ဘဝက ခက်ခဲမှုတွေ၊ ကြမ်းတမ်းမှုတွေနဲ့ ပြည့်နေပင်မယ့် မင်းဘဝကိုတော့ တစ်သက်လုံး စိုးရိမ်စိတ် ကင်းပြီး အေးအေးချမ်းချမ်း ဖြစ်သွားအောင် ပြောင်းလဲပေးချင်တယ်”
…
ရှုကျိုးသို့ ပြန်ရောက်လာပြီး နောက်တစ်နေ့၌ ဟွမ်ထျန်းချန်က ယဲ့ဖန်ကို လာရှာလေသည်။ သူ၏ သမီးဖြစ်သူ ဟွမ်ယွီလင်း သေခါနီး ဖြစ်နေကြောင်း ပြောပြလာ၏။ ရောဂါကို ခုခံနိုင်စွမ်းက တဖြည်းဖြည်း တိုတောင်းလာပြီး အချိန်တိုင်း ဝေဒနာပြင်းထန်လာသည်။ မနေ့ညကဆိုလျင် သူ သမီးဖြစ်သူကို မကယ်နိုင်လုနီးပါးအထိ ဖြစ်ခဲ့ရသည်။
ထိုအခါတွင်မှ ဟွမ်ယွီလင်းအား ရောဂါကုသပေးမည်ဟု သူ ကတိပေးခဲ့သည်ကို သတိပြန်ရသွားသည်။ သို့သော် သူ တစ်ခါမှ ခေါင်းထဲ ပြန်မစဉ်းစားမိခဲ့သဖြင့် စိတ်ထဲ၌ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရလေသည်။
“ရှုကျိုးက အကောင်းဆုံး ဆေးပင် လေလံပွဲကို သွားမယ်”
ယဲ့ဖန် ချက်ချင်း ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် လူတစ်စုသည် ဆေးပင် လေလံစံအိမ်သို့ အလျင်အမြန် သွား၍ ဆေးပင်များကို လေလံဆွဲကာ ဟွမ်ယွီလင်းအား ကုသရန် စီစဉ်လေတော့သည်။
ထို့အပြင် ဟွမ်ထျန်းချန်က ဟွမ်ယွီလင်းကိုပါ ခေါ်လာခဲ့သည်။ လက်ရှိတွင် သူမမျက်နှာလေးက ဖြူရော်နေပြီး လမ်းလျှောက်လိုက်တိုင်း တစ်ကိုယ်လုံး တုန်ယင်နေကာ အလွန်အမင်း အားနည်းနေပုံ ပေါက်သည်။
ဟွမ်ထျန်းချန် တစ်ခဏလေးတောင်မှ မစောင့်ချင်တော့ပါ။ ဆေးပင်များကို ဝယ်ယူပြီးသည်နှင့် ယဲ့ဖန်က ဟွမ်ယွီလင်းကို ချက်ချင်း ကုသနိုင်စွမ်း ရှိလိမ့်မည်ဟု သူ မျှော်လင့်နေသည်။ ဟွမ်ယွီလင်း၏ ရောဂါက ကုသရ အခက်ဆုံး ရောဂါ ဖြစ်ပေသည်။
ယဲ့ဖန်သည် ကလေးမလေးကို ကြည့်ပြီး အတွေးကမ္ဘာထဲ ရောက်သွားမိသည်။ ဒုတိယဘိုးဘေးက ဟွမ်ယွီလင်းသည် သူ့မိခင် အိုးရန်ချင်ရွှယ်နှင့် ပတ်သက်မှုအချို့ ရှိနေပုံရသည်ဟု ပြောခဲ့သည်။ ဤကလေး မလေးက ဘာတွေများ ထူးခြားနေသနည်း။
“မင်းနာမည်က ဟွမ်ယွီလင်းလား”
ယဲ့ဖန်က အပြုံးနှင့် မေးလိုက်သည်။
“အင်း …”
ဟွမ်ယွီလင်းသည် ရှက်တတ်သော လူတစ်ယောက် ဖြစ်ပြီး ယဲ့ဖန်က မေးလာသောအခါ ပိုရှက်သွားပြီး ခေါင်းညိတ်ရုံလေး ဖြေလေသည်။
“အစ်ကိုက ဒီနေရာကို အခုမှ ပထဆုံး ရောက်ဖူးတာဆိုတော့ နည်းနည်း စိတ်လှုပ်ရှားနေတယ်၊ အထဲဝင်ရင် အစ်ကို မင်းလက်ကို ကိုင်ထားလို့ ရမလား”
ယဲ့ဖန် ပြုံး၍ ပြောလိုက်သည်။
“ဒါပေမဲ့ … ပြီးရောလေ”
ယဲ့ဖန်၏ စကားကို ကြားသောအခ ဟွမ်ယွီလင်း အနည်းငယ် ရယ်ချင်သလို ဖြစ်သွားရသလို သူ့အမူအရာကလည်း ရယ်ချင်စရာ ကောင်းနေသည်။ သူမရှေ့၌ ယဲ့ဖန်က သူ့ကိုယ်သူ အစ်ကိုဟု သုံးနှုန်းရဲသည်က စိတ်ဝင်စားစရာ ကောင်းလှသည်။
ထို့နောက် သူမ ယဲ့ဖန်၏ လက်ကို လှမ်းကိုင်လိုက်သည်။ ထိုအခါ နွေးထွေးသော လှိုင်းလေးတစ်ခုက သူမကိုယ်တွင်းသို့ စီးဝင်လာပြီး သူမ၏ အားနည်းသော ခန္ဓာကိုယ်က နွေးထွေးလာရသည်။
လက်ရှိတွင် ဟွမ်ယွီလင်း မှင်တက်နေပြီး မျက်လုံးရွဲကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မယုံနိုင်စွာ ကြည့်နေ မိသည်။ ရုတ်တရက် သူမ တစ်စုံတစ်ရာကို သဘောပေါက်သွားသည်။
ယဲ့ဖန် စိုးရိမ်နေသည်ဟု ပြောသော စကားက မုသားစကားသာ ဖြစ်သည်။ တကယ်တမ်း၌ သူက သူမကို ပိုနေကောင်းလာအောင် လုပ်ပေးလိုခြင်း ဖြစ်သည်။ သို့သော် သူ သင့်လျော်သော ဆင်ခြေကို ရှာမတွေ့ပေ။ ထို့ကြောင့် သူက လက်ကိုင်၍ ရမလားဟု လိမ်ညာလိုက်ခြင်း ဖြစ်ပေသည်။
ယဲ့ဖန်၏ စာနာတတ်မှုကြောင့် ဟွမ်ယွီလင်း သူ့ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ယဲ့ဖန်၏ လက်ကိုကိုင်၍ လေလံစံအိမ်ထဲသို့ ဝင်သွားလိုက်လေသည်။
လေလံခန်းမ၌ စုဝေးနေသူများသည် အထင်ကရ ပုဂ္ဂိုလ်များ ဖြစ်သည်။ သာမန်လူများ ဤနေရာ၌ လေလံဝင်ဆွဲ၍ မရနိုင်ပါ။ ထို့ကြောင့် ဟွမ်ထျန်းချန် ရောက်လာသည်ကို မြင်သောအခါ သူတို့အားလုံး၏ တုံ့ပြန်မှုက မထူးခြား နားပင်။
လူတိုင်း၏ အဆင့်အတန်းနှင့် ဩဇာက အတူတူနိးပါး ဖြစ်သည်။ ဘယ်သူက ဘယ်သူ့ထက် ပိုသာကြောင်း ပြုလုပ်ရန် မလိုအပ်သဖြင့် အချင်းချင်း တလေးတစား ပြောခြင်း မရှိကြပေ။
“ဟေ့ ဟွမ်ထျန်းချန် မင်းရဲ့ အသက်တိုတဲ့ တစ္ဆေမလေးအတွက် ဆေးထပ်ဝယ်ဖို့ လာပြန်ပြီလား၊ ငါ့အထင်တော့ ကြည့်ရတာ မကောင်းဘူးကွ၊ ဘာလို့လဲဆိုတော့ မင်း မကောင်းတာ လုပ်ခဲ့လို့ ဝဋ်လည်တာလေ၊ အဲ့ဒါကြောင့် မင်းမိသားစုမှာ အသက်တိုတဲ့ တစ္ဆေလေး ရောက်နေတာ၊ သူ့ကို ဘာကမှ ကယ်လို့မရဘူးကွ”
အရှေ့တည့်တည့်မှ ရယ်သံနှင့်အတူ ဗိုက်ပူပူနှင့် နေကာမျက်မှန် တတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်က လက်ထဲ၌ စီးကရက်ကို ကိုင်၍ တစ်လှမ်းချင်း လှမ်းလာသည်။ လက်ရှိတွင် သူက ဟွမ်ထျန်းချန်ကို ဂုဏ်ယူသော မျက်နှာပေးဖြင့် ကြည့်နေသည်။
“ဝမ်လေ့ မင်း ဘာစကား ပြောတာလဲ”
ဟွမ်ထျန်းချန် ဒေါသထွက်သွားသည်။ ဤမျိုးမစစ်ကောင်က သူ့သမီးကို ကျိန်ဆဲရဲသည်တဲ့လား။ ဝမ်လေ့သည် ရှုကျိုး၏ နယ်မြေ ဘုရင်ဖြစ်ပြီး ဟွမ်ထျန်းချန်နှင့် ရန်လိုသော ပတ်သက်မှု ရှိလေသည်။ တစ်ခါက သူတို့ နှစ်ယောက်သည် မိုင်းတွင်းတစ်တွင်း၏ လုပ်ပိုင်ခွင့်အတွက် ယှဉ်လုဖူးသည်။ ထိုကိစ္စအတွက် နှစ်ယောက်လုံး မမှန်းဆနိုင်သော လူအားနှင့် ငွေအားတို့ လိုက်ခဲ့ရသည်။ သို့သော် အဆုံး၌ သူ ဟွမ်ထျန်းချန်ကို ရှုံးခဲ့သဖြင့် ဘယ်လိုလုပ် မမုန်းဘဲ နေမည်နည်း။
နှစ်ဘက်လုံး အပြန်အလှန် လက်စားချေဖူးသည်ဟု ဆိုနိုင်ပေသည်။ နှစ်ဘက်လုံးက အချင်းချင်း သတ်ဖြတ်ရန် လူသတ်သမားများ စေလွှတ်ဖူးသလို မရေတွက်နိုင်အောင် ကျိတ်၍ ယှဉ်ပြိုင်ခဲ့ကြသည်။
“ပြောတာတာ မှားလို့လား၊ မင်း ပါရမီရှင် ဆရာဝန် ဝမ်ယွင်ရှီကို လာကြည့်ခိုင်းတယ်မလား၊ ဝမ်ယွင်ရှီတောင် မကုနိုင်ဘူးဆိုတော့ ဒါ ရှောင်လို့မရတော့ဘူးမလား၊ မင်း ပိုက်ဆံ ဖြုန်းမနေဘဲ မြန်မြန် နေရာရှာပြီး သူ့ကို မြေမြှုပ် လိုက်တော့”
ဝမ်လေ့၏ ရယ်သံက ပိုပို၍ ကျယ်လောင်လာ၏။ ထိုစကားကို ကြားသော် ဟွမ်ယွီလင်း ချက်ချင်း စိတ်ဓာတ်ကျ သွားသည်။ ဝမ်လေ့က အမှန်ကို ပြောနေခြင်းဖြစ်ကြောင်း သူမလည်း သိနေသောကြောင့်ပင်။ သူမ အခြေအနေက နေ့တိုင်း ပိုပိုဆိုးလာပြီး အတော်ဆုံး ဆရာဝန်တောင်မှ သူမကို မကုသနိုင်ပေ။ သူမက သူမဖခင်ကို ဝန်ပိစေရုံသာ ရှိပေသည်။
“မင်း ပါးစပ်ပိတ်ထားလိုက်တော့”
ဟွမ်ယွီလင်း၏ ဝမ်းနည်းသွားသော အမူအရာကို ကြည့်ပြီး ဟွမ်ထျန်းချန် အံကြိတ်၍ ပြောလိုက်ကာ ဝမ်လေ့အား နုတ်နုတ်စင်းချင်လာ၏။
“မပိတ်တော့ ဘာဖြစ်လဲ”
ဝမ်လေ့က ခနဲ့၍ အထင်သေးသော မျက်နှာပေးဖြင့် ဟွမ်ယွီလင်း၏ မျက်နှာတည့်တည့်သို့ ဆေးလိပ်ငွေ့ မှုတ်ထုတ် လိုက်သဖြင့် ဟွမ်ယွီလင်း ထပ်ခါထပ်ခါ ချောင်းဆိုးလာရသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် သူ့အနောက်မှ သိုင်းပညာရှင်များက ချက်ချင်း ရှေ့သို့ ပြိုင်တူ တက်လာပြီး ယဲ့ဖန်နှင့် အခြားသူများကို စူးစိုက်ကြည့်လေသည်။
ဤသည်ကိုမြင်သော် ဟွမ်ထျန်းချန် မျက်နှာပျက်သွားသည်။ ယခုတစ်ခေါက် သူ အလျင်လိုနေသောကြောင့် သူနှင့်အတူ လူများများစားစား ခေါ်မလာမိပေ။ သူတို့ ယှဉ်တိုက်နိုင်သည့် အနေအထား မဟုတ်ချေ။ သို့သော် ခြင်္သေ့တစ်ကောင်၏ ဟိန်းသံနှင့် နဂါးအော်သံတို့နှင့် ဆင်တူသော ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာ၏။
“ဒါဆိုရင် မင်းမျက်နှာ လုံးဝ ဖူးရောင်နေစေရမယ်”